🌼သနပ်ခါးရနံ့လေးကြူကြူမွှေး🌼
🌼 အခန်း၉🌼
IDGမှ နေ့တစ်၀က်ခွင့်နှင့်ပြန်လာခဲ့ပြီးတည်းက စံပယ်စိတ်မကောင်းဖြစ်လွန်း၍ အခန်းထဲမှ အပြင်ကိုမထွက်ချင်ဖြစ်နေရသည်။
ဘာရန်ငြှိုးမှ မရှိပါပဲ မိန်းကလေးအချင်းချင်း ၊အဆောင်သူအချင်းချင်းကို အသက်အန္တရယ်ထိခိုက်အောင်အထိ တမင်ကြံစည်ခံရတာဟာ
စံပယ့်အဖို့အင်မတန်ကို နာကျင်ရတယ်။
ဘယ်သူ့အပေါ်မဆို စံပယ်အကောင်းဆုံး ဆက်ဆံပေးခဲ့ပါလျှက်နှင့် စံပယ့်ကိုမှ ဘာကြောင့်ဒီလို
လုပ်ရတာလည်းဆိုတာ အရမ်းသိချင်မိတယ်။
မကြည်ပြာနှင့် မစိုးမွန်လည်းအလုပ်မှပြန်လာလာချင်း စံပယ်လေးရဲ့မျက်နှာ မသာမယာဖြစ်နေ၍
အတင်းအစ်မေးကြရာ အကြောင်းစုံကို
သိလိုက်ရတဲ့အချိန်မှာ ဒေါသအရမ်းထွက်သွားကြလေသည်။
စံပယ်မွှေးဆိုတာ ဒီအဆောင်မှာအသက်အငယ်ဆုံးဖြစ်သလို အလိမ္မာဆုံးကလေးပါပဲ။
ဘယ်သူကဘာခိုင်းခိုင်း လုံး၀မငြိုငြင်ပဲ အစစအရာရာ အကုန်ထောင့်စေ့ေအာင် လိုက်လုပ်ပေးလေ့ရှိသလို မခိုင်းရင်တောင် အလိုက်သိစွာစေတနာထားပြီး လုပ်ပေးတတ်သည့် ကလေးပင်။
မနက်အစောကြီးတွင် အဆောင်သူတွေအတွက် ပဲပြုတ်နှင့် ထမင်းကြော်ကို အမြဲကြော်ကျွေး
တတ်သလို ညဘက်ဆိုလည်းအဆောင်သူတွေအကုန်အလုပ်မှ ပြန်မလာမချင်း မအိပ်ပဲနဲ့ဒိုင်ခံစောင့်ပေးလေ့ရှိသည့် ဒီကောင်မလေးကိုအကုန်လုံးက ဝိုင်းချစ်ပေးကြတာဆန်းမည်မထင်ပေ။
မိုးမမကိုလည်းသူမတို့လို့ စိတ်ထားမျိုးရှိမယ်လို့ထင်ထားခဲ့မိတာပါ။
မိုးမမဆိုတဲ့ မိန်းမဟာ ဘာကြောင့်များ စံပယ့်ရဲ့အသက်အန္တရာယ်ကိုတောင် ထိခိုက် အောင်လုပ်
ရတဲ့အဆင့်အထိ ယုတ်မာရက်စက်ရသလဲဆိုတာ တကယ်ကိုမခန့်မှန်းတတ်တော့ပါဘူး။
ကိုယ့်ထက် အသက်အရွယ်ရော၊ပညာအရည်
အချင်းအရရော အရာအားလုံးနိမ့်ကျနေပြီးသားကလေးကိုမှ ဘာကြောင့်ဒီလောက်အထိ ပြုမူခဲ့ရ
သလဲ ဆိုသည့်အတွေးကို တွေးလိုက်မိတိုင်း တော်တော်အသဲပေါက်လာရသည်အထိဖြစ်ရသည်။
စတိုလ်ခန်းထဲတွင် စံပယ့်ကိုမီးပိတ်ပြီး တံခါးပါ အပြင်ကနေ ဂျက်ချထားခဲ့ပါသတဲ့။
သူမတို့တွေလည်း ရင်ထဲမှာတနုံ့နုံ့နဲ့ ခံစားနေရလေသည်။မိုးမမဆိုသည့် မိန်းမကိုလည်း
"ပြန်လာကြည့် ဆံပင်ကိုအတောင့်လိုက်ဆွဲဆောင့်ပစ်မည်ဟု" ကြိမ်းထားလိုက်သည်။
"အခန်းထဲမှာ..လူတွေစုံနေကြပါလား.."
မိုးမမဟာ အလုပ်မှပြန်လာ၍ ထမင်းချိုင့်ကိုခုံပေါ်သို့တင်လိုက်ပြီး သူ့ရဲ့နဂိုက မာထန်နေတတ်သော မျက်နှာကြောနှင့် မေးလာလေသည်။
"ဟော..စံပယ်ရေ..သူတော်ကောင်းမကြီးပြန်လာပြီဟေ့..ထိုင်ရှိခိုးရအောင်..တော်တော်တန်ခိုးကြီးတာနော်..မကောင်းတာလုပ်တဲ့နေရာမှာ.."
"မစိုးမွန်..ရှင်ဘယ်သူ့ကိုပြောနေတာလဲ..
သူများအခန်းထဲအထိလာပြီး ဘာစကားတွေ
လာပြောနေတာလဲ..."
"အဟင်း..ဒီအဆောင်မှာစိတ်ထားအယုတ်ပတ်ဆုံးမိုးမမဆိုတဲ့မိန်းမကိုလေ.....သူများကို မကောင်းကြံတဲ့နေရာမှာ ထိပ်ဆုံးကနေရှိနေတဲ့ နင့်ကိုပြောတာ.."
"ရှင်ဘာစကားပြောတာလဲ..ကျွန်မကရှင့်ကို
ဘာလုပ်နေလို့လဲ.."
"အေး...အလုပ်ခံရတာငါမဟုတ်လို့ပေါ့..
ငါ့ကိုလာထိလို့ကတော့ပါးရှစ်စိပ်ကွဲအောင်ကိုချပစ်တယ်.."
"မစိုးမွန်ရယ်တော်ပါတော့..အချင်းချင်းမကောင်းပါဘူး..ကျွန်မအတွက်နဲ့ စိတ်အဆင်းရဲမခံပါနဲ့..."
စံပယ်လည်း ကိုယ့်ကြောင့် ပြဿနာတွေကို အကျယ်အကျယ်မဖြစ်ချင်၍ ၀င်တားမိသည်။
အစက မိုးမမပြန်လာရင် နှစ်ကိုယ်ကြားပဲ ဖြေရှင်းဖို့လုပ်ထားသည့်ကိစ္စက မခံနိုင်တဲ့မစိုးမွန်တို့ကို ပြောမိတော့ ပြဿနာတွေက တောမီးလောင်သလို ဖြစ်လာတော့မှာကို မြင်ယောင်နေမိသည်။
"စံပယ်ညီမလေး..အသာနေစမ်း..ဒီကိစ္စမှာ
မစိုးပြောတာမှန်တယ်..မကြည်ပြာလည်းမကျေနပ်ဘူး..အခန့်မသင့်ရင် လူ့အသက်ပါ ပါသွားနိုင်တဲ့ကိစ္စ..ဒီမိန်းမတော်တော်ယုတ်ညံ့တယ်...ဖြစ်နိုင်ရင် ရဲတိုင်ပြစ်ရမယ်....ဒါမှဒီလိုကိစ္စမျိုး ထပ်မလုပ်ရဲတော့မှာ..."
အဆောင်မှာ အနေအေးလှပါသည်ဟု နာမည်ကြီး သော အပျိုကြီးမကြည်ပြာကပါ ဒေါသအလွန်ထွက်ပြီး ၀င်ပါလေတော့သည်။
စံပယ်တွေးနေမိတာကတော့ ပြောပြမိတာမှားသွားပြီဆိုတာပါပဲ။မိန်းကလေး သီးသန့်အဆောင်မို့
ဆူဆူညံညံတွေဖြစ်ကြရင် အခြားပတ်၀န်းကျင်က လူတွေပါ တစ်မျိုးထင်ကြမှာသေချာတယ်။
"အောင်မာ..ယုတ်ညံ့တယ်ပြောရအောင်
မိုးမမကရှင်တို့ကိုဘာလုပ်နေလို့လဲ!.."
"အေး..နင်မမှတ်မိရင်ပြောပြမယ်..သင်္ကြန်မတိုင်ခင်က စံပယ်မွှေးကိုအမှောင်အခန်းထဲမှာ
ပိတ်ခဲ့တာဘယ်သူလဲ..နင့်ကိုမာနကြီးပြီး
မောက်မာရုံလောက်ပဲ ထင်ခဲ့မိတာ....အခုတော့ ယုတ်မာချက်က...အော်ဂလီပါဆန်သွားပြီ...
မိန်းမယုတ်ရဲ့..."
မစိုးမွန်၏ စကားကြောင့် မိုးမမမှာ ခဏတာလောက် အသံတိတ်ကာ တွေဝေသွားရလေသည်။သူတို့ဘယ်လိုသိသွားရတာလဲ။
အဲ့နေ့ကစတိုလ်ခန်းတွေဘက်မှာတပ်ထားတဲ့ cctvတွေပျက်နေတာမဟုတ်ဘူးလား။
စံပယ်မွှေးကို လုပ်ကြံတာ ငါဆိုတာ သူတို့ဘယ်လို သိသွားရတာလဲ။
အဲ့ဒီ့နေ့က စာရင်းစစ်ဌာနမှာ သူခြေထိုးခံလိုက်လို့ စံပယ်မွှေးလဲကျပြီး ထမင်းဗူးတွေမှောက်သွားပေမဲ့ ကယ်တင်ရှင်သူဌေးကပေါ်လာပြန်ခဲ့တယ်။
အရမ်းကို ထူးဆန်းခဲ့တာက စံပယ်မွှေးအပေါ်ကို သူဌေးရဲ့ကာကွယ်ပေးမှုက မထင်မှတ်ထားလောက်အောင် အံ့ဩသင့်စေခဲ့တာကိုပဲ။
သူမ ဒီကုမ္ပဏီမှာ အလုပ်၀င်ရတာကလည်း အစ်မရဲ့ခိုင်းစေချက်နဲ့ သူဌေးကိုစောင့်ကြည့်ဖို့ ဖြစ်သလို စံပယ်မွှေးနဲ့ပတ်သတ်ပြီး သူဌေးရဲ့ထူးဆန်းတဲ့ အပြုအမူကို အစ်မကိုပြောပြခဲ့တယ်။
ဒါကြောင့်ပဲ အစ်မရဲ့ခိုင်းစေချက်အတိုင်း စံပယ့်ကို ဒုက္ခရောက်အောင် လုပ်ခဲ့သည်။
ညနေဘက်မှာ စာရင်းဖိုင်လ်တွေသွားယူရင်းနဲ့
စံပယ့်ကို စတိုလ်အခန်းထဲမှာတွေ့တာလိုက်တာကြောင့် အခန်းမီးခလုတ်ကိုပိတ်ခဲ့ပြီး တံခါးကိုပါအပြင်ဘက်ကနေ ဂလန့်ချထားခဲ့လိုက်တယ်။
"ဘာလဲမိုးမမ..ဘူးခံပြီးငြင်းဖို့စဉ်းစားနေတာလား
..ဒါမျိုး..ငါတို့ကလုံး၀လက်မခံဘူးနော်..
အခုချက်ချင်းစံပယ့်ကိုတောင်းပန်ပါ..
ရိုးရိုးမတောင်းပန်နဲ့ ဒူးထောက်ပြီးတောင်းပန်..."
"ဒီမှာ..မိုးမမရဲ့ဘ၀မှာ တောင်းပန်ရတဲ့
ရာဇ၀င်မရှိဘူး..သူ့ကိုအမြင်ကပ်လို့ကိုလုပ်တာ..
မကျေနပ်လည်းမတတ်နိုင်ဘူး.."
"သူခိုးကပဲလူပြန်ဟေ့ရတယ်လို့..သူ့ကိုအမြင်ကပ်ရအောင်စံပယ်ကနင့်ပါးကိုလာရိုက်နေလို့လား..
နင့်ထမင်းလုပ်ကိုလာလုစားနေလို့လား..ဟမ်!"
"အဟင်း..နေရာတကာ၀င်ပါတာလဲပြောအုံးလေတစ်ဆောင်လုံးမှာ သူမပါတဲ့နေရာရှိလို့လား.."
"သူ့ဖာသာဘယ်နေရာပါပါ..နင့်ခေါင်းပေါ်ကို
ချီးတက်ပါနေလို့လား..ခွေးသူတောင်းစားမရဲ့...
လူလိုပြောနေတာ နားမလည်ဘူးလား..."
"မိစိုး....နင်ငါ့ကိုလာမဆဲနဲ့နော်....ငါနင့်ထက် အများကြီးရိုင်းတတ်တယ်နော်...နေရာတကာပါလို့
ပါတယ်ပြောတာလေ...နင်ကဘာတွေလာ၀င်နာ
နေတာလဲ...."
"ဟဲ့!အဲ့ဒါနေရာတကာပါတာမဟုတ်ဘူး..လူတိုင်းအပေါ်ကို စေတနာထားပြီးအလိုက်သိတာ၊
ကျိုးနွံတာ၊အကြီးတွေကိုအကြီးမှန်းသိတာ..
အေးလေ နင့်လိုအားနေအခန်းအောင်းပြီး..
လူတိုင်းနဲ့ ရန်ပတ်ဖြစ်နေတဲ့ ကောင်မကတော့..
မနာလိုမုန်းထားစရာလို့ မြင်နေမှာပေါ့..
နင်အခုချက်ချင်း တောင်းပန်ရင်တောင်းပန်၊
မတောင်းပန်ရင်..ပါးရိုက်ဖို့လဲ ငါက၀န်မလေးဘူးနော်.."
"အောင်မာ..ရှင့်မှာပဲလက်ပါတာမဟုတ်ဘူး..
မိုးမမမှာလည်းလက်ပါတယ်.."
"ဖြန်း!!!!!.."
မစိုးမွန်က စကားနှင့်အရင်စကြိမ်းပြီး တကယ်
မလုပ်ပေမဲ့ မိုးမမက လက်ကိုလွှဲ၍ မစိုးမွန်၏
ပါးကို အားနဲ့ ပိတ်ချပစ်လိုက်လေသည်။
"ကောင်မ..နင်ကများ..ငါ့ကို.."
"ဖြန်း!!!!.."
မစိုးမွန်၏ မျက်လုံးတွေဟာ ဒေါသကြောင့် နီတက်လာပြီး မိုးမမရဲ့ ပါးကိုလည်း လက်သည်းရာကြီးထင်သွားရလောက်အောင်အထိ ရိုက်ချပစ်လိုက်သည်။
"သေနာမကြီး..မစိုး..ကဲဟယ်.."
မိုးမမဟာ မစိုးကို ပိတ်တွန်းလိုက်တာကြောင့်
မစိုးလည်းထမီစကို ဆုပ်ကိုင်ပြီး မိုးမမကို ပြေး ကန်ပစ်လိုက်လေသည်။
လဲကျသွားသည့် မိုးမမ၏ ကိုယ်ပေါ်သို့ တက်ခွလိုက်ပြီး ရေနွေးနှင့် ပြုတ်ပြီးသားကြက်အား အမွှေးနှုတ်နေသကဲ့သို့ ဆံပင်တွေကို ဖိလိမ်ပြီး ဆွဲ နေတော့လေသည်။
"အား!.." "ရှင်ကျွန်မဆံပင်ကိုလွှတ်နော်..လွှတ်!"
"လွှတ်စရာလား..အုံလိုက်ကိုဆွဲချွတ်မှာ..အင့်ဟယ်!!ကြက်ဂတုံးမ..."
"အာ့!!!..အား!!!"
"တော်..တော်ကြပါတော့!..မကြည်ပြာရေဆွဲပါအုံး..
မစိုးရေ သူ့ဆံပင်ကိုလွှတ်လိုက်ပါ.."
"ဟဲ့!ဟဲ့!..ဘာဖြစ်နေကြတာလဲ.."
အလုပ်ကနေကိုယ်စီပြန်ရောက်လာကြသည့်အဆောင်သူတွေရော၊ကိုယ့်အခန်းမှာကိုယ်နားနေကြသူတွေပါ အကုန်လုံးစံပယ်တို့ နေတဲ့အပေါ်ထပ်အခန်းဆီသို့ ပြေးတက်လာကြပြီး ပွဲကြည့်သလို ဝိုင်းအုံလာကြလေသည်။
စံပယ်တို့အခန်းရှေ့တွင် မသိရင်ဇာတ်ပွဲကနေသလို လူတွေကို လူရုန်းရုန်းနဲ့ဖြစ်နေလေသည်။
စံပယ်လည်း မျက်ရည်နှင့်မျက်ခွက်ဖြစ်နေမိကာ ဆွဲလဲမရ၊ တားလည်းမရဖြစ်နေရတာကြောင့် တော်တော်ကို စိတ်ညစ်နေရသည်။
မစိုးနှင့်မိုးမမဆိုသည်မှာ နပန်းဖက်လုံးကြတာ
ထမီတွေတောင်ခါးမှာမရှိကြတော့ပေ။
တစ်ယောက်နှင့်တစ်ယောက် နှစ်ကိုယ့်တစ်စိပ်ဖြစ်နေလိုက်တာများ ဘယ်သူ၀င်တားတား၊၀င်ဆွဲဆွဲ
တစ်စပ်မှကို ခွဲလို့မနိုင်ဘူးဖြစ်နေသည်။
သူတစ်ပြန်ကိုယ်တစ်ပြန် ပါးတွေလှိမ့်ချလိုက်၊ဆံပင်တွေ ဆွဲလိုက်နှင့် အဆောင်သူတွေလည်း
ဆွဲမနိုင်တော့ပေ။
မသိရင် စံပယ့်ကိစ္စကို အခြေခံပြီး သူတို့ရဲ့
မကျေနပ်ချက်တွေကို ထုတ်ချနေကြသလိုပါပဲ။
ခံရတဲ့ စံပယ်က လက်ဝှေ့ကြိုးဝိုင်းထဲက ဒိုင်လူကြီးလို ဖြစ်နေရလေသည်။
နောက်ဆုံးမှာ အဆောင်ပိုင်ရှင်အန်တီကြီးကိုတောင်ဖုန်းလှမ်းဆက်ရသည့်အဖြစ်ပင်။
အဆောင်ပိုင်ရှင်က ဆူတာတောင် မစိုးကတော့သူ
မမှားဘူးဆိုပြီးတင်းခံနေပေမဲ့ မိုးမမကတော့အဆောင်မှ ညတွင်းချင်း ဆင်းသွားလေသည်။
ထူးဆန်းသည်က ထိုညတွင် မိုးမမကို မိန်းမ
တစ်ယောက်ဟာ ကားတစ်စီးနှင့် လာခေါ်ခြင်းပင်။ နောက်ဆုံးပေါ်ကားတစ်စီးဖြစ်နေပြီး ကားပေါ်မှ ခပ်ချောချောမမတစ်ယောက်ဆင်းလာတာကို
စံပယ်သေချာပေါက်မြင်လိုက်မိသည်။
ဒီမိန်းမကို စံပယ့်အနေနဲ့ ပထမဦးဆုံးတွေ့ဖူးခြင်းဖြစ်ပြီး မိုးမမဆီကိုလည်း တစ်ခါမှ လာလည်တာမျိုး မရှိခဲ့ဖူးပါဘူး။သူက ဘယ်သူများလဲ??။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
IDGကုမ္ပဏီရဲ့၉လွှာဟာ အလွန်ကိုပဲတိတ်ဆိတ်နေလေသည်။
၁၀လွှာမှာက စီအီးအိုဦးနေဂုဏ်မာန်အတွက်
သီးသန့်ရုံးခန်း၊စာကြည့်ဆောင်နှင့် နားနေဆောင် တွေ တည်ရှိပြီး၉လွှာမှာကတော့ အလွန်ကျယ်၀န်းလှသော ဟောခန်းနှစ်ခုရှိလေသည်။
တစ်ခန်းက နိုင်ငံခြားလုပ်ငန်းရှင်တွေနှင့်တွေ့ဆုံ
သည့်အခါ သုံးသောအစည်းအဝေးအခန်းဖြစ်ပြီး၊ကျန်တစ်ခန်းကတော့ ပို၍ကျယ်ပြီး IDGနှင့်ပတ်သတ်သော ဟောပြောပွဲတို့၊နှစ်ကုန်ပါတီတို့လိုမျိုးလူအများနှင့် ဆင်နွှဲရသော အခန်းအနားများ
လုပ်သည့်အခါ သုံးလေသည်။
ဒီနေ့ကတော့ စံပယ်ရယ်အမျိုးသားသန့်ရှင်းရေး
၀န်ထမ်းကိုနေထွန်းရယ်နှင့် မအေးစံတို့ အတူတကွ အစည်းအဝေးအခန်းကြီးကိုသန့်ရှင်းပြီး၍
ဟောပြောပွဲလုပ်သည့်အခန်းမှာ သန့်ရှင်းနေကြရလေသည်။
"စံပယ်ရေ..ထမင်းစားချိန်လည်း ကျော်နေပြီ
မမအေး ဗိုက်အရမ်းဆာနေလို့ ထမင်းသွားစားမှဖြစ်တော့မယ်.."
"ဟုတ်သားပဲ..မမအေးက အစာအိမ်ရှိတယ်လေ..
ဒီမှာက ကိုနေထွန်းလည်းရှိနေတာပဲ..ပြီးလည်းပြီးတော့မှာ..သွားနော်..အားမနာနဲ့.."
"ကျေးဇူးတင်ပါတယ်ကွယ်.."
မမအေးထွက်သွားပြီးနောက် စံပယ်လည်းကိုယ်လုပ်စရာရှိတာကိုလုပ်နေလိုက်သည်။
အခန်းကြီးရဲ့ ထိပ်ဆုံးနေရာတွင် ရှိနေသော
ခပ်မြင့်မြင့်ဆောင်ထားသော စင်ကြီးကို ကြည့်ပြီး စံပယ်ပြုံးလိုက်မိသည်။
ဒီစင်ပေါ်ကို ဦးနေဂုဏ်မာန်လည်း တက်ပြီး
မိန့်ခွန်းပြောဖူးလိမ့်မည်ထင်သည်။
စင်ပေါ်ကို တက်ရတဲ့အရသာက ဘယ်လိုလည်း
ဆိုတာ စံပယ်သိချင်လိုက်တာ။
စံပယ်ထိုင်ခုံတွေကို ဖုန်သုတ်နေတုန်းအနောက်မှာလူလာရပ်နေသည်ဟု ခံစားမိလိုက်သည်။
စိတ်ထဲမှာကြက်သီးထလာသလိုဖြစ်လာတာ ကြောင့် အနောက်ကိုလှည့်ကြည့်လိုက်မိရာ..
"အမယ်လေး..လန့်လိုက်တာကိုယ်နေထွန်းရယ်..
စံပယ်ကတစ်ခြားသူထင်လို့.."
စံပယ်လည်း ထိတ်လန့်သွားမိတဲ့ ကိုယ့်ရင်ဘတ်ကို လက်နဲ့ ဖိလိုက်ရသည်။ကိုနေထွန်းကို ကြည့်လိုက်တော့ သူကလည်း စံပယ့်ကို ထူးဆန်းသည့်
အကြည့်မျိုးနှင့် ကြည့်လာလေသည်။
"စံပယ်ဒီနေ့အရမ်းလှတယ်.."
ကိုနေထွန်းက စံပယ့်ကိုစေ့စေ့စပ်စပ်ကြည့်လိုက်ပြီး
နှုတ်ခမ်းတွေ လှန်တက်သွားအောင်ပြုံးကာ
တစ်ခါမှမပြောဖူးသည့် စကားကို ပြောလိုက်တာကြောင့် စံပယ်ကြောင်အ သွားမိသည်။
ကိုနေထွန်း၏ မျက်၀န်းတွေကနေတစ်ဆင့် စံပယ့်ရဲ့ မသိစိတ်ထဲမှာ မရိုးသားမှုတွေကို ခံစားနေရသလိုပဲ။
စံပယ်တွေးလို့ မဆုံးခင်မှာ ကိုနေထွန်းက စံပယ်မတ်တပ်ရပ်နေသည့် နေရာသို့ တိုးကပ်လာလေသည်။စံပယ်လည်း လန့်ပြီး အနောက်သို့ ခြေလှမ်းဆုတ်လိုက်မိသည်။
"ကိုယ်အမြဲတမ်း စံပယ့်ကိုငေးကြည့်နေမိတာ
သိရဲ့လား...စံပယ့်အသားလေးက ဖြူဖွေးပြီး...
စံပယ့် ဆံနွယ်ရှည်ကြီးတွေက သိပ်မက်မောဖို့ကောင်းတာပဲ...ဒီလိုနှစ်ယောက်ထဲ ရှိနိုင်မဲ့
အခွင့်အရေးကို ကိုယ်စောင့်နေခဲ့တာ ကြာလှပြီ"
"ရှင်ဘာတွေလာပြောနေတာလဲ.."
"ကိုယ်စံပယ့်ကိုချစ်တယ်ကွာ..စံပယ်ရောကိုယ့်ကိုချစ်တယ်မဟုတ်လားဟင်.."
"ဘာစကားတွေလာပြောနေတာလဲ..စံပယ်သွားတော့မယ်.."
"မသွားပါနဲ့အုံး စံပယ်ရယ်..ကိုယ့်ကိုအဖြေပေးခဲ့ပါချစ်တယ်မဟုတ်လားဟင်.."
စံပယ့်လက်မောင်းကို အကြမ်းပတမ်းလာဆွဲတာကြောင့် လက်ကိုအမြန်ဆောင့်ရုန်းလိုက်သည်။
ထိုလူကမလွှတ်ပဲ အားပိုထည့်ကာ လက်မောင်းကိုညှစ်လိုက်သလိုဖြစ်တာကြောင့် စံပယ်အရမ်းလည်း ကြောက်မိသလို ဒေါသလည်းထွက်လာရတယ်။
"..ရှင်ကျွန်မလက်ကိုမကိုင်ပါနဲ့..အခုလွတ်ပေး
..၀န်ထမ်းအချင်းချင်းပြဿနာမဖြစ်ချင်ဘူးနော်..
အခုလွတ်ပေး!.."
"ဟ!..မင်းကလေသံမာလှချည်လား..မလွှတ်တော့မင်းဘာလုပ်မလဲ.."
"အင့်ဟယ်.."
"အား!!.."
"အဲ့တာမလွှတ်ချင်အုံး.."
ပြောမရတဲ့အဆုံးသူ့ခြေသလုံးကို အားနဲ့ဖြတ်ကန်ပစ်လိုက်တော့ နာသွား၍ထင်ပါရဲ့လက်ကိုချက်ချင်း လွှတ်လိုက်လေသည်။
စံပယ်လည်းဒီအခန်းထဲကနေမြန်မြန်ထွက်ချင်လာသည့် စိတ်ကြောင့် ဟောခန်း၏ တံခါးဆီသို့သာအပြေးသွားနေမိသည်။ခုံတန်းတွေအကြားမှ
တိုးထွက်လိုက်ပြီး ခပ်မြန်မြန်ပြေးဖို့ ကြိုးစားလိုက်စဉ်မှာတော့ အနောက်မှသိုင်းဖက်ခြင်းကို ခံလိုက်ရသည်။
လက်တွေကိုပါ သိမ်းပြီးအချုပ်ခံ နေရ၍ လူကလုံး၀လှုပ်လို့မရဘူး ဖြစ်နေသည်။စံပယ့် ခန္ဓာကိုယ်က ပိန်သွယ်တဲ့ အမျိုးအစားမို့ အားချင်းက မမျှဘူး ဖြစ်နေသည်။စံပယ် အရမ်းငိုချင်လာတာပဲ
သိတယ်။
သူ့ကိုယုံမိတာကိုက စံပယ့်အမှားပါပဲ။
လုပ်ဖော်ကိုင်ဖက် အချင်းချင်းမို့ ယုံကြည်ပြီး
နေမိတာ စံပယ်မှားသွားခဲ့ပြီ။
လူရိုး၊လူအေးလို့ထင်ခဲ့တာ အခုတော့
ကျားခံတွင်း၀ကို ခြေဆင်းမိလျက်သားဖြစ်နေရလေပြီ။
"ကိုနေထွန်း..လူယုတ်မာ..ကျွန်မကိုလွှတ်နော်
..ကျွန်မအော်လိုက်မှာနော်..လွှတ်!!!အဟင့်..."
"အော်လေ..ဟိုဘက်မှာလည်း အစည်းအဝေးအခန်း ပဲရှိတာ.... လူလည်းရှိမှာမဟုတ်ဘူး..အဟင်း..အစကတော့ညင်သာမလို့ တွေးထားခဲ့တာပါ..အခုတော့ဒီနေရာမှာတင်ပွဲကြမ်းမှဖြစ်တော့မယ်
..ဟား..ဟား.."
"မင်းကိုလည်း...ငါကပွဲကြမ်းမှာ.."
အော်ငေါက်ပြီး ပြောလိုက်သည့် အသံအကျယ်ကြီးကြောင့် နေထွန်းလှည့်ကြည့်လိုက်မိရာ သူ့မျက်လုံးတွေ ချက်ချင်းကို ပြူးတက်သွားရသည်။
"သူ...သူဌေး.."
"မဟုတ်ဘူး..မင်းရဲ့သေမင်း.."
"ခွပ်!"
"အာ့..!"
ဦးနေဂုဏ်မာန်ရဲ့အသံကြောင့် နေထွန်းသတိလက်လွတ်ကြောင်စီသွားချိန်မှာ ပါးဆောင်ကိုပြေးအထိုးခံလိုက်ရ လေသည်။
လျှပ်တစ်ပြက်အတွင်းမှာပဲ ဦးနေဂုဏ်ဟာသူ့ရဲ့
ကုဒ်အီင်္ကျီကိုချွတ်လိုက်ပြီး စံပယ့်ခေါင်းပေါ်မှာ
လာအုပ်လိုက်တာကြောင့် စံပယ်ဘာကိုမှမမြင်ရတော့ပေ။ထိုးကြိတ်သံတွေကိုသာ ကြား နေရလေသည်။
စံပယ်လည်း ကုဒ်အိင်္ကျီကို ဖယ်မပစ်ပဲ လူတွေမမြင်နိုင်တော့ဘူးဟု တွေးလိုက်ပြီး မျက်ရည်တွေကို
ကျဆင်းခိုင်းလိုက်မိသည်။
"ခွပ်!..ခွပ်!"
"အား!..တောင်း..တောင်းပန်ပါတယ်.."
"သူတောင်းစား!!!!"
"ခွပ်!."
"အား!"
နေဂုဏ်မာန်ဟာ နေထွန်းဆိုသုကို အားရအောင်
ထိုးနှက်၊ကန်ကြောင့်ပြစ်လိုက်ပြီးတာတောင် အားမရနိုင်သေးဘူးဖြစ်နေသည်။
စံပယ်မွှေးကို ကြည့်လိုက်တော့လည်း သူအုပ်ကာပေးထားသည့် ကုဒ်အိင်္ကျီအောက်မှာ ဘယ်လောက်တောင်ငိုနေသည်မသိ ကိုယ်လုံးလေးတောင် တုန်ယင်နေလေသည်။
သူမ ငိုနေတာကို တွေ့လေ သူပိုပြီး ဒေါသထွက်လာရလေပဲ။
"အပြင်မှာရှိနေတဲ့လူတွေ..ဒီကောင့်ကိုအခုချက်ချင်း..ငါ့ရှေ့ကနေခေါ်သွား..ပြီးရင်ရဲစခန်းမှာ
မှတ်လောက်သားလောက်အောင် ဆုံးမခိုင်းလိုက်.."
"ဆရာဘာအမှုနဲ့လဲ.."
"မင်းကြီးတော်..ဘာအမှုရမှာလဲ.."
"ဟုတ်..ဟုတ်ကဲ့..ကျွန်တော်တို့ကြည့်ကြပ်လုပ်
လိုက်ပါ့မယ်.."
စံပယ်လည်းအသံတွေသာကြားနေရသည်။
၀မ်းနည်းတာရော၊ကြောက်စိတ်တွေရောကြောင့်
ရင်တွေတလှပ်လှပ်နဲ့သာတုန်နေပြီး ကုဒ်အင်္ကျီကိုလည်းမဖယ်ချင်ဘူး ဖြစ်နေလေသည်။
ခုဏက ကိစ္စကြီးကြောင့် ဘယ်သူ့မျက်နှာကိုမှ
မကြည့်ချင်လောက်အောင် စံပယ်အရှက်ရနေမိသည်။
ရုတ်တရက်ဆိုသလို နွေးထွေးတဲ့လက်တွေက
စံပယ့်ပုခုံးပေါ်သို့ ခပ်ဖွဖွထိကိုင်လာတာကြောင့် ရင်ခွင်တစ်ခုနဲ့နီးစပ်သွားသည်ကို သေချာခံစားလိုက်ရသည်။
ထိုရင်ခွင်က ဘယ်သူ့ရင်ခွင်ဆိုတာကို
မပြောလည်းပဲ စံပယ်သိပါတယ်။
သူကလည်းစံပယ့်ဦးခေါင်းပေါ်မှ သူ့ရဲ့တန်ဖိုးကြီးကုဒ်အိင်္ကျီကိုမဖယ်ပေးပဲ အခန်းအပြင်သို့
ခေါ်ထုတ်လာပြီး ဓာတ်လှေကားစီးကာ အပေါ်ထပ်သို့ ခေါ်လာလေသည်။
စံပယ့်ကိုထိုင်ခိုင်းပြီး သူ့ကုဒ်အိင်္ကျီကိုဖယ်ပေးတော့မှ သူ့ရုံခန်းထဲကိုရောက် နေမှန်းသိလိုက်ရသည်။
သူကစံပယ့်အရှေ့မှာဒူးတစ်ဖက်ထှောက်ကာထိုင် နေလေသည်။
"ရော့ ရေသောက်လိုက်..မင်းအရမ်းကြောက်သွားမှာပဲ..ကိုယ်သာနဲနဲလေးနောက်ကျသွားရင်.."
သူ့ဘာသာပြောပြီး ငြိမ်ကျသွားမိသည်။နိုင်ငံခြားလုပ်ငန်းရှင်တွေနဲ့အစည်းအဝေးလုပ်အပြီးမှာ တစ်ဖက်ဟောခန်းမှ အသံတွေကြား၍သွားကြည့်မိရာမှ သူ့ကလေးမကို အခြားယောက်ျားတယောက်က..
"ဟာကွာ..တောက်!"
"ကျွန်မကြောင့်..ရှင်စိတ်အနှောက်အယှက်ဖြစ်ရရင်တောင်းပန်ပါတယ်..."
"ဟင်.."
လေသံတိုးတိုးနဲ့ပြောနေတဲ့စံပယ့်ကို သူကသေချာဆိုက်ကြည့်လာပြီး ရုတ်တရက် ဒူးထောက်ကာ
သူ့ရဲ့ ခန္ဓာကိုယ်ကိုမြှင့်လိုက်ပြီး ဖက်ခြင်းခံလိုက်ရတာကြောင့် စံပယ်လည်းလန့်သွားမိသည်။
စိမ်းသက်လွန်းသည့် အထိအတွေ့တစ်ခုကြောင့် လက်က အလိုအလျောက် သူ့ရင်ဘတ်ကို တွန်းလိုက်မိပေမဲ့ သူကတော့ တစ်ချက်တောင်
တွန့်မသွားခဲ့ဘူး။
စံပယ့်ဦးခေါင်းက သူ့ရင်ဘတ်အနားမှာဖြစ်ပြီး သူ့ရဲ့လက်ကစံပယ့် ဆံပင်တွေကိုပွတ်သပ်ပေး
နေသည်ဟု ခံစားလိုက်ရသည်။
သူစံပယ့်ကိုနှစ်သိမ့်ပေးနေတာလား။
သူ့ကိုတော့ပြန်မဖက်ပေမဲ့ စံပယ့်မျက်လုံးတွေကိုခဏမှိတ်ထားလိုက်မိသည်။
အခုစံပယ့်အတွက်နွေးထွေးတဲ့ရင်ခွင်တစ်စုံလိုအပ်နေလို့ပါ။
တစ်ယောက်ယောက်က စံပယ့်အနားမှာ ရှိနေပေးတဲ့ ခံစားချက်လေးကို စံပယ်လိုအပ်နေသလိုပါပဲ။
ဒီလိုအချိန်မျိုးမှာ စံပယ်အဖွားကို သိပ်သတိရတာပဲ။
သူကစံပယ်အနားသို့ တိူးကပ်လာပြီးစကားတစ်ခွန်းပြောလိုက်သေးသည်။
"မင်းအတွက်..ကိုယ်အလုပ်သမားဘယ်နှစ်ယောက်လောက်..အလုပ်ထုတ်ပေးရမလဲ.."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ညနေဘက် စံပယ်အဆောင်ကိုပြန်ရောက်တော့
ဒီနေ့ဖြစ်ပျက်သမျှတွေကို ပြန်တွေးကြည့်နေမိသည်။
ဟိုတစ်ခါကပါးကိုကိုင်တယ် ဒီတစ်ခါဆံပင်ကိုကိုင်တယ်။ဘာမှလည်းမဆိုင်ပဲ ခဏခဏအသားယူခံနေရတာတော့ မဟုတ်သေးဘူး။
ငြိမ်နေခဲ့မိသည့် ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိသည်။
ဒါပေမဲ့ ကိုနေထွန်းလို လူမျိုးကို မယုံကြည်ပေမဲ့ စံပယ်သူနဲ့ နှစ်ယောက်ထဲရှိနေတဲ့ အချိန်မှာတော့ ကြောက်ရွံ့တာတွေ ထိတ်လန့်တာတွေ ဘာကြောင့် ရှိမနေရတာလဲ ။
စံပယ်သူ့ကို အဲ့လောက်တောင်ပဲ ယုံကြည်နေမိတာလား။
စံပယ်အခက်အခဲကြုံရချိန်တိုင်းလည်း
သူရောက်လာတတ်တယ်။
ရေစပ်ဆိုတာဒါမျိုးလား။တိုက်ဆိုင်မှု တွေကလည်း သူနဲ့မှဘာကြောင့်ဒီလောက် ထူခြားလွန်းနေရတာပါလိမ့်။
သူနဲ့ တွေ့ဆုံရတဲ့အချိန်တိုင်းကလည်း ဒီလို ကမောက်ကမတွေကြီးပဲ ဖြစ်နေရတော့ စံပယ်တို့ရဲ့ စုံစည်းမှုတွေက လှပတာလား ၊ကမောက်ကမနိုင်တာလားလို့ မေးရမလို ဖြစ်နေသည်။
"တီ..တီ..တီ..တီ"
ဖုန်းလာနေ၍အတွေးအာရုံတွေကိုဖြတ်တောက်လိုက်ပြီး ခလုတ်လေးကိုနှိပ်ကာ နားမှာကပ်၍ နားထောင်လိုက်သည်။
"ဟယ်လို..ဘယ်သူပါလဲ.."
"ကျုပ်က..ညည်းအဖွားကြည်မေဟေ့..အခုမမျိုးတို့တယ်လီဖုန်းနဲ့ဆက်နေတာ.."
"ဟင်အဖွား..ဘာအရေးကြီးကိစ္စရှိလို့လဲ.."
"ဒီလောက်အရေးကြီးတာတောင်..ဒီ့ထက်အရေး
မကြီးတော့ဘူးအေ.."
"ပြောမှာသာပြောစမ်းပါအဖွားရယ်..
ကျွန်မရင်ထိတ်လိုက်တာ.."
"ညည်းရဲ့အလိမ္မာတုံး.....ညီမသဇင်မွှေးလေ.."
"ဟင်..သဇင်မွှေးဘာဖြစ်လို့လဲ..မြန်မြန်ပြောပါလို့"
"လင်နောက်လိုက်သွားလို့အေ..လင်နောက်လိုက်သွားလို့.."
"ရှင်!"သေ..သေချာလို့လားအဖွားရယ်.."
"သေချာသမ..သိပ်သေချာ....ဘော်ဒါကသူ့သူငယ်ချင်းက သူ့အိပ်ရာပေါ်မှာ လင်နောက်လိုက်သွားပြီဆိုတဲ့ စာရေးထားခဲ့တာတွေ့လို့ ဆရာမတွေက ကျုပ်ကို အကြောင်းကြားတာဟေ့..အဲ့ဒါညည်းအမြန်ပြန်လာခဲ့ပါ..အဲ့အလုပ်လည်းထွက်ရင်
ထွက်ရပါစေ..ညည်းရဲ့ ညီမလင်နောက်လိုက်သွားမှတော့..အဲ့ဒီ့အလုပ်ကိုဆက်လုပ်နေလည်းဘာမှ
မထူးဘူး..အမြန်ပြန်လာခဲ့ပါတော့အေ..."
"ဟုတ်..ဟုတ်ကဲ့ပါအဖွားရယ်..လောလော
ဆယ်တော့မနက်မှ..ဖုန်းနဲ့ခွင့်လှမ်းတင်လိုက်မယ်..
မရလည်းထွက်ရုံပေါ့.."
"အေး..ဒါဆိုဒါပဲအေ..ငါ့မှာတော့မြေးမလေးနှစ်ယောက်ရှိပါတယ်..တစ်ယောက်မှစကားနား
မထောင်ဘူး..အီဟီး!!!..နင်တို့တစ်ယောက်မှ
ငါ့အပေါ်မကောင်းဘူး.."
အဖွားရဲ့ငိုသံလေးနှင့်အတူ တစ်ဖက်မှဖုန်းကျသွားသလို စံပယ့်အသဲနှလုံးတွေလည်း တဖြုတ်ဖြုတ်နဲ့ကြွေကျသွားရသလို ခံစားလိုက်ရလေသည်။
စံပယ့်ပါးပြင်ပေါ်မှ မျက်ရည်တွေဖြတ်စီးသွားလေတော့သည်။ကိုယ်က ပညာကိုဆုံးခန်းတိုင်အောင်
မသင်ခဲ့ရလို့ မျိုးရိုးထဲမှာ ပညာတတ်၊ဘွဲ့ရလေး
ရှိစေချင်ခဲ့မိတာပါ။
စံပယ် လောဘသိပ်ကြီးသွားမိတာများလား။
ညီမလေးရယ် အစ်မရဲ့ ရင်ထဲမှာ နှလုံးသားတစ်ခြမ်း ပဲ့ကြွေသွားရသလိုပါပဲ။
"သဇင်ရယ်..နင်ရက်စက်လိုက်တာနော်..ငါ့မှာတော့ငါ့ညီမလေး ပညာတတ်ကြီးဖြစ်ပါစေ..
ငါ့လို သူများအောက်မကျရပါစေနဲ့ဆိုပြီး...
ရွာမှာဆိုလည်းရွာအလုပ်၊ရန်ကုန်ဆိုလည်းရန်ကုန်အလုပ်နဲ့ သူများ အစော်ကားခံရမလိုတောင်
ဖြစ်ခဲ့ရတာ..ငါပြန်ရလိုက်တာက..အဖွားရဲ့မျက်ရည်နဲ့..နင့်ရဲ့ကျေးဇူးကန်းမှုတွေလား.."
မနက်၄နာရီထိုးတည်းကထပြီး အထုပ်တွေကိုထုပ်ပိုးပြင်ဆင်ကာ ကားဂိတ်သို့ ထွက်လာလိုက်သည်။
တကယ်တော့စံပယ်တစ်ညလုံးအိပ်လို့မရပါဘူး။ဖြစ်လာမယ့်ညီမလေးရဲ့အနာဂတ်ကိုစံပယ်ကြိုတွေးနေမိသည်။
ဆယ်တန်းတောင်မအောင်ပဲလင်နောက်လိုက်သွားတော့ ဘာလုပ်စားကြမှာလဲ။
သူ့ယောက်ျားကဘယ်လိုလူလဲ ဆယ်တန်းဖြေမဲ့ကလေးကိုခိုးရာလိုက်ဖို့ခေါ်တည်းက လူကောင်း
မဖြစ်နိုင်တာတော့သေချာတယ်။
ဒါဟာ လူကြီးတွေကိုအရာမသွင်းသလို ငါ့ညီမလေးကိုလည်းအလေးမထားတာပဲ။
မိုက်လိုက်တာညီမလေးရယ် နင်သိပ်မိုက်တယ်။
ငါ့အမှားပါ ငါနင့်ကိုအနီးကပ်စောင့်ရှောက်ခဲ့ရမှာ။အများကြီး မျှော်မှန်းပြီး ရန်ကုန်ကို တက်လာခဲ့မိတာကိုက မှားတာပါလေ။ကိုယ်နဲ့ အပ်စပ်တဲ့ နေရာမှာမနေပဲ ရန်ကုန်ကိုတက်လာမိတဲ့ နေ့တည်းက မှားခဲ့တာ ထင်ပါရဲ့။တောမှာနေရင် အနည်းဆုံးတော့ ညီမလေးရဲ့ ဘော်ဒါဆောင်ကို ခဏ၊ခဏလိုက်သွားပြီး စကားပြောဖြစ်၊ဆိုဆုံးမခွင့် ရခဲ့မှာသေချာတယ်။
၀င်းသစ္စာမောင်ခရီးသွားကားက ရန်ကုန်မြို့ကြီး
ကိုနှုတ်ဆက်ခဲ့တာနှင့်တစ်ပြိုင်နက် စံပယ်ပထမဦးဆုံးသတိရမိသူကတော့ ဦးနေဂုဏ်မာန်ပါပဲ။
"နှုတ်ဆက်ပါတယ်ရှင်..ဘ၀တစ်ကွေ့မှာ..
ခဏတွေ့ခဲ့ကြတယ်လို့ပဲ..သတ်မှတ်ပါတယ်..
ဒါပေမဲ့ရှင်နဲ့တွေ့ဆုံမှုက..နှလုံးသားထဲမှာနက်ရှိုင်းနေမိပြီထင်ပါတယ်.."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ဒီနေ့အတွင်းရေးမှူးကနေတစ်ဆင့် စံပယ်မွှေးကိုသွားခေါ်ခိုင်းတော့ ရွာပြန်လို့ ခွင့်သုံးရက်ယူထားသည်တဲ့။
မနေ့ကကိစ္စကြောင့်ဒီကောင်မလေးရှက်ပြီး ရွာကိုပြန်ပြေးသွားတာများလားဟု တွေးမိပြန်တော့ သူ့စိတ်ထဲမှာ စိုးထိတ်မှုလေးက ဖြတ်ပြေးသွားမိလေသည်။
ဒါမှမဟုတ်ရွာမှာ အဖွားလုပ်သူကယောက်ျားပေးစားဖို့ပြန်ခေါ်လို့ အပြီးပြန်သွားတာများလား။ဘာကြောင့်လဲ?
မဖြစ်ဘူး။မင်းကိုယ်နဲ့ အဝေးကြီးကိုထွက်သွားလို့မရဘူး။
မင်းကိုကိုယ့်ကုမ္ပဏီရဲ့ သန့်ရှင်းရေး၀န်ထမ်းအဖြစ်နဲ့လည်းစိတ်မချတော့ဘူး။
တစ်ခြားသူတွေမင်းကိုအနိုင်ကျင့်တာမြင်ရင်..
လူ မ သတ်မိဖို့ကို အမြဲစိတ်ထိန်းနေရတာ..လွယ်တာမဟုတ်ဘူး။
"ဒီတစ်ခါ ကိုယ့်ဘေးနားကိုပြန်လာရင်..မင်းကိုပြန်
မလွှတ်ပဲနေရမလား..ဒါဆိုကိုယ်မိုက်မဲရာကျနေမလား.."
ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်ပြီး ခေါင်းကို မော့ကာ မျက်လုံးတွေကို မှိတ်ပြီး သူသေချာတွေးကြည့်နေမိသည်။
စံပယ်မွှေးဟာ သူကာကွယ်ပေးချင်မိတဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ။
ဘေးနားမှာ သူမရှိနေတဲ့အချိန်တွေဆိုရင် သူ့စိတ်တွေဟာ ပျော်ရွှင်နေသလိုလို၊ ရင်ခုန်သလိုလို ခံစားရသည်။
သူမကို အမြဲတွေ့ချင်လာသလို သူ့ကိုရှောင်နေတတ်တဲ့ သူမနဲ့ အကြည့်ချင်း ဆုံရင်တောင် သူပြုံးနေမိတာမျိုး။
သူမကို ပွေ့ဖက်ရတာကိုလည်း နှစ်သက်မိသလို သူမပြုံးတာကို မြင်ရင်တောင် ကျေနပ်နေမိတယ်။
အတွေးတွေဆုံအောင်တွေးလိုက်ပြီးနောက်မှာတော့ သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်မိသည်။
သူ့ရင်ဘတ်ကိုလည်း သူပြန်အုပ်လိုက်မိသည်။
"ငါ ချစ်မိနေတာပဲ....ဟား..ဟား..."
သူသွားတွေ ပေါ်အောင်အထိ ရုံးခန်းထဲမှာ အရူးကြီးလို ရယ်လိုက်မိသည်။
စံပယ်မွှေးဆိုတဲ့ အသက်နှစ်ဆယ် သာမန်၀န်ထမ်းကောင်မလေးကို သူချစ်မိနေလေပြီ။
ဘယ်အချိန်တည်းကလည်း ဘာကြောင့်လဲဆိုသည့် မေးခွန်းကိုထုတ်လို့ မရပေမဲ့ စံပယ်ရေ မင်းနဲ့မှ ကိုယ်ချစ်တတ်ပြီ ထင်ပါတယ်။
မနက်ဖြန် အခန်း၁၀ ဖတ်ကြမှာလား
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်