သတင်းကောင်းလေး အရင်ပါးချင်တာကတော့ Broken Branch ရဲ့ Manhua ထွက်ပါပြီ။ အဆုံးမှာပုံတွေထည့်ပေးထားပါတယ်။
••••••••••
ညဥ့်ကားနက်လှချေပြီ။
ဤညကျော်လွန်မှသာ ၁၅ ရက်နေ့ (လပြည့်နေ့) ရောက်မည်ဖြစ်၍ လမင်းကြီးကအပြည့်အဝလုံးဝန်းမနေသေးပေ။ အနားသတ်တို့က အတန်ငယ်မှုန်ဝါးကာ အရောင်မှာလည်း စိတ်ခြောက်ခြားဖွယ် နီစွေးနေသည်။
တောင်ပေါ်တောအုပ်ထဲတွင်တော့ မြူတစ်လွှာဖုံးလွှမ်းနေသည်။
ပြေးလွှားနေစဉ် သွမ့်လင်ရှိုက်ထုတ်လိုက်မိသည့်လေပူတို့က မြူများကိုဖယ်ခွာသွားစေပြီး မိမိရှေ့မှပြေးနေသူကို ပြတ်သားစွာမြင်လိုက်ရသည် ... ထိုသူက မည်သည့်နေရာတွင် ခြေချော်ကျလာသည်မသိ၊ တစ်ကိုယ်လုံးရွှံ့များပေရေနေကာ ခြေဗလာဖြစ်၍ ဒဏ်ရာဒဏ်ချက်အချို့လည်း ထင်ကျန်နေသေးသည်။ နက်မှောင်သောဆံပင်များကို စည်းနှောင်ရန်အချိန်မမီခဲ့၍ ပခုံးနှစ်ဖက်နှင့်ကျောပေါ်သို့ ဖြာကျနေ၏။
သူက သွမ့်လင်ကို ညဥ့်နက်သန်းခေါင်တွင်လာနှိုးခဲ့ပြီး သွမ့်လင်ကအနည်းငယ်ဇဝေဇဝါအခြေအနေတွင်ရှိနေဆဲဖြစ်သည်။ သူသိသမျှက မနက်ဖြန်တွင် မိစ္ဆာဂိုဏ်းချုပ်က မိမိကိုသိုင်းပညာစုပ်ယူတော့မည်ဖြစ်၍ အသက်ဘေးမှလွတ်ရန် ညတွင်းချင်းထွက်ပြေးရမည်ဆိုသည်ကိုပင်။
အရာအားလုံးက အလုံးစုံရှုပ်ထွေးအလျင်လိုနေသည့်တိုင် သူ့အားဆုပ်ကိုင်ထားသည့်လက်မှာတော့ အားအင်အပြည့်နှင့်နွေးထွေးနေခဲ့သည်။
အချိန်အတော်ကြာပြေးလာခဲ့ပြီးနောက် ထိုလူက ခြေလှမ်းတို့ကိုတုံ့ခနဲရပ်လိုက်ပြီး သွမ့်လင်ကိုလှည့်ကြည့်လာသည်။
"ရှေ့မှာအစောင့်ရှိတယ်၊ တစ်ယောက်တည်းဆက်သွားတော့နော်"
သွမ့်လင် ထိတ်လန့်သွားသည်။
"ခင်ဗျားရော အတူမလိုက်ဘူးလား"
ထိုသူက ခေါင်းယမ်းလိုက်ပြီး နက်မှောင်သောတံဆိပ်ပြားတစ်ခုကို သွမ့်လင်၏ရင်ဘတ်ထဲသို့ ထည့်ပေးသည်။ သူ့အသံမှာ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော်လည်း ဤညတော့ပြေးလွှားခဲ့ရ၍ဖြစ်မည်။ အသံက အနည်းငယ်ပိုနက်နေခဲ့၏။
"ဂိုဏ်းချုပ်ရဲ့အမိန့်ပြားက တစ်ခုပဲရှိတယ်။ နှစ်ယောက်အတူသွားရင် နေရာမှာပဲမိသွားလိမ့်မယ်"
"ဒါပေမဲ့ ခင်ဗျားက ဂိုဏ်းချုပ်ရဲ့အမိန့်ပြားကို ခိုးပေးခဲ့တာလေ။ အကယ်၍ ..."
"ဘာမှမဖြစ်ဘူး၊ ငါ့မှာ နည်းလမ်းရှိပါတယ်"
ထိုလူက သွမ့်လင်ကို အလျင်အမြန်တစ်ချက်တွန်းလိုက်ပြီး -
"အချိန်မမီဘဲနေမယ်၊ မြန်မြန်သွားတော့!"
သွမ့်လင်က သူ့လက်ကိုခေါင်းမာစွာဆုပ်ကိုင်ထားရင်း မေးလိုက်သည်။
"ဘာလို့ ကျွန်တော့်ကို စွန့်စွန့်စားစားကယ်ရတာလဲ"
လရောင်က ထိုသူ၏မျက်နှာထက်သို့ တိတ်တဆိတ်ဖြာကျနေပြီး အသွင်အပြင်တို့က တောက်ပ၍တင့်တယ်လှသည်။ ပန်းချီကားထဲမှလူတစ်ဦးအလားပင်။ သူက ခပ်ဖွဖွတစ်ချက်ပြုံးရင်း ထိုအမေးကိုပြန်မဖြေဘဲ ကိုယ်ကိုကိုင်း၍ သွမ့်လင်၏နှုတ်ခမ်းထောင့်စွန်းကို ညင်သာစွာအနမ်းခြွေလိုက်သည်။
သွမ့်လင်၏နှလုံးသားမှာ ကျယ်လောင်စွာ မြည်ဟီးခုန်လှုပ်နေတော့သည်။
အိပ်မက်မှနိုးလာချိန်တွင် သူ့နှုတ်ခမ်းထောင့်၌ နူးညံ့သောအထိအတွေ့လေး ထင်ကျန်ရစ်နေဆဲသာ။ အိပ်ရာခန်းစီးများကို တခဏငေးစိုက်ကြည့်နေပြီးလေမှ မိမိကိုယ်ကိုယ်တည်းခိုအိမ်၏အခန်းထဲတွင်ရှိနေကြောင်း တွေးမိတော့သည်။
လွန်ခဲ့သောရက်က သူနှင့်လုရှိုးဝမ်တို့ အထုပ်အပိုးများသိမ်းဆည်းကာ ချင်းကျိုးမြို့မှထွက်ခွာခဲ့သည်။ လုရှိုးဝမ်က လုရှိုးယန်၏နေရပ်ကို လုံးဝထုတ်မပြောပါဘဲ လမ်းတလျှောက်သာ ညွှန်ပြပေးခဲ့သည်။
သူ၏စိုးရိမ်ပူပန်မှုများကြောင့်ထင်သည်။ ယခုရက်များတွင် ယခင်ကိစ္စဟောင်းများကို အိပ်မက်မက်တတ်လာသည်။
ငယ်စဉ်က မိစ္ဆာဂိုဏ်းသားများ၏ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် နေ့စဉ်နေ့တိုင်း ကြောက်ရွံ့တုန်လှုပ်ကာ သတိကပ်၍နေခဲ့ရသည်။ ထိုသို့သောဆင်းရဲဒုက္ခတွင်းကြီးထဲတွင် လုရှိုးယန်တစ်ဦးကသာ သူ့အပေါ် နူးညံ့ကြင်နာစွာဆက်ဆံပေးခဲ့သည်။ ဆယ်နှစ်ကာလကြာပြီးနောက် လုရှိုးယန်က မည်သို့သောသွင်ပြင်ရှိလိမ့်မည်ကို သူမသိပါချေ။
တွေးမိပြီးနောက် ကိုယ့်ကိုယ်ကိုယ်မိုက်မဲလှသည်ဟု တွေးရယ်လိုက်မိ၏။ လုရှိုးဝမ်က သူ၏အမွှာညီအစ်ကိုပင် မဟုတ်ပါလား။ အရွယ်ရောက်လာချိန်တွင် ပြောင်းလဲသွားနိုင်ကြသည့်တိုင် သွင်ပြင်ကတော့ ကွာဟချက်ကြီးလိမ့်မည်မဟုတ်ပေ။
ယခင်အချိန်များက ထိုညီအစ်ကိုနှစ်ဦးမှာ ရုပ်ချင်းဆင်တူလှ၍ အခြားသူများက ပုံမှန်အားဖြင့် မခွဲခြားနိုင်ပေ။ လုရှိုးဝမ်၏ အနှစ်သက်ဆုံးအရာသည်ကား ရှိုးယန်၏အဝတ်များကိုလဲဝတ်ကာ ညီဖြစ်သူဟန်ဆောင်၍ အခြားသူများကို လိမ်ညာလှည့်ဖျားရခြင်းပင်။ တုံးအစွာ လှည့်ဖျားခံရသူများလည်း အမြဲရှိခဲ့သည်ချည်းသာ။
သွမ့်လင်တစ်ဦးသာလျှင် တစ်ချက်ကြည့်ရုံနှင့် အတုအစစ်ခွဲနိုင်ခဲ့သည်။
သူက ထိုနှစ်ဦး၏သွင်ပြင်ကို မခွဲတတ်သည့်တိုင် မျက်လုံးအကြည့်တို့ကို ခွဲခြားတတ်သည်လေ။
လုရှိုးဝမ်၏မျက်လုံးများထဲတွင် ဖုံးကွယ်ထားသော စဉ်းလဲမှုများရှိသည်။
မျက်လုံးထောင့်စွန်းတို့ ကွေးညွတ်သွားပြီး တစ်ဖက်လူကို ပြုံးရယ်ဟန်နှင့် စိုက်ကြည့်လိုက်ရုံဖြင့် ထိုသူ၏နှလုံးသည်းပွတ်ကို ဖဲ့ခြွေယူနိုင်သည်လေ။
တစ်ခါတရံတွင် သွမ့်လင် သူ့ကို အလွန်တရာကြောက်ရွံ့မိသည်။
သို့သော် လုရှိုးယန်ကတော့ မတူညီပေ။ ရှိုးယန်က အချိန်တိုင်းအမြဲလိုလို နူးညံ့အေးချမ်းသည့်အပြုံးကို ဆင်မြန်းထားတတ်ပြီး မျက်ဝန်းတို့က လရောင်သဖွယ်တောက်ပနေသည်။ ညတာရှည်သောညတစ်ည၏ တိတ်ဆိတ်အေးချမ်းသော လရောင်နှယ်။ သူနှင့်သွမ့်လင်က ချိုမြိန်သည့်စကားတို့ အပြန်အလှန်မဆိုဖူးဘဲ ထိုညကအနမ်းတစ်ပွင့်သာ သူတို့နှစ်ဦးကြားရှိခဲ့သည်။
ရန်ခုန်စိတ်လှုပ်ရှားဖွယ် အနမ်းတစ်ပွင့်ပင်။
ပြန်တွေးမိရုံနှင့် သွမ့်လင်၏ခန္ဓာက ပူပြင်းလာသည်။ အချိန်မှာ မိုးလင်းလုပြီဖြစ်၍ အိပ်ရာမှထကာ ကိုယ်လက်သန့်စင်ပြီးနောက် ဘေးအခန်းတံခါးကိုခေါက်လိုက်သည်။
အတန်ကြာမှ လုရှိုးဝမ်၏အသံကို ကြားလိုက်ရ၏။
"ဘယ်သူလဲ"
"ကျွန်တော်ပါ၊ နေ့လယ်ရောက်တော့မယ်။ ခင်ဗျားထွက်မလာရင် ကျွန်တော်တို့ ဒီနေ့ခရီးမတွင်ဘဲနေလိမ့်မယ်"
လုရှိုးဝမ်က ပြန်ပြောသည်။
"ခဏစောင့်"
အချိန်အတော်ကြာအောင် ထပ်စောင့်ပြီးနောက် သွမ့်လင်၏ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးလာသည်။ ထိုအချိန်တွင် အတွင်းဘက်ဆီမှ အသံတစ်သံကြားလိုက်ရပြီး တစ်စုံတစ်ရာကြမ်းပေါ်ပြုတ်ကျသွားသည်ထင်၏။
"ဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ပါဘူး၊ ခွက်တစ်လုံးမတော်တဆကွဲသွားလို့"
လုရှိုးဝမ်က ပြောပြီးနောက် အတန်ငယ်ကြာမှေ့ တံခါးဖွင့်လာသည်။
သူ့မျက်နှာက အလွန်ဖြူဖျော့နေသလိုခံစားရ၍ သွမ့်လင် မနေနိုင်စွာမေးမိသည်။
"ခင်ဗျားအဆင်ပြေရဲ့လား"
လုရှိုးဝမ်က မျက်တောင်ခတ်လိုက်ပြီးပြော၏။
"အကုန်အဆင်ပြေပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က အားသိပ်မရှိဘူး။ ရှစ်တိ ငါ့ကိုကုန်းပိုးပေးပါလား"
ပြောပြောဆိုဆိုနှင့် လက်ကိုဆန့်ထုတ်ပေးလာသည်။
သွမ့်လင်က သူ့လက်ကိုပုတ်ထုတ်လိုက်ပြီး -
"အိပ်မက်မက်နေလိုက်"
လုရှိုးဝမ်က ရယ်သာရယ်နေ၏။ သူ့ကို စနောက်ရခြင်းအား အစဉ်သဘောတွေ့နေပုံရသည်။
သွမ့်လင်က သူ့အားအသေသတ်ချင်သည့်စိတ်ကို ဖိနှိပ်ထိန်းချုပ်ကာ တည်းခိုအိမ်အပြင်ဘက်မှ မြင်းလှည်းဆီသို့ ထွက်သွားသည်။ ပြန်လှည့်ကြည့်မိလေမှ လုရှိုးဝမ်က သေအံ့ဆဲဆဲပုံစံမျိုးနှင့် လှေကားကို ဖြည်းညင်းစွာဆင်းလာကြောင်းတွေ့လိုက်ရ၏။
သွမ့်လင်လည်း ကြည့်မနေနိုင်တော့ဘဲ လက်တစ်ဖက်တွဲကူကာ သူ့ကို မြင်းလှည်းပေါ်သို့တက်စေလိုက်သည်။
"မနက်စာစားဖို့ အချိန်မမီတော့ဘူး။ ရိက္ခာခြောက်ပဲစားလိုက်တော့"
လုရှိုးဝမ်က "အွန်း" ဟုသာ ဆိုပြီး ဘာမှဆက်မပြောတော့ဘဲ တိတ်ဆိတ်သွားသည်။
သွမ့်လင်လည်း သူ့ကိုအရေးမစိုက်တော့ဘဲ မြင်းလှည်းကိုမောင်း၍ တောင်အရပ်သို့ ဦးတည်ထွက်ခွာခဲ့လိုက်သည်။ လမ်းမကြီးသည်ကား သွားလာ၍ မကောင်းလှချေ၊ လမ်းတလျှောက် အဖုအထစ်ချိုင့်ခွက်တို့နှင့် ပြည့်နှက်နေ၏။ နေ့လယ်ခင်းရောက်သောအခါ သွမ့်လင်က မြင်းဇက်ကြိုးကိုဆွဲ၍ သစ်ပင်အောက်တွင်ရပ်လိုက်၏။ နောက်လှည့်၍ ကန့်လန့်ကာကိုဆွဲဖယ်လိုက်သောအခါ လုရှိုးဝမ်က လှည်းနံရံကိုမှီ၍အိပ်ပျော်နေကြောင်းတွေ့လိုက်ရသည်။
သွမ့်လင်က ရိက္ခာခြောက်ကိုထုတ်စားရင်း လုရှိုးဝမ်ကို တစ်ချက်တွန်း၍မေးလိုက်သည်။
"တစ်ခုခုစားဦးမလား"
လုရှိုးဝမ်က မျက်လုံးကိုအားယူဖွင့်ရင်း ပြန်ဖြေ၏။
"တော်ပါပြီ၊ ရေနည်းနည်းသောက်လိုက်ရင်ရပြီ"
သွမ့်လင်က ရေသောက်ရန်ကမ်းပေးရင်း သူ့လက်ကိုထိမိချိန်မှ အေးစက်နေကြောင်းခံစားမိတော့သည်။ တစ်စုံတရာမှားယွင်းနေပြီဟု သတိထားမိလိုက်ပြီး လုရှိုးဝမ်၏နဖူးကိုစမ်းကြည့်လိုက်မိ၏။ ထိုအခါမှသာ ကိုယ်အပူချိန်က ယခင်ဖျားနာစဉ်ကကဲ့သို့ မအေးလွန်းသည့်တိုင် ချွေးစေးတို့ဖြင့် အေးစက်နေကြောင်း သိလိုက်ရတော့သည်။
"ခင်ဗျားကိုယ်က တကယ်ရောအဆင်ပြေရဲ့လား"
"သေချာပေါက်ပြေတာပေါ့"
လုရှိုးဝမ်ကပြောလိုက်သည့်တိုင် သူ့လက်တစ်ဖက်ကို နောက်တွင်ဖွက်ထားသည်။
ထိုအခါမှ သွမ့်လင်လည်း လုရှိုးဝမ်က ဘယ်ဘက်လက်ကို တင်းတင်းဆုပ်ထားပြီး လက်သီးဆုပ်ကြားတွင် အနီရောင်စွန်းထင်းနေကြောင်းတွေ့လိုက်ရ၏။ လုရှိုးဝမ်၏လက်ကို အလျင်စလိုဆွဲယူ၍ဖြည်ကြည့်သောအခါ လက်ထဲတွင် ကြွေအပိုင်းအစတစ်ခုကို တင်းတင်းဆုပ်ထားပြီး သွေးတို့စီးကျနေကြောင်း မြင်ရတော့သည်။
လုရှိုးဝမ် အခန်းထဲတွင်ရှိစဉ်က ရေနွေးခွက်ကိုခွဲမိလိုက်ကြောင်း သူမှတ်မိသည်။ ကြွေစက ထိုခွက်မှဖြစ်ဟန်တူ၏။ သို့သော် သူက အဘယ်ကြောင့် မိမိကိုယ်ကိုယ်နာကျင်စေရပါသနည်း။
"ခင်ဗျား ဘာအရူးထနေတာလဲ"
"ဘာရယ်မဟုတ်ပါဘူး။ ခရီးလမ်းက ပျင်းစရာကောင်းလို့ ရှစ်တိကို လှန့်ချင်မိရုံပါပဲ"
လုရှိုးဝမ်က သူ့လက်မှသွေးမထွက်သည့်အလား၊ နာကျင်မှုကိုလည်း မခံစားရသည့်နှယ် လက်ထဲရှိကြွေအပိုင်းအစကို ဘာမဟုတ်သလို လွှင့်ပစ်လိုက်သည်။
သွမ့်လင်က အဝတ်စကိုဖြဲလိုက်ပြီး ဒဏ်ရာကိုစည်းနှောင်ပေးရင်း ရုတ်တရက်အတွေးပေါ်၍ မေးလိုက်မိ၏။
"ခင်ဗျားကိုယ်ထဲက အဆိပ်တွေ.... ဆန်တက်လာလို့လား"
ချင်းကျိုးတွင်ရှိစဉ်က သမားတော်ယောင်က ပြောဖူးသည်။ လုရှိုးဝမ်၏ကိုယ်တွင်းရှိအဆိပ်ပြင်းတို့က ကိုယ်တွင်းအင်္ဂါများထိဝင်ရောက်နှင့်ပြီးဖြစ်၍ ကုသရန်နည်းလမ်းမရှိဘဲ အဆိပ်များအပြန်အလှန်တွန်းကန်နေ၍သာ အသက်ကို ကယ်ထားနိုင်ခြင်းဖြစ်သည်ဟူ၍။
ရုတ်တရက် အဆိပ်တို့ဆန်တက်လာလျှင် နာကျင်မှုက အတိုင်းအဆမဲ့ပေလိမ့်မည်။
လုရှိုးဝမ်၏ နားသယ်စပ်တို့က ချွေးများဖြင့် စိုစွတ်နေပြီး မျက်နှာကလည်းလွန်စွာဖြူဖျော့နေသည်။ သူက နက်မှောင်တောက်ပသော မျက်လုံးများဖြင့် သွမ့်လင်ကို နက်ရှိုင်းစွာကြည့်ရင်းဆို၏။
"ခဏနားလိုက်ရင် ရပါပြီ၊ မင်းရဲ့ခရီးကို မနှောင့်နှေးစေချင်ဘူး"
သွမ့်လင် ဒေါသဖြစ်စွာ ပြောလိုက်မိသည်။
"ဘယ်သူက အဲဒါကိုဂရုစိုက်နေလို့လဲ။ ခင်ဗျားနေလို့မကောင်းဘူးဆိုရင် အစတည်းကပြောပါတော့လား။ လမ်းတစ်ဝက်မှာ သေချင်လို့လား"
သူ၏ပေါ့ဆမှုအတွက် အနည်းငယ်နောင်တရမိသည်။
လုရှိုးဝမ်က မနက်မိုးလင်းစဉ်တည်းက ပုံမှန်မဟုတ်ခဲ့ပေ။ သူ့အား ကုန်းပိုးရန်ပြောစဉ်က လမ်းလျှောက်ရန် အမှန်တကယ်အားမရှိ၍လည်းဖြစ်နိုင်သည်။ ထို့အပြင် ကြွေအကွဲစကို လက်ထဲတွင်ဆုပ်ရင်းလည်း လှေကားကို အံကြိတ်၍ဆင်းခဲ့သေးသည်။ မတော်တဆတွေ့ခဲ့၍သာမဟုတ်လျှင် သူက သေချာပေါက်ဖုံးကွယ်ထားလိမ့်မည်သာ။
သွမ့်လင်က သူ့လက်ကိုစည်းပေးရင်း ဆိုလိုက်သည်။
"ကျွန်တော် သမားတော်ခေါ်လိုက်မယ်"
"မလိုတော့ပါဘူး။ သမားတော်လည်း ငါ့ရဲ့ရောဂါကို မကုနိုင်ဘူး"
"နည်းနည်းပါးပါးသက်သာစေမယ့် ဆေးတော့ရှိမှာပေါ့"
လုရှိုးဝမ်က လက်ကို အနည်းငယ်ယမ်းလိုက်ရင်း -
"အချိန်ကုန်ရုံပဲရှိပါလိမ့်မယ်။ အဲဒီအစား .... ရှစ်တိက ငါနဲ့အတူနေပြီး စကားပြောပေးပါလား"
သွမ့်လင်က တခဏကြောင်သွားပြီး လွှတ်ခနဲထုတ်ပြောလိုက်မိသည်။
"ကျွန်တော်နဲ့ခင်ဗျားက ဘာပြောစရာရှိလို့လဲ"
လုရှိုးဝမ်က ပြင်းထန်လှသောနာကျင်မှုကို တောင့်ခံနေသည့်နှယ် ကိုယ်ကိုကွေးညွတ်ကာ တစ်ကိုယ်လုံးတုန်ယင်လာသည်။ သွမ့်လင်က သူ့အခြေအနေကိုမြင်သောအခါ မတတ်သာဘဲ လက်နှင့်ဆွဲကာ သူပပခုံးပေါ်မှီစေလိုက်သည်။ တခဏကြာပြီးနောက် သူကခပ်တိုးတိုးပြောလာ၏။
"ငါနဲ့ ရှစ်တိက စကားစမြည်ပြောစရာ တကယ်ကိုမရှိပါဘူး။ ဒါပေမဲ့ ရှိုးယန်က ငါ့ရဲ့ညီလေးလေ။ သူ့အကြောင်းဆိုရင်တော့ ပြောစရာရှိမယ်မလား"
ရှိုးယန်အကြောင်းဆိုလျှင် သွမ့်လင်မေးလိုသောအကြောင်းအရာက များလှသည်။ တခဏတွေးပြီးနောက် သူမေးလိုက်၏။
"ဒီနှစ်တွေထဲ သူဘယ်လိုနေလဲ၊ ပင်ပန်းဆင်းရဲခဲ့တာရှိလား"
လုရှိုးဝမ်က သရော်ရယ်ရယ်လိုက်ရင်း -
"သူက ငါလုရှိုးဝမ်ရဲ့ညီပဲလေ၊ ငါက သူ့ကို မကာကွယ်နိုင်ဘဲနေပါ့မလား။ ဆင်းရဲဒုက္ခတွေရော ခံခိုင်းပါ့မလား"
"မိစ္ဆာဂိုဏ်းမှာ အင်အားကြီးတဲ့သူပဲ ရှင်သန်နိုင်တယ်။ ခင်ဗျားကိုယ်တိုင်တောင် သတိလက်လွတ်ဖြစ်ပြီး ကျင့်စဉ်ဖောက်ပြန်လို့ ဒီလိုပုံစံဖြစ်သွားတာ။ သိုင်းအတတ်ကိုနားမလည်တဲ့ရှိုးယန်ဆိုရင် ဘယ်လိုနေမလဲ"
"ငါ့ရဲ့သိုင်းပညာ ပျောက်ကွယ်သွားပြီးတော့ ဂိုဏ်းထဲမှာ ရှေ့ဆက်ဖို့က တကယ်ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ အချိန်သိပ်မကြာလိုက်ဘူး။ ရှိုးယန်ကို ထျန်းကျွယ်ဂိုဏ်းကထွက်ပြီး အေးချမ်းလှပတဲ့တစ်နေရာမှာ တစ်ကိုယ်တည်းကျင့်ကြံစေခဲ့တယ်"
သွမ့်လင်က သူ့ကိုမယုံပေ။
"ဂိုဏ်းချုပ်က ဘယ်လိုသဘောတူလိုက်တာလဲ"
လုရှိုးဝမ်က တည်ငြိမ်လျက်ပင် -
"ငါက ဂိုဏ်းချုပ်အတွက် ဆေးအစမ်းသပ်ခံပေးလိုက်တော့ ဂိုဏ်းချုပ်က အလွယ်တကူသဘောတူပေးလိုက်တာပဲ"
သွမ့်လင်ထိတ်လန့်သွားရသည်။
ဆေးဖော်ရာတွင် အစမ်းသပ်ခံရခြင်းအကြောင်း မည်သူမှမသိသည့်တိုင် သူကတော့ ရှင်းလင်းစွာ နားလည်သည်။ မိစ္ဆာဂိုဏ်းတွင်ဖမ်းချုပ်ခံထားရစဉ်က သူကြောက်ရွံ့သည်မှာ သေရမည်ကိုမဟုတ်ဘဲ ဆေးစမ်းသပ်ခံရမည်ကိုပင်။
မိစ္ဆာဂိုဏ်း၏ဆေးများက တမူထူးကာ လွန်စွာအဆိပ်ပြင်းလှပြီး ကျင့်ကြံရာတွင်လည်း အထောက်အကူဖြစ်၏။ သူတို့က ဆေးအချိုးအစားကို စစ်ဆေးရန်အလို့ငှာ သက်ရှိလူများအပေါ် စမ်းသပ်လေ့ရှိသည်။
ဆေးတစ်မျိုးအတွက် စမ်းသပ်ပေးရလျှင် အသာထား။ လူတစ်ယောက်တည်းက အဆိပ်အမျိုးပေါင်းထောင်ချီကို ခံစားရခြင်းမျိုးဖြစ်နေသည်။ တစ်ခါတရံ ဝမ်းဗိုက်ကိုအသည်းခိုက်အောင်နာကျင်စေခြင်း၊ တစ်ခါတရံ မခံမရပ်နိုင်အောင်ယားယံခြင်းတို့ ဖြစ်စေပြီး အချို့အကြိမ်များတွင် မီးမြိုက်သလိုပူလောင်စေပြီး အချို့အကြိမ်များတွင်တော့ ရေခဲဂူတွင်းနေရသည့်အလား အေးစက်လွန်းစေပြန်သည်။ ထိုအရာတို့က နှိပ်စက်နည်းမျိုးစုံထက်ပင် သာ၍ပြင်းထန်ဆိုးရွားလှ၏။
ဆေးအစမ်းသပ်ခံပေးခဲ့သည့် လူတစ်ယောက်ကို သွမ့်လင်မြင်ခဲ့ဖူးသည်။ ခန္ဓာကိုယ်အရေပြားပေါ်တွင် ပြည်ဖုများပြည့်နှက်လာပြီး မြေတွင်လူးလိမ့်ကာ အော်ဟစ်နေခဲ့သည်ပင်။ အဆုံးတွင်တော့ ခြေလက်အစုံက အဆိပ်၏တိုက်စားခံလိုက်ရပြီး ဖြူလွလွအရိုးများသာ ကျန်ရစ်ခဲ့၏။ ကြောက်မက်ဖွယ်အကောင်းဆုံးအချက်သည်ကား ဤပုံစံနှင့်လည်း အသက်မသေသေးပါဘဲ မြေပေါ်တွင်တရွတ်တိုက်တွားသွားလျက် သွေးစီးကြောင်းကြီးပါ ထင်ကျန်နေခဲ့သေးသည်။
သေသည်ထက်ပင် စင်စစ်ဆိုးရွားလှပေသည်။
ထိုအချိန်က သွမ့်လင်မှာ ငယ်ရွယ်သေး၍ ကြောက်လန့်ကာ အိပ်မက်ဆိုးများပင်မက်ခဲ့ရသည်။ လုရှိုးဝမ်က သူ့ကိုလှောင်ရယ်ကာ သူ့အား ဆေးစမ်းသပ်ရန်ဖမ်းခေါ်လာခဲ့ခြင်းဟု လိမ်ညာခြောက်လှန့်ခဲ့ဖူးသည်။
မထင်မှတ်ထားစွာ ... အမှန်တကယ် ဆေးစမ်းသပ်ခံခဲ့ရသူက လုရှိုးဝမ်ဖြစ်နေခဲ့သည်လေ။
မိစ္ဆာဂိုဏ်းချုပ်က ရူးသွပ်နေသူဖြစ်ပြီး သူ၏အဖိုးတန်တပည့်တစ်ယောက်ကို အလွယ်တကူလက်လွှတ်ခံမည်မဟုတ်ပေ။
တွေးကြည့်လျှင် လုရှိုးဝမ်က ညီဖြစ်သူအတွက် ဤသို့လုပ်ပေးခဲ့ခြင်းဖြစ်ရမည်။ သူ့နှလုံးသားထဲတွင် ဤလူအပေါ် ရွံရှာမုန်းတီးစိတ်တို့ လွန်စွာလျော့ပါးသွားခဲ့ပြီး မနေနိုင်စွာ ချွေးစတို့ကိုသုတ်ပေးမိသည်။
"ခင်ဗျားက ရက်စက်ကြမ်းကြုတ်တဲ့လူဆိုပေမဲ့ ရှိုးယန်ကိုတော့ စိတ်နှလုံးအပြည့်အဝနဲ့ ကာကွယ်ပေးခဲ့တာပဲ"
လုရှိုးဝမ်က မျက်လုံးများကိုဖြည်းညင်းစွာမှိတ်လိုက်ပြီး -
"ငါက ငါနှစ်သက်သဘောကျတဲ့လူတွေကိုဆိုရင် အမြဲဒီလိုပါပဲ"
သွမ့်လင်က ဆို၏။
"ခင်ဗျားလို အမြင်စူးရှပြီး အမြင့်ကိုပဲမှန်းတတ်တဲ့လူကလည်း တခြားလူကို နှစ်သက်သဘောကျသေးတယ်ပေါ့"
လုရှိုးဝမ်က ပြုံးသာပြုံးပြီး စကားမဆိုပေ။ တခဏကြာလေမှ ရုတ်တရက်မေးလာ၏။
"ရှစ်တိက ရှိုးယန်ကို ဘာကြောင့်နှစ်သက်သဘောကျရတာလဲ"
"ရှိုးယန်က ကျွန်တော့်ရဲ့အသက်ကို ကယ်ခဲ့ဖူးတယ်လေ။ ဒါကပြောဖို့တောင်မလိုဘူး။ ကျွန်တော်မိစ္ဆာဂိုဏ်းမှာရှိနေတုန်းကလည်း အဆူအဆဲအရိုက်အပုတ်ခံရတိုင်း ရှိုးယန်က ကျွန်တော့်အစား တောင်းပန်ပေးပြီး ဒဏ်ရာတွေကိုလည်း ကုပေးတတ်သေးတယ်"
"မမေ့နဲ့ဦးနော်၊ မင်းတို့နှစ်ယောက်လုံးက ယောက်ျားသားတွေလေ"
"ဒီတော့ရော ဘာဖြစ်လဲ။ ကျွန်တော်သူ့ကို နှစ်သက်သဘောကျမိမှတော့ တစ်ဘဝလုံးကို သူနဲ့အတူ သဘာဝကျကျ ဖြတ်သန်းသွားမှာပဲ။ ကျွန်တော်က မိသားစုရဲ့ဒုတိယသား။ ဒီတော့ အိမ်ထောင်ပြုသည်မပြုသည်ကို သဘောကျဆုံးဖြတ်နိုင်တယ်။ ရှိုးယန်က ကလေးတွေကိုသဘောကျရင် တစ်ယောက်နှစ်ယောက်လောက် မွေးစားလိုက်လို့ရတာပဲ..."
လုရှိုးဝမ်က စကားဆုံးအောင်မစောင့်ဘဲ ဖြတ်မေးလိုက်သည်။
"အကယ်၍ ရှိုးယန်လိုမျိုး မင်းအပေါ်ကောင်းပေးတဲ့လူတစ်ယောက် ရှိလာခဲ့ရင်ရော"
သွမ့်လင်က တွေးပင်မတွေးဘဲ ချက်ချင်းပြန်ဖြေသည်။
"ကျွန်တော့်နှလုံးသားထဲမှာ သူ့ကို အသိအမှတ်ပြုထားပြီးပြီ။ တခြားသူတွေ အဆပေါင်းထောင်ချီပိုကောင်းရင်တောင် ကျွန်တော်က တစ်ချက်မှကြည့်မိမှာမဟုတ်ဘူး"
သူ၏ချောမောကြည့်ကောင်းသော မျက်နှာထက်တွင် အပြုံးရိပ်ထင်ဟပ်နေပြီး မျက်လုံးအကြည့်တို့ကလည်း ဖော်မပြနိုင်အောင် စိတ်လှုပ်ရှားစေသည်။
လုရှိုးဝမ်က အကန်ခံလိုက်ရသည့်နှယ် နာကျင်လွန်း၍ ကိုယ်တွင်းအင်္ဂါများနေရာရွေ့ကာ သွေးတို့ယိုစိမ့်ထွက်လာသလို ခံစားလိုက်ရသည်။
မိစ္ဆာဂိုဏ်းချုပ်အတွက် နှစ်များစွာဆေးစမ်းသပ်ခံပေးခဲ့ပြီး အဆိပ်ကမည်မျှပြင်းပါစေ၊ ဤတစ်ကြိမ်ကဲ့သို့ ဆန်တက်ခြင်းမရှိခဲ့သလို ဤမျှလည်း မပင်ပန်းခဲ့ရဖူးပေ။ အသက်ကိုလုရှူရင်း ခြေကုန်လက်ပန်းမကျမီ စကားတစ်ခွန်းကို ကြိုးစား၍ထုတ်ပြောလိုက်သည်။
"ကောင်းပါပြီ...."
သွမ့်လင် အတန်ကြာအောင်စောင့်နေသော်လည်း တစ်ဖက်က ဆက်မပြောလာပေ။ ဂရုတစိုက်ကြည့်မိလေမှ သူက မိမိပခုံးပေါ်သို့ ခေါင်းမှီရင်း အိပ်ပျော်နေကြောင်းတွေ့လိုက်ရသည်။ သို့သော် အိပ်ပျော်နေချိန်၌ပင် အနားယူနိုင်ခြင်းမရှိဘဲ မျက်မှောင်တင်းတင်းကြုတ်ထားလျက် နဖူးထက်တွင်လည်း ချွေးတစ်လွှာစိုစွတ်နေသေးသည်။
သွမ့်လင်က နဖူးပေါ်မှချွေးတို့ကို ညင်သာစွာသုတ်ပေးလိုက်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာကို အကြောင်းပြချက်မရှိ ပြန်တွေးမိသွားသည်။ထိုစဉ်က မိစ္ဆာဂိုဏ်းသို့ သူစရောက်ချိန်တွင် လုရှိုးဝမ်က ကြာပွတ်တစ်ချောင်းကိုင်လျက် မျက်လုံးတို့ကို မှေးစဉ်းကာ သူ့ကိုကြည့်လာခဲ့သည်။
ထိုအချိန်တည်းကပင် သူကကြာပွတ်ကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ပြီး ကြာပွတ်တစ်ချက်က သွမ့်လင်၏ ပါးပြင်အနီးမှ ပွတ်ကာသီကာဖြတ်၍ မြေပေါ်သို့ ထိခတ်သွားသည်။
သွမ့်လင်မှာ လန့်လွန်း၍ ချွေးစီးများပင်ပြန်ခဲ့ရ၏။
လုရှိုးဝမ်က မျက်ခုံးတစ်ချက်ပင့်ကာ ကျယ်လောင်စွာရယ်မောလိုက်ရင်း ဆို၏။
"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ရှစ်တိဖြစ်သွားပြီ"
ကိစ္စများစွာက ပြောင်းလဲသွားခဲ့သည်။
မာနထောင်လွှားသောလူငယ်လေးမှာလည်း အိပ်မက်အဖြစ်သာ ကျန်ရစ်ခဲ့လေပြီ။
လုရှိုးဝမ်က တစ်ညအိပ်ပြီး နောက်တစ်ရက်တွင်တော့ သက်သာသွားသည်။
သွမ့်လင်လည်း မရပ်မနားခရီးမနှင်ရဲတော့ဘဲ လမ်းတလျှောက်လုံး သူ့အခြေအနေကိုမေးမြန်းကာ ကျိုးပဲ့လွယ်သောကြွေထည်လေးနှယ် သူ့ကို ဆက်ဆံခဲ့သည်။ သူ နောက်တစ်ကြိမ်ဖျားနာမည်ကို စိုးရိမ်နေပြီး မိစ္ဆာဂိုဏ်းတွင်ရှိစဉ်က လုရှိုးဝမ်ကို နေ့နေ့ညညကျိန်ဆဲနေခဲ့ဖူးကြောင်းပင် မေ့လျော့သွားခဲ့၏။
လုရှိုးဝမ်ကလည်း အားမနာစတမ်း "ရှစ်တိ" ဟု အခွန်းပေါင်းထပ်အောင်ခေါ်၍ ဟိုဟိုသည်သည်ခိုင်းတော့သည်။
ဤသို့ဖြင့် အချိန်တစ်လသာကြာမည့်ခရီးက နှစ်လရှည်ကြာသွားတော့သည်။
ရာသီဥတုက တဖြည်းဖြည်းအေးလာပြီး မကြာမီဆောင်းဝင်တော့ပေမည်။
လုရှိုးဝမ်၏ကျန်းမာရေးက ပို၍ဆိုးလာပြီး ခြေလက်များက အစဉ်အေးစက်နေတတ်သည်။ သွမ့်လင်က မကြည့်ရက်တော့သဖြင့် ဆောင်းတွင်းဝတ်နှစ်ထည် ထပ်ဝယ်ပေးလိုက်၏။
လုရှိုးယန်နေသည့်နေရာက သီးသန့်ဆန်သည့်အပြင် လူနေအိမ်ခြေလည်းကင်းမဲ့သည်။ အစပိုင်းတွင် လမ်းမကြီးအတိုင်း လာခဲ့ကြသော်လည်း နောက်ပိုင်းတွင်တော့ လမ်းသွယ်လမ်းချိုးလေးများမှ ခရီးနှင်ခဲ့ရသည်။ အဆုံးတွင်မူ လှည်းနှင့်ပင် ဆက်သွား၍မရတော့ချေ။ သွမ့်လင်က လုရှိုးဝမ်ကိုကုန်းပိုးရင်း တောင်တန်းနှစ်သွယ်ကိုဖြတ်ခဲ့ပြီးလေမှ နောက်ဆုံးတွင် ရှုခင်းလှပသည့်တောင်ကြားသို့ ရောက်လာခဲ့ကြသည်။
တောင်ကြား၏ရာသီဥတုက အပြင်ဘက်နှင့်ကွာခြားပြီး ပိုနွေးထွေးကာ အရပ်လေးမျက်နှာတွင် တောင်တန်းများကာဆီးနေသည်။ အလယ်တွင် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းလေးရှိပြီး သစ်ပင်ပန်းမံများကလည်း စိမ်းစိုနေ၏။
မီးခိုးငွေ့တလူလူထွက်နေသည့်နေရာကို လှမ်းမြင်ရသည့်အကွာအဝေးသို့ သွမ့်လင်တို့ရောက်ချိန်တွင် ညနေစောင်းလုပြီဖြစ်၏။
လုရှိုးဝမ်က သွမ့်လင်၏အင်္ကျီစကိုဆွဲလိုက်ရင်းဆို၏။
"ငါကိုယ်တိုင်ပဲ ဆင်းလျှောက်လိုက်မယ်"
သွမ့်လင်က ကိုယ်ကိုကိုင်းညွတ်ပေးကာ ဆင်းစေသည်။
လုရှိုးဝမ်က ခြေလှမ်းအနည်းငယ်လျှောက်သွားပြီးနောက် လှည့်မေးသည်။
"ဒီနေ့ငါ့ပုံစံဘယ်လိုနေလဲ"
သွမ့်လင်မြင်ရသည့် သူ့ပုံစံက ဖြူဖျော့ပြီး မျက်လုံးများကသာ တောက်ပနေသည်။ တစ်ချက်ကြည့်ရုံနှင့် ရောဂါအပြင်းအထန်ခံစားနေရသူဖြစ်ကြောင်း သိသာလှ၏။ သူ့စိတ်ထဲတွင် မသက်မသာခံစားလိုက်ရရင်း တခဏတုံ့ဆိုင်းနေပြီးမှဖြေလိုက်၏။
"မဆိုးပါဘူး"
လုရှိုးဝမ်ကခေါင်းညိတ်ပြီး ရှေ့သို့ဆက်လျှောက်သွားသည်။
သိပ်မကြာလိုက်။ မြစိမ်းရောင်လွှမ်းခြုံထားသည့် ပတ်ဝန်းကျင်ကြားတွင် အိမ်ငယ်လေးတစ်လုံးပေါ်ထွက်လာသည်။ ပုံစံမှာ ရိုးရှင်းသော်လည်း ဤသို့သောတောင်ကြားထဲတွင်ရှိနေသဖြင့် ဆိတ်ငြိမ်အေးချမ်းသောအသွင်ကို ဆောင်နေသည်။
ကောင်းကင်က မှောင်စပျိုးလာပြီး ဆည်းဆာရောင်တို့ လွှမ်းခြုံလာသည်။
ယောက်ျားတစ်ဦးက ခြံထဲတွင်ထင်းခွဲနေသည်။ သူ့လက်ထဲရှိ ရဲတင်း(ပုဆိန်)က အနည်းငယ်ဟောင်းနွမ်းကာ အသွားမထက်တော့ပေ။ အချက်အနည်းငယ်ခုတ်ပြီးနောက် သူကလက်မောင်းကိုပင့်ကာ ချွေးသုတ်လိုက်သည်။
ထိုအခါမှသာ သူ့မျက်နှာကို သွမ့်လင် ရှင်းရှင်းလင်းလင်းမြင်ရတော့သည် ... သူက လုရှိုးဝမ်ထက် အသားအနည်းငယ်ပိုညိုပြီး မျက်နှာသွင်ပြင်က ကြည့်ကောင်းချောမောကာ နူးညံ့နွေးထွေးသည့်အသွင်ရှိသည်။ ရိုးရိုးရှင်းရှင်းအထည်ကြမ်းကိုသာ ဝတ်ဆင်ထားသည့်တိုင် သူ၏စာပေပညာရှင်အငွေ့အသက်ကို မဖုံးကွယ်ထားနိုင်ပေ။
သွမ့်လင်၏ခြေလှမ်းတို့က အလိုလိုရပ်တန့်သွားပြီး နှလုံးခုန်သံက ပို၍ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။
ထိုလူက သူတို့ကို ချက်ချင်းတွေ့သွားပြီး နေရာမှအမြန်ပြေးလာရင်း အံ့သြပျော်ရွှင်စွာခေါ်လိုက်သည်။
"အစ်ကိုကြီး !"
လုရှိုးဝမ်၏ဖြူဖျော့သောမျက်နှာက သွေးရောင်လွှမ်းသွားပြီး ရယ်ရယ်မောမောဆိုလိုက်၏။
"ရှိုးယန်"
လုရှိုးယန်က အမြန်လျှောက်လာပြီးလေမှ လက်ထဲတွင်ရဲတင်းကိုင်ထားမိကြောင်း သတိရကာ ဘေးသို့အမြန်ချလိုက်ပြီး အစ်ကိုဖြစ်သူ၏လက်ကိုဆုပ်ကိုင်လိုက်သည်။
နှစ်ဦးစလုံးက ငယ်ရွယ်စဉ်အချိန်ကနှင့် မတူညီကြတော့သည့်တိုင် မျက်နှာချင်းဆိုင်ရပ်လိုက်ကြချိန်တွင် ကြာပန်းနှစ်ပွင့်အလား တောက်ပကြည့်ကောင်းလှသည်။
"အစ်ကိုကြီး နောက်ဆုံးတော့ ထျန်းကျွယ်ဂိုဏ်းကထွက်ပြီး ကျွန်တော့်ကိုလာတွေ့ပြီပေါ့။ အစ်ကိုကြီးရဲ့ရောဂါရော ပျောက်ကင်းသွားပြီလား"
လုရှိုးဝမ်က သက်ပြင်းရှိုက်ထုတ်လိုက်ရင်း ဆိုသည်။
"အပြင်မှာ ကိစ္စတွေအများကြီး ဖြစ်ပျက်သွားတယ်။ အခုဆို ဒီလောကကြီးထဲမှာ ထျန်းကျွယ်ဂိုဏ်းဆိုတာ မရှိတော့ဘူး"
"ဘယ်လို?"
လုရှိုးယန်က ကြက်သေသေသွားပြီးနောက် လုရှိုးဝမ်၏မျက်နှာကို အသေအချာကြည့်၍ မျက်မှောင်အသာကြုတ်ရင်း -
"အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ရောဂါက ..."
လုရှိုးဝမ်က စကားလမ်းကြောင်းလွှဲရာတွင် ကျွမ်းကျင်လှပြီး သွမ့်လင်ကိုကြည့်လိုက်ကာပြောသည်။
"မင်းနဲ့တွေ့ဖို့ မိတ်ဆွေတစ်ယောက်ခေါ်လာခဲ့တယ်"
လုရှိုးယန်က သွမ့်လင်ကို ချက်ချင်းမမှတ်မိပေ။ ခေါင်းအစခြေအဆုံးကြည့်ပြီးလေမှ -
"မင်းက .... ဟုတ်သားပဲ၊ မင်းက အားလင်၊ ဟုတ်တယ်မလား"
သွမ့်လင်တွင် သူ့ကိုပြောရန် စကားအခွန်းပေါင်းများစွာရှိနေသည့်တိုင် အမှန်တကယ်လူချင်းတွေ့ချိန်တွင် ပြောမထွက်တော့ပေ။ အတန်ကြာလေမှ ပြန်ဖြေလိုက်နိုင်၏။
"..... ကျွန်တော်ဟုတ်ပါတယ်"
လုရှိုးယန်က သွမ့်လင်ကိုကြည့်ပြီးနောက် လုရှိုးဝမ်ကိုပြန်ကြည့်ပြီးပြောလာသည်။
"မင်းက အစ်ကိုကြီးရဲ့ဆရာတူညီ (ရှစ်တိ) မှန်း ငါမှတ်မိသေးတယ်။ အရင်တုန်းက သူ့နောက်မှာ အမြဲလိုက်နေကျလေ။ အွန်း၊ အရင်တုန်းကဆို မင်းက ပိန်ပိန်ရှည်ရှည်နဲ့။ အခုတော့ အတော်လေးသန်သန်မာမာ ပိုဖြစ်လာတာပဲ"
လုရှိုးဝမ်က ပြောလိုက်သည်။
"ရှစ်တိက သိုင်းအတတ်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင်လေ့ကျင့်ထားတယ်"
"ဒါဆို သိပ်ကိုကောင်းတာပေါ့"
လုရှိုးယန်က ညင်သာစွာပြုံးရင်းမေးသည်။
"မတွေ့တာနှစ်အတော်ကြာပြီ။ ဒီနေ့တော့ ဘယ်လိုလုပ်ပြီး အစ်ကိုကြီးနဲ့အတူလိုက်လာဖြစ်တာလဲ"
သွမ့်လင်က သိုင်းလောကတွင် နှစ်များစွာ ကျင်လည်ခဲ့ပြီး အခြေအနေအရပ်ရပ်ကို ကြုံတွေ့ဖြတ်သန်းခဲ့ရကာ သေရေးရှင်ရေး၌ပင် မျက်တောင်တစ်ချက်မခတ်ခဲ့ပေ။ ဤလူရှေ့သို့ရောက်လေမှ စိတ်လှုပ်ရှားစွာ ထုတ်ပြောမိသည်။
"ရှိုးယန်၊ ကျွန်တော် လာခဲ့တာက...."
ခင်ဗျားကို တွေ့ဖို့အတွက်ပါ။
စကားမဆုံးမီ ခေါ်သံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံမှာ ကလေးတစ်ဦး၏အသံနှင့်ဆင်တူလှပြီး ကျယ်လောင်စွာအော်ခေါ်လိုက်ခြင်းဖြစ်၏။
"အဖေ!"
ထို့နောက် ငါးနှစ်၊ခြောက်နှစ်အရွယ် ကလေးတစ်ဦးက အိမ်ထဲမှပြေးထွက်လာပြီး လုရှိုးယန်၏ခြေထောက်ကိုဖက်လိုက်ရင်း အော်ပြောသည်။
"အဖေ၊ ထမင်းစားကြမယ်လေ"
ပြောရင်းမှ နံဘေးရှိသူစိမ်းနှစ်ဦးကို မြင်သွားပြီး မျက်လုံးလေးများက ဟိုသည်ကြည့်ကာ ရှက်ရွံ့သည့်နှယ်၊ စူးစမ်းလိုသည့်နှယ်ဖြစ်သွား၏။
"ချန်အာ"
လုရှိုးယန်က ပြုံးရယ်ရင်း သူ့ကိုချီလိုက်ကာ -
"ဒါက အဖေပြောပြနေကျ ဦးလေးလေ၊ မြန်မြန်နှုတ်ဆက်လိုက်"
လုချန်က လုရှိုးဝမ်ကို စိုက်ကြည့်ရင်း ရိုသေသမှုဖြင့်မေးလိုက်သည်။
"ဦးလေးက ကျွန်တော့်ဖေဖေနဲ့ တစ်ပုံစံတည်းတူတဲ့ကျွန်တော့်ရဲ့ဦးလေးလား"
"ဒါပေါ့"
လုရှိုးဝမ်က သူ့ခေါင်းကို ပွတ်ပေးရင်း မေးလိုက်သည်။
"တူရဲ့လား"
"တူတော့တူပါတယ်။ ဒါပေမဲ့ ချန်အာက ခွဲတတ်တယ်"
လုရှိုးဝမ် ရယ်မောလိုက်မိသည်။
လုရှိုးယန်က သွမ့်လင်ကိုညွှန်ပြရင်းဆိုပြန်၏။
"ဦးဦးလို့ခေါ်လိုက်"
ဤတစ်ချိန်တော့ လုချန်က မမေးမမြန်းတော့ဘဲ ဦးဦးဟုသာ ရိုးရိုးစင်းစင်းခေါ်လာသည်။
အသံသည်ကား သာယာနာပျော်ဖွယ်ကောင်းပါ၏။
သွမ့်လင်၏နားထဲတွင်မတော့ မိုးခြိမ်းသံကျယ်ကြီး ပဲ့တင်ထပ်သွားသည့်အလား၊ အချိန်အတန်ကြာအောင် သတိပြန်မကပ်နိုင်ခဲ့ပေ။
ဒီကလေးငယ်က ရှိုးယန်ကို ဘယ်လိုခေါ်လိုက်တယ်?
အဖေ ?
"ဒါက .... ခင်ဗျားရဲ့သားလား"
"ဟုတ်တယ်။ ချန်အာက ဒီနှစ်ဆိုရင် ငါးနှစ်ပြည့်ပြီ"
လုရှိုးယန်က ကောင်းကင်ကိုကြည့်လိုက်ရင်း -
"အပြင်မှာ စကားရပ်မပြောကြနဲ့တော့လေ။ ညစာပြင်ပြီးနေပြီ။ အတူဝင်စားကြစို့"
ပြောနေစဉ် အိမ်တွင်းမှလူတစ်ယောက်ထွက်လာပြန်သည်။
ထိုသူသည်ကား ငယ်ရွယ်လှပဟန်ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဟောင်းနွမ်းသည့်အထည်ကြမ်းတို့ကို ဝတ်ဆင်ထားသည့်တိုင် သူ(မ)၏တင့်တယ်မှုကို ဖုံးကွယ်မထားနိုင်ပေ။ သူ(မ)က သိမ်မွေ့စွာလျှောက်လှမ်းလာရင်း လုရှိုးယန်၏လက်မောင်းကို ဖက်တွယ်၍ ပြုံးကာဆိုလိုက်သည်။
"ယောက်ျား"
••••••••••
Translated by Cherry Yuyi
24 Mar 2023
8:20 PM
Update Schedule နဲ့ Manhua အကြောင်း ပြောထားလို့ ဆက်ပြီးဖတ်ပေးပါဦးနော်။
《 Schedule 》
လောလောဆယ် ကျွန်တော် ဘာသာပြန်ဖို့ Pick ထားတဲ့ ဝတ္ထုသုံးပုဒ်ရှိပါတယ်။
(1) Guardian by Priest
(2) Broken Branch by Kun Yi Wei Lou
(3) Brother by Priest
အဲဒီသုံးပုဒ်ကို အလှည့်ကျ Update သွားမှာပါ။ တခြားဝတ္ထုတွေကိုဖတ်ရင်း စောင့်ချင်ရင် Wall ထဲမှာ ဝင်ရှာနိုင်ပါတယ်။ နှစ်ပုဒ်လုံးက Priest ရဲ့ ဝတ္ထုတွေပါ ~
《 Manhua 》
ဆိုတော့ သတင်းကောင်းက Broken Branch Manhua ထွက်ထားတယ်ပေါ့နော်။ Art ကလည်း စိတ်တိုင်းကျလောက်အောင်လှပါတယ်။ အပတ်တိုင်းသောကြာနေ့ဆိုရင် အပိုင်းသစ် ၂ ပိုင်းထွက်ပါတယ်။ လောလောတယ် ၉ပိုင်းထွက်ထားပါပြီ။ Manhua မှာက Novel နဲ့ မတူတဲ့ Scene တွေအများကြီးပါလို့ ပိုချိုသလို ဓားလည်းပိုများမယ့်ပုံစံပါပဲ။
အဲ .. သတင်းဆိုးကတော့ ဘာသာပြန်မရှိတာပါ.. ဒါပေမဲ့ ဘာသာပြန်မျှော်ရင်း ပုံလေးတွေကြည့်ထားဦးပေါ့နော်။ Art က တကယ်လှတာပါ။
သွမ့်လင်
လုရှိုးဝမ်
•••••••••••