💕အကြင်နာဒိုင်ယာရီ💕
အပိုင်း(၈)
"ခင်ဗျားကို ဘယ်အချိန်ထိ ကူညီပေးနေရဦးမှာလဲ"
သောက်နေကျမဟုတ်သည့် စီးကရက်အား တစ်ချက်ဖွာကာ မျက်နှာလွှဲ၍ မေးလာသော စွမ်း အမေးကို ချက်ချင်းမဖြေပဲ တွေဝေနေမိသည်။
တွယ်တာလင်းဆိုတဲ့ အမျိုးသမီးကို စေတနာပါလွန်းလို့ ကူညီနေတာ မဟုတ်မှန်း သူမကိုယ်တိုင် မသိတာလား၊ မသိချင်ယောင်ဆောင်ထားသလား စွမ်း မခန့်မှန်းတတ်။
"ခဏတော့ အချိန်ယူရဦးမယ် စွမ်း.... တွယ်တာ့ ဦးလေးနဲ့ အဒေါ် စိတ်ဆိုးပြေတဲ့အထိပေါ့..."
"ခင်ဗျား ဦးလေးနဲ့ အဒေါ် စိတ်ဆိုးမပြေမချင်း ကျွန်တော်က Driver လုပ်ပေးရဦးမယ် ဆိုပါတော့..."
ဖန်ခွက်အရှည်ထဲမှ လိမ္မော်ရည်အား နီရဲတောက်နေသော နှုတ်ခမ်းတို့ဖြင့် တစ်ငုံသောက်ကာ ရှေ့က ဖန်စားပွဲပေါ်သို့ ညင်သာစွာချလိုက်သည်။ စွမ်းနှင့်မျက်နှာချင်းဆိုင် ထိုင်နေရာမှ ထ၍ ဖြူနုတွယ်လျသော ခြေအစုံက စွမ်းဘေး၌ ရပ်တန့်ကာ စွမ်း ပုခုံးအားဖွဖွထိလျက် ထိုင်လိုက်သည်။
သူမ လာထိုင်တော့ စွမ်းက ဘေးသို့ ထပ်ရွှေ့ကာ သူမလက်များအား ဆက်ခနဲ ခါချမိသည်။
"စွမ်းရယ်.... တွယ်တာက တောင်ကြီးမှာပဲ အနေများတာလေ... ဒီမြို့ကလမ်းတွေ တွယ်တာမှ မသွားတတ်တာ... ဒါကြောင့် စွမ်းက ကူညီဖို့လိုတာပေါ့.... တခြားသူကို အကူညီတောင်းရင် စွမ်းဖေဖေမှ စိတ်မချတာ..."
ချွဲပစ်သော အသံနှင့် ထပ်မံ၍ စွမ်းပုခုံးပေါ်သို့ သူမ လက်တန်ရှည်ကြီးများနှင့် မှီနွဲ့ပြန်သည်။ ဒီအသံတွေ ဒီအထိအတွေ့တွေကြောင့်ပဲ ဦးမင်းခေါင် သာယာမိသည် ထင်၏။ စွမ်း သူမလက်များအား ပစ်ပစ်ခါခါ ဖယ်ချ၍ ထရပ်လိုက်သည်။
"ခင်ဗျား အနေအထိုင် ဆင်ခြင်လို့မရဘူးလား... ကျွန်တော်က ခင်ဗျားလက်ထပ်ထားတဲ့ ဦးမင်းခေါင်ရဲ့ သား ဆိုတဲ့အသိရော ရှိသေးလား... အဲ့ဒီလို ပြောလိုက်လို့ ခင်ဗျားကို ဖေဖေ့ဇနီးအဖြစ် သတ်မှတ်ထားတယ် မထင်နဲ့... ဆင်ခြင်သင့်တာ ဆင်ခြင်ဖို့ စည်းတစ်ခုကို အသိပေးရုံပဲရှိတယ်...."
စွမ်းအား မထီမဲ့မြင်အပြုံးနှင့် စူးစိုက်ကြည့်ကာ သူမပါ မတ်တပ်ရပ်၍ လက်ပိုက်ထားသည်။ ပြောချင်တာပြော ဆိုသည့်သဘော။
"အဲ့ဒီစည်းတွေက တွယ်တာ့အတွက်ဆိုရင် စွမ်းဖေဖေရဲ့ ဇနီးအဖြစ် တွယ်တာ့ကို လက်ခံပေးရမှာပဲ..."
"အဟင်း.... ဖေဖေ့ဇနီးဆိုတာ ကျွန်တော့်မေမေ ဒေါ်မြတ်မာလာ တစ်ယောက်ပဲရှိတယ်... ကျွန်တော်ကူညီပေးနေတာလည်း ဖေဖေ့ဇနီးအနေနဲ့ ကူညီနေတယ် မထင်နဲ့ ဒေါ်တွယ်တာလင်း"
စွမ်း တရဆက် ပြောပြီး၍ သူမအရှေ့မှ ချာခနဲ လှည့်ထွက်သွားခဲ့သည်။
"ငါ့ကိုများ.... အသက်မကွာပဲ ဒေါ်တွယ်တာလင်းတဲ့..."
နှုတ်ခမ်း ခပ်ဖွဖွကိုက်ကာ ကျစ်ကျစ်ဆုပ်ထားသော လက်သီး တို့က ဆွေ့ဆွေ့ခုန်နေသော တွယ်တာ့ မကျေနပ်မှုများအား ဖော်ပြနေသည်။
---------- ------------
Second Semester ပြန်ဖွင့်တော့ စကားသံများစွာ ဆူညံနေသော ကန်တင်း၌ ကျူးနှင့်နှောင်း၏ ရယ်မောသံလေးများကလည်း နေရာယူထားပြန်သည်။ မိနစ်ပိုင်းအကြာ စွမ်းနှင့် ကိုစိုးပိုင် ဘေးနားလာထိုင်တော့ ကျူးတို့ ဝိုင်းလေး ပို၍ အသက်ဝင်သွားသယောင်.....
"ကိုစိုးပိုင်တို့ပါလား.... ကန်တင်းလာတာ နောက်ကျတယ်နော်... ကျူးတို့တောင် စားလို့ပြီးတော့မယ်...."
ကိုစိုးပိုင်က ခုံလေးဆွဲယူကာ အားပါတရ ထိုင်၍ အမောဖြေလိုက်သည်။
"အစောကြီး ကတည်းက လာချင်နေတာ.... ဗိုက်အရမ်းဆာနေပြီ.... ဒီကောင် စွမ်း စာလုပ်နေတာ စောင့်နေတာ..."
"ငါစာမပြီးရင် မင်းပဲဒုက္ခရောက်မှာ စိုးပိုင်၊ အတန်းလည်း မှန်တာ မဟုတ်ပဲနဲ့..."
"အဟဲ.... အဲ့ဒါတော့ ဟုတ်တယ်ကွ...."
စိုးပိုင်က သူ့စကားသူ အမြင်မှန်ရသွားသလိုလို စွမ်းအား ရယ်ပြလိုက်သည်။
နှောင်းက အိတ်အပိုလေးထဲမှ ထုံးစံအတိုင်း သူမကိုယ်တိုင်လုပ်လာသော မုန့်ဘူးလေး စွမ်းအရှေ့ ထိုးပေးလိုက်သည်။
"အချိန်မှန်ပဲဟေ့...."
စိုးပိုင် စနောက်သလို ပြောကာ နှောင်းကိုကြည့်လိုက်၊ စွမ်းကိုကြည့်လိုက်နှင့်.....။
ကျူးက စွမ်းအရှေ့တွင်ရှိသော နှောင်းလုပ်လာတဲ့ မုန့်ဘူးလေးအား ဆွဲယူ၍ သူမအရှေ့တွင် ချထားလိုက်သည်။ စွမ်းအတွက် ရည်ရွယ်ပြီး လုပ်လာတဲ့ မုန့်ဘူးကို အားပါတရ ဖွင့်လိုက်တော့ စွမ်းရော နှောင်းပါ သူမအား ကြည့်နေခဲ့သည်။
"မုန့်တွေက မွှေးနေတာ.... အရသာရှိမယ့်ပုံလေး.... ဒီမုန့်ကို ငါယူသွားလိုက်မယ်နော်"
"ကျူး.... အဲ့ဒါက... စွမ်းအတွက်လေ.... နင်စားချင်ရင် မနက်ဖြန် လုပ်လာပေးမယ်လေ...."
"ဟင့်အင်း ငါ ဒါပဲယူချင်တာ... မနက်ဖြန်မှ စွမ်းအတွက် ယူလာပေးလိုက် သွားပြီ တာ့တာ"
တဇွတ်ထိုးဆန်သော ကျူးက စွမ်းအတွက်မုန့်ဘူးလေးအား အတင်းလုယူ၍ အရင် ထ သွားလေသည်။
အမြဲတမ်း ဒါဆိုဒါမှ ကျေနပ်သည့် ကျူးအား နှောင်း အလျှော့ပေးကာ သူမ ထွက်သွားသော ကျောပြင်လေးအား ငေးရင်း ကျေနပ်ရပေမယ့် စွမ်းကိုစားချင်သည့် ဆန္ဒလေး မပြည့်ခဲ့တာကိုတော့ အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။
"နှောင်း.... ဘာမှမဖြစ်ပါနဲ့... သူလည်း နှောင်းလက်ရာ ကြိုက်လို့နေမှာပါ... ပြီးတော့ ကျွန်တော့်အတွက် နေ့တိုင်းလုပ်လာပေးတာပဲ..... ဒီနေ့တော့ သူ ယူသွားပါစေ"
နှောင်း အဝေးသို့ ငေးရီ၍ စိတ်မကောင်းဖြစ်သွားတာကို စွမ်း ရိပ်မိသည်ထင်ပါရဲ့။ ဘာဖြစ်ဖြစ် စွမ်း ညင်သာစွာ ဖြောင့်ဖျတော့ ကျေနပ်ရပြန်သည်။
----------- ------------
ကျူး မုန့်ဘူးလေးကိုင်ကာ အတန်းထဲသို့ အသက်မဲ့စွာ လျှောက်လာခဲ့သည်။ နှောင်း၏ မုန့်ဘူးလေးအား ကြည့်၍ စားပွဲပေါ် အသာတကြည် တင်လိုက်သည်။
ဒီမုန့်ကို စားချင်လွန်းလို့ လုလာသည်မဟုတ်။ မမတွယ်တာရဲ့ လူဖြစ်တဲ့ စွမ်းနဲ့ နှောင်းအား ခင်မင်တာထက် ပိုမည်ဆိုသော အတွေးနှင့် တမင်နှောင့်ယှက်ခဲ့ခြင်းသာ...
မမတွယ်တာနှင့် တိတ်တိတ်လေး လက်ထပ်ထားတဲ့ ယောက်ျားဟာ စွမ်းပဲ ဖြစ်နိုင်တယ်ဆိုသည့် အထင်ကလည်း ကျူးအပေါ် လွှမ်းမိုးနေခဲ့သည်။
မိန်းမ ရှိတဲ့စွမ်းကို နှောင်းမချစ်ရဘူး... စွမ်းသာ လူပျိုလူလွတ်ဆိုရင် စွမ်းဘဝထဲကို ကြည်ကြည်ဖြူဖြူ သွားခွင့်ပေးရင် ပေးမိပါလိမ့်မယ်... ငါလုပ်နေတာတွေ နင့်အတွက်ပါ နှောင်း....
---------- -----------
စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေသော ဒေါ်မြတ်မာလာ ဧည့်ခန်းရှေ့တွင် သားဖြစ်သူ ဖြတ်သွားသည်ကိုမြင်၍ ပါဝါထူ မျက်မှန်ကြားမှ လှမ်းခေါ်လိုက်သည်။
"သား.... ဒီကို ခဏလာဦး..."
အပေါ်တက်မည်အလုပ် မေမေ့ခေါ်သံကြောင့် လှည့်လာခဲ့သည်။
"စာတွေလိုက်နိုင်လား သား..."
"လိုက်နိုင်ပါတယ် မေမေ...."
"သားအခုတလော ကျောင်းပိတ်ရက်တွေမှာ အပြင်ခဏခဏ ထွက်လာတယ်နော်... ဘာလဲ ကောင်မလေး ရနေပြီလား"
မေမေ့အမေးကြောင့် စွမ်း သူ့ဆံပင်များအား လက်နှင့် ထိုးဖွရင်း....
"ကောင်မလေးရမှ အပြင်ထွက်ရမှာလား မေမေရဲ့... သားမှာ ကောင်မလေး မရှိသေးပါဘူး"
ဖေဖေ့ဇနီး တွယ်တာလင်းကို ကူညီပေးနေတယ်ဆိုတာသာ သိရင် မိုးမီးလောင်မယ့်အဖြစ်....
"မတော်တရော် မိန်းကလေးနဲ့ တွေ့မှာပဲ မေမေ စိုးရိမ်တာ.... သားအတွက် မေမေ သဘောကျတဲ့ မိန်းကလေး တွေ့ထားတယ်.... သားမှာ ကောင်မလေး မရှိသေးရင် သူနဲ့ပဲ မေမေသဘောတူမယ်"
"မေမေကတော့ လုပ်ပြီ... သားက မေမေ့ကိုတောင် ချစ်လို့မဝဘူး၊ သူများသားသမီးကို မချစ်ချင်သေးပါဘူး..."
"အမယ်.... ပြောတာပဲ.... ပြီးရင် ဟွန်း"
"တကယ်ပါ မေမေရဲ့...."
ဟုဆိုကာ မေမေ့ပါးအား အနမ်းပေးရင်း ဧည့်ခန်း၌ သားအမိနှစ်ယောက်၏ ရယ်သံလေးများ ပျံ့လွင့်သွားသည်။
----------- --------------
မနေ့ညက စောစောအိပ်ပျော်သွားလို့လား မသိ... စွမ်းအရင်ထက် စောစောနိုးကာ သူ့လက်တံရှည်များ ဆန့်တန်းလိုက်ရင်း အိပ်ရာဘေးမှ message ဝင်လာသံကြောင့် ဖုန်းကောက်ကိုင်လိုက်သည်။
ဖုန်းစခရင်မှ လှမ်းမြင်နေရသော နှောင်း၏ message ကို ဖွင့်ကြည့်လိုက်တော့....
" Happy Birthday စွမ်း... မွေးနေ့မှ စပြီး စွမ်းလိုရာဆန္ဒတွေ အကုန်ပြည့်ပါစေနော်.... စွမ်းနဲ့ ခင်မင်ရတာ နှောင်းအတိုင်းမသိ ပျော်မိပါတယ်.... ××××"
ဟုတ်သားပဲ.... ဒီနေ့ သူ့မွေးနေ့ပဲ.... ကိုယ်တိုင်တောင် မေ့နေတာ... သတိရပေးတဲ့သူရှိတော့ ခပ်သဲ့သဲ့လေး ပြုံးလိုက်သည်။
နှောင်း ပို့လာတဲ့ Birthday wish စာတစ်သီတစ်တန်းကြီးအား ဖတ်၍.....
"ကျေးဇူးတင်ပါတယ် နှောင်း..."
စွမ်း စာပြန်ပြီး၍ နှောင်းပို့ထားတဲ့ message အောက်မှ နံနက်၁၂ကတည်းက ပို့ထားသော နောက်ထပ် messageတစ်စောင်အား ထပ်တွေ့လိုက်ရသည်။
" Happy Birthday .... စိတ်ကောင်းကောင်းထားနိုင်ပါစေ"
လိုရှင်းတိုရှင်းနှင့် ခပ်ပြတ်ပြတ်ပို့လာသော Birthday wish က ကျူးဆီက မဟုတ်ရင် ဘယ်သူ့ဆီက ဖြစ်ရမည်နည်း။
12ကတည်းက ပို့ထားတဲ့ ကျူးရဲ့ ဘုကလန့်ဆန်ဆန် message ကြောင့် စွမ်း ဟက်ဟက်ပက်ပက် ပြုံးရယ်လိုက်သည်။
နှောင်းက နူးနူးညံ့ညံ့လေးနှင့် စာတစ်သီတစ်တန်းကြီးနှင့် ဆုတောင်းပေးသလောက် ဘောက်ဆက်ဆက်နိုင်တဲ့ ကျူးရဲ့ ဆုတောင်းစာက ရယ်ချင်စရာပင်။
စွမ်း ထိုစာတစ်စောင် ဖတ်နေတုန်းမှာ နောက်ထပ်ဝင်လာတဲ့ နှောင်းရဲ့စာ....
"စွမ်း မနက်ပိုင်း မိသားစုနဲ့ ဘာအစီအစဉ်မှ မရှိဘူးဆိုရင် ဘုရားသွားကြမလားဟင်.... ကျူးကိုပြောကြည့်တော့ သူမအားဘူးတဲ့.... တကယ်လို့ စွမ်း ဘုရားသွားမယ်ဆိုရင် နှောင်းကို လာခေါ်လိုက်နော်...."
လိုလိုလားလား ပို့လာတဲ့ နှောင်းစာကြောင့် စွမ်း တွေဝေမနေတော့ပဲ ချက်ချင်း စာပြန်လိုက်သည်။
"ကောင်းပါပြီ.... ကျွန်တော် ရှစ်နာရီလောက် လာခေါ်မယ်နော်...."
နှောင်းအား စာပြန်ပြီး၍ ကုတင်ပေါ်မှ တန်းထကာ ရေချိုးခန်းဆီသို့ လျင်မြန်စွာ ထ သွားလိုက်သည်။
---------- ----------
"သား...."
T-shirt အဖြူ လက်ရှည်အား ဝတ်ဆင်လျက် လက်မှ ကြယ်သီးတပ်နေရင်း ဆင်းလာသော သားအား လှမ်းခေါ်လိုက်သည်။
"ဘုရားသွားမလို့လား..."
"ဟုတ်တယ် မေမေ.... "
"ကောင်းတယ် ကောင်းတယ်.... ညနေကျရင် သားမွေးနေ့အတွက် အိမ်မှာ ပါတီပွဲလေး လုပ်ပေးချင်လို့ မေမေ့မိတ်ဆွေ အသစ်တွေရော ဖိတ်ထားတယ်.... အဲ့ဒါ သား သူငယ်ချင်းတွေရော ဖိတ်လိုက်ဦးနော်.... မေမေက နှောင်းနဲ့ သူ့အဒေါ်ကို ဖိတ်ထားပြီးပြီ...."
"ဟုတ်လား.... သားတောင်မသိလိုက်ဘူး..."
"မေမေစီစဉ်တာ လက်ခံရမယ်နော်...."
"ဟုတ်ကဲ့ပါ မေမေရဲ့... သားသွားလိုက်ဦးမယ်နော်..."
"အေး အေး သား"
မေမေ့အား နှုတ်ဆက်၍ ကားယူကာ နှောင်း၏ အိမ်သို့ အရင်ဆုံး ဦးတည်သွားရင်း ကားပေါ်မှ တစ်စုံတစ်ယောက်ဆီသို့ message ပို့လိုက်တာက....
"ညနေ.... အိမ်မှာparty ရှိတယ်... ဆက်ဆက်လာခဲ့ပါ"
----------- ----------
ဝင်လာတဲ့ message ကြောင့် ကျူး ပြုံးယောင်လေးသန်းသွားရရင်း....
" party လာခဲ့ဆိုပဲ... ငါ့ကိုများ အမိန့်ဆန်ဆန်နဲ့ ဖိတ်တာပေါ့လေ.... "
ရယ်သွေးလွှမ်းလျက် စွမ်းရဲ့ မှုန်မှုန်ကုတ်ကုတ် မျက်နှာလေးအား မြင်ယောင်မိ၍ ဖုန်းအား ကုတင်ပေါ် ပစ်တင်လိုက်သည်။
--------- ---------
စွမ်းနဲ့ ဘုရားသွားရတဲ့ ခံစားချက်က နှောင်းအတွက် အတိုင်းမသိ ပျော်ရွှင်စေသည်။ စွမ်း ဘေးယှဉ်လျှောက်ကာ ဒေါင်ကောင်းကောင်း ယောက်ျားဆန်လှတဲ့ စွမ်းမျက်နှာလေးအား မသိမသာ မော့ကြည့်ရင်း အေးချမ်းရပါသည်။
"နှောင်း....."
ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ ကျူးအသံကြောင့် နှစ်ယောက်သား ပြိုင်တူ လှည့်ကြည့်မိလိုက်သည်။
အလောတကြီးပုံနဲ့ ပြေးလာတဲ့ ကျူးက နှောင်းလက်အား လျင်မြန်စွာ ဆွဲ၍....
"ကျူး.... ဘယ်တုန်းက ရောက်နေတာလဲ...."
"ဟို.... အရေးကြီး ကိစ္စရှိလို့ နှောင်းကို လာခေါ်တာ...."
"ဟင်... ဘာဖြစ်လို့လဲ ကျူးရဲ့...."
"လာပါ.... လိုက်ခဲ့ပါ...."
စွမ်းကို နှုတ်မဆက်တော့ပဲ နှောင်းအား ကမန်းကတန်း ဆွဲခေါ်လာခဲ့သည်။ စွမ်းလည်း ဘာမှမေးချိန်မရလိုက်.....
ကားပေါ်ရောက်တော့ ကျူးက စောစောက သူမ မဟုတ်သည့် ပုံစံဖြင့် အေးစက် တည်ငြိမ်လျက်ပင်။
"ကျူး အရေးကြီးလို့ဆို... ဘာဖြစ်တာလဲဟင်..."
ကျူးက ကားစီယာတိုင်အား ထိလျက် အရှေ့သို့သာ တည့်တည့်ကြည့်ရင်း....
"ဘာအရေးကြီးကိစ္စမှ မရှိဘူး.... သူ့ကို ကြည့်မရလို့ တမင်ခေါ်လာတာ.... စွမ်းနဲ့အရမ်း ရင်းရင်းနှီးနှီး မနေနဲ့ နှောင်း..."
ကျူးစကားတွေကြောင့် နှောင်း နားမလည်သလိုလေး ကြည့်လာကာ....
"စွမ်းက ဘာဖြစ်လို့လဲ ကျူးရဲ့.... ငါတို့တွေက သူငယ်ချင်းတွေပဲလေ...."
"နင်မသိတာတွေ အများကြီးရှိသေးတယ် နှောင်း...."
ကျူးအား ဘာမှ ဆက်မမေးဖြစ်ပဲ အလိုက်သင့်လေးသာ လိုက်ပါခဲ့သည်။
စွမ်းဆီကနေ တမင်ဆွဲထုတ်လာတာ ကျူးရဲ့ စေတနာတွေဆိုတာ နှောင်း သိမှသိပါလေစွ.....။
အပိုင်း၉မျှော်
ကျေးဇူးတင်လျက်....
မြူအလင်္ကာ