💕အကြင်နာဒိုင်ယာရီ💕
အပိုင်း(၁၁)
စွမ်း ကားပြန်ကွေ့လျက် ကျူးရှိသည့် Bar အရှေ့ ထိုးရပ်လိုက်သည်။
ဝင်ဝင်ချင်း သီချင်းသံ လွှင့်လွှင့်လေးက စွမ်းအား ကြိုဆိုနေသယောင်။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်တော့ ထောင့်ကျကျ နေရာမှာ သူမတစ်ယောက်တည်း ကမ္ဘာပျက်နေသလို ဘီယာတွေ မော့ချပစ်နေသည့် ကျူးအား တွေ့ရသည်း။
ဘေးဘက်ကိုဝေ့ကြည့်လိုက်တော့ နေမျိုး ထကာ ကျူးရှိသည့်ဘက်သို့ ခပ်မှန်မှန် သွားနေသည်ကိုပါ မြင်ရ၍ ခပ်သွက်သွက် အရင်ဦးအောင် ကျူးဆီသို့ လျှောက်လာခဲ့သည်။
"ကျူး...."
နေမျိုး ကျူးဘေးနား ထိုင်မည်အလုပ် စွမ်းက သူမနာမည်အရင်ခေါ်၍ ထိုင်လိုက်သည်။ စွမ်းရောက်လာတော့ နေမျိုးမျက်နှာ သိသိသာသာပျက်လျက် ခြေလှမ်းတွေ နောက်ဆုတ်ကာ စားပွဲအား ခပ်ပြင်းပြင်း ထုလိုက်မိသည်။
"ဟာကွာ.... ဒီကောင် ဘယ်ကရောက်လာတာလဲ..."
ထိုင်ခုံတွင် ထိုင်ချပစ်လျက် စီးကရက်ကိုသာ အဖော်ပြု၍ ကျူးတို့ဘက်အား စောင့်ကြည့်နေပြန်သည်။
စွမ်း သူမရှေ့ ရောက်လာတော့ ဝေဝေဝါးဝါးဖြင့် ဘယ်သူလဲဆိုတာ ကျူး အားစိုက်ကြည့်လိုက်ရသည်။
"ဘယ်သူလဲ.... ဘယ်သူ ရောက်လာတာလဲ"
သူမကို ကြည့်ရတာ ဘယ်လောက်တောင် သောက်ထားလဲမသိ။ မျက်လုံးမနည်းဖွင့်ကာ မူးသံပါပါနဲ့ စွမ်းအား ရန်လိုနေသယောင်....
"ကျူး.... မင်း ဘာလို့ ဒီလောက်သောက်နေရတာလဲ... မင်းကိုမင်း မိန်းကလေးဆိုတာ သိသေးရဲ့လား"
ပျော့ခွေနေသော သူမလက်က ခေါင်းကိုထိရင်း ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
"မိန်းကလေးဖြစ်လည်း မသောက်ရဘူးလား.... ဟမ်.. ကျူး မမူး.... မမူးသေးဘူး...."
"ကျစ်.... မင်းကတော့လေ..."
"စွမ်း..... စွမ်းက ကျူးဆီလာတယ်..... ဟုတ်လား... မလာပါနဲ့ ရှင် ကျွန်မကို မုန်း... မုန်းနေတာမလား ဟင်..."
"မင်းမူးနေပြီ.... ငါအိမ်ပြန်လိုက်ပို့ပေးမယ်...ထ..."
"မပြန်ဘူး.... ရှင့်ဘာသာ.... ပြန်.... ဘာလဲ... ကျူးကို... ကျူးကို ချစ်လို့လား...."
မူးသံပါပါနှင့် မေးလိုက်ပေမယ့် စွမ်း အနေရခက်မိတာ အမှန်။
"မိန်းကလေးတစ်ယောက်တည်း ဒီလို မူးနေတာ အမြင်မတော်လို့ လာကြည့်တာ... မင်းအပေါ် ဘာစိတ်မှ မရှိဘူး...."
မူးနေတဲ့သူကို ရှင်းပြလည်း အရာရောက်မည်မထင်။ စွမ်း သက်ပြင်းချလျက် အိမ်ပြန်ဖို့ကိုသာ ဖြောင့်ဖျဖို့ ကြိုးစားလိုက်သည်။
ကျူး မရှိတော့သည့် ဘီယာအား မကျေနပ်သလို ကြည့်၍ ထပ်မှာချင်သည့်ပုံပင်။
"ဘီယာ ထပ်မှာလိုက်ဦးမယ်..."
"ဟေ့.... မမှာနဲ့တော့... အခုတောင် တော်တော်မူးနေပြီ"
"ကျူး သောက်ချင်သေးတယ်... ဪ တွေ့ပြီ"
ဘေးက နေမျိုး ဆေးခပ်ထားသည့် ခွက်ကိုတွေ့တော့ ဝမ်းသာအားရ သောက်ဖို့ ကိုင်လိုက်စဉ် စွမ်းကပါ လျင်မြန်စွာ ကျူးလက်ပေါ်မှ သူ့လက်ကို ဖိထားလျက်....
"တော်တော့လို့ ကျူး....."
"မတော်နိုင်ပါဘူး...."
အဝေးက လှမ်းကြည့်နေတဲ့ နေမျိုးက သူကိုယ်တိုင်ဆေးခပ်ထားသည့် ခွက်ကို ကိုင်နေတာ တွေ့တော့ ကျေနပ်မှုများစွာဖြင့် ပြုံးမိသည်။
"ဟင်း.... တစ်ခါတည်း ဒီကောင့်ကိုပါ ရှင်းပစ်ရရင် ကောင်းမယ်.... နှောင်းက ဒီကောင့်ကိုဆို သဲသဲလှုပ်... ဟင်း ဟင်း... တွေ့ကြသေးတာပေါ့....."
နေမျိုး တစ်ချက်ပြုံးကာ ခြေချိတ်ပြီး စောင့်ကြည့်နေလိုက်သေးသည်။
စွမ်းက ကျူးသောက်မည့်ခွက်ကို အတင်းဆွဲယူတော့ ကျူးကပါ ပြန်လုလျက် ဘီယာခွက်ပါ ကြမ်းပြင်သို့ ကွဲကျသွားသည်။
"ကွဲသွားပြီ.... ရှင့်ကြောင့်.... ရှင့်ကြောင့်"
စွမ်း ပိုက်ဆံ အမြန်ရှင်းပြီး၍ အိမ်ပြန်ရန် ကျူးအား အတင်းဆွဲထူလိုက်သည်။ မပြန်ချင်သေးပေမယ့် စွမ်းကို အားပြုပြီး သူမ ခန္ဓာကိုယ်လေး တရွတ်တိုက် ပါလာခဲ့သည်။
ဆေးခတ်ထားသည့်ခွက် ကွဲသွားတော့ နေမျိုး ဒေါသထွက်လျက် အိတ်ကပ်ထဲမှ ဖုန်းယူကာ စွမ်းနှင့် ကျူးတို့၏ ပုံရိပ်တွေကို မသိမသာ လှမ်းရိုက်ထားပြန်သည်။
ကားအရှေ့ခန်းတွင် ကျူးအား အတင်းဆွဲထည့်လိုက်ပြီး စွမ်းက မောင်းသူနေရာတွင် ထိုင်ကာ မောင်းထွက်သွားသည်။
ကားပေါ်ရောက်တာတောင် မယ်မင်းကြီးမလေးက စကားများတာ မရပ်သေး။
"ရှင်... ကျွန်မကို မုန်းတယ်မလားဟင်.... ကျွန်မကို နှောင်းရော... ရှင်ရော မုန်းတယ်မလား..... ကျွန်မ... ရှင့်ကိုချစ်တယ် မင်းစွမ်းရည်ရဲ့.... ကျွန်မ ရှင့်ကို... သိပ်... ချစ်..."
စကားမဆုံးခင် သူမအသံလေး တိုးရှ တိမ်ဝင်သွားခဲ့သည်။ ရင်ထဲက ပါလို့လား မူးမူးရူးရူး လျှောက်ပြောနေတာလားဆိုတာ စွမ်း မခန့်မှန်းနိုင်ပေမယ့် သူ့နားထဲကြားရတာတော့ တစ်မျိုးဖြစ်သွားခဲ့သည်။
အနည်းငယ်ကြာအောင် မောင်းပြီး၍ သူ့ကားနောက်မှ နေမျိုးကား လိုက်လာနေသည်ကို တွေ့တော့ ပုံမှန်ထက် ခပ်မြန်မြန်မောင်းခဲ့သည်။ သို့သော် သူ့ကားက လိုက်မြဲလိုက်လာဆဲ။
စွမ်း မျက်ခြေပြတ်အောင် မြို့ထဲက လမ်းကြားတွေကိုပါ ပတ်မောင်းပေမယ့် နေမျိုးက ဘယ်လောက်တောင် ဒုက္ခပေးချင်နေလဲမသိ ထပ်ကြပ်မခွာ လိုက်နေခဲ့သည်။
အတန်ကြာအောင် မောင်းပြီး နေမျိုး၏ကား မတွေ့တော့မှ စိတ်အေးရပြန်သည်။
စွမ်း လေပူတစ်ချက်မှုတ်ထုတ်၍ ကားခေတ္တရပ်လျက် ပါလာသော ရေဘူးအား သောက်၍ ဘေးသို့လှည့်ကြည့်လိုက်တော့ မယ်မင်းကြီးမလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
ဟူး... သူကသာ အိမ်မောကျလို့ကောင်းနေတာ သူ့အတွက်နဲ့ စွမ်းကတော့ အန္တရာယ်ကြုံရမည်စိုး၍ ပင်ပင်ပန်းပန်း ကားမောင်းလာရသည်မဟုတ်လား။
လူကို တော်တော် ဒုက္ခပေးသည့် ကောင်မလေး။ ကျူးမှ ဒုက္ခမပေးရင် သူ့ကို ဒုက္ခပေးမည့်သူမရှိ။
စွမ်း ကားဆက်မောင်းရင်း ဆီကုန်ခါနီး ဖြစ်လာတော့ နောက်ထပ် ခေါင်းကြီးရပြန်သည်။ သူမ အိမ်နှင့်က အတော်အလှမ်းဝေးနေသေး သည်က ပိုဆိုးသည်။ ဒီအချိန်မှာ အနီးစပ်ဆုံး ဆိုလို့ စွမ်း၏ အိမ်ပဲ ရှိတော့တာမို့ ကြံရာမရတဲ့အဆုံး မိမိအိမ်သို့သာ မောင်းနှင်ခဲ့ရသည်။
----------- ------------
"တောက်..... လွှတ်သွားသေးတယ်ကွာ.... "
နေမျိုး ကားဘီးအား ခြေထောက်ဖြင့် ခပ်ပြင်းပြင်းကန်လိုက်ကာ ခါးထောက်၍ လမ်းမကြီးအဆုံးကိုသာ ငေးကြည့်နေလိုက်သည်။
"ဟင်း..... ဒီတစ်ခါ လွှတ်သွားလည်း ငါ့မှာ ဓာတ်ပုံတွေ ရှိပါသေးတယ်ကွာ... ဟား..... ဟား.... ဒီပုံတွေကိုသာ နှောင်းကို ပြရင် မင်းကိုတော့ မုန်းသွားမှာပဲ....."
---------- -----------
စွမ်း၏ကားလေး ခြံထဲဝင်လာတော့ ဒေါ်မြတ်မာလာ ပူပန်မှု များစွာဖြင့် ချက်ချင်း အိမ်ထဲမှထွက်၍ စောင့်ကြိုလိုက်သည်။ စွမ်းကားထဲမှ ထွက်ပြီး တစ်ဖက်သို့ တံခါးဖွင့်ပေးလျက် မိန်းကလေးတစ်ယောက်ကို တွဲထူလာပေးတော့ ဒေါ်မြတ်မာလာ အဲ့ဩမှင်သက်ရင်း ရင်တ,မမနှင့် အသေအချာ ကြည့်နေခဲ့သည်။
"သား.... ဘယ်သူ့ကို ခေါ်လာတာတုန်း...."
"သူငယ်ချင်းပါမေမေ.... သား ဆီကုန်တော့မှာမို့လို့ အိမ်ကိုပဲ ခေါ်လာခဲ့လိုက်တယ်..... ဒီတစ်နည်းပဲ ရှိတော့လို့ မေမေရေ...."
စွမ်းပုခုံးကို အားပြုမှီနွဲ့ထားသော ကျူးအား ကြည့်ရုံနှင့် မူးနေတယ်ဆိုတာ မမှား။ ဒေါ်မြတ်မာလာ ကြည်ဖြူပုံမရပဲ သက်ပြင်းချလိုက်သည်။ စွမ်းပုခုံးပေါ်က ကောင်မလေးလည်း သူ့ကိုယ်သူ ဘယ်ရောက်နေမှန်း သိပုံမပေါ်။
"ဘယ်လိုမိန်းကလေးကို ခေါ်လာတာလဲ သားရယ်... ကြည့်ပါဦး မူးရူးနေတာပဲ..."
"အပေါ်မှာ သူ့ကို သွာပို့လိုက်ဦးမယ် မေမေ.... ဒါနဲ့ ဒေါ်မြရော...."
"အနောက်မှာ မေမေသောက်ဖို့ နွားနို့ ဖျော်ပေးနေတယ်.... နေဦး သား..
သူ့ကို အပေါ်ထပ်က အခန်းလွှတ်မှာ ထားလိုက်"
"ဟုတ်... မေမေ...."
ထိုမိန်းကလေးကို ပွေ့ချီပြီး လှေကားထစ်အတိုင်း တက်သွားတဲ့ သား ကျောပြင်ကို ကြည့်၍ မေးစရာ မေးခွန်းတွေကအပြည့်ပင်။
စွမ်း သူမကို သူ့အခန်း၌သာ ချပေးလျက် သူက ဧည့်ခန်းထဲမှာ အိပ်မည်ဟု ဆုံးဖြတ်၍ အောက်ပြန်ဆင်းခဲ့တော့ မေမေက ယပ်တောင်ကိုင်ကာ သားအနား ထ လာခဲ့သည်။
"အဲ့ဒါ.... မင်းကောင်မလေး မဟုတ်ပါဘူးနော်...သား"
"မဟုတ်ပါဘူး... မေမေရဲ့... သူငယ်ချင်းပါ.... သူ့အိမ်နဲ့ အလှမ်းဝေးသေးတော့ ကား ဆီကုန်သွားရင် အခက်တွေ့မှာစိုးလို့ အိမ်ပဲခေါ်လာလိုက်တာပါ.... မနက်မှပဲ ပြန်ပို့တော့လိုက်တော့မယ်...."
"မင်းလည်း ဘာတွေလုပ်ချနေမှန်းကို မသိဘူး... ဟိုကလေးမလေးကလည်း မိန်းကလေးဖြစ်ပြီး သောက်စားလိုက်တာ လွန်ရော... သူသာ သားကောင်မလေးဆို မေမေ လုံးဝ သဘောမတူဘူးနော်"
မျက်စောင်းထိုးပြီး ကြည့်လာသော မေမေ့အား ဖက်လိုက်ကာ....
"စိတ်ချပါ မေမေရဲ့... သားက သူ့အပေါ် ဘာစိတ်မှ မရှိပါဘူး.... ကူညီရုံသက်သက်ပါ"
"ပြီးတာပဲ.... ကဲ သားလည်းနားတော့လေ... မေမေလည်း သွားအိပ်တော့မယ်"
"ဟုတ် မေမေ"
စွမ်း အခုမှ စိတ်အေးသလိုနှင့် အပေါ်ပြန်တက်တော့ အလောတကြီး ပြေးလာသော ဒေါမြက တုန်တုန်ယင်ယင်နှင့် ဘာစကားမျှ ထွက်မလာသေး။
"ဒေါ်မြ.... ဘာဖြစ်လို့လဲ"
"ဟို..... ဟိုလေ... သ.... သရဲ... သားစွမ်း အခန်းထဲမှာ သရဲ.... ဒေါ်မြကိုယ်တိုင် တွေ့လိုက်တာ.... ဆံပင်တွေရော... ဒေါ်မြ တကယ်... တကယ်ကြီး တွေ့လိုက်တာ"
ဒေါ်မြစကားကြောင့် စွမ်းခါးထောက်၍ ရယ်လိုက်ရင်း.....
"လာ... ကျွန်တော်ပြမယ်"
ဒေါ်မြကို ခေါ်၍ သူ့အခန်းမှ အိပ်မောကျနေသော ကျူးအားပြ၍...
"သရဲမဟုတ်ပါဘူးဗျာ.... ကျွန်တော့် သူငယ်ချင်းကို ကူညီလာတာ.... အဲ့ဒါ သူ့ကို ကျွန်တော့်အခန်းမှာပဲ အိပ်ခိုင်းပြီး ကျွန်တော် ဧည့်ခန်းမှာပဲ အိပ်မလို့...."
စွမ်းပြောတော့မှ ဒေါ်မြ ကျူးအနားတိုးကြည့်ကာ တကယ့်ကို ချောမောတဲ့ မိန်းမပျိုလေး။ ဆံပင်တွေ ဖရိုဖရဲနှင့် အိပ်ပျော်နေတာတောင် နုဖက်နေသော သူမ မျက်နှာလေးက ဝင်းပလျက်.....
"ဒေါ်မြ... သူ့ကို ဒေါ်မြရဲ့ အဝတ်အစားတွေ ခဏ လဲပေးလိုက်ပါ..."
"ဟို.... သားစွမ်းရယ်... ဒေါ်မြ အဝတ်အစားတွေက အရမ်း ဟောင်းနွမ်းနေတော့ ဒီကလေးမလေးနဲ့ မလိုက်ဖက်ပါဘူး... သား စွမ်းရဲ့ ညဝတ်အင်္ကျီ ဝတ်ပေးထားလိုက်မယ်လေ...."
"ကောင်းပါပြီ.... ဒေါ်မြ အဆင်ပြေသလို လုပ်ပေးလိုက်ပါ...."
ဒေါ်မြအား သေချာမှာခဲ့ပြီး၍ အခန်းတံခါးပိတ်ကာ ပြန်ထွက်ခဲ့သည်။
------------ ------------
နံနက်ခင်း နေရောင်ခြည်က ကျူးမျက်နှာတစ်ခြမ်းပေါ် ဖြာထွက်လျက် နှစ်ခြိုက်စွာ အိပ်နေရာမှာ မျက်ခုံးလေးတွေတွန့်ကာ ဖြေးဖြေးချင်း ဖွင့်ဖို့ အားယူနေဆဲ။ ညက သောက်ထားတဲ့ အရှိန်ကြောင့်ထင်ပါရဲ့။ ခေါင်းတွေတဆစ်ဆစ် ထိုးကိုက်နေခဲ့သည်။
ကျူး မျက်စိလေးတွေ ပွတ်သတ်ကာ ဖွင့်လာတော့ သူမ ရောက်နေတာ စိမ်းသက်သက်နေရာတစ်ခု။ ကိုယ်ပေါ်မှာလည်း ပွလျောင်းနေသော ညဝတ်အင်္ကျီက နေရာယူထားကာ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်။
တစ်ခန်းလုံးက သူမအခန်းလို ရှုတ်ပွမနေပဲ ယောက်ျားဆန်ဆန် decoration တွေနဲ့ classic ဆန်သော အခန်းတစ်ခု။ ကျူး ကမန်းကတန်း ထထိုင်၍ ကုတင်ဘေးက စားပွဲခုံအသေးလေးပေါ်မှ ထောင်ထားသော စွမ်း ဓာတ်ပုံအား တွေ့ရ၍ အံ့ဩမှုများစွာဖြင့် ငေးကြည့်နေစဉ် အခန်းတံခါးခေါက်သံကို ကြားရသည်။
သုံးချက်လောက် ခေါက်ပြီး၍ အခန်းတံခါး ဖြေးဖြေးချင်း ပွင့်သွားတာနှင့် စွမ်းဝင်လာတာကိုပါ တွေ့ရသည်။
"စွမ်း......"
ကျူး ပါးစပ်အဟောင်းသားလေးနှင့် ခေါ်လိုက်စဉ်မှာပဲ စွမ်းက သူမအနား ဖြေးညင်းသော ခြေလှမ်းတို့ဖြင့် လျှောက်လာခဲ့သည်။
" မင်း နိုးပြီလား"
"ဟို... ကျူး... ကျူးက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ...."
"ခေါ်ချင်လွန်းလို့ ခေါ်လာတာတော့ မဟုတ်ဘူး.... Bar မှာ မင်းကားတွေ့လို့ မိန်းကလေး တစ်ယောက်ထဲဆိုရင် တစ်ခုခု ဖြစ်မှာစိုးလို့ သူငယ်ချင်းတစ်ယောက် အနေနဲ့ ကူညီတာ...."
ကျူး သူမ နဖူးအား လက်ဖြင့်ထောက်၍ ညက အဖြစ်အပျက်တွေကို စဉ်းစားသော်လည်း တစ်ခုမှ မှတ်မိပုံမရ။
"ညက ကျူး အရမ်းမူးနေလား ဟင်...."
စွမ်းတစ်ချက် ရယ်လိုက်ရင်း...
"မူးလား မမူးလား မင်း ဒီကိုရောက်လာတာတောင် မမှတ်မိဘူးမလား...."
"ပြီးတော့ ကျူး.... ရှင့်ကို ဘာတွေပြောမိသေးလဲ"
"ဘာမှထွေထွေထူးထူးတော့ မပြောပါဘူး.... ချစ်တယ် ဆိုတာလောက်ပဲ ပြောတာ"
ကျူး ခေါင်းလေး ဆတ်ခနဲထောင်ကာ စွမ်းကို မော့ကြည့်လာ၏။
"ဟင်... ကျူးကရှင့်ကို အဲ့ဒီလို ပြောခဲ့တာ ဟုတ်လား.... ရှင် တမင်လုပ်ကြံပြောနေတာလား"
"ငါကဘာလို့ လုပ်ကြံပြောရမှာလဲ.... မင်းမေးလို့ ဖြေတာလေ...."
သေစမ်း! မူးမူးရူးရူးနှင့် ပြောချလိုက်မိပြန်ပြီ...
ကိုယ့်နဖူးကို နာနာရိုက်ကာ မျက်နှာဘယ်နားထားရမှန်းမသိ။
"ကဲ ကဲ မျက်နှာသစ်... မင်းကို Barထိပြန်ပို့ပေးမယ်.... Barမှာ မင်းကား သွားယူရမှာ.... မျက်နှာသစ်ပြီးရင် မနေ့က မင်းဝတ်တဲ့အင်္ကျီ ပြန်ဝတ်လိုက်"
"အင်း..... "
စွမ်း ထွက်သွားတော့ ကျူး ချက်ချင်း ရေချိုးခန်းသို့ ဝင်လိုက်သည်။ အလွန်အကျူး မူးခဲ့တာ နောင်တမရပေမယ့် စွမ်းကို ပြောခဲ့သည့် စကားတွေကိုတော့ သူမ မျက်နှာပူမိသည်။
----------- ----------
ကျူး အောက်ပြန်ဆင်းလာတော့ ဧည့်ခန်းမှာထိုင်နေသော ဒေါ်မြတ်မာလာအား တွေ့လိုက်ရသည်။ ကျူး ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားတော့ ဒေါ်မြတ်မာလာက လာထိုင်ဆိုသော အကြည့်ဖြင့်သာ...
ကျူး ဆိုဖာပေါ်ထိုင်တော့ ဒေါ်မြတ်မာလာ ဖတ်လတ်စ စာအုပ်အားပိတ်၍....
"မင်းနာမည် ဘယ်လိုခေါ်လဲ"
"ကျူးရင့်မေ ပါ"
"မင်းမိဘတွေက မင်းကို ဒီလိုပဲ လွှတ်ထားတာလား"
"ရှင်..."
ခက်ထန်သော အကြည့်စူးစူးတို့ဖြင့် ကြည့်လာသော ဒေါ်မြတ်မာလာအကြည့်တို့ကို ရှောင်လွှဲကာ ကျူး ခေါင်းလေးငုံ့ထားမိသည်။
"မင်းလို သောက်စားမူးရူးနေတဲ့ မိန်းကလေးနဲ့ ငါ့သား သူငယ်ချင်းဖြစ်တယ် ဆိုတာ တကယ်အံ့ဩမိတယ်... မနေ့က မင်းကြောင့် ငါ့သား ဘယ်လောက် ဒုက္ခရောက်လဲ မင်းသိလား...."
"မရည်ရွယ်ပဲ ဖြစ်သွားတာပါ အန်တီ...."
"တစ်ခါမှ အိမ်ပြန်နောက်မကျဖူးတဲ့ ငါ့သားက မနေ့ညက အိမ်ပြန်နောက်ကျတာ ပထမဆုံးပဲ..."
ကျူး လက်နှစ်ဖက်ကိုသာ အကြောင်းမဲ့ ပွတ်သတ်နေမိသည်။
"မိန်းကလေးဆိုတာ အိန္ဒြေသိက္ခာရှိရှိ နေတတ်ရတယ်၊ မင်း အခုလို မူးရူးသောက်စားနေသရွေ့ တန်ဖိုးမဲ့နေဦးမှာပဲ....."
သည်းခံမှုတွေ ကုန်လွန်သွားပြီ ဖြစ်သော ကျူး ဆတ်ခနဲ ခေါင်းပြန်မတ်ကာ ဒေါ်မြတ်မာလာအား စေ့စ့ကြည့်၍.....
"ကျွန်မက ဘယ်နေရာမှာ တန်ဖိုးမဲ့နေလို့လဲ အန်တီ... သောက်စားတိုင်း တန်ဖိုး မရှိတော့ဘူးလား.... ကျွန်မ ဘယ်သူ့ကိုမှ ကောက်ကျစ် ယုတ်မာနေတာမဟုတ်ဘူး"
ဒေါ်မြတ်မာလား မျက်ဝန်းမှ ဒေါသတွေပြည့်နှက်လာကာ....
"ကြည့်စမ်း.... မင်းတော်တော် ရိုင်းတာပဲ...."
"ရိုင်းတာ မဟုတ်ဘူး.... အန်တီပြောတာတွေကို ကျွန်မ ပြန်ရှင်းရုံပါ... အန်တီသာ ဘာမှမသိပဲ သူများသားသမီးကို မဝေဖန်ပါနဲ့"
"မင်း..... ငါ့အိမ်လာပြီး ငါ့ကို စော်ကားနေတယ်..... မင်းစွမ်းရည် ဘယ်လိုဟာတွေ အိမ်ပေါ်ခေါ်တင်လာမှန်း မသိပါဘူး"
အထဲက စကားများသံကြောင့် စွမ်း အပြေးအလွှား အိမ်ထဲသို့ ဝင်လာခဲ့သည်။
"မေမေနဲ့ကျူး တော်ကြပါတော့ဗျာ...."
"ဒီလိုဟာမကို ခေါ်သွားစမ်း မင်းစွမ်းရည်.... ငါမမြင်ချင်ဘူး"
"ကျူး.... သွားရအောင်"
စွမ်း ကျူးအနားသွားကာ သူမ လက်တွေကို အတင်းဆွဲခေါ်ခဲ့သော်လည်း ဆတ်ဆတ်ထိမခံသော ကျူးက မကျေနပ်သည့် အကြည့်တွေဖြင့် ဒေါိမြတ်မာလာအား ပြန်ကြည့်ခဲ့သည်။
သူမအား လျင်မြန်စွာ ကားထဲပို့ပြီး မောင်းသူနေရာမှထိုင်ကာ မောင်းထွက်သွား၏။
ဒေါ်မြတ်မာလာ မတ်တပ်ထလျက် နီမြန်းသော နှုတ်ခမ်းအား ခပ်တင်းတင်းကိုက်ကာ ကျန်ခဲ့ရရင်း......
အပိုင်း၁၂မျှော်>>>>>
ကျေးဇူးတင်လျက်.....
မြူအလင်္ကာ