💕အကြင်နာဒိုင်ယာရီ💕
အပိုင်း(၆)
"ဟင်....မမတွယ်တာ..."
ကျူး မျက်လုံးအဝိုင်းသားနှင့် အံ့ဩနေရင်း တွယ်တာ့နာမည်အား ခပ်တိုးတိုးလေး ရေရွတ်မိသည်။ ဘေးကစွမ်းကိုတော့ တွေ့နေကျအတိုင်း တည်တည်ငြိမ်ငြိမ်ပင် တွေ့ရသည်။
"မမတွယ်တာ ဘယ်လိုလုပ် ရန်ကုန်ရောက်နေတာလဲ... စွမ်းနဲ့ရော... ဘယ်လိုပတ်သတ်တာပါလိမ့်...."
စွမ်းနှင့် တွယ်တာ၏ ပတ်သတ်မှုအား ခန့်မှန်းရန် ခဲယဉ်း၍ ခေါင်းလေးသာ ကုတ်နေမိသည်။
"ဟဲ့... ကျူး ဘာဖြစ်နေတာလဲ..."
လူ အနောက်လန်ကျမတတ် ခေါင်းစောင်း၍ ငေးကြည့်နေသော ကျူး၏ လက်ခုံလေးအား လမင်း အသာလေးရိုက်ကာ ပြောတော့မှ ဆက်ကနဲ ခေါင်းပြန်တည့်မတ်၍ ထိုင်လိုက်သည်။
"ဪ... ဘာမှမဖြစ်ပါဘူး... ဒီတိုင်းဟိုငေးဒီငေး..."
"မိကျူးတို့ကတော့ အခုမှ ပြန်ရောက်တဲ့ သူငယ်ချင်းကိုတောင် ပစ်ထားတယ်"
"အဲ့ဒီလို မဟုတ်ပါဘူးနော်...အဟဲ"
လမင်းအားကြည့်၍ ကျူး ပြောရင်း သွားလေးတွေပေါ်အောင် ရယ်ပြလိုက်သည်။ စိတ်ထဲမှာတော့ စွမ်းနှင့် တွယ်တာအား စပ်စုချင်စိတ်က မပျောက်သေး။
မမတွယ်တာကို သွားနှုတ်ဆက်လိုက်ရင် ကောင်းမလား... မဟုတ်သေးပါဘူး အဲ့ဒီလို နှုတ်ဆက်ရင်လည်း မကောင်းဘူး... တော်ပါပြီ ဒီအတိုင်းလေးပဲ တိတ်တိတ်နေတာ ကောင်းတယ်....
စိတ်ထဲမှ တီးတိုးရေရွတ်ရင်း လာချပေးသည့် အစားအသောက်များအား အားပါတရ စားလိုက်၊ လမင်းအား စကားပြောလိုက်၊ စွမ်းတို့အား မသိမသာ ခိုးခိုးကြည့်လိုက်နှင့် အလုပ်ရှုပ်နေသည်။
ခဏအကြာ စွမ်းနှင့် တွယ်တာ ထသွားတော့ ကျူးပါ လိုက်ထမိသည်။
"ကျူး.... ဘယ်သွားမလို့လဲ...."
"သွားစရာလေး ပေါ်လာလို့... နောက်မှတွေ့မယ်နော် လမင်း..."
"ဒါတွေ ကုန်အောင် မစားတော့ဘူးလား"
"ဟင့်အင်း.... မစားတော့ဘူး"
လမင်းအား ကပျာကယာ နှုတ်ဆက်၍ စွမ်းတို့နောက်မှ တိတ်တိတ်လေး လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ရုတ်တရက်ကြီး သွားစရာပေါ်လာတဲ့ ကျူးကြောင့် လမင်း ခေါင်းလေးကုတ်ကာ ကျန်ခဲ့သည်။
စွမ်းတို့ကားအား မျက်ခြေမပျက် စောင့်ကြည့်ရင်း ကျူးရဲ့ကားလေး အနောက်မှ တိတ်တိတ်လေး လိုက်ပါခဲ့သည်။
အတန်ကြာအောင် မောင်းရင်း စွမ်းတို့ကားလေး Hotel တစ်ခုသို့ ဝင်သွားသည်ကို မြင်လိုက်ရသည်။ ကျူး လိုက်မဝင်ပဲ Hotel ဘေးတွင် ကားရပ်၍သာ လှမ်းကြည့်နေသည်။
စွမ်းပြန်မထွက်လာခင်မှာပဲ ကျူး ကားပေါ်ပြန်တက်ကာ မောင်းထွက်သွားသည်။ မမတွယ်တာတို့ ပတ်သတ်မှုအား အမျိုးမျိုးတွေးရင်း နောက်ဆုံးတော့ ချစ်သူတွေပဲဟုသာ ခေါင်းစဉ်တပ်လိုက်ရသည်။
"ဟင်း... စွမ်းနဲ့ မမတွယ်တာ ချစ်သူတွေပဲ ဖြစ်ရမယ်..."
--------------- ---------------
"နှောင်း... "
ကန်တင်းတွင် တစ်ယောက်တည်း ထိုင်နေသော နှောင်းအနား နေမျိုး ခပ်တည်တည် ဝင်ထိုင်လိုက်သည်။ လူက နေလို့ထိုင်လို့ မကောင်းရတဲ့ထဲ စိတ်ပါရှုပ်ရတော့ နှောင်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
"ရှင် ဘာလာလုပ်ပြန်တာလဲ"
"နှောင်းကိုတွေ့လို့လေ.... တစ်ယောက်တည်းဖြစ်နေတော့ ပျင်းနေမှာစိုးလို့..."
"ကျေးဇူးပြုပြီး သွားပါတော့ရှင်...."
နေမျိုးက စားပွဲပေါ် လက်ထောက်၍ နှောင်းအား စိုက်ကြည့်ကာ...
"တစ်ခုခုကျွေးချင်လို့... နှောင်း ဘာစားမလဲ..."
"ဘာမှမစားဘူး..."
"စားပါ.... "
Menu နှောင်းအရှေ့ အတင်းထိုးပေးနေတော့ နှောင်း ထသွားဖို့ပြင်ရင်း ကျူးက ဘေးနား ဝင်ထိုင်လိုက်သည်။
"အရမ်းကျွေးချင်နေတယ်ပေါ့.... ဟုတ်လား"
ပြောရင်း ကျူးက နှောင်းအရှေ့က Menu လှမ်းယူလိုက်ရင်း စားစရာ တသီတတန်းကြီး မှာချပစ်လိုက်သည်။
ကျူးရောက်လာတော့ နှောင်း အသက်ရှူချောင်ကာ မျက်နှာလေး ဝင်းလက်သွားပေမဲ့ နေမျိုး မျက်နှာပျက်ကာ ကျူးအား မကျေနပ်သည့်အကြည့်ဖြင့် ကြည့်နေသည်။ ကျူး ထိုအကြည့်အား ဂရုမစိုက်ပဲ အောင်နိုင်သူတစ်ယောက်လို မျက်နှာမော့ထားလိုက်သည်။
စားစရာတွေ ရောက်လာတော့ ကျူး တစ်ခုချင်း အရသာခံကာ စား၍ နေမျိုးအားကြည့်ကာ....
"အခုလို စေတနာနဲ့ ဝယ်ကျွေးလို့ ကျေးဇူးအများကြီး တင်တယ်နော် နေမျိုး..."
"ကျစ်...."
"နှောင်း....ဒါလေး စားကြည့် အရမ်းကောင်းတယ်"
ကျူး တူလေးဖြင့် နှောင်းပါးစပ်ထဲ ခွံ့ရင်း ပြောလိုက်သည်။
ခေါင်းကို အုတ်ခဲနှင့် ထုသည့်အပြင် အစားအသောက်တွေပါ ကျွေးနေရတဲ့ ကျူးအား မခံမရပ်နိုင်ဖြစ်ကာ လက်သီး ကျစ်ကျစ်ဆုပ်ထားမိသည်။ ခဏအကြာ ကျူး၏နားသို့ ကပ်ပြီး လက်ဖြင့်ကာ၍ စကားတစ်ခွန်းအား တီးတိုးပြောလိုက်သည်။
"ဘာ...... နှောင်းအချစ်ကို ရအောင်လုပ်ပေးရမယ် ဟုတ်လား..."
တီးတိုးပြောတဲ့စကားကို ကျယ်ကျယ် ပြန်ရေရွတ်လိုက်တော့ နေမျိုး ခေါင်းကုတ်ကာ စိတ်ပျက်စွာ ကြည့်လိုက်သည်။
"နှောင်းရဲ့အချစ်ကိုရစေ ဆိုပြီး လုပ်ပေးရအောင် ကျူးက တန်ခိုးရှင်မှ မဟုတ်တာပဲ နေမျိုးရယ်... စောစောစီးစီး မူးနေတယ် ထင်တယ်...."
နေမျိုးဒေါသထွက်ကာ မချိုမချဉ်မျက်နှာနှင့် ထသွားမည်အလုပ် ကျူး သူ့ရဲ့ အင်္ကျီစကို လှမ်းဆွဲကာ ခြေလှမ်းများ ရပ်တန့်လိုက်သည်။
"ဒီတိုင်းထသွားလို့ ရမလား... ပိုက်ဆံရှင်းခဲ့ဦး"
နေမျိုး သူ့အိတ်ကပ်ထဲမှ ပိုက်ဆံအချို့ ယူ၍ ခုံပေါ်ပစ်တင်လိုက်မှ ဆွဲထားတဲ့ အင်္ကျီစ လွှတ်ပေးလိုက်သည်။
"ကျေးဇူးတင်လိုက်တာ ကျူးရယ်... နင်သာမလာရင် ဘယ်လို ရှင်းထုတ်ရမှန်းကို မသိဘူး..."
"အေးဆေးပါ.... ဒါနဲ့ နင့်ကိုကြည့်ရတာ ဖြူဖက်ဖြူရော်နဲ့၊ နေမကောင်းဘူးလား..."
"အင်း.... နေလို့သိပ်မကောင်းဘူး..."
"အဲ့ဒါများ အိမ်မှာ နားနေတာမဟုတ်ဘူး.... ကျောင်းတက်နေသေးတယ်...."
"ရပါတယ်.... ဒီလောက်နဲ့ ဘာမှမဖြစ်ပါဘူး..."
"ပြီးရော... တစ်ခုခုစားဦးမလား"
"မစားတော့ဘူး... ကော်ဖီတစ်ခွက်နဲ့တင် လုံလောက်နေပြီ..."
"အင်းပါ... ဒါဆိုလည်း အတန်းသွားတက်ကြမယ်"
နှစ်ယောက်သား လက်တွဲ၍ ရယ်မောကာ အတန်းထဲသို့ ခြေလှမ်းများ ဦးတည်ခဲ့သည်။
--------------- --------------
"စွမ်း.... ပြန်တော့မလို့လား.."
ကျောင်းအပေါက်ဝသို့ လျှောက်လာသော စွမ်းက နှောင်းကိုလှည့်ကြည့်၍...
"အင်း... နှောင်းရော မပြန်သေးဘူးလား..."
မေးခွန်းထပ်မေးလာတဲ့ စွမ်းအနား ပြေးသွားကာ....
"အခုပဲ ပြန်တော့မလို့.... ကားရပ်တဲ့အနား မသွားချင်တော့တာနဲ့ ဒီမှာပဲရပ်နေတာ... ကျူးက ကားသွားယူတယ်..."
"အင်းပါ ဂရုစိုက်ပြန်ကြဦး"
"ဟို.... စွမ်းရော အိမ်ကလာကြိုမှာလား..."
"ဒီနေ့တော့ တက္ကဆီနဲ့ပဲ ပြန်မလို့...."
"ဟုတ်လား.... ဒါဆို နှောင်းတို့နဲ့ တစ်ခါတည်း လိုက်ခဲ့လေ...."
နှောင်း ခေါ်တော့ စွမ်းက အားနာသည့်မျက်ဝန်းတွေဖြင့် ပြန်ကြည့်မိသည်။
"ရပါတယ်....ကိုယ့်ဘာသာပဲ ပြန်လိုက်ပါမယ်..."
"တီး...."
ကျူးဟွန်းတီးသံကြောင့် စွမ်းနှင့်နှောင်း ပြိုင်တူ လှည့်ကြည့်လိုက်မိသည်။ နှောင်းက စွမ်းအား ဆွဲခေါ်၍ ကျူးရှိသည့်အနားလာရင်း....
"ကျူး.... စွမ်းလည်းအိမ်ပြန်မှာဆိုတော့ တစ်ခါတည်း ခေါ်ခဲ့လိုက်ကြရအောင်လေ...."
ကျူးလက်ချောင်း သွယ်သွယ်လေးများက စီယာတိုင်အား ထိထားရင်း စွမ်းကို တစ်ချက်ကြည့်မိသည်။
"အင်း....ရတယ်လေ..."
ကျူး ခွင့်ပြုချက်ရတော့ စွမ်းကို လက်ယက်ခေါ်ကာ စွမ်းက အနောက်ခန်းမှာ ဝင်ထိုင်လိုက်သည်။
စွမ်းကိုမြင်တော့ ကျူးစိတ်ထဲ သတိရသွားတာ ဟိုတစ်နေ့က မမတွယ်တာနှင့် တွေ့ခဲ့သည့်အကြောင်းပင်။ ထိုအကြောင်းအား မေးလည်းမေးချင်.... မချင့်မရဲလည်း ဖြစ်မိတော့ သက်ပြင်းကိုသာ ခပ်ဖွဖွ ချလိုက်သည်။
စထွက်လာတုန်းက အကောင်း။ လမ်းတစ်ဝက် ရောက်တော့ ခပ်ကြမ်းကြမ်း မောင်းနှင်သည့် ကျူးကားအား လိုက်စီးတာ စွမ်း ဘုရား တ ရမလိုလိုပင်။ ကားယိုင်သည့်ဘက်အား လိုက်မယိုင်အောင် အမိုးနားက လက်ကိုင်အား ကျစ်ကျစ်ကိုင်ထားရသည်။ နှောင်းကတော့ ကျူးမောင်းတာ စီးနှင့်ကျမို့ နေသားကျသွားသည်ထင်ပါရဲ့... တစ်စက်မျှ စိုးရိမ်ခြင်းမရှိ။
ဟူး.... မိန်းကလေး မောင်းလို့သာ တော်တော့တယ်... ညင်ညင်သာသာကို မရှိဘူး။ သူ့ကိုယ်သူ ပြိုင်ကား မောင်းနေသလား အောက်မေ့ရတယ်....
စွမ်း စိတ်ထဲ ရေရွတ်မိရင်း ရင်တမမနှင့် လိုက်ပါခဲ့ရသည်။ ကျူး လမ်းအကွေ့ထဲ ချိုးဝင်ပြီး သိပ်မကြာ ကားတဖြေးဖြေး ထိုးရပ်သွားသည်။
ထိုအခါမှ ကျူး မျက်လုံးလေးပြူးကာ ကြောင်အမ်းအမ်းလေး ခေတ္တတွေဝေမိသည်။
"ကား ဘာဖြစ်သွားလဲ မသိဘူး... ပျက်ပြန်ပြီထင်တယ်"
ကျူးစကားအဆုံး သုံးယောက်လုံး ကားပေါ်မှဆင်ူလိုက်သည်။ ယခုမှ သူမ လက်လေးနှစ်ဖက် ပွတ်သပ်ကာ ခေါင်းလေးကုတ်နေမိသည်။
"ကျူး ကားပျက်သွားပြီလား ဟင်..."
"ဟုတ်လောက်တယ် နှောင်း... ငါလည်းမကြည့်တတ်ဘူး...."
နှစ်ယောက်သား အားကိုးရာမဲ့ မျက်ဝန်းတွေနှင့် စွမ်းအား ကြည့်လိုက်တော့ စွမ်း သက်ပြင်း ခပ်သဲ့သဲ့လေးချကာ ကားအရှေ့ဖုံးအား ဖွင့်၍ ကိရိယာများအား ကြည့်ရှုလိုက်သည်။
"ဒီအတိုင်းဆိုရင် ဝပ်ရှော့ပို့ရတော့မယ်...."
စွမ်း ကားအရှေ့ဖုံး ပြန်ပိတ်ပြီး ပြောလာတော့ ကျူး ဟန်းဖုန်းလေးထုတ်ကာ နံပါတ်တစ်ခုဆီသို့ဆက်ရင်း.....
"ငါတို့ လမ်းပဲလျှောက်ကြမလား...."
အိမ်ရောက်ဖို့ အလှမ်းဝေးနေသေးတော့ တစ်သက်နဲ့တစ်ကိုယ် အဝေးကြီး လမ်းမလျှောက်ဖူးတဲ့ နှောင်းက မျက်ခုံးလေးပင့်ကာ ကြည့်လာခဲ့သည်။
"လမ်းလျှောက်မယ် ဟုတ်လား..."
"အင်းလေ.... နေသိပ်မပူဘူးဆိုတော့ သုံးယောက်လုံး လမ်းလျှောက်လို့ အဆင်ပြေပါတယ်... ကျန်းမာရေး ကောင်းတာပေါ့.... စွမ်းရော လျှောက်မယ်မလား"
စွမ်းဘက်လှည့်ပြီး မေးလာတော့ ခေါင်းအသာငြိမ့်ပြရင်း.....
"အင်း... "
သုံးယောက်သား ထိုလမ်းလေးမှ စတင် ထွက်ခွာလာခဲ့သည်။ ကျူးနှင့်နှောင်းက လက်ကလေးတွဲ၍ စွမ်းအား စနောက်လိုက်၊ လမ်းက ပန်းပင်လေးများအား ကျီစယ်လိုက်နှင့် ကျောင်းသူဘဝရဲ့ အရသာကို အပြည့်အဝပင် ခံစားရသည်။
လမ်းတစ်ဝက်ရောက်တော့ အုံ့ဆိုင်းဆိုင်းဖြစ်နေတဲ့ ရာသီဥတုက မိုးရွာချသည်။ လက်ကလေးနှင့် မိုးစက်လေးများအား ကာကွယ်ကာ ကောင်းကင်ကြီးဆီသို့ သုံးယောက်သား မော့ကြည့်မိသည်။
"မိုးကရွာလာပြီ.... မိုးခိုကြမလား..."
"ဟင့်အင်း..."
စွမ်းအမေးကို နှောင်းက ကပျာကယာလေး ခေါင်းယမ်းမိသည်။
"မိုးမခိုတော့ဘူး.... မိုးရေထဲ လမ်းလျှောက်ကြမယ်လေ..."
"နှောင်း... နင် နေကောင်းတာလည်း မဟုတ်ပဲနဲ့..."
ကျူးက စိုးရိမ်သဖွယ် ပြောလာတော့ နှောင်း သူမလက်ကလေးကိုင်ကာ....
"ငါသက်သာပါပြီ.... မိုးရေထဲ လမ်းလျှောက်ကြည့်ချင်လို့ပါ... နော်...ကျူး..."
တောင်းဆိုသလို ပြောလာတဲ့ နှောင်းကို ကြည့်ပြီး ကျူး ခေတ္တ စဉ်းစားပြီးမှ...
"ဒါဆိုလည်း ပြီးရော... "
တစ်ယောက်ကစိုးရိမ်နေသလို တစ်ယောက်ကလည်း ကလေးတစ်ယောက်ဆို တောင်းဆိုနေတဲ့ သူငယ်ချင်း နှစ်ယောက်အား ကြည့်ပြီး စွမ်း ပြုံးယောင်လေးသန်းသွားသည်။
"စွမ်းရော... မိုးရေထဲ လျှောက်မယ်မလား"
"လျှောက်မှာပေါ့..."
သုံးယောက်သား တက်ညီလက်ညီ မိုးပေါက်လေးတွေနှင့်အတူ ခြေလှမ်းများ စတင်ခဲ့သည်။
မိုးရေထဲ ခုန်ပေါက်ပြေးကစားရတဲ့ ခံစားချက်က ဘာနှင့်မှ မလဲနိုင်။ တစ်ယောက်နှင့်တစ်ယောက် စနောက်ကာ ထွက်ပြေးလိုက်... လိုက်ဖမ်းနှင့် မိုးသံများကလည်း တဖြောက်ဖြောက်နှင့် စည်းချက်ညီညီ ရွာသွန်းနေသည့်အလား.....
ထိုနေ့က သုံးယောက်လုံးရဲ့ အမြဲ သတိရစရာ အမှတ်တရအဖြစ် စွမ်း ဒိုင်ယာရီထဲတွင် မှတ်တမ်းတင်ခဲ့သည်။
--------------- -----------------
နှာတရှုံ့ရှုံ့နှင့် အအေးမိနေသော နှောင်းအား ဒေါ်လေး ကရုဏာဒေါသလေးဖြင့် ကြည့်မိသည်။ မိုးရေထဲ ဆော့ချင်သလို ဆော့လာပြီးမှ စောင်ထဲ၌ သူမဟုတ်သလိုပင်။
"အခုတော့.... အအေးပတ်ပြီမလား... ဘယ့်နှယ့်အေ... မိုးရေထဲ ပြန်လာရတယ်လို့"
ဒေါ်လေးအား ဘာမျှပြန်မပြောပဲ နှောင်း ငြိမ်ကုတ်ကုတ်လေးသာ နေနေမိသည်။ ဒေါ်လေး ဆူပေမဲ့ နောင်တမရပဲ ပြန်တွေးမိတိုင်း ကျေနပ်သလိုလိုလေး ပြုံးမိသည်။
"ညည်းနော်... ကျူးနဲ့ကြပ်ကြပ်ပေါင်း သိလား...."
"ကျူးက ဘာဖြစ်လို့လဲ ဒေါ်လေးရဲ့...."
"သူ့ကြောင့် ညည်း အခုလို ဖြစ်တာလေ...."
"မဟုတ်ပါဘူး.... နှောင်းကိုယ်တိုင်က မိုးရေထဲ သွားချင်လို့ ဖြစ်ရတာပါ...."
"ဘာပဲပြောပြောအေ.... ဒေါ်လေးတော့ သူ့ကို သိပ်သဘောမကျဘူး"
ပြောရင်း အနောက်သို့ မှီနေရာမှ နှောင်း ခေါင်းလေး ပြန်ချကာ အိပ်နေလိုက်သည်။ ဒေါ်လေးက နှောင်း ပုခုံးပေါ်အထိ စောင်ဆွဲတင်ပေး၍ အခန်းထဲမှ ထွက်ခဲ့သည်။
---------------- ----------------
"တွယ်တာ ဘာတွေ လုပ်ထားပြန်ပြီလဲ မသိဘူး...."
"ဟုတ်ပါ့ .... နည်းနည်းပါးပါးတော့ တိုင်ပင်မှပေါ့...."
ဖေဖေနှင့်မေမေ တွယ်တာ့အကြောင်း ပြောနေတာ ကြားရတော့ ကျူး ထိုစကားဝိုင်းသို့ ဝင်ထိုင်လိုက်သည်။
"မမတွယ်တာ ဘာဖြစ်လို့လဲ မေမေ...."
"ဘာဖြစ်ရမလဲ သမီးရယ်... သမီးအစ်မက လက်ထပ်လိုက်ပြီတဲ့..."
"ရှင်...."
ကျူး အာမေဍိတ်အသံ ခပ်ဖွဖွလေး ထွက်လိုက်မိသည်။
"မမတွယ်တာက ဘယ်သူနဲ့ လက်ထပ်လိုက်တာလဲ..."
"ဘယ်သူနဲ့ဆိုတာ ဖုန်းထဲ ပြောမသွားဘူး... အချိန်တန်ရင် ပြောပြမယ်တဲ့လေ... လက်ထပ်ထားတာလည်း နည်းနည်းကြာပြီတဲ့.... တိတ်တိတ်လေး လက်ထပ်ထားတာပဲ ဖြစ်ရမယ်"
မေမေ့စကားအဆုံး ကျူး ဟိုနေ့က စွမ်းနှင့်မမတွယ်တာအား တွေ့ခဲ့သည့် မြင်ကွင်းလေးအား ပြန်မြင်ယောင်မိသည်။
မမတွယ်တာနဲ့ လက်ထပ်ထားတယ်ဆိုတာ စွမ်းများလား....
ကျူးတွေးမိလိုက်တော့ ဘာရယ်ကြောင့်မှန်းမသိ... စိတ်ထဲမနှစ်မြို့သလို ခံစားမိတာတော့အမှန်။
အကယ်၍များ စွမ်းနှင့် မမတွယ်တာ လက်ထပ်လိုက်တယ်ဆိုရင် ကိုယ့်အစ်မကို နှမြောလို့ စိတ်မကောင်းဖြစ်တာလား.... စွမ်းအပေါ် ခံစားချက် ရှိနေလို့လားဆိုတာ ကျူး ကိုယ့်ကိုယ်ကို မသဲကွဲနိုင်အောင် ဖြစ်မိသည်။
"ငါဘာလို့ ဝမ်းနည်းသလို ဖြစ်နေရတာလဲ.... သူတို့ လက်ထပ်လိုက်တော့ရော ငါဘာဝမ်းနည်းစရာ ရှိလို့လဲ.... ဒါမှမဟုတ် ငါ စွမ်းကို ချစ်နေမိတာလား.... အို... မဟုတ်နိုင်ပါဘူး... ငါ ဘာလို့ စွမ်းကိုချစ်ရမှာလဲ... မဖြစ်နိုင်ဘူး"
ဖျက်ခနဲ ဝင်လာတဲ့ အတွေးကို ကျူး ချက်ချင်းပင် ဖြတ်တောက်လိုက်သည်။ အမည်ဖော်မရတဲ့ ခံစားချက်ကို ကျူး လျစ်လျူရှုရင်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
အပိုင်း(၇)မျှော်>>>>>
ကျေးဇူးတင်လျက်......
မြူအလင်္ကာ