လူ။”
စိမ့်။
အပိုင်း (၁၄)
“ကိုပြောတာကို ဆုံးအောင်နားထောင်ပါဦး။ အခုလို ကိစ္စတွေ ဖြစ်ခဲ့ရတဲ့ အထဲမှာ တာဝန်အရှိဆုံးသူက ကိုပဲ မဟုတ်ဘူးလား။ ဒါ့ကြောင့် ကျန်တာတွေ မတွေးပဲ စိမ့် လက်ခံပေးပါ။”
စိုင်းကိုက စိမ့်လက်ကို ကိုင်ကာ ခုနငွေတွေကို ပြန်ထည့်ပေးတာမို့ စိမ့်ခေါင်းကို အသာငြိမ့်လိုက်ရင်းက
“အဲဒီ့လောက်ကြီး အကြွေးတစ်ခုလို မမှတ်ထားပါနဲ့ တကယ်ဆို ကိုစိုင်းကလည်း စိမ့်အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးနဲ့တင် လုံလောက်နေပါပြီ။”
“အော် အဲဒါတစ်ခုထဲမှ မဟုတ်တာ စိမ့်ရာ။ စိမ့်ကို ကို တာဝန်ယူတယ်ဆိုတာ ချစ်လို့လဲ ပါတယ်။ ဒါကတော့ စိမ့် စဉ်းစားပေးပေါ့။ လက်ခံရမယ်လို့ ကိုမဆို လိုပါဘူး။ လက်ခံပေး နိုင်ရင်တော့ ကို ပျော်မိမှာပါ။”
“အက်လယ့်။”
စိုင်းကို စကားကို ကြားတော့ မျိုးသက် ထရီလိုက်ကာ အက်လယ့်လို့ ပြောလိုက်မိပါတယ်။ တကယ်တော့ ရင်ထဲစို့နင့်သွားတာကို မရရအောင် ဟန်ဆောင်ပြီး ဖျောက်ဖျက်လိုက်တာပါ။
“မင်း ငြိမ်ငြိမ်နေ။”
“နေကြပါဦး။ ကလေးတွေ ကြနေတာပဲ စကားနိုင်ပဲလုနေကြတာ။”
“လူချင်းချတော့ကော ဒီကောင်နိုင်မှာမို့လို့လား။”
“ချနိုင်တာ တစ်ခုတော့ ရှိတယ် စမ်းကြည့်မလား။ နာမည်ကို မျိုးသက်နော်။ အသက်ပါ တစ်ခါထဲ ထွက်သွားမယ် ဟင်းဟင်း။”
“ဟေ့ကောင်။”
“ကဲ…..။ နေကြပါဦး ဆိုမှ ပိုဆိုးနေပြန်ပြီ။”
စိုင်းကိုကော မျိုးသက်ပါ ပြန်ပြီး ငြိမ်ငြိမ်ထိုင်လိုက်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက်ဘုကြည့်ကြည့်နေပြီးမှ မျက်နှာကို နှစ်ယောက်စလုံး တစ်ပြိုင်ထဲ လွှဲလိုက်ကြပါတော့တယ်။
“မလိုဘူးလို့ ပြောမှာကို သိပေမယ့် ရင်ထဲမှာ ပြောလိုက်ရမှ ကျေနပ်မှာမို့ ပြောခွင့်ပြုပါ။ အစ်ကိုကော ကိုစိုင်းပါ စိမ့် အရမ်းကျေးဇူးတင်ပါတယ်။ အစစအရာရာ ဖေးမကူညီပေးကြတဲ့ အတွက်ပေါ့။”
နှစ်ယောက်စလုံး ခေါင်းတွေ ငြိမ့်လိုက်ကြပါတယ်။ ပြီးတော့ စိမ့် ဘာဆက်ပြောမလဲ ဆိုပြီး စိမ့် မျက်နှာကို ငေးကြည့်နေကြပါတယ်။
“ဒီအိမ်လေးက ငှားနေတာ ဆိုပေမယ့် အဖိုးနဲ့ ညီမလေး နောက်ဆုံးနေခဲ့တဲ့ နေရာမို့ စိမ့် ဒီအိမ်လေးမှာပဲ ဆက်နေသွားပါမယ်။ အစ်ကို ဖွင့်ပေးတဲ့ အသုပ်ဆိုင်လေးကိုလည်း စိမ့်တစ်ယောက်ထဲ ဆက်ရောင်းမယ်။ စိမ့်ကို ဘယ်သူမှ ထောက်ပံ့ပေးဖို့ မလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရေရှည်မှာ အဆင်မပြေတာမို့ အခုထဲက ပြောထားတာပါ။ အကူညီ လိုအပ်တဲ့ အခါတော့ အစ်ကိုတို့ကို စိမ့်ပြောပါ့မယ်။”
“တစ်ခုတော့ ရှိတယ်စိမ့် တစ်ခါထဲ ပြောထားမလို့။”
“ဟုတ် ပြောပါ ကိုစိုင်း။”
“ဒီအိမ်ကို ကို စရံချပေးထား ပြီးပြီ။ မအားသေးလို့ စာချုပ်မချုပ်ရသေးတာ။ စိမ့်နာမည်နဲ့ပဲ ဝယ်ထားတာ။ အဲဒါတော့ လက်ခံရမယ်။ မငြင်းရဘူး။”
“စိမ့် ကျသင့်သလောက်ကို နဲနဲချင်းပြန်ပေး သွားပါ့မယ်နော် ကိုစိုင်း။”
“မလိုဘူး မလိုဘူး အဲဒါကို မလိုချင်တာ။ တခါထဲ ပြောပြီးသားနော် စိမ့် ဒီတစ်ခုတော့ လက်ခံပေးပါ။”
“နဲဲနဲတော့ များနေပြီ။”
“မင်းလုပ်ပြန်ပြီ။”
စိမ့် သက်ပြင်းကို အသာချလိုက်ရင်းက ခေါင်းကို ငြိမ့်လိုက်ရပါတော့တယ်။ ဒီအိမ်လေးကိုတော့ စိမ့် လက်မလွှတ်ချင်တာ အမှန်ပါပဲ။ အတိတ်ဆိုးတွေ ရှိနေသလို အဖိုးနဲ့ ညီမလေးရဲ့ အငွေ့အသက်တွေလည်း ဒီအိမ်လေးမှာ ရှိနေတာ အမှန်ပဲလေ။
“စိမ့် အိမ်မှာ တစ်ယောက်ထဲနေလို့ အဆင်ပြေရဲ့လား။”
“ဘာလဲ မင်းကလာနေချင်လို့လား။”
မျိုးသက် အမေးကို စိုင်းကိုက ဝင်ပြောလိုက်တာမို့ မျိုးသက် စိုင်းကိုဖက်လှည့်ကာ မျက်လုံးပြူးပြလိုက်ပါတယ်။
“နေရဲပါတယ် အစ်ကိုရ။ အစ်ကိုတို့လဲ ရက်တွေ အများကြီး နေပေးပြီးပြီဆိုတော့ ဒီညတော့ ပြန်လိုက်ပါတော့။ အိမ်တွေက စိတ်ပူနေပါ့မယ်။”
“ကို့ အိမ်က စိတ်မပူဘူး စိမ့်ရ။ ကိုက တစ်ယောက်ထဲနေတာလေ။ ဒယ်ဒီတို့က တစ်အိမ် သူ့အလုပ်နဲ့သူတောင် အားတာမဟုတ်ဘူး။ ဒီညတော့ ဒီမှာပဲ အိပ်လိုက်မယ်။”
“ကိုကလဲ အမေ့ကို ခွင့်တောင်းထားပြီးသား ဒါဆို ဒီည ကိုလဲ မပြန်တော့ဘူး။”
“ပြန်ပါ ငါတစ်ယောက်လုံး ရှိနေတာပဲကို။”
“မင်းကို စိတ်မချလို့ကို မပြန်တာ။”
“မင်းတော့ နာတော့မယ်။”
“ကဲပါ အဲဒါဆို နှစ်ယောက်စလုံး ဒီည ဘုရားစင်ရှေ့မှာ အတူအိပ်ကြပေါ့။ အ့လိုကော ရလား။”
စိမ့် စကားကြောင့် စိုင်းကိုနဲ့ မျိုးသက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကာ မျိုးသက်က
“ကိုက ရတယ်။ သူမရရင် သူ့ဖာသူ အိမ်ပြန်အိပ်ပေ့စေ။”
“ငါကကော ဘာလို့ မရရမှာလဲ။ မပြန်ဘူး ဟေ့ကောင်။”
“အဲဒါဆို ညစာကို တစ်ခုခု ဝယ်စားကြမယ်။ အစ်ကို တို့ ဘာစားချင်လဲဟင် စိမ့်သွားဝယ်ပေးမယ်။ ဟင်းတော့ မချက်ချင်တော့ဘူး။”
“ဟာ စိမ့် ပင်ပန်းနေတာကို မချက်ပါနဲ့ ကို စီစဉ်လိုက်မယ်။ နှစ်ယောက်စာပဲလား။”
စိုင်းကို စကားကြောင့် စိမ့် မျက်လုံးပြူးသွားကာ
“ဟင် သုံးယောက်လေ ကိုစိုင်းရဲ့။”
“ရတယ် နေပေ့စေ မစားဘူး။”
“စိတ်ကောက်ပြန်ပြီ ဟား ဟား ဟား။”
အတော်လေးကြတော့ စိုင်းကို တပည့်တစ်ယောက် စားစရာတွေ လာပို့တော့ စိမ့်က ပြင်ဆင်ကာ စားကြပါတယ်။ မျိုးသက်က ကြာဇံကြော် ပန်းကန်ထဲက ကြက်အသည်းဖတ်လေးကို စိမ့်ပန်းကန်ထဲ ထည့်ပေးကာ
“စိမ့် အသည်းကြိုက်တယ်မလားစား။”
“ဟုတ်ကျေးဇူးအစ်ကို။”
“အော် အလှူ့လဖက်တောင် မစားရတာ ကြာပြီ။”
စိုင်းကို စကားကြောင့် မျိုးသက် ကိုင်ထားတဲ့ ဇွန်းကို ပန်းကန်မှာ ချကာပေစောင်းစောင်းလှမ်းကြည့် လာပါတယ်။ စိမ့်ကတော့ ထပြီး ရီလိုက်မိပါတယ်။ ဒီနှစ်ယောက်နဲ့တော့ ကြာရင် စိမ့်လဲ ရူးမယ်ထင်ပါရဲ့။
“စား စား အေးဆေးစား အလှူမှာကျွေးတဲ့ လဖက်လေး မစားရတာ ကြာတော့ သတိရလို့ ဟင်း။”
“ညကျရင် ရေနွေးကြမ်းနဲ့ လဖက်လေး သုပ်ကျွေးမယ်လေ အစ်ကို စကားပြောရင်း စားကြတာပေါ့နော်။”
“စိမ့် လက်ရာဆို ကြိုက်ပြီးသား။”
“ပါးပေါ်သာ တင်ပေးလိုက် လက်ရာကို။”
မျိုးသက် စကားကြောင့် စိမ့် ခွီးခနဲ မြည်အောင် ထရီလိုက်မိပါတော့တယ်။ ကလေးတွေ ကြနေတာပဲ အမြဲရန်ဖြစ်နေတာ အဲဒါကြောင့် အတူအိပ်ရအောင် တမင် အိပ်ခိုင်းလိုက်တာ။ သူတို့ ရန်ဖြစ်ကြပေမယ့် စိတ်ဆိုး ဒေါသဖြစ်တာတွေ ရန်လိုခြင်းတွေ မပါဘူးဆိုတာ စိမ့်မြင်နေရပါတယ်။ ညဖက်ရောက်တော့ လဖက်သုပ်စားရင်း စကားစမြည်ပြောပြီး ဘုရားစင်ရှေ့မှာ စိမ့်က အိပ်ယာခင်းပေးလိုက်ပါတယ်။
“အစ်ကိုတို့ ခြင်ထောင်နဲ့ဆို မလွတ်လပ်မှာ စိုးလို့ ခြင်ဆေးပဲ ထွန်းပေးထားမယ်နော်။ ရတယ် မဟုတ်လား။”
“အွန်း ရတယ်စိမ့်။”
“အဲဒါဆို စိမ့်လဲ နားတော့မယ်နော်။”
“နားနား စိမ့် ကိုလဲ အိပ်တော့မာ။”
ပြောပြီး စိုင်းကိုက အိပ်ယာပေါ် လှဲချလိုက်ပါတယ်။ စိမ့်က အခန်းထဲမဝင်ခင် မီးတွေပိတ်ကာ ညအိပ်မီးလေးပဲ ဖွင့့်ထားလိုက်တာမို့ ပြာလဲ့လဲ့မီးရောင်လေး အောက်မှာ ဖုန်းထိုင်နှိပ်နေတဲ့ မျိုးသက်ကို စိုင်းကိုက
“မင်းမအိပ်သေးဘူးလား။”
စိုင်းကို မေးလိုက်မှ မျိုးသက် ဘေးမှာဝင်လှဲလိုက်ရင်း ဖုန်းကိုဘေးနားချကာ စိုင်းကိုဖက်လှည့်ပြီး လေသံခပ်တိုးတိုးနဲ့
“မအိပ်သေးဘူး (၁၂) နာရီထိုးတာ စောင့်ဦးမယ်။”
“ဘာလုပ်ဖို့လဲ။”
“ဒီနေ့ ရက်လည်လေ။ ဝိညာဉ်တွေ လာနှုတ်ဆက်တက်တယ် ဆိုလို့ စောင့်ကြည့်မလို့။”
“ဟင်။”
ပါးစပ်ကလဲ ပြောကာ လူက မျိုးသက်ဖက်ကို တိုးလာတဲ့ စိုင်းကို ကိုကြည့်ရင်း
“မကြောက်ပါဘူး။ အောက်က ခုလုခုလု ဖြစ်နေလို့။”
“ည (၁၂) ထိုးလို့ ခွေးတွေ အူပြီဆို သူတို့လာကြပြီတဲ့။ ပြီးရင် သူတို့ နှုတ်ဆက်တဲ့ အကြောင်း လူတွေသိအောင် တနည်းမဟုတ်တနည်းနဲ့ ပြတယ်လို့ပြော ကြတယ်။”
အနီးကပ်မို့ ရှုံ့မဲ့ သွားတဲ့ စိုင်းကို မျက်နှာကို ကြည့်ရင်း မျိုးသက်ခွိခနဲရီလိုက်မိပါတယ်။
“လူကြည့်တော့ ဂိုဏ်းစတားလိုလို ဖိုက်တာကြီးလိုလိုနဲ့ သရဲကြတော့ ကြောက်တက်လိုက်တာ ခွိခွိ။”
“လူက မြင်ရတယ်။ မင်းကြီးတော် သရဲက မြင်ရတဲ့ ကောင်တွေ မဟုတ်ဘူးလေ။”
စိမ့်ကြားသွားရင် အားနာတာမို့ နှစ်ယောက်သား ကပ်ခါ တိုးတိုးနဲ့ ပြောနေကြတာလေ။ မျိုးသက် ဖုန်းကို ပြန်ဖွင့်ကာ ဂိမ်းထဲဝင်ကာ ဂိမ်းနှိပ်နေတော့ စိုင်းကိုကလည်း ဖုန်းကို ဖွင့်ကာ ဟိုကြည့်ဒီကြည့်လုပ်လိုက် စာတွေပို့လိုက်လုပ်နေပါတယ်။ အတော်ကြာတော့ စိုင်းကို ဖုန်းကို ပြန်ပိတ်လိုက်ပြီး အိပ်ပါတော့ တယ်။ ဒါပေမယ့် အိပ်မပျော်လို့ ထင်တယ် ဟိုဖက်လှည့်လိုက်ဒီဖက်လှည့်လိုက်နဲ့။ ခက်တာက ဟိုဖက်လှည့်လည်း သူ့ကျောကို မျိုးသက်နဲ့ ကပ်ထားပြီး ဒီဖက်လှည့်ပြန်တော့လည်း သူဒူးခေါင်းနဲ့ ပေါင်ကို ကပ်ထားတာပါ။
“ဘယ်လို ဖြစ်နေတာလဲ ငြိမ်ငြိမ်မအိပ်ဘူး။”
“မင်း ဖုန်းကြီးက လင်းနေတာကိုး။ အိပ်လို့မှ မရတာ။ တော်ပြီ ပိတ်လိုက်တော့။”
“မရဘူး။ ဒီမှာ တိုက်နေတုန်းတန်းလန်းကြီး။”
“ဟမ်။”
ဟမ် ဆိုပြီး စိုင်းကို တစ်နေရာကိုလှမ်း ကြည့်လိုက်တာ တွေ့တော့ မျိုးသက် ချက်ခြင်းပဲ
“ဂိမ်းတိုက်နေတာဟ့ လခွမ်း။ နေဦး ဒီတစ်ပွဲပြီးမှ ရမယ်။”
“အေး ပြီးရော။ မြန်မြန်လုပ်။”
မျိုးသက် ဂိမ်းတိုက်ပြီးတော့ ဖုန်းကိုပိတ်ကာ အိပ်ဖို့ပြင်လိုက်ပါတယ်။ နှစ်ယောက်သား ပက်လက်တွေ အိပ်နေကြတုန်း မျိုးသက် လက်မောင်းကို စိုင်းကိုက လက်မောင်းနဲ့ ထိကပ်ထားတာမို့ တမင် လက်ကို အပေါ်မြှောက်ထားလိုက်ပါတယ်။ လက်မောင်းသားချင်း မထိရတော့ ဒူးခေါင်းကို ဘေးဖက်ကိုကားကာ မျိုးသက် ခြေထောက်ကို ခြေထောက်ခြင်းလာထိ ထားပါတော့တယ်။
“မင်း ငြိမ်ငြိမ်ကို မအိပ်ဘူး။ ငါ့ကို အသားလာမယူနဲ့နော်။ ငါမင်းကို စိိတ်မဝင်စားဘူး။”
“ဝေါ့။ မင်းကိုများ ဆုတောင်းလေ ဟေ့ကောင်။”
“အ့ဆို ငြိမ်ငြိမ်နေ။”
အသားချင်းခွါပြီး ငြိမ်သက်နေကြတုန်းမှာပဲ အသံတစ်ခုကို နှစ်ယောက်စလုံး ကြားလိုက်ရပါတော့တယ်။
“အူ ဝူး ……..။ ”
“ဟော သူတို့ လာကြပြီ။”
“ဘယ်သူတွေလဲ။”
“ဝိညာဉ်တွေပေါ့။”
ပြောလိုက်တာနဲ့ စိုင်းကိုက မျိုးသက်နားကို ပြန်ကပ်လာပြန်ပါတယ်။
“ဘယ်လိုဖြစ်နေတာလဲ။ အသံနားထောင်မလို့ ငြိမ်ငြိမ်နေ။”
ပြီးတော့ နှစ်ယောက်သား ငြိမ်ပြီး နားစွင့်နေ လိုက်ကြပါတော့တယ်။ အတော်လေး ကြာတော့မှ နောက်ဖေးက ဂလုံဒုံဒုံ ဆိုတဲ့ အသံကြီးကြားလိုက် ရပါတော့တယ်။
“အောင့်မယ်လေး။”
ရုတ်တရက် ငြိမ်နေရာကနေ စိုင်းကို ပါးစပ်ကနေ ထအော်လိုက်ကာ မျိုးသက်ကို လက်ကဖက်သလို ခြေထောက်နဲ့လဲ ခွထားလိုက်ပါတော့တယ်။ မျိုးသက် အတင်းရုန်းရင်းက
“ဖယ်စမ်းပါဟ့ အသက်ရှုတောင် ကျပ်တယ်။”
“ဟင်အင်း။”
အဲဒီ့အချိန်မှာပဲ လေကရုတ်တရက် ခပ်ကြမ်းကြမ်း တိုက်လာတာမို့ စိုင်းကိုက မျိုးသက်ကို ပိုပြီးကျပ်နေအောင် ဖက်လို့ထားလိုက်ပါတော့တယ်။
“ဟောဗျာ ဘယ်လိုကြီးလဲဟ့။ ငါတော့ သေတော့မှာပဲ။”
မျိုးသက်ငြိမ်ကာ ခနစောင့်နေလိုက်ပြီးမှ စိုင်းကို လက်ကိုကိုင်ကာ
“ဖယ်တော့ နှုတ်ဆက်တဲ့ဟာတောင် သေချာ နားမထောင်ရဘူး။ သူလုပ်တာနဲ့ သေတော့မယ်။ ရပြီလို့ ဖယ်ပါဆို။”
စိုင်းကို ခြေထောက်ကိုဖယ်လိုက်ပြီး လူကို အနောက်အနည်းငယ် ဆုတ်လိုက်ပေမယ့် လက်တွေက မျိုးသက်ရဲ့ လက်ကို လာကိုင်တာမို့ မျိုးသက် မျက်လုံး ပြူး သွားကာ
“ဘာလုပ်တာလဲဟ့။”
“မရဘူး။ အိပ်ပျော်တဲ့ အထိကိုင်ထားမယ်။ မင်းက လိမ္မာပါတယ်နော်။ ဟီး။”
“ဟမ် ချက်ခြင်း။ ဘာကောင်မှန်းကို မသိဘူး။”
ပါးစပ်ကပြောလိုက်ပေမယ့် သူ့လက်ကိုတော့ ပြန်မထုတ်မိတော့ပါဘူး။ သူကြောက်လို့ ဆိုတာ နားလည်တာမို့လေ။ မျက်လုံးတွေ မှိတ်ကာ အိပ်ဖို့ကြိုးစား နေပေမယ့် အိပ်လို့မပျော်ဘူး။ စိတ်ထဲမှာ တစ်ခုခု ဖြစ်နေသလိုမို့ မျိုးသက် စိုင်းကို ကိုလှည့်ကြည့်လိုက်တော့ စိုင်းကိုက မျိုးသက်ဖက်လှည့်ကာ မျက်လုံးတွေကို မှိတ်ပြီးအိပ်နေပါတယ်။ စိုင်းကိုကို ကြည့်နေမိတာ ဘာအကြောင်းမှ မရှိပေမယ့် ချက်ခြင်း အကြည့်ပြန်မလွွှဲမိပဲ ငေးစိုက်ကြည့်နေမိပါတယ်။
ငြိမ်သက်နေတဲ့ အခြေအနေကြောင့် စိုင်းကို မျက်လုံးကို တစ်ဖက်မှိတ်ကာ တဖက်ကို ဖွင့်လိုက်တော့ သူ့ဖက်လှည့်ကာအိပ်နေတဲ့ မျိုးသက်ကို တွေ့ရပါတယ်။ မျက်လုံးနှစ်လုံးလုံးကို ဖွင့်လိုက်တော့ သူနဲ့ မျိုးသက် အကြည့်ချင်း ဆုံမိသွားပါတော့တယ်။