သိမ်မွေ့စံနွယ်မှာ နှုတ်ခမ်းဆူပုတ်ကာ မျက်မှောင်ကုတ်နေခဲ့သည်။ နေဟန်မှိုင်းလည်း တခစ်ခစ်ရယ်လျက် သူမလေးဘေးနားက ကန်ပေါင်ပေါ်တွင် လက်မောင်းတင်လိုက်ကာ ရေချိုးခန်းကြမ်းပြင်ပေါ်တွင် ဒူးထောက်နေခဲ့သည်။သိမ်မွေ့စံနွယ်လည်း အမြင်ကတ်ကတ်ဖြင့် နေဟန်မှိုင်းဘက်ကို ကန်ထဲကနေ ရေများပက်ခဲ့၏။
ထို့နောက် နေဟန်မှိုင်းမှာ သိမ်မွေ့စံ၏အလှတရားကို တစိမ့်စိမ့်ကြည့်ရှုနေရင်း သူမလေး၏လက်ကလေးကိုကိုင်ခဲ့ပြီးနောက် သူမ၏နှုတ်ခမ်းသားများအား နူးညံ့စွာ စုပ်ယူကာ နမ်းရှိုက်ခဲ့သည်။
ဤကဲ့သို့ မေတ္တာသုခဘုံထဲတွင် ပျော်မွေ့ခဲ့ကြပြီးနောက် နှုတ်ခမ်းချင်း ထိကပ်ထားမှုမှ ခွာခဲ့ကြသည်။ နေဟန်မှိုင်းက သိမ်မွေ့စံနွယ်၏နဖူးလေးကို ထပ်မံနမ်းလိုက်ပြီးနောက် ...
" ရေမြန်မြန်ချိုး ကလေးလေး၊ အဆုတ်အအေးပက်နေမယ် ... ကန်ထဲကထွက်လာရင်လည်း ဖြည်းဖြည်းထွက်လာနော်၊ ချော်လဲမှာစိုးလို့ "
" အွန်းပါ၊ မြန်မြန်ထွက်ပါတော့ ကိုကိုရယ် "
နေဟန်မှိုင်းက သိမ်မွေ့စံနွယ်အား သတိထားရန် တတွတ်တွတ်မှာကြားခဲ့လျှင် သူမလေးက အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။ မျက်နှာပူပြီး ရှက်သွေးဖြာနေခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ သို့သော်လည်း သူမအပေါ် သူ၏အသေးစိတ်ဂရုစိုက်ပေးတတ်ပုံက ပီတိဖြစ်စဖွယ်။
ထို့နောက် သိမ်မွေ့စံနွယ်လည်း ရေကိုအချိန်ဆွဲစိမ်မချိုးတော့ဘဲ ခပ်သွက်သွက်လေးချိုးခဲ့သည်။ ၁၅ မိနစ်အကြာတွင် ရေချိုးခန်းထဲကနေ နေဟန်မှိုင်း၏အိပ်ခန်းထဲသို့ ဝင်ရောက်လာသည်။ နေဟန်မှိုင်းက ကုတင်ပေါ်တွင် သူ၏အဝါရောင်ရှပ်အင်္ကျီပွပွတစ်ထည်နှင့်အိမ်နေရင်းဘောင်းဘီအတိုတစ်ထည်ကို ထုတ်ပေးထားသည်။ ထို့အပြင် သိမ်မွေ့စံနွယ်၏ဘရာစီယာနှင့်အတွင်းခံဘောင်းဘီကိုပါ ရှပ်အင်္ကျီဘေးနားတွင် အဆင်သင့်ထားပေးထားသည်ကိုမြင်လျှင် သူမမျက်လုံးများက အံ့အားသင့်သွားရသည်။
" ဟယ် ဦးနေဟန်မှိုင်းရယ်... ဘယ်လိုတောင် သူများ underwear တွေကို ကိုင်ရဲတာလဲ "
" ဘာလို့လဲ ကိုယ့်ကောင်မလေးရဲ့အတွင်းခံလေးတွေပဲကို "
" ဟယ် ဒါပေမဲ့ ငရဲကြီးမယ်လေ ... မကောင်းဘူးလေ "
" ကောင်းပါတယ် ... မရှက်နေပါနဲ့ကွာ၊ တစ်လက်စတည်း အင်္ကျီဝတ်ပေးမယ်လေ "
" တော်ပါပြီ၊ တကယ်မလွယ်တဲ့လူကြီးပဲ၊ ကြာလေ ဆိုးလေ၊ အခန်းထဲကနေ ထွက်ပေးပါတော့ ... အဝတ်ဝတ်တော့မယ်"
" ထွက်စရာလိုလို့လား ... ကိုယ်ကျောပေးထားမယ်လေ "
" မယုံဘူး ... ရေချိုးခန်းထဲမှာပဲ သွားလဲတော့မယ် "
" စတာပါ မွေ့စံလေးရယ်၊ ကိုကို ထွက်ပေးပါ့မယ် "
နေဟန်မှိုင်းမှာ မျက်နှာပိုးမသတ်နိုင်ဘဲ ပြုံးဖြီးလျက် သိမ်မွေ့စံနွယ်၏ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို ဆွဲလိုက်ပြီးလျှင် အခန်းထဲကနေ ထွက်သွားသည်။ ထိုမှသာ သိမ်မွေ့စံနွယ်လည်း စိတ်အေးအေး အင်္ကျီလဲနိုင်တော့သည်။
ထို့နောက် နေဟန်မှိုင်းက တံခါးခေါက်လာသည်။
" မွေ့လေးကို ဘော်လီချိတ်တပ်ပေးရအုံးမလား "
" ..... "
သိမ်မွေ့စံနွယ်မှာ ပြောစရာစကားပျောက်သွားသည်။ ဝတ်လက်စနေဟန်မှိုင်း၏ဘောင်းဘီတိုကိုသာ အပေါ်သို့ ဆွဲတင်ဝတ်လိုက်ပြီး ပြန်ဖြေကြားသည်။
" မလိုပါဘူး ... အကုန်ဝတ်ပြီးပြီ "
သိမ်မွေ့စံနွယ်က အခန်းတံခါးဖွင့်ပေးလိုက်သည့်အခါ နေဟန်မှိုင်းက သူမပုံစံကိုမြင်ရင်း သဘောကျမိနေသည်။
" ကိုကို့အင်္ကျီတွေဝတ်ထားလည်း ငယ်လေးက လှနေတာပဲ ... ဘာမှမဝတ်ထားရင်လည်း ပိုလှမှာ "
" တဖြည်းဖြည်းကြက်သီးတောင်ထလာပြီ ဦးနေဟန်မှိုင်းရယ် "
သိမ်မွေ့စံနွယ်မှာ ' ဒီဦးလေးကြီး တော်တော်မလွယ်တာပဲ' ဟူသော စိတ်ကုန်နေသည့်မျက်နှာပေးဖြင့် နေဟန်မှိုင်းကိုကြည့်ကာ အနည်းငယ်ခေါင်းခါနေမိသည်။ နေဟန်မှိုင်းက အခန်းတံခါးကို ပြန်ပိတ်ခဲ့ပြီးနောက် သူမမျက်လုံးများကိုစိုက်ကြည့်နေခဲ့သည်။
" ဘယ်အချိန်ပြန်မှာလဲ ... နည်းနည်းနောက်ကျမှ ပြန်ပေးပါလား၊ ကိုယ် မွေ့စံလေးနဲ့ စကားအများကြီးပြောချင်တယ်၊ အတူတူနေချင်တယ် "
" နေပေးမှာပေါ့ ကိုရယ် "
နေဟန်မှိုင်းက သိမ်မွေ့စံနွယ်၏ခါးသွယ်သွယ်လေးကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သိမ်မွေ့စံနွယ်က သူ၏ရင်ခွင်ထဲမှာ ခေါင်းကလေးမှီထားခဲ့လျက်။
------
ဘဝဆိုတာ ကိုယ်တိုင်ရေးဝတ္ထုတစ်ပုဒ်မဟုတ်လေတော့ ကံကြမ္မာဖန်တီးသောဝတ္ထုထဲမှာသာ ကျရာဇာတ်ရုပ်အတိုင်းနေကြရသည် မဟုတ်ပါလော။ နေဟန်မှိုင်း၏ဘဝသည်လည်း ထိုကဲ့သို့ပင်။ သူ့အနေဖြင့် သိမ်မွေ့စံနွယ်နှင့်အတူတူအမြဲနေချင်မိသော်လည်း အခြေအနေအရပ်အရပ်ကြောင့် ပုန်းလျှိုးကွယ်လျှိုးနေရသည်။ နယ်မြေခဏခဏပြောင်းရသည်။
သိမ်မွေ့စံနွယ်မှာလည်း နေဟန်မှိုင်းနှင့်အမြဲအတူမရှိနေနိုင်သည့်ဘဝကို ငြီးငွေ့စပြုလာသည်။ အကြောင်းကမူ ခဏခဏစိတ်ပူပန်နေရသည့်အတွက် နေဟန်မှိုင်းကို ထိုဒုစရိုက်အလုပ်ကို ဖြစ်နိုင်လျှင် လုံးဝရပ်တန့်စေချင်မိသည်။ မည်သို့ပင်ဆိုစေ နေဟန်မှိုင်းအပေါ် သူမ၏မေတ္တာကရုဏာများက တည်ရှိနေဆဲပင်။ နောက်လဆိုရင် သူမ၏မွေးနေ့ရောက်ရှိတော့မည်ဖြစ်၍ ထိုနေ့တွင် နေဟန်မှိုင်းနှင့်အတူတူရှိနေချင်ခဲ့သည်မှာ သူမ၏တန်ဖိုးမကြီးသော မွေးနေ့လက်ဆောင်လေးတစ်ခုသာ။
ယခုတွင် လွန်ခဲ့သော ၂ ပတ်ကျော်ခန့်က နေဟန်မှိုင်း၏အိမ်တွင် ဒိတ်လုပ်ခဲ့ပြီးသည့်နောက်ပိုင်းမှစ၍ သူမတို့နှစ်ယောက်လုံးဝအဆက်အသွယ်ပြတ်သွားခဲ့သဖြင့် သူမခမျာစိတ်ပူပန်နေရရှာသည်။ အိမ်ကိုသွားသောအခါ အိမ်ပြောင်းသွားသည်ဟု သိရလျှင် သိရချင်း၊ သူ့ဖုန်းကိုဆက်သွယ်ခဲ့သေည်လည်း တပ်ဆင်ထားခြင်းမရှိပါဟုသော အသိပေးစကားနှင့်သာတိုးသည်။ သို့ဖြစ်၍ စိုးရိမ်ပူပန်မှု၏နောက်ဆက်တွဲအနေဖြင့် သူမလည်း အတွေးလွန်လာသည်။
နေဟန်မှိုင်းဘက်က အသစ်တွေ့သွား၍ သူမကို ထားသွားလေသလား။
နေဟန်မှိုင်းမှာ တခြားသူတစ်ဦးတစ်ယောက်သတ်၍ သေဆုံးသွားလေသလား။
သို့လော၊ သို့လော စဉ်းစားမိလေ၊ နှလုံးသားမှာ ပူဆွေးရလေ။ စားတိုင်းလည်းမဝင် အိပ်တိုင်းလည်းမပျော်ကာ အလွမ်းဒဏ်၊ အဆွေးဒဏ်ကြောင့် ကျန်းမာရေးလည်းချို့တဲ့စပြုလာသည်။ အိပ်မပျော်သည့်ညများက ရက်ဆက်လာလျှင် သူမ၏နှလုံးရောဂါကလည်း ပိုဖောက်လာ၏။
တစ်ညတွင် သိမ်မွေ့စံနွယ်တစ်ယောက် နှလုံးရောဂါအပြင်းဖောက်လာသဖြင့် အိမ်သားများမှ ညတွင်းချင်း ဆေးရုံတင်လိုက်ကြသည်။ ဤသို့ဖြင့် ဆေးရုံတွင် သက်သာသည်အထိနေရမည်ဖြစ်ကြောင်း ဆရာဝန်ညွှန်ကြားခဲ့လျှင် သိမ်မွေ့စံနွယ်လည်း လူနာကုတင်ပေါ်တွင် လဲလျောင်းနေရသည်မှာ ၃ ရက်ကျော်ကြာသွားလျက်။
" သမီးရယ် ... မစားချင်ဘူး၊ မစားချင်ဘူးနဲ့ မငြင်းပါနဲ့လား "
ဒေါ်လေးဥမ္မာမှာ သိမ်မွေ့စံနွယ်ကိုချော့မြူကာ မုန့်ခွံ့ကျွေးရှာသည်။ ဦးစံကျော်နှင့်ဒေါ်မာမိန်ကလည်း သူတို့၏မွေ့စံလေး ခံတွင်းတွေ့စေရန် အပြင်ကနေ မုန့်အကောင်းစားများ ဝယ်လာခဲ့ကြကာ တစ်ယောက်တစ်လှည့်ကျွေးနေကြသည်။
သိမ်မွေ့စံနွယ်မှာ ရောဂါဒဏ်ကြောင့် စကားကောင်းကောင်းမပြောနိုင်ပေ။ စကားပြောချင်စိတ်လည်းမရှိနေပေ။ ထို့ကြောင့် သူမကိုကျွေးနေသည့်မုန့်များအား မိသားစုများစိတ်ချမ်းသာအောင် အနည်းငယ်စားပြပြီးနောက် ကုတင်ပေါ်တွင်လှဲအိပ်ခဲ့သည်။ အိပ်ပျော်သွားပြီး တစ်နာရီအကြာတွင် ခေါင်းအုံးအောက်တွင်ရှိသော သူမ၏ဖုန်းမြည်လာလျှင် လန့်နိုးသွားသည်။ ဖုန်းနံပါတ်မှာ အမည်မသိသောနံပါတ်တစ်ခုဖြစ်၏။
" ဟဲလို "
" မွေ့ကလေး ... မွေ့စံလေး၊ ကိုကိုပါ ... ကိုကို အကြာကြီးအဆက်အသွယ်မလုပ်မိလို့ တောင်းပန်ပါတယ် "
သိမ်မွေ့စံနွယ်လည်း သူမ၏မြတ်နိုးရာ အမျိုးသားလေး၏အသံကိုကြားလိုက်ရစဉ်မှာ မျက်ဝန်းများထဲတွင် မျက်ရည်ပူလေးများက ဝပ်လာရင်း။ နေဟန်မှိုင်းက ဖုန်းဆက်ပြောသည်။
" အရမ်းသတိရနေခဲ့တာ ကိုကို့မွေ့ကလေးကို "
" ဒီကပိုသတိရနေတာ "
သိမ်မွေ့စံနွယ်မှာ အသံလုံးသေးသေးဖျော့ဖျော့လေးနှင့် စကားတစ်လုံးချင်းပြောလျှင် နေဟန်မှိုင်းမှာ စိုးရိမ်မိသည်။
" နေမကောင်းဘူးလား ကိုကို့သဲတုန်လေး "
" ဟုတ်တယ် .... ခုဆေးရုံတက်နေတာ ... ၃ရက်ရှိပြီ...နှလုံးကြောင့် ..."
သိမ်မွေ့စံနွယ်၏စကားကိုကြားလျှင် နေဟန်မှိုင်း၏ဦးနှောက်မှာ ထူပူသွားပြီး နှလုံးသားကပါ တစ်ပြိုင်နက် ပူပြင်းသွားရသည်။ ဒေါ်လေးဥမ္မာနှင့်ဦးစံကျော်လင်မယားကလည်း ဖုန်းပြောနေသောသိမ်မွေ့စံနွယ်၏ပုံစံအမူအရာကို ကြည့်နေခဲ့ကြသည်။
" ဟာ၊ ဘယ်ဆေးရုံလဲ၊ ကိုကိုခုလာမယ်၊ ကိုကို့ကိုပြော မွေ့လေး "
" Spring Blossom မှာ "
" အခန်းကရော "
" ၉ လွှာ ... 3211 .... "
" ဟုတ်ပြီ မွေ့လေး၊ ကိုကိုခုပဲလာပြီ၊ ဖိုက်တင်းနော်၊ အာဘွား ...၊ ကိုကိုအခုပဲလာပြီ"
နေဟန်မှိုင်းလည်း အမြန်ဖုန်းချလိုက်ပြီး ဆေးရုံသွားရန်ပြင်ဆင်တော့သည်။
" သမီး ဘယ်သူလဲ ... သူငယ်ချင်းလား "
ဦးစံကျော်က မေးလိုက်လျှင် သိမ်မွေ့စံနွယ်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြသည်။ ဤသို့ဖြင့် သူမလည်း နေဟန်မှိုင်းအတွက် စိတ်သက်သာရာရသွားပြီး ပျော်ရွှင်သွားရသည်။ သူမ၏ချောင်ကျနေသောမျက်နှာလေးလည်း ပြုံးယောင်သမ်းစပြုလာသည့်နှယ်။