⦅ဖြောင့်မတ်မှန်ကန်သောကြင်ယာတော်လေးရဲ့အရည်အချင်းများ⦆
*******
အဆောင်ကိုပြန်ရောက်တော့ ယဲ့ယောင်မှာချွေးနံ့မခံနိုင်၍ရေသွားချိုးနေစဉ် လုရွှမ်းမှာတော့ယဲ့ယောင်ရဲ့ကတိကြောင့် စိတ်ကောင်းလေးဝင်နေကာ စားပွဲ၌ဝင်ထိုင်၍ ဖုန်းဆော့နေလေ၏။
နှုတ်ခမ်းပေါ်အပြုံးတစ်ခု ချိတ်ဆွဲလျက် ကျောင်းရဲ့အမည်မသိဖိုရမ်ကို မနှိပ်မှီ လုရွှမ်းမှာအမျိုးမျိုးသော appတွေထဲဝင်ကာလျှောက်ကြည့်နေလေသည်။
လုရွှမ်းက ကျောင်းရဲ့ထိုအမည်မသိဖိုရမ်ကို သိပ်မသုံးတာကြောင့် သူဝင်ရောက်သွားသည့်အခါမှာ စည်စည်ကားကားရှိနေ၍ အံ့အားသင့်သွားရသည်။ ဖိုရမ်၏ပထမစာမျက်နှာတွင် မကြာသေးခင်ကမှတင်ထားသော ပို့စ်များဖြင့်ပြည့်နှက်လျက် ထိုထဲမှာမှ ပွဲအစည်ဆုံးပို့စ်သုံးခုမှာ-
«ငါတော့ခေါင်းရှုပ်နေပြီ။ ငါကအဖြောင့်တစ်ယောက် ပြီးတော့ ငါ့ကောင်လေးကလည်း အဖြောင့်ပဲဖြစ်ရမယ်။ နားလည်ရင် ဝင်ကြည့်လိုက်»
«အလှလေးယဲ့၏ အလှရသအား ခံစားနိုင်သည့်ပေ့ခ်ျ - Antiများမဝင်ရ!»
«လုမျိုးရိုးရဲ့ အသေကောင်တွေကို ချိုးဖောက်မယ့်ဓာတ်ပုံများ- မြန်မြန်ဝင်ကြည့်ကြ»
လုရွှမ်း မျက်ခုံးပင့်ကာ ပထမတစ်ခုကို သူ့ရဲ့အထင်အမြင်အရ နှိပ်လိုက်သည်။
အထဲသို့ရောက်သည်နှင့် လုရွှမ်းရဲ့မြင်ကွင်ကွင်းထဲ ပထမဆုံးဝင်ရောက်လာသည့်အရာမှာ ပြုပြင်ထားသောဓာတ်ပုံတစ်ပုံပင်ဖြစ်၏။
ထိုဓာတ်ပုံမှာ ဒီနေ့လည်ခင်းတုန်းက ဘတ်စကက်ဘောကစားပွဲမှပုံဖြစ်ပြီး ဓာတ်ပုံအလယ်တွင် သူနဲ့ယဲ့ယောင်မှာ မှုန်ဝါးထားသောတခြားအသင်းဖော်အချို့ကိုဖြတ်၍ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံနေလေ၏။ ပို့စ်ပိုင်ရှင်မှာ သူတို့နှစ်ယောက်ပတ်လည်တွင် ပန်းရောင်ပူဖောင်းလေးတွေပါ ထည့်ပေးထားပြီး အချင်းချင်းကြည့်နေတဲ့သူတို့အကြည့်တွေကို အနီရောင်လိုင်းလေးတွေပါဆွဲထားလေ၏။
ပို့စ်ပိုင်ရှင် : 【ဝူးဝူးဝူး ဒီစိုက်ကြည့်နေတဲ့အကြည့်တွေ။ သူငယ်ချင်းတွေပါလို့သူတို့ပြောရင် ငါတော့မယုံဘူးဟေ့။ နှစ်ယောက်ကြားထဲ လျှို့ဝှက်အချစ်ဇာတ်လမ်းလေးတော့ရှိရမယ်!】
ထိုပုံမှာ ပန်းရောင်ထနေပြီး အရမ်းစိတ်ကူးယဉ်ဆန်လွန်းနေတယ်။ အထူးသဖြင့်ယဲ့ယောင်ရဲ့အနည်းငယ်အဖက်မလုပ်တဲ့ မျက်နှာပေးကြောင့် လုရွှမ်းမှာ မထိန်းနိုင်တော့ပဲ အကျယ်ကြီးရယ်မောလိုက်တယ်။
လုရွှမ်း ပုံကိုsaveလိုက်ပြီး ရွှင်မြူးစွာနှင့်ဆက်ဖတ်ကြည့်ရာ နှစ်ယောက်တွဲပုံတွေအပြင် သူနဲ့ယဲ့ယောင်ရဲ့ဆက်ဆံရေးကို ထင်ကြေးပေးနေကြတာတွေပါ တွေ့လိုက်ရသည်။
ဥပမာအနေနဲ့ သူကယဲ့ယောင်ကို တစ်ဝက်သောက်ပြီးသား အားဖြည့်အချိုရည်ကိုပေးလိုက်တဲ့အခါ လူရှေ့သူရှေ့မှာသွယ်ဝိုက်နမ်းခြင်းဖြင့် သူ့ရဲ့လွှမ်းမိုးချုပ်ကိုင်လိုမှုကို ရဲရဲတင်းတင်းကြေညာဖို့ကြိုးစားလိုက်တာပဲဖြစ်ရမယ်ဆိုတာရယ်
နောက်ဥပမာအနေနဲ့က အားကစားကွင်းထဲကနေထွက်လာတော့ ယဲ့ယောင်ရဲ့ပုခုံးကိုသူ့လက်မောင်းတွေနဲ့ဖက်ထားပြီး လွှတ်မပေးပဲအတူတူကပ်နေတာက ဒီချောမောတဲ့ကျောင်းမြက်လေးနှစ်ယောက်မှာ အတူတူပေါင်းစည်းချိတ်ဆက်သွားပြီဖြစ်ကြောင်း၊ ငပျင်းတွေကနောက်ဆုတ်လိုက်သင့်ကြောင်းဟူ၍ သူ့ရဲ့ပြိုင်ဘက်တွေနဲ့ သူ့ကိုပိုးပန်းသူတွေကို ကြေညာလိုက်တာပဲ ဆိုတာတွေရယ်ပင်။
လုရွှမ်းရဲ့နှုတ်ခမ်းထောင့်လေးက ကွေးတက်သွားကာ သူဒီလိုလုပ်ရပ်တွေလုပ်တုန်းက သူ့စိတ်ထဲအဲ့လိုအတွေးတွေရှိမနေခဲ့သော်လည်း ဒီလိုကောင်းမွန်တဲ့ကျီစယ်စကားမျိုးတွေက သူ့ကိုစိတ်အနှောင့်အယှက်မဖြစ်စေပေ။ သူနဲ့ယဲ့ယောင်အတွက် နောက်ပြောင်တယ်ဆိုတာပုံမှန်ပါပဲ။ ပြီးတော့ဒီပုံတွေကလည်း ကောင်းကောင်းရိုက်ထားတာတွေ။
လုရွှမ်းပုံတွေအားလုံးကို တစ်ချက်နှိပ်ရင်း saveလိုက်ပြီး ထိုပေ့ခ်ျမှကျေနပ်စွာထွက်လာလိုက်သည်။
အဲ့ဒီနောက် "အလှလေးယဲ့၏ အလှရသအား ခံစားနိုင်သည့်ပေ့ခ်ျ" ဟူသော ဒုတိယပို့စ်အား လုရွှမ်းနှိပ်လိုက်သည်။
နှစ်ယောက်ကြားက အပြန်အလှန်တုံ့ပြန်မှုတွေအကြောင်း တင်ထားတဲ့အရင်ပို့စ်ထက် ဒီပို့စ်တွင်တော့ ယဲ့ယောင်ရဲ့မျက်နှာကို ကြည်တောက်ရှင်းနေအောင်ပြဖို့ရန် ကင်မရာရိုက်ချက်ဖြင့် အလေးပေးကာရိုက်ထားလေသည်။
ယဲ့ယောင်ကလုရွှမ်းကို ကျောင်းတွင်းနတ်ဘုရားဆိုပြီးအမြဲပြောနေပေမယ့် သူကိုယ်တိုင်ကလည်း လုံးဝကြည့်မကောင်းနေတာမဟုတ်။
လုရွှမ်းရဲ့ ချောမောခန့်ညားပြီး ထက်မြတ်တဲ့အသွင်အပြင်ထက်စာရင် ယဲ့ယောင်ရဲ့အသွင်အပြင်မှာ ပိုပြီးနူးညံ့သိမ်မွေ့လေသည်။ အတိုင်းအတာတစ်ခုလောက်ထိ မိန်းကလေးအဝတ်အစားတွေဝတ်ထားပြီး ဆံပင်အရှည်လေးထား,ထားရင် လူအများထံမှ ခမ်းနားလှတဲ့အလှတရားဟူ၍ပင် အခေါ်ခံရလောက်သည်။
သူ့ရဲ့ဒီလိုမျိုးယောက်ျားလေးရော၊ မိန်းကလေးရောလုပ်လို့ရသည့် gender neutralပုံစံလေးကြောင့် သူ့ရဲ့ကြည့်ကောင်းသည့်အသွင်အပြင်ကို ချီးကျူးကာ ဓာတ်ပုံရိုက်ယူကြသည့်သူတွေမှာ သဘာဝကျစွာပဲ ပြတ်လပ်သည်ဟူ၍ပင်မရှိ။ ပေ့ခ်ျတစ်ခုလုံး အလှဓာတ်ပုံမျိုးစုံတွေနဲ့ သဘောကျချီးမွန်းနေသည့် မှတ်ချက်မျိုးစုံတို့ဖြင့် ပြည့်နှက်လို့နေသည်။
လုရွှမ်းမှာ အောက်သို့ဖြည်းဖြည်းချင်းဆွဲချကာ ယဲ့ယောင်ရဲ့တစ်ကိုယ်တည်းရိုက်ထားသည့်ဓာတ်ပုံတိုင်းကို ဂရုတစိုက်လိုက်သိမ်းဆည်းနေပြီး တစ်ချိန်တည်းမှာပဲ လူတွေရဲ့မှတ်ချက်တွေကိုဖတ်နေလေသည်။
ဒါကအမည်မသိဖိုရမ် ဖြစ်တာကြောင့်ထင်ပါရဲ့ လူတွေမှာ စကားပြောရာတွင် ရှက်ကြောက်မနေကြချေ။
【အိုးမို့ ငါ့အမျိုးသားလေးရဲ့အရေပြားကအရမ်းပါးတာပဲဟယ်။ သူ့မျက်နှာပေါ်မှာရှက်သွေးဖြာနေတာ နင်တို့မြင်လား? အဲ့ဒါလေ့ကျင့်ခန်းလုပ်လို့ ပူပြီးသူ့မျက်နှာရဲနေတာမဟုတ်ဘူး။ ငါ့ကိုမြင်လို့သူရှက်နေတာ!】
【နင်အဲ့လိုပြောလိုက်လို့ ယဲ့ယဲ့ကငါ့ကိုဖက်ပြီး နာရီဝက်လောက်ချော့နေတာဟဲ့】
【နင်တို့ရဲ့စိတ်ကူးယဉ်နေတာတွေကိုဖျက်ဆီးဖို့ငါမစောင့်နိုင်တော့ဘူး။ တကယ်တော့ ညတိုင်းသူကငါ့ကိုဖက်ပြီးအိပ်တာပါနော်။ အပေါ်ကပြောထားတာတော့မှန်တယ်။ သူ့အရေပြားကတကယ်ပါးတယ်။ အချစ်ကိစ္စတွေလုပ်တဲ့အခါကျ သူ့ရဲ့လည်စလုတ်လေးကို ညင်ညင်သာသာလေးကိုက်လိုက်ရင် တဖြည်းဖြည်းနဲ့ပန်းရောင်ပြောင်းသွားတဲ့သူ့ကို တွေ့ရလိမ့်မယ်။ ဟီးဟီးဟီး သူ့အနံ့လေးက မွှေးနေတာပဲဟယ်】
လုရွှမ်းနောက်ဆုံးမှတ်ချက်ကို စက္ကန့်အတော်ကြာစိုက်ကြည့်နေသည်။ အဲ့ဒီနောက် မှတ်ချက်ရဲ့ဘယ်ဘက်အပေါ်ထောင့်ကိုနှိပ်ကာ 'အန္တရာယ်ရှိသည့်အယူအဆများ'ဟူသော တိုင်ကြားချက်ကိုနှိပ်လိုက်တော့သည်။
အဓိပ္ပါယ်မရှိတာတွေ! သူကသာ ယဲ့ယောင်နဲ့ညတိုင်းအိပ်တာလေ။ သူနမ်းတုန်းက ယဲ့ယောင်ပန်းရောင်ပြောင်းသွားတာကိုကျ သူကဘယ်လိုလုပ်မသိရတာလဲ?
ဖိုရမ်ပေါ်က သန့်ရှင်းတဲ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ကလူတိုင်းရဲ့တာဝန်ပင်။
လုရွှမ်းမှာ မယုံကြည်နိုင်သောခံစားချက်ဖြင့်အောက်သို့ဆက်ဆွဲချကြည့်ပြီး စာတစ်ချို့ကိုမြင်လိုက်ရသည့်အခါ သူ့မျက်နှာမှာ ရုတ်တရတ်ငူငိုင်သွားခဲ့တော့သည်။
အရှေ့က ပရောပရည်လုပ်ကာနောက်ပြောင်ထားသည်များနှင့်မတူစွာ အောက်ရှိစာများမှာ မလိုတမာစိတ်များ သိသိသာသာပြည့်နှက်လို့နေသည်။
【အခြောက်ပါကွာ၊ နင်တို့လိုအလှအပမခံစားတတ်တဲ့မိန်းကလေးတွေပဲ အဲ့လိုလူကိုကြိုက်နေကြ။ နည်းနည်းလေးတောင်ယောက်ျားမပီသဘူး။ ရွံဖို့ကောင်းတယ်၊ ဒီလောင်ဇူတော့ အန်လိုက်ပြီ။】
【အရမ်းလှတာပဲ၊ တစ်ခါလောက်အထိုးခံလိုက်ရတာနဲ့ အကြာကြီးငိုနေမှာပဲနော်။ အိုး မစ္စတာယဲ့ရေ အပြင်လေးဘာလေးထွက်ရင် ကိုယ်ရံတော်တစ်ယောက်လောက်ခေါ်ပြီးထွက်တာပိုကောင်းတယ်နော် မဟုတ်ရင် ဘာဖြစ်မယ်မှန်းဘယ်သူကသိမှာလဲ】
【ဘယ်သာမန်လူက သူနဲ့ကစားမှာလဲ? သာမန်ကောင်တွေက သူ့ကိုအထင်သေးနေတာ။ ရယ်စရာပဲ】
ထိုစာတွေမှာအလားတူစွာပဲ ဖိုရမ်ရှိအခြားသူများကို ပေါက်ကွဲသွားစေသည်။
【အနီရောင်နှုတ်ခမ်းလေးတွေ၊ ဖြူဖွေးနေတဲ့သွားလေးတွေရှိပြီး သန့်သန့်ရှင်းရှင်းနေရတာကိုသဘောကျတာပဲနဲ့ အခြောက်ဖြစ်ရောလား? နင့်ရဲ့ဉာဏ်တုန်းနေတဲ့ခေါင်းနဲ့ နားတွေက ချွဲကျိနေမယ်ဆိုတာငါသိတယ်!】
【နင့်အမေကိုအသုံးချပြီး လူတွေကိုဆဲဆိုနေတာ အတော်ကြိုက်နေတယ်ပေါ့။ နင့်မှာအမေမရှိဘူးလား?】
【Antiတွေဝင်ခွင့်မပြုဘူးလို့ ပို့စ်မှာပြောထားပြီးသားနော်။ နင်တို့လူစကားနားမလည်ကြတာလား? ထွက်သွားကြ!】
ထိုအခိုက်အတန့်မှာပဲ ခေါင်းစဉ်တွင် 'Antiများ မဝင်ရ'ဟု ဘာကြောင့်ရေးထားမှန်း လုရွှမ်းနားလည်သွားခဲ့တော့သည်။
"ဖာ့ခ် လာပြန်ပြီ၊ မင်းတို့ကောင်တွေ ယဲ့ယောင်နဲ့ လက်တစ်ချောင်းတောင်မယှဉ်နိုင်ပဲနဲ့။ သောက်ကျိုးနည်း သေနာအုပ်စု"
ဒေါသထွက်ကာ ကျိန်ဆဲနေသည့်အသံတစ်သံက လုရွှမ်း၏နားတွေဆီသို့ ရောက်ရှိလာသည်။ သူလှမ်းကြည့်လိုက်တော့ ဝမ်ခဲ့မှာ တစ်ယောက်ယောက်အားကျိန်ဆဲနေရင်း သူ့ဖုန်းအားတတောက်တောက်နှင့် ပြင်းပြင်းထန်ထန်နှိပ်နေတာကိုမြင်လိုက်ရသည်။
လုရွှမ်းရဲ့အကြည့်တွေက ဝမ်ခဲ့ရဲ့အာရုံကိုဖမ်းစားသွားခဲ့ပြီး ခေါင်းထောင်လာကာလုရွှမ်းအားခဏလောက်ကြည့်နေပြီးနောက် သူ့ဖုန်းအားနောက်ကျောသို့ ဆွေ့ခနဲပို့လိုက်သည်။
"လု၊ လုကော မင်းလည်းအဆောင်မှာရှိနေတာပဲ။ မင်းကဘာမှမပြောတော့ ငါမင်းကိုမေ့နေတာ" ဝမ်ခဲ့က ကို့ရို့ကားယားနိုင်စွာရယ်လိုက်သည်။
"မင်းလည်း အဲ့ပို့စ်ကိုဖတ်နေတာလား?" လုရွှမ်း ခပ်ပြတ်ပြတ်မေးလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ?"
"...... လုကောလည်း တွေ့လိုက်တာပဲ" ဝမ်ခဲ့ကာခေါင်းကုတ်လျက် သက်ပြင်းချလိုက်သည်။ "အမည်မသိဖိုရမ်ပေါ်မှာ ယဲ့ယောင်ရဲ့ပုံစံကို အမြဲတမ်းတိုက်ခိုက်နေကြတဲ့ လူ့အမှိုက်အုပ်စုရှိတယ်။ အရင်ကအဆင်ပြေနေပေမယ့် ယဲ့ယောင်ကကောင်မလေးတွေကြားထဲ ပိုပြီးရေပန်းစားလာတော့ အဲ့လူတွေကလည်း ပိုပိုပြီးဆိုးလာကြတယ်။ ဒါကိုယဲ့ယောင်ဆီကနေဖုံးကွယ်ထားရင် ကောင်းမယ်ထင်တယ်။ အမည်မသိဖိုရမ်အတွက်နဲ့ သူ့ကိုစိတ်မကောင်းမဖြစ်စေချင်ဘူး။ အဲ့ကောင်တွေက အပြင်မှာတော့ မလုပ်ရဲလောက်ဘူး"
ရေချိုးခန်းထဲက ရေကျသံတွေရပ်သွားပြီး ယဲ့ယောင်ရေချိုးခန်းတံခါးဖွင့်ကာ ထွက်လာသည်။
အဖြူရောင်တီရှပ်အပွက သူ့ကိုပိုပြီးတောင် ကြော့ရှင်းသွယ်လျသွားစေသည်။လက်တစ်ဖက်က တဘက်ကိုကိုင်ကာ ဆံပင်မှရေစက်လေးတွေ တစက်စက်ကျနေသည်ကိုသုတ်နေပြီး တစ်ဖက်ရှိအဝတ်ချိတ်စင်သို့သွားကာ လသာဆောင်တွင် လှန်းထားသောအဝတ်များကိုစုဆောင်းလိုက်၏။
သူ့ကိုယ်ပိုင်အဝတ်တွေကိုရုတ်ပြီးနောက် ယဲ့ယောင်အခန်းထဲပြန်ဝင်လာကာ မေးလိုက်တယ် "မင်းတို့အဝတ်တွေကိုရော ကူရုတ်ပေးစေချင်လား?"
"ဒါပေါ့!" ဝမ်ခဲ့က သူ့အမူအရာကိုအလိုက်သင့်လေးပြုမူကာ ယဲ့ယောင်ထံသို့အသည်းပုံလက်ဟန်လုပ်ပြလိုက်သည်။ "မင်းရဲ့ကြင်နာမှုအတွက် ငါ့မှာပေးစရာမရှိဘူး။ ငါ့ခန္ဓာကိုယ်ကိုတော့ ပြန်ပေးမယ်လေ"
"အဲ့ဒါတော့အလုပ်မဖြစ်ဘူးကွာ။ ငါ့မှာဖြောင့်မတ်မှန်ကန်တဲ့ ကြင်ရာတော်လေးရှိပြီးသားကွ၊ ကိုယ်လုပ်တော်တွေလက်မခံဘူး" ယဲ့ယောင်ပြုံးလျက် အခြားသူတွေရဲ့အဝတ်တွေရုတ်ပေးဖို့ပြန်လှည့်သွားသည်။
သူလက်မြှောက်လိုက်သည့်အခါ တီရှပ်ကအပေါ်သို့တက်သွားပြီး ဝါးပင်တစ်ပင်လိုတည့်မတ်နေသော ကျစ်လစ်ကျဉ်းမြောင်းသည့်ခါးကောက်ကြောင်းလေးမှာပေါ်ထွက်လာသည်။
ထိုသို့သောနောက်ကျောပုံရိပ်လေးကိုကြည့်နေရင်း လုရွှမ်းမှာ အထက်တန်းကျောင်းတုန်းက ယဲ့ယောင်သူ့ကိုပြောခဲ့တဲ့တစ်စုံတစ်ရာအား သတိရသွားခဲ့သည်။
ထိုအချိန်တုန်းက ယဲ့ယောင်လိုစံပြကျောင်းသားကောင်းလေးက သူ့အရည်အချင်းတွေမှာလည်း မဆိုးကြောင်း မဖော်ပြပဲသူ့လိုကျောင်းသားဆိုးတစ်ယောက်နှင့်ယှဉ်ပြိုင်နိုင်ရလောက်အောင် ဘာကြောင့်တိုက်ခိုက်ရတာလဲဆိုတာ သူအတော်လေးသိချင်မိခဲ့တယ်။
သူတို့သိကျွမ်းလာပြီးနောက်မှာတော့ လုရွှမ်းသူ့ရဲ့သံသယတွေကို ထုတ်မေးလိုက်သည်။ ထိုအချိန်တုန်းက ယဲ့ယောင်မှာလူငယ်လေးတစ်ယောက်၏ တစ်မူထူးသော နူးညံ့သိမ်မွေ့သည့်အသွင်အပြင်လေးနှင့် သူ့ကိုကြည့်ခဲ့သည်။
လုရွှမ်းနောက်ဆုံးမှာတော့ ဘာကြောင့်လဲဆိုတာသိသွားခဲ့၏။
ယဲ့ယောင်မှာ မူလတန်းနှင့်အလယ်တန်းအရွယ်တုန်းက သူ့အသွင်အပြင်လက္ခဏာများမဖွံ့ဖြိုးခင်တွင် ဆံပင်ကိုတမင်တကာတိုကပ်နေအောင်ညှပ်ထားတာတောင်မှ ယဲ့ယောင်ကမိန်းကလေးတစ်ယောက်လိုမျိုး လှပနေခဲ့သည်။
ထိုကဲ့သို့သောကောင်ကလေးမှာ လူစိမ်းပေါင်းစုံ၏ပစ်မှတ်ထားခြင်းကို အလွယ်တကူခံရကာ အတန်းထဲရှိအခြားကောင်လေးတွေရဲ့ အနိုင်ကျင့်ခြင်းနှင့်ဝိုင်းပယ်ခြင်းခံရဖို့လည်း လွယ်ကူလွန်းပေသည်။ ထိုကြောင့်တိုက်ခိုက်ခြင်းသည်သာ သူသင်ယူဖို့လိုအပ်တဲ့ အရည်အချင်းတစ်ခုဖြစ်လာ၏။
ယဲ့ယောင်ကထိုလူတွေကို နှုတ်ပိတ်စေရန်သူ့ခွန်အားကိုတစ်ခါအသုံးပြုဖူးပေမယ့်တက္ကသိုလ်တက်ချိန်မှာလည်း ထိုမလိုမုန်းထားနေသောလူတွေမှာ ထပ်ပေါ်လာပြန်ပြီး ရေမြောင်းထဲပုန်းနေရင်းအတင်းအဖျင်းစကားတွေ ပြောနေပြန်သည်။
"ညီအစ်ကိုလု မင်းစိတ်ဆိုးနေမှန်းငါသိပါတယ်။ ဒါပေမယ့်ယဲ့ယောင်ထွက်လာတဲ့အချိန်မှာ အမူအရာတော့ထိန်းသင့်တယ်နော်" ဝမ်ခဲ့ကလုရွှမ်းကို တိုးတိုးလေးကပ်ပြောလိုက်သည်။ "အမည်မသိရတဲ့နေရာမှာသူတို့ပြောနေတာတွေကို ငါတို့ဘာမှလုပ်မရဘူး။ ပြီးတော့ ယဲ့ယောင်ကိုပေးသိလိုက်ရင်လည်း သူစိတ်ဆိုးတာကလွဲပြီးဘာမှဖြစ်မလာဘူး။ ငါတို့ဘာဆိုဘာမှလုပ်မရဘူး"
လုရွှမ်းဖုန်းကို အိတ်ကပ်ထဲပြန်တွန်းထည့်လိုက်ပြီး ယဲ့ယောင်ရဲ့နောက်ကျောကိုအကြာကြီးကြည့်နေခဲ့သည်။
"ငါဘာမှမလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ?" သူထရပ်လိုက်ပြီး သူ့နှုတ်ခမ်းတွေကကွေးသွားကာ "အရည်အချင်းမရှိပဲနဲ့ ငါကဘယ်လိုလုပ် ဖြောင့်မတ်မှန်ကန်တဲ့ကြင်ယာတော်လေးဖြစ်လာမှာလဲ?"
*
ညအမှောင်ထုက ထူထဲသိပ်သည်းနေပြီး ပျားပန်းခပ်မျှရှုပ်ယှက်ခတ်တတ်သည့်မြို့ကြီးပြကြီးမှာတောင် အလင်းရောင်မရှိသည့်မှောင်မဲနေသောနေရာများရှိလေသည်။
ပုပုဝဝလူငယ်နှစ်ယောက်မှာ ပျော်ဖို့ကောင်းခဲ့သည့်ညထွက်လည်ခြင်းအကြောင်းကို အတွေးများဖလှယ်ရင်း မှိန်ပျပျလူသွားလမ်းလေးထဲ အတူတူလျှောက်လာခဲ့သည်။
"ဒီတစ်ခေါက်ငါတွေ့ခဲ့တဲ့တစ်ယောက်ကိုအတော်လေးအသည်းစွဲနေပြီ၊ ကြည့်လို့လည်းကောင်းပြီး ညုတုတုနဲ့နှိုးဆွပေးတာလည်းလုံလောက်တယ်ကွာ။ အော်တာကလည်း အဆိုတော်ကျနေတာပဲ။ နောက်တစ်ခေါက်ကျမင်းလုပ်ကြည့်သင့်တယ်" တြိဂံပုံမျက်လုံးနဲ့လူက ပြန်ခံစားတွေးတောပြီး စားမြုံ့ပြန်နေသည်။
ကြက်သွန်ဖြူနှာခေါင်းနဲ့အခြားတစ်ယောက်က ခေါင်းခါလိုက်ကာ "မင်းဟာလေးကဈေးကြီးတယ်ဟ။ ငါ့ဟာလေးကိုပဲကပ်ထားမှာ။ ဈေးလည်းတော်တယ် ပြီးတော့ နည်းနည်းမလည်မဝယ်လေး။ ဟီးဟီးး အဲ့လိုလေးကိုချစ်တာ"
"အိုကေပါ" တြိဂံပုံမျက်လုံးနဲ့လူက သူ့ဆံပင်တွေကြားထဲကုတ်ခြစ်ကာ လက်နဲ့အမူအရာတစ်ခုလုပ်လိုက်ပြီး သူ့စိတ်ထဲဘာတွေးနေမှန်းမသိရအောင် သူ့ရဲ့မျက်နှာပေါ်တွင် ညစ်ညမ်းသောအပြုံးတစ်ခုပေါ်လာသည်။ "အဲ့ကောင်မလေးက ငါ့ကိုဘယ်လိုချောကြောင်း၊ ခန့်ကြောင်းအမွှမ်းတင်နေတာကွာ။ အဓိပ္ပါယ်မရှိတာကွာ ငါချောလား၊ မချောလားငါကမသိပဲနေမလား? သူငါ့ကိုအဲ့လိုပြောပေးဖို့လိုလို့လား? အဲ့ယဲ့ယောင်ထက် ငါကအဆတစ်ရာလောက်ကိုပိုခန့်ညားတာကို။ ကျောင်းကကောင်မလေးတွေက တကယ်ကိုအမြင်မရှိကြဘူးကွာ"
ကြက်သွန်ဖြူနှာခေါင်းနဲ့လူက အော့အန်ချင်ယောင်ဆောင်လိုက်ကာ "တော်ပါပြီကွာ။ ဘာအတွက်နဲ့များ မင်းကိုယ်မင်းသူနဲ့နှိုင်းယှဉ်နေတာလဲ? အဲ့ဒါကိုယ့်ကိုကိုယ်နှစ်ပြားမတန်အောင် ပြောနေတာပဲမဟုတ်လား? မင်းသူ့ကို အနှစ်ငါးရာလောက်အားထုတ်ခိုင်းရင်တောင် မင်းရဲ့ယောက်ျားပီသမှုကို သူလိုက်မှီနိုင်မှာမဟုတ်ဘူး။ မိန်းမတွေရဲ့အသားအရည်လိုဖြူဖွေးနေတဲ့ အဲ့အခြောက်ကလေးက လုံးဝယောက်ျားမဟုတ်ဘူး"
ယောက်ျားနှစ်ယောက်မှာ စိတ်တူကိုယ်တူနှင့် ပျော်ရွှင်စွာစကားလက်ဆုံကျနေကြပြီး ထိုနေရာ၌ရှိမနေသည့်တစ်စုံတစ်ယောက်အား အသရေဖျက်ပြောဆိုရင်း စိတ်လှုပ်ရှားပျော်ရွှင်နေကြရာ ၎င်းတို့ရှေ့၌ပေါ်လာသည့် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုအား လျစ်လျူရှုလိုက်ပြတယ်။
နှစ်ယောက်သား မြေပြင်ပေါ်အကန်ခံလိုက်ရမှ ကြက်သေ,သေသွားကြ၏။
"မင်းက ဘယ်ကသောက်ကောင်လဲ၊ ရူးနေတာလားကွ!" တြိဂံမျက်လုံးနဲ့ကောင်က ဒေါသူပုန်ထကာအော်လေသည်။
လမ်းမပေါ်လျှောက်လာရင်း အကြောင်းပြချက်မရှိပဲ အရိုက်ခံလိုက်ရတဲ့ဘယ်သူမဆို ဒေါသကိုမျိုသိပ်နိုင်မှာမဟုတ်။ ထို့ကြောင့်နှစ်ယောက်သားမြေပြင်ပေါ်မှ ချက်ခြင်းပင်ကုန်းထကာ အရပ်ရှည်ရှည်ပုံရိပ်ထံသို့ တဟုန်ထိုးပြေး၍ တိုက်ခိုက်ပြီး၎င်းတို့လက်သီးတွေကို ဝေ့ယမ်းနေကြသည်။
နှစ်ယောက်တစ်ယောက် ရင်ဆိုင်လျက်။ သူတို့ကိုလာရှုပ်တဲ့ဒီလူကို ဒီနေ့တော့နောင်တဆိုတာဘာအဓိပ္ပာယ်လဲ ပြပေးရတာပေါ့!
သို့ပေမယ့် တိုက်ခိုက်မှုက လွယ်လွယ်ကူကူပဲ ချော်ထွက်သွားကာ အလင်းရောင်ကမှိန်ပျနေတာကြောင့် တစ်ဖက်လူရဲ့လှုပ်ရှားမှုတွေကို မမြင်ရသေးခင်မှာတင် ၎င်းတို့ခန္ဓာကိုယ်မှာ နာကျင်မှုများပေါက်ကွဲထွက်လာပြီး မြေပေါ်သို့ထပ်၍ အကန်ချခံလိုက်ရပြန်သည်။
"အော်လေ၊ ဘာလို့ဆက်မအော်တော့တာလဲ?" တြိဂံမျက်လုံးနဲ့ကောင်ရဲ့ကိုယ်ကို တက်နင်းထားရင်းလုရွှမ်းသရော်လိုက်သည်။
"အဟွတ် ......" စိတ်ကြီးဝင်နေသောလူမှာ ယခုတွင်တော့မြေပြင်ပေါ်၌ တုန်ယင်နေပြီး အားနဲ့လုံးဝအနင်းခံထားရသည့်အောက်မှ သူ့အသံမှာမချေမငံထွက်လာခဲ့သည်။ "မင်းနဲ့မကျေမနပ်ဖြစ်ခဲ့တာလည်းမရှိဘူး၊ မလိုမုန်းထားတာလည်းမရှိဘူးလေ။ ညီအစ်ကိုရေ မင်းလူမှားနေတာလား?"
"မကျေမနပ်ဖြစ်ခဲ့တာမရှိဘူး၊ မလိုမုန်းထားတာမရှိဘူး" လုရွှမ်းထိုစကားလုံးများကို ထပ်ခါရေရွတ်လိုက်ပြီး သူနင်းချေထားသည့်လူအပေါ် ပိုအားပြင်းပြင်းနှင့်နင်း၍ နာကျင်စွာအော်ငိုစေကာ "အမည်မသိဖိုရမ်မှာ ပုန်းအောင်းနေပြီး တစ်ခြားလူတွေကိုတိုက်ခိုက်နေတုန်းက ဒါကိုကောင်းကောင်းမသိဘူးလား?"
စကားဝိုင်းထဲမှ ထိုအချက်မှာ မြေပေါ်၌လဲကျနေသောလူနှစ်ယောက်ကို နားလည်သွားစေတော့သည်။ "မင်းကယဲ့ယောင်ကိုယ်စား ဒီကိုလာတာလား? မင်းဘယ်လိုလုပ် ...... အဲ့ဒါကငါတို့မှန်းသိမှာလဲ၊ ဖိုရမ်ကိုဟက်ခ်ပြီး IPတွေကိုစစ်ခဲ့လို့လား? မင်းလူမှားနေပြီကွ - အားးး!"
စကားလုံးတွေထွက်လာရာမှ ငယ်သံပါအောင်အော်ရင်း ရပ်တန့်သွားကာ တြိဂံမျက်လုံးနဲ့ကောင်မှာ လုရွှမ်းခြေထောက်မြှောက်လိုက်တာနဲ့ မချိမဆံဝေဒနာခံစားရကာ ဘောလုံးတစ်လုံးလိုကွေးသွားလေသည်။
"မင်းကိုရိုက်ရင် ငါ့လက်တွေညစ်ပတ်လိမ့်မယ်လို့ မထင်ထားဘူး" လုရွှမ်းအေးစက်စွာရယ်ကာ "မင်းကိုယ်အောက်ပိုင်းက အဲ့အရာတွေကိုတောင်မထိန်းနိုင်တာ သေးပေါက်ရင် မှန်ကိုတစ်ချက်တောင် ကြည့်ရဲ့လား? မင်းကသူနဲ့တောင်ယှဉ်နိုင်ရဲ့လား?"
မဲမှောင်၍တသီးတခြားဖြစ်နေသောလူသွားလမ်းလေးကို မည်သူမျှဖြတ်မသွားကြပဲ တစ်ဖက်သတ်အင်အားကြီးမားနေသည့် ဒီရန်ပွဲကိုလည်း မည်သူမျှမမြင်ခဲ့ကြချေ။
လုရွှမ်းရန်ပွဲကို အဆုံးသတ်လိုက်ပြီး ထွက်သွားခါနီးတွင် မကျေမချမ်းဖြစ်မှုများကို မဖိနှိပ်နိုင်သည့်လူနှစ်ယောက်ရဲ့အသံတွေကိုကြားလိုက်ရသည်။ "ငါတို့အကုန်လုံးယောက်ျားတွေကွ၊ ငါတို့ကဘာတွေဟန်ဆောင်ရမှာလဲ ...... ငါတို့အောက်ပိုင်းကိုမထိန်းချုပ်နိုင်တာကိုလား၊ ယဲ့ယောင်ကရော ဘယ်လောက်ပိုကောင်းအောင်လုပ်နိုင်လို့လဲ၊ မင်းကအရမ်းတွေကာကွယ်ပေးနေတော့ သူကမင်းကိုဘယ်နှစ်ကြိမ်လောက်သူ့ကိုလိုးခွင့်ပေးထားလို့လဲ? ဟ မင်းတစ်ယောက်တည်းနဲ့တင် သူ့ရဲ့ဆာလောင်နေတာတွေကို မဖြည့်ဆည်းနိုင်ဘူး ဟုတ်တယ်မလား?"
လုရွှမ်းရဲ့ခြေလှမ်းတွေရပ်တန့်သွားပြီး ထိုစကားလုံးတွေကိုနားထောင်ရင်း သူ့မျက်နှာမှာအနည်းငူငိုင်နေသည်။
ယဲ့ယောင်ကဘယ်လိုလုပ်ပြီး ...... ဒီလိုနိမ့်ကျတဲ့ဆန္ဒတွေ လွယ်လွယ်ကူကူဖြစ်ပေါ်လာမှာလဲ။ စိတ်ကူးထဲယဲ့ယောင်နဲ့ချိတ်ဆက်နှီးနွယ်တယ်လို့ ခေါင်းထဲတွေးလိုက်ရုံနဲ့တောင် ယဲ့ယောင်ကိုမလေးစားရာရောက်လေ၏။
သူမြင်ခဲ့သမျှရွှံ့တွေနဲ့ပရမ်းပတာတွေကြားထဲ ယဲ့ယောင်သည်သာ အဖြူစင်ဆုံးအရာလေးဖြစ်ပြီး ဘယ်တော့မှအညစ်အကြေးစွန်းထင်းမှာမဟုတ်သည့် ပြစ်မျိုးမှဲ့မထင်လေးဖြစ်သည်။
လုရွှမ်းလှောင်ရယ်ကာ လှည့်လိုက်ပြီး မြေပေါ်လဲနေသည့်လူနှစ်ယောက်ဆီသို့ တစ်ခါထပ်လျှောက်သွားပြန်တော့သည်။
*
ယဲ့ယောင်မှာ လုရွှမ်းဘက်၌ဘာဖြစ်နေမှန်းမသိပဲ လုရွှမ်း၏စိတ်ထဲ သူသည်မသေမျိုးကဲ့သို့ပင် ဖြူစင်ပြီးအပြစ်ကင်းလို့နေသည်။ သူအိပ်ရာပေါ်လှဲရင်း လုရွှမ်းဆီမက်ဆေ့ခ်ျတစ်စောင်ပို့လိုက်ပြီး လုရွှမ်းဆီမှ 【အတန်းအိမ်စာအမှားတွေ အမှန်ပြင်နေတာပြီးတော့မယ်။ မကြာခင်ပြန်ရောက်မယ်】ဟူသောပြန်စာလက်ခံရရှိမှ သူ့စိတ်လေးမှာသက်သာရာရသွားခဲ့တော့သည်။
ခဏမျှတုံ့ဆိုင်းနေရင်း အမည်မသိဖိုရမ်ကိုယဲ့ယောင်နှိပ်လိုက်သည်။
ယဲ့ယောင်သူ့အကြောင်းပို့စ်ကို လျစ်လျူရှုလိုက်ပြီး လုရွှမ်းအကြောင်းပို့စ်ကိုနှိပ်လိုက်သည်။
သီးသန့်အယ်လ်ဘမ်တစ်ခုတွင် ယဲ့ယောင်တစ်ပုံပြီးတစ်ပုံသိမ်းဆည်းထားသော လုရွှမ်းရဲ့ဓာတ်ပုံများရှိနေကာ အထူးသီးသန့်ပုံတစ်ပုံကိုမြင်သည့်အခါ ရပ်တန့်သွားခဲ့သည်။
ထိုပုံမှာ လုရွှမ်းတစ်ယောက်ကစားနေရင်း ဂျာစီ၏အောက်အနားစကိုဆွဲမကာ ချွေးသုတ်နေသည့်ပုံပင်။ သူ့ရဲ့ဝမ်းဗိုက်ကြွက်သားတွေနှင့် နေရောင်ခြည်အောက်မှ ဖြာထွက်နေသောနွေးထွေးသည့်အလင်းဖျော့ဖျော့များနှင့်အတူ ချွေးတွေဖုံးလွှမ်းနေသည့်ပုံက ပိုလို့ပင်ဆွဲဆောင်မှုရှိလို့နေ၏။
ယဲ့ယောင်နှုတ်ခမ်းလေးတွေကို စုဝိုင်းလိုက်ကာ အနည်းငယ်သတိလွတ်လျက် ဖုန်းမျက်နှာပြင်ပေါ် လက်ချောင်းလေးနဲ့တို့ထိလိုက်သည်။
အဲ့ဒီဝမ်းဗိုက်ကြွက်သားတွေရဲ့ ခံစားမှု၊ အဲ့အသားအရည်ရဲ့နွေးထွေးမှု ပြီးတော့ ရင်းနှီးတဲ့အထိအတွေ့တစ်ခုစီတိုင်း၏ သူ့နှလုံးသားအောက်ခြေမှခံစားရသည့် တောင့်တမှုတွေနှင့် လိုအင်ဆန္ဒကပို၍ပို၍ရှေ့ဆက်တိုးနေတာကို သူသိသည်။
လုရွှမ်းက လုံးဝမသိတာကြောင့် သူငယ်ချင်းကောင်းတစ်ယောက်လို သူ့ရဲ့အကွာအဝေးကို ဆက်ထိန်းဖို့ကြိုးစားပြီး ဒီလျှို့ဝှက်ချက်ကို သူ့နှလုံးသားထဲ၌ ဆက်လက်၍ထာဝရမြှုပ်နှံထားလိုက်တော့မည်။
×××××××
Thanks for Reading
7/4/2023