နေဟန်မှိုင်းတစ်ယောက် သိမ်မွေ့စံနွယ်ဆီ သူမ ကန်တော့ခဲ့သည့်ပိုက်ဆံကို ပြန်ပေးဖို့အတွက် အတော်လေးစဉ်းစားခဲ့ရသည်။ နေဟန်မှိုင်းအတွက် လူ-တ်ခြင်းကနေရရှိလာသော ကြေးစားအခငွေများမှာ ထိုဖြူစင်သန့်ရှင်းသည့် ငွေသုံးသိန်းထက် အဆများစွာရရှိနေသူပင်။
မည်သို့ပင်ဆိုစေ သမ္မာအာဇီဝနှင့်ရိုးရိုးသားရှာထားသော အသပြာငွေများမှာ အလွန်နည်းပါးစေကာမူ ကံငါးပါးကိုကျူးလွန်ပြီးမှ ရရှိလာသောငွေများထက်စာလျှင် အလွန်အမင်းတန်ဖိုးရှိသည်ကို နေဟန်မှိုင်းက ကောင်းစွာနားလည်သဘောပေါက်ထား၏။
သူငယ်စဉ်အခါက သူ၏မိဘနှစ်ပါးသည် ဦးလေးဖြစ်သူနှင့် စကားများရန်ဖြစ်ကြရာမှ ဦးလေးဖြစ်သူဘက်ကနေ ဒေါသဖြင့် သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် အနိဋ္ဌာရုံမြင်ကွင်းတစ်ခုအား မျက်ဝါးထင်ထင်မြင်ခဲ့ရသည်။ ထို့နောက် ဦးလေးဖြစ်သူကိုကြောက်သဖြင့် အိမ်မှထွက်ပြေးခဲ့လေသည်။
ဦးလေးဖြစ်သူက သူထောင်ကျမည်စိုးသဖြင့် ပီပီပြင်ပြင် လုပ်ကြံဇာတ်လမ်းဆင်ထားသည့်အလီဘိုင်တစ်ခုကို ဖန်တီးခဲ့ပြီးနောက် သံသယရှိခြင်းမခံခဲ့ရပေ။
တစ်ပတ်အကြာတွင် နေဟန်မှိုင်းက သူကြိုတင်ပြင်ဆင်ထားသကဲ့သို့ ထိုဦးလေးအပါအဝင် တစ်မိသားစုလုံးအိပ်မောကျနေချိန် ည ၂ နာရီ၌ နေအိမ်ပတ်လည်ကို ဓာတ်ဆီများလောင်းပြီး မီးရှို့ခဲ့သည်။ သူ၏လုပ်ရပ်ကိုလည်း သက်ဆိုင်ရာများထံ ဝန်ခံထွက်ဆိုခဲ့သည်။ ဤသို့ဖြင့် လူငယ်ပြုပြင်ရေးစခန်းဆီသို့ ၁၀ နှစ်သားအရွယ်လေးနှင့်ရောက်ရှိလာခဲ့ပြီး နိုင်ငံ၏အသက်ငယ်ဆုံး လူ-တ်သမားလေးဖြစ်ခဲ့သည်။
ထိုကဲ့သို့ အိမ်မက်ဆိုးများမမက်ခင်ကာလအထိ သူသည် ပညာရေးထူးချွန်ထက်မြက်ပြီး လိမ္မာယဉ်ကျေးသောကလေးတစ်ယောက်ဖြစ်ခဲ့သလို မိဘများနှင့်နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ရသော ကလေးတစ်ယောက်သာ။
ကံကြမ္မာစေလိုရာအတိုင်း အသက်အငယ်ဆုံးလူသတ်သမားဖြစ်လာခဲ့ချိန်မှစ၍ သူသည်အေးစက်ပြီး ကြောက်စရာကောင်းသောနတ်ဆိုးတစ်ကောင်အနေနှင့် ရှင်သန်လာခဲ့သည်။
ထိုအချိန်၌ သူ၏အမည်ရင်းမှာ တေဇောခဖြစ်လျက်။
သို့သော် သူ့ဘဝသည် ငှက်အော်စမ်းမှ ထွက်ပြေးလွတ်မြောက်လာပြီး နှစ်ကာလာကြာအောင် နေဟန်မှိုင်းအမည်အသစ်ဖြင့် လူ-တ်သည့်အလုပ်နှင့်ပိုအကျိုးပေးနေသကဲ့သို့ သူသတ်ပေးရသည့်လူများကလည်း ကျယ်ပြောသော အမှောင်ဒုစရိုက်လောကမှ လူဆိုးသူဌေးကြီးများ၊ ဂိုဏ်းခေါင်းဆောင်များကိုသာ။
ရံဖန်ရံခါများ၌ ထိုသူတို့အချင်းချင်း လုပ်ကြံသတ်ဖြတ်သည့်ကိစ္စများအတွက်သာမက ဒုစရိုက်လောကမှမဟုတ်သည့်အပြင်လူများမှ သူ့အားလာရောက်ငှားရမ်းကြသည့်အခါမျိုးတွင်လည်း နေဟန်မှိုင်းက သူ့Customerများ စိတ်တိုင်းကျစေရန် ဆောင်ရွက်ပေးလေ့ရှိသည်။ တစ်လကနေ သုံးလအထိသူသတ်ရမည့်လူများအား နောက်ယောက်ခံလိုက်လေ့ရှိသည်။
သို့သော် သူ စုံစမ်းထောက်လှမ်းလို့မှ မွေးကင်းစကလေးအရွယ်များနှင့်အရွယ်မရောက်သေးသောသားသမီးများရှိနေသည့်လူများကိုမူ မသတ်ပေးသလို၊ လူကောင်းသူကောင်းများကိုလည်း မသတ်ပေ။ အပြင်လူများတွင် သူ့ဘာသူအေးဆေးနေတတ်သည့် တစ်ဖက်သားအား တမင်သက်သက် အမုန်းကလဲ့စားချေလိုသူများပါရှိလာတတ်သည့်အခါများတွင် နေဟန်မှိုင်းက ထိုအလုပ်လာအပ်သူများကိုသာ တစ်ခါတလေ အမြင်ကတ်ပုဒ်မများဖြင့် တိတ်တဆိတ်ကိစ္စရှင်းလေ့ရှိလျက်။
သူ၏လက်များသည် မကောင်းသောလူများကိုသာ သွေးစွန်းအောင်လုပ်ရမည်ဟူသော သံဓိဌာန်ချမှတ်ထားသဖြင့် ဘယ်သောအခါမျှ လူကောင်းသူကောင်းများကို မရှင်းလင်းခဲ့ပေ။ စရံငွေများ သို့မဟုတ် ငွေအပြည့်လက်ခံထားပြီးမှ လူကောင်းသူကောင်းများကို ဇီဝိန်ချုပ်ပေးရမည်သိလျှင် ထိုငွေများအား Customer ထံ ငွေပြန်အမ်းလေ့ရှိ၏။
ဖုန်းတစ်ဖက်က သိမ်မွေ့စံနွယ်လည်း နေဟန်မှိုင်းကို စိတ်လှုပ်ရှားစွာ ကြိုးစားပြီးစကားပြောဖို့ပြင်ခဲ့သည်။
" ဦးကို ... "
သူမမှာ စကားအစချီနေတုန်း ကျန်သည့်စကားလုံးများက လေထဲတွင်တန့်သွားသည်။ သူမ စဉ်းစားမိသည်။
' နေအုံး ... ဦးကိုကန်တော့ထားတာပဲ ပြန်ပေးစရာမလိုပါဘူးဆိုပြီး ငါ့ဘက်ကပြောလိုက်လို့မဖြစ်ဘူး၊ သူနဲ့ထပ်မတွေ့ရဘဲနေအုံးမယ်၊ ဒါ ငါ့အတွက် နောက်ထပ် အခွင့်အရေးပဲမလား .... '
နေဟန်မှိုင်းမှာ သက်ပြင်းကို ကြမ်းကြမ်းချခဲ့သည်။
" ဟင်း .... ထားပါတော့၊ ဒီနေ့တွေ့ဖို့ အဆင်မပြေရင်လည်း "
" ပြေပါတယ် ဦးရဲ့၊ ဦးက မြို့ထဲမှာပဲလား၊ ခုသမီးရောက်နေတာက မြို့ထဲက Lozazo ကော်ဖီဆိုင်လေးမှာ၊ ဦးကို sms နဲ့ လိပ်စာရိုက်ပို့ပေးမယ်၊ ခုပဲလာပေးလေ၊ ဦးက ကန်တော့ငွေကို အဲဒီလောက်ထိ မလိုချင်နေမှတော့ ... "
" အေး ... "
နေဟန်မှိုင်းလည်း သူမ sms ရိုက်ပို့ပေးလာသည့်လိပ်စာကိုမြင်ပြီးနောက်တွင်။
" အိုခေပါ၊ ငါ နာရီဝက်အတွင်းရောက်အောင်လာမယ်၊ ကားဂျန့်ဖြစ်နေရင်သာ နည်းနည်းနောက်ကျမယ်၊ ဒါဆိုဖုန်းချပြီ၊ See You "
" ဟုတ် ဦး ... "
နေဟန်မှိုင်းမှာ သူ့တိုက်ခန်းကနေထွက်လာပြီး သူ့ကားဖြင့် သိမ်မွေ့စံနွယ်ချိန်းဆိုရာနေရာသို့သွားခဲ့သည်။ သူ၏ကားကို ဒီဇိုင်းပြောင်းလဲရန်အတွက် နှစ်ပတ်ကျော်သည်အထိ ကား service center သို့ အပ်ထားခဲ့ပြီးနောက် ယခုတွင်မူ သူ၏ကားကို ပြန်လည်ရရှိခဲ့သည်။
ကားသည် မော်ဒယ်ခပ်မြင့်မြင့်ဖြစ်ပြီး ဇိမ်ခံကားအမျိုးအစားပင်။ ကားဘော်ဒီမှာ သိပ်မကြီးပေး။ သူသည် အမြဲအိမ်ပြောင်းလဲတတ်သလို သူ၏ကားများကိုလည်း အလုပ်ကိစ္စတစ်ခုပြီးတိုင်း ပြောင်းလဲတတ်သောအကျင့်ရှိခဲ့သည်။ အကြောင်းမှာ သူ့အားနောက်ယောက်ခံလိုက်လျှင် မမိနိုင်အောင်ဖြစ်၏။
ဤသို့ဖြင့် သိမ်မွေ့စံနွယ်ချိန်းဆိုထားရာ ကော်ဖီဆိုင်ရှေ့သို့ ရောက်ရှိခဲ့ပြီး ကားထဲမှ ထွက်လာမလို့ လုပ်နေစဉ် သိမ်မွေ့စံနွယ်မှာ ဆိုင်အပြင်တွင် ထွက်စောင့်နေသည်ကို တွေ့လိုက်ရသည်။ နေဟန်မှိုင်းလည်း သူမကို ဖုန်းခေါ်ခဲ့သည်။
" အေး ... မင်းရဲ့ရှေ့မှာ ကားအနက်တစ်စီးရပ်နေတာတွေ့လား "
သိမ်မွေ့စံနွယ်လည်း ကားအနက်ကို ရှာခဲ့ပြီးနောက် ...
" ဟား တွေ့ပြီ "
" အေး ကားရဲ့ဘယ်ဘက်ကို ဝင်လာခဲ့ "
သိမ်မွေ့စံနွယ်လည်း မျက်နှာစပ်ဖြီးဖြီးဖြင့် ကားတံခါးကိုဖွင့်ကာ ကားထဲဝင်ထိုင်ခဲ့သည်။ နေဟန်မှိုင်းမှာ သိမ်မွေ့စံနွယ်ကားထဲဝင်လာသည်နှင့် ရှေ့တည့်တည့်ကိုသာ ကြည့်နေခဲ့သည်။
" ဒါ ဦးကားလား "
" အေး "
နေဟန်မှိုင်းမှာ ကားအံဆွဲကို ဆွဲဖွင့်လိုက်ပြီး ပိုက်ဆံထုတ်ကို သိမ်မွေ့စံနွယ်ဆီပေးလိုက်သည်။ သိမ်မွေ့စံနွယ်က ပိုက်ဆံထုတ်ကိုကြည့်ပြီးနောက် သူမကိုအကြည့်လွှဲနေသော နေဟန်မှိုင်းကို အကြင်နာမျက်ဝန်းများဖြင့် တစိမ့်စိမ့်ကြည့်နေခဲ့လျက်။
နေဟန်မှိုင်းလည်း သူမဘက်လှည့်လာပြီး ပြူးကြောင်ကြောင်ကြည့်ခဲ့ရင်း ...
" ယူလေ "
" ဦးသိလား ... သမီး ဒီနေ့ရုံးမှာအဆင်မပြေလာခဲ့ဘူး ... ရုံးကလူတွေက သမီးကိုအရမ်းအနိုင်ကျင့်ကြတယ်၊ သမီးလေ ဦးကိုထပ်မတွေ့ရတော့ဘူးဆိုပြီး တစ်ပတ်လုံး စိတ်နဲ့လူနဲ့မကပ်ဖြစ်ပြီး လွမ်းနေခဲ့တာ "
နေဟန်မှိုင်းမှာ ဆက်စကားမပြောခဲ့ဘဲ ငြိမ်နေခဲ့သည်။
" ဦးက သမီးရဲ့ငယ်ဘဝက အိမ်မက်တွေထဲမှာ သမီးရဲ့မင်းသားလေးလည်းဖြစ်ခဲ့တယ်၊ သမီးကို ကာကွယ်ပေးတဲ့သူရဲကောင်း လူစွမ်းကောင်းလေးလည်း ဖြစ်ဖူးသလို သမီးရဲ့ဘုရင်ကြီးလည်း ဖြစ်ခဲ့တယ်၊
ကလေးဘဝကနေ ခုလိုကြီးပြင်းလာတဲ့အထိ မိဘတွေအကြောင်းတွေးမိလို့ ဝမ်းနည်းလာတိုင်း၊ လူတွေကြောင့် ခက်ခဲပင်ပန်းလို့ ငိုချမိတိုင်း ဦးနေဟန်မှိုင်းဆိုတဲ့မျက်နှာလေးကို ပုံဖော်လိုက်ရုံနဲ့ နှလုံးသားက ရွှေရင်အေးလေးသောက်နေရသလို အေးမြသွားတယ် သိလား "
နေဟန်မှိုင်း၏မျက်နှာပေါ်သို့ အနီရောင်ရှက်သွေးတန်းတစ်ခုဖြတ်သန်းသွားလျက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သိမ်မွေ့စံနွယ်ကိုကြည့်ရင်း သူမပြောသမျှကို နားထောင်နေခဲ့သည်။ သိမ်မွေ့စံနွယ်က ပိုက်ဆံထုတ်ကိုယူပြီး ဘေးနားချထားလိုက်သည်။
ထို့နောက် လေထဲတွင်တန့်နေခဲ့သော နေဟန်မှိုင်း၏လက်ကို တယုတယကိုင်ခဲ့ပြီး သူ၏မျက်လုံးများကို သေချာကြည့်နေခဲ့သည်။ နေဟန်မှိုင်းမှာ အသက်ရှူဖို့ပင် မေ့နေခဲ့သည်။
" နှလုံးသားမှာ အခန်းလေးခန်းရှိတယ်တဲ့၊ သမီးရဲ့နှလုံးသားအခန်းတိုင်းမှာတော့ နေဟန်မှိုင်းဆိုတဲ့ အမျိုးသားက နေရာအပြည့်ယူထားခဲ့တာ၊ အမြဲတမ်းပဲပေါ့ ... "
သိမ်မွေ့စံနွယ်က စကားတစ်လုံးချင်းစီကို ဖြည်းညင်းချိုသာစွာပြောလျက် နေဟန်မှိုင်း၏လက်ကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။ သူ့အနေဖြင့် 'ငါ့လက်ကို မကိုင်နဲ့' ဟုပြောချင်မိသော်လည်း တစ်ချိန်က သူမလည်ပင်းကို ဤဘယ်လက်ဖြင့် ညှစ်ခဲ့သည်ကို ပြန်မြင်မိပြီး သူမက ယခုတွင် ဤဘယ်ဘက်လက်ကို ကြင်နာစွာပွတ်သပ်ပေးနေသောကြောင့်၊ သူ့အနေဖြင့် မခက်ထန်နိုင်ပေ။
ထို့အပြင် သူမလေး၏စကားတိုင်းသည် သူ့ရင်ထဲက အေးစက်သောရေခဲတုံးများကို အရည်ပျော်ကျနိုင်သည်အထိ ရိုးရိုးလေးနှင့်စွမ်းအားကြီးခဲ့သည်။
" သမီးဘဝက ပျော်ရွှင်ဖို့ မထိုက်တန်သလိုပဲ ... ချစ်တဲ့လူတွေလည်း အနည်းကျဉ်းပဲရှိတယ်၊ သမီးကို သည်းခံနားလည်ပြီး တကယ်ချစ်ခင်မြတ်နိုးတဲ့လူရှားတယ်၊ သူများတွေ သူတို့မိဘတွေနဲ့ပျော်နေကြတဲ့အချိန်တွေ အမေရင်း အဖေရင်းကို သတိရလွမ်းဆွတ်ရုံကလွဲ ဘာမှမတတ်နိုင်ဘူး၊ အချစ်ဆုံးသူငယ်ချင်းတွေဆိုတာလည်း အကြောင်းပြချက်ကိုယ်စီနဲ့ အချိန်တန်ရင်ကျောခိုင်းသွားကြတယ်၊
ကိုယ်ချစ်မြတ်နိုးတဲ့အမျိုးသားကလည်း သမီးကို တွေ့ဖို့ရှောင်နေတယ် ...
လူတွေကလည်း သမီးရဲ့ကောင်းကွက်တွေထက် ဆိုးကွက်တွေပဲ ပိုမြင်ကြတယ် ... သမီးက ဝမ်းနည်းခြင်းတွေနဲ့နေသားကျဖို့ ထိုက်တန်တာပဲလားမသိပါဘူးလေ "
" ပျော်ချင်ရင် လူသတ်လေ "
နေဟန်မှိုင်းက လှောင်ပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သိမ်မွေ့စံနွယ်မှာတော့ မပြုံးနိုင်ပေ။ သူမလေး၏မျက်ဝန်းများပတ်လည်တွင် မျက်ရည်များအိုင်ဝပ်လာသည်ကို နေဟန်မှိုင်းမြင်လျှင် မျက်မှောင်ကြုတ်မိသည်။
" ဘာလို့လဲ .... ဘာလို့ငိုနေပြန်တာလဲ "
နေဟန်မှိုင်းက အသံနက်နက်ထဲမှာ လေယူလေသိမ်း ဖျော့ဖျော့ညင်ညင်လေးနှင့် သူမကိုမေးခဲ့သည်။
" ဦးက ရှောင်ဖယ်နေတာကို .... အီး .... ဟီး .... "
နေဟန်မှိုင်းလည်း မျက်လုံးမှေးသွားပြီး သက်ပြင်းချလိုက်မိသည်။ ထို့နောက် လွှတ်နေသည့်လက်တစ်ဖက်ကနေ သူ့ဘောင်းဘီအိတ်ထဲက လက်ကိုင်ပဝါအမည်းကို ထုတ်ခဲ့ပြီး သိမ်မွေ့စံနွယ်ဆီ ကမ်းလိုက်သည်။ သိမ်မွေ့စံနွယ်လည်း နေဟန်မှိုင်းပေးသောလက်ကိုင်ပဝါလေးကို ယူလိုက်ပြီး မျက်ရည်သုတ်ခဲ့သည်။
" ငါကသာမန်လူမဟုတ်နေဘူး၊ ငါ့နောက်ကြောင်းကို သူများမသိအောင် အမြဲတမ်းခြေရာလက်ရာဖျောက်ထားရတယ်၊ မင်းကိုရှောင်တာက ငါ ... "
နေဟန်မှိုင်း၏လည်ချောင်းထဲတွင် စက္ကန့်ပိုင်းအထိ စကားများတစ်နေခဲ့သည်။
" ငါက အေးစက်စက်နေရတဲ့ဘဝမှာ နေသားကျနေတဲ့ကောင်ပါ၊ ငါက ... မင်းဆီက မေတ္တာတရားတွေနဲ့မတန်ပါဘူး မိန်းကလေး၊ အဲဒါကြောင့်မလို့ ငါ မင်းကိုမပတ်သက်ချင်တာ ... "
နေဟန်မှိုင်းက သူမလေးကို ဆက်မကြည့်တော့ဘဲ မျက်နှာလွှဲခဲ့သည်။
" ငါ တစ်ယောက်တည်းပဲနေချင်မိတယ်၊ မင်းလည်း သင့်တော်တဲ့ယောကျာ်းနဲ့ အချိန်တန်တွေ့လာမှာပါ၊ ငါ့လောက် ရုပ်မချောနေလည်း ... မင်းကို မင်းချစ်သလောက် တစ်သက်လုံး ပြန်ချစ်ပေးနိုင်တဲ့လူပေါ့ ... အဓိကက စာနာစိတ်ရှိတဲ့ယောကျာ်းဖြစ်နေဖို့ပဲ "
သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်းဆီက အငြင်းခံလိုက်ရသဖြင့် အလွန်ဝမ်းနည်းကြေကွဲသွားသည်။ ထို့နောက် သူမ၏နှစ်လိုဖွယ်ကောင်းသော ခံစားချက်သံစဉ်များမှသည် ပေါက်ကွဲသံစဉ်များအဖြစ်သို့ အစပျိုးလာလျက်။
" အဲဒါဆိုလည်း လွန်ခဲ့တဲ့ ၈ နှစ်က ဒီကောင်မလေးကို ဘာလို့ကယ်ခဲ့လဲ၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားခဲ့ပါလား၊ ဒါဆိုရင် နှလုံးရောဂါသည်အနေနဲ့ ဆေးရုံခဏခဏတက်နေရတော့မှာ မဟုတ်ဘူး၊ ဟမ် ... ကယ်သွားပြီးတော့လည်း မျက်လှည့်ပြသလိုပဲ ချက်ချင်းပျောက်သွားရော၊ ပြီးတော့ ဒီကောင်မလေးရဲ့စိတ်တွေထဲ၊ နှလုံးသားထဲပါမကျန် အိမ်မက်တွေထဲမှာရော ၈ နှစ်ကျော်အထိ ဘာလို့အတူရှိနေခဲ့တာလဲ၊ အဲဒီလိုမျိုးဖြစ်အောင် ဦးနေဟန်မှိုင်းပဲ ဖန်တီးခဲ့တာလေ .... "
သိမ်မွေ့စံနွယ်မှာ အော်ဟစ်လိုက်သဖြင့် နေဟန်မှိုင်းလည်း ခံပြင်းသွားသည်။ ထို့နောက် ကားကိုစက်နိုးလိုက်ပြီး တံတားအောက်တစ်ခုရှိ လူသူကင်းရှင်းသည့်နေရာသို့ လီဗာကိုအရှိန်တင်နင်းလျက် ကားမောင်းလာခဲ့သည်။ ထိုနေရာသို့ရောက်သော် နေဟန်မှိုင်းမှာ စကားတစ်လုံးမျှမပြောဘဲ မျက်စိမှိတ်လျက် သူ့စိတ်ကို တတ်နိုင်သမျှ ဖြေလျော့နေခဲ့သည်။
သိမ်မွေ့စံနွယ်မှာတော့ ခံစားချက်များပေါက်ကွဲခဲ့ပြီးနောက် လမ်းတစ်လျောက်လုံး ငိုယိုလာခဲ့သလို ယခုတွင်လည်း ငိုနေဆဲပင်။ နေဟန်မှိုင်းပေးထားသော လက်ကိုင်ပဝါဖြင့်လည်း မျက်ရည်များနှင့်နှပ်ချေးများကိုလည်း တရှုံ့ရှုံ့သုတ်နေခဲ့၏။
" ငါ မင်းကိုကယ်ခဲ့တာမှားတယ်ပေါ့ ... အေး ငါပဲမကောင်းတာပါ "
နေဟန်မှိုင်းမှာ ဒေါသများငယ်ထိပ်ထိဆောင့်တက်ခဲ့သော်လည်း စိတ်ပြန်လျော့သည်။ ထို့နောက် သူ့အနေဖြင့် စိတ်မကောင်းဖြစ်မိသည်။ အကြောင်းမှာမူ သူ ၁၀ နှစ်အရွယ်က အိမ်မက်ဆိုးကြီးသာမရှိခဲ့လျှင် ယခုအချိန်၌ ပညာရေးတွင်ထူးချွန်ပြီး ဂုဏ်သရေရှိအမျိုးသားတစ်ဦးအနေနှင့် သူ့ကိုချစ်မြတ်နိုးသောမိန်းကလေးအား သူ၏အမျိုးသမီးလေးအဖြစ် လက်ခံနိုင်လိမ့်ပေမည်။
သို့သော် သူမနှင့်သူ့ဘဝက ယခုတွင်ကွာခြားနေသည်က ကံကြမ္မာအလိုရှိသောပြဇာတ်တစ်ခုသာ။
" မင်းဘယ်သိမလဲ ... ငါလည်းခုလိုကောင်ဖြစ်ချင်ခဲ့တာမဟုတ်မှန်း "
နေဟန်မှိုင်း၏အသံမှာ အနည်းငယ်တုန်ယင်လာသည်ကို သိမ်မွေ့စံနွယ် သတိထားမိသည်။ နေဟန်မှိုင်းမှာ မျက်ရည်မထွက်အောင် ရှေ့တည့်တည့်ကိုကြည့်ရင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေလျက်။
" ငါလည်း မိဘမဲ့ပဲ၊ ငါ့မိဘတွေ မသေခင်ချိန်အထိ ငါက ရတနာစိန်ကျောက် ဇယ်တောက်ကစားခဲ့ရသလို ရွှေပေါ်မြတင်နေခဲ့ရတဲ့ကောင်ကွ .... ဒါပေမဲ့ ငါ့ကလေးဘဝက အိမ်မက်တွေအားလုံး အကုန်ရိုက်ချိုးခံခဲ့ရတယ်၊ အဲဒီလိုတွေသာမဖြစ်ခဲ့ရင် ခုချိန်မှာ မင်းကိုငြင်းနေမိမှာ မဟုတ်ဘူး "
နေဟန်မှိုင်း၏မျက်လုံးများ ရဲတက်လာသည်။ သိမ်မွေ့စံနွယ်မှာ တုန်ယင်နေသော နေဟန်မှိုင်း၏လက်များကို ကြင်နာစွာ ဆွဲယူလိုက်သည်။
" ကံကြမ္မာက ကိုယ့်အပေါ် ရက်စက်တိုင်း တစ်ယောက်တည်းရှင်သန်နေဖို့ ရွေးချယ်စရာမလိုပါဘူး ... ဦးက အချစ်ခံရဖို့ ထိုက်တန်တဲ့ကလေးကြီးတစ်ယောက်ပါနော် "
ထိုကဲ့သို့ ညင်သာနူးညံ့သောစကားလုံးများကို ပြောပြီးနောက် နေဟန်မှိုင်း၏ပါးပြင်ထက်တွင် သိမ်မွေ့စံဆီကနေ အနမ်းတံဆိပ်တစ်ခု ခတ်နှိပ်ပေးခြင်းခံလိုက်ရသည်။
• ────── ✾ ────── •