EP-11
ပန်းရောင်၊ ခရမ်းရောင်၊ အဖြူရောင် အပွင့်ပွင့်တဲ့ အိမ်တွင်းအလှစိုက်ပန်းပင်တစ်မျိုးရဲ့ အဓိပ္ပါယ်က နှုတ်ဆက်ခြင်းတဲ့။
ကိုယ်တို့ ရေစက်တွေကုန်ပြီမို့ နှုတ်ဆက်ကြရအောင် လောင်ဝမ်။
-------------။
"ကျန့်အယ်!..ကျန့်အယ်"
အဝတ်အနည်းငယ်ပါသော အထုပ်သေးသေးလေးကို ကျောမှာလွယ်ရင်း နှေးကွေးသောခြေလှမ်းများဖြင့် လမ်းလေးတစ်လျှောက်တိတ်ဆိတ်စွာလျှောက်လှမ်းမိနေတုန်း တစ်စုံတစ်ယောက်၏အသံကြောင့် ခြေလှမ်းတို့ကို ရပ်မိသည်။
လူမရှိသော လမ်းလေးထဲ၌ ကိုယ်တို့နှစ်ယောက်သာရှိသည်။
ညအမှောင်က တိတ်ဆိတ်လွန်းနေသည်မို့။
"ကျန့်အယ်၊ ညတွင်းချင်း တကယ်ထွက်သွားတော့မလို့လားဟမ်"
ကိုယ့်အနားလာရပ်သူ ကိုယ့်အစ်ကိုသည် ကိုယ့်လက်အားဆွဲကာဆိုသည်။
သူ့မျက်ဝန်းတွေမှာလည်း ခွဲခွာခြင်းကိုကြောက်ရွံ့နေသည့်ပုံစံဖြင့်။
"ဟုတ်ကဲ့၊အစ်ကို။ ခုနက ခန်းမဆောင်မှာ ဖြေရှင်းချက်တွေပေးပြီးပြီဆိုတော့ ကျွန်တော်သွားတော့မယ်"
ကိုယ့်စကားကြောင့် အစ်ကိုသည် ခဏတာတော့ ငိုင်သွားလိမ့်မည်။
တစ်စုံတစ်ခုကို အလေးအနက်စဉ်းစားနေသလိုမျိုး။
"ဘယ်သွားမယ်လို့စဉ်းစားထားလဲ"
တိုးလျစွာထွက်ပေါ်လာသော အစ်ကို့အသံ၌ မေတ္တာဓာတ်တို့စီးဝင်လိမ့်မည်။
အစ်ကိုသည် ကိုယ့်အားတစ်ခါမျှပစ်ပယ်ဖူးသည် မဟုတ်၍။
"နယ်စပ်ကိုသွားဖို့အစီအစဉ်တော့ရှိတယ်"
တစ်ခွန်းမေးတစ်ခွန်းဖြေစနစ်ဖြင့် ပြီးဆုံးသွားသော ကိုယ့်တို့နှစ်ယောက်သည် အချိန်အတိုင်းတာတစ်ခုထိ လမ်းမထက်မှာ ငြိမ်သက်စွာရပ်နေမိကြသည်။
နှစ်ယောက်လုံး၌ အတွေးကိုယ်စီနှင့်မို့။
"မင်းသွားတော့ ရိပေါ်ကိုဘယ်လိုလုပ်မလဲ"
"အစ်ကိုက စောင့်ရှောက်ပေးပေါ့"
"ဒါပေမယ့် သူချစ်တာမင်းလေ၊ ငါမှမဟုတ်တာ"
‘ငါမှမဟုတ်တာ’ဟူသောဝါကျအဆုံး၌ အစ်ကိုသည် တိမ်ငယ်လေးအား စိတ်ဝင်စားနေသည်ဟူသော အတွေးအချို့ဝင်မိသည်။
သူ့မျက်လုံးတွေက ဝမ်းနည်းနေသည်မို့။
"ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ပေါင်းရခက်တဲ့စကားလုံးပဲအစ်ကို။ လောင်ဝမ်က ဆယ်ကျော်သက်ကလေးပဲရှိပါသေးတယ်။ အနေနီးခဲ့တဲ့ ကျွန်တော့်အပေါ် စိတ်ကစားရုံသက်သက်ပါအစ်ကို"
အစ်ကိုသည် ကိုယ့်စကားအား ကန့်ကွက်သည်ဟုခေါင်းခါပြသည်။
ကောင်းကင်ပေါ်က ကြယ်တွေကိုငေးမောရင်းပေါ့။
"မင်းက သူ့အချစ်ကိုမယုံဘူး၊ ကျန့်အယ်။ သူက ဘယ်သူ့ကိုမှ မရွေးချယ်နိုင်လောက်အောင်ကို မင်းအပေါ်မြတ်နိုးတာ"
ကိုယ့်မျက်ဝန်းတွေ၌လည်း ဝမ်းနည်းမှုတွေဖြတ်ပြေးနေလိမ့်မည်။
တစ်ဆက်တည်း ကိုယ်သည် ကောင်လေး၏အချစ်တွေနှင့် မထိုက်တန်ဟုခံစားရသည်။
ကိုယ်သည် သံယောဇဉ်တွေကို ကြောက်တတ်သူမို့။
"အစ်ကိုအတွေးလွန်နေပြီ။ ကျွန်တော်က.. ကျွန်တော်က အချစ်ဆိုတဲ့အရာကိုမယုံကြည်ဘူး၊ အချစ်က ဆယ်ကျော်သက်တွေအတွက် အပေါဆုံးအရာမို့"
"မင်းတစ်နေ့နားလည်လာမှာပါ"
အစ်ကိုသည် သူ၏စကားစကိုဖြတ်ကာသူ၏အင်္ကျီဝတ်ရုံထဲ၌ တစ်စုံတစ်ခုအားဆွဲထုတ်ကာ ကိုယ်ရှေ့သို့ထိုးပေးသည်။
သေချာကြည့်မှ အစ်ကို၏လက်ထဲ၌ လှပသော ရောင်စုံခြူဘောလုံးလေးတစ်ခု။
"ငါတို့ဘယ်တော့ပြန်တွေ့ရမယ်ဆိုတာ သေချာမသိဘူး။ ဒါလေးကိုမင်းအတွက် လက်ဆောင်ပေးမယ်။ ဘယ်သွားသွားယူသွားပေါ့။ မင်းမှတ်ထားရမှာက မင်းရဲ့ခရီးလမ်းတစ်လျှောက်မှာ မင်းတစ်ယောက်တည်းမဟုတ်ဘူး။ မင်းအစ်ကိုပါတယ်ဆိုတာ"
ကိုယ့်မျက်နှာ၌ အပြုံးသေးသေးလေးတစ်ခုပေါ်ထွန်းနေသည်ထင်သည်။
မျက်ဝန်းတွေမှာလည်း ဝမ်းသာမှုကြောင့် မျက်ရည်ကြည်တွေတို့စို့နေလိမ့်မည်။
ကိုယ့်အစ်ကိုဆီမှ ပထမဆုံးလက်ဆောင်ရဖူးသည်မို့။
ကိုယ်သည် ခွင့်မတောင်းမိပါဘဲ ကြီးမြတ်လှသည့် အိမ်တော်သခင်လေးအား ဖက်လိုက်သည်။
ထင်ထားသည့်အတိုင်း ပြန်လည်တွန်းမထုတ်သည့်အစ်ကိုသည် ကိုယ့်အားပြန်လည်ထွေးပွေ့ရင်း ကိုယ့်ပုခုံးပေါ်၌ တသိမ့်သိမ့် ငိုရှိုက်သည်။
ကိုယ့်ပုခုံးမှ အင်္ကျီစတို့သည် စိုရွှဲနေသည်မို့။
လွတ်ထွက်သွားမည်စိုး၍ တင်းတင်းကြပ်ကြပ်ဖက်ထားသော အစ်ကိုသည် တကယ့်ကို ဝမ်းနည်းစွာငိုရှိုက်သည်။
ကိုယ့်ပါးပြင်ပေါ်၌လည်း မျက်ရည်ကြည်တို့ စီးဆင်းနေလိမ့်မည်။
"ငါတောင်းပန်ပါတယ်။ ငါ..ငါမင်းအပေါ် လုံးဝမကောင်းခဲ့ဘူး။ ငါကမင်းအတွက်မကောင်းတဲ့အစ်ကိုဖြစ်ခဲ့တယ်။ ငါတောင်းပန်ပါတယ်"
အစ်ကိုသည် ရှိုက်သံတို့ရောမထွက်အောင် ဗလုံးဗထွေးတောင်းပန်စကားတို့ဆိုသည်။
ကိုယ်သည်ခေါင်းသာခါရင်း အစ်ကို၏ကျောပြင်အား အသာအယာပွတ်ရင်း ချော့မြူနေသည်။
သည်နေ့ညမှ ကောင်းကင်မှကြယ်တွေပင် ငိုနေသလား။
ကိုယ်တို့နဲ့အပြိုင်ပေါ့။
"ငါတစ်နေ့ လူတွေရဲ့အတ္တတွေလက်ကလွတ်ရင် မင်းကိုလာရှာမယ်နော် ကျန့်အယ်၊ အစ်ကိုမင်းကိုချစ်တယ်သိလား"
အစ်ကို၏ဝန်ခံစကားအဆုံး၌ ကိုယ့်၏မျက်ရည်တို့သည် တာကျိုးသည်။
တစ်သက်လုံးမျှော်လင့်နေခဲ့သည့်စကားသာမို့။
ကိုယ်တို့သည် ဖက်ထားရာမှပြန်ခွာ၍ အစ်ကိုက ကိုယ်၏ပါးပြင်မှမျက်ရည်တွေကို နူးညံ့ညင်သာစွာသုတ်ပေးရင်း
"အစ်ကိုတို့နှုတ်ဆက်ရတော့မယ်။ ခရီးလမ်းတစ်လျှောက်လုံး ဘေးအန္တရာယ်မကျရောက်အောင် အစ်ကိုဘုရားရှင်ရှေ့မှာ ဆုတောင်းပေးမယ်။ မင်းသာနေကောင်းအောင်နေရမှာနော်"
"ဟုတ်ကဲ့အစ်ကို၊ အစ်ကိုရောပဲ ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်"
လရောင်အောက်၌ ကိုယ်တို့ညီအစ်ကိုနှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ပြီး ရယ်လိုက်ကြသည်။
သေချာပေါက် နှစ်ယောက်လုံးမှာ မျက်ရည်တွေကိုယ်စီနဲ့ပေါ့။
ကိုယ်သည် အစ်ကို့လက်ထဲမှ ရောင်စုံခြူဘောလုံးလေးကိုလွှဲယူလိုက်ပြီး ခါးမှာချည်၍
"ကျွန်တော်ဘယ်သွားသွား အစ်ကို့ကို ခေါ်သွားမယ်"
သူသည် မုန်းတီးခြင်းတွေမပါသော အဖြူစင်ဆုံးပြုံးပြသည်။
သို့ပေမယ့် မျက်ဝန်းတွေကတော့ ငိုနေလိမ့်မည်။
မျက်ရည်တို့သည် ပါးပြင်ပေါ်သို့ အလုအယက်တိုးထွက်နေကြသည်မို့။
"ဂရုစိုက်သွားနော်၊ ကျန့်အယ်။ အစ်ကိုလည်းပြန်တော့မယ်"
အစ်ကို့စကားအား ခေါင်းညိတ်ပြရင်း လက်ပြမိသည်။
အစ်ကို့က ပြန်လည်ပြုံးပြရင်း တဖြည်းဖြည်းချင်းစီ ကိုယ့်အားကျောခိုင်းကာ ပြန်လှည့်သွားသည်။
နောက်ထပ်ပြန်ပြီး ကိုယ့်အားပြန်မလှည့်ကြည့်စတမ်းပေါ့။
ကိုယ်သည်လည်း ရပ်တန့်ခဲ့သောခြေလှမ်းအားပြန်စတင်ခဲ့သည်။
စလှမ်းသည့်ပထမဆုံးခြေလှမ်းမှာ ထွက်ပေါ်လာသော ခြူသံလေးကြောင့် ညအမှောင်၏တိတ်ဆိတ်မှုအောက်၌ ကိုယ်အော်ရယ်မိသည်။
မျက်ဝန်းတွေမှာတော့ မျက်ရည်တွေစီးလျက်ပေါ့။
တစ်ယောက်ကိုတစ်ယောက်ကျောခိုင်းပြီး ထွက်ခဲ့ရသည့် ခရီးတစ်ခုမှာ ကိုယ်သိခဲ့ရတာက ကိုယ်တို့ညီအစ်ကိုက တစ်ယောက်ကို တစ်ယောက် သံယောဇဉ်ရှိကြတယ်ဆိုတာပါပဲ။
ဝမ်းနည်းဖွယ်ကောင်းသော ဇာတ်လမ်းတစ်ပုဒ်၏အပြီးမှာ လမင်းကြီးကရှိုက်ငိုသည်။ ကြယ်တွေကငိုကြွေးသည်။
သစ်ပင်တွေက ဝမ်းနည်းကြောင်း လှုပ်ခတ်သည်။ လေပြေတွေက ငိုကြသည်။
အင်း..ခြူသံလေးရဲ့ငိုသံက အားလုံးထက် ပိုပြီးကျယ်လျက်ပေါ့။
ခွဲခွာခြင်းတစ်ခု၏ အဆုံးသတ်မှာ ကိုယ်သိခွင့်ရခဲ့သည်က အစ်ကိုသည် ကိုယ့်အပေါ်၌ စကြာဝဋာကြီးတစ်ခုလုံးထက်ပိုသော မေတ္တာတို့ဖြင့် စောင့်ရှောက်ခဲ့သည်တဲ့။
------------------,,
တစ်ချို့သော မေတ္တာတို့သည် အသွားရှိပေမယ့် အပြန်မရှိခဲ့ဘူးတဲ့။
အပြန်မရှိဘူးလို့ အထင်ခံရတာလည်း ဖြစ်နိုင်တယ်။
------------------,,
ထွက်သွားဟန်ဆောင်ခဲ့ပြီးမှ ကျောပြင်ဖြူလေးကို တစ်ဖန်လှည့်ကြည့်မိသည်။
လရောင်အောက်မှာ ဖိတ်ဖိတ်တောက်နေသည့် အဖြူရောင်ဝတ်ရုံလေးသည် ကျွန်တော်တစ်ခါမျှ လက်လှမ်းမမှီနိုင်ခဲ့သော ကလေးငယ်ဖြစ်ပါသတဲ့။
ကျွန်တော့်ထက် လေးနှစ်မျှငယ်သေးသော ကလေးငယ်သည် ကျွန်တော်ငယ်စဉ်ကတည်းက အရိပ်တကြည့်ကြည့်ဖြင့် စောင့်ရှောက်ပေးခဲ့ရသော ညီငယ်ဖြစ်ပါသတဲ့။
ကျွန်တော့်ရင်တွင်းမှ မေတ္တာတို့ကိုတရားဝင်ဖော်မပြခဲ့သော်လည်းလေ။
ပါးပြင်မှစိုစွတ်မှုကြောင့် ကျွန်တော်ထပ်ပြီးငိုနေမိမှန်း သတိထားမိသည်။
ငိုသည်ဆိုတာထက် မျက်ရည်ကျတာပါဆို ပိုမှန်လေမလားနော်။
ငယ်စဉ်ကတည်းက ကျွန်တော့်ကိုဆို ရှိန်နေခဲ့သော ညီငယ်သည် သည်နေ့ ကျွန်တော့်အားစိတ်လိုလက်ရဖက်ထားခဲ့သည်တဲ့။
ကျွန်တော်ပျော်လွန်း၍ ထပ်ပြီးမျက်ရည်ကျခဲ့ရပြန်ပြီလေ။
ငယ်စဉ်ကတည်းက အဖော်ဆိုရင်သိပ်မက်ပါသော ကျွန်တော်သည် ညီငယ်လေးမွေးလာသည်ဟူသော သတင်းကြားကြားချင်း၌ အတ္တကြီးသော မိခင်မသိအောင်ကြိတ်ပျော်ခဲ့ဖူးသော အခိုက်အတန့်တို့ရှိခဲ့ဖူးသည်။
၅၂၈မေတ္တာတို့သည် အလွန်တရာမှ ကျယ်ပြန့်ခဲ့သည်မို့။
မွန်ဂိုလူမျိုးခြားဆိုလျှင် သိပ်မုန်းပါသော ဟန်လူမျိုးတို့၌ တစ်ချိန်တစ်ခါက ကြုံတွေ့ခဲ့ရသော အိပ်မက်ဆိုးကြီးတစ်ခုရှိခဲ့သည်။
နယ်စပ်ဒေသမှ မွန်ဂိုတိုင်းတစ်ပါးခြားတို့သည် လက်နက်အလုံအလောက်နှင့် ဟန်ဒေသသို့ နယ်ချဲ့ခဲ့ကာ အလွန်ရက်စက်သော နည်းလမ်းများဖြင့် ပြည်သူများကိုနှိပ်စက်ဖူးသည်။
ဂျပန်များထက်ပင် ရက်စက်သော မွန်ဂိုဝါလလူမျိုးများအား ထိုအချိန်ကတည်းမှပင် ဟန်လူမျိုးများက ရွံရှာမုန်းတီးခဲ့သည်လေ။
ကျွန်တော်သည် မိခင်ဖြစ်သူမှ ညီငယ်တို့သားအမိကိုမုန်းတီးရန် အမျိုးမျိုးပြောဆိုခဲ့သော်လည်း နားမဝင်ဘဲ နောက်ကွယ်မှနေ၍ ညီငယ့်အား တိတ်တိတ်ကလေးစောင့်ရှောက်ပေးခဲ့သည်။
ညီငယ်ဖြစ်သူ သေးသေးလေးထိခိုက်မှာတောင် စိုးရိမ်ခဲ့သည်မို့လေ။
----------------,,
၅၂၈တဲ့။ ၁၅၀၀မေတ္တာထက်တောင် များပြားခဲ့တယ်။
----------------,,
"ရိပေါ်၊ ဧည့်တွေ့ဆောင်မှာ ဝမ်သခင်ကြီးရောက်နေတယ်"
ရှစ်ကျဲသင်းမန်၏အသံကြောင့် ကုတင်ထက်မှ အိပ်ချင်မူးတူးထထိုင်မိသည်။
မျက်လုံးတို့ကို မဖွင့်သေးဘဲနဲ့ပေါ့။
အချိန်တစ်ခုကြာသည်အထိ အိပ်ရာထက်၌ ငိုက်နေပြီးမှ အမြန်ထကာ မျက်နှာသန့်စင်၍ နီးရာဝတ်ရုံတစ်ခုကောက်စွပ်၍ အဆောင်အပြင်သို့ ပြေးထွက်ခဲ့သည်။
မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သည့် ပါးပါးနှင့်အစ်ကိုအားတွေ့ရမည်ဖြစ်၍ ငါသည် ဧည့်တွေ့ဆောင်သို့ ခြေကုန်သုတ်ကာပြေးမိသည်။
ကောင်းကင်ကိုမော့ကြည့်တော့ နေမင်းပင်မထွက်သေး။
"ပါးပါး! အစ်ကို!"
ဧည့်တွေ့ဆောင်အပြင်ဘက်မှ မြင်နေရသူနှစ်ဦးအား အကျယ်ကြီးအော်ခေါ်ကာ အလျင်စလို ပြေးဖက်မိသည်။
သည်အတောအတွင်း မိသားစုကို အတော်လေးသတိရနေခဲ့သည်မို့။
"လွမ်းနေတာ၊ မားမားရော နေကောင်းရဲ့လား"
"မင်းအမေက အစက နေကောင်းတယ်၊ မင်းအကြောင်းကြားပြီးကတည်းကပဲ မကောင်းတော့တာ"
ရောက်တာနှင့်ဆီးဟောက်သည့် ဝမ်ချန်အန်းဆိုသော ကောင်စုတ်အား ပါးပါးမှ လက်တို့ကာ စကားအားထိန်းပြောခိုင်းပေမယ့် ထိုကောင်ကတော့ ငါ့အားဘုကြည့် ကြည့်နေမြဲပင်။
"ဝမ်ရိပေါ်တို့များနော် ရှန့်ကုံးမှာတင်မွှေရတာ အားမရလို့၊ ကောင်းကင်ဘုံထိပါ တက်မွှေသလားအောက်မေ့ရတယ်။ ခုတော့ သိုင်းလောကတစ်ခုလုံး ဗရုတ်သုတ်ခတွေဖြစ်ကုန်ပြီ"
"ဝမ်ချန်အန်း၊ မင်းငါ့ကိုရောက်တာနဲ့ပြောဖို့ချည်းပဲ။ စကားကိုလည်း လိုတာထက်ပိုပြောသေးတယ်။ ငါလုပ်တာ ရှောင်းအိမ်တစ်ခုပဲ ပြောင်းပြန်ဇောက်ထိုးတွေဖြစ်ကုန်တာပါကွာ၊ သိုင်းလောကကြီးတစ်ခုလုံးတော့ မထိရပါဘူး"
"ဘယ်လိုပဲဖြစ်ဖြစ်လေ၊ မင်းလုပ်တာနဲ့ ရှောင်းလူကြီးမင်းတို့ အလုပ်တွေရှုပ်ကုန်ပြီ။ ကျန်းကျူးဂိုဏ်းချုပ်က လူမျိုးခြားဆိုတာ တစ်လောကလုံးပျံ့ကုန်လို့ ပြဿနာတွေရှင်းနေရတာ သည်နေ့ထိပြီးတာမဟုတ်ဘူး၊ ငါသာ မင်းနေရာမှာဆို အဲ့လိုမလုပ်ဘူး"
"ဝေ့ ဝမ်ချန်အန်း၊ မင်းငါ့ထက် ခုနစ်နှစ်လေး ထမင်းအရင်စားလာတာနဲ့ပဲ ငါ့ကိုလာဆုံးမ မနေနဲ့"
"မင်းက ဘာပြန်လုပ်ချင်လို့လဲ"
စကားနိုင်လုပွဲကနေ ရန်ပွဲအဖြစ်ကူးပြောင်းလာသောကြောင့် ပါးပါးသည် ငါနှင့်အစ်ကိုကြားမှဝင်၍ ရပ်ရင်းဖြေရှင်းရတော့သည်။
"မင်းတို့နှစ်ယောက်ကလည်းကွာ၊ တည့်အောင်နေကြပါ။ အခုမှ ပြန်တွေ့ရတာကို ညီအစ်ကိုနှစ်ယောက် ချစ်ချစ်ခင်ခင်နေကြပေ့ါ"
"မနေနိုင်ပါဘူး၊ ပါးပါး"
ငါတို့ညီအစ်ကိုနှစ်ယောက်လုံးစီမှထွက်လာသော အသံကြောင့် ပါးပါးက မနိုင်ဘူးဟု ခေါင်းခါရင်း အေးဆေးပြန်ထိုင်သည်။
စားပွဲပေါ်မှ ရေနွေးပန်းကန်အားငှဲ့ရင်းလေ။
"သည်နေ့ ပါးပါးတို့ သားကိုပြန်လာခေါ်တာ။ မင်းအစ်ကိုကလည်း မင်းတစ်ယောက်တည်း ရပ်ဝေးမှာ အားငယ်နေမှာစိုးလို့တဲ့လေ"
"သူကစိတ်ပူတယ်တဲ့လား ဟမ့်"
အနည်းငယ်မဲ့ရွဲ့ကာပြောတော့ အပြာရင့်ရောင်ဝတ်စုံဖြင့် အစ်ကိုကြီးသည် ငါ့အားမျက်မှောင်ကျုံ့ပြသည်။
နဖူးအလယ်၌လည်း အနီရောင်အစက်လေးပျောက်သည်အထိ မျက်ခုံးတို့ တွန့်ချိုးနေသည်။
"ကဲ ကဲ၊ ရန်ဖြစ်ဖို့တာစူမနေနဲ့တော့။ သားငယ် အဝတ်တွေသွားသိမ်း၊ ပါးပါးတို့ပြန်ကြမယ်"
"ဟုတ်ပါးပါး"
ပါးပါးအားနှုတ်ဆက်ကာ ဝမ်ချန်းအန်းဆိုသော ကောင်ကို ပြောင်ပြကာ ဧည့်တွေ့ဆောင်မှ ပြေးထွက်လာခဲ့သည်။
အိမ်ပြန်ရမည်ဆိုသော အသိကြောင့်လားမသိ။ ခြေလှမ်းတို့သည် သာမန်ထက်ပင် ပို၍ တက်ကြွနေပေသည်။
စိတ်နှလုံး၌လည်း အလွန်တရာမှ ပျော်ရွှင်နေသည်မို့။
လျင်မြန်လှသည့်အရှိန်ကြောင့် အဆောင်ရှေ့သို့ မည်သို့မည်ပုံပြန်ရောက်လာမှန်းမသိပေမယ့် တုံ့ဆိုင်းချိန်တောင်မရဘဲ အဆောင်အတွင်းသို့ဝင်ကာ ဗီရိုအတွင်းမှအဝတ်တို့ကိုထုတ်ကာ ပိတ်စအကြီးကြီးတစ်ခုထဲထည့်၍ အထုပ်ပုံစံထုပ်ပိုးကာ ကျောမှာလွယ်၍ အပြင်သို့လှမ်းထွက်မိသည်။
သို့သော် ငါ၏တက်ကြွသောခြေလှမ်းများသည် နှစ်လှမ်းမြောက်၌ ရပ်တန့်သွားခဲ့ပြီး ငါသာထွက်သွားလျှင် ရှောင်းတည်ကြည် ဘယ်လိုလုပ်မလဲဟူသော အတွေးတို့ဝင်လာသည်နှင့်တစ်ပြိုင်နက် ငါ၏ဦးတည်ရာသည် ရှောင်းတည်ကြည်၏ အဆောင်သို့ဖြစ်လိမ့်မည်။
ငါ့ထက် ခြောက်နှစ်မျှကြီးသော ရှောင်းတည်ကြည်ကိုတစ်ခါတည်း အိမ်သို့ခေါ်သွားမည်ဟု တွေးရင်းလေ။
‘ဒေစီဟွား’ဆိုသော အဆောင်ဆိုင်းဘုတ်လေးကို ပြုံးပြုံးလေးကြည့်ရင်း အဆောင်တံခါးအားဆွဲဖွင့်လိုက်သည်။
မကြာသေးခင်ကမှ အကျယ်ချုပ်လွတ်လာသူ ရှောင်းတည်ကြည်သည် ဤအဆောင်အတွင်း၌ပင် ရှိနေလိမ့်မည်။
ရှောင်းသခင်မကြီးကြောင့် ပျက်စီးသွားသော အဆောင်တံခါးသည်လည်း အသစ်လဲထားသည်ကြောင့် သစ်လွင်လို့နေပေသည်။
အဆောင်တံခါးအားဆွဲဖွင့်ဖွင့်ချင်းမှာ လေတစ်ချက်ဝေ့တိုက်ရုံကလွဲရင် အဆောင်အတွင်း၌ မည်သည့်သက်ရှိမျှမရှိ။
ငါသည် ပုခုံးထက်၌လွယ်ထားသော အထုပ်အပိုး၏ကြိုးစအား လက်ဖြင့် တင်းတင်းဆုပ်ကိုင်ရင်း အဆောင်အတွင်းသို့ တောင်ကြည့်မြောက်ကြည့်ဖြင့်လှမ်းဝင်ခဲ့သည်။
သန့်ရှင့်ရေးလုပ်ထားသည်ကြောင့် အဆောင်အတွင်း၌ ရှင်းလင်းလို့။
"ရှောင်းတည်ကြည်"
မနိမ့်မမြင့်အသံနှင့်ခေါ်ကြည့်မိတော့ တုံ့ပြန်သံကကင်းမဲ့လျက်ရှိသည်။
လေတိုးသံကလွဲရင် တိတ်ဆိတ်နေသည်မို့ အဆောင်အတွင်းလှည့်လည်ကြည့်ရှူမိတော့ စားပွဲပေါ်မှ ဒေစီတစ်ပွင့်နှင့် စာတစ်စောင်အား တွေ့သည်။
ဘာရယ်မဟုတ် ဖွင့်ဖတ်မိသော စာတစ်စောင်သည် ငါ့အားနာကျင်စေခဲ့မည်မှန်း မသိခဲ့။
“သို့••လောင်ဝမ်
ကိုယ်နယ်စပ်ကို ထွက်သွားတော့မလို့။ ပြန်မလာတော့ဘူး။ အနည်းဆုံးတော့ ပြန်လာဖြစ်မှာမဟုတ်ဘူး။ မင်းလည်းရှန့်ကုံးကို ပြန်တော့မှာပဲ။ ကိုယ်တို့လျှောက်ရမယ့် လမ်းတွေကွဲသွားပြီနော်။ ကိုယ်မင်းနဲ့တွေ့ဆုံခဲ့တဲ့ သည်လတွေထဲမှာ သိပ်ပျော်ခဲ့တယ်ဆိုတာ ပြောပြချင်တယ်။ ကိုယ်လေ၊ တစ်ခါမှ သည်လောက်အများကြီး မပျော်ဖူးဘူး။ နောက်တစ်ခါလည်း သည်လိုမပျော်ရတော့ဘူးဆိုတာ သိပြီးသားပါကွယ်။ ကိုယ်တို့ရေစက်တွေ ပြီးဆုံးသွားပြီနော်။ ကိုယ်တို့မှာလျှောက်လှမ်းရမယ့် ခရီးရှည်ကြီးတစ်ခုရှိတယ်ဆိုတာ ကိုယ်သိတာပေါ့။ ကိုယ်မင်းကို အမြဲအမှတ်ရနေမှာပါ၊ လောင်ဝမ်။
ရှောင်းကျန့်”
ငါ့အတွက် ရည်ရွယ်ပြီးစာတစ်စောင်ထားခဲ့သော ရှောင်းတည်ကြည်သည် သေချာပေါက် ငါနှင့်ဝေးရာကို ထွက်သွားချေပြီ။
ရင်တွင်း၌လှိုက်၍ဖြစ်ပေါ်လာသော အလွန်အမင်းစိုးရိမ်းပူပန်မှုသည် ရှောင်းတည်ကြည်အား လက်လွှတ်မခံချင်စိတ်ဟူသော ကြောင့်ကြမှုကိုဖြစ်စေသည်။
ကမ္ဘာကြီးတစ်ခုလုံးကို ဆုံးရှုံးလိုက်ရသလို ခံစားလျက်မျိုး။
**လူတစ်ယောက်က အခြားလူတစ်ယောက်ကို ဒေစီပန်းတစ်ပွင့်ပေးရင် ဘယ်တော့မှထပ်မတွေ့ကြေးလို့ပြောလိုက်တာနဲ့အတူတူပဲ**
နားထဲ၌ ပြန်လည်ကြားယောင်သော ရှောင်းတည်ကြည်၏အသံနှင့်အတူ စားပွဲပေါ်မှ ဒေစီပန်းလေးတစ်ပွင့်ကို ကောက်ယူကြည့်မိသည်။
ဤဒေစီအား ရှောင်းတည်ကြည်သည် ငါ့အတွက်တမင်များထားခဲ့လေသလား။
ဆယ်ကျော်သက်အရွယ်၌ အချစ်ကိုဆုံးရှုံးရခြင်းသည် စကြာဝဠာကြီးတစ်ခုလုံး ဆုံးရှုံးလိုက်ရသလိုခံစားချက်မျိုးဖြစ်လိမ့်မည်။
ရင်ထဲ၌ အလွန်တရာမှ ပူလောင်နေသည်မို့။
လှိုက်တက်လာသော ဝမ်းနည်းစိတ်နှင့် ငါ့မျက်လုံးတို့က ငိုကြွေးကြသည်။
ပါးပြင်ထက်မှာ စိုစွတ်နေသည်မို့။
နားထဲ၌ တစ်စစကြားလာရသော မိုးသံတဖြောက်ဖြောက်ကြောင့် အပြင်ကို မော့ကြည့်မိသည်။
ကောင်းကင်ကြီးက အုံ့မှိုင်းကာ ရှိုက်ငိုနေသည်မို့။
အနည်းငယ်လန်းနေသေးသော ဒေစီပန်းနှင့်စာကို အိတ်အရှုံ့သေးသေးလေးထဲ မြတ်နိုးစွာထည့်ရင်း အပြင်ဘက်သို့ဦးတည်မိသည်။
အိမ်ပြန်ရန်လာခေါ်သော ပါးပါးနှင့်အစ်ကိုအား မေ့လျော့မိရင်းလေ။
ငါ၏ဝတ်ရုံ၌တော့ မိုးရေတွေစိုချင်စိုလိမ့်မည်။
သို့သော် ငါ့ရင်ထဲ၌ ပူလောင်နေသည်မို့။
မိုးရေထဲ၌ ထွက်လာသော ငါ၏ဦးတည်ရာသည် သေချာပေါက် အခြားနေရာသို့ပင် ဖြစ်လိမ့်မည်။
ရှောင်းတည်ကြည်ကို ရှာရန်အတွက်လေ။
---------------,,
ကောင်းကင်ကြီးငိုတာ တိမ်ညိုတွေကြောင့်ဆိုရင် ကျုပ်ငိုရတာ ရှောင်းတည်ကြည်ကြောင့်။
----------------,,
Words- 3868
5.4.2023
Wednesday