✽ အပိုင်း ၂၁ ✽
မနက်ဝေလီဝေလင်းအချိန်မှာ နေဟန်မှိုင်းတစ်ယောက် သိမ်မွေ့စံနွယ်၏ရင်ခွင်ထဲကနေ နိုးထလာခဲ့သည်။ အိပ်မောကျနေဆဲဖြစ်သော သူ့မွေ့လေးကို မနိုးရက်ခဲ့ပေ။
ကိုယ်လက်သန့်စင်၍ မျက်နှာသစ်ပြီးနောက် မီးဖိုချောင်ထဲ၌ ချက်ပြုတ်မည့်တာဝန်ကို သူသာဦးဆောင်သည်။ အိပ်ပျော်နေသူ သူ့မိန်းကလေး ပန်းကန်ခွက်ယောက်အသံများကြောင့် လန့်မနိုးလာစေရန် ဂရုတစိုက်ဖြင့် ချက်ပြုတ်ဆေးကြောနေခဲ့လျက်။
သိမ်မွေ့စံနွယ်အနေဖြင့် သူမ ယခုတလောအတွင်းသောက်နေရသော နှလုံးဆေးများ၏အရှိန်ပြင်းမှုများကြောင့်သာမက စိတ်ဒုက္ခများရမှုများကြောင့် ညများစွာ အိပ်ရေးပျက်ခဲ့ရသည်။ ဤသို့ဖြင့် ယခုတွင်မူ သူမကို သူချာဂရုစိုက်ရပေမည်။
သေရွာကနေပြန်ပေါ်လာသော သူ့ဦးလေးအကြောင်းကိုလည်း ကြိုးစား၍မေ့ထားခဲ့သည်။ ဘေစင်ထဲတွင် ခရမ်းချဉ်သီးများကို တစ်လုံးချင်း စင်ကြယ်စွာ ဆေးကြောနေခဲ့သည်။ ထိုစဥ် သူ၏မိခင်ဖြစ်သူမျက်နှာကို မြင်ယောင်မိလာသည်။
သူငယ်စဥ်အခါက မိခင်ဖြစ်သူ မီးဖိုချောင်ဝင်နေစဥ်မှာ မိခင်ဖြစ်သူကိုအမြဲတစေကူညီလေ့ရှိခဲ့သည်။ ထိုအခိုက်အတန့်များ၌ သူ့မိခင်ဖြစ်သူ သူ့ကိုပြောလေ့ရှိခဲ့သောစကားများကို ပြန်ကြားယောင်နေသည်။
" သားလူလေးကြီးလာလို့ မိန်းမယူရင် သားကိုရတဲ့မိန်းကလေးကတော့ အရမ်းကံကောင်းမှာ သိလား ... သားကစိတ်ရင်းကောင်းတယ်၊ ကြင်နာတယ်၊ မေတ္တာတရားလည်းအပြည့်ရှိတယ်၊ သူများနေရာကနေ ဝင်ခံစားပေးတတ်တဲ့ ကိုယ်ချင်းစာစိတ်အပြည့်အရှိတယ်၊ မေ့သားလေး မတော်တဲ့နေရာဘာမှမရှိဘူး၊ ဘက်စုံထူးချွန်တဲ့သားလေး ... သားယူမယ့်မိန်းကလေးကလည်း မိန်းမကောင်းလေးဖြစ်ပြီး ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးမိန်းကလေးဖြစ်လာမှာ သိလား"
နေဟန်မှိုင်း၏လက်များမှာ ရေဘုံပိုင်ကရေများအောက်တွင် ခရမ်းချဉ်သီးများကို အတွေးနွံများထဲနစ်မွန်းနေကာ အချိန်ကြာမြင့်စွာ ဆေးကြောနေသည်။
သူ့မိခင်ပြောခဲ့သည့်အတိုင်း သူ့ကိုပိုင်ဆိုင်ထားရသည့်အမျိုးသမီးလေးမှာ မိန်းမကောင်းလေးဖြစ်သော်ငြား သူမအတွက် သူကတော့ယောကျာ်းကောင်းတစ်ယောက်ဖြစ်သည်ဟု မခံစားရသေးပေ။ သူသည် စိတ်ကစဉ့်ကလျားရောဂါများစွာကို ကာလအတော်ကြာအောင်ခံစားခဲ့ရပြီး အထီးကျန်ဆန်နေခဲ့သည်။ သိမ်မွေ့စံနွယ်နှင့်တွေ့ပြီးနောက်ပိုင်းတွင်မူ သူက ပုံမှန်လူကောင်းတစ်ယောက်ကဲ့သို့ ပြန်လည်ပြုမူနေထိုင်နိုင်ခဲ့သော်လည်း သူ၏ကြမ်းတမ်း၍အေးစက်သောအပြုအမူများစွာကြောင့် သူမနှလုံးသားကို နာကျင်စေခဲ့မိသည်။
သူ့အပေါ် သူမအနေဖြင့် မည်မျှအထိဆက်လက်သည်းခံပြီး ချစ်ပေးနိုင်မည်ကို သေချာမသိနေပေ။ ထို့အပြင် ကံကြမ္မာက သူ့အပေါ်ကောင်းလာလိမ့်မည်ဟူ၍လည်း ကြီးကြီးမားမားမျှော်လင့်ထားခြင်းမရှိပေ။
သိမ်မွေ့စံနွယ်နှင့်အတူတူနေရသည်က သူ့ဘဝအတွက် အေးချမ်းရာနယ်မြေလေးတစ်ခုသာ။ ဤအေးချမ်းမှုလေး သူ့ဆီကနေပျောက်ဆုံးသွားလျှင် သူတစ်ချိန်ကနေခဲ့သောအမှောင်ခြမ်းဆီသို့ ထပ်မံ၍ရောက်ရှိမည်မှာ ဧကန်ပင်။ သူချစ်သောမွေ့လေးဘက်ကကြည့်လျှင်လည်း သူမဘဝထဲကနေ ရုတ်တရက် သူသာကွယ်ပျောက်သွားခဲ့လျှင် ...သူချစ်သောမွေ့လေး အမှန်တကယ် အသက်တိုပေလိမ့်မည်။ သူမကို ပျော်ရွှင်စေချင်သည်။ မိဘမဲ့ချင်းအတူတူ နှစ်ယောက်သား ပျော်ရွှင်စရာမိသားစုဘဝလေးကို ကြိုးစားဖန်တီးချင်သည်။
ကံကြမ္မာကိုသာ သူ့ဘက်ကဒူးထောက်၍တောင်းပန်လို့သာရလျှင် သူမအတွက် ဒူးထောက်နိုင်သည်။ ရိုမီယိုနှင့်ဂျူးလိယက်ကဲ့သို့ ဇာတ်သိမ်းမျိုးကို သူအလိုမရှိပေ။
ဤအတောအတွင်း တစ်ချိန်လုံး သူ့စိတ်ဝိညာဉ်များက အတိတ်လေဟာနယ်ထဲမှာ လွင့်မျောနေခဲ့ရသည်။ ထိုမှတစ်ဆင့် အကြောက်တရားလေဟာနယ်ထဲတွင်လည်း သူဆက်လက်၍လွင့်မျောနေခဲ့သည်။
သူတစ်ချိန်လုံးတွေးနေမိသည့် အတွေးချည်လုံးများမှာ ....
' အဲဒီလူကြောင့် ငါ့ဘဝစုတ်ပြတ်သတ်သွားရတာ။
အဲဒီလူကြောင့် ငါ မကောင်းဆိုးဝါးကောင်ဖြစ်လာတာ။
ဒီလူ့ခွေးတိရစ္ဆာန်ကောင်က ဘာလို့မသေဘဲ ပြန်ရှင်လာရတာလဲ။
ငါ့အကြောင်းတွေကို ဘယ်ချိန်ကတည်းက ထောက်လှမ်းနေခဲ့တာလဲ။ '
အတွေးချည်မျှင်ချည်စများက တွေးလေ၊ ရှုပ်လေနှင့် ပျောက်ကွယ်နေခဲ့သော စိတ်ကစဉ့်ကလျားရောဂါများလည်း ဤအချက်များကြောင့် ပြန်ပေါ်ပေါက်လာပြီး သူချစ်သောမိန်းကလေးကို တစ်ချိန်လုံးမျက်ကွယ်ပြုမိခဲ့သည်။ မည်သို့ပင်ဆိုစေ သူစိတ်များ ပြန်လည်တည်ငြိမ်လာစေရန် အချိန်တစ်ခုထိ အနားယူရပေမည်။
" ကိုကို ... ခရမ်းချဉ်သီးတွေကို ရေဆေးနေတာကြာနေပြီ "
သိမ်မွေ့စံနွယ်၏သတိပေးစကားကြောင့် ဖန်ဇလုံထဲက ခရမ်းချဉ်သီးများကို ငုံ့ကြည့်မိလျှင် ရေများပြည့်လျှံနေပေသည်။ သူ ချက်ချင်း ဘုံပိုင်ရေကို ပိတ်ချလိုက်သည်။
" ကိုကို ဘာချက်မလို့လဲ ... ခရမ်းချဉ်သီးလှီးမလို့လား၊ မွေ့လေး လှီးပေးမယ်လေ "
သိမ်မွေ့စံနွယ်၏လက်များက သူ့ခါးနောက်ကနေ တင်းကျပ်စွာ ပွေ့ဖက်လာလျှင် နေဟန်မှိုင်းမှာ အတွေးနယ်မလွန်တော့ဘဲ ပြုံးယောင်သမ်းလာသည်။ သူမနိုးလာခဲ့ပြီး မျက်နှာသစ်နေစဥ် မီးဖိုချောင်ထဲက အသံများကိုကြားနေရသဖြင့် သွားအမြန်တိုက်ပြီးနောက် နေဟန်မှိုင်းဆီ ရောက်လာခဲ့ခြင်းပင်။
" ဒီနေ့တော့ နိုင်ငံခြားက ကိုယ်သဘောကျတဲ့ Chef တစ်ယောက်ရဲ့ဟင်းကို စမ်းချက်မလို့လေ "
" ဟုတ်လား ... မွေ့လေးလည်း ကူပေးမယ်လေ"
" ရပါတယ်ဗျာ၊ အေးဆေးနားပါ "
နေဟန်မှိုင်းက ဖန်ဇလုံထဲက ခရမ်းချဉ်သီးများကို လပ်ဖြင့်အုပ်ထားပြီး အတွင်းကရေများကိုသွန်နေခဲ့သည်။ ထို့နောက် ၎င်းဖန်ဇလုံကို ၃ ပေအကွာက ဟင်းချက်မည့်နေရာသို့ သယ်သွားလျှင် သိမ်မွေ့စံနွယ်ကပါ ကပ်လျက်ပါလာ၏။
" တောက်တဲ့လိုကပ်နေရောပဲ ကလေးရယ် ... အကြော်ကြော်ရင် ဆီတွေစင်ကုန်မယ်၊ သွားထိုင်နေ "
" ကိုကို မွေ့လေးကိုထပ်ပြီး ပလစ်ထားမှာစိုးလို့ ကပ်နေရတာ "
သူ့ကျောပြင်ပေါ်တွင် သိမ်မွေ့စံနွယ်က ခေါင်းမှီထားရင်း ချွဲနွဲ့နေခဲ့သည်။ နေဟန်မှိုင်းက သူမမျက်နှာလေးကိုကြည့်ရန် ကျောလှည့်လာသည်။ ထို့နောက် သူမနဖူးထိပ်လေးကို ဖြည်းဖြည်းလေး နမ်းလိုက်ကာ သူချစ်သောအမျိုးသမီးလေး၏မျက်ဝန်းလှလှလေးများကို စိုက်ကြည့်နေသည်။
" တောင်းပန်ပါတယ် ... ကလေးကို Trauma တွေပေးမိလို့၊ ကိုကို့ကလေးလေး ဒီတစ်လော ပင်ပန်းသွားရပြီ "
သူမြတ်နိုးမိသော သူမလက်ကလေးများကို ဆုပ်ကိုင်ထားရင်း သူမကိုစိတ်ရင်းဖြင့် တောင်းပန်နေမိသည်။ တောင်းပန်နေစဥ် သူမ၏လက်ချောင်းထိပ်လေးများကို တယုတယနမ်းရှိုက်နေခဲ့ကာ ပါးချိုင့်များရှိနေသောသူ၏ပါးပြင်ပေါ်တွင် သူမလက်ကလေးများကို ထိကပ်ထားခဲ့သည်။
" ကိုကိုတို့ ... ခရီးရှည်ထွက်ကြရင်မကောင်းဘူးလား ... ကလေးဘယ်နေရာသွားချင်လဲ၊ ပြည်တွင်းသွားမလား၊ ပြည်ပသွားမလား"
ခရီးထွက်ရမည်ဆိုသဖြင့် သိမ်မွေ့စံနွယ်လည်း ဝမ်းသာသွားသည်။
" ကိုကိုသွားချင်တဲ့နေရာကို ကောင်းသလိုစီစဥ်လိုက်လေ ... မွေ့လေးရုံးကို ခွင့်ယူဖို့ပြင်လိုက်မယ် ဟီးဟီး "
သူမ၏အရယ်အပြုံးလေးများက သူ့နှလုံးအိမ်ကို နွေးထွေးသွားစေသည်။ သူမ၏ချစ်စရာနှုတ်ခမ်းလေးများကို ငုံကာနမ်းရှိုက်ချင်စိတ်များ ပေါ်ပေါက်လာလျှင် သူမ၏ပါးပြင်လေးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ထားလိုက်ပြီး အကောင်ထည်ဖော်လိုက်သည်။ သူမလေးက ရင်ခွင်မှီအရပ်ဖြစ်သဖြင့် သူ့ဦးခေါင်းကို အောက်သို့နိမ့်ဆင်းကာ ဖြည်းဖြည်းချင်းငုံ့နမ်းနေသည်။
သူ့အမျိုးသမီးလေးကိုနမ်းနေစဥ်မှာ သူထိန်းချုပ်ထားလေ့ရှိသည့်ရမ္မက်ငွေ့များက ယခုအချိန်တွင် ပြင်းပြလာသည်။ သန်မာသည့်သူ့လက်များက သူမ၏ခါးသွယ်သွယ်လေးကနေ တရွေ့ရွေ့ဆင်းသက်လာကာ သူမ၏တင်ပါးလုံးလုံးလေးကို အလိုအလျောက် ဖျစ်ညှစ်နေမိသည်။ သူ့အသက်ရှုသံများကလည်း တိုးရာမှ ကျယ်လာသည်။ ရင်ဘတ်ချင်းထိကပ်ထားကြသဖြင့် သူ့အမျိုးသမီးလေး၏နှလုံးခုန်သံများကိုလည်း ခံစားမိနေ၏။
ထို့နောက် ဟင်းချက်ရမည်ကိုသတိရသွားပြီး အရှိန်လျော့လိုက်ကာ ရပ်တန့်လိုက်ရသည်။
" ကဲ ... ကလေးရေ၊ ကိုကို ဟင်းချက်အုံးမှာမို့လို့ စောင့်နေနော်၊ ကလေးဗ်ိုက်ဆာနေရောပေါ့ "
" ဒါဆို စောင့်နေမယ်နော် ... ဟင်းကိုသတိထားချက်နော် ကိုကို"
" အွန်း "
သိမ်မွေ့စံနွယ်လည်း နေဟန်မှိုင်း၏နှုတ်ခမ်းကို အနမ်းတစ်ချက်ပေးပြီးနောက် မီးဖိုချောင်ထဲကနေ ထွက်သွားတော့သည်။ သူလည်း ဟင်းချက်ဖို့ ပြင်ဆင်ခဲ့လျက်။
--------
လွန်ခဲ့သော အနှစ် ၂၀ ကျော် ....။
ည ၂ ချက်ထိုးဖြစ်သည်။ လမ်းသည် ခွေးဟောင်သံများဖြင့် ပြည့်နှက်နေသည်။ ကောင်လေးတစ်ယောက်၏လက်နှစ်ဖက်ထဲတွင် သူကိုင်ဆောင်လာသောဓာတ်ဆီပုံးထဲရှိ ဓာတ်ဆီစက်များက လမ်းမထက်တွင်တစ်စက်ချင်း စိမ့်ကျနေသည်။ အသိစိတ်ကင်းမဲ့နေပြီး သူ၏မျက်လုံးများက အိမ်တစ်အိမ်ဆီကိုသာ ခြေလှမ်းများဦးတည်နေခဲ့သည်။ သူ၏အပြုံးများက တစ္ဆေတစ်ကောင်ပြုံးထားသကဲ့သို့ ကြောက်စရာကောင်းနေသည်။
ခရီးဝေးကနေလာရသဖြင့် သူ့ခြေထောက်များက လေးလံနေ၏။ ဦးနှောက်က အသိစိတ်လွတ်ထွက်နေသော်လည်း သူ့ခြေလှမ်းများကမူ တက်ကြွနေခဲ့သည်။ ခြံဝင်းရှေ့တစ်ခုသို့ရောက်သောအခါ သူ့ခြေလှမ်းများ ရပ်ဆိုင်းသွားသည်။
ဒေါသအရှိန်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး အသားတဆတ်ဆတ်တုန်ယင်နေခဲ့ပြီး ခြံစည်းရိုးအတွင်းဘက်ကနေ ခတ်ထားသော သံချေးတက်နေသည့်သော့ခလောက်ကို မျက်လုံးပြူးလျက်ကြည့်နေ၏။ အသက်ကို ခပ်ပြင်းပြင်းရှူနေသည်။ အထဲက ထိုသော့ခလောက်ကို အပြင်ကနေတွန်းအားတစ်ခုဖြင့် ရိုက်ဖွင့်ရန်အတွက် ကြီးမားသည့်အစိုင်အခဲတစ်ခုလိုအပ်သည်ကို သူသိလျှင် မြေကြီးပေါ်ကို အကြည့်များရောက်ခဲ့သည်။
ထို့နောက် သူကိုင်ထားသောဓာတ်ဆီပုံးများကို ခဏချထားလိုက်ပြီး မြေကြီးပေါ်က ကျောက်ခဲကြီးကြီးတစ်ခုကို လက်နှစ်ဖက်ကိုင်လိုက်ပြီး အထဲကသော့ခလောက်ပြုတ်ကျစေရန် သူ၏ခွန်အားဖြင့် အသားကုန်ရိုက်ဖွင့်ခဲ့သည်။ လမ်းဘေးခွေးများကလည်း ဟောင်နေခဲ့သည်။ ၄ ကြိမ်မြောက်တွင် သံချေးတက်နေသည့်သော့ခလောက်က မြေပြင်ပေါ်ကို အရှိန်ဖြင့်ကျသွားသည်။ သူလည်း ဓာတ်ဆီပုံးများကို ပြန်သယ်လိုက်ပြီး ခြံထဲသို့ ဝင်ရောက်လာ၏။
ထို့နောက် အိမ်ပတ်ပတ်လည်ကို လိုက်လံကြည့်ရှုပြီးနောက် ထိုအိမ်၏ကားဂိုဒေါင်ထဲတွင်လည်း ဓာတ်ဆီအပြည့်ရှိနေသည့်ပုံးများကို တွေ့လိုက်ရလျှင် ထိုပုံးများကိုပါ သယ်ဆောင်လာခဲ့သည်။ ဤသို့ဖြင့် အိမ်ပတ်ပတ်လည်အား နေရာအနှံ့အပြားသို့ ဓာတ်ဆီများကို သင်္ကြန်ရေလောင်းသကဲ့သို့ လှောင်ရယ်ပြုံးလျက် ပက်ဖျန်းနေခဲ့သည်။ ကားဂိုဒေါင်တွင်လည်း ဓာတ်ဆီပုံးများကျန်ရှိနေသဖြင့် ကားဂိုဒေါင်ကိုပါ ဓာတ်ဆီများလောင်း၏။
ထို့နောက် သူ့ခြေလှမ်းများကို ၅ ပေအကွာထိ နောက်ဆုတ်လိုက်ပြီးနောက် သူ့ဘောင်းဘီအိတ်ကပ်ထဲက မီးခြစ်နှင့် ဖယောင်းတိုင်ကို ထုတ်လိုက်ကာ ဖယောင်းတိုင်ထွန်း၏။ နောက်ဆုံး၌ ဓာတ်ဆီများ စိုရွဲပြန့်ကျဲနေသောမြေကြီးပေါ်တွင် ဖယောင်းတိုင်ကို လွင့်ပစ်ခဲ့ပြီးနောက် အမြန်ထွက်ပြေးလာခဲ့သည်။
ခွေးဟောင်သံများက ပိုကျယ်လောင်လာလျက်။
သို့ဖြစ်လျှင် မီးများစတင်လောင်ကျွမ်းလာပြီး တစ်စစမီးလောင်ကျွမ်းသည့်အားက ပြင်းသည်ထက်ပြင်းလာ၏။ ကောင်ကလေးကတော့ အရူးတစ်ယောက်ကဲ့သို့ ပြေးလွှားခဲ့ပြီး လမ်းတစ်လျှောက်လုံးရယ်မောနေခဲ့သည်။
အိမ်ထဲ၌အိပ်မောကျနေသောမိသားစုများအတွက် သူတို့အိမ်မီးလောင်နေသည်ကို မသိနိုင်ခဲ့ပေ။ သို့သော် ဦးအေးဖေတစ်ယောက် ပူလောင်မှုကို ခံစားလာရလျှင် မျက်လုံးနှစ်လုံးပွင့်လာခဲ့သည်။ သူ့မျက်လုံးများ ပွင့်လျှင်ပွင့်ချင်း သူတွေ့လိုက်ရသည်မှာ ကုတင်ခြေရင်းက ကြီးမားသောမီးတောက်များပင်။ ဦးအေးဖေအနေဖြင့် အိမ်မက်ဆိုးမက်နေသည်ဟု ယူဆချင်သော်လည်း လက်တွေ့အမှန်တကယ်ဖြစ်နေခဲ့သည်ကိုသိရှိလျှင် သူ့ဘေးတွင် အိပ်နေသောမိန်းမဖြစ်သူကို အမြန်နိုးခဲ့သည်။
" မိန်းမ မိန်းမ ... မီး မီး "
" ဟင် ... ယောကျာ်းဘာဖြစ် "
" ငါတို့အိမ်မီးလောင်နေပြီ မိန်းမ ... ငါတို့ကိုမီးဝိုင်းနေပြီ"
" ဟင် "
မိန်းမဖြစ်သူလည်း ကုတင်ခြေရင်းကို ကြည့်လိုက်စဥ် အလွန်အမင်းတုန်လှုပ်သွားလျက်။
" အား ..... ကျွန်မတို့ကလေးတွေ .... ကျွန်မတို့ကလေးတွေကို ကယ်ရမယ် .... အား ကယ်ကြပါ ကယ်ကြပါအုံး .... သားတို့ .... သမီးတို့ .... "
မိန်းမဖြစ်သူမှာ ငယ်သံပါအောင် အော်ဟစ်နေခဲ့သည်။ လင်မယားနှစ်ယောက်လုံး သွေးရူးသွေးတန်းဖြစ်ကုန်ကြပြီး ကုတင်ပေါ်ကနေ အမြန်ဆင်းက ပြေးမည်ကြံစည်သော်လည်း မီးများက သူတို့နှစ်ယောက်ကိုပတ်ပတ်လည် တားဆီးထားကြသည်။
" အား .... ဘယ်လိုလုပ်ကြမလဲ .... ကျွန်မတို့ကလေးတွေ ... ကယ်ပါအုံး "
ဦးအေးဖေမှာ မိန်းမဖြစ်သူကို အမြန်ပွေ့ချီခဲ့ပြီး သူကိုယ့်ကို မီးလောင်ခံကာ အခန်းထဲကနေ အမြန်ထွက်ပြေးလာသည်။ မီးများက သူ့ကိုယ်လုံးတင်မက သူ့မိန်းမကိုယ်လုံးကိုယ်ပါ လောင်ကျွမ်းနေခဲ့သည်။
" အားးးးး ပူတယ် "
ဦးအေးဖေမှာ မီးလောင်ခံနေရသည့်အရှိန်ကြောင့် နာကျင်နေရသော်လည်း အဆက်မပြတ်အော်ဟစ်နေသောမိန်းမဖြစ်သူကို အတင်းပွေ့ချီထားပြီး သူ၏သားသမီးများရှိရာအခန်းများဘက်သို့ သွားရောက်ခဲ့ရာ ကယ်၍မရလောက်အောင် မီးလျံများက ပိတ်ဆို့တားဆီးထားကြသည်။ ထိုစဥ် ဦးအေးဖေ၏ဇနီးမှာ သတိလစ်သွားခဲ့သည်။
ဦးအေးဖေမှာ ထွက်ပေါက်ကို မီးများကြားထဲမှ အသည်းအသန်ရှာနေခဲ့ပြီး ရှင်သန်လွတ်မြောက်ရန် ကြိုးစားနေခဲ့၏။ သူ၏မျက်နှာအသားများ၊ လက်မောင်းသားတင်မက ခြေထောက်အသားများကပါ မီးတောက်များ၏ဝါးမျိုမှုများကြောင့် အရည်ပျော်ကျလာကာ ပျော့ရွဲကျလာသည်။ အပြင်းထန်ဆုံးဝေဒနာကိုအံတုကာ သူ၏ဇနီးနှင့်အတူ မီးလျှံများမရှိတော့သည့်နေရာဆီသို့ နောက်ဆုံး၌ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။
သို့သော်လည်း သူ၏ဇနီးမှာမူ သူ့ရင်ခွင်ထဲတွင် မေ့မျောသွားခဲ့သည်။ ရုပ်အဆင်းစုတ်ပြတ်နေကာ မီးလောင်နေသည့်သူ့ဇနီး၏ခန္ဓာကိုယ်နှင့်အတူ လွတ်မြောက်နိုင်ခဲ့သည်။ သူ နာကျင်စွာ အော်ဟစ်လိုက်၏။ ရေရှိရာနေရာကို ရှာဖွေခဲ့ပြီးနောက် နီးစပ်ရာချောင်းတစ်ခုထဲသို့ ခုန်ချခဲ့သည်။
သူ့ဇနီးဖြစ်သူသည် ဤလောကဓံအနိဌာရုံဆိုးကြီးကြောင့် စိတ်တုန်လှုပ်ခြောက်ခြားခဲ့သလို သူမသားသမီးဇောကြောင့် တုန်လှုပ်ခြောက်ခြားကာ သတိလစ်သွားခဲ့ခြင်းပင်။
ဤသို့ဖြင့် ဦးအေးဖေတစ်ယောက် ဇနီးဖြစ်သူနှင့်အတူ ချောင်းတစ်လျှောက်မျှောပါလာခဲ့ပြီး သူလည်းသေလုနီးပါးဖြစ်ကာ သတိမေ့သွား၏။ မနက်ဘက်သူနိုးလာလျှင် ငါးဖမ်းစက်လှေတစ်ခုပေါ်သို့ သူရောက်ရှိနေခဲ့သည်။ သူလန့်နိုးလာခဲ့ပြီး သူ့အနားဝိုင်းအုံနေသော စက်လှေပေါ်ကလူများကလည်း လန့်ဖျတ်သွားကြသည်။
" ငါ့မိန်းမရော ... ငါ့မိန်းမ ဘယ်မှာလဲ "
စက်လှေပေါ်က လူများကလည်း ရုပ်အဆင်းဆိုးဝါးနေသော ဦးအေးဖေ၏စူးစူးဝါးဝါးအသံကြောင့် ကြောက်ဒူးတုန်နေခဲ့ကြသည်။ ထို့နောက် ဦးအေးဖေမှာ အော်ဟစ်ငိုယိုနေလျှင် စက်လှေခေါင်းဆောင်က ရှေ့ထွက်လာပြီး သူ့အကြောင်းကိုသိနိုင်ရန် ချော့မော့ကာ မေးမြန်းခဲ့သော်လည်း ဦးအေးဖေတစ်ယောက် အသိစိတ်လွတ်ထွက်နေခဲ့၏။
ဤသို့ဖြင့် ဦးအေးဖေမှာ နယ်မြေအသစ်ရှိ အရူးထောင်တစ်ခု၌ အရူးဘဝနှင့် နှစ်ပေါင်းများစွာကြာအောင် နေခဲ့ရသည်။ သူပြုခဲ့သောအကုသိုလ်၏အကျိုးဆက်များစွာကို ဤဘဝတွင် အတုံ့အလှည့်အနေဖြင့် တန်ပြန်ခံစားလိုက်ရခြင်းဖြစ်ပေသည်။
သူ၏တူအရင်းဖြစ်သူ တေဇခသည် မိဘမဲ့ဖြစ်သွားသကဲ့သို့ သူသည်လည်း မိသားစုမဲ့သွား၏။ ဤသည်မှာ ဦးအေးဖေ၏အကျည်းတန်သော ဘဝဇာတ်ကြောင်းတစ်ခုဖြစ်ပေတကား။
• ────── ✾ ────── •