တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

50.6K 4K 182

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

76 - 80

662 68 3
By Azure5549


#အပူအပင်မဲ့အင်မော်တယ်
Chapter 76
ခရီးနှင်နေသော အဆိပ်

၀ူကျိလျှို့ဝှက်လောကကို ပိတ်ဆို့ထားတာ နှစ်ရာပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်တာကြောင့် အပြင်လောကမှာ ကွယ်ပျောက်နေပြီဖြစ်တဲ့ ရတနာ တော်တော်များများ ဒီနေရာမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ရတနာတွေအတွက် တန်ခိုးရှင်တွေ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေတာ မဆန်းကြယ်လှတော့ပါဘူး။

တချို့သော တန်ခိုးရှင်တွေဟာ ၀ူကျိလျှို့ဝှက်လောကထဲ ရောက်ရှိချိန်ကစလို့ ခြုံပုတ်တွေထဲ မလှုပ်မယှက် စောင့်ဆိုင်းပြီး အော်ရာအရှိန်အဝါတွေကို ဖုံးကွယ်ထားခဲ့ကြပါတယ်။ သူတို့ရှိရာ နေရာကို တစ်စုံတစ်ယောက် ဖြတ်သန်းသွားခဲ့မယ် ဆိုရင် ချက်ချင်း အလစ်ဖမ်း တိုက်ခိုက်သတ်ဖြတ်ပြီး ရတနာတွေကို လုယူပါလိမ့်မယ်။

တချို့တွေက ကံကောင်းထောက်မစွာနဲ့ အဆင့်မြင့် ရတနာတွေကို ရရှိခဲ့လို့ တိုက်ခိုက်ရေးစွမ်းရည် မြင့်မားလာခဲ့ကြပါပြီ။ သူတို့တွေ အနေနဲ့ ပိုပြီး အဆင့်မြင့်သူတွေကို ရင်ဆိုင်နိုင်စွမ်း ရှိနေပြီ ဆိုရင်လည်း မမှားပါဘူး။

ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်ဆေးပင်တွေ နေရာတိုင်းလိုလိုမှာ ရှိနေခဲ့ပါတယ်။ သူတို့တွေဟာ အမှိုက်တွေ ပြန့်ကျဲနေတဲ့ အလားပါပဲ။ အဆင့်မြင့် ဝိညာဉ်မှော်ရတနာ တချို့လည်း မြေပြင်ထက်မှာ ပြုတ်ကျနေတာ တွေ့ရပါလိမ့်မယ်။ ရှင်းရှင်းပြောရရင် မဟာဂိုဏ်းကြီး ၃ ဂိုဏ်းတောင်မှ ဒီလောက်အထိ မချမ်းသာခဲ့ပါဘူး။

ဒါပေမဲ့ မူလတာအို အဆင့် ဝိညာဉ်မှော်ရတနာတွေကို ဝမ်ရှင်းသူတော်စင် အထွတ်အထိပ် အဆင့် တန်ခိုးရှင်တွေသာ ယှဉ်ပြိုင်လုယူနိုင်ခဲ့ကြပါတယ်။ သူတို့ထဲမှာ ရှန်းကျီးဝမ်နဲ့ ဆုယန်တို့ တစ်ခုစီ ရရှိထားပြီးပါပြီ။

ဒီအချိန်မှာတော့ ၀ူကျိလျှို့ဝှက်လောက အစွန်ဖျားက တောအုပ်တစ်ခုမှာ ဇီဖူ တန်ခိုးရှင် တစ်ဦး ပတ်ဝန်းကျင်ကို သေချာ အကဲခတ်နေခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ အစွမ်းထက်သူ တစ်ဦးဦး အလစ်ဖမ်း တိုက်ခတ်သတ်ဖြတ်လာမှာကို စိုးရိမ်ပူပန်နေသလိုပါပဲ။

“ဟင်… အဆင့်သုံး ဝိညာဉ်ဆေးပင် ဖလော်ရန့်ဆန့်မြက်ပင်ပါလား”

မလှမ်းမကမ်းမှာ အလင်းရောင်မှိန်မှိန်လေး ပေါ်ထွက်နေတာကြောင့် ဇီဖူ တန်ခိုးရှင်လည်း ကျေနပ်စွာ ပြုံးလိုက်ပါပြီ။

ဒါပေမဲ့ သူအလောတကြီး မပြေးသွားဝံ့ပါဘူး။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို အသင့်ပြင်ထားလိုက်ပြီး ပတ်ဝန်းကျင်ကို သတိနဲ့ ထပ်မံ အကဲခတ်လိုက်ပါပြီ။ အန္တရာယ် မရှိတာ သေချာတော့မှ သူဖြည်းဖြည်းချင်း လျှောက်လှမ်းသွားပါတော့တယ်။

“ဒီဖလော်ရန့်ဆန့် မြက်ပင်နဲ့ဆို ဇီဖူအလယ်အလတ်အဆင့်ကို ငါတက်လို့ ရပြီ”

“ဟင်.. ဒါက ဘာလဲ”
ရုတ်တရက်ဆိုသလိုပဲ အစိမ်းရောင် မြူခိုးတွေ လျှင်မြန်စွာ ဖုံးလွှမ်းလာတာကို ဇီဖူတန်ခိုးရှင် တွေ့လိုက်ရပါပြီ။

သူလှုပ်ရှားဖို့ အခွင့်မသာခင်မှာပဲ အစိမ်းရောင် မြူခိုးတွေက သူ့ကို လွှမ်းခြုံသွားပါတော့တယ်။

“ဒါက”
ဇီဖူ တန်ခိုးရှင်လည်း ခဏလောက် မှင်သက်အံ့ဩသွားခဲ့ရာကနေ သူ့ခန္ဓာကိုယ် တစ်ခုလုံး နာကျင်နေတာကို ခံစားလိုက်ရပါပြီ။

“ဘာတွေ ဖြစ်သွားတာလဲ”

“ဒါ.. ဒီမြူခိုးတွေက အဆိပ်တွေလား”

သူ့စကား မဆုံးခင်မှာပဲ ဇီဖူတန်ခိုးရှင်ရဲ့ အမြင်အာရုံ မှောင်မိုက်သွားခဲ့ပြီး မြေပြင်ပေါ် လဲကျသွားခဲ့ပါပြီ။ ဒီအခါမှာတော့ သူ့ကို ဖုံးလွှမ်းထားတဲ့ အစိမ်းရောင် မြူခိုးတွေဟာ အသက်ရှိနေတဲ့အလား သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားပါတော့တယ်။ မကြာခင်မှာတော့ ဇီဖူတန်ခိုးရှင်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပါပြီ။

နေရာအနှံ့ကနေ အစိမ်းရောင် မြူခိုးတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာပါတော့တယ်။ ဒီမြူခိုးတွေဟာ ပုံမှန် အမြန်နှုန်းနဲ့ ၀ူကျိလျှို့ဝှက်လောက ဗဟိုဆီကို ဦးတည် စုဝေးလာနေကြပါပြီ။

အစပိုင်းမှာတော့ ဒီကိစ္စကို သာမန် ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုလို့သာ အားလုံး ထင်မိခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့ အခါမှာတာ့ အစိမ်းရောင် မြူခိုးတွေ ဖုံးလွှမ်းထားတဲ့ နယ်မြေက ပိုပိုပြီး ကျယ်ပြန့်လာခဲ့ပါပြီ။ ဝါးမျိုခြင်း ခံလိုက်ရတဲ့ တန်ခိုးရှင် အရေအတွက်လည်း ပိုပြီး များပြားလာပါတော့တယ်။ နောက်ဆုံးတော့ ဒီမြူခိုးတွေက အဆိပ်ဖြစ်နိုင်ကြောင်း တချို့ နားလည်သွားခဲ့ပါပြီ။

ဒါ့အပြင်ကို ဇီဖူ တန်ခိုးရှင်ဖြစ်ပါစေ ဝမ်ရှင်းသူတော်စင် ဖြစ်နေပါစေ အစိမ်းရောင်မြူခိုးထဲ ဝင်ရောက်လိုက်တာနဲ့ ပြင်းထန်တဲ့ နာကျင်မှုကို အရင်ဆုံး ခံစားခဲ့ရပါတယ်။ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေလည်း လျှင်မြန်စွာ ဆုံးရှုံးသွားပြီး အမြန်ဆုံး ဝါးမျိုခြင်း ခံလိုက်ရမှာပါ။

ဒါ့အပြင်ကို ၀ူကျိလျှို့ဝှက်လောကရဲ့ ဝင်ပေါက်ကို အစိမ်းရောင်မြူခိုးတွေက ဖုံးလွှမ်းသွားခဲ့ပါပြီ။ ဒီအချိန်အတောအတွင်း ဝမ်ရှင်းသူတော်စင် တစ်ဦး အပြင်ကို ထွက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အစိမ်းရောင်မြူခိုးတွေရဲ့ ဝါးမျိုခြင်းကြောင့် မီတာတစ်ရာတောင် ပြည့်အောင် မပျံသန်းနိုင်ပဲ ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒီနေရာဟာ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ နေရာတစ်ခုဖြစ်သွားခဲ့ပြီ ဆိုနိုင်ပါတယ်။

ဝမ်ရှင်းသူတော်စင်တွေတောင် ဒီလို အဖြစ်မျိုး ရင်ဆိုင်နေရပြီ ဆိုတော့ တခြား အဆင့်တန်ခိုးရှင်တွေဆိုရင် စာဖွဲ့လို့ မရတော့ပါဘူး။

“တောက်… ဒါက ဘာထောင်ချောက်လဲ”

“အစိမ်းရောင် မြူခိုးတွေရဲ့ အမြန်နှုန်းက ပိုပိုမြန်လာနေတာကို မင်းတို့ သတိထားမိရဲ့လား”

“လာနေပြီဟ”

“ပြေးဟေ့”

အော်ဟစ်သံတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့ပါပြီ။ ရတနာတွေအတွက် တိုက်ခိုက်နေကြတဲ့ တန်ခိုးရှင်တွေလည်း တိုက်ခိုက်လိုစိတ် မရှိကြတော့ပါဘူး။ အားလုံးပဲ လက်နက်တွေကို သိမ်းဆည်းလိုက်ပြီး ၀ူကျိ လျှို့ဝှက်လောက အတွင်းပိုင်းထဲ ပြေးလွှားသွားခဲ့ကြပါပြီ။

တချို့ တန်ခိုးရှင်တွေကတော့ သူတို့ ခန္ဓာကိုယ်ကို မြူခိုးက ဝါးမျိုသွားတာကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရပါတယ်။ သူတို့တွေ အော်ဟစ်ချိန်တောင် မရပဲ သေဆုံးသွားခဲ့ကြပါပြီ။

၀ုန်း

ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ ရှန်းကျီးဝမ် အနောက်ကို ပေါ့ပေါ့ပါးပါး ဆုတ်လိုက်ပါပြီ။ သူ့မျက်နှာ သုန်မှုန်နေပါတော့တယ်။

“အစ်ကိုတော်ဖန်း… ဒါက ဘာအဓိပ္ပာယ်လဲ”

“ဟား ဟား.. အစ်ကိုတော်ရှန်း.. မင်းက မူလတာအို ဝိညာဉ်မှော်ရတနာ တစ်ခုကို ရပြီးပြီပဲ။ ဒီတစ်ခုတော့ ငါ့ကို ပေးလိုက်တော့လေ”

ဓားဂိုဏ်းရဲ့ မြင့်မြတ်သော သားတော်က ပြုံးလိုက်ပါပြီ။

သူတို့ နှစ်ဦးနဲ့ မလှမ်းမကမ်းမှာတော့ ဓားကော ဆေဘာဓားကော မဟုတ်တဲ့ ဓားသွားရှစ်ခုဟာ လေထဲ ဝဲပျံနေခဲ့ပါတယ်။ ဒီဓားသွားတွေကနေ အေးစက်စက် အလင်းရောင်တွေ ဖြာထွက်နေပြီး သေချာကြည့်မယ်ဆိုရင် ရွှေရောင်မှော်သင်္ကေတတွေ ရှိနေတာကိုပါ တွေ့ရပါလိမ့်မယ်။ ဒါကတော့ မူလတာအို အဆင့် ဝိညာဉ်မှော်ရတနာ တစ်ခုပါပဲ။

ရှန်းကျီးဝမ် တစ်ယောက် ဒီဝိညာဉ် မှော်ရတနာကို ယူဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဓားဂိုဏ်းရဲ့ မြင့်မြတ်သသော သားတော် ဖန်းဇီရဲ့ တားဆီးမှုကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။

“ငါသဘောမတူဘူး ဆိုရင်ကော”
ရှန်းကျီးဝမ်တစ်ယောက် သာမန်လေသံနဲ့ ပြောလိုက်ပါပြီ။
“ငါတို့ကို နှစ်ယောက် တစ်ယောက် တိုက်ခိုက်နိုင်မယ်လို့ ထင်လား”

ဒါကို ကြားလိုက်ရတော့ ဖန်းဇီလည်း သူ့ကို စူးစိုက် ကြည့်နေတဲ့ ဆုယန်ကို လှမ်းကြည့်ပြီး အံကြိတ်လိုက်ပါပြီ။
“မကြိုးစားကြည့်ပဲနဲ့တော့ ဘယ်သိနိုင်ပါ့မလဲ”

၀ူကျလျှို့ဝှက်လောကထဲ ရောက်လာချိန်ကစလို့ ဆုယန်နဲ့အတူ ရှန်းကျီးဝမ် လှုပ်ရှားခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့တွေ မူလတာအို ရတနာ တစ်ခုစီ ရရှိခဲ့တာပါ။ သူတို့ အစွမ်းနဲ့ဆိုရင် အာခက်လျှို့ဝှက်ဂိုဏ်းက အမွှာညီအစ်ကိုကလွဲရင် ဘယ်သူမှ သူတို့ကို မတားဆီးနိုင်ပါဘူး။

ဒါပေမဲ့လည်း ဖန်းဇီက မူလတာအို ဝိညာဉ်မှော်ရတနာကို လွယ်လွယ်နဲ့ ဘယ်အလျှော့ပေးနိုင်ပါလိမ့်မလဲ။ မနိုင်နိုင်ဘူးဆိုရင်တောင်မှ သူတိုက်ခိုက်ဦးမှာပါ။

“ဟင်.. မဟုတ်တော့ဘူး။ ဂိုဏ်းတူအစ်ကိုကြီး”

ဒီအချိန်မှာတော့ မိုးမြေဂိုဏ်းက ဂိုဏ်းသားတစ်ဦး အသည်းအသန် အမူအရာနဲ့ အူလျားဖားယား ထွက်ပြေးလာခဲ့ပါပြီ။

သူနဲ့အတူ ရှမ်းဟွမ်စွတ်ဂိုဏ်းသားတစ်ဦးနဲ့ ဓားဂိုဏ်းသားတစ်ဦးတို့ ပါလာခဲ့ပါတယ်။

“ဂိုဏ်းတူအစ်ကိုကြီး ပြေးတော့”

“ဘာတွေ ဖြစ်နေလို့လဲ”
ရှန်းကျီးဝမ် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

“အဆိပ်ငွေ့တွေ ပျံ့လာနေပြီ”

“ဘာအဆိပ်ငွေ့တွေလဲ”

“အဲဒါတွေလေ”

ဂိုဏ်းသားလည်း အဝေးကို ညွှန်ပြလိုက်ပါတော့တယ်။

ရှန်းကျီးဝမ်လည်း မျက်ခုံးပင့်ပြီး လှမ်းကြည့်လိုက်ပါပြီ။ အစိမ်းရောင် မြူခိုးတွေဟာ မျက်စိတဆုံး နေရာတွေကနေ ပျံ့နှံ့လာနေတာကို သူတွေ့လိုက်ရပါတော့တယ်။ ဒီမြူခိုးတွေဟာ မိုးနဲ့မြေကို ဝါးမျိုးပြီး ရှေ့ဆက်တိုးလာနေပါပြီ။

“ဒီအစိမ်းရောင် မြူခိုးတွေရဲ့ အဆိပ်က အရမ်းပြင်းလွန်းတယ်။ ဝမ်ရှင်းသူတော်စင် တစ်ဦးအနေနဲ့ အထဲမှာ အသက်ဆယ်ကြိမ် ရှူစာလောက်ပဲ ရှင်သန်နိုင်တယ်။ မြန်မြန်ပြေးတော့”
ဂိုဏ်းသားလည်း တံတွေးတစ်ချက် မျိုချလိုက်ပြီး ကြောက်ရွံ့စွာ ပြောလိုက်ပါပြီ။

မကြာခင်မှာတော့ တခြားဂိုဏ်းသားတွေလည်း ပြေးလွှားလာတာ တွေ့လိုက်ရပါတော့တယ်။ အားလုံးရဲ့ မျက်နှာတွေအထက် စိုးရိမ်ပူပန်မှုတွေ ပြည့်နေလို့။

“နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

ရှန်းကျီးဝမ်တစ်ယောက် မှင်သက်နေပေမဲ့လည်း ရှမ်းဟွမ်စွတ်ဂိုဏ်းရဲ့ နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး ဖြစ်နေတာကြောင့် ခဏလောက် စဉ်းစားပြီး အမိန့်ပေးလိုက်ပါပြီ။
“အရင်ဆုံး နောက်ဆုတ်ကြတာပေါ့။ ပြီးတော့ ဒီအဆိပ်ငွေ့တွေ ဘယ်က ထွက်လာလဲ ဆိုတာ မင်းတို့ သိကြလား”

“မသိပါဘူး”
ဂိုဏ်းသားတွေလည်း တစ်ဦးမျက်နှာ တစ်ဦးကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်ကြပါပြီ။

တစ်ဖက်မှာတော့ ဖန်းဇီတစ်ယောက် ဓားဂိုဏ်းသားတွေ ရှင်းပြချက်ကို နားထောင်နေခဲ့ပါတယ်။ သူလည်း မျက်မှောင်ကြုတ်လိုက်ပြီး
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဂိုဏ်းတူအစ်ကိုကြီး ပြေးရအောင်။ မဟုတ်ဘူးဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်”

“ကျောင်းတျန်းဇူနဲ့ ဝမ်အားရှီတို့ကော”

“သူတို့တွေက အလယ်ဗဟိုကို ပျံသန်းသွားကြပြီ။ ကျွန်တော်က ဂိုဏ်းတူအစ်ကိုကြီးကို သတင်းပို့ဖို့ ချန်နေခဲ့တာပါ”

“…”

“ဟမ့်.. ဒီအစိမ်းရောင် မြူခိုးတွေ ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ မထင်မိဘူး”
ဖန်းဇီရဲ့ မျက်လုံးတွေ အေးစက်ခက်ထန်လာခဲ့ပါပြီ။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်နဲ့ တိုက်ခိုက်လိုက်ပါတော့တယ်။

ဝှစ်

ပေပေါင်းများစွာ ရှည်လျားတဲ့ ဓားအလင်းတစ်ခုဟာ လေကို ခွဲပြီး မီတာ ထောင်ပေါင်းများစွာ အကွာက အစိမ်းရောင် မြူခိုးတွေဆီ ပျံသန်းသွားခဲ့ပါပြီ။

ဒီဓားချက်ဟာ တောင်ကလေး တစ်လုံးကို ဖျက်ဆီးပစ်ဖို့အတွက် လုံလောက်ခဲ့ပါတယ်။

ဒါပေမဲ့ ဓားအလင်းဟာ အစိမ်းရောင်မြူခိုးတွေထဲ ဝင်ရောက်သွားပေမဲ့ ဘာလှိုင်းမှ မဖြစ်ပေါ်လာခဲ့ပါဘူး။ ပြောရမယ်ဆိုရင် ကျောက်တုံးတစ်တုံးပင်လယ်ထဲ ပစ်ချလိုက်သလို ချက်ချင်း ပျောက်ကွယ်သွားခဲ့ပါပြီ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ဖန်းဇီလည်း မျက်မှောင်ကြုတ်လိုက်ပါပြီ။ နောက်ဆုံးတော့ အခြေအနေက သူထင်ထားသလို မရိုးရှင်းနိုင်ကြောင်း နားလည်သွားခဲ့ပြီ မဟုတ်လား။

“အဆိပ်ငွေ့တွေ လာနေပြီ။ ပြေးကြဟေ့”

“ကယ်ပါဦး”

အဆိပ်ငွေ့တွေ နီးကပ်လာတာနဲ့ အမျှ အဝေးကနေ ထောင်ပေါင်းများစွာသော တန်ခိုးရှင်တွေ ပျံသန်း ပြေးလွှားလာနေကြပါပြီ။ သူတို့တွေက ရှန်းကျီးဝမ်တို့တွေကို ကြည့်တောင် မကြည့်နိုင်ပဲ အသည်းအသန် ထွက်ပြေးနေကြတာပါ။ နောက်ကျခြေထောက် သစ္စာဖောက်လို့တောင် တွေးနေကြပုံပါပဲ။

“ညီမလေး ဆုယန်.. ဒီမူလတာအို ဝိညာဉ်မှော်ရတနာကို ယူထားလိုက်။ ငါတို့လည်း သွားသင့်ပြီ”
ရှန်းကျီးဝမ် ပြတ်ပြတ်သားသား ပြောလိုက်ပါပြီ။

“ကောင်းပြီလေ”

ဆုယန်လည်း တွေဝေမနေခဲ့ပါဘူး။ ချက်ချင်းပဲ အရှေ့တက်ပြီး မူလတာအို ဝိညာဉ်မှော်ရတနာကို လှမ်းယူလိုက်ပါပြီ။

ဒါကို မြင်လိုက်ရတော့ ဖန်းဇီ မျက်နှာပျက်သွားခဲ့ပါတော့တယ်။ ရှန်းကျီးဝမ်က သူ့လမ်းကို ပိတ်ထားလိုက်တာကြောင့် သူတားဆီးဖို့ အခွင့်မသာတော့ပါဘူး။

“ရှန်းကျီးဝမ်”
ဖန်းဇီ ဒေါသ ပေါက်ကွဲနေပါပြီ။ ဒါပေမဲ့လည်း အခုတော့ ယာယီလက်လျှော့ဖို့ နည်းလမ်းသာကျန်ပါတော့တယ်။
“ဒီကိစ္စကို ငါမှတ်ထားတယ်”

စကားဆုံးသွားတာနဲ့ ဖန်းဇီတစ်ယောက် ဓားဂိုဏ်းက တပည့်ကို ခေါ်ဆောင်ပြီး ၀ူကျိလျှို့ဝှက်လောက အလယ်ဆီ ပျံသန်းသွားခဲ့ပါပြီ။

ဖန်းဇီရဲ့ စကားလုံးတွေကို ရှန်းကျီးဝမ် အများကြီး မတွေးခဲ့ပါဘူး။ သူတို့ နှစ်ဦး အကြား ကွာခြားချက်က တဖြည်းဖြည်း ကြီးမားလာတော့မှာ မဟုတ်လား။

၀ုန်း

ဆုယန်လည်း မူလတာအို ဝိညာဉ်မှော်ရတနာရဲ့ အတားအဆီကို ဖျက်ဆီးပြီး ယူဆောင်လိုက်ပါတော့တယ်။ ပြီးတာနဲ့ ဆုယန်၊ ရှန်းကျီးဝမ်နဲ့ ကျန်လူတွေလည်း ၀ူကျိလျှို့ဝှက်လောက အလယ်ဗဟိုကို ဦးတည်ပျံသန်းသွားခဲ့ကြပါပြီ။

ဒီအချိန်မှာတော့ သူတို့အနောက်မှာ ရှိနေတဲ့ အစိမ်းရောင် မြူခိုးတွေကနေ လူသားမျက်နှာတစ်ခုပေါ်ထွက်လာခဲ့ကြောင်း ဘယ်သူမှ သတိမထားမိခဲ့ပါဘူး။
“ပြေးကြ။ မြန်မြန် ပြေးကြ။ မင်းတို့ အားလုံး သေရတော့မှာပဲလေ။ ဟား ဟား ဟား ဟား”

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 77
နောက်ဆုံးတော့ မင်းကိုငါရှာတွေ့ပြီ

“တောက်.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“ဒီလိုသာ ဆက်သွားမယ်ဆိုရင် ငါတို့ သေရလိမ့်မယ်”

“၀ူကျိလျှို့ဝှက်လောကမှာ ဘယ်လိုလုပ်ပြီး ဒီလို ကိစ္စတွေ ဖြစ်နေတာလဲ”

“တံခါးက စောပွင့်သွားလို့ပဲလား”

“ဂိုဏ်းတူညီလေး အားရှီ… ငါသေရရင်တောင်မှ မင်းနဲ့အတူ သေပါရစေ”

“ဂိုဏ်တူအစ်ကိုကြီး တျန်းဇူ…”

“…”

ဒီအချိန်မှာတော့ ၀ူကျိလျှို့ဝှက်လောက အလယ်မှာ တန်ခိုးရှင်ပေါင်း တစ်ထောင်ကျော် စုဝေးရောက်ရှိနေကြပါပြီ။ သူတို့တွေ ဝိညာဉ်စွမ်းအင်နဲ့ အသံတိတ် ဆွေးနွေးနေခဲ့ကြပါတယ်။ သူတို့ စကားသံတွေတောင် တုန်လှုပ်နေပါပြီ။ သူတို့တွေဟာ အစပိုင်းတုန်းကလို ရက်စက်တဲ့ လူသတ်သမားတွေ ဓားပြတွေ မဟုတ်ကြတော့ပါဘူး။

ဒီအချိန်မှာတော့ အရူးတစ်ကောင်တောင်မှ ၀ူကျိ လျှို့ဝှက်လောက အခြေအနေ ပုံမှန်မဟုတ်တော့ကြောင်း ပြောနိုင်ပါလိမ့်မယ်။ ဝါးမျိုခြင်း ခံလိုက်ရတဲ့ တန်ခိုးရှင်တွေဟာ လေထဲ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ကြပါပြီ။ ဘာဆိုဘာမှကို မကျန်ရစ်ခဲ့ပါဘူး။ ဒီလိုနှုန်းနဲ့သာဆိုရင် အစိမ်းရောင် မြူခိုးတွေဟာ အနှေးနဲ့ အမြန်ဆိုသလို နယ်မြေကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မှာပါ။ အဲဒီအချိန်ကျရင် ဘယ်သူကမှ ထွက်ပြေးလွတ်မြောက်ကြလိမ့်မယ် မဟုတ်ပါဘူး။

မဟာဂိုဏ်းကြီး သုံးခုက မျိုးဆက်သစ် ခေါင်းဆောင်တွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြတော့ပါဘူး။ သူတို့ အားလုံး အဆိပ်ဓာတ်ငွေ့ကို  ဘယ်လို ခုခံရမယ်ဆိုတာ တွေးတောစဉ်းစားနေခဲ့ကြပါတော့တယ်။

၀ူကျိ လျှို့ဝှက်လောကရဲ့ အလယ်ဗဟိုမှာ ပျက်စီးပြိုကျနေတဲ့ နန်းတော်ကြီး တစ်ခု ရှိနေခဲ့ပါတယ်။ ပြိုကျပျက်စီးနေတဲ့ နံရံတွေ တံတိုင်းတွေကို နေရာတိုင်းမှာ တွေ့ရမှာပါ။ မကြာမကြာ ဆိုသလိုပဲ ထူးခြားတဲ့ မှော်သင်္ကေတတွေ ဖြာထွက်လာတတ်ပါသေးတယ်။ ဒီပျက်စီးနေတဲ့ နန်းတော်ကြီးဟာ ပတ်ဝန်းကျင်နဲ့ သဟာဇတ မမျှလှပါဘူး။ ဒါပေမဲ့ နန်းတော်ကြီးရဲ့ နယ်မြေဟာ အလွန်ကို ကျယ်ပြောလှပါတယ်။ ပြောရရင် လူပေါင်းထောင်ချီ ဒီနေရာမှာ စုဝေးနေရင်တောင်မှ လူများတယ်လို့ ခံစားမိမှာ မဟုတ်ပါဘူး။

“နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး… ဂိုဏ်းကို အကြောင်းမကြားဘူးလား”
လင်းယွီလည်း တီးတိုးမေးမြန်းလိုက်ပါပြီ။

“အသုံးမဝင်ဘူး။ ဂိုဏ်းက အစွမ်းထက်တဲ့လူတွေ ရောက်လာချိန်မှာ ငါတို့ အားလုံး သေနေလောက်ပြီ”
ရှန်းကျီးဝမ်လည်း ခေါင်းကို ခါယမ်းလိုက်ပါတော့တယ်။

ဒီလို ကြောက်စရာ ကောင်းလှတဲ့ အဆိပ်ငွေ့တွေ ၀ူကျိလျှို့ဝှက်လောကထဲ ပေါ်ထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိခဲ့မှာလဲ။ ဂိုဏ်းကို သတင်းပေးဖို့ကလည်း အချိန်နှောင်းသွားခဲ့ပါပြီ။

ဒါ့အပြင်ကို ဝမ်ရှင်းသူတော်စင် အဆင့်အထက် တန်ခိုးရှင်အားလုံး ဒီလောကထဲ ဝင်ရောက်လို့ မရပါဘူး။ ဒါဆို သူတို့ကို ဘယ်လို ကယ်တင်ပေးမှာလဲ။

“ကျွန်မတို့တွေ ပူးပေါင်းပြီး ဝိညာဉ်စွမ်းအင် အကာအကွယ်နဲ့ တွန်းလှန်ထားမယ် ဆိုရင်ကော”
ဆုယန် အကြံပေးလိုက်ပါပြီ။

“မရဘူး။ အခုပဲ ငါစမ်းကြည့်ပြီးပြီ။ ဝိညာဉ်စွမ်းအင် အဆိပ်ငွေ့တွေအတွက် အသုံးမဝင်တော့ဘူး”
ရှန်းကျီးဝမ်လည်း ခေါင်းကို ခါယမ်းလိုက်ပါတော့တယ်။

“ဂိုဏ်းတူအစ်ကိုကြီးရှန်း… အစ်ကိုကြီး အဆင်ပြေမယ်လို့ ထင်မိသားပဲ”

မကြာခင်မှာတော့ လူကြားထဲကနေ ကျောင်းယန် ထွက်လာပြီး ပျော်ရွှင်စွာ ပြောလိုက်ပါပြီ။

“အင်း.. ဒါနဲ့ မင်းတစ်ယောက်ပဲ ဘာဖြစ်လို့ ကျန်တော့တာလဲ”

ရှန်းကျီးဝမ်လည်း ကျောင်းယန်ကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်ပါပြီ။

“အဲ.. တခြား အကြီးအကဲ အားလုံး အဆိပ်ငွေ့နဲ့ သေဆုံးသွားကြပြီလေ”
ကျောင်းယန်လည်း ရှက်ရွံ့စွာ ပြောလိုက်ပါတော့တယ်။

“…”

တကယ်လို့ ရှန်းကျီးဝမ်သာ အမှတ်မမှားဘူးဆိုရင် ကျောင်းယန်နဲ့အတူ ပါလာတဲ့ အကြီးအကဲတွေဟာ ဝမ်ရှင်းသူတော်စင် အဆင့်တွေပါ။ ဒီထဲမှာ နှစ်ဦးက ဝမ်ရှင်းသူတော်စင် နောက်ပိုင်းအဆင့်ကို ရောက်နေကြပါပြီ။ သူတို့ အားလုံး အဆိပ်ငွေ့ကြောင့် သေဆုံးသွားရတယ်ဆိုတဲ့ သတင်းကြောင့် ရှန်းကျီးဝမ်လည်း ရင်ထိတ်သွားပါတော့တယ်။

“သူတို့တွေ ပူပေါင်းပြီး ဝိညာဉ်စွမ်းအင် အကာအကွယ် တည်ဆောက်တယ်။ ပြီးတော့ အပြင်ထွက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အသုံးမဝင်ခဲ့ဘူးလေ”

ကျောင်းယန်လည်း ခဏလောက် စဉ်းစားပြီး တွေးတွေးဆဆနဲ့ ရှင်းပြလိုက်ပါပြီ။

ပြောရမယ်ဆိုရင် ဒီနည်းလမ်းကို ကျောင်းယန် စဉ်းစားခဲ့တာပါ။ သူ့ကို ကာကွယ်ပေးဖို့အတွက် အကြီးအကဲတွေ သေဆုံးသွားခဲ့ရတာပါပဲ။ ဒါပေမဲ့ သူထုတ်မပြောဝံ့ခဲ့ပါဘူး။

ဒါကို ကြားလိုက်ရတော့ ဆုယန်လည်း နှုတ်ဆိတ်ငြိမ်သက်သွားခဲ့ပါပြီ။ ရှန်းကျီးဝမ်က သူမ အကြံကို အခုပဲ ငြင်းလိုက်တယ် မဟုတ်လား။ မဟုတ်ရင် သူမတို့လည်း သေဆုံးသွားရပါလိမ့်မယ်။

“ဂိုဏ်းတူအစ်ကိုကြီးရှန်း.. ဘယ်လို ဆက်လုပ်ကြမလဲ”
ကျောင်းယန်လည်း စိတ်ပူပန်စွာ မေးမြန်းလိုက်ပါပြီ။ သူက ကျောင်းမိသားစု မျိုးဆက်သစ် ခေါင်းဆောင်တစ်ဦးပါ။ နောက်ပိုင်းမှာ မူလတာအို သူတော်စင် အဆင့်ကို တက်လှမ်းပြီး ကျောင်းမိသားစုရဲ့ ဂိုဏ်းချုပ် ဖြစ်လာပါလိမ့်မယ်။ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အသေခံနိုင်ပါ့မလဲ။

“ငါ့ကို လာမေးတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ”

ရှန်းကျီးဝမ်လည်း မျက်ခုံးပင့်ပြီး ပြောလိုက်ပါပြီ။ တကယ်လို့ အခြေအနေကို သူကိုင်တွယ်နိုင်နေရင် ဒီမှာ ဆက်နေ နေပါဦးမလား။

အခုတော့ ချင်းကျူအပေါ်ကို ရှန်းကျီးဝမ် မျှော်လင့်ချက်တွေ ပုံအပ်လိုက်ပါပြီ။ ဒါပေမဲ့ ၀ူကျိ လျှို့ဝှက်လောကထဲမှာ ချင်းကျူ ရှိနေသေးလား မရှိတော့ဘူးလား ဆိုတာကို သူမသိသေးပါဘူး။ တကယ်လို့ ချင်းကျူသာ ထွက်သွားပြီ ဆိုရင်တော့ သူတို့အားလုံးရဲ့ ကံကြမ္မာ အဆုံးသတ်သွားပြီ ဆိုရပါလိမ့်မယ်။

“အင်း.. ဒီအစိမ်းရောင် အငွေ့တွေက ဘာတွေလဲ”

လေထဲမှာ ရပ်ရင်း ချင်းကျူ မျက်မှောင်ကြုတ်လိုက်ပါပြီ။ အဖြစ်အပျက်ကို သူနားမလည်နိုင်သေးပါဘူး။

အခုပဲ သူ့ပတ်ဝန်းကျင်မှာ အစိမ်းရောင် မြူခိုးတွေ အများကြီး ပေါ်ထွက်လာခဲ့ပါပြီ။ မြူခိုးတွေဟာ သူ့ကို ဖုံးလွှမ်းသွားပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖို့ ကြိုးစားလာခဲ့ပါပြီ။ ဒါပေမဲ့ ဒီလို ဓာတ်ငွေ့မျိုးတွေက ချင်းကျူ ခန္ဓာကိုယ်ထဲ စိမ့်ဝင်ဖို့ မပြောနဲ့ အနားတောင် ကပ်လို့ မရခဲ့ပါဘူး။

“ထူးဆန်းတယ်။ ကျန်တဲ့ လူတွေ ဘယ်ရောက်ကုန်ကြတာလဲ”

ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ လမ်းမှာ သစ်သီးပင် တချို့ကို သူနှုတ်ယူခဲ့ရုံသာ ရှိပါသေးတယ်။ ဘာဖြစ်လို့ လူအားလုံး ရုတ်တရက်ပျောက်ကွယ်သွားခဲ့တာလဲ။

ချင်းကျူလည်း ခဏလောက် စဉ်းစားလိုက်ပြီး နောက်မှာ ဝိညာဉ်အာရုံကို ထုတ်လွှင့်လိုက်ပါပြီ။ ဒီတော့မှ ရှန်းကျီးဝမ်တို့ ရှိနေရာ နေရာကို ရှာတွေ့သွားပါတော့တယ်။

“ဘာဖြစ်လို့ အားလုံးက အဲဒီနေရာမှာပဲ စုနေကြတာလဲ”

ချင်းကျူလည်း နားမလည်နိုင်အောင် ဖြစ်မိခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို သူအများကြီး စဉ်းစားမနေတော့ပါဘူး။ ချက်ချင်းပဲ နတ်ဘုရားသိုင်းပညာကို အသုံးပြုပြီး ရှန်းကျီး၀မ် နံဘေး ပြန်ပေါ်လာခဲ့ပါပြီ။

အားလုံး ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ စဉ်းစားနေကြချိန်မှာပဲ ချင်းကျူ ရုတ်တရက် ပေါ်ထွက်လာတဲ့အတွက် တုန်လှုပ်သွားခဲ့ပါပြီ။ လင်းယွီက အရင်ဆုံး မေးမြန်းလိုက်ပါတော့တယ်။
“အစ်ကိုတော် ချင်းကျူ.. ဘယ်တွေ ရောက်သွားတာလဲ”

“ငါလည်း ဟိုဟိုဒီဒီ ကြည့်နေတာပါ”
ချင်းကျူလည်း လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှန်းကျီးဝမ်ကို လှမ်းကြည့်လိုက်ပါပြီ။
“မင်းတို့တွေ ဘာလုပ်နေကြတာလဲ”

ရှန်းကျီးဝမ် ပြန်မဖြေခင်မှာပဲ အစိမ်းရောင် မြူခိုးတွေ ပျံ့နှံ့လာနေပါပြီ။ မြူခိုးအနားမှာ ရှိနေတဲ့ တန်ခိုးရှင်တွေ တုန်လှုပ်ချောက်ချားစွာ နောက်ဆုတ်လိုက်ပါတော့တယ်။ ဒီအချိန်မှာတော့ လူအုပ်ကြီးဟာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါပြီ။

ဒီအချိန်မှာပဲ အစိမ်းရောင် မြူခိုးတွေဟာ အစိမ်းရင့်ရောင်အဖြစ် ပြောင်းလဲလာပါတော့တယ်။ မြူခိုးထဲကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပါဘူး။ ဒါပေမဲ့ မြူခိုးတွေနဲ့ ဝေးရာမှာ နေဖို့ကိုတော့ အားလုံး နားလည်ထားခဲ့ကြပါတယ်။

“အစွမ်းကုန် ထုတ်သုံးကြစို့”
ဝမ်ရှင်းသူတော်စင်အဆင့် တန်ခိုးရှင်တစ်ဦး အံကို တင်းတင်း ကြိတ်လိုက်ပါပြီ။ ၀ူကျို လျှို့ဝှက်လောကကနေ သူရရှိလာခဲ့တဲ့ ဝမ်ရှင်းသူတော်စင်အဆင့် ဝိညာဉ်မှော်ရတနာ တစ်ခုကို ထုတ်ယူလိုက်ပြီး ဝတ်ဆင်လိုက်ပါတော့တယ်။ ပြီးတာနဲ့ ဝိညာဉ်စွမ်းအင်တွေကို ဖြည့်လိုက်ပြီး မြူခိုးတွေထဲ ခုန်ဝင်သွားခဲ့ပါပြီ။

ဒါကို မြင်လိုက်ရတဲ့ လူအားလုံး အသက်တောင် မရှူနိုင်ပဲ ကြည့်နေခဲ့ကြပါတယ်။

ဒုန်း

မကြာခင်မှာတော့ အစိမ်းရောင် မြူခိုးတွေထဲကနေ တစ်ခုခု ပြန်လွင့်စဉ်လာခဲ့ပြီး မြေပြင်ပေါ် ပြုတ်ကျသွားခဲ့ပါပြီ။

အားလုံး လှမ်းကြည့်လိုက်တဲ့ အခါမှာတော့ ဝမ်ရှင်းသူတော်စင် အသုံးပြုလိုက်တဲ့ အကာအကွယ် ဝိညာဉ်မှော်ရတနာ ဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။

“ဒါက..”
အားလုံး အသက်ရှူတွေ ကြပ်လာခဲ့ပါပြီ။ သူတို့ မျက်နှာတွေအထက် တုန်လှုပ်ချောက်ချားမှုတွေ ပြည့်နှက်လာပါတော့တယ်။

သူတို့ အားလုံး အခွင့်အလမ်းကြောင့် ၀ူကျ လျှို့ဝှက်လောကို လာခဲ့တာပါ။ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလို ဖြစ်ရပ်တွေ ဖြစ်လာခဲ့တာလဲ။

“နေဦး.. ကြည့်စမ်း။ အစိမ်းရောင်မြူခိုးတွေ ဆက်မပျံ့တော့ပဲ ရပ်သွားကြပြီ”

ရုတ်တရက်ဆိုသလိုပဲ လူတစ်ဦးက မြူခိုးတွေကို ညွှန်ပြပြီး အော်ပြောလိုက်ပါတော့တယ်။

အစိမ်းရောင် မြူခိုးတွေ ပျံ့နှံ့နှုန်းက ပိုပြီး နှေးကွေးသည်ထက် နှေးကွေးလာပါတော့တယ်။ နောက်ဆုံးတော့ ခန်းမကြီး အပြင်ဘက်မှာ လုံး၀ ရပ်တန့်သွားခဲ့ပါပြီ။

“ဟင်.. တကယ်ကြီးပဲ”

“တစ်နည်းဆိုရရင် ငါတို့ မသေတော့ဘူးပေါ့”

“ကောင်းတာပေါ့”

နောက်ဆုံးတော့ ပျက်စီးနေတဲ့ နန်းတော်ကြီးက အကာအကွယ် အတားအဆီးကြောင့် မြူခိုးတွေ ဆက်မပျံ့နှံ့တော့ပါဘူး။ အားလုံး အခုမှ သက်ပြင်းချနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မကြာခင်မှာတော့ အားလုံး ပိတ်မိနေကြပြီ ဆိုတာကို နားလည်သွားခဲ့ကြပါပြီ။

သူတို့ ဒီမှာပဲ တစ်သက်လုံး နေလို့ မဖြစ်ဘူး မဟုတ်လား။

“အားလုံးပဲ.. စိတ်မပူကြပါနဲ့။ အစိမ်းရောင် မြူခိုးတွေက အလိုလို လွင့်ပြယ်သွားမှာပါ”

ဒီအချိန်မှာတော့ အာခက်လျှို့ဝှက်ဂိုဏ်းက အမွှာညီအစ်ကို တစ်ဦးဖြစ်တဲ့ ရီ၀ူရှန် အရှေ့ထွက်ပြီး အားပေးစကား ပြောလိုက်ပါပြီ။

“အမှန်ပဲ။ ငါတို့ ဝင်လာတုန်းက ဒီလို အဆိပ်မြူခိုးတွေ မရှိသေးဘူး။ ဒါကြောင့် အချိန်ကြာတဲ့အခါ အလိုလို လွင့်ပြယ်သွားဖို့ များပါတယ်”

“ဖြစ်နိုင်တယ်။ စောင့်ကြည့်ကြတာပေါ့”

“…”

အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိပြီ ဖြစ်တာကြောင့် အားလုံး စိတ်အေးသွားခဲ့ပြီး ပြန်လည် လှုပ်လှုပ်ရှားရှား ရှီလာခဲ့ပါပြီ။ ဟူဟန်လည်း အလားတူပါပဲ။ သူလည်း တင်ပလ္လင်ခွေထိုင်လိုက်ပြီး အဝေးမှာ ရှိနေတဲ့ ချင်းကျူကို လှမ်းကြည့်လိုက်ပါတော့တယ်။

“သူပဲ”
ဟူဟန်ရဲ့ မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်သွားပါတော့တယ်။ သူအလွန်ဒေါသထွက်သွားခဲ့ပါပြီ။ စကားတစ်ခွန်း မပြောပဲ သူပျံသန်းသွားခဲ့ပါတော့တယ်။

သူ့မျက်လုံးထဲမှာတော့ ချင်းကျူဟာ သွေးဝိညာဉ် သစ်သီးပင်ကို လုယူသွားသူပါ။ ဒါကြောင့် သူ့ကို ချမ်းသာမပေးနိုင်ပါဘူး။

“ကောင်လေး။ နောက်ဆုံးတော့ မင်းကို ငါရှာတွေ့ပြီ”

စကား အဆုံးမှာပဲ ဟူဟန်ရဲ့ လက်ထဲမှာ ဓားရှည်တစ်ချောင်း ပေါ်ထွက်လာခဲ့ပါပြီ။ ချင်းကျူကို အံ့မခန်း အမြန်နှုန်းနဲ့ သူထိုးချလိုက်ပါတော့တယ်။ သူ့ဓားချက်ကြောင့် လေထုတောင် ပြိုကွဲသွားတော့မဲ့အလား။

ဒါပေမဲ့ ချင်းကျူအနီးကို ဓားရောက်မသွားခင်မှာပဲ လက်တစ်ဖက်က ဓားကို ဖမ်းဆုပ်လိုက်ပါပြီ။

“သတ္တိကောင်းနေတယ်လား”

ရှန်းကျီးဝမ်လည်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝိညာဉ်စွမ်းအင်တွေကို ထုတ်လွှင့်လိုက်ပါပြီ။ ဝိညာဉ်စွမ်းအင်တွေဟာ ဓားရှည်ကနေ တဆင့် ဟူဟန်ဆီ စီးဆင်းသွားပါတော့တယ်။ သနားစရာ ဟူဟန် မလှုပ်ရှားနိုင်ခင်မှာပဲ သူ့လည်မျိုထဲမှာ ချိုမြမြ အရသာကို ခံစားလိုက်ရပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရပါပြီ။ သူချက်ချင်း နောက်ဆုတ်လိုက်ရပါတော့တယ်။

ဒီလှုပ်လှုပ်ရှားရှား ဖြစ်ရပ်ကြောင့် တန်ခိုးရှင် အများအပြား အာရုံစိုက်လာခဲ့ပါပြီ။ ရှန်းကျီးဝမ်နဲ့ ဟူဟန်တို့ တိုက်ပွဲ ဖြစ်နေတာကို မြင်လိုက်ရတော့ သူတို့ မြန်မြန် လူစုခွဲပြီး နေရာဖယ်ပေးလိုက်ကြပါတော့တယ်။ လာနောက်နေတာလား။ ဒီနှစ်ယောက်လုံးက အရမ်းရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်ရေးသမားတွေ မဟုတ်လား။

“မင်းက… ရှမ်းဟွမ်စွတ်ဂိုဏ်းရဲ့ နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး ရှန်းကျီးဝမ်”

ဟူဟန်လည်း နှုတ်ခမ်းထောင့်စွန်းက သွေးစကို သုတ်ရင်း အံ့အားသင့်စွာ ပြောလိုက်ပါပြီ။ ချင်းကျူကိုသာ အာရုံစိုက်နေခဲ့တာကြောင့် နံဘေးမှာ ရှိနေတဲ့ ရှန်းကျီးဝမ်ကို သူသတိမထားမိခဲ့ပါဘူး။

“ဟူဟန်.. မင်းသေချင်နေတာလား”
ရှန်းကျီးဝမ် အေးစက်စွာ ပြောလိုက်ပါပြီ။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 78
သူတော်စင် ၀ူကျိ

“မင်းက”
ချင်းကျူလည်း ဟူဟန်ကို မှတ်မိသွားပြီး မျက်မှောင်ကြုတ်လိုက်ပါပြီ။
“မင်းကို သစ်သီးတစ်လုံး ငါပေးလိုက်ပြီးပြီ မဟုတ်ဘူးလား။ ဘာလို့ ငါ့ကို တွယ်ကပ်နေရတာလဲ”

ဟူဟန်
“…”

ငါက သစ်သီးပင် လိုချင်နေတာလေ။ သစ်သီးကို လိုချင်နေတာမှ မဟုတ်တာ။

ပြီးတော့ မင်းပေးလိုက်တဲ့ သစ်သီးက ကိုက်ထားတဲ့ သစ်သီးကြီး။

“အစ်ကိုတော်ချင်းက ငါ့မိတ်ဆွေပါ။ ဒါကြောင့် သူ့ကို ပြဿနာ မရှာရင် အကောင်းဆုံးပါပဲ။ မဟုတ်ဘူးဆိုရင် ငါ့ကို ယဉ်ကျေးမှု မရှိဘူးလို့ အပြစ်မတင်နဲ့တော့”

ရှန်းကျီးဝမ်လည်း ဓားကို ဖယ်ထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်ပါပြီ။

ဝမ်ရှင်းသူတော်စင် အထွတ်အထိပ် အဆင့် တန်ခိုးရှင်တစ်ဦး ဖြစ်တဲ့ ရှန်းကျီးဝမ် ရှေ့မှောက်မှာတော့ ဟူဟန်ဟာ တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့တဲ့ ကလေးတစ်ဦးလို ဖြစ်နေပါပြီ။

ပြောရမယ်ဆိုရင် ရှန်းကျီးဝမ် အသွင်ဟာ ကြောက်စရာ ကောင်းနေပေမဲ့လည်း တကယ်တော့ ဟူဟန်ကို ကယ်တင်ပေးလိုက်တာပါ။ တကယ်လို့သာ ချင်းကျူကို ဓားချက်ထိမှန်သွားပြီ ဆိုရင် နေရာမှာတင် ဟူဟန် သေသွားလောက်ပါပြီ။

ဒါပေမဲ့ ဟူဟန်တစ်ယောက် ဒီကိစ္စကို မသိခဲ့ပါဘူး။ ချင်းကျူကို အမျက်ချောင်းချောင်း ထွက်နေတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး မြေပြင်ပေါ်က ဓားကို ကောက်ယူ ထွက်ခွာသွားခဲ့ပါပြီ။ ရှန်းကျီးဝမ် ရှိနေသရွေ့ ချင်းကျူကို သူဘာမှ လုပ်လို့ မရနိုင်ဘူး မဟုတ်လား။

အဝေးမှာတော့ ရင်မိသားစုရဲ့ အကြီးအကဲ တော်တော်များများ ထူးခြားတဲ့ မျက်နှာပေးနဲ့ ကြည့်နေခဲ့ကြပါတယ်။ ချင်းကျူကို တွေ့လိုက်ချိန်ကစလို သူတို့ ပူးပေါင်းတိုက်ခိုက်ဖို့ စီစဉ်ထားခဲ့ပြီးပါပြီ။ ချင်းကျူက သူတို့ရဲ့ သခင်လေးကို သတ်လိုက်တယ် မဟုတ်ဘူးလား။

ဒါပေမဲ့ အခုမြင်ကွင်းကို တွေ့လိုက်ရချိန်မှာတော့ သူတို့ သည်းခံစောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။

ဒီတစ်ယောက်က နံပါတ်တစ် အစ်ကိုကြီးရဲ့ မိတ်ဆွေဖြစ်နေခဲ့တယ် မဟုတ်လား။ ဒါကြောင့်လည်း သူ့မှာ မူလတာအို အဆင့် ဝိညာဉ်မှော်ရတနာ တစ်ခုခု ရှိနေခဲ့တာ ဖြစ်မှာပါ။

အခုအချိန်အထိ ရင်ကလန်က အကြီးအကဲတွေဟာ ချင်းကျူတစ်ယောက် အကာအကွယ် မှော်ရတနာကို အသုံးပြုခဲ့တယ်လို့သာ ထင်နေကြဆဲ။ ဒါကြောင့်လည်း ရင်လောင်နဲ့ တခြား အကြီးအကဲတို့ တန်ပြန်အတွင်းဒဏ်ရာ အပြင်းအထန် ရရှိပြီး သေဆုံးသွားခဲ့ရတာပါ။

ဟူဟန်ကို ဖြေရှင်းပြီးချိန်မှာတော့ ရှန်းကျီးဝမ် နောက်လှည့်ပြီး ပြောလိုက်ပါပြီ။
“ဆရာကြီး.. အဆိပ်ငွေ့တွေက ကျွန်တော်တို့ကို တားဆီးထားတယ်။ အခုဆို ဘယ်လိုမှ အပြင်ပြန်ထွက်လို့ မရတော့ဘူး”

“အဲ.. ဒီအစိမ်းရောင် မြူခိုးတွေကို ပြောတာလား။ ဒီမြူခိုးတွေက လူသတ်နိုင်တဲ့ အစွမ်းရှိလို့လား”

ချင်းကျူလည်း အစိမ်းရောင် မြူခိုးတွေကို ညွှန်ပြပြီး နားမလည်နိုင်စွာ မေးမြန်းလိုက်ပါပြီ။

ရှန်းကျီးဝမ်
“…”

၀ုန်း ၀ုန်း

ဒီအချိန်မှာတော့ ၀ူကျိလျှို့ဝှက်လောက တစ်ခုလုံး ရုတ်ချည်း တုန်ခါလာပါတော့တယ်။ စာဖွဲ့ဖို့ မလွယ်တဲ့ အံ့မခန်း အော်ရာအရှိန်အဝါ ဖြာထွက်လာခဲ့ပါပြီ။ ကြည့်ရတာ တစ်ခုခု နိုးထလာခဲ့သလိုပါပဲ။ ရှိနေကြတဲ့ တန်ခိုးရှင် အားလုံး အသက်ရှူရ ကြပ်လာခဲ့ကြပါတော့တယ်။

“အခု ဘာတွေထပ်ဖြစ်ပြန်ပြီလဲ”

“ဒီအော်ရာအရှိန်အဝါက အစွမ်းထက်လိုက်တာ”

“၀ူကျိ လောကထဲမှာ မူလတာအို သူတော်စင် တစ်ဦးဦးများ ရှိနေလို့လား”

“…”

ဒီအော်ရာအရှိန်အဝါကြောင့် အားလုံး တုန်လှုပ်နေခဲ့ပါတယ်။ ဒါဟာ ဝမ်ရှင်းသူတော်စင်အဆင့်ကို ကျော်လွန်နေတဲ့ အော်ရာအရှိန်အဝါပါ။ အလွန်ကို အစွမ်းထက်တာကြောင့် သူတို့တွေ အများကြီး မတွေးဝံ့တော့ပါဘူး။

တစ်ချိန်တည်းမှာ အပျက်အစီးနယ်မြေ အပြင်ဘက်က အစိမ်းရောင်မြူခိုးတွေ လှုပ်ရှားလာခဲ့ပါပြီ။ အားလုံးရဲ့ တုန်လှုပ်နေတဲ့ အကြည့်အောက်မှာပဲ လူသားမျက်နှာတစ်ခုဟာ မြူခိုးတွေ စုဝေးရာကနေ ပေါ်ထွက်လာပါတော့တယ်။

“ဘာတွေ ဖြစ်နေတာလဲ”

“နေဦး… ရှေးဟောင်းကျမ်းစာအုပ်ထဲမှာ ဒီအကြောင်း ငါဖတ်ဖူးတယ်။ သူ.. သူက ၀ူကျိ သူတော်စင်နဲ့ တော်တော်လေး ဆင်တူနေတယ်”
တန်ခိုးရှင်တစ်ဦး ကြောက်လန့်တကြား အော်ပြောလိုက်ပါပြီ။

“၀ူကျိ သူတော်စင်.. သူသေသွားပြီ မဟုတ်ဘူးလား”

လာနောက်နေတာလား။

ဒါကို ကြားလိုက်ရတော့ ရှိနေကြတဲ့ တန်ခိုးရှင်တွေ ဝက်ဝက်ကွဲ လှုပ်ရှားသွားခဲ့ပါပြီ။ ၀ူကျိ သူတော်စင်ဟာ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက သေဆုံးသွားခဲ့ပြီ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ ပြန်ပေါ်လာခဲ့တာလဲ။

“ဒီမျက်နှာ.. ဒီမျက်နှာက ရှေးဟောင်းကျမ်းစာအုပ်ထဲက ၀ူကျိ သူတော်စင်ရဲ့ မျက်နှာပဲ”
ရှန်းကျီးဝမ်လည်း တည်ကြည်လေးနက်စွာ ပြောလိုက်ပါပြီ။

“ဟင်.. ဂိုဏ်းတူအစ်ကိုကြီး.. သေချာရဲ့လား”

ရှန်းကျီးဝမ် ပြန်ဖြေချိန် မရခဲ့ပါဘူး။ မျက်နှာကြီးရဲ့ မျက်လုံးကြီးတွေ ရုတ်ချည်း ပွင့်လာခဲ့ပါပြီ။ ဒီမျက်လုံးကြီးတွေထဲ ကြယ်တာရာအလင်းတွေ တောက်ပနေခဲ့ပါတယ်။

“ဟား ဟား ဟား.. လူအများကြီး ရှိနေလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ ဒီလောက်ဆို ငါပြန်ရှင်သန်ဖို့ လုံလောက်ပါပြီ”
၀ူကျိ သူတော်စင်လည်း ပါးစပ်ကြီးကို ဟပြီး နားကွဲမတတ် အသံနက်ကြီးနဲ့ အားရပါးရ ရယ်မောလိုက်ပါပြီ။

“မင်းက ဘယ်သူလဲ”
ရီ၀ူရှန်းလည်း အရှေ့ကို ခြေတစ်လှမ်းတိုးပြီး မေးမြန်းလိုက်ပါပြီ။

“အိုး”

၀ူကျိ သူတော်စင်လည်း ခေါင်းကို နည်းနည်း ငုံ့ပြီး ရီ၀ူရှန်းကို သေချာ အကဲခတ် ကြည့်ရှုလိုက်ပါပြီ။
“ကောင်းကင်ဘုံ လျှို့ဝှက်ကျင့်စဉ်။ မင်းက အာခက်လျှို့ဝှက်ဂိုဏ်းသား မဟုတ်လား”

ဒါကို ကြားလိုက်ရတော့ ရီ၀ူရှန်း မျက်နှာ အနည်းငယ် ပျက်သွားခဲ့ပါပြီ။
“ကောင်းကင်ဘုံ လျှို့ဝှက်ကျင့်စဉ်အကြောင်း ခင်ဗျားဘယ်လိုလုပ်ပြီး သိတာလဲ”

ကောင်းကင်ဘုံ လျှို့ဝှက်ကျင့်စဉ်ဟာ အခုလက်ရှိ အာခက်လျှို့ဝှက်ဂိုဏ်းရဲ့ အဓိက ကျင့်စဉ်ပါ။ အဓိက တပည့်တွေသာ ဒီကျင့်စဉ်ကို လေ့ကျင့်ခွင့် ရှိပါတယ်။

“ဟား ဟား… တျန်းယန်ဇီကော ဘယ်ရောက်နေလဲ”
၀ူကျိ သူတော်စင်ကြီး မေးမြန်းလိုက်ပါပြီ။

ရီ၀ူရှန်း အလေးအနက်ထား ပြောလိုက်ပါတော့တယ်။
“တျန်းယန်ဇီက ကျွန်တော်တို့ အာခက်လျှို့ဝှက်ဂိုဏ်းရဲ့ ပထမဆုံး ဂိုဏ်းချုပ်ကြီးပါ။ သူကွယ်လွန်သွားခဲ့တာ နှစ်ပေါင်း ၆၀၀ ကျော် ကြာမြင့်သွားခဲ့ပါပြီ ခင်ဗျာ”

“အဲဒီကောင်လေးက ကောင်းကင်သူတော်စင် အဆင့်ကို မတက်နိုင်ပဲ သေသွားခဲတာလား။ ဟား ဟား ဟား”

“ဆရာကြီးက ကျွန်တော်တို့ အာခက်လျှို့ဝှက်ဂိုဏ်းရဲ့ ပထမဆုံး ဂိုဏ်းချုပ်ကြီးကို သိလို့လား မသိဘူး”

“အဲဒီထက် ပိုတာပေါ့ကွယ်။ ငါ့ရဲ့ လမ်းညွှန်မှုကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့အနေနဲ့ မြေကမ္ဘာ သူတော်စင်အဆင့်ကို တက်နိုင်လိမ့်မယ် မဟုတ်ဘူးကွယ့်”
၀ူကျိသူတော်စင်ကြီး ဂုဏ်ယူစွာ ပြောလိုက်ပါပြီ။

“ဆရာကြီးက တကယ်ပဲ ၀ူကျိသူတော်စင်လား”
ရီ၀ူရှန်းလည်း မယုံကြည်နိုင်စွာ မေးမြန်းလိုက်ပါတော့တယ်။

“အေးပေါ့”

“ဒါဆို ကျွန်တော်တို့ ဒီနေရာကနေ ထွက်သွားလို့ ရအောင် ဆရာကြီး ကူညီပေးနိုင်မလား”
ရီ၀ူရှန်း ဝမ်းသာစွာ မေးမြန်းလိုက်ပါပြီ။

“မင်းတို့ကို ကူညီပေးရမှာလား။ ဟား ဟား ဟား ဟား”

၀ူကျိ သူတော်စင်လည်း ကမ္ဘာပေါ်က ရီစရာ အကောင်းဆုံး ဟာသကို ကြားလိုက်ရတဲ့အလား အားရပါးရ ရယ်မောလိုက်ပါတော့တယ်။ သူထပ်ပြောလိုက်တဲ့ စကားလုံးတွေက ရက်စက်မှုတွေ ပြည့်လာခဲ့ပါပြီ။
“ဒီလျှို့ဝှက်လောကကို တည်ဆောက်ပြီး မင်းတို့လို ငတုံးလေးတွေကို မျှားခေါ်ဖို့အတွက် ငါနှစ်ပေါင်း တစ်ထောင်ကျော် အချိန်ယူခဲ့ရတယ်။ မင်းတို့ကို ငါက လွှတ်ပေးလိုက်စရာလား”

“ဘာကြောင့်မှန်း မသိပဲ အင်းကွက်က တစ်လစောပြီး ပျက်စီးသွားခဲ့တာတော့ နှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် အားလုံး မပြည့်မစုံ ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့လည်း ကိစ္စတော့ မရှိပါဘူး။ မင်းတို့ကို စားသောက်လိုက်ရင် ငါပြန်ပြီး ရှင်သန်လာမှာပဲလေ”

“ကျွတ်.. ကျွတ်… နုပျိုတဲ့ ဝမ်ရှင်းသူတော်စင်လေးတွေ အများကြီးပဲ။ သူတို့တွေက ငါ့ရဲ့ သက်တမ်းကို နှစ်ပေါင်း ၃၀၀ လောက်တော့ တိုးသွားစေမှာ သေချာတယ်”

“ဘာ”

သူ့စကား အဆုံးမှာတော့ အားလုံးရဲ့ မျက်နှာတွေ ဖြူရော်သွားခဲ့ပါပြီ။ အခြေအနေအရဆိုရင် အစပိုင်းကတည်းကစလို့ ၀ူကျိသူတော်စင်ကြီးက သူတို့ကို စားသောက်ဖို့ စီစဉ်ထားခဲ့တာပေါ့။

ပြီးတော့ ၀ူကျိလျှို့ဝှက်လောကဆိုတာကလည်း ထောင်ချောက်ကြီးပေါ့။

“ခင်ဗျား ဘယ်လိုလုပ် လုပ်ရက်တာလဲဗျာ”
ရီ၀ူရှန်းလည်း မှင်သက်အံ့ဩစွာ ပြောလိုက်ပါပြီ။

“အရူးလေး။ အားနည်းသူကို အားကြီးသူက စားသောက်စမြဲ မဟုတ်လား။ အလျင်မြန်ဆုံးသူသာ ရှင်သန်ခွင့် ရကြတယ်။ မင်းက အာခက်လျှို့ဝှက်ဂိုဏ်းက တပည့်တစ်ဦးဖြစ်နေတယ်ဆိုတော့ ငါ့ရဲ့ မိတ်ဆွေဟောင်းကြီး မျက်နှာကို ထောက်ရှုပြီး မင်းကနေ အရင်ဆုံး စပေးပါ့မယ်”
၀ူကျိသူတော်စင်ကြီးဟာ ပြောပြောဆိုဆိုနဲ့ အစိမ်းရောင် မြူခိုးတွေကို ရီ၀ူရှန်းဆီ မှုတ်ထုတ်လိုက်ပါပြီ။

အာခက်လျှိုဝှက်ဂိုဏ်းက အမွှာညီအစ်ကို တစ်ဦးဖြစ်တဲ့ ရီ၀ူရှန်းဟာ ၀ူကျိသူတော်စင်ကြီး စတင်တိုက်ခိုက်လိုက်တာနဲ့ နောက်ဆုတ်နိုင်ခဲ့ပါတယ်။ အစိမ်းရောင် မြူခိုးတွေဟာ သူမူလ ရပ်နေရာကို ဖုံးလွှမ်းသွားခဲ့ပါပြီ။

“စိတ်ဝင်စားစရာပဲ။ မင်းက ရှောင်နိုင်တယ်ပေါ့လေ”

၀ူကျိ သူတော်စင်ကြီး ပြုံးလိုက်ပါတော့တယ်။
“ဒါပေမဲ့ နောက်တစ်ကြိမ်တော့ မင်းကံမကောင်းနိုင်တော့ပါဘူး”

သူ့စကား မဆုံးခင်မှာပဲ အကြွင်းအကျန် နန်းတော်ကြီး ပတ်ဝန်းကျင်မှာ ရွှေရောင်အလင်းမှုန်တွေ ရုတ်ချည်း ပေါ်ထွက်လာခဲ့ပါပြီ။ ဒီရွှေရောင်အလင်းမှုန်တွေဟာ အလွန်ကို လေးလံပြီး လေထဲ လွင့်မျောနေခဲ့ပါတယ်။ ပြောရရင် ကလက်ဆီကြီး ပြောင်းပြန် ပြုတ်ကျလာသလိုပါပဲ။ အလွန်လည်း ကြည့်လို့ ကောင်းလွန်းပါတယ်။ ဒီရွှေရောင်အလင်းတွေဟာ လျှင်မြန်စွာပဲ အလင်းရောင် မျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အစိမ်းရောင် မြူခိုးတွေကို ရင်ဆိုင်လိုက်ပါပြီ။

“ဟင်”
၀ူကျိ သူတော်စင်ကြီးရဲ့ မျက်နှာအထက် အံ့အားသင့်မှု တစ်စွန်းတစ ထင်ဟပ်လာပါတော့တယ်။ ဒီရွှေရောင် အလင်းတွေ ပေါ်ထွက်လာချိန်မှာတော့ သူ့ရဲ့ တိုက်ခိုက်မှုဟာ အကြွင်းအကျန် နန်းတော်မှာ ရပ်တန့်သွားခဲ့ပါပြီ။

“ဘယ်သူလဲကွ”

“လိုက်ရှာမနေပါနဲ့။ ငါဒီမှာပါ”

ဒီအချိန်မှာတော့ ရွှေရောင်အလင်းတွေ လွှမ်းခြုံထားတဲ့ ချင်းကျူတစ်ယောက် လေထဲ ဖြည်းဖြည်းချင်း ပျံတက်လာပါတော့တယ်။ ထူးဆန်းတဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ နောက်ခံ အခြေအနေတွေဟာ တစ်ခုပြီး တစ်ခု ချင်းကျူ အနောက်မှာ ဖြစ်ပွားလာခဲ့တဲ့အတွက် သူဟာ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ အင်မော်တယ် တစ်ပါးလို ထင်မှတ်မှားစရာ ဖြစ်နေပါပြီ။

“မင်းက ဘယ်သူလဲ”
၀ူကျိသူတော်စင်ကြီး စိတ်ညစ်စွာ ပြောလိုက်ပါတော့တယ်။
“အပြင်ဘက်မှာ တားမြစ်ချက်တွေကို အစောကြီးကတည်းက ငါချထားပြီးသားပဲ။ ဝမ်ရှင်းသူတော်စင် အဆင့်အထက် တန်ခိုးရှင်တွေ ဒီထဲ ဝင်လို့ မရဘူးလေ”

“အဲဒါက ငါ့အတွက် အသုံးမဝင်ပါဘူး”

ချင်းကျူလည်း ပုခုံးတွန့်ရင်း ပြုံးလိုက်ပြီး လက်သီးတစ်ချက် ထိုးချလိုက်ပါပြီ။ နှစ်ရာပေါင်းများစွာအကြာကတည်းက သေဆုံးသားပြီးသား လူတစ်ဦးနဲ့ အလကားနေရင်း စကားမပြောချင်တော့ပါဘူး။

၀ုန်း

ရွှေရောင်အလင်းတွေ ဖြာထွက်လာခဲ့ပြီး တောက်ပတဲ့ အလင်းတိုင်လုံးကြီးဟာ ၀ူကျိသူတော်စင်ကြီးကို ဖုံးလွှမ်းသွားခဲ့ပါပြီ။ ဒီအလင်းရောင်တန်းကြီး ဖြတ်သန်းသွားရာ နေရာတိုင်းမှာ ရှိသမျှ စကြ၀ဠာ တည်ရှိမှု အားလုံး တစ်စစီ ပဲ့ကြွေသွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ အနက်ရောင် စကြ၀ဠာ အက်ကွဲကြောင်းကြီးတွေပါ ပေါ်ထွက်လာခဲ့ပါပြီ။ ၀ူကျိလျှို့ဝှက်လောကတောင်မှ ဒီတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်စွမ်း မရှိပဲ ပြိုကျလုလု ဖြစ်သွားပါတော့တယ်။

တဒင်္ဂအတွင်းမှာပဲ လောကတစ်ခွင်လုံး ရွှေရောင်သန်းသွားခဲ့ပါပြီ။ အရာရာဟာ တောက်ပလွန်းနေခဲ့သလို သက်ရှိအားလုံးလည်း ဘာပြောရမှန်းမသိ တိတ်ဆိတ်သွားကြပါတော့တယ်။

ရွှေရောင်အလင်းတန်းကြီး ပျောက်ကွယ်သွားချိန်မှာတော့ ၀ူကျိသူတော်စင်ကြီးလည်း မရှိတော့ပါဘူး။ အစိမ်းရောင် မြူခိုးတွေဟာ အလယ်ကနေ မိုးကုတ်စက်ဝိုင်းတစ်ဖက်စွန်းအထိ မျက်စိတဆုံးကို ထက်ပိုင်းပြတ်တောက်သွားခဲ့ပါပြီ။

“သူ.. သူသေသွားပြီလား”

ချင်းကျူတစ်ယောက် သောင်းနဲ့ချီတဲ့ ရန်သူတွေကို အနိုင်တိုက်ခိုက်ခဲ့တာ မြင်ဖူးခဲ့ပေမဲ့လည်း ရှန်းကျီးဝမ်တစ်ယောက် မှင်သက်အံ့အားသင့်နေဆဲပါ။

ရှန်းကျီးဝမ်တောင် ဒီလို ဖြစ်နေပြီ ဆိုမှတော့ ကျန်လူတွေဆိုရင် ဆိုဖွယ်ရာမရှိတော့ပါဘူး။

အထူးသဖြင့် ဟူဟန်နဲ့ ရီမိသားစု အကြီးအကဲတွေပါ။ သူတို့တွေက ချင်းကျူကို တိုက်ခိုက်ဖို့ ကြံစည်နေကြတာ မဟုတ်လား။ အခုတော့ သူတို့ မျက်လုံးတွေ ပြုတ်ကျမတတ် ပြူးကျယ်သွားခဲ့ပါပြီ။

“ဒီလောက်တောင် အစွမ်းထက်တယ်လား”
ရီ၀ူရှန်းလည်း မှင်သက်အံ့ဩနေခဲ့ပါတယ်။

“ဒီပုဂ္ဂိုလ်က လွင်ပြင်ဒေသမှာ ရုတ်တရက်ပေါ်ထွက်လာတဲ့ လူထူးဆန်း တန်ခိုးရှင်နဲ့ တော်တော်လေး ဆင်တူနေသလိုပဲ”
ဆုယန် တီးတိုးရေရွတ်လိုက်ပါပြီ။

ဟူး

ဒါပေမဲ့ ထင်ထားသလို မဖြစ်ခဲ့ပါဘူး။ ၀ူကျိသူတော်စင် မသေဆုံးခဲ့ပါဘူး။ အစိမ်းရောင်မြူခိုးတွေ ပြန်လည်စုဝေးလာခဲ့ပြီး လူသားမျက်နှာကြီး ထပ်မံပေါ်ထွက်လာခဲ့ပါပြီ။

“ဒီလျှို့ဝှက်လောကနဲ့ ငါပေါင်းစည်းပြီး တစ်သားတည်း ဖြစ်နေပြီကွ။ ငါ့ကို မင်းသတ်လို့ မရပါဘူး”

“ငါ့အလှည့်ပေါ့ကွာ”

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 79

“ငါ့အလှည့်ပေါ့ကွာ ”

အစိမ်းရောင် မြူခိုးတွေဟာ နဂါးကြီးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး ချင်းကျူဆီ ပျံသန်းလာနေပါပြီ။

“ဆရာကြီး သတိထားပါ”
ရှန်းကျီးဝမ်လည်း လှမ်းအော်လိုက်ပါတော့တယ်။

ဒါပေမဲ့ ချင်းကျူကတော့ နေရာမှာ မလှုပ်မယှက် ရပ်နေဆဲ။ နဂါးကြီးက သူ့ကို ဝါးမျိုသွားတာကို ခွင့်ပြုပေးခဲ့ပါတယ်။

“ဟား ဟား ဟား.. ငတုံး။ ငါ့ရဲ့ အကြွင်းမဲ့ အဆိပ်ရည်နယ်မြေက ဘယ်ဝိညာဉ်စွမ်းအင်ကိုမဆို ဝါးမျိုပြီးသန့်စင်ပေးနိုင်တယ်ကွ။ မင်းက သေလူပဲ”

“အိုး.. တကယ်ကြီးလား”

နောက်တဒင်္ဂအတွင်း နဂါးကြီးရဲ့ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းတွေ ဖြာထွက်လာခဲ့ပါပြီ။ ဒီအလင်းတန်းတွေဟာ ဆောင်ရာသီမှာ ပူပြင်းတဲ့ နေရောင်ခြည်တွေ ဖြာကျလာခဲ့သလိုပါပဲ။ နဂါးကြီးကို ချက်ချင်း အရည်ပျော်ကျသွားစေခဲ့ပါတယ်။ အကြွင်းအကျန် နန်းတော်ကြီး တစ်ခုလုံး ရွှေရောင်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ ရှုခင်းဟာ တကယ်ကို ရင်သပ်ရှုမောဖို့ ကောင်းလွန်းလှပါတယ်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

၀ူကျိ သူတော်စင်ကြီး မယုံကြည်နိုင်စွာ အော်ပြောလိုက်ပါပြီ။

သူ့ရဲ့ အကြွင်းမဲ့ အဆိပ်ရည်နယ်မြေဟာ အလွန်အဆိပ်ပြင်းထန်ပြီး ဘယ်လိုမာကျောမှုကိုမဆို လျစ်လျူရှုထားနိုင်ပါတယ်။ ကောင်းကင်သူတော်စင် အဆင့်တန်ခိုးရှင်တွေတောင်မှ အလွန်ကြောက်ရွံ့ရတဲ့ အရာပါ။ ဘယ်လိုလုပ်ပြီး သူက အရည်မပျော်သွားခဲ့တာလြ။

တစ်ချိန်တည်းမှာပဲ ချင်းကျူဟာ ရွှေရောင်တိမ်တိုက်ပေါ် ရပ်နေခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တောက်ပတဲ့ အလင်းရောင်တွေ ဖုံးလွှမ်းနေပါပြီ။ ၀ူကျိသူတော်စင်ကို အပေါ်ကနေ သူငုံ့ကြည့်လိုက်ပါတော့တယ်။ အခု မြင်ကွင်းဟာ မိုးနဲ့မြေက သူ့ခြေရင်း ဝပ်တွားခယ နေရတဲ့ မြင်ကွင်းမျိုးပါပဲ။

“မင်း.. မင်းက ဘယ်သူလဲ”

၀ူကျိ သူတော်စင်ရဲ့ သိထားချက်တွေအရ တောင်ပိုင်းနယ်မြေကြီးမှာ ဒီလောက်အစွမ်းထက်သူ မရှိနိုင်ပါဘူး။ သူအင်းခတ် ပိတ်ဆို့ခြင်း ခံလိုက်ရချိန်မှာ တောင်ပိုင်းနယ်မြေကြီးထဲ နောက်ထပ် ကောင်းကင်သူတော်စင်တစ်ဦးထပ်ပြီး ပေါ်ထွက်လာခဲ့လို့လား။

ချင်းကျူ ရင်ထဲ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပါတယ်။ ဘာဖြစ်လို့ ဒီဗီလိန်တွေက ဒီမေးခွန်းကိုပဲ မေးရတာ သဘောတွေ့နေကြတာလဲ။ သူတို့ သိသွားတော့ကော ဘာလုပ်လို့ရမှာမို့လဲ။ နောက်ဆုံးတော့ သေရမှာပဲ မဟုတ်ဘူးလား။

ချင်းကျူ တွေးရင်း လက်ကို မြှောက်ပြီး လက်သီးနဲ့ နောက်တစ်ချက် ထပ်ထိုးချလိုက်ပါပြီ။

၀ုန်း

မိုးနဲ့မြေ ထပ်မံ တုန်လှုပ်သွားခဲ့ပြီး ၀ူကျိသူတော်စင်ရဲ့ မျက်နှာကြီး ထပ်မံ ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒီလက်သီးချက်ဟာ အစပိုင်းတုန်းက လက်သီးချက်ထက် ပိုပြီး ပြင်းထန်ပါတယ်။ လက်သီးချက်ကြောင့် ၀ူကျိ လျှို့ဝှက်လောကမှာပါ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး မြေပြင်မှာလည်း မီတာ တစ်သောင်းကျော် နက်ရှိုင်းတဲ့ ချိုင့်ဝှမ်းကြီး ဖြစ်ပေါ်လာပါတော့တယ်။ အခု မြင်ကွင်းက တကယ်ကို တုန်လှုပ်ဖို့ ကောင်းလှပါတယ်။

“အရူး… ငါ့ကို သတ်လို့မရဘူးလို့ ပြောထားပြီးသားပဲ မဟုတ်လား”

၀ူကျိသူတော်စင်ကြီးဟာ ပတ်ဝန်းကျင်မှာ လွင့်ပျံ့နေတဲ့ အစိမ်းရောင် မြူခိုးတွေစုဝေးပြီး ပြန်လည် ပေါ်ထွက်လာခဲ့ပါပြီ။ သူ့ရဲ့ အမြုတေ စိတ်ဝိညာဉ်ဟာ ၀ူကျိ လျှို့ဝှက်လောကနဲ့ ပေါင်းစည်းပြီးသားပါ။ ပြောရရင်တော့ ၀ူကျိလျှို့ဝှက်လောကထဲ သူရှိနေသရွေ့ ဘယ်သူမှ သူ့ကို သေအောင် သတ်လို့ မရတော့ပါဘူး။

“၀ူကျိ လျှို့ဝှက်လောကကို ငါဖျက်ဆီးလိုက်ရင်ကော”
ချင်းကျူလည်း ခံစားချက် မပါတဲ့ သာမန် မျက်နှာထားနဲ့ ရေရွတ်လိုက်ပါပြီ။

လက်သီးနှစ်ချက် ထိုးချလိုက်ပေမဲ့ ဒီတစ်ယောက်က မသေသေးဘူး ဆိုတော့ သူ့မှာ ထိတွေ့နိုင်တဲ့ ခန္ဓာကိုယ် မရှိတော့တဲ့ အကြောင်း ချင်းကျူ နားလည်သွားခဲ့ပါပြီ။ ဒီနော့ ၀ူကျိလျှို့ဝှက်လောကကို ဖျက်ဆီးမှသာ သူ့ကို သေအောင် သတ်နိုင်ပါတော့မယ်။

ဒါကို ကြားလိုက်ရတော့ ၀ူကျိ သူတော်စင်ရဲ့ မျက်နှာအထက် တုန်လှုပ်ချောက်ချားမှုတွေ ထင်ဟပ်လာခဲ့ပါပြီ။

“မင်းဘာလုပ်မလို့လဲ”

ချင်းကျူ မဖြေခဲ့ပါဘူး။ သူလက်ဖျောက်တစ်ချက် တီးလိုက်တဲ့ အခါမှာတော့ အကြွင်းအကျန် နန်းတော်ကြီးကို လွှမ်းခြုံထားတဲ့ ရွှေရောင်အလင်းတွေဟာ ရုတ်ချည်း လိမ်တွန့်လှုပ်ရှားလာခဲ့ပါပြီ။ ဒီအလင်းရောင်ဟာ ရှိရှိသမျှ တန်ခိုးရှင် အားလုံးကို စကြ၀ဠာ ရွှေ့ပြောင်းပို့ဆောင်ခြင်းနဲ့ သယ်ဆောင်သွားပါတော့တယ်။ တန်ခိုးရှင်အားလုံး ပျောက်ကွယ်သွားခဲ့ပါပြီ။

“စကြ၀ဠာ နတ်ဘုရားသိုင်း။ မင်းက တကယ်ပဲ ကောင်းကင်သူတော်စင် တစ်ဦးပေါ့”
၀ူကျိသူတော်စင် ကြောက်လန့်တကြား အော်ဟစ်လိုက်ပါတော့တယ်။

ချင်းကျူ အရေးမစိုက်နေခဲ့ပါဘူး။ သူ့လက်ကို မြှောက်လိုက်ပြီး မြေပြင်ကို လက်သီးနဲ့ ထိုးချလိုက်ပါပြီ။

ဝိညာဉ်အရက်တွေကြောင့် ဒီနေရာကို သူလာခဲ့တာပါ။ အခု ဝိညာဉ်အရက်ကိုလည်း ရပြီးပြီ။ သစ်ပင်တချို့ကိုလည်း နှုတ်ယူသွားပြီးပြီ။ ဒီတော့ ချင်းကျူ ကျေနပ်သွားပါပြီ။ ၀ူကျိ လျှို့ဝှက်လောကထဲ ရှိနေတဲ့ တခြား ပစ္စည်းတွေကိုတော့ ချင်းကျူ နည်းနည်းလေးမှ စိတ်မဝင်စားခဲ့ပါဘူး။ ဒီတော့ ပျက်စီးသွားလည်း ပျက်စီးသွားတယ်ပေါ့။

ခလွမ်

ချင်းကျူ လက်သီး ကျဆင်းလာတဲ့ အချိန်မှာတော့ မြေပြင်မှာ အက်ကြောင်းကြီးတွေ ပေါ်ထွက်လာခဲ့ပါပြီ။ အက်ကြောင်းကြီးတွေဟာ ပတ်ဝန်းကျင်ကို လျှင်မြန်စွာ ပျံ့ကားထွက်လာခဲ့ပြီး ၀ူကျိ လျှို့ဝှက်လောကတစ်ခုလုံး ဖုံးလွှမ်းသွားခဲ့ပါပြီ။ မကြာခင်မှာတော့ အက်ကြောင်းတွေကနေ ရွှေရောင်အလင်းတွေ ဖြာထွက်လာခဲ့ပြီး ကောင်းကင်တစ်ခုလုံးပါ ရွှေရောင်တောက်ပသွားပါတော့တယ်။

“မလုပ်နဲ့”

၀ူကျိ သူတော်စင်ကြီး ကြေကွဲစွာ အော်ဟစ်လိုက်ပါပြီ။ သူနှစ်ပေါင်း တစ်ထောင်ကျော်လောက် အစီအစဉ် ဆွဲထားခဲ့ပြီး ပြန်လည်ရှင်သန်ဖို့ လက်မတင်လေးသာ လိုပါတော့တယ်။ ဘယ်လိုလုပ်ပြီး ဘယ်သူမှန်း မသိတဲ့ ချာတိတ်တစ်ဦးကြောင့် သူသေဆုံးရတော့မှာလဲ။

၀ုန်း

တောင်နက်မြို့လေး အပြင်ဘက်မှာ ရွှေရောင်အလင်းတွေ လျှပ်တပြက် ဖြာထွက်လာခဲ့ပါပြီ။ ထောင်နဲ့ချီတဲ့ လူတွေဟာ ရွှေရောင်အလင်းတန်းတွေ အလယ်မှာ ရုတ်ချည်းပေါ်ထွက်လာပါတော့တယ်။ သူတို့တွေကတော့ အကြွင်းအကျန် နန်းတော်ကြီးထဲ ပိတ်မိနေကြတဲ့ တန်ခိုးရှင်တွေပါ။

“ဘာတွေ ဖြစ်နေတာလဲ။ ငါတို့ ဘယ်ရောက်နေတာလဲ”

“ဒါက တောင်နက်မြို့လေး မဟုတ်ဘူးလား။ ငါတို့ ဘယ်လိုလုပ်ပြီး အပြင်ပြန်ရောက်လာတာလဲ”

“ဟိုလူက ငါတို့ကို ကယ်တင်ပေးလိုက်တာပဲ ထင်တယ်”

“…”

အချိန်တော်တော်ကြာသွားတဲ့ အခါမှာတော့ တန်ခိုးရှင်အားလုံး၀ူကျိ လျှို့ဝှက်လောကထဲက အဖြစ်အပြန်ကို ပြန်လည် အမှတ်ရသွားခဲ့ကြပါပြီ။

“တောက်… ဒါဆို ၀ူကျိ လျှို့ဝှက်လောကက ထောင်ချောက်ကြီးပဲပေါ့”

“ဟိုပုဂ္ဂိုလ်ကြီးငါတို့ကို ကယ်တင်ပေးလိုက်လို့ တော်သေးတယ်။ မဟုတ်ဘူးဆိုရင် ငါတို့ အထဲမှာပဲ သေရတော့မှာ”

“၀ူကျိ သူတော်စင်က ဒီလို လူစားမျိုး ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ငါက သူ့ကို စံပြပုဂ္ဂိုလ်ကြီးလို့ သတ်မှတ်ထားမိတာ”

“ကျွတ်… မင်းမမှားပါဘူး။ ငါဆိုရင် သူ့ရဲ့ ပုံတူ ပန်းချီကားတွေကိုတောင် သိမ်းထားသေးတယ်။ အခု စဉ်းစားရင်းနဲ့ ရွံလာပြီ”

“…”

၀ုန်း ၀ုန်း ၀ုန်း

နားကွဲမတတ် ကျယ်လောင်တဲ့ အသံကြီးတစ်ခု အနက်ရောင်တောင်ထိပ်ကနေ ပေါ်ထွက်လာခဲ့ပါပြီ။ အားလုံးပဲ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ၀ူကျိလျှို့ဝှက်လောက ဝင်ပေါက်ဟာ လျှင်မြန်စွာ ကျုံ့လာနေတာကို တွေ့လိုက်ရပါတော့တယ်။ ပတ်ဝန်းကျင် တည်ရှိမှု စကြ၀ဠာ အလွှာဟာ လျှင်မြန်စွာ ပြိုကျပျက်စီးလာပါပြီ။ စကြ၀ဠာတည်ရှိမှုဟာ အချိန်မရွေး ပြိုကျပျက်စီးသွားတော့မယ့် အလားပါပဲ။

အားလုံး အကြည့်အောက်မှာပဲ လူတစ်ဦးဟာ ပိတ်လုဆဲဆဲ စကြ၀ဠာ လမ်းကြောင်းကနေ အပြင်ကို ပျံထွက်လာခဲ့ပါပြီ။ သူ့ရဲ့ ဝတ်စုံဖြူတွေဟာ လေနဲ့အတူ တဖျတ်ဖျတ် လွင့်နေခဲ့ပါတယ်။ သူ့ရဲ့ အော်ရာအရှိန် အဝါဟာ နဂါးနဲ့ ဇာမဏီလိုပါပဲ။ ချင်းကျူကလွဲရင် တခြားဘယ်သူဖြစ်နိုင်ပါ့မလဲ။

“ဒါက… သူက ၀ူကျိ သူတော်စင်ကြီးကို သတ်လိုက်တာလား”

“ငါလည်း ထင်မိတာပဲ”

“အရမ်းကို ကြောက်စရာ ကောင်းတာပဲ”

ရှိနေကြသူ အားလုံး ဂလုဆိုပြီး တံတွေးမျိုချလိုက်ကြပါပြီ။ သူတို့ရဲ့ မသိစိတ်က ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားလာရပါတော့တယ်။

ချင်းကျူလည်း အောက်မှာ ရှိနေတဲ့ တန်ခိုးရှင်တွေကို တစ်ချက်ငုံ့ကြည့်ခဲ့ပြီး ဘာမှ မပြောခဲ့ပါဘူး။ သူဟာ မူလ နေရာကနေ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါပြီ။ အခုအချိန်မှာတော့ သူ့အနေနဲ့ ဆက်ပြီး နေလို့လည်း ဘာမှမထူးတော့ဘူး မဟုတ်လား။

“…”

“အဲဒီ ပုဂ္ဂိုလ်ရဲ့ ကျောဘက်ကို ကြည့်ရတာ ခရမ်းရောင် ဝိညာဉ်မျိုးနွယ်တွေနဲ့ မိစ္ဆာသားရဲ တပ်မဟာကြီးကို ချေမှုန်းခဲ့တဲ့ တန်ခိုးရှင်ရဲ့ ကျောဘက်နဲ့တူနေတယ်လို့ မခံစားမိဘူးလား”

အချိန်တော်တော် ကြာသွားချိန်မှာ့ လွင်ပြင်ဒေသ စစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တန်ခိုးရှင်တစ်ဦးက အော်ပြောလိုက်ပါပြီ။

“ဟုတ်တယ်။ သူတို့နှစ်ယောက်က တော်တော်လေး ဆင်တူနေသလိုပဲ”

တကယ်လို့သာ ဒီပုဂ္ဂိုလ်က ခရမ်းရောင် ဝိညာဉ်မျိုးနွယ်တွေနဲ့ မိစ္ဆာသားရဲ တပ်မဟာကြီးကို ခြေမှုန်းခဲ့တဲ့ တန်ခိုးရှင်ဖြစ်နေမယ်ဆိုရင် သူ့အနေနဲ့ ၀ူကျိသူတော်စင်ကြီးကို သတ်ဖြတ်နိုင်ခြင်းဟာ မဆန်းလှတော့ပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ အသက်ကို ကယ်တင်ပေးသွားခဲ့ပြီ မဟုတ်လား။

“…”

“…”

“နံပါတ်တစ်ဂိုဏ်းတူအစ်ကိုကြီး… အဲဒီတစ်ယောက်က အစ်ကိုကြီးရဲ့ မိတ်ဆွေဆိုတာ တကယ်ပဲလား”

လင်းယွီလည်း မျက်တောင်ခတ်ရင်း မေးမြန်းလိုက်ပါပြီ။

“အဲ…”

ရှန်းကျီးဝမ်လည်း မှင်သက်နေခဲ့ပါတယ်။ တခဏ ကြာသည်အထိ အဖြေမပေးနိုင်သေးပါဘူး။ ဒါပေမဲ့ အကြောင်းပြချက်ကို သိပ်မကြာလိုက်ပဲ ရှာတွေ့ခဲ့ပါတယ်။
“သူက ငါအပြင်မှာ လေလွင့် လေ့ကျင့်နေတုန်းက တွေ့ခဲ့ရတဲ့ မိတ်ဆွေတစ်ဦးပါ။ သူ့ကို ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး”

ချင်းကျူ အလွန်အစွမ်းထက်ကြောင်း သူဝန်ခံလိုက်မယ်ဆိုရင် ပြဿနာပေါင်း သောင်းခြောက်ထောင် တက်လာမှာပါ။ ဒါကြောင့် ရှန်းကျီးဝမ် အမှန်အတိုင်း မပြောပြခဲ့ပါဘူး။

“အော်”
လင်းယွီလည်း နားလည်သွားခဲ့ပါပြီ။

“အားလုံး သူ့ကို ကျေးဇူးတင်ရမယ်။ မဟုတ်ဘူးဆိုရင် ၀ူကျိလျှို့ဝှက်လောကထဲမှာ ကျွန်တော်တို့ အားလုံး သေသွားလောက်ပြီ”

“အမှန်ပဲ။ အမှန်ပဲ”

တခြားဂိုဏ်းသားတွေလည်း ခံစားချက်အပြည့်နဲ့ သက်ပြင်းချလိုက်ကြပါတော့တယ်။

“…”

ရှန်းကျီးဝမ်လည်း စိတ်ထဲ ကြိတ်ပြီး သက်ပြင်းချလိုက်ပါပြီ။ သူ့ရဲ့ လိမ်ညာမှုကို လက်ခံသွားကြလို့သာ တော်ပါသေးတယ်။

ဆုယန်တစ်ဦးတည်း မျက်လုံးထဲမှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ပြည့်နေတာ တွေ့ရမှာပါ။ ရှန်းကျီးဝမ် လိမ်ပြောနေတယ်လို့ သူမ ခံစားမိနေခဲ့ပါတယ်။

တစ်ဖက်မှာတော့ ချင်းကျူတစ်ယောက် ရုပ်ဖျက်ထားတာကို ဖယ်ရှားလိုက်ပြီး ရွှမ်းရီတောင်တန်းဂိုဏ်းကို ပျံသန်းသွားနေပါပြီ။ သူ့လက်ထဲမှာ အစိမ်းရောင် အလင်းလုံးလေးတစ်ခုကို ကိုင်ထားခဲ့ပါတယ်။

“အား.. ငါ့ကို လွှတ်ပေးပါ”

အစိမ်းရောင် အလင်းလုံးဆီကနေ ဒေါသတကြီး အော်ဟစ်နေသံတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီအလင်းလုံးထဲမှာ ၀ူကျိသူတော်စင်ရဲ့ ပုံရိပ်ကို တွေ့ရမှာပါ။

“ဟီး ဟီး.. မင်းကို လွတ်သွားတော့မလိုပဲလေ”
ချင်းကျူ ပြောလိုက်ပါပြီ။

အစတုန်းကတော့ ဒီအစိမ်းရောင် အလုံးကို လက်သီးနဲ့ ထိုးချလိုက်ပြီး ၀ူကျိသူတော်စင်ကို လုံး၀ ဖယ်ရှားလိုက်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ သေချာ ထပ်ပြီး စဉ်းစားလိုက်တော့ ဒီအစိမ်းရောင် အလင်းလုံးကို ပိုင်ရီဆီ ပေးပြီး ဆေးဖော်စပ်ခိုင်းလိုက်ရင် ပိုမကောင်းဘူးလား။

ပိုင်ရီရဲ့ ဆေးဝါးပညာရပ်ဟာ အသုံးမကျပေမဲ့လည်း ကောင်းကင်သူတော်စင်တစ်ဦးရဲ့ အမြုတေ စိတ်ဝိညာဉ်နဲ့ဆိုရင်တော့ သိပ်ပြီးမဆိုးရွားလှတဲ့ ဆေးကောင်းဝါးကောင်းကို ဖော်စပ်ကောင်း ဖော်စပ်နိုင်ပါလိမ့်မယ်။

“ငါ့ကို ဘယ်ဆီ ခေါ်သွားနေတာလဲ”

ချင်းကျူ ပြုံးနေတာကို တွေ့လိုက်ရတော့ ၀ူကျိသူတော်စင်လည်း ဘာကြောင့်မှန်းမသိ ကျောချမ်းသွားခဲ့ပါပြီ။ သူ့နှလုံးသားထဲ အနှိုင်းမဲ့ ကြောက်လန့်မှုကို ခံစားလာရပါတော့တယ်။

“ဟီး ဟီး.. စိတ်မပူပါနဲ့။ မကြာခင် မင်းသိလာမှာပါ”

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 80
ပိုင်ရီ ဆေးဖော်စပ်ပြီ

တောင်ပိုင်းနယ်မြေကြီး။ ရွှမ်းရီတောင်တန်း။

“ဟင်.. နောက်ဆုံးတော့ မင်းကိုဖမ်းမိပြီကွ”
ပိုင်ရီလည်း သက်ပြင်းချလိုက်ပြီး ဝိညာဉ်စွမ်းအင်တွေနဲ့ လွှမ်းခြုံထားတဲ့ ဖားပြုတ်ကို လှမ်းကြည့်လိုက်ပါပြီ။

လွန်ခဲ့တဲ့ တစ်လတုန်းက ဒီဖားပြုတ်ကြောင့် အကြီးအကဲ အများအပြား ပိုင်ရီကို ကောင်းချီးပေးခဲ့ကြပါတယ်။ သူ့ရဲ့ နက်ရှိုင်းတဲ့ အခြေခံကြောင့်သာ မဟုတ်ဘူးဆိုရင် အဲဒီကတည်းက အသက်ပျောက်သွားလောက်ပါပြီ။

“မနေ့တုန်းက အကြီးအကဲကျူး ရေချိုးနေတာကို ငါချောင်းကြည့်ခဲ့တယ်။ သူက မိန်းမ အတွင်းခံတွေ ဝတ်ထားတာကို တွေ့ခဲ့ရတယ်ကွ။ ဟား ဟား ဟား”

“ဒီတလော သင်ပေးရတာ အရမ်း ပင်ပန်းလာပြီ။ ကြည့်ရတာ တောင်ခြေက မိုးကြိုးမီးငှက် အိမ်တော်ကို သွားပြီ အပန်းဖြေသင့်ပြီ ထင်တယ်”

ဖားပြုတ်ကတော့ အန္တရာယ်ကို ခံစားမိပုံ မရခဲ့ပါဘူး။ သူကြားခဲ့တဲ့ စကားတွေကို ထပ်ကာ ထပ်ကာ ရေရွတ်နေခဲ့ပါတယ်။

“…”

ဒီဖားပြုတ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ပိုင်ရီအနေနဲ့ ဂိုဏ်းထဲမှာ လူထူးဆန်းတွေ အများကြီး ရှိနေကြောင်း သိရမှာ မဟုတ်ပါဘူး။

“ဂိုဏ်းထဲမှာ အူကြောင်ကြောင်လူတွေ အများကြီးပါပဲလား။ ငါတစ်ယောက်တည်းပဲ ပုံမှန်အတိုင်း ရှိနေလို့ တော်သေးတယ်”
ပိုင်ရီ သက်ပြင်းချလိုက်ပါပြီ။

“ဟူး.. ဖားပြုတ်နဲ့ ငှက်တွေက ငါဂိုဏ်းချုပ်ကြီးကြောင့် ဖြစ်လာခဲ့တာလို့ သူတို့ကို အသိပေးလို့ မဖြစ်သေးဘူး။ မဟုတ်ဘူးဆိုရင် ရိုက်သတ်ခံရလိမ့်မယ်”

ပိုင်ရီ
“…”

ဒီခွေးမသား ဖားပြုတ်ကို အသက်ရှင်လျက် ချန်ထားလို့ မဖြစ်တော့ဘူး။ သတ်မှပဲ။

ဖားပြုတ်ကို ပိုင်ရီသတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ ချင်းကျူတစ်ယောက် လျှောက်လှမ်းလာခဲ့ပါပြီ။

“ဂိုဏ်းတူအစ်ကိုကြီး…  ဒါကို ဘယ်လိုသဘောရလဲ”

ပိုင်ရီလည်း လှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားခဲ့ပါပြီ။
“အမြုတေ စိတ်ဝိညာဉ်”

“အမှန်ပဲ”
ချင်းကျူ ပြုံးလိုက်ပါပြီ။

“ဒီအမြုတေ စိတ်ဝိညာဉ်က ဘယ်သူ့ စိတ်ဝိညာဉ်လဲ”
ပိုင်ရီ မျက်မှောင်ကြုတ်လိုက်ပါတော့တယ်။ ဒီတလောမှာ သေချင်လို့ ရောက်လာတဲ့ အဆင့်မြင့် တန်ခိုးရှင် တစ်ယောက်မှ မရှိသေးဘူး မဟုတ်လား။

“သူ့နာမည်က ၀ူကျိ သူတော်စင်လို့ ထင်တာပဲ”

ပိုင်ရီ
“…”

“ဒီတလော သတင်းတွေမှာ ပါပါနေတဲ့ ၀ူကျိသူတော်စင်လို့ ပြောလိုက်တာလား”

“အော်.. ဂိုဏ်းတူအစ်ကိုကြီးက သူ့ကို သိတယ်ပေါ့”

“သိတာပေါ့ကွ။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းကပဲ သတင်းတွေ တက်လာတယ်လေ”
ပိုင်ရီလည်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး
“ဒါဆို မင်းက ၀ူကျိ လျှို့ဝှက်လောကထဲ ဝင်သွားတာပေါ့”

၀ူကျိ လျှို့ဝှက်လောက သတင်းကို ပိုင်ရီ အစောကြီးကတည်းက ကြားထားခဲ့ပါတယ်။ ဒါပေမဲ့ ဝင်ပါလိုစိတ် မရှိခဲ့ပါဘူး။ သူက ဝမ်ရှင်းသူတော်စင် အထွတ်အထိပ် အဆင့်ကို ရောက်နေပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ သတင်းတွေကို စပ်စုတတ်ပေမဲ့လည်း အသက်ရှည်ရှည် နေချင်ပါသေးတယ်။ ဒါကြောင့် သူ့အနေနဲ့ ရွှမ်းရီတောင်တန်းမှာ အေးအေးဆေးဆေးနေတာ အကောင်းဆုံးပါ။

ဒီအတွေးကြောင့်လည်း ရွှမ်းရီတောင်တန်းဂိုဏ်းဟာ အပြင်ကို နယ်ချဲ့ဖို့ မကြိုးစားခဲ့တာပါပဲ။

“ဟုတ်တယ်။ ဝိညာဉ်အရက်ကို ငါသွားရှာတာလေ”

ချင်းကျူလည်း အရက်အိုး တစ်အိုးကို ထုတ်ယူပြီး အမှန်အတိုင်း ပြောပြလိုက်ပါပြီ။

“ဒါဆို သူ့ရဲ့ အမြုတေ စိတ်ဝိညာဉ်ကို ဘယ်လိုလုပ်ပြီး ရလာခဲ့တာလဲ။ ၀ူကျိ သူတော်စင်က သေသွားပြီ မဟုတ်ဘူးလား”

“မဟုတ်ဘူး။ ၀ူကျိ သူတော်စင်က မသေသေးဘူး။ သူ့အမြုတေ စိတ်ဝိညာဉ်က ၀ူကျိလျှို့ဝှက်လောကနဲ့ ပေါင်းစည်းသွားတာ”

ချင်းကျူ ရှင်းပြလိုက်ပါပြီ။
“သူက ၀ူကျိလျှို့ဝှက်လောကထဲ ဝင်လာတဲ့ တန်ခိုးရှင်တွေကို စားသောက်ပြီး ပြန်ရှင်သန်ဖို့ ကြိုးစားနေတယ်လေ။ ဒါကြောင့် အဲဒီနေရာကို ငါဖျက်ဆီးပစ်လိုက်တယ်။ သူ့ကို အားသွန်ခွန်စိုက် ထွက်ပြေးလိမ့်ဦးမယ်လို့ ငါထင်မထားမိခဲ့ဘူး။ ဒါကြောင့်လည်း အရှင်ဖမ်းပြီး ခေါ်လာခဲ့တာပဲ”

“ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စတော်တော်များများ ဖြစ်ပျက်သွားခဲ့တာပဲ”
ပိုင်ရီလည်း နားထောင်ရင်း နားလည်သွားခဲ့ပါပြီ။
“ဒါနဲ့.. သူ့ကို ဘာဖြစ်လို့ ခေါ်လာခဲ့တာလဲ”

“နောက်ဆုံး တစ်ခေါက်တုန်းက အမြုတေ စိတ်ဝိညာဉ်နဲ့ ဆေးဖော်ချင်တယ်လို့ မင်းပြောခဲ့တယ်လေ။ ဒီအမြုတေ စိတ်ဝိညာဉ်က ကောင်းကင်သူတော်စင်တစ်ဦးရဲ့ အမြုတေ စိတ်ဝိညာဉ်ပဲ”
ချင်းကျူ ပြုံးလိုက်ပါပြီ။

ဒီစကားကြောင့် ပိုင်ရီရဲ့ မျက်လုံးတွေ အရောင်တောက်ပသွားပါတော့တယ်။
“ဆေးဖော်ဖို့အတွက် ငါ့ကို ပေးမယ်ပေါ့”

“သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ငါအင်းခတ်ပိတ်ဆို့ထားလိုက်ပြီ။ ဒီတော့ ကြိုက်သလို အသုံးပြုလို့ရတယ်”

“ဟား ဟား ဟား.. ကျေးဇူးပါပဲ ဂိုဏ်းတူညီလေးရေ”

ပိုင်ရီလည်း ဝမ်သာအားရနဲ့ ချင်းကျူကို ပြေးဖက်ဖို့ ကြိုးစားလိုက်ချိန်မှာပဲ ချင်းကျူ လက်သီးမြှောက်လိုက်တာကို တွေ့လိုက်ရပါပြီ။ သူချက်ချင်း ရပ်တန့်လိုက်ပြီး အူကြောင်ကြောင် နိုင်စွာ ပြောလိုက်ပါတော့တယ်။
“စိတ်မပူပါနဲ့ ဂိုဏ်းတူညီလေး.. မင်းကို ငါစိတ်မပျက်စေရပါဘူး။ ငါ့ကို တစ်ရက်ပဲ အချိန်ပေး။ တစ်ရက်အတွင်း ပြိုင်ဘက်ကင်း ဆေးတစ်လုံးကို ရအောင် ဖော်ပေးမယ်”

ပိုင်ရီရဲ့ စကားသံမှာ ပြတ်သားမှုတွေ အင်အားတွေ ပါဝင်နေခဲ့ပါတယ်။ တကယ်လို့သာ သူ့အကြောင်း သေချာမသိဘူးဆိုရင် တကယ့်ကို မဟာဆေးဆရာ တစ်ဦးလို့ ထင်မိကြမှာပါ။

“…”

ချင်းကျူလည်း မျက်ခုံးပင့်ကြည့်ပြီး ဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး။ ဒီလို စကားတွေ ပိုင်ရီဘယ်လောက်တောင် ပြောခဲ့ပြီးပြီလဲဆိုတာ မမှတ်မိလောက်အောင်ပါပဲ။ ဒါပေမဲ့ အခုအချိန်အထိ သာမန် ဆေးတစ်လုံးကိုတောင် ပိုင်ရီ မဖော်စပ်နိုင်သေးပါဘူး။

“ဘာလဲ။ ငါ့ကို ဆေးဖော်ရာမှာ အသုံးပြုမလို့လား”

သူတို့ စကားကို နားထောင်ရင်း အစိမ်းရောင် အလင်းလုံးထဲက ၀ူကျိသူတော်စင်ရဲ့ မျက်နှာ သိသိသာသာ ပျက်သွားခဲ့ပါပြီ။ သူချက်ချင်း အသည်းအသန် ထွက်ပြေးဖို့  ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ချင်းကျူက သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို အင်းခတ်ပိတ်ဆို့ပြီးသွားပါပြီ။ သူ့ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် ဝမ်ရှင်းသူတော်စင် အဆင့်မဆိုထားနဲ့ ဟိုတျန်အဆင့် တန်ခိုးရှင်ကိုတောင်မှ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့် ပိုင်ရီလက်ထဲကနေ သူဘယ်လိုလုပ် ပြေးလွတ်နိုင်ပါလိမ့်မလဲ။

“အော်ချင်သလောက် အော်စမ်း။ မင်းလည်ချောင်းကွဲမတတ် အော်လည်း ဘယ်သူကမှ အရေးမစိုက်ဘူး”

ချင်းကျူလက်ထဲက အစိမ်းရောင် အလင်းလုံးကို လှမ်းယူလိုက်ပြီးချိန်မှာ ပိုင်ရီရဲ့ မျက်နှာအထက် အလွန်မိစ္ဆာဆန်တဲ့ အပြုံးတစ်ခု ထင်ဟပ်လာပါတော့တယ်။

လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ဆေးကျမ်းတွေကို သူဖတ်ရှုနေချိန်မှာ ဒီအမြုတေ စိတ်ဝိညာဉ်နဲ့ စမ်းသပ်လို့ရတဲ့ ဆေးဖော်နည်း တစ်ခုကို လေ့လာဖြစ်ခဲ့ပါတယ်။

ပိုင်ရီလည်း ကောင်းကင်သူတော်စင် တစ်ဦးရဲ့ အမြုတေ စိတ်ဝိညာဉ်နဲ့ ဆေးဖော်စပ်ရမဲ့ ကိစ္စကို တွေးပြီး ပီတိဖြစ်နေပါပြီ။

၀ူကျိသူတော်စင်ကို ပိုင်ရီလက်ထဲ ထည့်ပေးပြီးတာနဲ့ ချင်းကျူ တောင်ထိပ်ကို ပြန်လာခဲ့ပါတော့တယ်။ ရှန်းကျီးဝမ်တို့ ဘာတွေ ဖြစ်ကုန်ပြီ ဆိုတာကတော့ ချင်းကျူ ထည့်မစားတော့ပါဘူး။

ရှန်းကျီးဝမ်နဲ့ သူဒီလောက်အထိ မရင်းနှီးလှပါဘူး။ ဒီကိစ္စဖြစ်ပြီးနောက်မှာတော့ ရှန်းကျီးဝမ်သာ ဉာဏ်ကောင်းမယ်ဆိုရင် သူ့ကို လာထပ်ရှာတော့မှာ မဟုတ်လောက်ပါဘူး။ တကယ်လို့ ရှန်းကျီးဝမ် ထပ်ရောက်လာခဲ့ရင်တော့ ချင်းကျူအနေနဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်လိုက်ရုံပါပဲ။

ချင်းကျူ ခြံဝန်းဆီ ပြန်ရောက်တဲ့ အချိန်မှာတော့ မိန်းကလေး မရှိတော့ပါဘူး။ ညမှောင်လာပြီ ဖြစ်တာကြောင့် ကောင်းကင်တစ်ခုလုံး မဲမှောင်နေခဲ့ပါတယ်။

သစ်သီးပင် တချို့ကို ချင်းကျူ ထုတ်ယူလိုက်ပြီး ကျောက်တုံးပြာလေး နံဘေးမှာ တစ်ပင် ခြံဝန်းထဲမှာ ကျန်တဲ့အပင်တွေကို စိုက်ပျိုးလိုက်ပါတော့တယ်။ ဒီသစ်သီးပင်တွေဟာ စတုတ္ထအဆင့် ဝိညာဉ်သစ်ပင်တွေပါ။ သူတို့ကို မြေကြီးထဲ ချလိုက်တာနဲ့ ချက်ချင်း အမြစ်တွယ်သွားပြီး ဝိညာဉ်ကီစွမ်းအင် ဝေဝါးစွာ ဖြာထွက်လာခဲ့ပါပြီ။

ဒီဝိညာဉ်ဆေးပင်တွေနဲ့ဆိုရင် မကြာခင်မှာ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေ ပိုပြီး ကြွယ်၀လာတော့မှာပါ။

ချင်းကျူ အလုပ်ပြီးသွားချိန်မှာတော့ တော်တော်လေး ညနက်သွားခဲ့ပါပြီ။

မိုးကုတ်စက်ဝိုင်း တစ်ဖက်မှာ ငွေလ တွဲလွဲခိုနေခဲ့ပါတယ်။ အရာအားလုံးကို ကြည့်ရတာ အလွန်ကို အေးချမ်းနေသလိုပါပဲ။

အစတုန်းကတော့ ယန့်ရှီအတွက် နှစ်တစ်ထောင် ဝိညာဉ်အရက်တချို့ကို လောင်းချဖို့ ချင်းကျူ စဉ်းစားထားပါတယ်။ ဒါပေမဲ့ ယန့်ရှီရဲ့ လက်ရှိ ကျင့်စဉ်အဆင့်နဲ့ဆိုရင် အရက်ထဲ ပါဝင်တဲ့ ဝိညာဉ်ကီစွမ်းအင်ကို လက်မခံနိုင်သေးပါဘူး။ ဒါကြောင့် နောက်ဆုံး လက်လျှော့လိုက်ပါပြီ။

“ချွင်ကလေး.. မင်းနဲ့တောင် စကားမပြောဖြစ်တာ ကြာပြီပဲ”
ချင်းကျူလည်း ကျောက်တုံးပြာလေးကို မှီရင်း အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်ပါပြီ။

ကျောက်တုံးပြာလေး
“…”

“အဲ… ငါလည်း ပြောစရာတော့ မရှိသေးပါဘူး။ ထားလိုက်ပါ။ အရက်ဆက်သောက်ကြတာပေါ့”

ကျောက်တုံးပြာလေး
☹☹

ချင်းကျူ အရက်မူးပြီး အိပ်ပျော်လုလု အချိန်မှာပဲ အဝေးတစ်နေရာကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ပေါ်ထွက်လာခဲ့ပြီး ရွှမ်းရီတောင်တန်းကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့ပါပြီ။

ချင်းကျူလည်း မျက်လုံး ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ အနက်ရောင် မီးခိုးလုံးကြီးတွေ ပင်မ ခန်းမဆီကနေ ထွက်ပေါ်လာနေတာကို တွေ့လိုက်ရပါတော့တယ်။ သူ့အနေနဲ့ ပိုင်ရီရဲ့ ဆေးပေါင်းအိုး ထပ်ပြီး ပေါက်ကွဲသွားတယ် ဆိုတာကို နှစ်ကြိမ်တောင် တွေးစရာ မလိုခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အနက်ရောင် မီးခိုးလုံးတွေဟာ အရိုးခေါင်းကြီးအဖြစ်တော့ မပြောင်းလဲသွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

ချင်းကျူလည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ပင်မခန်းမဆီ လျှောက်လှမ်းသွားခဲ့ပါပြီ။ ပိုင်ရီ ဘာတွေ လုပ်လိုက်ပြီလဲဆိုတာ ကြည့်ချင်လာတာကြောင့်ပါ။

ခန်းမအပြင်ဘက်မှာ ပိုင်ရီတစ်ယောက် ဖုန်တစ်စတောင် မပေကျံပဲ မတ်တတ်ရပ်နေခဲ့ပါတယ်။ ဆေးပေါင်းအိုး မပေါက်ကွဲခင် သူထွက်ပြေးလာခဲ့တာ သေချာသွားခဲ့ပါပြီ။

ချင်းကျူ ရောက်လာတာကို တွေ့လိုက်ရတော့ ပိုင်ရီမျက်နှာ နည်းနည်း အူကြောင်ကြောင် အမူအရာ ဖြစ်သွားပါတော့တယ်။

“ဆေးပေါင်းအိုး အခု ပေါက်ကွဲသွားရတဲ့ အကြောင်းက ၀ူကျိ သူတော်စင်ရဲ့ အမြုတေ စိတ်ဝိညာဉ်ကြောင့်ပဲလား”

“အဲ.. အေး”

ချင်းကျူ
“…”

မင်းပဲ ဒီတစ်ခေါက် ပြိုင်ဘက်ကင်းတဲ့ ဆေးတစ်လုံး ဖော်စပ်မယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ အခု နေ့ဝက်တောင် မကျိုးသေးဘူး။ ဟုတ်တယ်နော်။

“ဒါပေမဲ့ ဆေးပေါင်းအိုး မပေါက်ကွဲခင်မှာ ဆေးတစ်လုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ပါတယ်။ ငါအချိန်မီလေး ဆေးကို ထုတ်ယူပြီး ပြေးထွက်ခဲ့တာလေ”

ပိုင်ရီလည်း လက်ဝါးကို ဖြန့်ပြလိုက်ပါပြီ။ လက်ဝါးထဲမှာ အစိမ်းရင့်ရောင် ဆေးလုံးလေးတစ်လုံး တကယ်ပဲ ရှိနေခဲ့ပါတယ်။

“ဒီဆေးက သောက်လို့ကော ဘေးကင်းရဲ့လား”
ချင်းကျူ မျက်နှာ သုန်မှုန်သွားပါတော့တယ်။

“ငါလည်း မသိဘူး”
ပိုင်ရီလည်း ခေါင်းကို ခါယမ်းလိုက်ပါပြီ။

“…”

“ဒါပေမဲ့ အစမ်းသပ်ခံတော့ အဆင်သင့် ရှိပါတယ်”
ပြောပြောဆိုဆိုနဲ့ ပိုင်ရီတစ်ယောက် နောက်ထပ်လက်ဝါးတစ်ဖက်ကို ဖြန့်ပြလိုက်ပါတော့တယ်။ ဒီအခါမှာတော့ ဖားပြုတ်တစ်ကောင် လက်ဝါးပြင်ထက် ပေါ်လာခဲ့ပါပြီ။

“…”

Continue Reading

You'll Also Like

166K 21.6K 58
အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ ...
164K 23.4K 93
💞Complete💞 system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနေ...
240K 42.5K 78
ဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ
41.6K 3.6K 200
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...