One Shot Collections

By onion20203

8K 302 31

① ချစ်စကားတစ်ခွန်း ② ကျွန်တော်မဖတ်ခဲ့တဲ့ မျက်ဝန်း ③ အချစ်တစ်ခု ဖန်တီးခြင်း ④ အချစ်နဲ့ ယူဇနာတစ်ထောင် ⑤ အငယ် (Z... More

ကျွန်တော်ရေးခဲ့ဖူးသော One Shot လေးများ
① ချစ်စကားတစ်ခွန်း
② ကျွန်တော်မဖတ်ခဲ့တဲ့ မျက်ဝန်း
③ အချစ်တစ်ခု ဖန်တီးခြင်း
④ အချစ်နဲ့ ယူဇနာတစ်ထောင်
⑤ အငယ်
① ချစ်စကားတစ်ခွန်း ➪𝐙𝐚𝐰𝐠𝐲𝐢
⑤ အငယ် ➪𝐙𝐚𝐰𝐠𝐲𝐢


88 6 0
By onion20203

လက်က နာရီကြည့်လိုက်တော့ ကိုးနာရီထိုးဖို့ ဆယ့်ငါးမိနစ်အလိုမှာ နာရီလက်တံလေးက ညွှန်ပြနေသည်။ စက်ဘီးဘရိတ်ကြိုးကို အသာလေးဆွဲပြီး ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်မိတော့ အဖြူအစိမ်းဝတ်စုံနဲ့ ကျောင်းသွားနေကြတဲ့ ကျောင်းသားကျောင်းသူလေးတွေကို တွေ့လိုက်ရသည်။ သူကတော့ စက်ဘီးကို ခြေထောက်တစ်ဖက်ထောက်၍ရပ်ကာ များမကြာမီ ရောက်လာတော့မည့် အနက်ရောင် ကားအကောင်းစားကြီးတစ်စီးကို စောင့်ဆိုင်းနေမိသည်။

နာရီလက်တံတွေ ရွေ့လျားလာသည်နှင့်အမျှ သူ့ရင်ခုန်သံတွေလည်း တဖြည်းဖြည်းမြန်လာတာ သတိထားမိသည်။ ဒီလိုအချိန်ဒီနေရာ ဒီမြင်ကွင်းကို သူ အကြိမ်ပေါင်းများစွာ မြင်ဖူးထားပေမယ့် လုံးဝ ရိုးသွားခြင်းမရှိပေ။

ထိုအချိန်လေးမှာပင် ရောက်ရှိလာသော ကားကြီးရဲ့နောက်ခန်းတံခါးကနေ ပထမဆုံးထွက်ပေါ်လာတဲ့ ခြေထောက်ဖြူဖြူလေး။ တစ်ခါတစ်ရံ Scoll ကွင်းထိုးဖိနပ် လေးစီးတတ်ပေမယ့် ကတ္ထီပါဖိနပ်လေးသာ အစီးများတဲ့ ခြေထောက်ဖွေးဖွေးလေးက သူရဲ့ရင်ခုန်သံတွေ အစပြုရာအစိတ်အပိုင်းလေးပင်။

ခြေထောက်နဲ့အတူ လိုက်ပါလာသော အချိုးအဆစ်ကျလှတဲ့ ကိုယ်လုံးလေး။ ထိုသဏ္ဍာန်လေးက နီညိုရောင်သန်းနေသော ဆံပင်အခွေလေးတွေကို လက်လေးနဲ့ ကိုင်ပြီးပြုပြင်ရင်း ရှေ့ခန်းထဲက ကားမောင်းသူကို လက်ပြနုတ်ဆက်ပြီးလျှင် ကျောပိုး လွယ်အိတ်လေးကိုပြင်လွယ်ပြီး ထမင်းချိုင့်ပါသောခြင်းလေးကို ဆွဲကာ ကျောင်းဝန်းထဲသို့ ဝင်ဟန်ပြုသည်။ ကားထွက်သွားပြီဆိုတာသေချာမှ သူရှိတဲ့ဘက်ကို လှည့်ကာ အပြုံးချိုချိုလေးပြုံးပြပြီး လက်တစ်ဖက်က ဝှက်ထားတဲ့စာလိပ်လေးကို မြေပြင်ပေါ်သို့ မသိမသာ ချထားခဲ့လေသည်။

သူ ပုံမှန်ငေးနေကြ ပန်းချီကားတစ်ချပ်ပါပဲ။ ထိုကောင်လေးရဲ့ ပုံပန်းသဏ္ဍာန် လှုပ်ရှားသွားလာဟန်တွေက အနုပညာဆန်စွာ သူ့ကို စွဲညို့ရစ်ပတ်နေတာ ကြာပြီ မဟုတ်လား။ ပတ်ဝန်းကျင်ရဲ့ တစ်ဖက်သတ်ဆန်တဲ့ သတ်မှတ်ချက်တွေကြောင့် သူတို့ နှစ်ယောက်ရဲ့ ချစ်မေတ္တာကြိုးတွေကို ဘယ်သူမှမရိပ်မိအောင်ဘဲ တိတ်တိတ်လေး ရစ်ပတ်ထားမိသည်။

ငယ်သေးတဲ့အရွယ်ဆိုပေမယ့် ဒီကောင်လေးအပေါ်ထားတဲ့ သူရဲ့ မေတ္တာစိတ်က ထုထည်ပမာဏ ဘယ်လောက်ကြီးမားလွန်းတယ်ဆိုတာ သူ့ကိုယ်သူပဲ သိလေသည်။

ချစ်ရတဲ့ဒီကောင်လေးနာမည်က မိုးမြင့်မိုရ်မောင် တဲ့။

မြင့်မိုရ် စိန်ရွှေရတနာဆိုင်ကြီးရဲ့ပိုင်ရှင် ဦးမြင့်မိုရ်နဲ့ ဒေါ်မိုးရတနာတို့ရဲ့ တစ်ဦးတည်းသောသားလေး။ ငယ်စဉ်ကတည်းက ရွှေပေါ်မြတင် နေခဲ့ရလို့လားမသိ ဒီကောင်လေးရဲ့တစ်ကိုယ်လုံးက ထိရက်စရာမရှိပေ။ ကြည်လင်သော အသားအရေ ရွန်းလဲ့နေတဲ့မျက်ဝန်းနဲ့ လိုက်ဖက်ညီလှတဲ့ ရင်အေးဖွယ်ရာ အပြုံးလေး။ တစ်ခါမြင် လိုက်ရုံနဲ့ မျက်စိထဲ စွဲနေအောင်လှရက်သည်။

ရုပ်ရည်တင်ပဲလားဆိုတော့ မဟုတ်သေး။ ဒသမတန်းရဲ့ အေအခန်းထဲမှာ အတော်ဆုံးစာရင်းဝင်ပြီး အားတဲ့အချိန်တိုင်း စာအုပ်နဲ့မျက်နှာမခွာတမ်း စာကြိုးစားတဲ့ စာကျမ်းပိုးလေး။ ကျောင်းစာကြည့်တိုက်ထဲမှာသာ အနေများပြီး သူ့ရဲ့တည်ရှိမှုကိုတောင် တခြားသူတွေသတိမထားမိတဲ့အထိ အနေအေးလှသည်။

❏ ထမင်းစားချိန် တွေ့နေကြနေရာ

ပန်းချီပညာကို ဝါသနာပါလှသောသူ့အတွက် ဆွဲသမျှ ရုပ်ပုံလွှာတွေက ထိုကောင်လေးရဲ့လှုပ်ရှားမှုတွေသာ ဖြစ်နေခဲ့သည်။ မျက်လုံးထဲ စွဲနေသော ပုံသဏ္ဍာန် လေးက ရုပ်ပုံတွေအဖြစ် ပြောင်းလဲသွားတဲ့အခါမှာလည်း အသက်ဝင်လွန်းလှပေ သည်။ မြင်ကွင်းထဲမှာ ထိုအရိပ်လေး ပျောက်သွားမှ မြင့်မိုရ်ချထားခဲ့တဲ့ စာလိပ်လေး ကို မသိမသာကောက်ယူပြီး ဖတ်ကြည့်လိုက်သည်။

စာက ထိုမျှသာဖြစ်ပေမယ့် ဘာအဓိပ္ပါယ်လည်းဆိုတာ သူကောင်းကောင်း သိတဲ့အတွက် မျက်နှာက အလိုလိုပြုံးသွားမိသည်။ ထမင်းစားဆင်းချိန်မှာ တွေ့နေကြ နေရာဖြစ်တဲ့ ကျောင်းဆောင်ဟောင်းဘက်ကိုလာခဲ့ရန် ချိန်းတဲ့စာဖြစ်သည်။ သူတို့ရဲ့ အချစ်ကမ္ဘာလေးကို ဘယ်သူမှမရိပ်မိအောင် ထိန်းသိမ်းကြမယ့်စိတ်ကူးကို မြင့်မိုရ်ကပဲ အကြံပြုပြီး စီစဉ်တာပင်။

မိုးနဲ့မြေလို အဆင့်အတန်းကွာလှတဲ့ သူတို့နှစ်ယောက်အတွက် မိဘတွေ သိသွားပါလျှင် ဝေးကြရုံသာရှိပေသည်။ ဒါ့ကြောင့် ဘယ်သူမှမသိတဲ့ နှစ်ကိုယ်တူ ချစ်တိုင်းပြည်လေးပဲ ထူထောင်မိခဲ့ကြသည်။

ကျောင်းတတ်ခေါင်းလောင်းထိုးသံကြားမှ သူ အတွေးကမ္ဘာထဲကနေ ရုန်း ထွက်ကာ စက်ဘီးကို ကမန်းကတမ်းနင်းပြီး စာသင်ခန်းထဲကို အပြေးသွားရသည်။ ဒီကောင်လေးကို အငေးလွန်ပြီး ကျောင်းနောက်ကျလို့ အပြစ်ပေးခံရတဲ့နေ့ရက်တွေ က နည်းမှမနည်းတာ။ အတန်းပိုင်ဆရာမဒေါ်ခင်ညိုက စကားတစ်လုံး တုတ်တစ်ချက် ဆိုသလို ကျောင်းနောက်ကျလျှင် ပြောလည်းပြော ရိုက်လည်းရိုက်သည်။

Physics သင်ကြားသောဆရာမက အသင်အပြကောင်းသလို ကျောင်းသား ကျောင်းသူတွေကို ထိန်းတဲ့နေရာမှာလည်းတော်သည်။ ဆိုးတဲ့ကျောင်းသားကို ချော့တစ်ခါခြောက်တစ်လှည့် ဆုံးမတတ်သလို ပေတေတဲ့ကျောင်းသား၊ စိတ်ပျော့ညံ့ကာ လက်လျော့လွယ်တဲ့ ကျောင်းသားလေးများကိုလည်း ရသလောက် စိတ်ဓာတ်ခွန်အားပေးကာ ဆွဲခေါ်တတ်လေသည်။

ဆရာမအနေနဲ့ အထူးတင်းကျပ်လွန်းတဲ့ အချက်တစ်ချက်ရှိသည်။ အဲ့တာ ကတော့ ကျောင်းသူမိန်းကလေးများကို လုံးဝအထိမခံခြင်းပင်။ ယောကျာ်းလေးနဲ့ မိန်းကလေး ရောနှောနေတာမျိုး၊ စနောက်ကျီစယ်တာမျိုးတွေ့လျှင် တွေ့တဲ့နေရာမှာ ပင် အော်ဟစ်ဆူပူတတ်ပြီး ပြင်းပြင်းထန်ထန်အပြစ်ပေးတတ်သည်။ ထို့ကြောင့် ကျောင်းသားတော်တော်များများက နှလုံးသားရေးရာမှာ ရှေ့ကနေ ကာဆီးနေသော ဆရာမကို သိပ်အမြင်မကြည်ကြချေ။

စက်ဘီးစတင်းမှာ စက်ဘီးလေးကိုနေရာချ၍ သော့ခတ်နေစဉ် ဘေးနားကို ရောက်လာတဲ့သူက ဝိုင်းမင်းလှိုင်ဆိုတဲ့ အထည်ကြီးပျက်ကောင်။ ဆင်းရဲနွမ်းပါးတဲ့သူ့ ကို ဟိုးငယ်ငယ်လေးကတည်းက အမျိုးမျိုးအနိုင်ကျင့်တတ်သော သူဌေးသားလေးပေါ့။

အရွယ်ရောက်လာတဲ့အခါ သူက ခေါင်းငုံ့မခံတော့တဲ့အပြင် ဝိုင်းမင်းတို့အိမ်ရဲ့ စီးပွားရေးကလည်း ကျဆင်းသွားသည့်အတွက် အရင်လိုမောက်မာပြီး အနိုင်ကျင့်တာမျိုး မရှိတော့ပေမယ့် ခနဲ့တဲ့တဲ့ကတော့ လုပ်စမြဲပင်။ ဒါပေမယ့် အခု သူ့အနားရောက်နေတဲ့ ဝိုင်းမင်းရဲ့ပုံစံက တိုးလျှိုးအသနားခံနေတဲ့ ပုံစံမျိုးပင်။

“တေဇ...”

စက်ဘီးသော့လေးကို အိတ်ကပ်ထဲတွင် သေချာထည့်၍ ဝိုင်းမင်းကို မော့ဆတ်ကာထူးလိုက်သည်။ ဒီကောင် ဘာလို့ သူ့ဆီရောက်လာလည်းဆိုတာ သူသိတာပေါ့။ မနေ့က ကျောင်းပိတ်လို့ မြကန်စေတီမှာ စာသွားကျက်တဲ့အချိန် ဘုရားထဲမှာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကျီစယ်ကာ စနောက်နေကြတဲ့ ဝိုင်းမင်းနဲ့ မြခွာညို။

သူတို့နှစ်ယောက်ရဲ့ အပြုအမူအနေအထားကိုကြည့်တာနဲ့ ချစ်ကြိုက်နေတဲ့ သမီးရည်းစားတွေဖြစ်ကြောင်း အလိုလိုသိနိုင်သည်။ သူ့ကိုမြင်တော့ ခပ်တန်းတန်း ဖြစ်သွားကြတဲ့အတွက် သူကလည်း အလိုက်သိစွာ မမြင်ချင်ယောင်ဆောင်ပြီး သူတို့နဲ့ ဆန့်ကျင်ဘက်ဆီကိုသာ သွားပေးလိုက်မိပေမယ့် သူတို့စိတ်ထဲတော့ နည်းနည်း ကသိကအောက် ဖြစ်သွားကြပုံရသည်။

“ငါ မင်းအပေါ် အနိုင်ကျင့်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် တေဇ။ ငါနဲ့ခွာညိုကိစ္စကိုတော့ ဆရာမဒေါ်ခင်ညိုကို သွားမတိုင်ပါနဲ့။ မင်းအပေါ် လွန်ခဲ့တာတွေကိုမကျေနပ်ရင် ငါ့ကို ထိုးချင်လည်းထိုးကွာ။ ခွာညိုနဲ့ကိစ္စကိုတော့ လျှို့ဝှက်ပေးပါလား... ငါတောင်းပန်ပါတယ်”

ဝိုင်းမင်းရဲ့မျက်ဝန်းတွေက အမှန်တကယ်ပင် အားငယ်ကြောက်ရွံ့နေဟန် အပြည့်မို့ ဘာမှပြောမနေဘဲ ခေါင်းသာငြိမ့်ပြလိုက်ပေမယ့် သူ့လက်ကို လာကိုင်ကာ ထပ်တိုးတောင်းပန်နေတဲ့အတွက် လက်လေးကို အသာရုန်းကာ

“မင်းနဲ့မြခွာညိုကိစ္စ ငါဘယ်သူ့ကိုမှ မပြောဘူး...”

“ငါစိတ်ချမယ်နော်...”

အမှန်တော့ အရင်တုန်းက အနိုင်ကျင့်ခဲ့ဖူးတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ရန်ငြိုးထားကာ ဆရာမအားသွားတိုင်လေမလားဟု စိုးရိမ်ပုံရသည်။ ဆယ်တန်းဆိုတဲ့ ဘဝတစ်ဆစ်ချိုးလှေကားထစ်အတွက် စာကြိုးစားနေရချိန်၊ မြတ်နိုးရတဲ့သူကို ကွယ်ရာကနေ ငေးရတဲ့ အချိန်တွေနဲ့တောင် သူ့မှာမအားနိုင်ပေ။ ကျန်တဲ့ အရေးမပါသောကိစ္စများကို အချိန်မပေးနိုင်သလို စိတ်လည်းမဝင်စားချေ။

“ငါ ဘယ်သူ့ကိုမှ မပြောဘူး ဝိုင်းမင်း... မင်း ယုံချင်ယုံ မယုံချင်နေ”

“ငါ ယုံပါတယ်ကွာ ယုံပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ အတန်းတောင် နောက်ကျနေကြပြီ သွားကြရအောင်”

ဝိုင်းမင်းရဲ့လက်တစ်ဖက်က သူ့ပုခုံးပေါ်ရောက်လာတဲ့အချိန် စိတ်မသက်မ သာခံစားရပေမယ့် တစ်မျိုးထင်နေမှာစိုးသည့်အတွက် မဖယ်ပစ်တော့ဘဲ အသာလိုက်လာခဲ့သည်။ အခုတောင် အတန်းချိန်က အတော်နောက်ကျနေလေပြီ။ အတန်းနောက်ကျလို့ ခြေသလုံးပေါ်ကျရောက်လာမယ့် ဆရာမရဲ့ကြိမ်ဒဏ်အစား နေ့လယ်စာ ကျောင်းဆင်းချိန်တွေ့ရမယ့် ချစ်ရသူရဲ့မျက်နှာလေးကိုသာတွေးမိပြီး စိတ်က ပြန်လည်ရွင်လန်းလာပေတော့သည်။


 

မနက်လေးနာရီထပြီး ထမင်းအိုးတည်ရင်း ညကကျက်ထားတဲ့စာတွေ ပြန်နွေးရသည်။ ကားဝပ်ရှော့မှာအလုပ်လုပ်တဲ့ အကိုကြီးက မနက်ခြောက်နာရီလောက်ဆို အလုပ်သွားတတ်တဲ့အကျင့်ရှိတာကြောင့် ကိုကြီးမသွားခင် ထမင်းဟင်းကျက်နေဖို့က သူ့တာဝန်မဟုတ်လား။ ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားတာကြောင့် ညီအကိုနှစ်ယောက်တည်းရှိတဲ့ဘဝတွင် ကိုကြီးကသာ လောကဓံကိုခါးစည်းခံပြီး သူ့ကို ပညာသင်ကြားစေခဲ့သည်။

အသက်ဆယ့်ငါးနှစ်အရွယ်ကတည်းက ကျောင်းထွက်ကာ အလုပ်ထွက်လုပ်နေသောကိုကြီးသည် အခု အသက်သုံးဆယ်ပင် ပြည့်တော့မည်။ လူမမယ် အရွယ်လေးကတည်းက သူ့ကို ပြုစုပျိုးထောင်လာသော ကိုကြီးအား မိဘလိုတွယ်တာမိတာ ကြောင့် လူမှန်းသိတတ်စအရွယ်ကတည်းက လက်လှမ်းမှီရာ အိမ်အလုပ်တွေကို ကိုကြီးအား မလုပ်စေတော့ဘဲ သူပဲ ဒိုင်ခံပြီး လုပ်ဆောင်ခဲ့သည်။

အရင်တုန်းကတော့ ကိုကြီးသာ သူ့ဘဝဖြစ်ပြီး သူကြိုးစားနေတဲ့ အရာအားလုံးက ကိုကြီးအတွက်သာ ဖြစ်ခဲ့သည်။ မြင့်မိုရ်နဲ့တွေ့ပြီးနောက်ပိုင်း သူရဲ့ ရည်မှန်းချက်တွေက တစ်မျိုးပြောင်းပြီး ကိုကြီးကိုကျေးဇူးဆပ်နိုင်ဖို့နဲ့ မြင့်မိုရ်ကို တင့်တောင်းတင့်တယ် ထားနိုင်ဖို့သာ ဖြစ်ခဲ့ရသည်။

“အငယ်ကောင်... မင်း စာတွေရော လိုက်နိုင်ရဲ့လား”

“အေးဆေးပါ...”

ကိုကြီးက မနက်စာ ထမင်းစားရင်း မေးလာတာကြောင့် ထမင်းချိုင့်ပြင်နေရင်း မော့ကြည့်ကာ ပြန်ဖြေမိသည်။

“မင်း ကျောင်းသွားရင်း အိမ်ရှင်အဒေါ်ကြီးဆီဝင်ပြီး အိမ်လခပေးလိုက်ဦး။ ပိုက်ဆံကို မင်းစားပွဲပေါ် တင်ထားတယ်”

“အွန်း...”

“ပိုက်ဆံသွားထားရင် မင်းဆွဲထားတဲ့ ပုံတွေကို ငါတွေ့တယ် တေဇ...”

ချိုင့်အဖုံးကို ပိတ်နေတဲ့လက်ကလေးတွေက အလိုလို ရပ်တန့်သွားသည်။ အလွမ်းပြေဆိုပြီး မှတ်တမ်းတင်ခဲ့တဲ့ မြင့်မိုရ်ရဲ့ပုံတွေက နည်းမှမနည်းတာ။ ကိုကြီး အကုန်မြင်သွားတာလား။

“ငါတို့ဘဝတွေက တစ်ချို့အရာတွေကို ပိုင်ဆိုင်ဖို့အတွက် ကန့်သတ်ထားတယ်ဆိုတာ လက်ခံရမယ်တေဇ။ လက်မခံဘဲ ဇွတ်တိုးမိရင် မင်းပဲ ပင်ပန်းရလိမ့်မယ်။ လောကမှာ အချစ်ထက် အရေးကြီးတာတွေ အများကြီးရှိတယ်။ အဲ့တာကြောင့် အခုဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို မင်းရင်ထဲမှာပဲထား။ အပြင်ထွက်မလာစေနဲ့။  ကြားလား”

“ဟုတ်ကဲ့...”

မြင့်မိုရ်နဲ့သူရဲ့ ဘဝအခြေအနေကွာခြားမှုအပြင် အကြီးမားဆုံး စည်းဖြစ်သည့် မျိုးတူခြင်းဆိုတဲ့တံတိုင်းကလည်း ကာဆီးထားတာကို ကိုကြီးက ကောင်းကောင်းသိပေလိမ့်မည်။ လာမည့်ဘေးကို ပြေးတွေ့ဖို့ထက် မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းကို ကိုကြီးကရွေးခဲ့ပေမယ့် အရာရာဟာ နောက်ကျသွားခဲ့ပြီ။ အခုချိန် သူနဲ့မြင့်မိုရ်ကြား တွင် ထားရှိမိသောသံယောဇဉ်ကြိုးက ခိုင်မာမြဲမြံလှတာကြောင့် လွယ်လွယ်နဲ့ ဖြတ်ပစ် ဖို့ကတော့ မဖြစ်နိုင်တော့ချေ။ ကိုကြီးကိုတော့ စိတ်ထဲကသာ တောင်းပန်နေမိတော့သည်။

“ဝိုင်းမင်းလှိုင်နဲ့မြခွာညို.... ဆရာမ ဒေါ်ခင်ညိုက ခေါ်နေတယ်။ ဆရာမများ နားနေခန်းထဲ ခဏလာခဲ့ပါတဲ့။ Physics အိမ်စာထပ်မယ့်သူတွေ ကျန်သေးလား ဆရာမဆီသွားပို့တော့မှာမို့ လာထပ်ပေးကြပါ”

မော်နီတာရဲ့ အသံဩဩအဆုံးမှာ အတန်းထဲက သာလိကာများရဲ့အသံက ဟိန်းကနဲထွက်လာသည်။ တစ်ယောက်တစ်ပေါက် အော်ဟစ်စကားပြောကြရင်း ဆူညံလျက်ရှိသည်။ နောက်ချိန်မှာ ကာယချိန်ဖြစ်တာကြောင့် ဘောလုံးသွားကန်တဲ့သူနဲ့ ကျောင်းဝန်းထဲက အရိပ်ရမယ့်နေရာတွေမှာ စာသွားကျက်ကြမယ့်သူတွေနဲ့ အစီ အစဉ်တွေစွဲကာ အသီးသီး အခန်းထဲကထွက်ခွာသွားကြသလို အတန်းထဲတွင်နေပြီး ပေါက်ပေါက်ဖောက်မတက် စကားပြောနေကြသော ကျောင်းသားကျောင်းသူများ လည်း ရှိပေသည်။

ဒီချိန်ဆို မြင့်မိုရ်တစ်ယောက် ကျောင်းစာကြည့်တိုက်ဆီ ရောက်နေမှာ သေချာသောကြောင့် လွယ်အိတ်ထဲက ပန်းချီစာရွက်တွေ တွဲထားတဲ့ဖိုင်လေးကိုယူပြီး ကျောင်းစာကြည့်တိုက်ဆီ အပြေးလေးသွားမိသည်။ မနေ့ညက သူဆွဲထားတဲ့ ပုံတူ ပန်းချီလေးကိုမြင်လျှင် အံဩကာ ရှက်သွေးဖြာသွားမယ့်မျက်နှာလေးကို မြင်ချင်လှပြီ။

အားလပ်ချိန်မို့ထင်သည် ကျောင်းစာကြည့်တိုက်ထဲမှာ လူတွေ တော်တော် များနေပေသည်။ မြင့်မိုရ်ထိုင်နေကြနေရာလေးကို လှမ်းကြည့်မိတော့ သင်္ချာမေးခွန်း ဟောင်းတစ်ခုကို Timer ချကာဖြေကြည့်နေသော ချစ်ရသူလေးကိုတွေ့ရတာကြောင့် နှုတ်ခမ်းက အလိုလိုပြုံးမိသွားသည်။

စာကြည့်တိုက်အပေါက်ဝမှာ သူ့ကိုမြင်သည်နှင့် Timer လေးကို ပိတ်ကာ သူ့ဘေးနားက စာအုပ်တွေကို စားပွဲပေါ်တင်ပြီး သူ့အတွက် နေရာဖယ်ပေးနေတဲ့ ကောင်လေးကြောင့် စာအုပ်စဉ်ပေါ်က တွေ့ရာစာအုပ်တစ်အုပ်ကို လှမ်းယူပြီး မြင့်မိုရ် အနား ဝင်ထိုင်လိုက်သည်။

လက်ထဲက ဖိုင်ကို မသိမသာ တိုးပေးလိုက်တော့ အသာလှမ်းယူပြီး လူအရိပ်အခြေကိုအကဲခတ်ကာ သူတို့ကို ကြည့်နေတဲ့သူမရှိဘူးဆိုတာသေချာမှ ဖိုင်လေးကို ဖွင့်ကြည့်သည်။ ပုံတူပန်းချီလေးကိုမြင်မြင်ချင်း နားရွက်ဖျားလေးနဲ့ နှာသီးလေးက နီရဲလာကာ အောက်နှုတ်ခမ်းလေးကို အသာကိုက်ရင်း သူ့ကို မျက်စောင်းထိုးကြည့် သည်။

ပုံတူပန်းချီလေးက ခါတိုင်းလို မဟုတ်ဘဲ ရှက်သွေးဖြာနေသော မြင့်မိုရ်လေးကို သူ့ရင်ခွင်ထဲထားပြီး အနမ်းချင်းဖလှယ်နေသော စုံတွဲပုံလေးဖြစ်သည်။ သူသဘောကျသလို ပြုံးမိတော့ ကောင်လေးရဲ့လက်တစ်ဖက်က သူ့ခါးကိုလာပြီး ဆွဲလိမ်တာကြောင့် အားခနဲ သတိလက်လွတ်အော်မိလိုက်တော့ ကျောင်းသားတော်တော်များများရဲ့မျက်ဝန်းတွေက သူတို့ဆီရောက်လာသည်။

ဟန်ကိုယ်ဖို့ဆိုသလို အသာထိန်းရင်း ကြည့်လာသူများကို အပြုံးလေးနဲ့ ခေါင်းလေးညွှတ်ပြီးသာ တောင်းပန်မိသည်။ ဒီချိန် စာကြည့်တိုက်မှူး မရှိ၍သာ တော်သေးသည်။ မဟုတ်လျှင် သူ့ယောင်ကာအော်မိတဲ့ အသံကြောင့် ချက်ချင်း မောင်းထုတ်ခံရပေလိမ့်မည်။

“နှစ်ယောက်တွဲပုံကို ဆွဲလို့ ဘယ်ဖြစ်မလဲ တေဇရယ်။ တစ်ယောက်ယောက် တွေ့သွားရင် ဘယ်လိုလုပ်မလဲ။ ဖေဖေတို့သာ ဒီအကြောင်းတွေ သိသွားရင် ဝေးရလိမ့်မယ်နော်...”

မြင့်မိုရ်က လေသံကိုနှိမ့်ကာ စိုးရိမ်နေသော မျက်ဝန်းများဖြင့် တိုးတိုးလေး ပြောရင်း ဖိုင်တွဲကို သူ့ဘက်ပြန်ပို့လေသည်။

“ကိုယ် ဘယ်သူမှမပြပါဘူးကွာ။ မင်းက စိုးရိမ်လွန်နေတာပါ”

“မပြမှန်းတော့ သိတာပေါ့။ ဒါပေမယ့် မတော်တဆတွေ့သွားတာမျိုးဆို ဘယ်လိုလုပ်မလဲ”

“အွန်းပါ အွန်းပါ အိမ်ရောက်တာနဲ့ အဝတ်သေတ္တာရဲ့ဟိုးအောက်ဆုံးမှာ ဘယ်သူမှမမြင်အောင် သိမ်းထားလိုက်မယ်ဗျာ။ ဟုတ်ပြီလား...”

သူကတိပေးလိုက်မှ လပြည့်ညမှာသာတဲ့ လမင်းလေးလို ထွန်းလင်းတောက်ပသွားတဲ့ ချစ်သူ့မျက်နှာကိုကြည့်ရင်း ပိတိပြုံးလေးပြုံးလိုက်မိသည်။ သူ့အတွက်တော့ ချစ်ရသူရဲ့စကားတစ်ခွန်းဟာ  နှလုံးသားကလိုက်လျောချင်သည့် ချစ်စရာအမိန့်လေး ဖြစ်နေသည်။

ချစ်သူအနားမှာရှိနေချိန် အချိန်တွေက ကုန်လွန်တာ မြန်လှပေသည်။ ဆက်နေချင်သေးပေမယ့်လည်း နောက်စာသင်ချိန်က သူအားနည်းတဲ့ အင်္ဂလိပ်စာသင်ချိန် ဖြစ်နေသည့်အတွက် အခန်းကို ပြန်မှရပေတော့မည်။

မြင့်မိုရ်ကို မျက်လုံးနဲ့သာနှုတ်ဆက်ခဲ့ပြီး စာကြည့်တိုက်ရဲ့အပြင်သို့အထွက်မှာ နောက်ကနေ ဆွဲလှည့်လိုက်တဲ့ လက်တစ်စုံကြောင့် ခန္ဓာကိုယ် ယိမ်းယိုင်သွားစဉ် ပါးတစ်ဖက်ပေါ်ကို ကျရောက်လာတဲ့လက်သီးချက်ကြောင့် လက်ထဲကဖိုင်တွဲပါ လွတ် ကျသွားရသည်။

နှုတ်ခမ်းပေါက်သွားကာ ထွက်လာတဲ့သွေးတွေကို လက်ခုံနဲ့သုတ်ရင်း ရန်ရှာလာသူကိုကြည့်မိတော့ ဒေါသမျက်ဝန်းတွေနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ ဝိုင်းမင်းလှိုင်။ ဝိုင်းမင်းနောက်မှာလည်း သူ့အပေါင်းအပါ လေးငါးခြောက်ယောက် ပါသေးသည်။ အရင်တုန်းကလည်း ကိုယ်ထိလက်ရောက် ကျူးလွန်ဖူးတာတွေရှိပေမယ့် ကျောင်းဝန်းထဲ လက်သီးနဲ့ထိုးတာတော့ ဒါက ပထမဆုံးပင်။

“ငါ့ကို ဘာလို့ထိုးတာလဲ”

“ယောကျာ်းဖြစ်ပြီး မိန်းမလိုမိန်းမရနဲ့ အောက်တန်းကျလို့ ထိုးတယ်ကွာ။ ဘာဖြစ်လဲ။ ငါနဲ့ခွာညိုကိစ္စကို ဘယ်သူမှ မပြောပါဘူးဆို။ ငါ့ကို လေပြေလေးထိုးသွားပြီး ဆရာမဆီသွားတိုင်တာ ဘာသဘောလဲ ဟိတ်ယောင်...”

ကြည့်ရတာ ဝိုင်းမင်းလှိုင်နဲ့မြခွာညိုကိစ္စကို ဆရာမဒေါ်ခင်ညို သိသွားကာ ခေါ်ပြီးဆူပုံရသည်။ ဘယ်သူက သွားတိုင်လိုက်သလဲမသိပေမယ့် ဆရာမကို သွားတိုင် တာကတော့ သူလုံးဝမဟုတ်ချေ။

သူစဉ်းစားခန်းဝင်နေချိန် ဝိုင်းမင်းရဲ့ဒေါသက အမူအရာအဖြစ်သို့ ပြောင်းကာ လက်များက သူ့အဖြူအကျီရဲ့ကော်လံကို ဆွဲထားလေသည်။

“ငါ မတိုင်ဘူး”

“မင်းတစ်ယောက်ဘဲ သိတဲ့ကိစ္စ မင်းမတိုင်လို့ ဘယ်သူတိုင်မှာလဲ။ ယောကျာ်းမဟုတ်ဘူးလား လုပ်ရဲရင် ဝန်ခံရဲရမှာပေါ့”

“မင်းထင်ချင်သလိုထင်...  ဒါပေမယ့် ဆရာမကို သွားတိုင်တာကတော့ ငါ မဟုတ်ဘူး”

ဝိုင်းမင်းရဲ့ လက်ကိုဆွဲဖယ်လိုက်ပြီး ကျသွားတဲ့ဖိုင်တွဲကို ကောက်ယူနေတုန်း သူ့ပုခုံးကိုဆွဲမတ်ကာ အားနဲ့တွန်းလိုက်သည့်အတွက် ကော်ရစ်တာလက်ရန်းနှင့် သူ့ ကျောပြင်မိတ်ဆက်မိကာ အွတ်ကနဲအသံပင်ထွက်သွားရသည်။ လက်ထဲရောက်ခါနီး ဖိုင်တွဲလေးကလည်း မထင်မှတ်ထားသော အခြေအနေကြောင့် ဆွဲရမ်းလိုက်သလို ဖြစ်သွားကာ ထိုအထဲမှ မြင့်မိုရ်ရဲ့ပုံတူပန်းချီများဟာ စာကြည့်တိုက်တံခါးဝနဲ့ ကျောင်းကော်ရစ်တာမှာ ဖြန့်ကျဲလိုက်သလိုဖြစ်သွားသည်။

ကျောကဒဏ်ရာကို စိတ်မဝင်စားနိုင်ဘဲ လူတွေအားလုံးရဲ့ အကြည့်အောက် ရောက်နေသည့် ချစ်ရသူရဲ့ပုံတူပန်းချီတွေကိုပဲ အသည်းအသန် လိုက်ကာ ကောက်ယူမိသည်။ သို့သော် သူ့အပေါ်သံသယဝင်ကာ ဒေါသတကြီး ရန်လာရှာနေတဲ့ ဝိုင်းမင်း လှိုင်ရဲ့ခြေထောက်နားမှာ ကျရောက်သွားတဲ့ပုံလေးက သူမနေ့ညကမှ ဆွဲခဲ့သည့် စုံတွဲပုံတူလေး။

သူ သတိထားမိတဲ့အချိန်မှာ လုံးဝနောက်ကျသွားခဲ့လေပြီ။ ဝိုင်းမင်းလှိုင်က သူ့ခြေထောက်နားက ပုံတူပန်းချီစာရွက်လေးကို သူ့ထက်ဦးစွာ ကောက်ယူလိုက်ပြီး ရယ်ရွှင်လှောင်ပြောင်လိုသော မျက်နှာထားဖြင့် ဟက်ဟက်ပက်ပက် ရယ်ကာ

“မင်းနဲ့ မိုးမြင့်မိုရ်မောင်က ယောကျာ်းလေးအချင်းချင်း ကြိုက်နေကြတာ လား... ဟား ဟား”

ဝိုင်းမင်းလှိုင်ရဲ့စကားအဆုံးမှာ ကျောင်းကော်ရစ်တာနဲ့ စာကြည့်တိုက်ထဲက နေ သူတို့ရဲ့ရန်ပွဲကို ကြည့်ရှုနေကြသော ကျောင်းသားကျောင်းသူများထံမှ အကြည့်များသည် သူနဲ့မြင့်မိုရ်ထံသို့ ရစ်ဝဲလာကြသည်။ ထိုအချိန် သူစိုးရိမ်တကြီး ကြည့်မိတာက စာကြည့်တိုက်ထဲမှာ ကျန်နေခဲ့တဲ့ ချစ်ရသူရှိတဲ့နေရာ။

ချစ်ရတဲ့သူရဲ့မျက်နှာမှာ ပေါ်လွင်နေတဲ့ ထိတ်လန့်ကြောက်ရွံ့ဟန်များ၊ မယုံကြည်နိုင်ခြင်းများ၊ ဝိုင်းကြည့်လာတဲ့ လူပေါင်းများစွာရဲ့မျက်လုံးတွေကို ဒဏ်မခံနိုင်စွာ ကျီးကန်းတောင်းမှောက် မတည်ငြိမ်ဖြစ်နေတဲ့မျက်ဝန်းများက သူ့ရင်ဘတ်ကို အစိမ်း လိုက်ခွဲနေသလိုပင်။ အတန်တန်စောင့်ထိန်းခဲ့တဲ့ကြားမှ ခြေတစ်လှမ်းမှားရုံဖြင့် အရာအားလုံး ပျက်စီးရချေပြီ။

မကောင်းသတင်းကို ပါးစပ်အရသာခံပြီး ပြောတတ်တဲ့လူတွေရဲ့နှုတ်ဖျားမှာ ချစ်ရသူရဲ့ဂုဏ်သိက္ခာကို ချနင်းရမယ့်အဖြစ်မျိုးတော့ သူလုံးဝ လက်သင့်မခံနိုင်ချေ။ သူရဲ့အမှားတစ်ခုကြောင့် မြင့်မိုရ်ရဲ့ဘဝမှာ ဖျက်မရတဲ့ အမည်းစက်ကြီးတစ်ခု စွန်း ထင်းသွားမှာကိုတော့ သေမတတ်ကြောက်ရွံ့မိသည်။

“ငါကပဲ ကြိုက်တာ...”

“ဘာ...”

“ငါကပဲ မြင့်မိုရ်ကို တစ်ဖက်သတ် ကြိုက်နေတာ။ ဒီပုံတွေကို သူမသိအောင် ငါဆွဲထားမိတာ။  ငါ သူ့ကို ကြိုက်လို့”

ဝိုင်းမင်းလှိုင်က သူ့လက်ထဲကစာရွက်ကို အားရကျေနပ်ဟန်ကြည့်ပြီး သဘောကျစွာ ရယ်မောရင်းပင် နောက်က သူ့သူငယ်ချင်းများကို

“ဟိတ်ယောင်တွေ အမြဲတမ်း ဆရာကြီးစတိုင်နဲ့ ငါတို့ကို မတူသလိုမတန်သလို အဖက်မလုပ်တဲ့ကောင်က ဂျော်ကြီးတဲ့ကွ ဟား ဟား”

ဒီအချိန်မှာတော့ လက်စားချေလိုစိတ်ပြင်းထန်နေသော ဝိုင်းမင်းလှိုင်က သူ့ အားနည်းချက်မှန်သမျှကို ချနင်းဖို့ အဆင်သင့်ဖြစ်နေမှာ မြေကြီးလက်ခတ်မလွဲပေ။

နဂိုစကတည်းက ဂုဏ်ဒြပ်မရှိတဲ့နင်းပြားဘဝမို့ ထပ်ပြီး နင်းချေခံရတာက သူ့အတွက် သိပ်မထူးဆန်းတော့ပေ။

သို့ပေမယ့် မြင့်မိုရ်ကတော့ သူနဲ့မတူပေ။

ဒါကြောင့် စကားနည်းရန်အေးပုံစံမျိုးဖြင့်သာ ပုတ်ခတ်လာသောစကားလုံးများကို မြင့်မိုရ်ရဲ့ဂုဏ်သိက္ခာ အထိခိုက်မချင်း တိတ်ဆိတ်ခြင်းဖြင့်သာ တုန့်ပြန်တော့မည်။

သူ့ကို ဝိုင်းကြည့်နေသော ကျောင်းသားကျောင်းသူများရဲ့ စူးရဲလှတဲ့အကြည့်တွေနဲ့ တီးတိုးစကားသံများကို လစ်လျူရှုကာ ပန်းချီစာရွက်လေးများကိုပဲ တစ်ရွက်ချင်း ကောက်ထပ်နေမိသည်။

ဖြစ်ချိန်တန်လို့ ဖြစ်လာရတဲ့ အကြောင်းအရာအပေါ် သူ ဘယ်သူ့ကို အပြစ်ပုံချရမည်နည်း။

ပုံတူပန်းချီတွေ ဆွဲမိတဲ့ သူ့ကိုယ်သူလား။ ဘုရားမှာ ချိန်းတွေ့ခဲ့ကြသည့် ဝိုင်းမင်းနဲ့မြခွာညိုကိုလား။ စည်းကမ်းတင်းကြပ်လွန်းတဲ့ ဆရာမ ဒေါ်ခင်ညိုကိုလား။ ဆရာမကိုသွားတိုင်တဲ့ အမည်မသိတဲ့သူကိုလား။

ဒါမှမဟုတ် သဘာဝတရားကို ဆန့်ကျင်ပြီးချစ်မိတဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုလားဆိုတာ သူမသိတော့ချေ။

ချစ်မိတော့လည်း ရဲရတော့မှာပေါ့လေ။

ကျောင်းစာကြည့်တိုက်ရှေ့မှာ ရန်ဖြစ်သည့်ကိစ္စအတွက် ကျောင်းအုပ်ဆရာကြီးက သူတို့ကို ရုံးခန်းခေါ်ပြီး အပြစ်ပေးတာခံလိုက်ရုံဖြင့် ပြီးမြောက်သွားသော်လည်း နောက်ဆက်တွဲကျန်နေခဲ့တဲ့ ပြဿနာက သူနဲ့မြင့်မိုရ်ရဲ့ အချစ်ရေးကိစ္စပင် ဖြစ်လေသည်။ တစ်ယောက်စကား တစ်ယောက်နားမှ တဆင့် ကူးလူးပျံနှံ့ကာ အခုဆိုရင် တစ်ကျောင်းလုံးက ထိုကိစ္စကိုသိသွားကြသလို နေရထိုင်ရတာလည်း စိတ်မလုံခြုံတော့ချေ။ အမြဲတမ်း စောင့်ကြည့်ခံနေရသလိုခံစားရပြီး ကွယ်ရာမှာ လှောင်ပြောင်နေသလို ခံစားရလေသည်။

မကြားတကြားနဲ့ စနောက်ကြတာရှိသလို သူ့ကွယ်ရာမှာ နာမည်ပြောင်မျိုးစုံတပ်ပြီး လှောင်ပြောင်ကြတာလည်း ပြန်ကြားနေရသည်။ အထူးသဖြင့် ဝိုင်းမင်းလှိုင်နဲ့ မြခွာညိုတို့က အဆိုးဆုံးပင်။ မကြားဝံ့အနာသာ စကားလုံးများကိုသုံး၍ မြင့်မိုရ်အပေါ် ထားတဲ့ သူရဲ့ဖြူစင်လွန်းတဲ့အချစ်တွေကို ညစ်ညမ်းပစ်ကြသည်။ တစ်ချို့က ငွေမက်တဲ့ ပိုင်းလုံးကောင်ဟု အမည်တပ်ကြသည်။

လောကကြီးမှာ တစ်ခုကိုလိုချင်လျှင် တစ်ခုကို ပေးဆပ်လိုက်ရစမြဲမဟုတ်လား။ အခုချိန်မှာ သူလိုအပ်တဲ့အရာကလည်း ချစ်သူရဲ့ဂုဏ်သိက္ခာ မထိခိုက်စေရေးပင်။ အဲ့ဒီအတွက် သူ့ဘဝ အမည်းစက်စွန်းထင်းခံရမည်ဆိုလျှင်လည်း စိတ်ကြိုက်သာ မည်းသွားပါစေ။ ရဲရဲကြီးသာ ရင်ကော့ပေးလိုက်မည်။

“ထိုင်...  တေဇ”

ပြဿနာဖြစ်ပြီး လေးရက်မြောက်နေ့တွင် ဆရာမဒေါ်ခင်ညိုက သူ့ကို ခေါ် တွေ့သည်။ ဆရာမတွေ နားနေခန်းထဲမှာ ဆရာမဒေါ်ခင်ညိုတစ်ယောက်သာ ရှိနေ၍ တော်သေးသည်။ မဟုတ်လျှင် ဝိုင်းကြည့်တဲ့ဒဏ်ကို ခံရပေဦးမည်။

“ဒီလိုပြဿနာမျိုးဖြစ်လာလိမ့်မယ်လို့ ဆရာမတစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မတွေးဖူးဘူး။ အဲ့ဒီတော့ ကြိုတင်ပြင်ဆင်မှုလည်း မလုပ်နိုင်ခဲ့ဘူးဆိုပါတော့။ ဆရာမ အတန်းပိုင်အဖြစ် စပြီးတာဝန်ယူတဲ့နှစ်မှာ ကျောင်းသူတစ်ယောက် ကိုယ်လေးလက်ဝန်ရပြီး ကျောင်းထွက်လိုက်ရတယ်။ အသက်တောင် မပြည့်သေးတဲ့ အဲ့ဒီကောင်မလေးက အထက်တန်းကျောင်းသူဘဝမှာပဲ ကလေးအမေ ဖြစ်ခဲ့ရတယ်။

ဒါ ဘယ်သူ့အပြစ်လဲလို့ တွေးမိတော့ ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားကြတာကတော့ ပုံမှန်ပဲလေ။ အပြစ်လို့ မဆိုသာပြန်ဘူး။ အဲ့တာကို မဖြစ်သင့်တာမဖြစ်ကြရအောင် ထိန်းရမယ့်တာဝန်ဟာ ဆရာဆရာမတွေရဲ့တာဝန်ဘဲလို့ ယူဆပြီး ဒီနေ့ဒီအချိန်ထိ ကလေးတွေကို ထိန်းခဲ့တယ်။ တားခဲ့တယ်။

မင်းရဲ့ပြဿနာကို ကြားရတဲ့အချိန်မှာ တော်တော်လေး တွေဝေသွားရတယ်။ မင်းကို နားလည်ပေးနိုင်ဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒီလိုကြိုးစားရင်း ဆရာမ သိလာရတဲ့အချက်က လူကိုလူချင်း ချစ်မြတ်နိုးကြတာ ဖြစ်နိုင်တဲ့အချက်ပဲ။ လက်ခံပေးလို့ရတယ်။ မင်း မြင့်မိုရ်ကို ချစ်လို့ရတယ်။ ချစ်ခွင့်ရှိတယ်။

ဒါပေမယ့် ချစ်ရမယ့်အချိန်က မှားနေတယ်။ မိဘအုပ်ထိန်းမှုအောက်က မလွတ်သေးတဲ့ဒီအရွယ်မှာ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ပါစေ စိတ်ကစားတာဟာ ပညာရေး လူမှုရေးနဲ့ ဖွံ့ဖြိုးတိုးတတ်ရေးကို အနည်းနဲ့အများတော့ ထိခိုက်ကြတာပဲ။ အခုလို ပြဿနာတွေဖြစ်ကြရတော့ မင်းရဲ့ကိုယ်ကျင့်သိက္ခာပါ ထိခိုက်လာပြီ။

ဒါကြောင့် ပတ်ဝန်းကျင်ရဲ့ ကောင်းဒဏ်ဆိုးဒဏ်ကို ရင်မဆိုင်နိုင်သေးတဲ့ အခုလို နုနယ်တဲ့အရွယ် တွေမှာ အချစ်ကိုရှေ့တန်းမတင်သင့်ဘူး။ တစ်ဖက်သတ်ကနေ နှစ်ဖက်သတ်ပြီး အလို တူအလိုပါမဖြစ်ရအောင် ဆရာမကတော့ တားဆီးမှာပဲ။ အဲ့တာက မင်းတို့ကိုမုန်းလို့ မင်းတို့ရဲ့အချစ်က မဖြစ်သင့်တဲ့အချစ်မို့လို့ လိုက်တားဆီးနေရတာ မဟုတ်ဘူးဆိုတာ မင်းနားလည်စေချင်တယ်။  ဆရာမပြောတာ သဘောပေါက်လား”

“ဟုတ်ကဲ့...”

“အေး... အဲ့ဒါဆို ဒီနေ့ကစပြီး မြင့်မိုရ်ရဲ့အနီးတစ်ဝိုက်မှာ မင်းကို မမြင်ချင်ဘူး”

“ဟုတ်ကဲ့ ဆရာမ”

“တစ်ခါလောက် တွဲပြီးတွေ့မိတာနဲ့ ဆရာမအဆိုး မဆိုနဲ့နော်။  ခေါ်ပြောပြီးသား”

“ဟုတ်...”

“အဲ့တာဆို သွားလို့ရပြီ...”

ဆရာမရှေ့မှာ ဘာမှမခံစားရသလို ဟန်ဆောင်တည်ငြိမ်နေပေမယ့် ရင်ထဲမှာတော့ ကမ္ဘာပျက်နေလေပြီ။ သူ့အခြေအနေက မြင့်မိုရ်နဲ့ လုံးဝစည်းခြားသွားလေပြီ။ အရင်လို ပေါ်တင်ငေးခွင့်၊ အနီးနားကို မသိမသာလေး တိုးထိုင်ခွင့်တောင် မရှိတော့ချေ။ မြင့်မိုရ်ကို ကာကွယ်ပေးဖို့ ချမိတဲ့ဆုံးဖြတ်ချက်တွေကိုရော မြင့်မိုရ်က သဘောကျပါ့မလား။ သူ့ကို သတ္တိကြောင်ပြီး ရင်မဆိုင်ရဲတဲ့သူလို့ ထင်သွားမှာလား။

❏ ည ဆယ့်နှစ်နာရီ... ရေစင်ပေါ်

အတွေးထဲ လွင့်မျောနေရင်း အတန်းထဲပြန်ရောက်တော့ လွယ်အိတ်လေးဘေးမှာ ရောက်နေတဲ့ စာလိပ်လေး။ ဘယ်သူ လာချသွားမှန်းမသိပေမယ့် စာလိပ်လေး က မြင့်မိုရ်ရဲ့ သင်္ကေတမို့ အမြန်ပင် ဖွင့်ကြည့်မိသည်။

မြင့်မိုရ်ရဲ့ လက်ရေးသော့သော့လေးတွေ ရေးထားသည့်စာလေးက ဒီည ဆယ့်နှစ်နာရီတွင် သူတို့အိမ်ဘေးမှာရှိတဲ့ ရေစင်ပေါ်သို့ လာခဲ့ရန် ချိန်းတဲ့စာလေး ဖြစ်နေသည်။ သူ့မှာလည်း မြင့်မိုရ်ကို ပြောစရာစကားတွေ အများကြီးရှိနေသလို မြင့်မိုရ်မှာလည်း ရှိနေပေလိမ့်မည်။ ဒါကြောင့် စာလိပ်လေးကို အိတ်ထောင်ထဲထည့်ကာ ညရောက်မယ့်အရေးကိုတွေးပြီး စိတ်လောနေမိတော့သည်။

ညရောက်တော့ ဆယ့်တစ်နာရီထိုးကတည်းက ကိုကြီးမသိစေရန် စက်ဘီးလေးကိုအသာတွန်းပြီး  တိတ်တိတ်လေး အိမ်ကနေထွက်လာခဲ့သည်။

မြင့်မိုရ်တို့ ရပ်ကွက်ထဲရောက်တော့ ဆယ့်တစ်နာရီပင်ခွဲသွားလေပြီ။ စက်ဘီးလေးကို ရေစင်အောက်က အမှောင်ရိပ်လေးတွင် ရပ်ထားခဲ့ကာ လှေကားလေးအတိုင်း အပေါ်ကို တက်လာခဲ့သည်။ ချိန်းထားတဲ့အချိန်ထက် စောပြီးရောက်လာပေမယ့် ရေစင်ပေါ်မှာ သူ့ထက်ကြိုရောက်နှင့်နေတဲ့ အရိပ်လေးကြောင့် လွတ်ထွက်သွားမှာ စိုးရိမ်သည့်အလား တင်းတင်းကျပ်ကျပ် ပြေးဖက်မိသည်။

သုံးလေးရက်လောက် မျက်စိအောက်မှာ မတွေ့ရရုံလေးနဲ့ ဒီလောက်ခံစားနေရရင် ရှေ့ဆက်ပြီး သူခံနိုင်ရည်ရှိပါ့မလားတောင် စိုးရိမ်မိသည်။

ရင်ထဲက ခံစားချက်များသည် စကားလုံးများအဖြစ်ထွက်မလာဘဲ မျက်ရည်များဖြင့်သာထွက်ကျလာသော မြင့်မိုရ်ရဲ့တီးတိုးငိုရှိုက်သံများသာ ပတ်ဝန်းကျင်လေးမှာ ဖုံးလွှမ်းသွားရသည်။

“ဘာလို့လဲ ဘာလို့မင်းပဲ နာမည်ပျက်ခံခဲ့တာလဲ။ အားလုံးရဲ့ ရွံ့ရှာနေတဲ့ မျက်လုံးတွေကို ဘာလို့ မင်းပဲခံယူခဲ့တာလဲ။ အချစ်ဆိုတာ လူနှစ်ယောက်ရွေးချယ်ထားတဲ့ ခံစားချက်။ မင်းတစ်ယောက်တည်း ဆုံးဖြတ်ပြီး ငါက ငြိမ်ငြိမ်လေးဘဲ နေပေး လိုက်ရမှာလား။ မင်း အဲ့ဒီလို ကာကွယ်ပေးလိုက်တာကို ငါကပျော်နေမယ် ထင်လို့လား”

မြင့်မိုရ်ခန္ဓာကိုယ်လေးက ငိုထားတာကြောင့်ရော ဒေါသစိတ်ကြောင့်ရော  တုန်ယင်နေသည်။

“ကိုယ်မိုက်တာပါ... မင်း အကြိမ်ကြိမ်တားတဲ့ကြားတဲ့က ကိုယ်အသုံးမကျလို့ ဒီလိုတွေဖြစ်ရတာ။ ကိုယ့်မှာပဲ အပြစ်ရှိတာပေါ့"

“လူတစ်ယောက်က တစ်ခြားတစ်ယောက်ကို ချစ်တာ အပြစ်လား”

“အပြစ်လို့ မြင်နေတဲ့လူတွေရှိနေသ၍ အပြစ်ဖြစ်နေဦးမှာပဲလေ။ အဲ့လို အပြစ်လို့ မြင်နေတဲ့သူတွေရဲ့ တစ်ဖတ်သတ်ဆန်လွန်းတဲ့ ဓားသွားလိုစကားတွေကို ကိုယ်ပဲခံယူပါရစေ။ မင်းကိုတော့ အဖြူထည်လေးအတိုင်းပဲ ထားချင်မိတာ ကိုယ့် မေတ္တာပါ”

မြင့်မိုရ်က သူ့ကို တွယ်ဖက်နေရာမှခွာသွားကာ ရေစင်လေးကို မှီပြီး ထိုင်လိုက်တော့ သူကလည်း ဘေးမှာဝင်ထိုင်ရင်း ချစ်ရသူရဲ့လက်ကလေးတွေကို ဖွဖွလေးဆုပ်ကိုင်မိသည်။ မတွေ့ရတဲ့ လေးရက်တာအတွင်း ဒီကောင်လေးက အတော်ပင် ပိန်ကျသွားခဲ့တာပါလား။

“ဆရာမဒေါ်ခင်ညိုက ကိုယ့်ကို ခေါ်တွေ့တယ်”

“ခေါ်ပြီး ဆူတာလား...”

“အွန်း ကိုယ့်ကို မင်းရဲ့အနီးတစ်ဝိုက်မှာ မတွေ့ချင်ဘူးတဲ့။  မင်းအနားကို လုံးဝ မကပ်ရဘူးတဲ့”

“မင်းကပ်ချင်ရင်တောင် ကပ်လို့မရတော့ဘူး တေဇ”

“ဟင် ဘာလို့လဲ...”

“ဒီအကြောင်းတွေ အိမ်ကသိသွားပြီ။ ငါ့ကို ဖေဖေက အန်တီလေးရှိတဲ့ မိုးကုတ်ကို ကျောင်းပြောင်းခိုင်းတယ်။ အကုန်စီစဉ်ပြီးသွားပြီ။ ငါ မနက်ဖြန်ပဲ သွားရတော့မယ်။ ဒီတစ်ခါတော့ ငါတို့ တကယ်ဝေးရပြီ တေဇ"

မြင့်မိုရ်က သူ့ပုခုံးပေါ်ခေါင်းလေးမှီကာ ထပ်ငိုလေတော့ သူ့မှာ လက်သီးကို ဆုပ်ပြီး အံသာတင်းတင်းကျိတ်ထားမိသည်။ ရက်စက်လွန်းတဲ့ကံကြမ္မာက သူတို့ရဲ့ အချစ်ဗိမာန်လေးကို တစ်စစီ ဖြိုချဖျက်စီးသွားလေတော့ သူ့မှာ ခံပြင်းရုံမှတပါး ဘာမှ မတတ်နိုင်ချေ။

“ငါ ပြန်လာတဲ့အချိန်ထိ စောင့်နေပေးမယ်မလား တေဇ။ အဲ့ကတိကို ပေးနိုင်လား”

“မင်းဘက်က ပြန်လာပါ့မယ်ဆိုတဲ့ ကတိကို အရင်ပေးမှ ကိုယ့်ဘက်က စောင့်နေမယ့် ကတိကို ပြန်ပေးလို့ရမှာမလား”

“ပြန်လာမှာပေါ့။ သေချာပေါက် ပြန်လာမှာပေါ့။ ကိုယ့်ဘဝကိုယ် မရပ်တည် နိုင်သေးနဲ့အချိန်မှာ အားမတန်လို့ မာန်လျော့လိုက်ရပေမယ့် ငါ့စိတ်ဝိညာဉ်ကိုတော့ မင်းဆီမှာပဲ ထားခဲ့မယ်တေဇ”

“အွန်း ကိုယ် မင်းကိုယုံတယ်။ စောင့်နေမယ်”

မြင့်မိုရ်မပါဝင်တဲ့ သူရဲ့နေ့ရက်တွေကို တစ်ယောက်တည်း ဖြတ်သန်းဖို့ရာ ယုံကြည်ချက်မရှိပေမယ့် ထွက်မသွားအောင် ဆွဲထားနိုင်တဲ့အင်အားလဲ သူ့မှာမရှိချေ။ သူ လက်လွတ်ရတော့မည်။ ဒီအချိန်မှာ သူလုပ်နိုင်တာဆို၍ မြင့်မိုရ်ပြန်လာမယ့်ရက် ကို စောင့်ဆိုင်းနေခြင်းသာ ရှိမည်။

ထိန်ထိန်လင်းနေသော လမင်းကြီးအောက်မှာ ချစ်စဖွယ်ကောင်လေးကို ရင်မှာပိုက်ပြီး ကြိုတင်အလွမ်းသယ်နေရတာနဲ့ အချိန်တွေ ကုန်မှန်းမသိကုန်သွားရသည်။ ကျေးငှက်လေးတွေ တွန်သံကြားရတဲ့အချိန်မှ နှစ်ယောက်လုံး အသိစိတ်ဝင်လာကာ

“တေဇ...”

“အွန်း...”

“မကြာခင် နေထွက်လာတော့မယ်။ ခဏနေရင် မင်းနဲ့ငါ ခွဲရတော့မယ်နော်။ အရင်လို လွမ်းတိုင်း ပြေးကြည့်လို့မရတော့ဘူး။  ဒါပေမယ့်လေ ဒီဝေးကွာခြင်းက မင်းနဲ့ငါ တစ်ချိန်ချိန်မှာနီးဖို့အတွက် ဝေးရတယ်လို့သတ်မှတ်ပြီး ကြိုးစားပါ တေဇ။ ငါ့ကိုချစ်တဲ့ အချစ်တွက မင်းအတွက် အင်အားဖြစ်စေချင်တယ်...”

“ကိုယ့်ရင်ထဲမှာ မင်းရှိနေသ၍ ဘယ်လောက်ဘဲ ဝေးနေကြပါစေ မင်းကတော့  ကိုယ့်ဘေးနားမှာ အမြဲတမ်းရှိနေမှာပါ မြင့်မိုရ်။  လောကကြီးက သူစွမ်းသလောက် ကိုယ်တို့ကို ခွဲကြပါစေ။  ကိုယ်တို့စိတ်ထဲကနေ တစ်ယောက်ကိုတစ်ယောက် မစွန့်လွတ်ကြရင် ဘယ်တော့မှ ဝေးကြမှာမဟုတ်ဘူး။  ပြန်လာခဲ့နော် ကိုယ် ဆက်ဆက်စောင့်နေမယ်”

“ငါသွားရတော့မယ်။ အာရုဏ်တက်လာရင် ပြန်ရခက်နေမယ်”

မြင့်မိုရ်က ပြောရင်းဆိုရင်းပင် လေးလေးပင်ပင်ထကာ နှုတ်ဆက်စကားဆိုသည်။ မျက်ဝန်းတွေမှာ ဝမ်းနည်းရိပ်တွေမြင်နေရပေမယ့် နှုတ်ခမ်းများကတော့ ပြုံးနေတာပါလား။

“မြင့်မိုရ်...”

လှေကားကနေ ဆင်းရန် ကြံရွယ်နေသောခြေထောက်လေးက သူရဲ့ခေါ်သံကြောင့် ရပ်တန့်သွားကာ ပြန်လှည့်ကြည့်လာသည်။

“အမြဲတမ်း... ချစ်နေမယ်နော်”

နဂိုစက မကျရုံတမယ်ထိန်းထားပုံရသော မြင့်မိုရ်၏မျက်ရည်စများသည် သူ့ စကားအဆုံးမှာ တာကျိုးသလိုကျဆင်းလာပြီး မပြေးရုံတမယ်လှမ်းလာကာ သူ့ရင်ခွင်ထဲခေါင်းလေးဝှက်ပြီး အူလှိုက်သဲလှိုက်ငိုလေတော့သည်။

ဒါပေါ့လေ။ ခွဲခွာရခြင်းကို မနာကျင်တဲ့လူသားရှိပါမည်လား။ များမကြာခင် သူ့ရင်ခွင်ထဲကကောင်လေးဟာ သူနဲ့ဝေးရာအရပ်ကို သွားရပေတော့မည်။

မြင့်မိုရ်ပြန်သွားပြီးနောက် အတော်ကြာအောင် မြင့်မိုရ်တို့အိမ်ဘက်ကို ငေး ကြည့်နေမိသည်။ ဘယ်လိုပဲကတိတွေထားထား ဒီနေ့ဟာ သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံရခြင်းလည်း ဖြစ်သွားနိုင်သည်မဟုတ်လား။

ချန်ထားခဲ့ရတဲ့သူနဲ့ ကျန်ခဲ့တဲ့ သူမှာ ဘယ်သူက ပိုပြီးနာကျင်မှာလဲဆိုတဲ့မေးခွန်းကို အခု လက်တွေ့ခံစားနေရသည်။ မြင့်မိုရ်တော့ဘယ်လိုနေမည်မသိ။ သူကတော့ နှလုံးသွေးတွေ ပြောင်းပြန်စီးနေသလို ဆောက်တည်ရာမဲ့လှသည်။

မနက် ခုနစ်နာရီဝန်းကျင်လောက်မှာ အထုပ်အပိုးတွေတင်ဆောင်ထားတဲ့ ကားလေးဟာ မြင့်မိုရ်တို့ခြံထဲကနေ ထွက်ခွာသည်။ ကားမထွက်ခင် ရေစင်ဘက်ကို လှမ်းကြည့်ကာ ပြုံးပြသွားတဲ့ချစ်ရသူကြောင့် ဝမ်းနည်းစိတ်တွေ ရင်ထဲ တလိမ့်လိမ့် တတ်လာလေသည်။

မြင့်မိုရ်ပါတဲ့ကားလေး သူ့မျက်စိရှေ့ကနေ ပျောက်ကွယ်သွားတဲ့အခါမှသာ သူ တစ်ညလုံး ထိန်းထားသမျှ လွတ်ချပြီး ရှိုက်ကြီးတငင် ငိုမိသည်။

တွယ်ရာမဲ့တဲ့ဘဝမှာ မြတ်နိုးမိတဲ့ကောင်လေးက မိဘပတ်ဝန်းကျင်ရဲ့ ရိုက် ခတ်မှုကြောင့် သူ့ကိုထားသွားရပြီ။ သူ့ဘဝက အရင်လို အဓိပ္ပါယ်မဲ့တဲ့ နေ့ရက်တွေကို တစ်ဖန်ပြန်လည်အသက်သွင်းကာ ဖြတ်သန်းရပေဦးမည်။

ရင်ထဲကစူးနစ်ကာ လှိုက်တက်လာသောဝေဒနာကြောင့် ဘယ်ဘက်ရင်အုံကို လက်ကလေးနဲ့ဖိထားရသည်။ ချစ်နှစ်သက်သောသူနဲ့ ကွေကွင်းရတဲ့ဒုက္ခဆိုတာ ဒါမျိုးပါလားလို့ တွေးယူရတဲ့အထိ သူ့စိတ်တွေထိရှပြိုလဲရပေသည်။

အဆင့်အတန်း ဂုဏ်ဒြပ်တွေနဲ့ မျိုးတူမှုဆိုသော စည်းလေးကြောင့် ဝေးကွာ ခဲ့ရတဲ့ သူတို့လိုလူသားတွေ ဒီကမ္ဘာမှာ ဘယ်လောက်များ ရှိနေကြပြီလဲ။ သဘာဝကို ဆန့်ကျင်တယ်လို့ တရားသေစွပ်စွဲနေတဲ့ လူတစ်ချို့ဟာ သူတို့မှာတည်ရှိနေတဲ့ နှလုံး သားရဲ့သဘာဝကျမှုကိုတော့ မြင်အောင်ကြည့်မပေးနိုင်။ တစ်ချို့ကကျ မမြင်ချင် ယောင်ဆောင်ကြသည်။

 

စိတ်ရှိသလောက်သာ ဝေးလိုက်စမ်းပါ... အချစ်ရယ်

မင်းနဲ့ယူဇနာတစ်ထောင်လောက် ကွာဝေးနေပါစေ...

ကိုယ်ရဲ့အနီးဆုံးနေရာမှာဘဲ မင်းက အမြဲ ရှိနေပါလိမ့်မယ်။

 

နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာပေါ့...။

 

◈◈◈

 

Continue Reading

You'll Also Like

59.9K 5.1K 50
2021ခုနှစ်ကနေဟိုးလွန်ခဲ့သော၁၈၂၆ခုနှစ်သို့ကူးပြောင်းမိသွားသောသမိုင်းဒုတိယနှစ်ကျောင်းသူလေးဟန်နီ နန်းသီရိထိပ်ထားဆိုတဲ့နာမည်ကိုကြားရုံနဲ့တစ်နိုင်ငံလုံးဖိ...
110K 6.3K 42
cover by Cohen အမုန်းတရားတွေကနေ ဖြစ်ပေါ်လာတဲ့ လက်စားချေမှုရဲ့ အဆုံးသတ်က ဘာများဖြစ်လေမလဲ...။ ကျေးဇူးတရားကနေ ဖြစ်ပေါ်လာတဲ့ ဂရုစိုက်၊စောင့်ရှောက်မှုရဲ့...
343K 15K 57
Intro (Unicode) ဟယ်လို.......ပြန်တွေ့ကြပြန်ပြီနော်....ဒီတစ်ခေါက်မှာတော့ လွန်းက ရန်ကုန်က လူ့ပေါ်ကျော့ဂျစ်ကန်ကန်သူဌေးသားလေးနဲ့အင်းသားလေးတို့ရဲ့အချစ်ဇာတ...
6.3K 368 37
မောင်က အဲ့ဒီမျက်ဝန်းညိုတွေအတွက်ကြောင့်ပဲ ဒီသံသရာမှာ ခုံမင်စွာ ကျင်လည်ပေးခဲ့ပါတယ်။ စေလိုရာ စေပါစေ..လွမ်းဟာ မောင့်ရဲ့ အရှင်သခင်ပါပဲ။