"ဒေါင်~ဒေါင်~ဒေါင်~ဒေါင်~~"
ရွာဦးဘုန်းကြီးကျောင်းက ရှေးဟောင်းချိန်သီးနာရီကြီးမှ လေးချက်မြည်သံကြောင့် ကျင့်သားရနေပြီဖြစ်တဲ့ မျက်လုံးတို့ကအလိုအလျောက်ပွင့်လာသည်..
"ကျွတ်~~ကျွတ်~~"
မနေ့ကငါးပိရည်ကောင်းကောင်းကြောင့် ခေါင်းမဖော်နိုင်အောင်စားပစ်ခဲ့တာက ဒီမနက်မူးနောက်နောက်နှင့် နေလို့မကောင်း~~
"ခေါင်းကိုက်လိုက်တာ~~"
"သားလုံး ခေါင်းမကောင်းဘူးမလား..ငါးပိရည်တွေအများကြီးမစားပါနဲ့ဆိုတာကိုကွယ်~~အိပ်လိုက်အုံး ခြောက်ချက်တီးမှအမေနှိုးမယ်..."
"ရပါတယ်အမေရယ် မဟာဖြေဆေးစားလိုက်ရင် သက်သာသွားမှာပါ~~"
ပြောပြောဆိုဆိုအခန်းထဲက ထွက်လာတဲ့ဝလုံးကို ထမင်းချက်ဖို့ဆန်ဆေးနေတဲ့အမေက မျက်စောင်းထိုးတယ်...
အတက်စာတွေစားရင် ခေါင်းမကြည်တတ်တဲ့ ဝလုံးကြောင့် အမေကတော်ရုံငါးပိရည် ဘာညာသိပ်မချက်တတ်ပေ...
"အမေသာ စောစောစီးစီးရေတွေကိုင်လို့ နာမကျန်းဖြစ်နေပါအုံးမယ် သားလုပ်ပါ့မယ် ပေး ပေး သားကို အမေအိမ်ထဲဝင်တော့ အေးလာပြီဗျ.."
"ဒါဆိုအမေမီးမွှေးချေအုံးမယ်.."
"ဟုတ် ဟုတ်.."
ဆန်ကိုသုံး လေးခါလောက်သေသေချာချာဆေးကြောပြီးမီးစွဲနေပြီဖြစ်တဲ့ ဖိုခနောက်ပေါ်ထမင်းအိုးကိုတင်လိုက်သည်...
ပြီးတာနဲ့ မျက်နှာသစ် သွားတိုက်ကာ ထမင်းအိုးကို မီးတအားမတောက်စေရန် မီးလျှော့သည်..
"အမေဘုရားဝတ်ပြုအုံးမယ်နော် သားလုံးလေး"
"ဟုတ် အမေ့.."
ထမင်းအိုးတည်ထားပြီး အိမ်ရှေ့က ထန်းရွက်တဲလေးကို ဝါးထောက်လေးထောက်လိုက်သည်... တဲထဲက ခုံပုပုလေးတွေကို ညီညီညာညာနေရာချလိုက်တာသည်...
ဆိုင်အတွက်ပစ္စည်းတွေနေရာချပြီးတာနဲ့ အိမ်ရှေ့က ပန်းပင်တွေကိုရေလောင်းဖို့ပြင်ရသည်... ဝလုံးတို့ရွာက 'အင်း' နဲ့နီးတာကြောင့် ရေအတွက်စိတ်ပူစရာမလို...
ရေတိုင်ကနေ တစ်ချက်နှစ်ချက်လောက်အစပြုလိုက်တာနဲ့ ရေကဝေါခနဲထွက်လာပြီးသား.. ရေနှိပ်လို့အင်အားကုန်မှာလည်းမစိုးရိမ်ရ...
ရေပြည့်သွားတဲ့ သံပုံးနှစ်ပုံးကို လက်နှစ်ဖက်နဲ့ပိုင်ပိုင်နိုင်နိုင်ဆွဲကာ ပန်းပင်တွေကိုရေစလောင်းတော့သည်...
ဆောင်းဝင်ပြီဖြစ်သောကြောင့် ဝလုံးအကြိုက် စံပယ်ပန်းတွေကလည်း ဖွေးဖွေးဖြူကာ မွှေးကြိုင်နေတာကြောင့် မူးနောက်နောက်ခေါင်းတို့ပြေကာ ကြည်ကြည်လင်လင်ဖြစ်လာတော့သည်...
ရှိသမျှပန်းပင်တွေရေလောင်းပြီးတာနဲ့ ထမင်းအိုးပွက်တာနဲ့အကိုက်ပဲမို့ အဖုံးဖွင့်ကာ အမြှုပ်ဖြူဖြူတွေကို ယောင်းမနဲ့ခပ်ထုတ်လိုက်သည်...
ခပ်ကြာကြာလေးအပွက်ခံပြီးမှ လက်နှီးစုပ်နဲ့ထမင်းအိုးကိုကိုင်ကာ ထမင်းရည်ငဲ့သည်... မီးပြန်လျှော့ပြီး ထမင်းအိုးနှပ်နေတုန်း အသစ်ခပ်ထားတဲ့ရေဇလုံထဲကရေနဲ့ ထမင်းအိုးနှုတ်ခမ်းတွေပေါ်မှာ ကပ်ကျန်နေတဲ့ ထမင်းစိတွေကို အောက်ဆေးချသည်...
ထမင်းအိုးနပ်တာနဲ့ မီးပြန်ထိုးကာ ရေနွေးအိုးတည်သည်... ရေနွေးအိုးတည်ထားတုန်း ဓာတ်ဘူးညိုညိုလေးထဲ လက်ဖက်ခြောက်ထည့်ကာ ထိုင်စောင့်နေတုန်း ဘုရားဝတ်ပြုပြီးတဲ့အမေက အနားရောက်လာသည်..
"အမေ ဆက်လုပ်လိုက်မယ် သားလုံးလေး လုပ်စရာရှိတာသွားလုပ်တော့.."
"ဒါဆို သား နေ့လည်ကျချက်ဖို့ အရွက်သွားခူးလိုက်မယ်ဗျ.."
"အေး အေး.."
မီးဖိုနားအမေ့ကိုထားခဲ့ပြီး အိမ်နောက်ဖက်ကိုထွက်လာလိုက်သည်... အိမ်နောက်ဖေးဈေးဆိုင်တည် ဆိုသလို အိမ်ရဲ့အနောက်ဘက်မှာ ဝလုံးတို့သားအမိစိုက်ထားတဲ့ အရွက်ခင်းတွေက စိမ်းစိမ်းစိုစို...
ကန်စွန်းပင် မုန်ညှင်းပင် ချဉ်ပေါင်ပင်ကအစ နံနံပင်အဆုံးအကုန်စိုက်သည်...ခရမ်းချဉ်သီးပင်နဲ့ ငရုတ်သီးပင်ပါမကျန် စိုက်လို့ဖြစ်ထွန်းသမျှ အကုန်စိုက်ထားတော့ စားချင်တဲ့အရွက် ခူးစားရုံပင်...
အရွက်ခူးနေတုန်း ဘုန်းကြီးကျောင်းကနာရီသံ တဒေါင်ဒေါင်က ငါးချက်မြည်နေပြီဖြစ်သည်..
ချဉ်ပေါင်ရွက်ဟင်း အရည်သောက်ချဉ်ချဉ်လေးစားချင်တာကြောင့် ချဉ်ပေါင်ရွက်နဲ့ ကန်စွန်းရွက်နည်းနည်းခူးလိုက်သည်...နံနံပင်ကို အပင်လိုက်ဆွဲနှုတ်ကာ အနီရောင်ဘက်ပြောင်းနေသော ငရုတ်သီးတွေခူးသည်...
"ကောက်ညှင်းပေါင်း~~!ဝလုံးရေ ကောက်ညှင်းပေါင်းယူအုံးမလား.."
"ယူမယ်ဗျ အမကြည်! အိမ်ထဲဝင်ခဲ့လေဗျ.."
အပျိုကြီးမကြည်မြက ခေါင်းပေါ်ကတောင်းလေးချကာ အိမ်ရှေ့က ကွပ်ပျစ်မှာဝင်ထိုင်သည်...
"ကြည်မြရေ အကြမ်းရေလေးသောက်ပါအုံး~~"
"ဟုတ် ကြီးတော်ကြီး.."
မီးဖိုချောင်ထဲကိုအရွက်တွေဝင်ထားတဲ့ ဝလုံးကပြန်အထွက်မှာ ဇလုံးတစ်လုံးကိုင်လျက်သား..
"တစ်ထောင်ဖိုးအမကြည် ပိုထည့်ပေးအုံးနော်.."
"အေးပါဟဲ့ ဝလုံးရဲ့ ဒီလူတွေပဲကို ပြောစရာလား.."
ပါးစပ်သွက်သွက် လက်သွက်သွက်နဲ့အပျိုကြီးက သဘောလည်းကောင်းသလို ကောက်ညှင်းပေါင်းကလည်းအရသာရှိသည်... အမကြည်ဘယာကြော်ကလည်း ဝလုံးအကြိုက်ပင်...
စေးစေးပိုင်ပိုင် ကောက်ညှင်းပေါင်းမဲမဲတွေက ဇလုံနဲ့အပြည့်.. ပဲပြုတ်ပူပူနွေးနွေးတွေကလည်း အငွေ့တထောင်းထောင်း...
"အကြော်လည်းတစ်ထောင်ဖိုးထည့်ပေးဗျ နေ့လည်ကျလည်း ခရမ်းချဉ်သီးစိမ်းစိမ်းနဲ့သုပ်စားချင်လို့.."
"ပိုထည့်ပေးလိုက်တယ်နော် ဝလုံး.."
"ကျေးဇူးဗျ အမကြည် လင်ကောင်းသားကောင်းရပါစေဗျ~~"
"တောက်တီးတောက်တဲ့ ဝလုံးရယ်"
တောင်းလေးခေါင်းပေါ်ရွက်လို့ ထတဲ့အမကြည်ကို နောက်တော့ အမေကဟန့်တယ်..
"ဟဲ့ သားလုံး အကြီးကိုကွယ်~~"
"ရပါတယ် ကြီးတော်ကြီးရဲ့ ဝလုံးကိုမဆူပါနဲ့ ~ ကျွန်မသွားပြီနော် ဝလုံးအမကြည်သွားပြီဟေ့ ~~"
"ရောင်းကောင်းပါစေဗျ~~"
"သားလုံး ခနနေရင် သာကူစိတို့လာတော့မယ်မလား သွား သွား ပြင်ထားတော့.."
"ဟုတ် အမေ့ "
.........
"ဟောဒီက ကောက်ညှင်းပေါင်းနဲ့ပဲပြုတ်.!"
"လာပါအုံးဗျ..ငြိမ်ဦး မနက်စာအတွက်ကိုကောက် ညှင်းပေါင်းဝယ်လိုက်မယ်နော်.."
တဘက်ဖြူဖြူလေးပုခုံးပေါ်တင်ထားတဲ့ငြိမ်ဦးက အိမ်ဝန်းထဲမှာ လမ်းလျှောက်နေရင်း ခေါင်းညိမ့်ပြတယ်...
အိမ်ဝိုင်းထဲရောက်လာတဲ့ပဲပြုတ်သည်အမကြီးက ငြိမ်ဦးတို့ကိုသေချာကြည့်ကာ
"အသစ်ရောက်တဲ့ ကျောင်းဆရာလေးတွေပဲ... ပဲပြုတ်ဖိုးမပေးပါနဲ့ အမကြည်ကျွေးပါ့မယ်.."
"အာ ဒီလိုတော့မလုပ်ပါနဲ့ဗျ အမကြည်ရ .."
"အို ကိုယ့်ရွာကိုစာလာသင်ပေးတဲ့ဆရာလေးတွေပဲ အမကြည်တို့က ဧည့်ဝတ်ကျေရမှာပေါ့.."
အမကြီးကလည်းဇွတ်ပေးနေသလို မိုးသားကလည်း အကြပ်ရိုက်နေတာမို့ ငြိမ်ဦးသူတို့နားသွားလိုက်သည်..
"အမကြည်နော် ဟုတ်ကဲ့ ကျွန်တော်တို့ စေတနာကိုလက်ခံလိုက်ပါမယ် ဒီပိုက်ဆံလေးတော့ယူလိုက်ပါ "
အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်စကားသံကြောင့် ပဲပြုတ်သည်အမကြီးကထပ်မပြောတော့ပေမဲ့ ကျေနပ်ဟန်မရ..
"ဒါဆို အကြော်ဖိုးလေးတော့ မပေးပါနဲ့ ဒီလောက်တော့လက်ခံပါဆရာလေးရယ်.."
"ကောင်းပါပြီ နောက်နေ့တွေတော့ ဒီလိုမလုပ်ပါနဲ့တော့နော် အမကြည်ရဲ့စေတနာကိုပဲလက်ခံပါရစေ.."
"ဟုတ်ကဲ့ဆရာလေး... ဆရာလေးတို့က ရုပ်ကလေးကလည်းချော စကားပြောတာလေးကလည်းချိုနေတာပဲတော်~~"
အမွှန်းတင်သွားတဲ့အမကြည်ကြောင့် မိုးသားတစ်ယောက်မျက်နှာကိုပြုံးဖြီးလို့ ကောက်ညှင်းပေါင်းပန်းကန်ကိုလက်ကကိုင်ကာ အမကြည်ကိုအိမ်ပေါက်ဝထိလိုက်ပို့နေသေးသည်...
ငြိမ်ဦးကတော့ ခေါင်းယမ်းလို့သာကျန်ခဲ့သည်...
အောက်တိုဘာမနက်ခင်းက ခပ်ပါးပါးအေးနေပြီဖြစ်သည်... မနက်ခင်းစောစောလမ်းလျှောက်ရတာ ငြိမ်ဦးအကြိုက်ဆုံးပင်..
ယခုလည်း မနက်လေးနာရီထိုးသံ ကြားကတည်းကထကာ ကိုယ်လက်သန့်စင်ပြီး မနီးမဝေးကကိုယ်သင်ရမဲ့ ကျောင်းကိုတစ်ခေါက်ပတ်ကြည့်ခဲ့ပြီး ဘုန်းကြီးကျောင်းထဲက စေတီမှာဘုရားဝတ်ပြုရင်း တံမြက်စည်းလှည်းခဲ့ပြီလည်းဖြစ်သည်...
"ငြိမ်ဦး စားလို့ရပြီနော်.."
ခုံမှာထိုင်လို့ ဗိုက်ဆာဆာနဲ့ မိုးသားကကောက်ညှင်းပေါင်းပူပူကို လက်နဲ့စားနေပေမဲ့ နာမည်နဲ့လိုက်အောင် ငြိမ်လွန်း အေးဆေးလွန်းတဲ့ ငြိမ်ဦးက ဇွန်းယူလို့သေချာငြိမ်ငြိမ်လေးစားနေလိုက်သည်...
အစားစားနေတဲ့အချိန်အတွင်း စကားပြောတာမကြိုက်တဲ့ ငြိမ်ဦးကြောင့်မိုးသားလည်းစကားမပြောရဲ...ပြောမိလျှင် တစ်သီတစ်တန်း နားထောင်ရတော့မည့် ငြိမ်ဦး ၏တရားများကိုကြောက်၍ဖြစ်သည်....။
..............။
ကြပ်ရောပြည့်လားမသိဘူး အကြာကြီးနေမှထတင်နေတယ်🥲