၈ နှစ်ကျော်ကြာသွားသည့်တိုင်အောင် သိမ်မွေ့စံနွယ်၏နှလုံးအိမ်အတွင်း၌ နေဟန်မှိုင်းဟူသော လူတစ်ယောက်က အပြီးတိုင်နေရာယူထားခဲ့သည်။
နေ့စဉ်နှင့်အမျှ မြတ်ဘုရားထံတွင်လည်း ထိုဦးနေဟန်မှိုင်းနှင့် ဆုံစည်းနိုင်ဖို့အရေး သိမ်မွေ့စံနွယ်အရေးဆိုသကဲ့သို့ ဘုရားရှင် နားတော်ညဉ်းသည်အထိ ဝတ်ပြုဆုတောင်းနေခဲ့သည်။ အိမ်မက်များထဲထိပင် ထိုကယ်တင်ရှင် ဦးနေဟန်မှိုင်းနှင့်ပြန်တွေ့ရသည်ဟူ၍ မကြာခဏ အိမ်မက်မက်လေ့ရှိပေသည်။
သူမ၏ဦးလေးလင်မယားနှင့်အဒေါ်အပျိုကြီးကိုလည်း ဦးနေဟန်မှိုင်းနှင့်တွေ့ချင်ကြောင်း ၈ နှစ်ကျော်အတွင်း နေ့စဉ်ရက်ဆက် နားပူနားဆာလုပ်ကာ ဂျီကျလေ့ရှိခဲ့၏။ ယခုတွင်လည်း မီးပူတိုက်နေသော သူမ၏ဒေါ်လေး ဥမ္မာအနားတွင် ထိုင်နေကာ ငေးမောနေခဲ့သည်။
" ဘုရားမှာ ဒီလောက်ထိ နှစ်တွေကြာအောင် ဆုတောင်းနေလည်းပဲ ဘာဖြစ်လို့ အခုထက်ထိဦးနေဟန်မှိုင်းနဲ့ ပြန်မတွေ့နိုင်သေးတာလဲဟင် "
" ညဉ်းအေ ... ဆုတောင်းတွေဆိုတာ လောဘ မောဟတွေပါတတ်တယ်၊ ဘယ်ဘာသာရဲ့ဘုရားတွေဆီမှာ ဘယ်လောက်ဆုတောင်းနေပါစေ၊ ပြည့်ချိန်တန်ရင်လည်း ချက်ချင်းတန်းပြည့်တယ်၊ မပြည့်ချိန်တန်ရင်လည်း သေတဲ့အထိမပြည့်ဘူးကွယ့်၊ ဒေါ်လေးပြောချင်တာက ဘုရားကို ကိုယ်လိုချင်တာချည်းပဲ အမြဲဆုမတောင်းနေပါနဲ့ ... အဲဒီအစား ကိုယ့်ဘဝမှာ ဒုက္ခအခက်အခဲတွေကြုံလာရင် အကောင်းဆုံးရှင်သန်နိုင်ဖို့ တပည့်တော်ကို လမ်းပြပေးပါလို့ပဲ ပြောသင့်တယ်"
သိမ်မွေ့စံနွယ်လည်း သူမဒေါ်လေးစကားကြောင့် မျက်နှာလေးမှိုင်သွားသည်။
" သမီး ဆုတောင်းက များများစားစားမရှိခဲ့ပါဘူး ဒေါ်လေးရယ်၊ ဦးနေဟန်မှိုင်းနဲ့ပြန်တွေ့ရဖို့ကိုပဲ အမြဲတမ်းဆုတောင်းနေခဲ့တာပါ၊ တွေ့တဲ့အချိန် ကျေးဇူးဆပ်ချင်တယ်၊ ငယ်ငယ်ကမပြောတတ်ခဲ့လို့ မပြောလိုက်ရတဲ့ ကျေးဇူးတင်စကားတွေ ပြောချင်တယ် ... ဒီလိုကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ပဲ ဘုရားရှင်ဆီ နေ့တိုင်းဆုတောင်းတာပါ "
သိမ်မွေ့စံနွယ်က စကားပြောနေရင်း ဝမ်းနည်းလုံးဆို့တက်လာသည့်အခါ အသံများတုန်ရင်လာသည်။ ထို့နောက် မျက်ရည်စလေးများ စီးကျလာခဲ့သည်။ ဒေါ်လေးဥမ္မာလည်း မီးပူတိုက်နေစဉ် သိမ်မွေ့စံနွယ်ဘက်ကို လှည့်ကြည့်လိုက်ပြီးနောက် သက်ပြင်းကလေးတစ်ခု ချမိ၏။
" သူနဲ့ထပ်ဆုံဖို့ တကယ်ရေစက်ပါလာရင် ညဉ်းဆုတောင်းတွေ ပြည့်ချိန်တန်ရင် အော်တိုပြည့်သွားမှာ အသားလွတ် ငိုမနေပါနဲ့အေ ... ညဉ်းက သိပ်ကိုစိတ်နုပြီး တော်တော်ခံစားလွယ်တာပဲ၊ ငါ့လိုစိတ်မာစမ်းပါဟဲ့ "
ဒေါ်လေးဥမ္မာက စကားပြောနေရင်း မီးပူဆက်တိုက်နေခဲ့သည်။
" ငါ အပျိုတုန်းက ချစ်ကြိုက်ခဲ့တဲ့ရည်းစားဦး ငါ့ကိုဘာမှမနူတ်ဆက်ဘဲ မလေးရှားထွက်သွားတာတောင် အဲ့ကောင်ကို ခုချိန်ထိမလွမ်းနေဘူး၊ ဒင်း အဲဒီမှာအိမ်ထောင်ကျသွားတယ်ကြားတော့လည်း အရည်တစ်စက်မှ မထွက်ခဲ့ဘူး ဟားဟား"
ဒေါ်လေးဥမ္မာက ရယ်မောလျက် ထဘီကိုသေချာပြန့်အောင်ဖြန့်ကာ မီးပူတိုက်နေခဲ့သည်။
" စိတ်မနုငယ်စမ်းပါနဲ့ ငါ့သမီးလေးရယ်၊ စိတ်သန်မာလာအောင် ရင့်ကျက်လာအောင် ကြိုးစားနော် ... ဘယ်သူ့ကိုမှ သံယောဇဉ်တွေမကြီးပါနဲ့ကွယ်၊ ခံစားချက်လည်း မပြင်းပါနဲ့ကွယ် "
သိမ်မွေ့စံနွယ်လည်း သူမ၏မျက်ရည်များကို လက်နှစ်ဖက်ဖြင့် သုတ်နေခဲ့သည်။
" သမီး အခန်းထဲမှာ ပြန်အလုပ်လုပ်လိုက်ဦးမယ် "
" အေးအေး "
ဤသို့ဖြင့် သိမ်မွေ့စံနွယ်လည်း ဒေါ်လေးဥမ္မာအနားကနေ ထွက်လာခဲ့သည်။ သူမအခန်းထဲသို့ရောက်သော် ရုံးမှပါလာသည့်အလုပ်များကို လုပ်ဖို့ပြင်ဆင်နေခဲ့သည်။
သူမသည် ပုဂ္ဂလိကတက္ကသိုလ်မှ စီးပွားစီမံခန့်ခွဲရေးဘွဲ့ရရှိထားသူဖြစ်ပြီး ယခုတွင် အလှကုန်ကုမ္ပဏီတစ်ခု၌ လက်ထောက်မန်နေဂျာလုပ်ကိုင်နေသည်။ ယခုလက်ရှိအသက်မှာ ၂၁ နှစ်ဖြစ်၏။ နေ့ခင်းဘက်ကနေ တောက်လျှောက် တစ်နေကုန်အလုပ်လုပ်ထားသဖြင့် သူမ၏ခါးနှင့်ဇက်ကြောများက တောင့်တင်းနေသည်။ အချိန်ကား ည ၁၂နာရီဖြစ်နေခဲ့ပြီ။ ထို့ကြောင့် သိမ်မွေ့စံလည်း အိပ်ရာဝင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
နောက်တစ်နေ့၏မနက်ခင်းသို့ ကူးပြောင်းခဲ့ချိန်တွင် နံနက် ၇ နာရီဝန်းကျင်၌ သိမ်မွေ့စံနွယ်က သူမ၏ကွန်ဒိုတိုက်ခန်းအောက်တွင် ရုံးဖယ်ရီကို လာကြိုမည်ကို စောင့်ဆိုင်းနေခဲ့သည်။ မကြာခင်တွင် ဖယ်ရီကားရောက်လာခဲ့သည်။ သူမလည်း ဖယ်ရီရောက်လာသည်နှင့်တစ်ပြိုက်နက် ထမင်းချိုင့်များ၊စာရွက်စာတမ်းဖိုင်များကို လက်နှစ်ဖက်အပြည့်ဆွဲကာ ဖယ်ရီကားပေါ်သို့ တက်သွားသည်။ ဖယ်ရီက မြို့နယ်အားလုံးရှိ ဝန်ထမ်းအကုန်လုံးကို လိုက်ခေါ်ရသဖြင့် သိမ်မွေ့စံနွယ်လည်း ကားပေါ်တွင် နားကြပ်ဖြင့် သီချင်းနားထောင်နေခဲ့သည်။
ရုံးရောက်သောအခါတွင်လည်း သူမ၏တစ်နေ့တာ ရုံးတာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ရသည်။ ဤသို့ဖြင့် နေ့လည်ထမင်းစားချိန်သို့ ရောက်ရှိခဲ့လေပြီ။ ထမင်းစားနေတုန်း သူမ၏Facebook acc က Newfeed များကို ကြည့်မိ၏။ ထို Newfeed များကို ဆက်တိုက်ကြည့်ရှုလာရာမှ ကြည့်ရှု့လာရာမှ shopping center တစ်ခုတွင် နာမည်ကြီးအဝတ်အစားbrand တစ်ခုမှ 40%discount ချနေသည့် post ကိုတွေ့ပြီးနောက် ဝယ်ချင်စိတ်များ တဖွားဖွားပေါ်လာ၏။ ညနေတွင် ဖယ်ရီနှင့်မလိုက်တော့ဘဲ သူမဘာသာ ထို shopping center တို့ သွားရန် ဆုံးဖြတ်ချက်ချခဲ့သည်။
ဤသို့ဖြင့် ညနေ ၅ နာရီ ရုံးဆင်းချိန်တွင် အဆိုပါ shopping center ဆီသို့ တက္ကစီငှားလာခဲ့သည်။ center သို့ရောက်သော် အကျီဆိုင်သို့သွားရန်ပြင်နေစဉ် သူမ၏ မျက်လုံးထောင့်မှ မမေ့နိုင်သော ပုံရိပ်တစ်ခုကို ဖြတ်ခနဲတွေ့လိုက်သည်။ ဇဝေဇဝါ ဖြစ်နေသော်လည်း ထွက်ပေါက်သို့ဦးတည်နေသော ထိုအမျိုးသား၏နောက်သို့ အမှီလိုက်ခဲ့သည်။
" ဟို ... ဟို .... နေပါအုံး "
အမျိုးသားမှာ လျှာထိုးဦးထုပ်အနက်ရောင်ကို ဆောင်းထားပြီး နေကာမျက်မှန်အညိုရင့်ရောင်တပ်ထားသည်။ အသားရောင်မှာမူ အသားအဖြူရောင်ဘက်မသွားဘဲ အဝါရောင်ဘက်သွားသည်။ တစ်နည်းအားဖြင့် အသားရေဝင်းဝါပြီး အသားရေလှသည်။ ဆံပင်အနည်းငယ်ကောက်သည်။ နှုတ်ခမ်းမှာ အပေါ်ပါးပြီး အောက်နည်းနည်းထူလျက် မျက်ခုံးများမှာ မည်းနက်ကာ ထူထပ်သည်။
မိနစ်အနည်းငယ်တွင်တွေ့လိုက်ရသော ထိုလူ၏ပုံစံက သူမ ၁၃ နှစ်သမီးအရွယ်တွင် တွေ့ခဲ့သော ကယ်တယ်ရှင် ဦးလေးကြီး နေဟန်မှိုင်းနှင့် အတော်တူလွန်းသည်။ ထိုစဉ်က သူ့အသက်မှာ ခန့်မှန်းခြေအရ ၂၀ ပတ်ဝန်းကျင်ရှိခဲ့လျက်။ ယခုတွင် ပြန်တွေ့ပါက ၃၀ နားကပ်နေပေမည်။ သို့မဟုတ် ၃၀ ကျော်နိုင်၏။ သို့သော် အရွယ်တင်နေသောကြောင့် ရုပ်မပြောင်းလဲသေးဘဲ ထိုအချိန်အခါက မျက်နှာပုံစံအတိုင်းရှိနေပါက ထိုသူမှာ ဦးနေဟန်မှိုင်းအစစ်ပင်။
အမျိုးသားသည် သူမအော်ခေါ်နေသည်ကို မကြားခဲ့ဘဲ center အပြင်ဘက်သို့ ရောက်သွားခဲ့သည်။ သိမ်မွေ့စံနွယ်လည်း ထိုသူနောက်မှ အသည်းအသန်ပြေးလိုက်ခဲ့သည်။ ထိုအမျိုးသားသည် အရပ် ၆ပေနီးပါးရှည်သလို ခြေလမ်းကြဲများဖြင့် လမ်းလျောက်မြန်လွန်းသဖြင့် သိမ်မွေ့စံနွယ်မှာ သူမ၏ခြေလှမ်းများကို ၂ ဆ အရှိန်မြှင့်တင်လိုက်ရသည်။
ဤသို့ဖြင့် လမ်းတစ်လမ်း၏အကွေ့နေရာတစ်ခု၌ အမျိုးသားက သူမ၏အော်ခေါ်သံကို သတိထားမိသွားခဲ့သဖြင့် နောက်လှည့်ကြည့်လိုက်ချိန်၌ သိမ်မွေ့စံနွယ်၏မျက်လုံးများနှင့် ထိပ်တိုက်ဆုံသွားခဲ့သည်။ သိမ်မွေ့ဆံနွယ်မှာ အမောတကောနှင့် ထိုအမျိုးသားနားသို့ ချည်းကပ်သွား၏။ အနားသို့ရောက်သည့်အခါ အသက်မြန်မြန်ရှူသွင်း၍ စကားပြောဖို့ ပြင်သည်။
" ဟို ... ဟိုလေ မျောက်မှန် အဲလေ မျက်မှန်လေးတစ်ချက်လောက် ချွတ် ချွတ်ပေးပါလားရှင် ... ကျွန်မရဲ့ဦးနေဟန်မှိုင်း ဟုတ်မဟုတ် အတည်ပြုချင်လို့ပါ ... ဦးနေဟန်မှိုင်းလားဟင် "
အမျိုးသားမှာ နေကာမျက်မှန်ကို မချွတ်သေးဘဲ ရပ်ကြည့်နေခဲ့သည်။ သူ တွေဝေနေစဉ်မှာ သိမ်မွေ့စံနွယ်က စကားထပ်ပြောသည်။
" ကျွန်မကို ကယ်ပေးခဲ့တဲ့ဦးလေး ဟုတ်မဟုတ် သိချင်လို့ပါ ... "
နေကာမျက်မှန်အောက်က အမျိုးသား၏မျက်လုံးများဟာ သူမလေးကို အံ့အားသင့်စွာ ကြည့်ရှုနေခဲ့လျက်။
' ဪ သူလေးတောင် အရွယ်ရောက်လာခဲ့ပြီ၊ ငယ်ရုပ်လေးတောင် နည်းနည်းပျောက်သွားသလိုပဲ၊ ပိုအသားဖြူပြီး ပိုချောလာတယ် ကလေးမက၊ ဒါပေမဲ့ မပတ်သက်တာ ကောင်းပါတယ်လေ၊ ဇာတ်လမ်းတွေရှုပ်လာမယ် '
" လူမှားနေပြီ ညီမ၊ ခွင့်ပြုပါဦး "
" ဟင် ဘာကို လူမှားရမှာလဲ ... ဒီအသံက ... ဒီအသံက ကျွန်မသိခဲ့တဲ့ဦးနေဟန်မှိုင်းအသံပဲရှင့် "
• ────── ✾ ────── •