💕အကြင်နာဒိုင်ယာရီ💕
အပိုင်း(၁၃)
"အဲ့ဒီမိန်းမတစ်ယောက်ဆိုတာ ငါ့အစ်မ မမတွယ်တာပဲ"
ကျူး၏စကားသံ အဆုံးမှာပင် ခံစားချက် အမျိုးမျိုးတို့ ဝင်ရောက်လာကာ ဘာစကားမှ ဆက်မဆိုနိုင်အောင် ခေတ္တ နှုတ်ဆိတ်သွားရသည်။
မမတွယ်တာဟု ခေါ်သည့် ကျူး၏ အစ်မဝမ်းကွဲနှင့် ငယ်စဉ်က အတူ ကစားခဲ့ဖူးသည်မို့ နှောင်းနှင့်လည်း စိမ်းသူ မဟုတ်ပါချေ။
"သိပ်အံ့ဩသွားလား နှောင်း... ဒါကြောင့် နင့်ကိုမနာကျင်စေချင်ဘူးလို့ ပြောတာ..."
"မမတွယ်တာနဲ့ဆိုတာ နင်ဘာကိုကြည့်ပြီး ပြောနိုင်တာလဲ...."
"ငါ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့တော့ စွမ်းနဲ့ မမတွယ်တာကို ငါကိုယ်တိုင် တွေ့ခဲ့ရတာ... အဲ့ဒီတုန်းကတော့ ငါသေချာ မသိပေမယ့် မေမေတို့က မမတွယ်တာ တိတ်တိတ်လေး လက်ထပ်လိုက်ပြီဆိုတဲ့သတင်း ကြားမှသာ စွမ်းနဲ့ဆိုတာ သေချာသွားတာ..."
နှောင်း သက်ပြင်းလေးချကာ အကြွင်းမဲ့ယုံသည် မဟုတ်သော်လည်း ဖြစ်နိုင်ချေရှိသည့်ဘက်ကို တွေးကြည့်ကာ ပူလောင်လွန်းလှသည့် ခံစားချက်တွေက နှောင်းအား ဖိတ်ခေါ်နေခဲ့သည်။
------------ --------------
"သားရေ ပြီးပြီလား... နှောင်တို့စောင့်နေတာ့မယ် သားရဲ့..."
အခန်းတံခါး အပြင်ကနေ မေမေ့၏ ကြည်လင်သောအသံကို ကြားရတော့ စွမ်း တံခါးဖွင့်လာခဲ့သည်။
"လာပါပြီမေမေ...."
ကျောင်းပိတ်ရက်မို့ နှောင်းနှင့် ဒေါ်လေးက ထမင်းစားဖိတ်ထား၍ မေမေက တက်ကြွနေခဲ့သည်။ မေမေ့စိတ်ထဲမှာ နှောင်းက သားအတွက် အသင့်တော်ဆုံး အမျိုးသမီးလေးအဖြစ် သတ်မှတ်ထားတော့ နှောင်းနှင့် ပတ်သတ်လာလျှင် မေမေ့အပြုံးတွေ ပိုမိုတောက်ပနေခဲ့သည်။
စွမ်းက မောင်းသူနေရာ၌ထိုင်၍ မေမေက သူ့ဘေး၌ ပါလာခဲ့သည်။ တစ်လမ်းလုံးလည်း နှောင်း၏ နူးညံ့သိမ်မွေ့မှုတွေကို စီကာပတ်ကုံး ပြောလာကာ စွမ်းပင် တဝကြီး နားထောင်၍ မောင်းလာခဲ့ရသည်။
နှောင်းတို့လမ်းထဲ ရောက်တော့ တစ်ဖက်ကလာသည့် ကားတစ်စီးကို ရှောင်ရင်း အရှေ့မှာ လမ်းကိုပိတ်ကာ လမ်းလျှောက်သွားနေသော မိန်းကလေးကို ရုတ်တရက်မြင်ရ၍ ဟွန်းတီးလိုက်မိသည်။
သူ့အတွေးနှင့်သူ လမ်းလျှောက်သွားနေသော ကောင်မလေးက ဟွန်းသံကျယ်ကျယ်ကြောင့် လန့်ကာ တစ်ကိုယ်လုံးတုန်လျက် ကြောက်ကြောက်ဖြင့် လဲကျသွားသည်။
"ဟဲ့သား.... တိုက်မိသွားလား မသိဘူး..."
"တိုက်တော့ မတိုက်မိဘူး မေမေ... လန့်ပြီး လဲသွားတာပဲဖြစ်မှာပါ..."
သားအမိနှစ်ယောက် ကားပေါ်မှ ဆင်းကာ ထိုမိန်းကလေး အနားသွား၍...
"ဘာဖြစ်သွားသေးလဲ... သမီး...."
ဒေါ်မြတ်မာလာ ကပျာကယာမေးလိုက်တော့ မိန်းကလေးလည်း သူ့ဘာသာ အားယူပြီး ပြန်ထလိုက်သည်။
"ဘာမှမဖြစ်ပါဘူး အန်တီ... ကားနဲ့ မတိုက်မိသွားဘူး..."
ဒေါ်မြတ်မာလာအား ပြန်ဖြေရင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်တော့ ဒေါ်မြတ်မာလာအကြည့်တွေ ချက်ချင်းခက်ထန်ကာ စွမ်းကလည်း သူမနာမည်လေး ရေရွတ်လိုက်မိသည်။
"ကျူး....."
သူတို့သားအမိကို ကျူးမြင်တော့ သူမလေးလည်း မျက်နှာကို ခပ်တင်းတင်း ထားလိုက်သည်။
"ညည်းကိုး...."
စောစောက 'သမီး' ဟု ခေါ်နေသော နာမ်စားလေး ဘယ်ပျောက်သွားသည်မသိ။ မာန်ပါပါ အသံက သူမအပေါ် ကြီးစိုးနေခဲ့သည်။
"ကျူး ဘာဖြစ်သွားသေးလဲ... မင်း အဆင်ပြေရဲ့လား"
စိုးရိမ်လို့မေးတာလား.... တာဝန်အရ မေးတာလား မသဲကွဲပေမယ့် အလိုက်သင့်လေး ပြန်ဖြေဖို့ ကြိုးစားရုံရှိသေး ဒေါ်မြတ်မာလာက...
"သူဘာမှဖြစ်တာမဟုတ်ဘူး သား... စိတ်ပူမနေနဲ့..."
"နေပါဦး မေမေရယ်... သားမေးပါရစေဦး... အခုက သားတို့ကားနဲ့ တိုက်မိမလိုဖြစ်တာလေ"
ဒေါ်မြတ်မာလာ လက်ကို ခပ်တင်းတင်းပိုက်၍ တစ်ဖက်သို့ မျက်နှာလွှဲထားလိုက်သည်။
"ကျူး ဘာမှမဖြစ်ပါဘူး... လန့်သွားရုံပါပဲ... ကျူး သွားတော့မယ်..."
"ရရဲ့လား.... ငါ ပြန်ပို့ပေးရမလား...."
"သား.... မေမေတို့ နောက်ကျနေပြီနော်... ဘာမဟုတ်တဲ့သူနဲ့ အချိန်မကုန်ချင်ဘူး"
မေမေ ဝင်ပြောလိုက်တော့ ကျူးက သားအမိနှစ်ယောက်လုံးရဲ့ မျက်နှာအားကြည့်လျက်....
"ရှင်တို့မှာပဲ အချိန်ရှိတာ မဟုတ်ဘူး.... ကျွန်မမှာလည်း ရှင့်တို့ကို တွေ့ရတာထက် တန်ဖိုးရှိတဲ့ အချိန်တွေ ရှိတယ်... ကျွန်မကို ပြန်လိုက်ပို့စရာလည်း မလိုပါဘူး.... ရှင်တို့ကားနဲ့ သွားတာထက်ဆိုင်ရင် ကျွန်မ ခြေထောက်ကသာ ကျွန်မကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်စေပါတယ်... ခွင့်ပြုပါဦး..."
ကျူး၏ လေသံခပ်အေးအေးက ဒေါ်မြတ်မာလာ၏ ဒေါသကို ရိုက်ခတ်စေ၍ နှုတ်ခမ်းအား ခပ်တင်းတင်းကိုက်ကာ သူမ ကျောပြင်အားကြည့်၍ ကျန်ခဲ့သည်။
"ကြည့်စမ်း.... ငါ့ကို ပြောသွားလိုက်တာ..."
"လာပါ.... မေမေရဲ့... သွားရအောင်နော်..."
မေမေ့လက်မောင်းအား ခပ်ဖွဖွကိုင်ကာ ကားထဲသို့ ပြန်ခေါ်လာခဲ့သည်။
"မင်းကြားလား ငါ့ကိုပြောသွားတာ..."
"မေမေပဲ အရင်သွားစတာကိုး... ဖြစ်မှာပေါ့ မေမေရဲ့"
"ဘာလဲ မင်းက သူ့ကို စိတ်ယိုင်နေတာလား"
"မဟုတ်ပါဘူး... ဖြစ်တာက သားတို့ကားနဲ့မို့ သူ့ကိုမမေးရင် မကောင်းလို့ပါ"
မေမေ ဘာမှပြန်မပြောတော့ပဲ အလိုက်သင့် လိုက်ပါခဲ့သည်။
စွမ်းတို့ကားလေး နှောင်းတို့ခြံထဲရောက်လာတော့ ဒေါ်လေးက ဦးဆောင်၍ ထွက်ကြိုခဲ့သည်။ နှောင်းက အိမ်အပေါက်ဝ၌သာ ရပ်နေခဲ့သည်။
----------- ------------
ကျူး လမ်းလျှောက်လာရင်း နှောင်းတို့အိမ်ကို ဖြတ်လာမိတော့ ခြံဝန်းထဲမှ စောစောကကား တွေ့လိုက်တာနှင့် စွမ်းတို့ရှိမည်ဆိုတာ ပြောစရာမလို။ စွမ်းဟာ လူပျိုလူလွတ် မဟုတ်ဘူးဆိုတာ သူမတာဝန်အရ ပြောခဲ့ပြီးပြီ မဟုတ်လား...
ရှေ့ဆက်တိုး မတိုးဆိုတာ နှောင်းအပေါ်မူတည်တာမို့ သူမ စိတ်အနည်းငယ် လျှော့လိုက်ပါသည်။
ကျူး ထိုခြံဝန်းအား စက္ကန့်ပိုင်းမျှ လှမ်းကြည့်ပြီး မျက်နှာပြန်လွှဲလာခဲ့ပါသည်။
----------- ------------
"သမီး နှောင်းရဲ့လက်ရာက ထင်ထားတာထက်ကို ပိုကောင်းနေပါ့လား"
"ကျေးဇူးတင်ပါတယ် အန်တီ...."
နှောင်း ကျေနပ်သလိုလေး ပြုံးကာ ဒေါ်မြတ်မာလာအား ပြန်ပြောလိုက်ပါသည်။ စွမ်းကိုတော့ သူမ မကြည့်ဝံ့ပဲ မျက်လွှာချထားလိုက်သည်။
"ခင်ပြောတာကို ယုံပြီမလား မြတ်..."
"အစကတည်းက သမီး နှောင်းရဲ့ လက်ရာက ကောင်းပြီးသားဆိုတာ ယုံကြည်ပြီးသားပါ.... သားရော စားကောင်းတယ်မလား"
"ကောင်းပါတယ် မေမေ...."
စွမ်း အလိုက်သင့်လေး ပြန်ဖြေလိုက်တော့ နှောင်း ပြုံးရုံသာ ပြုံးလိုက်သည်။
ဒီနေ့ စွမ်းနှင့်တွေ့ရတာ နှောင်းအရင်လို သိပ်မပျော်မိ။ ရင်ထဲ၌ ဇဝေဇဝါဖြစ်နေသော အကြောင်းအရာတို့ကြောင့်သာ ဖြစ်လိမ့်မည်ထင်သည်။
အကယ်၍သာ ကျူးပြောသလို စွမ်းသာ မမတွယ်တာနှင့် တကယ် လက်ထပ်ထားတယ်ဆိုတဲ့ အသိနဲ့တင် စွမ်းနှင့် ရင်းနှီးကျွမ်းဝင်ဖို့ ဝန်လေးနေမိသည်။
------------- ------------
"ဦးလေးနဲ့ ဒေါ်လေး.... တွယ်တာ တကယ် တောင်းပန်ပါတယ်.... တွယ်တာ့ကို ခွင့်လွှတ်ပေးပါနော်..."
"ညည်း ငါတို့ကို မတိုင်ပင်ပဲလုပ်ခဲ့ပြီး အခုမှ လာတောင်းပန်ရသလား.... ငါတို့မှာတော့ တူမလေး တောင်ကြီးမှာ တစ်ယောက်တည်း အလုပ်လုပ်နေရတာဆိုပြီး စိတ်မကောင်းဖြစ်နေလိုက်ရတာ"
အိမ်ထဲမှ စကားသံများအား ကျူး ခပ်သဲ့သဲ့ကြား၍ ခြေလှမ်းတွေ ခေတ္တရပ်တန့်မိသည်။ မေမေ့အသံနှင့် မမတွယ်တာ၏ စကားသံလားဆိုတာကို နားစွင့်ရင်း အိမ်ထဲ ဝင်လိုက်တော့ တကယ်ပဲ မမတွယ်တာ အစစ်....
ကျူးဝင်လာတော့ တွယ်တာက လှည့်ကြည့်၍ သူမရဲ့ အားကိုးရာမဲ့ မျက်ဝန်းတွေကို ကျူး အထင်းသား မြင်နေရသည်။ ကျူး တစ်ဖက်က ဆိုဖာပေါ်သို့ ထိုင်လိုက်ရင်း မေမေတို့ စကားဝိုင်းအား အလိုက်သင့် နားထောင်လိုက်သည်။
"ပြောစမ်းပါဦး ညည်း အမျိုးသားက ဘယ်ကလဲ..."
"တောင်ကြီးကပါ ဒေါ်လေး... သူက တွယ်တာ့ထက် အသက်အများကြီး ကြီးပေမယ့် တွယ်တာ စိတ်ချမ်းသာရလို့ ရွေးချယ်လိုက်တာပါ...."
"အသက်အများကြီး ကြီးတယ် ဟုတ်လား... ဘယ်လောက်တောင် ကြီးလို့လဲ"
"တွယ်တာ့ထက် အသက်နှစ်ဆယ်ကျော် ကြီးပါတယ်..."
တွယ်တာ့စကားကြောင့် ဖေဖေနှင့်မေမေက မျက်လုံးပြူးသွားရသလို ကျူးကလည်း ကြောင်အမ်းအမ်းလေး ကြည့်နေမိသည်။
"ဘာ.... အသက်နှစ်ဆယ်ကျော် ကြီးတယ် ဟုတ်လား... အမလေး... သူ့မှာ အရင်အိမ်ထောင်တွေရော ရှိလား"
"ရှိပါတယ်... သူ့မှာ သားတစ်ယောက်ရှိပါတယ်... တွယ်တာ့ကို တကယ်ချစ်လို့တောင် သူ့မိန်းမနဲ့ တရားဝင် ကွာရှင်းထားတာပါ"
မမတွယ်တာ စကားတွေကို ကျူး မျက်လုံးအဝိုင်းသားလေးနှင့် နားမလည်ဖြစ်ရသည်။
"မမတွယ်တာ.... မမတွယ်တာ လက်ထပ်ထားတဲ့သူက မင်းစွမ်းရည် မဟုတ်ဘူးလား..."
ကျူး မေးလာတော့ တွယ်တာ ခေါင်းတသွင်သွင်ယမ်းလျက်....
"မဟုတ်ပါဘူး ကျူးရယ်... မင်းစွမ်းရည်က မမအမျိုးသား ဦးမင်းခေါင်ရဲ့ သားပါ"
"ဟင်....!"
ကျူး အာမေဍိတ်အသံလေး ထွက်သွားရရင်း မျက်လုံးအဝိုင်းသားလေးနှင့် အံ့ဩမှုတွေ တိုးဝင်ခဲ့ရသည်။
ဖေဖေနှင့်မေမေက အသက်ကြီးကြီး အိမ်ထောင်သည်ယောက်ျားနှင့် လက်ထပ်တယ်ဆိုတာ သိတော့ ပါးစပ်အဟောင်းသားနှင့် အံ့ဩနေမိသည်။
"မိုက်လိုက်တာ တွယ်တာရယ်.... ညည်းလက်ထပ်စရာ ယောက်ျားရှားသလား... အိမ်ထောင်သည် ယောက်ျားကိုမှ လက်ထပ်ရတယ်လို့ တွယ်တာရယ်... အသက်အရွယ်က အဓိက မဟုတ်ဘူးဆိုရင်တောင် အိမ်ထောင်ရှိတဲ့ ယောက်ျားဖြစ်နေတာက ဆိုးတာပဲ"
"တွယ်တာ တောင်းပန်ပါတယ်... တွယ်တာ ဦးကို တကယ်ချစ်မိတာပါ"
"ညည်းအချစ်က တဖက်မိသားစုကို ပြိုကွဲစေတာရော သိရဲ့လား..."
တွယ်တာ ခေါင်းကိုသာ ငုံ့ထားလျက် ဘာမျှ မတုံ့ပြန်ဖြစ်ပေ။
"ငါတို့အသုံးမကျတာပါ... ငါတို့နဲ့ အနီးကပ်ထားပြီး မစောင့်ရှောက်နိုင်တဲ့ ငါတို့ကမှားတာ"
"ကဲ.... ပြီးတာတွေလည်း ပြီးပါစေတော့ကွာ... ဖြစ်ပြီးသားအရာတွေ ပြန်ပြောနေလည်း ပြင်လို့မှ မရတော့တာ.... သမီး တွယ်တာလည်း ကိုယ်ဖြစ်တည်တဲ့ဘဝမှာ အကောင်းဆုံးလျှောက်လှမ်းနိုင်အောင် ကြိုးစား"
ဖေဖေက ဝင်ဖြောင့်ဖျပေးတော့ မမတွယ်တာ ဖေဖေ့အားကြည့်၍ ခေါင်းလေးငြိမ့်မိသည်။
"ဟုတ်ကဲ့ပါဦးလေး.... တွယ်တာကလေ အစက ဒီကိုပဲတန်းပြန်လာမလို့၊ ရန်ကုန်ရောက်လာပြီးမှ အိမ်ကိုတန်းမပြန်ရဲတာနဲ့ အချိန်ယူနေတာပါ...."
"အင်းပါ.... သမီး ဒီမှာ လွတ်လွတ်လပ်လပ် ကြိုက်သလောက်နေလို့ရတယ် ဟုတ်ပြီလား"
တွယ်တာ အမိန်းနာခံသလိုလေး ခေါင်းညိမ့်လိုက်သည်။ မေမေကတော့ သက်ပြင်းရှည်ကြီးချကာ မမတွယ်တာကို စိတ်မကောင်းစွာ ကြည့်နေခဲ့သည်။
------------- --------------
ကျူး အခန်းထဲသို့ တည်ငြိမ်သော ခြေလှမ်းတွေဖြင့် ဝင်လာရင်း တံခါးကို ခပ်ဖွဖွပိတ်လိုက်သည်။
မမတွယ်တာရဲ့ အမျိုးသားက စွမ်းမဟုတ်ဘူးတဲ့လား... ဒါဆို ကျူး အထင်မှားခဲ့တာပေါ့... နှောင်းကို စွမ်းနဲ့ မပတ်သတ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တာ မှားများ မှားသွားပြီလား....
ကျူးက စွမ်းလူပျိုလူလွတ်မှန်းသိတော့ နှောင်းကို တားဆီးနေတာတွေ ရုတ်သိမ်းရန်စဥ်းစားရင်း ကိုယ်တိုင်လည်း စွမ်းကိုချစ်နေပေမယ့် နှောင်းကိုသာ ဦးစားပေးဖို့ ဆုံးဖြတ်မိသည်။
နင်ပျော်ဖို့ ငါ့နှလုံးသား နာကျင်ရလည်း ထိုက်တန်ပါတယ်.....
------------ ------------
ကန်တင်းရောက်တော့ နှောင်းတစ်ယောက်တည်း စာအုပ်ကို လှန်လှောနေစဉ် စွမ်းက ဘေးနားဝင်ထိုင်လိုက်သည်။ အခုတလော နှောင်း ရှောင်ဖယ်ဖယ်လုပ်နေတာကို စွမ်းသတိထားသည်။ ယခု စွမ်း ရောက်လာတော့လည်း ခါတိုင်းလို ဖော်ဖော်ရွေရွေ မရှိလှ။
"နှောင်း.... တစ်ခုခုဖြစ်နေတာလား..."
"မဟုတ်ပါဘူး...."
"အခုတလော ကျွန်တော့်ကို ရှောင်နေတာ သိပါတယ်... ကျွန်တော် ဘာများလုပ်မိထားလို့လဲ နှောင်း...."
"စွမ်း ဘာမှမလုပ်ပါဘူး... စာမေးပွဲ နီးနေလို့ စာကို ဦးစားပေးနေရုံပါပဲ...."
"အင်းပါ..... နှောင်း စာအေးဆေးလုပ်ပါ.... ကျွန်တော့်ကို ခွင့်ပြုပါဦး...."
"ခဏလေးစွမ်း...."
စွမ်း ထသွားမည်အလုပ် နှောင်း တားလိုက်တော့ သူမဘက် ပြန်လှည့်လာရင်း....
"နှောင်း မေးစရာရှိလို့..."
"မေးလေ နှောင်း...."
သူမ မေးလာမည့်စကားများအား နားစွင့်နေခဲ့သည်။
"စွမ်းမှာ အိမ်ထောင်ရှိတယ်ဆို...."
"ဗျာ....."
စွမ်း အသံလေးကျယ်သွားရရရင်း နှောင်းအား ကြည့်လိုက်သည်။ ဘယ်လိုမှ မထင်ထားတဲ့ မေးခွန်း။
"ကျွန်တော့်မှာ အိမ်ထောင်ရှိတယ် ဟုတ်လား... ဘယ်သူပြောတာလဲ...."
မေးခွန်းတွေက နှောင်းဆီသို့သာ ပြန်ဦးတည်နေခဲ့သည်။
"ကျူး ပြောတာ... စွမ်းမှာ အိမ်ထောင်ရှိနေတယ်တဲ့... တိတ်တိတ်လေး လက်ထပ်ထားတာတဲ့.... တကယ်ပဲလား စွမ်း..."
"ပေါက်ပေါက်ရှာရှာဗျာ... ကျွန်တော့်မှာ ဘာအိမ်ထောင်မှ မရှိပါဘူး... ကျစ်... သူဘာတွေ လျှောက်ပြောပြန်ပြီလဲ မသိဘူး..."
"သေချာရဲ့လားစွမ်း... စွမ်းရဲ့ အမျိုးသမီးနာမည်က မမတွယ်တာလင်း ဆို..."
စွမ်း ကြားကြားချင်း ခနဲ့သလိုရယ်မိသည်။ တွယ်တာလင်းတဲ့...။ ထိုအမျိုးသမီးကို သူ့ဇနီးဆိုတဲ့နေရာမှာ အထင်ခံရတာတဲ့လား။ တွယ်တာလင်းဆိုတဲ့ အမျိုးသမီးကို ဘယ်လောက်ရွံရှာသလဲ သူ့ကိုယ်သူ အသိဆုံး။
"ဟား.... တွယ်တာလင်း ဟုတ်လား..... ပြောစရာရှားလို့ဗျာ... တွယ်တာလင်းက ကျွန်တော့်အဖေရဲ့ နောက်မိန်းမ"
"ဟင်.... ကျူး ပြောတော့..."
"သူပြောတာတွေ နှောင်းက ယုံနေတာလား.... ကာယာကံရှင်ထက် သူပြောတာ အမှန်တွေလို့ နှောင်းထင်တယ်ပေါ့...."
နှောင်းမျက်ဝန်းတွေကို စွမ်း စိုက်ကြည့်လျက် မေးလာခဲ့သည်။
"ဒါဆို ကျူး ညာတာပေါ့...."
"နှောင်းသိလား.... သူက နှောင်းနဲ့ ကျွန်တော့်ကို မပတ်သတ်စေချင်ဘူးဆိုတာ... သူ ဒီလိုလုပ်မှ နှောင်းနဲ့ ကျွန်တော် ပတ်သတ်လို့ မရမှာလေ...."
ထိုအခါမှ နှောင်း နားလည်သလိုလေး စွမ်းကို ပြန်ကြည့်လာခဲ့သည်။
စွမ်း၏ အထင်လွှဲမှုနောက်သို့ နှောင်းကပါ အရိပ်တစ်ခုပမာ ပါလာခဲ့သည်။
"ဟုတ်တယ်နော်... သူက တမင်ပြောလိုက်တာပဲ ဖြစ်ရမယ်.... သူ နှောင်းကိုညာတယ်"
နှောင်း မျက်ဝန်းတွေ စူးရှလာခဲ့ပြီး ခံပြင်းသည့်စိတ်တွေ ပေါ်လာကာ အသက်မပါသည့် ရယ်သံ လွှမ်းမိုးသွားလေသည်။
------------- -------------
စွမ်းနှင့်နှောင်း ကန်တင်းမှာ ထိုင်နေတာ နေမျိုးမြင်တော့ မကျေနပ်သည့် အကြည့်တို့ဖြင့် ကြည့်နေရာမှ နှောင်း တစ်ယောက်တည်း ထသွားတော့ သူပါ အနောက်မှ လိုက်လာခဲ့သည်။
"နှောင်း...."
နေမျိုးက ခေါ်တော့ စိတ်ရှုတ်စွာ လှည့်ကြည့်လိုက်သည်။
"ဘာလဲ ကိုနေမျိုး... နှောင်း စိတ်ကြည်နေတာ မဟုတ်ဘူးနော်... လာမနှောင့်ယှက်နဲ့...."
"နှောင့်ယှက်ဖို့ မဟုတ်ရပါဘူး နှောင်းလေးရယ်.... ကိုယ် မင်းကို ဒါလေး လာပေးတာ...."
စာအိတ်လို ပုံစံလေးနှင့် နှောင်းအား လှမ်းပေးလိုက်တော့ သူမက ဆက်ခနဲ ဆွဲယူလိုက်သည်။ နေမျိုးက ပေးပြီးပြီးချင်း ကျေနပ်သည့် အပြုံးတွေဖြင့် သူမအရှေ့မှ ထွက်လာခဲ့သည်။
နေမျိုးပေးခဲ့သည့်အရာကို နှောင်း ဖောက်ကြည့်လိုက်တော့ မှောက်နေတဲ့ ဓာတ်ပုံတစ်ခု.....
ထိုဓာတ်ပုံလေးအား လှန်ကြည့်လိုက်တော့ Bar မှာ စွမ်းနှင့်ကျူးကို ရိုကိခဲ့သည့်ပုံတစ်ပုံ။ စွမ်းက ကျူးပုခုံးနှစ်ဖက်အား ထိန်းထားလျက် ကျူး၏ ခေါင်းက စွမ်းရင်ခွင်နားသို့ ရောက်နေကာ အသက်ဝင်လှသည့် ပုံတစ်ပုံပင်။
နှောင်း ထိုပုံအားမြင်တော့ ရင်ထဲက တောက်လောင်နေသည့် မီးစတွေ ပိုမို ပြင်းထန်လာခဲ့သည်။
ငါ့ကိုတော့ စွမ်းနဲ့မပတ်သတ်ဖို့တားပြီး သူကတော့ စွမ်းအနားမှာ.... ငါကတော့ သူပြောသလို စွမ်းနဲ့ မပတ်သတ်ဖို့ ရှောင်လိုက်ရတာ သူကတော့ လုပ်ရက်တယ်... ပြီးတော့ စွမ်းကိုလည်း အိမ်ထောင် ရှိတယ်လို စွတ်စွဲတယ်......
"နှောင်း....."
နှောင်း အတွေးတွေမှ တစ်ဆင့် ရင်ထဲသို့ မီးစတွေ လောင်ကျွမ်းနေစဉ် ကျူးက သူမအရှေ့တည့်တည့် ရောက်လာ၏။
ကျူး အပြုံးလေးဖြင့် သူမ အနားရောက်စဉ်မှာတော့ မထိန်းနိုင်သည့် ဒေါသတွေ ရှေ့သို့ရောက်နေခဲ့သည်။
"နှောင်း.... ဘာလုပ်နေတာလဲ...."
"ဖြန်း...."
မထင်မှတ်ပဲ နှောင်းလက်ဖဝါးက ကျူး၏ ပါးပြင်နုနုပေါ်သို့ ကျရောက်သွားတဲ့အခါ.....။
အပိုင်း(၁၄)မျှော်>>>>>
ကျေးဇူးတင်လျက်......
မြူအလင်္ကာ