ကတ်ကြေးများ(ဘာသာပြန် ဝတ္တုတို)

By KikoEmaska

33 0 0

Scissors by Karina Sainz Borgo More

စ-ဆုံး

33 0 0
By KikoEmaska


သူတို့ ကူကူးတားမြို့ကို နေ့လည်မှာရောက်တယ်။ အဖွားကလွဲပြီး အားလုံးဗိုက်ဆာနေကြပြီ။ အမယ်အိုဟာ ခုံကိုမှီပြီး ဘတ်စ်ကားရဲ့ မျက်နှာကျက်ကို စိုက်ကြည့်နေတယ်။ သူတို့ ဒီလိုခရီးထွက်လာတိုင်း အမယ်အို ဟာမီနီယားဟာ ဘာမှကို မစားတော့ဘူး။ သူ့သမီးနဲ့ သူ့မြေးမ သူ့ကို နယ်စပ်က လမ်းနံဘေးမှာ ပစ်ထားခဲ့မှာကို သူကြောက်တယ်။ သူဟာ ဆာလောင်မှုကို သူ့ရဲ့ ကာကွယ်မှုတစ်ခုအဖြစ် ပြောင်းလဲတတ်နေပါပြီ။ အရင်တုန်းက နယ်စပ်ကို တစ်လတစ်ခါလောက်သာ ကူးတဲ့သူတို့ဟာ အခုဆို တစ်ပါတ်တစ်ခါလောက် ကူးနေကြရတယ်။ မနက်ဝေလီဝေလင်းမှာထွက်ရင် ညနေစောင်းမှ ဒီဘက်ပြန်ရောက်တယ်။ တခါတစ်လေ ခရမ်းချဉ်သီးသုံးလုံးရယ် ဒါမှမဟုတ် အလွန်ဆုံးခံလှ နှစ်ရက်လောက်ရှိတဲ့ စပါဂတီခေါက်ဆွဲထုတ် တစ်ထုပ်လောက်ပဲ ရလာတတ်တာမျိုးရယ်။ စပါဂတီကို ဆားနဲ့ပြုတ်ပြီး မနက်ခင်း၊ နေ့လည်နဲ့ ညဘက် စားကြရတာပဲ။ သူတို့ ဘာရလာတယ်ဆိုတာထက် ခရီးတခါထွက်တိုင်း ဟာမီနီယာမှာ အရိုးတွေ နာတယ်၊ ကိုက်ခဲတယ်။

"မာမားရယ် လိုက်မလာဖို့ပြောတာလည်း ဘယ်တော့မှ နားမထောင်ဘူး"

အမယ်အိုကြီးဟာ သူ့ရဲ့ကြောက်စိတ်ကို ဆေးရွက်ကြီးဝါးသလိုမျိုး ကြိတ်ဝါးပြီး "အင်း" လို့သာ ချွဲသံပါပါနဲ့ တုန့်ပြန်တယ်။

သူ့သမီး ကောရာလီယာ က "အမေဟာလေ မြည်းလိုပဲ သိပ်ခေါင်းမာတယ်" လို့ သူ့အိတ်ထဲ ဟိုဟိုသည်သည် ဖွပြီးပြောတယ်။

အမယ်အိုဟာ သူ့သမီးကို ဘာမှပြန်မပြောပဲ သူ့မြေးဖြစ်သူ မီလာဂရိုစ် Milagros ကို သိမ်းထားတာကြာပြီဖြစ်တဲ့ သကြားလုံးနဲ့ တစ်ရှုးထုပ်လေးကို ကမ်းပေးလိုက်တယ်။ သူ့ဆီမှာ ဒါကလွဲပြီး တခြားဘာမှမရှိတော့ပါဘူး။ လိမ္မော်သီးအသေးတွေက ကပါချို ဗီရဲဂျို Capacho Viejo မရောက်မှီကတည်းက စားလိုက်ကြတာ ကုန်ပြီ။

"ငါအိမ်မှာနေခဲ့တော့ရော။ ငါဘာလုပ်ပေးနိုင်မှာမို့လဲ" လို့ ဟာမီနီယာ က တိုးတိုးလေးပြောတယ်။
"နင်တို့တွေပြန်မလာတော့ပဲ ငါ့ကို ပစ်ထားခဲ့ကြမှာမဟုတ်လား။ "

"မာမားရယ် မဟုတ်တမ်းတရားတွေ မပြောစမ်းပါနဲ့"

ဟာမီနီယာဟာ ဒီခရီးတွေကို သူ့သက်တမ်းတလျှောက်ကျင့်သားရနေပြီဖြစ်တဲ့ အကောင်းမြင်စိတ်နဲ့ ဖြတ်ကျော်တယ်။ သူဟာ အသွေးထဲအသားထဲက တာချီရာ Táchira အမျိုးသမီးစစ်စစ်တစ်ယောက်။ စကားပြောရင် တောင်အမေရိကသံဝဲတယ်။ ခြေသလုံးတွေက သန်မာတယ်။ ဆံပင်ကို သပ်သပ်ရပ်ထုံးထားတတ်တယ်။

အရင်တုန်းက သူ့ကိုမြင်ဖူးသူတွေဟာ အခုသူ့ကို ပြန်တွေ့ရင် မှတ်မိမှာကို မဟုတ်ဘူး။ နှစ်တွေကကြာခဲ့ပြီလေ။ သူဘယ်လောက်တောင် ပိန်သွားလဲဆိုရင် သူ့မျက်နှာဟာ လေလျော့နေတဲ့ ပူဘောင်းတစ်လုံးလို ချုံးချုံးကျနေခဲ့ပါပြီ။

ဘဝကိုယ်နိုင်နိုင်နင်းနင်း ဇာတ်ကိုင်နိုင်ခဲ့ချိန် နဲ့ ယှဉ်လိုက်ရင် ယိုယွင်းသွားတဲ့ အခြေအနေကို ရောက်ရှိနေခဲ့ပါပြီ။ အရီပါ Arepa မျက်နှာလို့ အိမ်နီးနားချင်း ကလေးတွေ ခေါ်တတ်ကြတဲ့ မျက်နှာလည်းမဟုတ်တော့ပါဘူး။ အရီပါ မျက်နှာလို့ခေါ်ကြတာက ဟာမီနီယာရဲ့ မျက်နှာဟာ သူဖုတ်တဲ့ ပြောင်းဖူးကိတ်မုန့်နဲ့တူလို့ခေါ်ကြတာ။

သူ့မှာ မုန့်ဖုတ်ရုံလေးအရင်ကရှိပါတယ်။ အပျော်လာတဲ့ စစ်သားတွေ မီးတင်ရှို့လိုက်တာမှာ ရှိသမျှအကုန်ပါသွားခဲ့တယ်။ ဘယ်သူကမှ ပြန်မလျော်ပေးခဲ့ကြဘူးလေ။ အဲဒီအချိန်ကစပြီး သူ့ဘဝကမ်းဟာ ပြိုကျခဲ့တော့တာပါပဲ။

သူဟာဘယ်တော့မှ အမည်းရောင် ဝမ်းဆက်ဝတ်လေ့မရှိဘူး။ လူတွေကတော့ပြောကြပါရဲ့။ သူ့မျက်နှာက မွေးရာပါ မုဆိုးမတစ်ယောက်ရဲ့ မျက်နှာမျိုးတဲ့လေ။ အဖွားကြီးတစ်ယောက်ဖြစ်နေရတာမလွယ်ကူပါဘူး။ ဒါပေမယ့် ညည်းညူနေလို့ ဘာထူးမလဲ။

သူ့အမေလဲ မညည်းခဲ့ဘူး။ သူ့အဖွားဖြစ်သူလည်း မညည်းခဲ့ဘူး။ ဒီတော့သူလည်း ညည်းညူနေမှာမဟုတ်ပါဘူး။

"သမီးနဲ့မား(အမေ)တို့ သွားတုန်းကလေးကို ကြည့်ပေးထားပါ အဘူအယ်လာ(အဖွား)ရေ" လို့ သူ့မြေးဖြစ်သူက ပြောတယ်။

"ဒီနေရာမှာပဲနေ။ ဘယ်မှမသွားနဲ့နော်၊ သိလား"

"အေးပါ မီစာ(သမီး)ရယ်။ ငါသိပါတယ်" လို့ ဟာမီးနီးယားက ချွဲသံနဲ့ပြောပြီး ကလေးကို လက်ပြောင်းချီလိုက်တယ်။ ကလေးကို ကြည့်ပေးရတာက သူ့အတွက်မပင်ပန်းပါဘူး။ ဒါပေမယ့် ကလေးနဲ့ ရှိနေရင် သူတို့ ဘာပဲဖြစ်ဖြစ်ပြန်လာကြမှာပဲ။

အမီနီယာအတွက်တော့ ကလေးဟာ အသက်အာမခံလိုပါပဲ။

သူ့ကို လုံခြုံစေတယ်လေ။ သူကြားဖူးတာတွေရှိပါတယ်။ တချို့မိသားစုတွေ အပြီးအပိုင်ပြောင်းသွားကြရင် လူအိုတွေကို ချန်ထားခဲ့ကြတယ်ဆိုတာမျိုး။

ဆေးရုံအပေါက်ဝ မှာ ရေတဗူးလက်ထဲထည့် စောင်တစ်ထည်ပတ်ပေးပြီး ထားခဲ့ကြတာမျိုး။ လူအိုတွေ နယ်စပ်မှာ သေကြတာအဲဒါမျိုးပေါ့။

သူတို့ကလေးတွေ ဘယ်တော့ပြန်လာမလဲ တချိန်လုံးမေး၊ အကြောက်လွန်ပြီး သေကြတာပါပဲ။

-
အမယ်အိုဟာ ကောင်းကင်ကြီးကို ကြည့်ပြီး မိုးကြိုးပစ်ချလိုက်ချိန်မှာ ဆန်တန်ဒါ (Santander) ဥယာဉ်ကြီး ပျောက်သွားလေမလားတွေးနေမိတယ်။ ဒီလိုအချိန်ဆို ဒီနေရာဟာ ခိုတွေရယ် "လိုက်ဆွဲတဲ့လူတွေ (ဒရပ်ဂါ)" တွေနဲ့ အပြည့်ပဲ။ ပစ္စည်းအလဲအထပ် လိုက်လဲတဲ့သူတွေပေါ့။ အလုပ်ဖြစ်နိုင်တယ်ထင်တဲ့လူတွေ လက်ကို လိုက်ဆွဲတတ်လို့ ဒရပ်ဂါ (dragger) လို့ လူတွေက သူတို့ကို နာမည်ပေးထားကြတာ။

ခိုတွေလိုပါပဲ။ ဒရပ်ဂါတွေဟာ ကြည့်မကောင်းရှုမကောင်း၊ ယင်ကောင်တလောင်းလောင်းနဲ့ပါ။ ခိုတွေဟာ စားစရာ ပေါင်မုန့်တွေ မရှိလို့ စီးကရက်တိုတွေကို လိုက်ဆိတ်နေကြရသလို ဒရပ်ဂါတွေဟာလည်း အံဆုံးသွားကိုတောင်မှ ပီဆိုငွေအနည်းငယ်နဲ့ လဲရင် လဲမယ်ဆိုတဲ့ လူမွဲတွေိကို ခိုတွေလို လိုက်ရှာနေတတ်ကြပါတယ်။

ကောရာလီယာ နဲ့ မီလာဂရို့စ်တို့နှစ်ယောက် မြို့ထဲရောက်သွားကြတယ်။ လို့စ်ဂရေးရို့စ် Los Guerreros ဆံသဆိုင်ကို ရောက်ဖို့ ဆယ်မိနစ်လောက်လမ်းလျှောက်ကြရပါတယ်။ နေရာက ညစ်ပတ်နေတာပါပဲ။ ၁၉၈၀ ခုနှစ်ဝန်းကျင် မဂ္ဂဇင်းတွက စာရွက်တွေကိုကပ်ထားတယ်။ ဆံပင်ပုံနမူနာတွေ၊ ခရမ်းရောင် မျက်ခွံဆိုးဆေးတွေ၊ ဘက်တီးရီးယားအဆင်နဲ့ ကုတ်အင်္ကျီတွေ၊ ခေတ်မမှီတော့တဲ့ အင်္ကျီတွေက ဆိုင်ထဲမှာအပြည့်ပါပဲ။ ဆိုင်တံခါးဝအထိ လူတွေတန်းစီနေကြပါတယ်။ ဆံပင်ပုံသွင်းဖို့တော့ မဟုတ်ပါဘူး။ ဆံပင်ရောင်းဖို့ပါ။

သူတို့အလှည့်ရောက်တော့ "မင်းဆံပင်ကို ပီဆို ခြောက်သောင်းပေးမယ်။ မင်းအမေ ဆံပင်ကတော့ အဲလောက်ရမှာမဟုတ်ဘူး။" လို့ အမျိုးသမီးကြီးက ပြောပါတယ်။ အမေဖြစ်သူ ကောရာလီယာက "ကွျန်မဆံပင်လည်း ရှည်တာပဲဟာ" လို့ပြောတော့ "အရောင်မွဲနေပြီ။ ငါတို့ဆိုင်မှာတင်တဲ့ ဆံပင်တုတွေက ကွာလတီအကောင်းစားတွေပဲတင်တာ" လို့အမျိုးသမီးကြီးက ပြန်ပြောပါတယ်။

ကောရာလီယာဟာ သူ့ခေါင်းကိုငုံ့လိုက်ပါတယ်။ ဆံပင်ညှပ်ဆရာက သူ့ဆံပင်ကို လက်ကြားထဲ ပွတ်ကြည့်လိုက်ပြီး "ခြောက်ပြီး ဗီတာမင်ချို့တဲ့နေတယ်။ အဖျားတွေကလည်း ဖွာနေသေးတယ်။" လို့ပြောပါတယ်။

"ကဲအဲဒါဆို ရှင်တို့ ယူမှာလားမယူဘူးလား" လို့ ကောရာလီးယားကပြောတော့
"အရှည်တစ်အုံလုံး ရောင်းမယ်ဆိုရင်တော့ ပီဆို နှစ်သောင်းပေးမယ်။" "စျေးကောင်းပေးတာနော်"

အဲဒီမှာ မီလာဂရို့စ်ကဝင်ပြောတယ်။ "အမေရယ် သမီးရဲ့ ခြောက်သောင်းနဲ့ ပေါင်းလိုက်ရင် ရှစ်သောင်းရမှာ။ မဆိုးပါဘူး အမေရဲ့"

"မဆိုးတာမဟုတ်ဘူး သမီးရဲ့ ကောင်းကိုမကောင်းတာ"

"ကဲ အမိတို့ တခြားနေရာမှာသွားပြီး ရောင်းချင်မရောင်းချင်သွားစဉ်းစားကြ။ မင်းတို့ စဉ်းစားနေတာကို မတ်တပ်ရပ်ပြီး စောင့်ပေးနေဖို့ အားမနေဘူး"

"ကျွန်မက ရောင်းချင်ပါတယ်။ သူမရောင်းဘူးဆိုရင်တောင် ကျွန်မရောင်းပါ့မယ်ရှင်" လို့ မီလာဂရို့ကပြန်ဖြေပါတယ်။ သူတို့လာခဲ့တာ အချည်းအနှီးမဖြစ်ချင်ဘူးလေ။

အမျိုးသမီးကြီးက "ကဲ အဲဒါဆို ဒါခြုံလိုက်" လို့ပြောပြီး အမည်းရောင်ခြုံဘဘက်ကိုကမ်းပေးလိုက်ပါတယ်။

"သမီးရယ် သမီးဆံပင်ကို တကယ်ညှပ်ပစ်တော့မှာလား" လို့ ကောရာလီယာက ခပ်တိုးတိုးလေးပြောပါတယ်။ "ဆံပင်ပဲအမေရယ်။ သမီးခေါင်းပေါ်မှာရှိနေလို့ စျေးထဲက ပစ္စည်းတွေ အလကားရနိုင်တာမှ မဟုတ်ပဲ"။ ကော်ရာလီယာဟာ သူ့သမီးကို ဥမင်လှိုင်ဂူရဲ့ တစ်ဘက်မှာ စောင့်နေရသဖွယ် ခံစားနေရပါတယ်။ ပြီးတော့ သူ့ဆံပင်ကိုလည်း ကျစ်ဆံမြီးကျစ်လိုက်ပြီး ခုဏက စျေးနှိမ်တဲ့ အမျိုးသမီးကြီးကို သွားပြန်ရှာတယ်။ မကြာမှီမှာပဲ ဆိုးဆေးဗလပွနဲ့ ခြုံသဘက်ကို ကိုင်ပြီးပြန်ရောက်လာတယ်။ သူ့သမီးဘေးနားမှာ ဝင်ထိုင်လိုက်တယ်။

သူတို့ရှေ့မှာ လူဆယ့်နှစ်ယောက်လောက် ရှိပါတယ်။ ဆံသဆိုင်နဲ့ မတူပါဘူး။ ကတုတ်ကျင်းတစ်ခုနဲ့သာ ပိုတူတယ်။ မှန်လည်းမရှိ လက်ဆေး ဘေဆင်လည်းမရှိပါဘူး။ အမျိုးသမီးတွေဟာ သူတို့ ဆံပင်ညှပ်ခံဖို့ ပလတ်စတစ်ထိုင်ခုံတွေပေါ်မှာ တန်းစီပြီး ထိုင်စောင့်နေကြရတာပါ။

ဆံပင်ညှပ်ဆရာတွေကလည်း နာမည်ခံရုံသက်သက်။ ဆံပင်ကို ဖြတ်ချလိုက်မယ်။ ဒါပဲ။ ဘီးကိုကိုင်ပြီး ရှုပ်နေရင် နဲနဲပြန့်သွားအောင်လုပ်မယ်။ ပြီးရင် ကတ်ကြေးကို ထိုးသွင်းလိုက်မယ်။ ဦးရေပြားနဲ့ ကပ်နိုင်သမျှကပ်နေအောင် ညှပ်မယ်။ တစ် စင်တီမီတာတောင်မှ ပြန်ပါမသွားစေရဘူး။ သူတို့ အလှည့်ရောက်လာတော့ ဆံပင်နဲ့ ဓားသွားတွေထိသွားတဲ့ အသံကို အမေရော သမီးပါ အလွတ်ရနေသလိုမျိုး ခံစားလိုက်ကြရပါတယ်။

ချက်ကနဲ ချက်ကနဲ။ ဖြတ်ချလိုက်ပြီ။ ပိုက်ဆံပေးနိုင်သူ ဘယ်သူမဆိုအတွက် ဆွဲနုတ်ခံလိုက်ရပါပြီ။ ထထွက်ပြေးပြီး ငိုပစ်လိုက်ချင်ပေမယ့် သူတို့နှစ်ယောက်စလုံး ငြိမ်ငြိမ်လေးပဲစောင့်နေလိုက်ကြပါတယ်။

အမယ်အိုကြီး ဟာမီနီယာ ဟာ စိတ်တွေဂယောင်ခြောက်ခြားဖြစ်နေပါပြီ။ ခြောက်နာရီထိုးတော့မယ်။ နေလုံးကြီးက နယ်စပ်မြို့ရဲ့ ညနေမှာ ဝင်စပြုပြီ။ ကလေးကတော့ အငိုလွန် ပင်ပန်းပြီး အိပ်သွားပြီ။ ဆာလောင်တယ်ဆိုတာ အဲဒီလိုပါပဲ။ ကျင့်သားရသွားရင် ဘာမှမသိတော့ဘူး။ ထုံသွားရော။ ရှိနေခဲ့တဲ့ အရာတွေ အကုန်လုံးပျောက်ကွယ်သွားကြပြီး အမယ်အိုကြီးနဲ့ ခိုတွေသာ ကျန်ရစ်တယ်။

ခဏနေတော့ ကောရာလီယာနဲ့ မီလာဂိုရပ်စ် ကိုလှမ်းမြင်ရတယ်။ သူတို့ အဝတ်အစားတွေကို မှန်းကြည့်ပြီး သူသိတာပါ။ အဝေးကကြည့်ရင်ကို သူတို့နှစ်ယောက်စလုံး ပိန်ချုံးပြီး နွမ်းပါးလွန်းလှပါတယ်။ အချိန်မတန်သေးမှီကို အိုစာနေကြပါပြီ။ အမယ်အိုဟာ မျက်မှန်ကို အင်္ကျီနဲ့ပွတ်ပြီး သူတို့ကို မြင်ချင်ဇောနဲ့ သေချာကြည့်ပါတယ်။ ကော်နာလီယာမှာ ဆံပင်မရှိတော့ဘူး။ မီလာဂိုရပ်စ်ကတော့ အမွေးအမြင်နည်းလှတဲ့ ကြက်ပိန်ပိန်လေးလိုပဲ။ သူတို့ကို ကြည့်ရတာ စစ်တလင်းက ပြန်လာပုံနဲ့ ပိုတူတယ်။ စျေးကပြန်လာပုံမဟုတ်ဘူး။ လက်ထဲမှာက ပါစတာ အိတ်နှစ်အိတ်ပါလာတယ်။ ပြီးတော့ ကျောပိုးအိတ်ထဲကို တိတ်ဆိတ်စွာနဲ့ပဲထည့်လိုက်ပါတော့တယ်။

Scissors
Karina Sainz Borgo
Translated from the Spanish into the English by Elizabeth Bryer

စာဖတ်သူများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
မြန်မာပြန် - ကီကို

Continue Reading

You'll Also Like

117K 17.5K 91
Short Story and Os book Cover credit: @sidnaaz_alaxy
22.2K 1.2K 7
မိထွေးရဲ့သားကို ချစ်မိသွားပြီ BL Fiction shorts stories လေးပါ။
141K 236 25
Compilation of the Best Stories on Literotica
Fate By v xxxiri v

Short Story

19.6K 1.3K 11
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝙰 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍, 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆...