(An: အလှူတစ်ခုမှာ ပါဝင်ခဲ့တဲ့ shortလေးကို ပြန်တင်ပေးလိုက်ပါတယ်။)
"သစ်မြစ်"
အခန်းသည် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။
ထိုတိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည့်အသံက မာန်ပါ သည်။
ကရုဏာသံလည်း ရောနှောနေသလို၊ ဩဇာသက်ရောက်နိုင်သည့် အသံကို ပိုင်ဆိုင်ထားသူ။
အခေါ်ခံရသူမှာသာ ခေါင်းမဖော်ရဲ။
သို့သော် လျစ်လျူရှူ၍ဖြင့် မရဲပါ။
"ဗျာ ဦးငယ်."
"ခေါင်းကို မော့စမ်း! "
နားထဲသို့ ဟိန်းကာ ဝင်လာသည့် အသံက အကြောလေးတွေအထိ စိမ့်သွားကာ ခန္ဓာကိုယ်သည် တုန်ခနဲ။
ငုံ့ကျနေသည့် ဦးခေါင်းသည် လည်း ဆတ်ခနဲ မော့လိုက်ရသည်မှာ အလိုအလျောက်။
မျက်လုံးကို တည့်တည့်ကြည့်မိတော့ အလျင်အမြန် ထိုသူ့ မေးဖျားကိုသာ အကြည့်လွှဲရသည်။
တွေ့စက ထိုမျက်ဆန်နက်တို့ကို သဘောကျခဲ့ရသလောက် အခုတော့ အပြစ်လုပ်မိလာတိုင်း ထိုမျက်ဆန်နက်တို့ကို ရင်မဆိုင်ရဲပါ။
"မင်း အသက် ဘယ်နှနှစ်လဲ"
"တစ်ဆယ့်ကိုးပြည့်ပြီး သုံးလ"
"စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသင့်ပြီ မထင်ဘူးလား သစ်မြစ် "
အမေးသည် နှစ်ခွ။ မင်းမှာ ဒီအရွယ်ထိ ဆင်ခြင်နိုင်စွမ်း မရှိဘူး။ ဒါသည် ဆိုလိုရင်း ဖြစ်လိမ့်မည်။
ဦးငယ်က စကားကို သူတစ်ဖက်သားထိခိုက်အောင် တဲ့တိုး မပြောတတ်။ ယဉ်ကျေးစွာဖြင့်သာ စကားသုံးနှုန်းပြတတ်သည်။
သစ်မြစ်နှင့်တော့ ဆန်ကျင်ဘက်ပင်။
"မှားခဲ့ပါတယ် ဦးငယ်"
မေးဖျားကို အကြည့်ပို့နေရာကနေ တဖြည်းဖြည်းနှင့် မျက်လွှာကို ချလိုက်မိတော့သည်။
ဝန်ခံသည့်စကားပင် ထွက်နိုင်သည်။
သူ့အကျင့်ဆိုးတွေအတွက် ဆင်ခြေဆင်လက် တတ်လို့ရသည့်အထဲ ဦးငယ် မပါဝင်ပါ။
"မှားခဲ့တယ်? လွယ်လိုက်တာ"
ခနဲ့သည့်စကားပေမယ့် ဦးငယ်က မျက်နှာတည်ဖြင့်သာ။ ရယ်သံ ခြောက်ကပ်ကပ် ပါလာလျှင်တော့ အခြေအနေမကောင်းပါ။ မုန်တိုင်းသည် ရှေ့တည့်တည့်တွင် ထန်နေလေပြီ။
လှေမှောက်ဖို့က သေချာနေပြီ။
"ကိုယ် မင်းကို လုပ်ချင်ရာကို အစဉ်းအစားမဲ့ လုပ်ပြီးတိုင်း မှားခဲ့ပါတယ် တစ်ခွန်း လွယ်လွယ် ပြောလို့ရတယ်လို့ သင်ဖူးသလား ဒီလိုဆို လူသတ်လာပြီး မှားသွားခဲ့တယ်ဗျာ ကြေအေးနိုင်မှာလား တစ်ဘက်က အသက်ပြန်ရှင်နိုင်လား ဟမ် "
"မရှင်နိုင်ပါဘူး ဦးငယ်"
"လူမှန်ရင် အမှားနဲ့ မကင်းတာ ကိုယ် လက်ခံတယ် မရည်ရွယ်ခဲ့တဲ့ အမှားတွေအတွက် ကိုယ် ဗွေမယူဘူး အေး! မှားမှန်းသိသိရက်နဲ့ တလွဲဆံပင်ကောင်းပြီး ပြုခဲ့တဲ့ကိစ္စတွေကတော့ ခွင့်မလွှတ်နိုင်ဘူး သစ်မြစ် မင်းလုပ်လိုက်တဲ့ ကိစ္စ အခန့်မသင့်ရင် သူ့အသက်အန္တရာယ်ရောက်တဲ့အထိ ဖြစ်နိုင်တယ်ကွ!"
ပြောတာတွေသည် မှန်နေခဲ့သည်မို့ မျက်လွှာကို အသာ ချရင်း နောင်တစိတ်ကလေးဖြင့် နာခံနေရသည်။
ဒေါ်ဒေစီဆိုသည့် အပျိုကြီးက ဦးငယ်ရဲ့ စီးပွားဖက်။
ဦးငယ် ပိုင်ဆိုင်သည့် Electronic ပစ္စည်းဆိုင်တွင် ထိုအမျိုးသမီးကြီးက Shareပါဝင်ထားကာ စီးပွားရေးမကင်းရာ မကင်းကြောင်း ဆက်ဆံစရာတွေများခဲ့သည်။
ထိုအပျိုကြီးကို သစ်မြစ်က ကြည့်၍ မရပါ။ ဦးငယ် အနားကို ကပ်ကာ ကနွဲ့ကလျလုပ်ရင်း မူပိုလို့ကို အမြင်ကပ်တာဖြစ်သည်။
မနက်က ထိုအပျိုကြီးက အိမ်သို့ရောက်လာသည်။ ထုံးစံအတိုင်း ဦးငယ်နှင့် အလုပ်ကိစ္စ ချိန်းထားသည်ကြောင့်။
ဦးငယ်က သူ့ဆိုင် ရောက်နေချိန်မို့ ဒေါ်ဒေစီကို ဧည့်ခံဖို့က သစ်မြစ်ထံ တာဝန်ကျလာသည်။
ထိုအမျိုးသမီးသည် သရဲ အင်မတန်ကြောက်တတ်ကြောင်း မမျှော်လင့်ဘဲ သိထားသည်။
ထို့ကြောင့်ပင် မောင်လေးချင်း မိုးမွှန်အောင်ခေါ်ရင်း ဦးငယ်ကို သူပိုင်သလို ပြောဆိုနေသူအတွက် အပေါ်ထပ်တွင် ခြောက်ခြားဖွယ်ရယ်သံတစ်ခုကို တက်ဖွင့်ထားခဲ့လိုက်သည်။
"မောင်လေး ဘယ်သူရယ်နေတာလဲ"
မျက်နှာထားကို အသာ ထိန်းကာ မေးလာတော့ သစ်မြစ်က အထူးအဆန်းလို ကြည့်ပေးခဲ့သည်။
"ဗျာ အမ ကျွန်တော် မရယ်ပါဘူး"
"မင်း မရယ်တာ မမ သိတယ်လေ တခြားတစ်ယောက်ရဲ့ ရယ်သံ ဟော! ကြားလား ကြားလား"
မျက်စိမျက်နှာပျက်လုနီးပါးဖြင့် ဒေါ်ဒေစီသည် လှုပ်လှုပ်ရှားရှား။
"အမ ဘာတွေ ပြောနေတာလဲ ဘယ်ကရယ်သံလဲ ကျွန်တော်ဘာမှ မကြားရပါဘူး တစ်ခုခု စိတ်ထင်လို့များလား အိမ်မှာက ဒီနေ့ ကျွန်တော်တစ်ယောက်တည်း ဘယ်သူမှတော့ မရှိပါဘူး အမ စိတ်ထင်နေတာများလား"
သစ်မြစ် ပြောနေတုန်းမှာပင် ရယ်သံကနေ ညည်းသံ သို့ ပြောင်းကာ ထွက်လာပြန်သည်။ အသံသည် သစ်မြစ်ကိုယ်တိုင် သေချာရှာကာ ပြုလုပ်ထားသည်ကြောင့် တီးလုံးသံမျိုး မဟုတ်ဘဲ အမှန်စင်စစ် ခြောက်ခြားဖွယ်ရာအသံ။ Bluetooth ခပ်ကြီးကြီးဖြင့် လှေကားရင်း အနား သေချာ ပုန်းဝှက် ဖွင့်ထားခဲ့သည်ကြောင့် အောက်ထပ်သို့ အသံက ပီပီသသ ပျံ့လွင့်သည်။
"ခို ခိုတွေများ ရှိသလား မောင်လေး"
"မရှိပါဘူး "
"မင်း တကယ် ဘာမှ မကြားရဘူးလား"
သစ်မြစ်သည် အူကြောင်ကြောင်ဟန်ဖြင့် ခေါင်းကိုသာ ညိတ်ပြလိုက်သည်။
"အမ ခဏနော် ကျွန်တော် သူငယ်ချင်းနဲ့ ဖုန်းပြောဖို့ ချိန်းထားမိလို့"
ပြောရင်း ထထွက်လာတော့ မောင်လေးဆိုကာ တားမြစ်ဟန်ကို ကြားရပေမယ့် အရေးကြီးဟန် ထွက်လာခဲ့လိုက်သည်။
အိမ်ကြီးထဲ သူ တစ်ယောက်တည်းရှိချိန်မှာ ခြောက်ခြားဖွယ်အသံတို့ဖြင့် နဂို ကြောက်တတ်သူ ဒေါ်ဒေစီအဖို့ တွေးတောဖွယ်ရာမရှိ။
လက်ပွေ့အိတ်ကို ကပိုကရိုလွယ်ကာ မပြေးရုံတမယ် ထွက်လာသည့် ဒေါ်ဒေစီသည် သစ်မြစ်ကို နှုတ်ဆက်ဖို့တော့ မမေ့။
"မောင်လေး မမ ပြန် တော့မယ်ကွယ် "
"ဟော ဘယ်လိုဖြစ်တာတုန်း ဦးငယ် ခဏနေရောက်တော့မှာလေ "
"မမ နေလို့မရလောက်တော့လို့ ကိုသက္ကကို မမ ပြန်ချိန်းလိုက်ပါ့မယ်"
အနီးနား မသိမသာ ကပ်သွားရင်း လက်ပွေ့အိတ်ကြီး၏ ဟနေသည့် နေရာကနေ ပိုးဟပ် အရှင်တစ်ကောင်ကို ဖမ်းထည့်ပေးလိုက်သည်။
သေချာပေါက် ခြံထဲဆင်းလာတာသည် ဂိုဒေါင်ဘက်မှာ ထိုအကောင်ကို ဖမ်းဖို့။
"ဟုတ်ကဲ့ မမ နောက်လည်း ကြုံရင် ဝင်ခဲ့ပါဦး"
နှုတ်ဆက်ကာ ပြန်သွားပြီး မကြာမီတွင် ဦးငယ်ဆီက ဒေါသတကြီး ဖုန်းကောကို လက်ခံလိုက်ရသည်။
ဒေါ်ဒေစီသည် အသေးစား Car Accidentတစ်ခု ကြုံတွေ့ရသည်ဟူ၍။
နေ့ခင်းပြန်လာချိန်တွင် သစ်မြစ်အကြောင်းသိနေသူပီပီ သူ့အခန်းဆီ အခေါ်ခံလိုက်ရတာဖြစ်သည်။
"ငါ့အိမ်က သရဲခြောက်တယ်တဲ့ ဘယ်သူ့လက်ချက်လဲ ပြေးကြည့်စရာမလိုဘူး သစ်မြစ် နောက်ပြီး ပေါက်ကရအကောင်တွေကို မရွံမရှာ ကိုင်တတ်တာလည်း မင်းအကျင့် သူ့အိတ်ထဲက ပိုးဟပ်ထွက်လာခဲ့တာ မင်းပယောဂ ကင်းရဲ့လား"
ဦးငယ်သည် သစ်မြစ်အကြောင်းအသိဆုံးလူသား။ သစ်မြစ်နှင့်ပတ်သက်လျှင် တစ်ချက်ကြည့်ရုံမျှဖြင့် မှန်ကန်စွာ ကောက်ချက်ချနိုင်သည်။
မစဉ်းစားဘဲ ပြုလုပ်မိသည့် အပျော်အပါးကနေ အသက်အန္တရာယ်အထိ ဖြစ်သွားဖို့ အမှန်ပင် မရည်ရွယ်ခဲ့ပါ။
သို့သော် ဖြစ်သွားခဲ့သည်။
"ကျွန်တော် မှားမှန်းသိပြီး နောင်တရနေပါတယ် ဦးငယ် နောက်ကို ဒီလို မဆင်မခြင်မျိုး မလုပ်မိစေရပါဘူး အမ ဒေစီကို ကျွန်တော် ကျေနပ်တဲ့အထိ တောင်းပန်ပါ့မယ် "
ခပ်လေးလေး သက်ပြင်းချသံကို ကြားလိုက်ရပြီးနောက်တော့..
"အိမ်ရှေ့က ကြိမ်ခြံကို သွားပြီး ရွေးခဲ့ သစ်မြစ် မင်းအပြစ်နဲ့ထိုက်တန်မယ့် လုံလောက်မှုမျိုး မရွေးခဲ့နိုင်ရင် နှစ်ဆဖြစ်လိမ့်မယ် သေချာ ဆင်ခြင်သုံးသပ်ပြီး ဝယ်လာခဲ့ "
"ဟုတ်ကဲ့"
ထိုအမိန့်သည် သက်ညှာသလိုနှင့် အလွန်ခံရခက်ပြီး ပြင်းထန်သည်။
ကြိမ်ခြံမှာ ဝယ်ခဲ့ဆိုကာ ဘာမှ ထုတ်မပေးခဲ့သည်က သစ်မြစ် ကိုယ်ပိုင်ငွေဖြင့် ဝယ်ရမည်။
ဆင်ခြင်သုံးသပ်ဆိုသည့်စကားသည် မဆင်မခြင် ပြုခဲ့သည့်အတွက် သတိပေးခဲ့ဟန်တူသည်။ ကိုယ့်အပြစ်နဲ့ လိုက်မယ့်ကြိမ် ကိုယ့်ဘာသာဆင်ခြင်ရွေးခဲ့။
ဆိုလိုရင်းက ဒါ ဖြစ်သည်။
ကိုယ့်ကို ရိုက်မယ့်ပစ္စည်းကို ယ်တိုင်သွားယူရတာကပင် အတော်ခံရခက်သည်မဟုတ်လား။ အခု သစ်မြစ်ကတော့ ကိုယ် ခံရမည့်ပစ္စည်းကို ကိုယ်တိုင် ကိုယ်ပိုင်ငွေဖြင့် ရွေးချယ်ဝယ်ယူရမည့်အဖြစ်။
ရှက်စိတ်သည်လည်း အနည်းငယ်ပါလာသည်။
ကြိမ်နှင့်ပတ်သက်သည့် ပရိဘောဂတို့ ပြုလုပ်ကြသူတွေမို့ ထိုခြံထဲ လူက များတတ်သည်။
"ဟော ဖိုးသား ဘာလာလုပ်တာတုန်း"
မျက်မှန်းတန်းမိသည့် ဘောလုံးကန်ဖော်အကိုကြီးသည် သစ်မြစ်နံဘေးရောက်လာသည်။
"ဟို အစ်ကို ကျွန်တော် ကြိမ်လိုချင်လို့ ဘယ်လိုဝယ်ရမလဲ"
"ဟေ"
"ဘာလုပ်ဖို့တုန်းကွ "
"အာ ခြံနောက်မှာ ခွေးတွေ သောင်းကျန်းလို့ အိမ်က သားကို လာလာကိုက်ကြလို့ အဲ့ဒါ ခြောက်ချင်လို့ အစ်ကို"
"ခွေးခြောက်ဖို့ပေါ့"
အောင့်သက်သက်နှင့် ရယ်သာပြလိုက်ရသည်။ ဘယ်လိုတောင် တဲ့တိုးမေးလာရတာလဲ။
"အဟင်း ဟုတ်တယ်"
"လာပါကွာ ကြိုက်ရာရွေးသွား ငွေပေးဝယ်စရာလားကွ ကြိုက်သလောက်သာ အလကားယူသွား"
ခြံနောက်က ကြိမ်တိုကြိမ်စ အပုံကို ခေါ်သွားပြီး အာပေါင်အာရင်းသန်ပြနေသည့် အစ်ကိုထံ အောင့် သက်စွာ ရယ်ပြနေရသည်။
အပေးအကမ်းရက်ရောပါပေ့။
တောင်ကြိမ်ဆိုသည့် ထင်းချောင်းလောက်ကောင်ကြီးတွေဘက်တော့ ယောင်လို့ပင် ခြေဦးမလှည့်ခဲ့ပါ။
ရေကြိမ်အပုံထဲတွင်သာ သုံးပေအရှည်ခန့်နှင့် လက်ညိုးတစ်ချောင်းစာ လုံးပတ်ခန့် နှစ်ချောင်းလောက် ရွေးယူခဲ့ရသည်။ တစ်ချောင်းထဲဆို မကြိုက်လျှင် ဒုက္ခများပေလိမ့်မည်။
"နောက်လည်း လိုရင် လာယူနော် ဖိုးသား အားမနာနဲ့ "
"ဟုတ် ဟုတ်ကဲ့ အဟင်း"
~*~
"ဦးငယ်"
ကြိမ်နှစ်ချောင်းကို ခြံထဲသို့ တစ်လျှောက်လုံးသယ်ယူခဲ့ရတာကလည်း စိတ်ကို အားငယ်စေသည်။
ဦးငယ်ဆီ အမြန်ကမ်းပေးတော့ အသာ ယူကာ လက်ဖြင့် ဆကြည့်နေသည်။
"စားပွဲပေါ်မှောက်လိုက်! ကိုယ် မင်းကို ဒီတစ်ခါတော့ လျော့ပေါ့ပြီး ကျော်သွားမပေးနိုင်ဘူး မင်း အရမ်းဆိုးချင်လာနေတာ"
ငယ်ကျလာသည့်မျက်နှာသည် ဦးငယ်၏ မျက်နှာထားတင်းတင်းကို တွေ့လျှင် ပို၍ အခြေအနေဆိုးသည်။
ခိုင်းသည့်အတိုင်း စားပွဲပေါ် ပါးပြင်အပ်ကာ မှောက်လိုက်ရသည်။
လက်တွေကိုတော့ စားပွဲအစွန်းကို လှမ်းဆုပ်ကိုင်ထားရသည်။
"ဝှစ်!"
"အင့်!"
အရိုက်ခံရလျှင် အသံထွက်ရသည်ကို သစ်မြစ်က ရှက်သည်။ ထို့ကြောင့် ဘယ်လောက်နာနေပါစေ အသံကို ထိန်းဖြစ်သည်။ မနေနိုင်လို့ ထွက်မိလျှင်တော့ ရှက်စိတ်ကြောင့်ပါ ပို၍ ပူထူသွားတတ်သည်။
တစ်ချက်ရိုက်ပြီး ဆက်မကျလာ၍ ခေါင်းကို နောက်သို့ အသာ ငဲ့စောင်းကြည့်မိတော့ ကြိမ်နှစ်ချောင်းကို ပူး၍ အရင်းတွင် စည်းနေသူ။
လက်ကိုင်သည့်နေရာကို သားရေကြိုးဖြင့် သေချာကြပ်ကြပ်စည်းနှောင်နေကာ ထိုစည်းရာပေါ် တိတ်တစ်ထပ် ပတ်လိုက်တော့ မုန်းချင်စရာအရာကို ရလာသည်။
"ဝှစ်..!"
"အ!"
တင်ပါးအလယ်တည့်တည့် မီးပြင်းနှစ်စ ဖြတ်သွားသလို ပူထူနာကျင်မှု။
"ဝှစ်...!"
"ဟင့်!"
"ဝှစ်.!"
"ဟာ့"
အသံတွေ ပြုမိလာလျှင် မျက်ရည်က ပိုဝေ့လာသည်။
ငိုသံရောယှက်၍ အသံထွက်အော်ရတာသည် ရှက်ရွံ့စေသည်။
နောက်တစ်ချက်ဆို သူ့ခံနိုင်ရည်ကုန်တော့မယ်ထင်ရဲ့။
"ဝှစ်..!"
"အ! အဟင့်"
စားပွဲစွန်းကိုသာ ခပ်တင်းတင်းဆုပ်ကိုင်မိလိုက်တော့သည်။ လက်တွေမှာ အကြောတွေပင် ထောင် လုမတတ်။
အသံမထွက်ဖို့ နှုတ်ခမ်းတို့ကို တင်းတင်းစေ့ပိတ်ထားပေမယ့် လွတ်ထွက်သွားရမြဲ။
ရိုက်ချက်တွေသည် စိတ်လာကာ သစ်မြစ်ဆီက ငိုသံပါနေသည့် အသံတို့က ပလုံစီလာသည်။
မျက်နှာပြင်ထက်ကနေ စားပွဲပေါ် ကျနေသည့် မျက်ရည်ကြည်တို့က ပါးပြင်တစ်ဝိုက် စိုထိုင်းထိုင်း။
လက်မကာမိစေရန်သာ စိတ်ကို တင်းထားရသည်။
ဦးငယ်သည် မဆင်မခြင်မပြုလုပ်ဖို့ နှုတ်ဖြင့်
အခါခါ သတိပေးခဲ့သည်။ တစ်ခုခု မလုပ်ခင် အကျိုးဆက်ကို တွေးနိုင်သမျှ တွေးပြီး လုပ်သင့်၊မလုပ်သင့် စဉ်းစားပြီးမှသာ ပြုလုပ်ရန် အကြိမ်ကြိမ် ဆုံးမစကားဆိုခဲ့သည်။
သစ်မြစ်သည် မလိုက်နာခဲ့မိ။ ယခုအခြေအနေသို့ ရောက်ရတာသည် ကိုယ်တိုင်၏အပြစ်သာရှိသည်။
သစ်မြစ်လုပ်ရပ်ကြောင့်
ဒေါ်ဒေစီသာ မပြောကောင်း၊မဆိုကောင်း တိမ်းပါးသွားခဲ့တာမျိုးဖြစ်လာခဲ့ရင်ဆိုသည့် ကြောက်စိတ်သည် အခုအခါတွင် ဝင်လာနေပြီ။
သူ မှားခဲ့သည်။ ဦးငယ် က သူ့ကို ကြီးကြီးမားမား အမှားမျိုးမှာမှ အသားနာစေတတ်သူ။ ဒီအိမ်ကို စရောက်ကတည်းက ဦးငယ် လက်စာကို စားရတာသည် လက်ချိုးရေလို့ရသည်။အမြဲတမ်း ဆုံးမစကားတို့ကို လေသံအေးအေးဖြင့် နားဝင်အောင် ဆုံးမတတ်သည်။
သို့သော် အပြစ်ဒဏ်ခတ်လာပြီဆိုလျှင်လည်း နောက်တစ်ကြိမ် ထိုအမှုကို မပြုမိအောင်အထိ နောင်ကြဉ်စေနိုင်စွမ်း ဦးငယ်တွင် ရှိသည်။
"ဝှစ်..!"
"အား! နောက် မဖြစ်စေရပါဘူး ဦးငယ် ဟင့် မလုပ်တော့ပါဘူး"
ကြိမ်ခြံက ကြိမ်က ကောင်းလွန်းသည်။ သစ်မြစ်ကို နာကျင်မှု အဆုံးစွန်အထိ ပေးနိုင်သည်။
ဘယ်နှချက်များ ရှိပြီလဲ လိုက်မရေတွက်နိုင်တော့ပေ။
တစ်ချက်ပြီးတိုင်း နောက်ဆုံးတစ်ချက်ဖြစ်ဖို့ကိုသာ မျှော်လင့်နေမိသည်။
"ဝှစ်..!"
"အား!! "
"နောက်ကို မဆင်မခြင် လုပ်ဦးမလား ဟမ်"
"ဝှစ်!"
"အား! မလုပ်တော့ပါဘူး မလုပ်တော့ပါဘူး"
"ကိုယ့်ထက် အများကြီး ကြီးတဲ့သူကို အန္တရာယ်ဖြစ်အောင်ထိ မရိုမသေ စနောက်ဦးမလား "
"ဝှစ်..!!"
"အ! အီး မလုပ်တော့ပါဘူး ဦးငယ် ဟင့်"
"ကလေးဆန်တဲ့ အတွေးတွေ ပြောင်းလဲစမ်း သစ်မြစ် ဧည့်သည်ကို ဧည့်ခံခိုင်းမိတဲ့ အလုပ်လေးမှာတောင် မင်းကို စိတ်မချရရင် မင်း ဘဝ အတွက် ငါ ဘယ်လိုဘယ်ပုံ စိတ်ချရမလဲ ဟမ်"
ဟင့်ခနဲ ရှိုက်လိုက်မိသည်အထိ ဦးငယ်က ဝမ်းနည်းအောင် လုပ်နိုင်လွန်းသည်။
သူသည် သဝန်တိုမိလို့ ။ စိတ်မချရတာမဟုတ်ဘဲ ကလေးဆန်ဆန် သဝန်တိုကာ ပြုလုပ်မိခဲ့သည့်အမှား။ ဦးငယ်ကို သူ့ဘဝအတွက် ထပ်လောင်းပူပန်ကြောင့်ကြရောက်စေဖို့အထိ မရည်ရွယ်ခဲ့ပါ။
"နောက်ဆုံးအချက်ပဲ သစ်မြစ်"
သတိပေးလာသည်နှင့် စားပွဲစွန်းက လက်နီနီတို့ကို ပိုအားသုံးကာ ဖိကပ် ဆုပ်ကိုင်ထားမိတော့သည်။
"ဝှစ်...!"
"အု! "
အားခနဲ ပင် မအော်နိုင်လောက်အောင် တင်ပါးထက် နာကျင်မှုက အတိုင်းအဆမဲ့။
ပူထူကာ ရှိန်းတက်လာသည့် နာကျင်မှုတို့ ပြေစေလိုငြား လက်ဖြင့် အလျင်အမြန် ပွတ်မိတော့သည်။
ချက်ချင်းပင် မထနိုင် ။
ဦးငယ် ဆွဲထူမှ ထနိုင်သည့်အဖြစ်။ ဦးငယ်နှင့် မျက်နှာချင်းပင် မဆိုင်ရဲ။ သူ့မျက်နှာက ပေပွ စိုရွှဲနေကာ မျက်လုံးတို့ဖောင်းအစ်နေမည်မှာ အသေအချာ။
"နောက်ကို ထပ်ပြီး ဒီလိုအဖြစ်မျိုး ကြုံလာရရင် ဒီလောက်နဲ့ မပြီးဘူးဆိုတာ ဒီခေါင်းလေးထဲ ထည့်မှတ်ထား သစ်မြစ်! "
"ဟုတ်"
ပြန်ဖြေသံနောက် ရှိုက်သံတို့က တစ်စွန်းတစ်စ။
"သွား! ဟိုနားမှာ လက်ပိုက်ပြီး သွားရပ်နေ အငိုတိတ်မှ ဆေးလိမ်းပေးမယ် မတိတ်မချင်း ရပ်နေ!"
အလန့်တကြား မော့ကြည့်လိုက်ပေမယ့် ဦးငယ် က ဒီတစ်ကြိမ်တွင် တကယ် လွှတ်မပေးဘဲ တင်းကြပ်မည့်ဟန်ပန်မို့ နာခံလိုက်ရသည်။
"ဟုတ်"
တအင့်အင့် ရှိုက်သံတို့က သက္ကရာဇ်အခန်းထဲ ဝေ့ဝဲနေသည်။
သစ်မြစ်.. ဒီကောင်လေး။ ကြီးလာလေ ဆိုးလာလေ။
ကလေးတစ်ယောက်ကို ထိန်းကွပ်ရတာပင် ခက်ခဲလွန်းသည့်အလုပ်။ သစ်မြစ်လို လူငယ်လေးတွေဆို ပို၍ ထိန်းကျောင်းရခက်သည်။
"ဖအေက အရက်သမားလေ ကလေးဘဝလည်း ပျက်မှာပဲ"
စကားသံတွေသည် ဝေ့ဝဲလာတော့ တွေ့စအချိန်တွေကို သက္ကရာဇ် ပြန်မြင်ယောင်လာရသည်။
~°~
သစ်မြစ်သည် ခင်ခင်ထား ဆိုသည့် ငယ်သူငယ်ချင်းမလေး၏ သား။ ခင့် အပေါ်တွင် သက္ကရာဇ်သည် ညီမရင်းချာလို သံယောဇဉ်တွယ်ခဲ့သည်။ မိဘတို့ရဲ့ နယ်ဝေးသည့် စီးပွားရေးတို့ကြောင့် ခင်တို့ အိမ်သည် သက္ကရာဇ်အဖို့ စားအိမ်သောက်အိမ် ဖြစ်ခဲ့သည်။
မပြေလည်တာတွေ ကူထမ်းသင့်သည် ထမ်း၊ ဖေးမတန်သည် ဖေးမနှင့် အမေတစ်ခု၊သမီးတစ်ခု သူငယ်ချင်းမဘဝကို အသနားပိုခဲ့သည်။
သို့သော် ပတ်ဝန်းကျင်ဟူသည် ဆန်းကြယ်လှသည်။ မဆီမဆိုင် အပုပ်ချသည်က ခင်တို့သည် သက္ကရာဇ်ဆီက ချူစားနေသည်ဟူ၍။
ခင်သည် ထိုစကားတို့ကို နာကျင်ခဲ့သည်။ သက္ကရာဇ် ဘယ်လောက်ဖျောင်းဖျပါစေ ခင်သည် ရှောင်ဖယ်လာခဲ့သည်။
နောက်ဆုံး ခင်သည် အမှားကြီးကြီးကို ကျူးလွန်ခဲ့သည်။
စဉ်းစားဆင်ခြင်စွမ်းတို့ ဘယ်ရောက်ကုန်ပြီလဲဟု စိတ်ဆိုးမိသည်အထိ ခင်သည် အသိဉာဏ်မဲ့သူနောက် လိုက်ပြေးသွားခဲ့သည်။
ခင် အိမ်ထောင်ကျသွားသည့် နောက်တွင် သက္ကရာဇ်သည် တစ်နယ်သို့ အလုပ်ဖြင့် ပြောင်းရသည်။
ထိုမှစ ဝေးကွာသွားခဲ့သည်မှာ ဘယ်ဆီ ဘယ်ဝယ်သို့ ခင်တို့ပြောင်းသွားမှန်း မသိခဲ့တော့ပေ။
ပြန်ဆုံခဲ့ချိန်တွင် ခင်သည် တိမ်းပါးသွားခဲ့ပြီ။
စရိုက်စုံသည့် လူပုံအလယ် ကောင်ကလေးသည် ခေါင်းငိုက်စိုက်ကျနေသည်။
နံဘေးက လူအစုစုသည် ကလေးငယ်ကို သနားပိုရမည့်အစား ဒဏ်ရာကိုသာ ခဏခဏ ဆွနေသည့် စကားတို့ကို ဆိုနေကြသည်။
သက္ကရာဇ် ကြည့်နေတုန်းမှာပင် ထိုကောင်လေးသည် လက်သီးလေးတွေ ကျစ်နေအောင် ဆုပ်လာသည်။
မောင်နှမ မရှိခဲ့၍ သက္ကရာဇ်သည် ခင့်တုန်းကလည်း ညီမလေးလို သံယောဇဉ်တွယ်ခဲ့သည်။ ခင့်သားလေးကိုတွေ့ပြန်တော့လည်း သနားပိုကာ သံယောဇဉ်တွယ်ရသည်။
"ခင့်သားလေးလား"
ဝိုင်းစက်စွာ စိုက်ကြည့်လာသည့် မျက်လုံးဝိုင်းကလေးတွေထဲ စူးစမ်းရိပ်စွန်းသည်။
"ဦးငယ်က ခင့်သူငယ်ချင်း"
ကောင်လေးသည် သက္ကရာဇ်၏ မျက်ဝန်းတွေဆီ ခပ်ရဲရဲ စိုက်ကြည့်နေသည်။
"ဖအေက အရက်သမားလေ မိန်းမသေတာတောင် သိမယ့်ကောင် မဟုတ်ဘူး မိန်းမကတော့ ဝဋ်ကျွတ်သွားတာပေါ့ ကလေးအတွက်တော့ ရင်လေးတယ် ပျက်စီးမှာပါပဲ"
သက္ကရာဇ်သည် အံကို တင်းတင်းကြိတ်မိသည်။ ထိုသို့သော စရိုက်ဆန်သည့် နယ်ပယ်တွင် ဒီကလေးကို သူ မထားခဲ့ချင်။
"သားနာမည် ဘယ်လိုခေါ်ရမလဲ"
"သစ်မြစ်"
"နာမည်လေးက လှလိုက်တာ မင်း ဦးငယ်နဲ့ လိုက်နေချင်လား ကလေး "
တစ်ချက်သာ စိုက်ကြည့်လာရင်း ကောင်လေးသည် ခေါင်းညိတ်လာခဲ့သည်။
ဘယ်လောက်တောင်များ အရွယ်နှင့်မလိုက် နာကျင်ခဲ့လို့ တွေ့ကာစ လူတစ်ယောက်နောက် လိုက်ဖို့ ခေါင်းချက်ချင်းညိတ်နိုင်ရတာလဲ။
သနားစဖွယ်ကောင်ငယ်လေး။
ကမ်းပေးသည့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လာသည့် သစ်မြစ်ကလေးသည် သက္ကရာဇ်ရင်တွင်း စတင် အမြစ်တွယ်လာခဲ့တော့သည်။
လူငယ်မကျ ကလေးမကျ အရွယ်လေးမို့ သက္ကရာဇ် စိတ်ရှည်စွာ ပျိုးထောင်ခဲ့ရသည်။
ဒီကောင်လေးမှာ လိုအပ်ချက်တွေ သိပ်များခဲ့သည်။
လမ်းဘေး အလေ့ကျ ပေါက်လာသည့် ပျိုးပင်လေးကို ပန်းအိုးတွင် သေချာပြန်လည် ပျိုးထောင်ရသည်။
လိုအပ်သည့် အားဆေးတွေ ကျွေးရသည်။ နေဆိုနေ၊ ရေဆို ရေ ဂရုတစိုက် ပြုစုရသည်။သို့မှသာ အဖိုးတန်အပင်လေးအဖြစ် ကြီးထွားလာနိုင်မည်လေ။
အတိတ်နှင့်ဆိုင်သည့် စကားသံတစ်ချို့ အတွေးထဲရောက်လာတိုင်း သစ်မြစ်ကိုသာ ပို တင်းကြပ်ဖြစ်သည်။
အများထက် တော်စေချင်သည်။ တတ်စေချင်သည်။ ရင့်ကျက်ပြီး ထက်မြက်တဲ့ လူငယ်လေးတစ်ယောက်အဖြစ် မြင်ချင်သည်။
မိဘရဲ့ အကျိုးအပြစ်ဆိုတာတွေနဲ့ ဒီကောင်လေးအပေါ် ရောနှောတွေးထင်လိုက်တာမျိုး သက္ကရာဇ် အဖြစ်မခံချင်။
သူ့ကလေးငယ်သည်
စိန်ပွင့်လေးတစ်ပွင့်လို မာမာကျောကျောနဲ့ လှလှပပ လင်းလက်တောက်ပနိုင်ရမည်။
သက္ကရာဇ်၏ ကူညီ ပဲ့ပြင် ပေးမှုတွေအောက် ထွန်းလင်းလာမည့် ကျောက်ကောင်းစိန်ကောင်းလေး ဖြစ်လာရမည်။
~°~
"ဦးငယ်"
ငိုထားသည့် အသံအက်အက်လေးသည် တိုးဖွစွာ ထွက်လာသည်။
အငိုတိတ်သွားသည့် ကောင်လေးက မျက်တောင်စလေးတွေ စိုစွတ်နေသေးကာ နှာထိပ်ကလေးက ရဲရဲနီနေသည်။
"လာ ဒီကို "
ခေါ်လိုက်မှ နံဘေးနားရောက်လာကာ ကုပ်ကုပ်ကလေး ရပ်နေသည်။
"ကုတင်ပေါ် မှောက်လေ မတ်တပ်ကြီး ကိုယ်က ဘယ်လို ဆေးလိမ်းပေးရမလဲ"
ဆူတူတူထွက်လာသည့် နှုတ်ခမ်းက သက္ကရာဇ် ဆူမည်ကိုလည်း စိုးရိမ်ဟန်ဖြင့် တစ်ခနတာ ဆူထွက်လာခြင်း။
"ဟေ့ ဆူပုတ်မနေနဲ့ ကိုယ်က မင်းကို အကြောင်းမဲ့ ဘယ်တော့မှ မရိုက်ဘူး ဘယ်သူ့အပြစ်လဲ အခုလို ဖြစ်ရတာက ဟမ်"
"သား"
"အေး သိရင် လိမ္မာ! ဒီအရွယ်ကြီးထိ ကိုယ် အပြစ်ပေးနေရတာ သိပ်မဟုတ်သေးဘူး မင်း ပြင်ရမှာတွေ များသေးတယ် ကောင်လေး"
အရိုက်ခံပြီးတာတောင် ဆက်လက် ဆူပူတတ်သည့် ဦးငယ်ကို သစ်မြစ်သည် စိတ်ဆိုးပစ်ချင်ပါသည်။
"အ ဖြည်းဖြည်း နာတယ် "
"ဆေးစိမ့်ဝင်အောင် လူးရမယ်လေ နာလည်း ခဏအောင့်ခံ "
"မနက်ဖြန်ကျ အစ်မဒေစီဆီ လူနာမေးသွားမယ်နော် ဦးငယ်"
"အင်း သွားကြတာပေါ့ ဒါနဲ့ နေစမ်းပါဦး မင်းက ဒေါ်ဒေစီကိုဆို အမြဲ ခါးခါးသီးသီးဖြစ်ရတာလဲ ကိုယ်မသိတဲ့ ပြဿနာမျိုး မင်းတို့ကြားရှိနေလို့လား "
ဆေးထည့်ခြင်းကို အဆုံး သတ်ရင်း ဦးငယ်က မေးလာသည်။
"မရှိပါဘူး ဒါပေမယ့်.."
ခေါင်းကို နောက်ကို လှည့်ကာ ကြည့်မိတော့ မျက်မှောင်ကျုံ့နေသူကို တွေ့ရသည်ကြောင့် သစ်မြစ် ဟီးခနဲ ရယ်ပြလိုက်ရင်း
"ဦးငယ်အနား သိပ်ကပ်လို့ ဘယ်လိုကြီးမှန်း မသိဘူး သူ ကပ်တာကြီးက ကျွန်တော် မကြိုက်ဘူး"
ဦးငယ်က ခပ်ဟဟ ရယ်ကာ သူ့လက်ဖဝါးကြီးဖြင့် သစ်မြစ်ဆံပင်တိုတွေကြား ဖွ လာသည်။
"ကလေးဆန်လိုက်တာကွာ. ကိုယ်နဲ့သူက လုပ်ငန်းသဘောအရပါပဲ "
"ဦးငယ်ဘက်က လုပ်ငန်းသဘောပေမယ့် သူ့ဘက်က ဟုတ်ချင်မှ ဟုတ်မှာလေ"
ဂျစ်ကျလာသည့် ကောင်လေးသည် အရိုက်ခံလိုက်ရပြီးနောက် ပေါ်ထွက်လာသည်။
"ကဲ တော်ပါကွာ သူများကို အထင်နဲ့ လျှောက်မပြောရဘူး "
"အထင်နဲ့ မဟုတ်ဘူး ဟုတ်ကို ဟုတ်နေတာ အဲ့အမကြီး ဦးငယ်ကို ကြံနေတာ သူ့ဘာသာ ဘယ်လို ကြံကြံနော် ဦးငယ် သူ့နောက်ပါသွားကြည့်!"
အတည် ပူပန်နေဟန်ရှိသည့် အကောင်ပေါက်ကလေးသည် သက္ကရာဇ်မျက်လုံးထဲ အူယားဖွယ်ရာ။ ဆူပူတွေပင် ဆက်မပြုချင်တော့လောက်သည်အထိ။
အကဲဆတ်နေသည့် ကောင်လေးငယ်ကို ဆက်စ ချင်လာသည်ကြောင့်..
"ပါသွားရင် ဘာလုပ်မလို့လဲ"
"ဦးငယ်နော်!!! အဲ့လို မစနဲ့ ကျွန်တော်မကြိုက်ဘူး"
လက်မောင်းဆီ ဘတ်ခနဲရောက်လာသည့် လက်သီးချက်သည် အားပျော့ပျော့ကလေး။
ထပ်မံ မဲ့ကျချင်လာသည့် မျက်နှာလေးကြောင့် သက္ကရာဇ် ဆက်မစဖြစ်တော့ပါ။
"သစ်မြစ် နားထောင် ကိုယ့်အချိန်တွေအားလုံး မင်းအတွက်ပဲ အချိန်ပြည့် မင်းအတွက် ပူပန်နေရတာနဲ့တင် ကိုယ်မအားလပ်ဘူး ကျန်တဲ့ ပူပန်စရာတွေ မတွေးချင်သလို ပတ်လည်း မပတ်သက်ချင်ဘူး သစ်မြစ်ဆိုတဲ့ အဆိုးကောင်ကို ထိန်းကျောင်းရင်းပဲ ကိုယ့်ဘဝနေ့ရက်တွေ ကုန်ဆုံးမှာ သေချာပေါက်ပဲ ဒါကို ဒီခေါင်းကလေးထဲ သေချာ ထည့်မှတ်ထားဦး ကြားလား "
"ကျွန်တော်လည်း ဦးငယ်လိုပါပဲ"
မျက်ရည်တွေဖြင့် လက်မောင်းပေါ် မှီချလာသည့် ခေါင်းလုံးလုံးလေးသည် သက္ကရာဇ်အတွက် တစ်သက်လုံး သယ်ပိုးသွားချင်သည့် အထုပ်အပိုးလေး။
နောက်ဆုံးထွက်သက်အထိ စိုက်ပျိုးသွားချင်သည့် သစ်မြစ်ကလေးကို သက္ကရာဇ် သိပ်တန်ဖိုးထားရပါသည်။
~°~
#BlackDevil0_0