ရွှေဘုံဖျားမှာ အမြဲစံနန်းခဲ့ရတဲ့ရွှေမင်းသားလေးတစ်ပါးကနေ သူဖုန်းစားဘဝရောက်သွားနိုင်တဲ့ နေ့ချင်းညချင်းလောကကြီးပေါ့။ ဘယ်အရာမှမမြဲတဲ့ ဒီမျက်လှည့်လောကကြီးမှာ လူအများစုက ချီးတွင်းထဲပျော်နေကြတဲ့လောက်ကောင်တွေအတိုင်းပဲ။ မနာလိုမုန်းထားမှုတွေ၊ အပြိုင်အဆိုင်တွေ၊ အယောင်ဆောင်ပျော်ရွှင်မှုတွေစသဖြင့်လောဘ၊မောဟ၊ဒေါသတွေ အတောမသတ်နိုင်တဲ့ ဒီကမ္ဘာ....။
မွေးကတည်းက ရတနာစိန်ကျောက် ဇယ်တောက်ကစားလာခဲ့ရတဲ့မင်းသားလေးတစ်ပါးရှိတယ်။ သူ့နာမည်က တေဇောခလို့ အမည်တွင်သတဲ့။ မင်းသားလေးဖြတ်သန်းတဲ့နေ့ရင်တိုင်းက ရွှေရောင်လေးတွေ အမြဲလိုလိုလွှမ်းနေခဲ့တာပေါ့။ ဒီကမ္ဘာကြီးကို သူ့အနေနဲ့အကြင်နာတရားတွေပြည့်နေပြီး ကိုယ်ချင်းစာတရားတွေ၊ မေတ္တာတရားတွေနဲ့ပြည့်နေခဲ့တယ်လို့ အတွေးကောင်းလေးတွေ ဝင်ခဲ့ဖူးတယ်။
ပန်းခင်းလမ်းပေါ်အမြဲလျှောက်နေရတဲ့မင်းသားလေးကိုး။ သူ့အနေနဲ့ ကမ္ဘာကြီးကို ချစ်စရာကောင်းတယ်လို့ပဲ မြင်မိတာမဆန်းပါဘူး။
ဒါပေမဲ့ သူဘယ်တုန်းကမှ မမျှော်လင့်မိခဲ့ဘူး။ ရွှေဇွန်းငွေဇွန်းကိုင်နေရတဲ့လက်တွေကနေ သွေးစွန်းနေတဲ့လူသတ်လက်နက်တွေ ကိုင်ဆောင်ရလိမ့်မယ်မှန်းလေ။
သူချစ်တဲ့မိဘနှစ်ပါးကို သွေးရင်းဦးလေးကနေ ငှက်ကလေး၊ကြက်ကလေးလို ရက်ရက်စက်စက် သတ်ဖြတ်တဲ့မြင်ကွင်းကိုမြင်လိုက်ရပြီးနောက်မှာတော့ ရွှေမင်းသားလေးရဲ့အတွေးအမြင်အားလုံးက ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့တယ်။
ကမ္ဘာကြီးက ယုံကြည်စွာကျောခိုင်းထားတဲ့ ကိုယ့်နောက်ကျောကို သွေးရင်းသားရင်းတွေ၊ အယုံကြည်ရဆုံးသူစိမ်းတွေကနေ အချိန်မရွေးအလဲထိုးသတ်နိုင်တယ်ဆိုတာကို မင်းသားလေးတစ်ယောက်သိရှိသွားတယ်။
နန်းကျမင်းသားလေးဖြစ်သွားတဲ့ တေဇောခတစ်ယောက် လမ်းဘေးက သူများစွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်တွေကိုလည်း ပြေးတုန်းလွှားတုန်းမှာ အငမ်းမရစားခဲ့ရဖူးတယ်။ ဘာမှစားစရာမရှိလို့ လမ်းဘေးခွေးတွေနဲ့အတူ ဗိုက်မှောက်အိပ်ခဲ့ရသလို အဲဒီခွေးလေးတွေရှာပေးလာတဲ့အစာတွေကိုလည်း မျှစားရဖူးတယ်။
ဆိုင်တွေမှာရောင်းနေတဲ့ စားစရာတွေကို ခိုးယူမိလို့ ရဲစခန်းတွေလည်းရောက်ဖူးတဲ့အပြင် ဆိုင်ရှင်တွေရဲ့ရိုက်နှက်ဆုံးမတာတွေပါခံခဲ့ရတယ်။
ပေတီးပေစုတ်နဲ့ အမှိုက်ကောက်ပြီးလည်း ဝမ်းစာရှာခဲ့ရတယ်။ မိစုံဖစုံနဲ့ကျောင်းဝတ်စုံလေးတွေကိုမြင်တိုင်းလည်း လိုက်ငေးခဲ့ရဖူးတယ်။
အဲဒီအချိန်တွေတိုင်း အရာရာမှာဘက်စုံထူးချွန်ခဲ့တဲ့နန်းကျမင်းသားလေးခမျာ ငိုနေရှာခဲ့တယ်။
သူ့မိဘတွေကိုလွမ်းရင်း ...
ရွှေရောင်လွှမ်းခဲ့တဲ့နေ့ရက်တွေကို တမ်းတရင်း။
နောက်ဆုံးမှာ မင်းသားလေးတေဇောခလည်း ကမ္ဘာကြီးကိုမုန်းတီးမိလာတယ်။ ဒါကြောင့် အမည်နာမအသစ်နဲ့ ကမ္ဘာကြီးကို အမြဲမထီမဲ့မြင်ပြုပြီး လက်ခလယ်ထောင်နေခဲ့တယ်။
နေမင်းကြီးလို ဟန်ဆောင်ပြီး အရာရာကိုမီးခိုးမှိုင်းတိုက်မယ်။ ဒါ သူ့နာမည်ရဲ့အဓိပ္ပာယ်ပဲ။
-------------
သေရွာကပြန်ရှင်လာသည်ဆိုသော သူ့ဦးလေးဖြစ်သူကြောင့် နေဟန်မှိုင်းအတွက် ခေါင်းရှုပ်စရာပဟေဠိတစ်ပုဒ်ဖြစ်နေခဲ့သည်မှာ တစ်ပတ်ကြာမြင့်ခဲ့လေပြီ။ ထိုအတောအတွင်း စားဖိုမှူးသင်တန်းတွင်လည်း အာရုံမစိုက်နိုင်သကဲ့သို့ သိမ်မွေ့စံနွယ်ကိုလည်း ဂရုမစိုက်နိုင်ဘဲ ဥပေက္ခာပြုထားမိသည်။
သူ့ခေါင်းထဲတွင် ထိုသေရွာပြန်လူသတ်သမားအကြောင်းသာ အချိန်တိုင်းအတွေးဝင်နေခဲ့ရင်း ငယ်ဘဝကအဖြစ်အပျက်အားလုံးကို အချိန်တိုင်းပြန်မြင်နေမိသည်။ ထို့အပြင် ညတိုင်းညတိုင်းလည်း အိမ်မက်ဆိုးများ ပြန်ပြန်မက်နေပြီး ကာလအတော်ကြာအောင်ဖြတ်ထားသော စိတ်ကျန်းမာရေးဆရာဝန်များညွှန်ကြားထားသည့် စိတ်ငြိမ်ဆေးများ၊ အိပ်ဆေးများကိုပါ ပြန်လည်သောက်နေရသည်။
သိမ်မွေ့စံနွယ်ကိုလည်း မထီမဲ့မြင်ပြုမူနေတတ်ပြီး သူမကိုတစ်ခါမှမအော်စဖူး အော်ဟစ်လာသည်။ တစ်ချိန်က သူမအပေါ်အလွန်စိတ်ရှည်ကာ ယုယကြင်နာလွန်းသော ချစ်ရသူအမျိုးသားလေးမှာ ဤကဲ့သို့ သူမနှလုံးသားကို နာကျင်အောင်လုပ်နေသည့်အတွက် အကြောင်းအရင်းကိုသိလိုစိတ်ဖြင့် နေဟန်မှိုင်းကို ချောတစ်လှည့်၊ ခြောက်တစ်လှည့် မေးမြန်းခဲ့သော်လည်း အချည်းနှီးသာ။
သိမ်မွေ့စံနွယ်လည်း ဤအကြောင်းတရားများကြောင့် ကျန်းမာရေးပြန်လည်ဆိုးရွားစပြုလာသည်။ နေဟန်မှိုင်း ယခုကဲ့သို့ဖြစ်နေသည်ကို သူမအလွန်နားလည်ရခက်ပါသည်။ နေဟန်မှိုင်းက တနေ့ထက်တနေ့ စိတ်အကဲဆတ်လာသည်ကို သူမကြောက်မိလာသည်။
နှစ်ပတ်ကျော်လာပြီးနောက် နေဟန်မှိုင်းမှာ ဆေးလိပ်နှင့်အရက်သေစာများကို ပြန်လည်သောက်သုံးလာလျှင် သိမ်မွေ့စံနွယ်မှာ တားမြစ်ချင်သော်လည်း သူမအားရန်လုပ်လေမလားဟု တွေးကာကြောက်မိနေသည်။
သိမ်မွေ့စံနွယ်မှာ သူမစိတ်အားငယ်နေသည့်အချိန်တိုင်း သူငယ်ချင်းဖြစ်သူ လတ်လတ်မွန်နှင့် အပြင်သွားကာ အချိန်ကုန်နေခဲ့သည်။ သို့သော်လည်း သူမအနေဖြင့် တစ်စက်ကလေးမှ မပျော်နိုင်ပေ။
ဖုန်းရိုက်ခွဲပြီးနောက်ပိုင်း နေဟန်မှိုင်းက တစ်ခြားလူတစ်ယောက်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည့်အချိန်မှစ၍ သူမကိုပွေ့ဖက်ခြင်းများလည်းမလုပ်တော့သလို သူမဘက်က စတင်နမ်းရှုတ်လျှင်လည်း မျက်နှာလွှဲနေခဲ့၏။
တစ်ချိန်တစ်ခါက နေဟန်မှိုင်းပြောခဲ့ဖူးသော စကားအရ သူသည်စိတ်ရောဂါဖောက်လာလျှင် အတော်ဆိုးသည်ဟူ၍ပြောခဲ့ဖူးသည်။ ရောဂါဖောက်ပါက သူ၏ dark side (အမှောင်ခြမ်း)သည် မယုံနိုင်လောက်အောင် အလွန်ကြောက်စရာကောင်းကြောင်း သူမကိုပြောထားခဲ့သည်။ ထိုစဉ်က သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်းပုံပြင်ပြောသည်ဟူ၍သာ ပေါ့ပြက်ပြက်ယုံထားမိသည်။
ယခုတွင်မူ သိမ်မွေ့စံနွယ်လည်း သူ၏dark side များကို မျက်ဝါးထင်ထင်တွေ့မြင်နေရရင်း အမြဲတမ်းလို စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာပင်။
လူတစ်ယောက်ကို အမှန်တကယ်ချစ်သည်ဆိုလျှင် ထိုလူ၏ကောင်းခြင်း ' light side' နှင့် မကောင်းခြင်း ' dark side ' များအားလုံးကို သဘောထားကြီးစွာ နားလည်လက်ခံပေးနိုင်ရမည်။ သိမ်မွေ့စံနွယ်လည်း နေဟန်မှိုင်း၏ယခုမကောင်းဆိုးဝါးပုံစံကို သဘောထားကြီးစွာ နားလည်လက်ခံပေးဖို့ကြိုးစားတိုင်း မအောင်မြင်ခဲ့ပေ။ သူမကိုယ်တိုင်ပါ ရူးချင်လာသည်။ စိတ်ကျန်းမာရေးဆရာဝန်များ၊ therapist များအပြင် ရင်ဖွင့်တိုင်ဖွင့်ဆွေးနွေးပေးသော counsellor များ၏အကူအညီအစုံယူရဖို့ လက်တစ်ကမ်းအလိုသာ။
ယနေ့ညတွင်လည်း နေဟန်မှိုင်းက ဝရန်တာမှာ ဆေးလိပ်အချောင်း၂၀ လောက်ဖွာနေရင်း အရက်သောက်နေခဲ့သည်။ အထီးကျန်ဆန်နေသော သိမ်မွေ့စံနွယ်ခမျာ မျက်နှာညိုးငယ်စွာဖြင့် ဝရန်တာအပြင်ဘက်ကို ထွက်လာသည်။ နေဟန်မှိုင်းမှာ သူမထွက်လာသည်ကိုတောင် သတိမထားမိပေ။
သိမ်မွေ့စံနွယ်မှာ သူ့ကိုမြူဆွယ်နိုင်လျှင် ယခင်ကဲ့သို့ပြန်လည်နေနိုင်မည်အထင်နှင့် မဝတ်စဖူး ညဝတ်အင်္ကျီအမျိုးအစားဖြစ်သည့် lingerie ဟူသော ကိုယ်အသားဖော်ထားသည့် မလုံ့တလုံ အနက်ရောင် sexy night dress လေးကို ဝတ်ဆင်ထားခဲ့သည်။ နေဟန်မှိုင်းက ထို lingerie မျိုးစုံကို ဝယ်ပေးထားခဲ့သော်လည်း သိမ်မွေ့စံနွယ်မှာ ရှက်ကြောက်မိသဖြင့် မဝတ်ရဲခဲ့ပေ။ သို့သော် ယနေ့ညတွင် နေဟန်မှိုင်းကို မြူဆွယ်ချင်သည့်အတွက် အရဲစွန့်ဝတ်ဆင်ထားခြင်းသာ။
အနက်ရောင်ဇာ lingerie က သူမ၏သဲနာရီနှင့်တူသောခန္ဓာကိုယ်ကောက်ကြောင်းအလှကို အစွမ်းကုန် ပံ့ပိုးဖော်ကျူးပေးထားသည်။ ရင်ညွန့်အမြှောင်းလေးက အထင်းသာပေါ်နေကာ လုံးဝန်းသောရင်သားလေးက စွဲမက်ဖွယ်အပြည့်ရှိနေသည်။ သို့သော် နေဟန်မှိုင်းက ဆေးလိပ်ငွေ့တထောင်းထောင်းနှင့် ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေ၏။
သိမ်မွေ့စံနွယ်မှာ သူသတိထားမိအောင် ချောင်း ၃ ချက်လောက်ဟန့်လိုက်လျှင် နေဟန်မှိုင်းက သူမကိုမျက်စောင်းတစ်ချက်ထိုးကြည့်ပြီးနောက် အကြည့်တစ်ချက်လွှဲသွားသည်။
သိမ်မွေ့စံနွယ်မှာ သူ၏အပြုအမူကြောင့် စိတ်မကောင်းဖြစ်မိသလို အနည်းငယ်စိတ်တိုမိသည်။ စိတ်ရောဂါမဖောက်နေဘဲ ပုံမှန်အချိန်သာဆိုလျှင် သူမ lingerie ဝတ်ထားသည်ကိုမြင်ပါက ဤအရူးကောင်ကြီးမှာ ထခုန်နေပေလိမ့်မည်။ ယခုတွင် သူမခန္ဓာကိုယ်ကိုစိုက်ကြည့်သည့်အချိန်မှာ ၅ စက္ကန့်တောင်မပြည့်ခဲ့ပေ။ သိမ်မွေ့စံနွယ်လည်း အနည်းငယ်စိတ်ပျက်မိပြီး နေဟန်မှိုင်းသောက်နေသည့်အရက်ခွက်ကိုယူကာ မော့ချလိုက်သည်။
နေဟန်မှိုင်းလည်း သတိဝင်လာပြီး သူမကိုကြည့်မိသည်။ အရက်အရသာက ပြင်းရှရှနှင့် လည်ချောင်းထဲသို့ရောက်လျှင် ပူရှိန်းသွားသည်။ သိမ်မွေ့စံနွယ်မှာ တစ်ခွက်မော့ချပြီးနောက် ဖန်ခွက်ထဲသို့ အရက်ပုလင်းငဲ့ထည့်ကာ နောက်တစ်ခွက်ထပ်မော့သည်။
" ဘာဖြစ်လို့အရက်တွေသောက်နေတာလဲ "
နေဟန်မှိုင်းက သူမကိုစူးစိုက်ကြည့်ပြီး မေးလာလျှင် သိမ်မွေ့စံနွယ်က ရယ်နေခဲ့သည်။
" ကိုကို့ကြောင့် အသည်းကွဲနေလို့လေ "
သူမက ရိသဲ့သဲ့ပြန်ဖြေလျှင် နေဟန်မှိုင်းမှာ မျက်မှောင်ကြုတ်သွားသည်။ သိမ်မွေ့စံနွယ်မှာ တတိယမြောက်တစ်ခွက်ကို ထပ်သောက်ပြီးသည့်အခါ အရက်ပေကျံနေသော သူမနှုတ်ခမ်းကို လက်ဖမိုးဖြင့် တစ်ဇောင်းသုတ်လိုက်ပြီးနောက် နေဟန်မှိုင်း၏မျက်လုံးများကို သေချာစူးစိုက်ကြည့်နေသည်။
" ကိုကိုက မွေ့ကိုတောင်စိတ်ထဲမရှိနေတော့တာ ... အမြဲတမ်း မွေ့လေး မွေ့လေးနဲ့သည်းသည်းလှုပ်နေတဲ့လူက ဘာအကြောင်းကြောင့် ခုလိုတွေချေနေရတာလဲ မစဉ်းစားတတ်တော့ဘူး ... ကျွန်မသောက်သည်းကွဲနေတယ် ဦးနေဟန်မှိုင်းရဲ့၊ ရှင်ကျွန်မကို အထီးကျန်ဆန်အောင်လုပ်ပြီး မသာပေါ်စေချင်နေတာလား ဦးနေဟန်မှိုင်း "
သိမ်မွေ့စံနွယ်မှာ နှလုံးအိမ်ထဲမှာ ပူဆွေးနေရင်း နာကျင်မှုများနှင့်အတူ မျက်ရည်ဖြိုင်လာသည်။ နေဟန်မှိုင်းမှာ သူမငိုနေသည်ကိုတွေ့သော်လည်း ဘာမှမလုပ်သလို ခွန်းတုံ့လည်းမပြန်ခဲ့ပေ။
ဤသည်က သိမ်မွေ့စံနွယ်၏နှလုံးအိမ်ကို သံပူရည်လောင်းချနေသကဲ့သို့ အလွန်ပူပြင်းစေသည်။ ယခင်က သိမ်မွေ့စံနွယ်ငိုလျှင် ချက်ချင်းအနမ်းပေးကာ ချော့မြူတတ်သောထိုလူကြီးက ယခုတွင် နှလုံးသားမရှိသောကျောက်ရုပ်ပမာ။
သိမ်မွေ့စံနွယ်လည်း နေဟန်မှိုင်းကို စိတ်ပျက်လက်ပျက်နှင့် ပင့်သက်ရှိုက်လိုက်ပြီးနောက် အရက်ခွက်နှင့်အရက်ပုလင်းကို ဆတ်ခနဲကောက်ယူလိုက်သည်။ ထို့နောက် မျက်ရည်စီးကြောင်းများဖြင့် နေဟန်မှိုင်းကို နာကျင်၍ဝမ်းနည်းနေသောအကြည့်များဖြင့် မျက်တောင်မခတ်တမ်းကြည့်နေမိသည်။
" ကျွန်မက ဦးနေဟန်မှိုင်းအတွက် ကိုယ်ပျောက်လူသားဖြစ်နေခဲ့တာပဲ ... ကျွန်မက ဦးနေဟန်မှိုင်းအတွက် သေလူဖြစ်နေပြီပေါ့နော်၊ ရှင့်လိုနားလည်ရခက်တဲ့အရူးနဲ့နေရတာ ကျွန်မပါရူးချင်လာတယ် သိလား၊ မဟုတ်ဘူး ခုတောင်ရူးနေပြီ .... မနက်ဖြန်ကစပြီး ရှင့်ဘဝထဲမှာ ကျွန်မရှိနေတော့မှာ မဟုတ်ဘူး ဦးနေဟန်မှိုင်း ... "
သိမ်မွေ့စံနွယ်မှာ စကားအကုန်ပြောပြီးချက်ချင်းပင် အရက်ခွက်နှင့်အရက်ပုလင်းကို ပွေ့ပိုက်ကာ ဝရန်နာကနေ ရေချိုးခန်းအတွင်းသို့ ဦးတည်သွားသည်။ ကျောက်ရုပ်ပမာ မလှုပ်မယှက်ထိုင်နေခဲ့သော နေဟန်မှိုင်းလည်း ၁၀ မိနစ်အကြာတွင် ချက်ချင်းမတ်တပ်ထရပ်ပြီး သိမ်မွေ့စံနွယ်နောက်သို့ လိုက်လာသည်။ သိမ်မွေ့စံနွယ်က ရေချိုးခန်းထဲက ရေချိုးကန်ဘောင်ပေါ်တွင် အရက်ပုလင်းနှင့်ခွက်ကိုထားခဲ့ပြီးလျှင် မီးဖိုချောင်ထဲသို့ အမြန်ဝင်သွားကာ ချွန်ထက်သည့်ဓားတစ်ချောင်းကို ဆွဲယူခဲ့သည်။ ထို့နောက် ရေချိုးခန်းထဲသို့ ဓားနှင့်အတူ လာခဲ့သည်။
နေဟန်မှိုင်းက မလှမ်းမကမ်းကနေ သူမကိုဓားနှင့်အတူမြင်လိုက်လျှင် မျက်လုံးပြူးသွားသည်။
" မွေ့ "
သူအော်ခေါ်လိုက်လျှင် သိမ်မွေ့စံနွယ်က သူ့ကိုမျက်စောင်းတစ်ချက်ထိုးပြီး ရေချိုးခန်းထဲသို့ အမြန်ဝင်သွား၏။ အခန်းတံခါးကို လော့အသေချခဲ့သည်။ ထို့နောက် ရေချိုးကန် bathtub ထဲသို့ ရေများဖွင့်ကာ ထိုင်ချလိုက်သည်။
နေဟန်မှိုင်းမှာ ရေချိုးခန်းရှေ့ကို အမှီရောက်လာခဲ့ပြီး တံခါးအားအမြန်ဆွဲဖွင့်ခဲ့သည်။ သိမ်မွေ့စံနွယ်မှာ အရက်ကိုကြိုက်၍မဟုတ်။ ရင်ထဲတွင် နာကျင်နေ၍သာ အရက်တစ်ခွက်ပြီး သောက်နေကာ bathtub ထဲတွင် ငိုယိုနေခဲ့သည်။
နေဟန်မှိုင်းမှာ သိမ်မွေ့စံနွယ်၏ဖြစ်တည်မှုကို အတော်ကြာမေ့လျော့နေခဲ့ရာမှ သတိပြန်ဝင်လာခဲ့ကာ ရေချိုးခန်းတံခါးကို တဒုန်းဒုန်းထုရိုက်နေသည်။
" သဲတုန် ... ဘာမှလျှောက်မလုပ်ပါနဲ့၊ ကိုကိုတောင်းပန်ပါတယ် ... သဲတုန် တံခါးဖွင့်လိုက်နော်၊ ကိုကိုတို့စကားပြန်ပြောကြမယ်လေ၊ သဲတုန် ... သဲတုန် "
နေဟန်မှိုင်းမှာ ရင်ထဲတွင် ရိုလာကိုစတာအစင်းတစ်ရာဖြတ်မောင်းခံနေရသကဲ့သို့ အတွင်းထဲကနှလုံးမှာ တဒိန်းဒိန်းဖြင့် ခုန်နှုန်းမြန်လာသည်။ ထိုစဉ် စိတ်လွတ်ထွက်နေသော သိမ်မွေ့စံတစ်ယောက် သူမ၏ဘယ်ဘက်လက်က လွတ်လပ်နေသည့်အသားနေရာများကို ဓားဖြင့် စိတ်ကြိုက် တစ်ချက်ချင်းမွှန်းနေခဲ့သည်။ ဤလုပ်ရပ်က ရူးကြောင်ကြောင်နိုင်ပေသည်။ သို့သော် ရင်ထဲက မြိုသိပ်နာကျင်နေရသော အစိုင်အခဲများပြေလျော့ရန် အကောင်းဆုံးနည်းလမ်းတစ်ခုပင်။ ဓားမွှန်းရာတစ်ချက်ချင်းစီတိုင်းက သူမနာကျင်နေရသည့်ခေါင်းစဉ်တစ်ခုစီတိုင်းကို ကိုယ်စားပြုသည်။
သွေးကြောနားကိုမထိနေသော်လည်း ဓားမွှန်းရာများက ယခုတွင် မွှန်းရာ ၆ ခုမျှ ရှိလေပြီ။
နေဟန်မှိုင်းမှာ နောက်ဖေးမီးဖိုချောင်၏အံဆွဲကနေ ရေချိုးခန်းတံခါးသော့ကို ပျာပျာသလဲ အမြန်ရှာဖွေနေခဲ့သည်။ သော့ရှာတွေ့လျှင် တံခါးကိုအမြန်ဆုံးဖွင့်ချလိုက်ကာ သိမ်မွေ့စံနွယ်အနားကို ရောက်လာခဲ့သည်။ လက်ကိုဓားစိမ်ပြေနပြေမွှန်းနေသော သိမ်မွေ့စံနွယ်ကိုမြင်လျှင် ခေါင်းနပန်းကြီးသွားကာ သူမလက်ထဲက ဓားကိုအတင်းလုယူခဲ့သည်။
" သဲတုန် ... စိတ်လျော့ပါ၊ မလုပ်ရဘူး၊ ကိုကို့ကို ဓားပေး "
" ခုမှ စိတ်ပူပေးနေတာလား ဦးနေဟန်မှိုင်း "
သိမ်မွေ့စံနွယ်က ခနဲ့စွာ မေးမြန်းခဲ့လျှင် နေဟန်မှိုင်းမှာ မျက်နှာဖရုံစေ့လောက်သာကျန်တောါသည်။
" ကိုကို့ကိုစိတ်ဆိုးရင် ကိုကို့လက်ကိုပဲ ကလေးစိတ်ကြိုက်မွှန်းပစ် ... ဓားကိုလွှတ်လိုက်ပါ သဲတုန်ရယ်၊ မလုပ်ပါနဲ့၊ ကိုကို သဲတုန်ဖြစ်စေချင်သလို ပြန်နေပေးပါ့မယ်နော်၊ ဒီလိုတွေမလုပ်ပါနဲ့၊ ကိုကို ဒီရက်တွေ ပုံမှန်မဟုတ်နေခဲ့လို့ တောင်းပန်ပါတယ်၊ သဲတုန်ကို မချစ်လို့မဟုတ်ဘူး၊ ကိုကိုတောင်းပန်ပါတယ်၊ ကိုကို့ကိုပဲ ဓားနဲ့မွှန်းလိုက်ပါကွာ "
နေဟန်မှိုင်းမှာ သူမလက်ထဲက ဓားကိုအတင်းလုယူခဲ့ပြီးနောက် ကြမ်းပြင်ပေါ်တွင် ပစ်ချခဲ့သည်။ သွေးစီးကျနေသော သူမလက်ကလေးကို စိုးရိမ်တကြီးကိုင်ခဲ့ပြီး သူငိုနေမိသည်။ သိမ်မွေ့စံနွယ်လည်း ရင်ထဲကအနာကြောင့်သာမကာ လက်ကဒဏ်ရာများကြောင့်ပါ တမြေ့မြေ့နာကျင်နေရသဖြင့် ရှိုက်ငင်ကာ ငိုနေခဲ့သည်။
" ပြဿနာရှိရင် ဖွင့်ပြောလို့ရတာကို ... ဘာမှလည်းမပြောဘူး၊ လူကိုသေချာလည်း ဂရုမစိုက်ဘူး၊ တစ်ယောက်တည်း ပစ်ပယ်ခံနေရတယ် အီးဟီး ... ချီးပဲ ... ဘယ်လိုအရူးကြီးလဲမသိဘူး၊ ချစ်နေတာကနေ မုန်းချင်လာအောင်လုပ်တယ်၊ စိတ်တိုလွန်းလို့ ဒီထက်ပိုဆဲချင်တယ် မဆဲရက်လို့သာ ... အီးဟီး"
သူမတစ်ကိုယ်လုံး ရေများစိုရွဲနေလျက် ငိုထားသည်မှာ မျက်လုံးလေးများသာမကာ နှာခေါင်းလေးပါ နီမြန်းနေသည်ကို နေဟန်မှိုင်းမြင်လျှင် လွန်စွာစိတ်မကောင်းဖြစ်မိပြီး သူ့အပြစ်ကိုလည်း သူသိသည်။
" ကိုကို့ကို ပြီးရင်ကြိုက်သလောက်ဆဲ .... ခုတော့ ကိုကို ဆေးထည့်ပေးမယ်နော် "
" မထည့်ပေးနဲ့ ... သေသွားလည်း အေးတာပဲ၊ သူစိတ်ဖောက်ရင် လူကိုပြန်ပစ်ထားအုံးမှာမလား၊ ထွက်သွား "
သိမ်မွေ့စံနွယ်မှာ အရက်ရှိန်ကြောင့် နေဟန်မှိုင်းကို ရင့်ရင့်သီးသီးပြောနေမိသည်။ သူမအနေဖြင့် သူ့အပေါ်အမြဲတမ်း ယဉ်ကျေးသော၊ ကြင်နာယုယသော စကားချိုချိုကလေးများသာ ပြောတတ်ခဲ့သော်လည်း ယခုတွင် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဤသို့ဖြစ်ရသည်မှာလည်း နေဟန်မှိုင်းကြောင့်သာ။
" သဲတုန်ရယ် ... "
" မသဲတုန်နဲ့ ... မုန်းတယ် "
" အွန်းပါ ... ကိုကိုမကောင်းဘူး၊ မုန်းသင့်တယ်၊ ခုတော့ ကိုကို့သဲတုန်လေး ကိုကို့ကိုဆက်မုန်းနိုင်ဖို့ နေကောင်းမှဖြစ်မယ်လေ၊ အအေးပက်ပြီး ဖျားနေမယ်၊ ဒီမှာလည်း သွေးတွေအများကြီးထွက်နေပြီ၊ သဲတုန် မနာဘူးလားလို့ "
" နာတာပေါ့ အရူးကြီးရဲ့ ... ဒါပေမဲ့ ရှင် ကျွန်မကို သေလူလိုပစ်ထားထားတာ ပိုနာတယ်၊ ကျွန်မ အသည်းတွေကွဲနေခဲ့တာကြာခဲ့ပြီ ဦးနေဟန်မှိုင်းကြောင့် "
" သဲတုန်လေး ကွဲထားသမျှအသည်းအစအနအားလုံးကို ကိုကိုပြန်ဆက်ပေးမယ် "
" ဘယ်လိုပြန်ဆက်ပေးမှာလဲ "
ဘယ်လိုပြန်ဆက်ပေးမှာလဲဆိုသော သူမ၏စကားအဆုံးတွင် နေဟန်မှိုင်းက သူမ၏နူးအိအိနှုတ်ခမ်းလေးများကို ဖြည်းဖြည်းချင်း စုပ်ယူငုံထွေးလာသည်။ သူ့မျက်ဝန်းများထဲက မျက်ရည်စီးကြောင်းများကို သူမမြင်နေရသည်။ သူ့မျက်ဝန်းများက သူမကိုအကြိမ်ကြိမ်တောင်းပန်နေသည်ဟု သူမစိတ်နှလုံးသားက အလိုအလျောက်ခံစားနေမိသည်။ သူ့ကိုဒေါသထွက်နေခဲ့သော်လည်း ယခုကဲ့သို့ သူငိုနေသည်ကိုမြင်ရလျှင် သနားမိလာသည်။
သူမ၏ကြင်နာသူအမျိုးသားလေးကို ရင်နှင့်အမျှ ချစ်ရပါသည်။ ဤအမျိုးသားလေး၏ကောင်းခြင်း၊ဆိုးခြင်းကို သူမဘက်က တကယ်ကြီးနားလည်လက်ခံပေးနိုင်သည်ဟု ထင်မိခဲ့သည်။ သို့သော် သူမဘက်က နားလည်ပေးနိုင်ရန် အများကြီးလိုအပ်နေသေးသည်ဟု ဤနမ်းရှိုက်မှုအတွင်း တွေးတောနေရင်း သူမ၏လိုအပ်ချက်များကို ပိုမြင်လာခဲ့သည်။
ကန်ထဲရှိရေများကြောင့် သူမခန္ဓာကိုယ်က အေးလာသလို ယမကာအရှိန်ကြောင့်လည်း မျက်လုံးများလေးလံလာသည်။ လက်ကဒဏ်ရာများကလည်း စပ်ဖျဉ်းဖျဉ်းဖြစ်နေသည်။ ၁၅ မိနစ်ကြာ နမ်းရှိုက်မှုအပြီးတွင် နေဟန်မှိုင်းက ကန်ထဲကနေ သူမကိုယ်လုံးလေးကို ပွေ့ချီလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် မတ်တပ်ရပ်စေသည်။
" မွေ့လေး ခုအဝတ်ကို ချွတ်လိုက်နော် ... ပြီးရင်ဒီတဘက်ကလေးပတ်ထားနော် ... ကိုကို နံရံကိုကျောပေးနေမယ် "
" ဟင့်အင်း ... အပြစ်လုပ်ထားတဲ့လူက အကုန်ချွတ်ပေးသင့်တယ်မဟုတ်ဘူးလား "
ထိုစကားကြောင့် နေဟန်မှိုင်းက ပြုံးယောင်သမ်းသွားသည်။ သိမ်မွေ့စံနွယ်၏ကော့ညွတ်နေသော မျက်တောင်ရှည်များတွင် ရေစက်ကလေးများ စီးကျနေသည်။ မျက်ရည်နှင့်ရေများ ရောယှက်နေသော နီရဲရဲမျက်ဝန်းကလေးများဖြင့် နေဟန်မှိုင်း၏မျက်နှာချောချောလေးကို သေချာငေးကြည့်နေခဲ့သည်။
" သဲတုန်က ချွတ်ပေးခွင့်ပြုရင် ကိုကိုကချွတ်ပေးဖို့ အသင့်ပါပဲ "
သူမ၏ရေစိုနေသော ကြိုးတစ်လုံး အနက်ရောင် Lingerie ဇာဂါဝန်လေးကို ချွတ်ပေးဖို့ပြင်သည်။ သူမပခုံးနှစ်ဖက်တွင်တင်နေသော ကြိုးလေးများကို နေဟန်မှိုင်း၏လက်ချောင်းများက ဖြည်းဖြည်းချင်း အောက်ခြေသို့ လျှောချပေးနေသည်။ ဤသို့ဖြင့် အဝတ်သည် ရေချိုးခန်းကြမ်းပြင်သို့ ပုံလျက်သား ကျသွားသည်။
ယခုတွင်မူ လိမ္မော်နုရောင်ဘရာစီယာနှင့်အတွင်းခံကို ချွတ်ပေးရမည့်အလှည့်ဖြစ်သည်။ နေဟန်မှိုင်း၏မျက်နှာမှာ သူမလေးကိုကြည့်ရင်း ပြုံးသည်ထက် ပို၍ပြုံးလာသည်။
ရေစိုနေသော ရွှေရောင်ဆံကေသာမှာ သူမ၏ရင်ဘတ်ပေါ်တွင် ကပိုကရိုလေးဆင်းကျကာ ကပ်နေခဲ့သည့်ပုံစံက သူ့အတွက်ရင်ဖိုစရာ။ ရေစိုနေသောသူမ၏ခန္ဓာကိုယ်အလှတရားက ပင်လယ်ထဲက နတ်သမီးတစ်ပါးကဲ့သို့ ဆွဲဆောင်ငြို့ယူထားနိုင်သည်။
နေဟန်မှိုင်း၏လက်နှစ်ဖက်က သူမ၏ကျောနောက်ကိုရောက်သွားပြီး ဘော်လီချိတ်များကို တစ်ဆင့်ချင်းဖြုတ်ခဲ့သည်။ ထို့နောက် သူမကိုယ်လုံးကို တဘက်ဖြင့်ပတ်ပေးလိုက်ကာ ဘော်လီနှင့် အတွင်းခံကို ပညာသားပါပါ ချွတ်ချပေးခဲ့သည်။
( ဘာတွေမျှော်လင့်နေတာလဲ :3)
ထို့နောက် သူမကိုယ်လုံးလေးကို အိပ်ခန်းထဲက ကုတင်ပေါ်သို့ ပွေ့ချီသွားကာ အိပ်ခန်းထဲက မျက်နှာသုတ်ပဝါအကြီးနှစ်ထည်ဖြင့် သူမလေးကို ခေါင်းကနေ ခြေဖျားအဆုံး ရေသေချာသုတ်ပေးခဲ့သည်။ ထို့နောက် သွေးထွက်နေဆဲဖြစ်သော သူမလေး၏လက်က ဒဏ်ရာများကို ဆေးသေတ္တာထဲက ဆေးပုလင်းများ၊ ပတ်တီးများထုတ်ကာ ဒဏ်ရာတစ်ဝိုက်ကို ပိုးသတ်ပေးပြီး ဆေးထည့်ပေးသည်။ ဂွမ်းပါးပါးပေါ်တွက် ပတ်တီးပါးပါးလေးဖြင့် အုပ်ပေးထားခဲ့သည်။
ထို့နောက် အဝတ်ဗီဒိုထဲကနေ သူမအတွက် ညအိပ်ဝတ်စုံတစ်စုံထုတ်ပေးခဲ့လျှင် သိမ်မွေ့စံနွယ်က ထိုဝတ်စုံကိုလက်ဖြင့် တွန်းဖယ်လိုက်သည်။
" ဘာလို့လဲ သဲတုန် ... "
" ကိုကို ဝယ်ပေးထားတဲ့ lingerie တွေထဲက တစ်စုံထပ်ထုတ်ပေး ... အမြဲတမ်းဝတ်စေချင်ခဲ့တာမလား "
" အဲဒါတော့ဟုတ်တယ်လေ ... ခုက သဲတုန်လေးအအေးပက်နေမှာစိုးလို့ "
" အအေးမပက်အောင် ဖက်ပေးထားရင် ဘာမှမဖြစ်ဘူး၊ ပစ်ထားသလောက်အတိုင်းအတာနဲ့ညီမျှအောက်သာ ကိုကိုဖက်ပေးပြီး အတူတူအိပ်ပေးမယ်ဆိုရင် မွေ့နေမကောင်းဖြစ်ဘူး"
" အွန်းပါ အချစ်လေးရယ် "
သူ့အားကလေးတစ်ယောက်ကဲ့သို့ ချွဲနွဲ့နေသောသူမလေး၏နဖူးလေးကို ကြင်နာစွာ နမ်းရှိုက်ခဲ့ပြီး သူမကိုယ်လုံးလေးကို တင်းကျပ်စွာဖက်ပေးထားလိုက်သည်။ သူမကိုယ်လုံးက တဘက်တစ်ဝက်ပတ်ထားသဖြင့် ကျောပြင်ကပြောင်ရှင်းနေသည်။ နေဟန်မှိုင်း၏လက်များက အေးစိမ့်နေသည့်သူမကျောပြင်ဖွေးဖွေးလေးကို ပွတ်သပ်နေခဲ့သည်။
" ကိုကိုတောင်းပန်ပါတယ် "
" သဲတုန် ခွင့်လွှတ်ပေးတယ် ... ဘယ်ကိစ္စမဆို တစ်ယောက်ထဲမခံစားဘဲ သေချာပြောပြပေးရင် ကိုကို့ကို ပိုခွင့်လွှတ်နိုင်တယ် "
" အွန်း ... "
" မွေ့လေးကို ချစ်တယ်မလား "
" ချစ်တယ် "
" ချစ်ရင် စိတ်ဘယ်လောက်ဖောက်ဖောက် မပစ်ထားပါဘူးလို့ ကတိပေးလား"
" အွန်း ကိုကိုကတိပေးတယ်၊ သဲတုန်လည်း လက်ကိုဘယ်တော့မှ ဓားမမွှန်းပါဘူးလို့ ပြန်ကတိပေးရမယ်"
" ပေးတယ် "
ဤအခိုက်အတန့်တွင် သူမနှုတ်ခမ်းလေးများက သူ့မျက်နှာတစ်ပြင်လုံးကို နေရာအနှံ့ အကြင်နာမိုးများ အဆက်မပြတ်သွန်းဖြိုးပေးခဲ့သည်။ နှစ်ပတ်ကျော်ကြာအောင် ခြောက်သွေ့အက်ကွဲနေသော သူမနှလုံးသားလေးလည်း ရင်နှစ်သည်းချာအမျိုးသားလေးကြောင့် တစ်ဖန်စိမ်းလန်းစိုပြေလာလျက်။
အချိန်တစ်ခုထိ ဝေးကွာနေခဲ့သော နှလုံးသားတစ်စုံလည်း စွယ်တော်ရွက်ကလေးများကဲ့သို့ ပြန်လည်ထပ်တူညီခဲ့ရင်း ...
ခြောက်ကပ်နေသောနှစ်ဦးသား၏အိပ်ခန်းလေးသည် ထွေးပွေးမှုများ၊ ပွေ့ဖက်မှုများအပြင် အကြင်နာဖလှယ်သံများဖြင့် ပြန်ကာအသက်ဝင်လာ၏။
• ────── ✾ ────── •