⦅အများသုံးရေချိုးအဆောက်အအုံ⦆
*******
အတန်းပြီးသည့်နောက် ထုံးစံအတိုင်း ယဲ့ယောင်မှာအိမ်စာလုပ်ရန် အိပ်ဆောင်သို့ပြန်လာသည့်အချိန် သူ့အိပ်ရာပေါ်လှဲနေသောရှောင်ပန်က သူ့ပေါင်တွေကို စိတ်လှုပ်ရှားစွာ'ဖြန်း"ခနဲအကျယ်ကြီး ရိုက်လိုက်တာကို ရုတ်တရတ်ကြားလိုက်ရ၏။
ရှောင်ပန်က ကုတင်အပြင်သို့ခေါင်းပြူကြည့်လာပြီး သူကြားသိလာရသည့်အတင်းအဖျင်းတွေကို စိတ်လှုပ်ရှားစွာနှင့်မျှဝေလာသည်။ "ဖာ့ခ်ပဲဟေ့ အင်ဂျင်နီယာဌာနက အကောင်နှစ်ကောင်ပြည့်တန်ဆာတွေနဲ့နေတာကို မိသွားတယ်ကွ အခုတော့အထုတ်ခံရတော့မယ်! Campus groupတွေအကုန်လုံး ရူးကုန်တော့မယ်!"
"အဲ့လိုအရာမျိုးဖြစ်သွားတာလား?" အခန်း၏အခြားတစ်ဖက်တွင် ဗီဒီယိုအတိုအထွာတွေကို အပေါ်ဆွဲအောက်ဆွဲလုပ်နေသည့် ဝမ်ခဲ့မှာပြန်လည်သက်ဝင်လာကာ campus groupအား blockထားသည်ကိုပြန်ဖွင့်လိုက်သည်။ "အမှန်ပဲဟ၊ ကြေညာချက်ထုတ်ပြန်ထားတယ်။ ကျစ်၊ ကျစ်၊ ကျစ် ဥပဒေကိုသိသိကြီးနဲ့ ချိုးဖောက်တာပဲ။ သူတို့နဲ့ထိုက်တန်တယ်! သူတို့မိသားစုတွေကိုအရှက်ရစေတာပဲမလား?"
ယဲ့ယောင် ဘောပင်ကိုလှည့်နေသည်။ ဖုန်းကိုထုတ်ပြီး စိတ်ဝင်စားစရာအကြောင်းကိုကြည့်ရမယ့်အစား သူ့စားပွဲပေါ်ရှိစာအုပ်ကိုသာ ဆက်၍ကြည့်နေလေ၏။ များသောအားဖြင့် သူစာလုပ်နေချိန်ဆို သူ့အာရုံစူးစိုက်မှုတွေက မပျံ့လွင့်တတ်ချေ၊ ဒီလိုအရာကလွဲရင်ပေါ့ ......
မျက်လုံးထောင့်မှနေ၍ ရေချိုးခန်းတံခါးအက်ကွဲကြောင်းကြားမှ အဖြူရောင်ရေခိုးရေငွေ့အမှုန်အမွှားလေးများ အပြင်သို့တဖွဲဖွဲထွက်လာသည်ကို ယဲ့ယောင်တွေ့လိုက်ရပြီး လုရွှမ်းရဲ့အသံမှာထွက်ပေါ်လာခဲ့၏။
"ငါ့အဝတ်တွေ တစ်ချက်လောက်ယူပေးပါလား၊ ငါမေ့လာလို့" လုရွှမ်းကရေချိုးခန်းထဲမှ လှမ်းအော်လိုက်သည်။
သူက ဘယ်သူယူပေးပါဟူ၍ မသတ်မှတ်ထားသော်လည်း အိပ်ဆောင်ထဲရှိသည့် လူတိုင်းသိကြသည်၊ လုရွှမ်းဘယ်သူ့ကိုလှမ်းအော်တာလဲဆိုတာကိုပေါ့။
ယဲ့ယောင် ဘောပင်ကိုချ၊ မတ်တပ်ထရပ်ပြီး လုရွှမ်းရဲ့အဝတ်ဗီရိုကိုဆွဲဖွင့်၍ အဝတ်အစုံလိုက်နှင့်အတွင်းခံကို မျက်နှာအမူအရာမပြောင်းမလဲဖြင့် ဆွဲယူကာရေချိုးခန်းသို့ ဦးလှည့်လိုက်သည်။
ရေချိုးခန်းတံခါးက သေးသေးလေးဟဖွင့်ထားလေကာ သူ့အဝတ်တွေလှမ်းပေးဖို့ရန် သီးသန့်ဖွင့်ပေးထားပုံရသည်။
ရေချိုးခန်းထဲမှလေပူတွေက အပြင်သို့တဖွဲဖွဲလျှံထွက်လာပြီး တံခါးရဲ့တစ်ဖက်ခြမ်းတွင်တော့ မိမွေးတိုင်းဖမွေးတိုင်းဖြစ်နေမည့် လုရွှမ်းရှိနေလေတယ်။
ရေနွေးငွေ့ပူများ ယဲ့ယောင်၏မျက်နှာသို့ရိုက်ခတ်လာကာ မျက်နှာအားအနည်းငယ်အပူစွက်သွားစေ၏။ သူမမြင်သင့်သည့်အရာ ဘာကိုမှမမြင်ရကြောင်း သေချာစေရန် ခေါင်းကိုတစ်ဖက်သို့လှည့်၍ လုရွှမ်းအားပြောလိုက်သည်။ "ဒီမှာမင်းအဝတ်တွေ၊ ယူဦး"
သူ့လက်ပေါ်မှ အလေးချိန်မှာပေါ့သွား၍ ယဲ့ယောင်လက်ကိုပြန်ရုတ်လိုက်သည့်နောက်တစ်စက္ကန့်တွင် ကြီးမားပြီးစိုစွတ်ကာပူနွေးနေသောလက်တစ်ဖက်က သူ့ရဲ့လက်တစ်ခုလုံးအား ဆွဲကိုင်၍ထိုလက်၏ခိုင်မြဲစွာချုပ်ကိုင်မှုကိုခံလိုက်ရလေသည်။
"ထွက်သွားဖို့ကို ဘာလို့ဒီလောက်အလျင်လိုနေရတာလဲ?" လုရွှမ်းရဲ့အသံထဲ ရယ်သံတွေပါကာ ကျီစယ်လေတယ်။ "မိုင်ထောင်ချီအဝေးကနေ ငါ့အဝတ်တွေကိုလှမ်းပို့ပေးနေတာ။ ဒါကလက်ဆောင်အသေးလေးဆိုပေမယ့် ခံစားချက်တွေအများကြီးပါတာကြောင့် ငါမင်းကိုကျေးဇူးတင်ဖို့ မင်းနောက်ကျောကိုscrubတိုက်ပေးရမလား?"
"ရတယ်၊ ငါ့မှာလက်ပါတယ်" ယဲ့ယောင်တုံ့ဆိုင်းခြင်းမရှိ ငြင်းဆိုကာသူ့လက်ကိုဆွဲယူရန် ကြိုးစားလိုက်သည်။
သို့ပေမဲ့ လုရွှမ်းရဲ့ခွန်အားက သူမျှော်လင့်ထားသည်ထက်ပိုကြီးမားနေကာ နှစ်ယောက်ကြားဆွဲလိုက်၊ ပြန်ဆွဲလိုက်နှင့်ဖြစ်နေပြီး ယဲ့ယောင်မှာသူ့လက်ကို ပြန်မဆွဲနိုင်ရုံသာမက လုံးဝမပိတ်ရသေးသောရေချိုးခန်းတံခါးကို အတွင်းထဲမှပွင့်သွားစေခဲ့တော့၏ -
ရေနွေးငွေ့တွေက သူ့မျက်နှာကိုအလုအယက်ဝင်ရိုက်ခတ်ကြပြီး ယဲ့ယောင်မှာလုရွှမ်းရဲ့ကိုယ်တုံးလုံးဖြစ်နေတာကို မမြင်မိအောင်ရှောင်ရှားနေရလေသည်။
ယဲ့ယောင် သူဘယ်လိုအမူအရာဖြစ်နေမှန်းမသိတော့။ လုရွှမ်းရဲ့မျက်လုံးတွေနဲ့ ဆုံနေပုံရပေမယ့် သူဘာမှမမြင်ရတော့သည့်ပုံပင်။ အရာအားလုံးက ဂယောင်ချောက်ချားဖြစ်နေသလိုပဲ။
မျက်တောင်တစ်ခတ်အတွင်း ယဲ့ယောင်လက်ကိုပြန်ရုတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ သူ့ရဲ့အခြားလက်တစ်ဖက်က တံခါးကိုဆောင့်ပိတ်ချကာ တံခါးအနောက်ရှိအရာအားလုံးကို ပိတ်ဆို့လိုက်တော့၏။
နှလုံးခုန်နှုန်းက ဒရမ်တစ်ခုလိုပဲ။ ယဲ့ယောင် တည်ငြိမ်နေသည့်အမူအရာဖြင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
မကောင်းလိုက်တာ၊ သူတုံ့ပြန်တာအရမ်းများသွားတယ်။
တစ်ခုခုလွဲနေတာကို လုရွှမ်းသတိထားမိသွားလောက်လား?
သူဒါကိုတွေးတောနေရင်းဖြင့် ပိတ်နေသည့်ရေချိုးခန်းတံခါးက ပြန်ပွင့်လာကာသေးငယ်သည့်အဟနေရာကြားမှ လုရွှမ်းခေါင်းကပြူထွက်လာသည်။
ဘာစတိုင်မှရှိမနေပဲ ဆံပင်တွေစိုရွဲပြီးရှုပ်ပွနေရင်တောင် ချောမောနေသည့်ကျောင်းတွင်းနတ်ဘုရားမှာ ယဲ့ယောင်ကိုနက်မှောင်၍နက်ရှိင်းနေသော မျက်လုံးများဖြင့်ပြုံးပြလာကာဆိုလေ၏။ "ကျောင်းသားယဲ့ယောင် ငါတို့ဒီလောက်နှစ်တွေအများကြီး အတူရှိလာတာကြာပြီလေကွာ၊ မင်းဘာလို့ဒီလောက်ရှက်နေသေးတာလဲ?"
အတော်ကောင်းတယ်၊ လုရွှမ်းဘာမှသတိမထားမိဘူးပဲ။
"ပေါက်တတ်ကရပြောတာတွေကို ဖျက်ချလိုက်တော့၊ အင်္ကျီဝတ်" ယဲ့ယောင်ထုံးစံအတိုင်းလှည့်ကာ ပုံမှန်အတိုင်းဆက်၍ပြုမူလိုက်သည်။ "နေ့ခင်းကြောင်တောင်ကြီး လူရမ်းကားလုပ်မနေနဲ့၊ ထွက်သွား"
စားပွဲ၌ တစ်ယောက်တည်းထိုင်နေရင်း ယဲ့ယောင်သက်ပြင်းရှည်ကြီးချလိုက်သည်။
တစ်သျှူးတစ်ရွက်ဆွဲထုတ်ပြီး သူလက်ပေါ်မှချွေးတွေကို ပွတ်သုတ်လိုက်သည်။ ဒါမှမဟုတ်လည်း လုရွှမ်းဆီမှာ စိုစွတ်လာတဲ့ရေတွေကိုပေါ့။
သူ့ဦးနှောက်ထဲရှိ အာရုံကြောများမှာ ပိုင်ရှင်ရဲ့အလိုကိုဆန့်ကျင်လျက် သူတွေ့ခဲ့ရသည့်ပုံရိပ်တွေကို ပြန်လည်တွေးတောနေလေ၏။ ယဲ့ယောင်ဘောပင်ကိုကောက်ကိုင်ကာ သူစားပွဲပေါ်၌ ‘ပြစ်မှုဆိုင်ရာ ဥပဒေ’ ဟူသောခေါင်းစဥ်ရှိစာအုပ်ကို ပြန်လည်အာရုံစိုက်လိုက်သည်။ စိတ်နှလုံးထဲမှညစ်ညမ်းမှုအား အစွဲချွတ်ရန်သူ့ရဲ့စိတ်အင်အားကို ကြိုးစားအသုံးပြုနေရလေသည်။
ကလစ်ခနဲအသံထွက်လာပြီးနောက် ရေချိုးခန်းတံခါးပွင့်လာကာ လုရွှမ်းအပြင်သို့လှမ်းထွက်လာသည်။
ယဲ့ယောင် သူ့ခေါင်းကိုမလှည့်ဘူး။ သူ့အတွေးတွေအကုန်လုံး စာအုပ်ပေါ်မှာပဲအာရုံစိုက်ဖို့ဆက်ပြီးကြိုးစားနေကာ လုရွှမ်းနဲ့မျက်နှာချင်းမဆိုင်ခင် သူတည်ငြိမ်သွားသည်အထိစောင့်ဖို့ ရည်ရွယ်နေသည်။
ရေချိုးခန်းဆီမှ ခြေသံတွေမှာ တစ်လှမ်းပြီးတစ်လှမ်း ပို၍ပို၍နီးကပ်လာပြီး သူ့အနောက်သို့ရောက်သည့်အခါမှသာ ရပ်သွားတော့သည်။
ထိုလူမှာ ယဲ့ယောင်ထိုင်နေသည့်ကွန်ပျူတာကုလားထိုင်အနောက်ကို ဆုပ်ကိုင်၍ အားအနည်းငယ်ဖြင့် ကုလားထိုင်နှင့်အတူ ယဲ့ယောင်၏တစ်ကိုယ်လုံးအား ၁၈၀ဒီဂရီလှည့်လိုက်သည့်အတွက် ယဲ့ယောင်မှာသူ့နောက်တွင်ရပ်နေသည့်ထိုလူနှင့် မျက်နှာချင်းဆိုင်သွားလေတော့သည်။
လုရွှမ်းရဲ့လက်မောင်းတွေထဲ သူ့မျက်နှာတစ်ခုလုံးရောက်မသွားခင် လုရွှမ်းရဲ့လှောင်ပြုံးအား ယဲ့ယောင်မြင်ဖို့အချိန်ရလိုက်သည်။
"ဘာတွေဖတ်နေတာလဲ ကျောင်းသားယဲ့? ဘယ်စာအုပ်ကငါ့ထက် ကြည့်လို့ကောင်းနေလို့လဲ?" လုရွှမ်းကမကျေမချမ်းဖြစ်စွာဆိုလေတယ်။ "ငါသဝန်တိုတယ်နော်"
ယဲ့ယောင် :"......"
ယဲ့ယောင်မှာ လုရွှမ်းအခုဘာပြောလိုက်မှန်း ဂရုတောင်မစိုက်နိုင်ခဲ့ဘူး။
သူ့မျက်နှာနဲ့တိုက်ရိုက်ထိတွေ့နေတာက လုရွှမ်းရဲ့ရင်ဘတ်ပေါ်က ချောမွတ်ပြီးတောင့်တင်းနေတဲ့ ရင်အုပ်ကြွက်သားတွေနဲ့လေ။
လုရွှမ်းကရေချိုးပြီးနောက် လန်းဆန်းနေ၏။ သူ့အရေပြားပေါ်တွင် ရေချိုးဂျယ်၏ လန်းဆန်းစေသောရနံ့များရှိနေသေးဆဲပင်။ ထိုအရာက သူအကြိုက်ဆုံးကိုယ်တိုက်ဆပ်ပြာဖြစ်ကာ အချိန်အကြာကြီးသုံးစွဲခဲ့ပေမယ့် မပြောင်းလဲပေ။
ကြည့်ရတာ သူလုရွှမ်းအတွက် ဝတ်စုံအပြည့် ပေးလိုက်တာပေမယ့် ......, လုရွှမ်းကရှပ်အင်္ကျီကို လုံးဝမဝတ်ထားဘူးပဲ!
"......" ယဲ့ယောင် နဖူးပေါ်မှအပြာရောင်သွေးပြန်ကြောတွေ ထောင်ထလာကာ "ငါမင်းကိုအင်္ကျီအစုံလိုက် ပေးလိုက်တာမဟုတ်ဘူးလား?"
"အင်းလေ မင်းငါ့ကိုဝတ်စေချင်လို့လား?" လုရွှမ်းကပျင်းရိစွာကြည့်ကာ ယဲ့ယောင်ရဲ့ပုခုံးတွေကို လက်မောင်းတွေဖြင့်ပတ်လိုက်ပြီး အပြုံးတစ်ခုနှင့်ပြောလာသည်။ "ငါသာဝတ်လိုက်ရင် မင်းကိုလူရမ်းကားတစ်ယောက်လို ဘယ်လိုပြုမူရမှာလဲ?"
ယဲ့ယောင်လက်ထဲက ဘောပင်မှာတင်းကြပ်စွာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ခံထားရတာကြောင့် ကျိုးသွားတော့မလိုပင်ခံစားလိုက်ရပြီး လုရွှမ်းရဲ့ရင်ဘတ်နှင့်ရင်ဆိုင်နေရသည့် သူ့မျက်နှာအပူချိန်မှာလည်း ထိန်းချုပ်မှုကိုကျော်လွန်၍ မြင့်တက်လာ၏။
စိတ်လျှော့၊ လုရွှမ်းက ကိုယ့်ကိုကိုယ်နည်းနည်းတောင်မှ သတိမထားမိတဲ့ သံမဏိလိုအဖြောင့်ကောင်။ ဒါတွေအကုန်လုံးက သာမန်အဖြောင့်ကောင်တွေ လုပ်နေကြအရာတွေပဲ။
သူငယ်ချင်းဆက်ဆံရေးလမ်းကြောင်းမှ သူ့စိတ်တွေချော်မထွက်ခင်တုန်းကတောင် လုရွှမ်းကသူ့ကို ကလူ၏သို့မြူ၏သို့ အမြဲလုပ်နေကြပင်။
ယဲ့ယောင်မှာ အခြေအနေအားတည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြီးနောက် လုရွှမ်းရဲ့ဝမ်းဗိုက်ကြွက်သားတွေပေါ် ပြတ်ပြတ်သားသားပင်လက်တင်ကာ သူ့ကိုအဝေးသို့ တွန်းထုတ်လိုက်သည်။ သူကလတ်ဆတ်သည့်လေကို အနည်းငယ်မျှရှိက်သွင်းရင်း ကြိုတင်ဟန့်တားစွာဆိုလေ၏။ "မင်းငါ့ကို အသက်ရှူကျပ်အောင်လုပ်နေတာပဲ၊ ငါ့ကိုအသက်မရှင်စေချင်တော့လို့လား၊ အဲ့ဒါကြောင့်မင်းရဲ့ဗိုက်ကြွက်သားတွေနဲ့ ဖိသတ်ဖို့ကြံနေတာလား?"
သူဒါကိုပြောသည့်အချိန်တွင် ယဲ့ယောင်ရဲ့အမူအရာမှာ ထုံးစံအတိုင်းမပြောင်းမလဲရှိနေပေမယ့် သူ့ရဲ့အသားအရောင်မှာတော့ ပြောင်းလဲနေခဲ့သည်။ သူ့တွင်အမြဲတမ်းဖြူဖျော့နေပြီး ပါးလွှာသည့်အရေပြားရှိကာ မျက်နှာမှာအနည်းငယ်ရှက်သွေးဖြန်းနေရင်တောင် အတော်လေးသိသာ၊မြင်သာလေသည်။
ယဲ့ယောင်ရဲ့ သွေးရောင်ဖြန်းနေသောမျက်နှာအားကြည့်ရင်း လုရွှမ်းမှာတိတ်ကျသွားသည်။ အဲ့ဒီနောက် ဘယ်လိုကြည့်ကြည့် မရိုးဖြောင့်သည့်အပြုံးတစ်ခုအား ပြုံးပြလာခဲ့၏။
ယဲ့ယောင်ရဲ့မျက်နှာက ဆက်ပြီးတည်ငြိမ်နေဆဲ "မင်းဘာကို ရယ်နေတာလဲ?"
လုရွှမ်းများ သူ့ရဲ့ရှက်သွေးဖြာနေတာက ထူးဆန်းတယ်လို့ထင်ပြီး တစ်စုံတစ်ခုမှားနေမှန်း သတိထားမိသွားလို့များလား?
"ဘာအတွက်နဲ့ မင်းရဲ့အသက်ရှူတာကို ထိန်းချုပ်နေရတာလဲ? ကျောင်းသားယဲ့တော့ ငါ့ရဲ့ခန္ဓာကိုယ်ကြောင့်ဆွဲဆောင်ခံလိုက်ရပြီး ရှက်သွေးဖြန်းနေတာထင်တယ်" လုရွှမ်းကဆိုလေ၏။
ယဲ့ယောင်ရဲ့နှလုံးမှာ ဒုတ်ခနဲမြည်ဟီးသွားသည်။
"လောကဝတ်အရ မင်းလည်းအခွင့်အရေးပြန်ပေးသင့်တယ်နော်။ ငါ့ဝမ်းဗိုက်ကြွက်သားတွေကို မင်းထိထားတာ၊ ငါလည်းမင်းဟာကိုပြန်မြင်ချင်တယ်" လုရွှမ်းကဆက်ပြောတယ်။
ယဲ့ယောင် :"......"
သူ့ရဲ့အစောပိုင်းကပူပန်မှုတွေက တကယ်ကိုရူးနှမ်းနေတာပဲ။ အရူးတစ်ယောက်က အရူးတစ်ယောက်အတွက် တံခါးဖွင့်ပေးပြီး အရူးတစ်ယောက်ကထွက်လာတယ်။ ရိုးတွင်းခြင်ဆီထဲကိုထိ စောက်ရမ်းရူးနှမ်းနေတာပဲဟ။
လက်တွေ့သမားလုရွှမ်းက လှုပ်ရှားမှုတစ်ခုပြုလုပ်လာသည်၊ သို့ပေမယ့် ယဲ့ယောင်မှာသူ့ကိုလျင်မြန်စွာပဲ တားဆီးကာကွယ်လိုက်သည်။
"မင်းဟာက ကျိုးကြောင်းကိုမဆီလျော်တော့ဘူး" လုရွှမ်းက အလေးအနက်ပြောလာသည်။ "အများသုံးရေချိုးခန်းတွေကို သွားပြီး အတူရေချိုးမယ်လို့ ငါပြောတဲ့အချိန်တိုင်းလည်း မင်းမလိုက်ဘူး၊ မင်းတစ်ယောက်တည်းပဲ နောက်ကျောကိုအချင်းချင်းမပွတ်ပေးချင်တာ။ အဲ့လိုဆိုငါတို့ဆက်ဆံရေးကို တိုးတက်ပြီးခိုင်မြဲအောင် ဘယ်လိုလုပ်ကြတော့မလဲ?"
ယဲ့ယောင်မှာတောင်ပိုင်းသားဖြစ်၍ မြောက်ပိုင်းရှိ အများသုံးရေချိုးခန်းအကျယ်ကြီးတွေကို သဘာဝအလျောက်အံ့ဩကြောက်ရွံ့တတ်သည်။ သူနဲ့လုရွှမ်းတက္ကသိုလ်တက်ဖို့ မြို့ပေါ်တက်လာတော့လည်း အိပ်ဆောင်တိုင်း ကိုယ်ပိုင်ရေချိုးခန်းရှိခြင်းကြောင့် အများသုံးရေချိုးခန်းတွေဆီသို့ မသွားဖြစ်ကြ။
ပထမက မြောက်ပိုင်းဒေသရဲ့ရေချိုးသည့်ပုံစံကို ကျင့်သားမရသေးတာကြောင့် အများသုံးရေချိုးခန်းသို့အတူသွားရန် လုရွှမ်း၏ဖိတ်ခေါ်ချက်အား သူငြင်းခဲ့သည်။ နောက်ပိုင်းမှာတော့ သူ့ရဲ့သူငယ်ချင်းဆက်ဆံရေးပြောင်းလဲသွားခဲ့ပြီး အများသုံးရေချိုးခန်းသို့သွား၍ ကိုယ်လုံးတီးလုရွမ်းနဲ့ရင်ဆိုင်ဖို့ဆိုတာ သူ့အတွက်ပို၍ပင်မဖြစ်နိုင်တော့ချေ။
လုရွှမ်းပြောတဲ့စကားတွေက ယုတ္တိမရှိဘူးလို့ ယဲ့ယောင်ခံစားလိုက်ရကာ သံသယဖြစ်စွာမျက်မှောင်ကြုတ်လိုက်ပြီး "ငါတို့ဆက်ဆံရေး တိုးတက်အောင်လုပ်တာနဲ့ ဒါကဘာဆိုင်လို့လဲ၊ ငါတို့မှာ အတော်လေးကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေပြီးပြီလို့ ငါထင်တယ်"
"ဘယ်လိုမသက်ဆိုင်ရမှာလဲ?" လုရွှမ်းမျက်ခုံးတွေကို ပင့်မြောက်လျက် "မင်းအခြားသူတွေရဲ့အထင်အမြင်တွေကို တွေးနေတာမလား၊ ဟုတ်တယ်မလား?"
အိပ်ရာပေါ်လှဲရင်း ဖရဲသီးစားနေသည့်ရှောင်ပန်မှာ စိတ်အားထက်သန်စွာနှင့်ခေါင်းပြူထွက်လာပြီး တက်တက်ကြွကြွနှင့် မြှောက်ပေးလာသည်။ "မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ ယဲ့ယောင် မင်းလုကောနဲ့အများသုံးရေချိုးခန်းကို တစ်ခါမှမသွားဖူးဘူးလား? ရေအတူချိုးတာက ညီအစ်ကိုတိုင်းလုပ်ကြတဲ့အရာလေ။ မင်းတို့နှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပဲကို၊ မရှက်စမ်းပါနဲ့ယဲ့ယောင်ရာ မင်းကိုယ်တိုင်ရေချိုးတာထက် အများသုံးရေချိုးခန်းတွေမှာသွားချိုးတာက တကယ်ကိုပိုသန့်ရှင်းတယ်ကွ"
ဝမ်ခဲ့ကလည်း ခေါင်းတညိတ်ညိတ်နှင့် "တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းရိုးသားတာကောင်းတာပဲလေ၊ အတော်လေးကောင်းမွန်တာပဲကို"
ယဲ့ယောင် : "......"
ပွင့်ပွင့်လင်းလင်းပြောရရင် သူသာအခြေအနေတွေကို မထိန်းချုပ်နိုင်ခဲ့သည်ရှိသော် သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးက အငွေ့တွေလိုပျောက်ကွယ်သွားမှာ စိုးမိတယ်။
"မင်းမသွားချင်လည်း ရပါတယ်။ အနည်းဆုံးတော့ငါ့ကို အကြောင်းပြချက်ပေး" လုရွှမ်းကပြောသည်။
ယဲ့ယောင် သတိထားလျက်ပြန်ဖြေလိုက်သည်။ "လူအများကြီးရှိနေမှာ၊ အဲ့လိုဆို ငါသက်တောင့်သက်သာမရှိဘူး။ အဲ့ဒါကြောင့်မသွားချင်တာ"
လုရွှမ်းက သူ့လက်မောင်းတွေကို တင်းတင်းဆုပ်ကိုင်ကာ "ဒါဆို မင်းပြောတာက ဘယ်သူမှမင်းကို မမြင်နိုင်ရင်တော့ သွားဖို့ဆန္ဒရှိတယ်ပေါ့?"
ဘယ်သူမှသူ့ကို မမြင်နိုင်ဘူး?
ယဲ့ယောင် မျက်မှောင်ကုတ်လိုက်တယ်၊ ရေချိုးအဆောက်အအုံအပေါ် သူ၏အထင်အမြင်လွဲမှုကို တွေးနေရင်း လုရွှမ်းရည်ညွှန်းသည့်ရေချိုးအဆောက်အအုံမှာ တစ်ယောက်စာအခန်းငယ်များစွာပါရှိသည်ဟု သူခံစားမိသည်။
လုရွှမ်းနဲ့ တိုက်ရိုက်မျက်နှာချင်းမဆိုင်ရသရွေ့ ထိုတစ်ယောက်စာအခန်းငယ်ထဲသွားရလည်း သူ့အတွက်ကိစ္စမရှိ။
လုရွှမ်းက သူရေချိုးနေရင်းတန်းလန်း အခန်းငယ်ထဲဝင်လာရင်တောင် သူ့နောက်ကျောကိုပဲမြင်ရလိမ့်မယ်။ သူကနံရံကိုမျက်နှာမူထားပြီး စိတ်အာရုံမပြောင်းလဲအောင် မျက်လုံးတွေကို မြင်ကွင်းမှဆက်ကွယ်ထားမည်။
ယဲ့ယောင် ထိုသို့တွေးကာ ခေါင်းညိတ်လိုက်၏။
............
ယဲ့ယောင်မှာ စိတ်ပိုင်းဆိုင်ရာပြိုလဲသွားတော့၏။
ရေချိုးအဆောက်အအုံမှာ နှစ်ယောက်တွဲအခန်းတွေလည်းရှိမှန်း ဘာလို့တစ်ယောက်မှ သူ့ကိုမပြောကြတာလဲ?
ယဲ့ယောင်ခြေတစ်လှမ်းနောက်ဆုတ်လိုက်တော့ သူ့အနောက်တွင်ရှိနေသော လုရွှမ်းနှင့်ဝင်တိုက်သွားမိ၏။
လုရွှမ်းကသူ့ကို ပုခုံးတွေဖြင့်ထိန်းထားပြီး သူ့ရဲ့နက်မှောင်ကျဥ်းမြောင်းသော မျက်ဝန်းတစ်စုံမှာတော့ ရွှင်မြူးရိပ်တွေပြည့်နှက်နေလျက် "အရမ်းစိတ်လှုပ်ရှားနေလို့လား? အလျင်လိုစရာမလိုဘူးလေ၊ ငါတို့အချိန်ယူကြတာပေါ့"
"ဘယ်သူမှမရှိဘူးဆိုလို့ ငါတို့သဘောတူခဲ့တာလို့ထင်ခဲ့တာ?" ယဲ့ယောင်ကမေး၏။
"ဟုတ်တယ်လေ၊ ဒီမှာတစ်ခြားဘယ်သူမှမရှိဘူး" လုရွှမ်းကခေါင်းညိတ်ကာ သူ့မျက်နှာတွင်ပြောဖို့တောင်မလိုဘူးဟူသော အမူအရာဖြင့် သူကဆက်ပြောလာသည်။ "ငါကတော့ တစ်ခြားသူတွေနဲ့ မတူဘူးလေ"
ယဲ့ယောင် :"......"
အချိန်အခါမသင့်သည့် ယုံကြည်မှုရှိခြင်းက လုရွှမ်းရဲ့မျက်နှာသို့ တစ်ခါတလေထိုးပစ်ချင်စိတ်တွေ ဖြစ်ပေါ်လာစေသည်။
လုရွှမ်းမှာတောင့်တင်းနေသော ယဲ့ယောင်တစ်ယောက်ကို အတွင်းထဲသို့ဦးဆောင်ခေါ်သွားပြီး သေးငယ်သောရေချိုးကန်ရှေ့၌ ရပ်လိုက်သည်။
ယဲ့ယောင် ရေကိုငုံ့ကြည့်နေစဥ် လုရွှမ်းသည် နောက်ဆုံးတွင်တော့ ကျိုးကြောင်းဆီလျော်သည့်တစ်စုံတစ်ရာအား ပြောလာပါ၏။ "စိတ်ကိုလျှော့လေ၊ ငါမင်းကို မရယ်ပါဘူး ...... ဒါမှမဟုတ် အင်တာနက်ပေါ်က အဲ့နှာဘူးကောင်တွေလို ငါကမင်းကိုတစ်ခုခု အတင်းအကျပ်လုပ်မှာစိုးလို့လား?"
လုရွှမ်းကရပ်လိုက်ပြီးနောက် တိုးတိုးလေးပြောလာသည်။ "မကြောက်ပါနဲ့၊ အဲ့လိုဖြစ်မှာမဟုတ်ပါဘူး"
ယဲ့ယောင် လုရွှမ်းအား အခိုက်အတန့်တစ်ခုလောက် ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကြား တကယ့်နှာဘူးကဘယ်သူဆိုတာ လုရွှမ်းမှာမသိနိုင်ကြောင်းစဥ်းစားရင်းနဲ့ပေါ့။
အခြေအနေတွေက ဒီထိတောင်ရောက်လာပြီးပြီဆိုမှတော့ ဒီထက်ပို၍ ယောင်ခြောက်ဆယ်လုပ်နေရင် ထူးဆန်းနေလိမ့်တော့မည်။
ယဲ့ယောင် လှည့်ပတ်ကြည့်ကာ သူ့ရှပ်အင်္ကျီကိုဆွဲကိုင်ရင်းဖြင့် နှစ်ယောက်တွဲရေချိုးကန်ထဲ ပရိဘောဂအစုံအလင် တပ်ဆင်ထားသည်ကို လေ့လာကြည့်ပြီး သူ့ကိုယ်ပေါ်မှ အင်္ကျီကိုအလွယ်တကူပဲဆွဲချွတ်လိုက်တော့သည်။ သူ့ရဲ့ထူထဲနက်မှောင်သောမျက်တောင်လေးတွေကို ပင့်မလိုက်ပြီး သူ့ကိုစူးစိုက်စွာစိုက်ကြည့်နေကာ မတ်တပ်ရပ်နေဆဲဖြစ်သော လုရွှမ်းအားကြည့်လိုက်သည်။
"မင်းဘာကိုကြည့်နေတာလဲ၊ ဘာလို့်နေရာမရွေ့တာလဲ၊ မင်းဒီကိုလာတာ ရေချိုးဖို့မဟုတ်ဘူးလား?" ယဲ့ယောင်မေးလိုက်သည်။
ယဲ့ယောင်ရဲ့ခြေတံလက်တံလေးတွေက သွယ်လျတယ်။ သူ့ခန္ဓာကိုယ်အခြေအနေက အပြည့်အစုံမရင့်ကျက်သေးသောလူငယ်အရွယ်နှင့် ဆယ်ကျော်သက်အရွယ်ကြား၌ ရှိနေပြီး ငယ်ရွယ်ပျိုမျစ်မှုကိုခံစားရဆဲပင်။
အလွန်လှပသည့် ခန္ဓာကိုယ်လေးတစ်ခုဖြစ်ကာ တစ်စုံတစ်ယောက်အား အလွန်သဘောကျနှစ်ခြိုက်စေလေသည်။
ယဲ့ယောင်ရဲ့သတိပေးချက်ကို ရပြီးနောက် လုရွှမ်းဖြည်းညင်းစွာ စတင်ရွေ့လျားလာတယ်။ လုရွှမ်းအင်္ကျီတွေကိုချွတ်နေစဥ် ယဲ့ယောင်မှာလည်း အမြန်ချွတ်ချကာရေထဲဆင်းလိုက်တော့သည်။ မျက်လုံးတွေကိုမှိတ်ထားပြီး အနားယူဟန်ဆောင်နေလိုက်သည်။
မျက်လုံးကန်းချင်ယောင်ဆောင်နေရင် ရေရှည်သူငယ်ချင်းဆက်ဆံရေးကို ထိန်းထားနိုင်လိမ့်မယ်။
သူ့မျက်လုံးတွေကိုမဖွင့်ခင် လုရွှမ်းရေထဲဆင်းလာတာသည်အထိ စောင့်နေခဲ့သည်။ လုရွှမ်းရဲ့အပေါ်ပိုင်းခန္ဓာကိုယ် တစ်ဝက်လောက်ကသာ ရေပေါ်၌ရှင်းရှင်းလင်းလင်း မြင်နိုင်နေမှာဖြစ်တာကြောင့် လုရွှမ်းရဲ့ခန္ဓာကိုယ်မြင်ကွင်းမှ သူ့ရဲ့သမာဓိကို မဆုံးရှုံးလိုက်ရနိုင်ပေ။
ယဲ့ယောင်မှာအခြေအနေတစ်ခုလုံးအား စိတ်တွင်ချင့်ချိန်မှန်းဆနေစဥ် သူ့ပါးနှစ်ဖက်မှာ ကြီးမားသောလက်တစ်စုံ၏ ရုတ်တရတ်ဖမ်းဆုပ်ခြင်းခံလိုက်ရသည်။
ထိုလက်တွေက ယဲ့ယောင်ရဲ့ပါးစုန့်ကအသားလေးတွေကို စက်ဝိုင်းသဏ္ဌာန်ပွတ်နေပြီး အတွင်းသို့ဖိညှစ်ဖို့ကြိုးစားကာ ယဲ့ယောင်ရဲ့နှုတ်ခမ်းလေးတွေကို အတင်းအကျပ်ကျုံ၍ ဆူထွက်လာစေသည်။
ဤအခြေအနေ၌ ယဲ့ယောင်မှာကန်းချင်ယောင်ဆောင်နေ၍ မဖြစ်တော့။ ထို့ကြောင့် သူ့မျက်လုံးတွေကို အမေးသင်္ကေတတွေပြည့်နှက်လျက်ဖွင့်လိုက်တော့ ရေချိုးကန်ဘေး၌ရပ်နေကာမှီချ၍ သူ့မျက်နှာအားပွတ်ရန်လက်လှမ်းနေသော လုရွှမ်းအားမြင်လိုက်ရသည်။
ကိုယ်တုံးလုံးနဲ့လုရွှမ်းမှာ သူမြင်သင့်သည်အရာတွေရော၊ မမြင်သင့်သည့်အရာတွေကိုပါ သူ့အားတိုက်ရိုက်ကြည့်ရှူခွင့်ပေးလိုက်ပြီး ယဲ့ယောင်ရဲ့တည်ငြိမ်နေသောပုံပန်းသွင်ပြင်အား အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေတော့လေ၏။
ယဲ့ယောင် အခုအခိုက်အတန့်၌ခံစားနေရသည်မှာ သူသည် ဥပဒေဌာနကကျောင်းသားမဟုတ်တော့ပဲ အနုပညာဖျော်ဖြေရေးဌာနမှ အရည်အချင်းရှိသည့်မင်းသားတစ်လက်ဖြစ်နေသည်ဟူ၍ပင်။
ဒါပေါ့ လုရွှမ်းရဲ့လက်က သူ့မျက်နှာကိုဖိညှစ်ထားတာကြောင့် သူ့အမူအရာကိုတွန့်လိမ်ရှုံ့တွသွားစေပြီး သူ့ကိုအလွန့်အလွန်လည်းအကူအညီဖြစ်စေ၏။
(TN/ သူ့မျက်နှာကိုညှစ်ထားတော့ မျက်နှာပျက်ယွင်းသွားတာကို လုရွှမ်းမတွေ့ရတော့ဘူးလို့ပြောချင်တာပါ)
ယဲ့ယောင်မျက်မှောင်ကြုတ်ကာ ဖိနှိပ်ချုပ်ထိန်းထားရသည့်အသံနှင့် "မင်းဘာလုပ်နေတာလဲ?"
လုရွှမ်းက ရယ်မောလိုက်သည်။
"ငါကမင်းကိုလူရမ်းကားတစ်ယောက်လို လုပ်နေတယ်လို့ မင်းအမြဲတမ်းပြောတယ်မလား?" အပြင်လူတွေနဲ့ဆို အေးစက်ရက်စက်တတ်သောနတ်ဘုရားလုရွှမ်းမှာ မျက်နှာပေါ်၌နောက်နောက်ပြောင်ပြောင်အမူအရာဖြင့် ယဲ့ယောင်ထံမျက်စိတစ်ဖက်မှိတ်ပြကာ "အဲ့တော့ မင်းကငါ့ကို လူရမ်းကားတစ်ယောက်လိုလုပ်ပြီး ပြန်လက်စားချေရမယ့် အခွင့်အရေးမလိုချင်ဘူးလား?"
×××××××
Thanks for Reading
12/4/2023