*စာကြမ်းပိုးလေးက ကျနော့်ကို ဆူတယ်*
PartC
မျိုးသည်မင်း- လင်ယောက်ျား
မျိုးသည်မင်း- လင်ယောက်ျား
မျိုးသည်မင်း- လင်ယောက်ျား
မတ်ကြီးလျာ- အမတ်ကြီးအဖြစ် လျာထားခြင်းခံရသူ
မတ်ကြီးလျာ- အမတ်ကြီးအဖြစ် လျာထားခြင်းခံရသူ
မတ်ကြီးလျာ- အမတ်ကြီးအဖြစ် လျာထားခြင်းခံရသူလျာထားခြင်းခံရသူ
မယ့်သည်ပင်- မယ့်ချစ်သူ
မယ့်သည်ပင်- မယ့်ချစ်သူ
မယ့်သည်ပင်- မယ့်ချစ်သူ
မြန်မာခက်ဆစ် ဖြေရမည်ဖြစ်၍ ဇေရတု အားတိုင်း ရွတ်နေသည်။
တစ်ဖက်အိမ်သို့ လာသည့် လမ်းတွင်လည်း တတွတ်တွတ် အရွတ်မပြတ်။
"အ! မေမေ့!"
သို့သော် ခြံတံခါးနားအရောက် ခလုတ်တိုက်လေသည်။
ခြံတံခါးမကြီးကို မဖွင့်ဘဲ လူတစ်ကိုယ်ဝင်စာ တံခါးသေးသေးမှ ဇေရတုက အမြဲ ဝင်တတ်သည်။
ထိုတံခါးသေးလေးတွင်က အောက်က သံတန်းတစ်ခုပါသည်။ ထိုတန်းလေးကို ဇေရတုက အမြဲ ခလုတ်တိုက်ပေမယ့် အမှတ်မထား။ တံခါးပိစိကနေသာ ဝင်ထွက်ပြီး တံခါးမကြီးကို ယောင်၍ ပင်မဖွင့်။
မျိုးသည်မင်း- မယ့်ချစ်သူ
မျိုးသည်မင်း- မယ့်ချစ်သူ
မျိုးသည်မင်း- မယ့်ချစ်သူ
မတ်ကြီးလျာ- လင်ယောက်ျား
မတ်ကြီးလျာ- လင်ယောက်ျား
မတ်ကြီးလျာ- လင်ယောက်ျား
မယ့်သည်ပင်- ဘာပါလိမ့်
မယ့်သည်ပင်က ဘာပင်ကြီးလဲ။
သရက်ပင်လား။
ခေါင်းတကုတ်ကုတ်ဖြင့် သူ စာသင်ရမည့်နေရာဆီ တက်လာလိုက်သည်။
အိမ်ကနေ အချိန်ကိုက် ထွက်လာသည်ကြောင့် သူ ဒီဘက်အိမ်ရောက်တော့ ကိုးနာရီ ကွက်တိ။
"ကိုကိုရောက်ပြီ"
အခန်းတံခါးကို တစ်ချက်တည်း ခေါက်ပြီး အသံပြုကာ ဇေရတု ဝင်လာတော့ စာကြမ်းပိုးက စားပွဲခုံတွင် အသင့်အနေအထား။
အမြဲ တကုပ်ကုပ်ဖြင့် ရေးခြစ်နေကာ သူ ရေးခြစ်သမျှကို ဇေရတုက ကျက်မှတ်ရသည်။
"လာပြီလား အချိန်က ကွက်တိလာတော့ ကိုဇေ စာနွေးချိန် မရတော့ဘူးနော်! အရင် ဆိုမလား "
စာသင်မည့်အချိန်ဆို သုတရှေ့ ရောက်သွားတိုင်း ဇေရတု မှတ်ဉာဏ်တို့ ကစဉ့်ကလျားဖြစ်တတ်သည်။
အငယ်ကို ရှိန်ပြီး ကြောက်နေရသည့် အဖြစ်သည် စာသင်ချိန်တိုင်း ဇေရတုကြုံနေရသည့် အကြပ်အတည်း။
ကြောက်မိသည်လည်း မပြောနှင့် စာကြမ်းပိုးက တကယ်လုပ်သည့်သူ။ သူ ဆရာလုပ်သမျှဟာလည်း နည်းလမ်းမှန်နေတော့ ဇေရတုတို့ မလှုပ်သာမလူးသာ။
ပြောင်းလဲလာတာတစ်ခုသည် ဒီစာသင်ခန်းအတွင်းရောက်သည်နှင့် ဇေရတုသည် စိတ်ဝယ်သာ စာကြမ်းပိုးဟု ခေါ်ရဲသည်။ နှုတ်ဝယ်တော့ သုတ ဟုသာ လေးလေးနက်နက် ခေါ်ဖြစ်သည်။ ထိုသည်မှာ သုတက မပြောဘဲ သူ့အသိစိတ်ဖြင့် ရှိန်စွာ ပြောင်းလဲခဲ့ခြင်းပင်။
"ကိုကို တန်းပဲ ဖြေလိုက်မယ်လေ သုတ မဆိုချင်တော့ဘူး"
"အိုကေ ဒါဆို ကျနော် ရှေ့ကနေ စာလုံးတွေ ရေးပေးမယ် "
"အွန်းအွန်း"
သုတ ရေးပေးသည့် ရှေ့က စာလုံးတွေက ဇေရတု ကျက်ထားသည့် အစဉ်လိုက်တွေ မဟုတ်။
ရောမွှေထားသလို ရေးပေးသည်ကြောင့် ဇေရတု ခေါင်းစားရပြီ။
တစ်လုံးဖြေဖို့ကို အနည်းဆုံး ငါးမိနစ်၊ဆယ်မိနစ်ခန့်ကြာသည်။
ခေါင်းထဲလည်း တဒိန်းဒိန်းဖြင့် ထူပူနေချေပြီ။
ကစားသည့်နေရာ၊ ကခုန်သည့်နေရာတွေမှာသာ ထွက်တတ်သည့် ချွေးစေး
တို့သည်လည်း မထွက်စဖူး စာဖြေသည့်နေရာတွင် ပေါ်ထွက်လာဖူးပြီ။
"ကိုဇေ ခက်ဆစ်လေး အလုံးသုံးဆယ်ဖြေတာ တစ်နာရီခွဲနေပြီနော်! ဘာတွေ အဲ့လောက်ကြာနေတာလဲ! ဘာလဲ မကျက်လာဘူးလား ခင်ဗျား!"
"ကျက် ကျက်လာပါတယ် သုတရာ ကိုကိုကျက်တုန်းက စာလုံးတွေမဟုတ်လို့ တွေးနေရလို့ပါ ပြီးပြီ ပြီးပြီ"
နဖူးက ချွေးစတို့ကို ဝတ်လာသည့် အပေါ်ထပ်ရှပ်အကွက် လက်မောင်းနား ခေါင်းပါ စောင်း၍ သုတ်လိုက်ရင်း သုတလက်ထဲ အဖြေစာရွက်ကို ထည့်ပေးလိုက်ရသည်။
"ပြန်မစစ်တော့ဘူးလား ကိုဇေ"
"ဟင် အင် မစစ်တော့ပါဘူး စစ်လည်း အမှန်မမြင်တော့ဘူး ခေါင်းက ဟီး"
အလိုမကျဟန် တွန့်ချိုးနေသည့် မျက်ခုံးတွေကို ဇေရတု သိပ်အူယားသည်။ စာကြမ်းပိုးလေးက မျက်မှောင်ကြုတ်ပါများပြီး အရွယ်မတိုင်ခင် နဖူးမှာ အရေးအကြောင်း ထင်နိုင်ခြေအရှိဆုံးလူ။ ပြောပြလည်း ပိုပြီးသာ မျက်မှောင်ကြုတ်မည်ကို သိသည်ကြောင့် အသာ နှုတ်ဆိတ်နေလိုက်တော့သည်။
"မနေ့က တစ်လုံးမှား တစ်ချက်လို့ ပြောလိုက်တယ်မလား ကျနော် စစ်နေတုန်း ခင်ဗျား အောက်ထပ်ကနေ ကြက်မွှေးသွားယူ ကိုဇေ"
"ဟင်! ကြက်မွှေးလား"
မျက်လုံးဝိုင်းတို့ကို လက်နက်အဖြစ် သုံးကာ သနားစဖွယ် ကြည့်လိုက်ပေမယ့် စာကြမ်းပိုးက ဘူးဆို ဖရုံကော ကြက်ဟင်းခါးကော မသီးတဲ့ဂွစာလေးဖြစ်သည်။
"ကျနော် သွားယူရရင် ကြက်မွှေးနဲ့ ပြီးမှာမဟုတ်ဘူးနော် ကိုဇေ ပြီးမှ သုတက အရမ်းလုပ်တယ်တွေဘာတွေ ငိုချင်းမချနဲ့"
နှာခေါင်းပေါ် လျှောကျနေသည့် မျက်မှန်လေးထောင့်ကို လက်ခလယ်ဖြင့် ပင့်တင်သည့် စာကြမ်းပိုးဟာ ရုပ်တည်ကြီးဖြင့် စကားကြမ်းတွေ ပြောတတ်လွန်းသည်။ မေပြုံးဖြင့် တိုင်သော်လည်း မထူးခြားပါ။ သုတက လုပ်စရာရှိသည်ကို ဘယ်သူဘာပြောပြော လုပ်တတ်သည့်သူမှန်း ဇေရတု ကောင်းကောင်းသိတာ ကြာခဲ့ပြီ။
ပြောလျှင်ပြောသည့်အတိုင်း လုပ်ခဲ့သည့် သာဓကတို့တွင် ဇေရတု အသားပေါ်က နီရဲရဲ အရှိုးရာတို့က အထင်အရှား။
မလွန်ဆန်နိုင်သည့်ဇေရတုသည်သာ ရှေ့လှမ်းနောက်ရောက်မိုက်ကယ်ဂျက်ဆင်ခြေလှမ်းနှင့် အောက်ထပ်ဆင်းလာခဲ့ရသည်။
သူ ဘာဖြေခဲ့လဲ သူသာ အသိဆုံးမို့ ခြေလှမ်းတို့က ပို၍ လေးလံနေတာ ဖြစ်သည်။
"ကိုကြီး! ငယ်ငယ်နဲ့ ဆော့!"
အောက်ရောက်သည်နှင့် စာကြမ်းပိုးညီမ နွေးနွေးငယ်က ဇေရတုကို လာဖက်တော့သည်။
"အဟင်း ငယ်ငယ်က ဘာတမ်းဆော့နေတာလဲ"
အနေအေးပေမယ့် ကလေးပေမို့ အဖော်မင်တတ်သည့် ငယ်ငယ့်ကို ဇေရတုက ညီမအရင်းလေးလို ချစ်ရပါသည်။
အကိုအရင်းဖြစ်သူ စာကြမ်းပိုးကလည်း လူကြီးလုပ်နေတာမို့ အငယ်လေးနှင့် မဆော့ပေးတတ်။
ဇေရတုကတော့ ကလေးအစ ခွေးအဆုံး ပေါင်းတတ်သင်းတတ်သည်မို့ ကလေးတွေနှင့်လည်း အဆင်ပြေလှသည်။
"ဟင်းချက်တမ်း! ကိုကြီး ဝယ်စားဦး!"
"ပုဇွန်ဆီပြန်နဲ့ တစ်ပွဲပေးကွာ! "
"ဟုတ် ကိုကြီး နံနံပင်အုပ်ဦးမလား"
"နိုးနိုး ငယ်ငယ် နံနံပင် တစ်ပင်မှ မထည့်မိစေနဲ့ အစပ်ပါးပါးလေးထည့်"
ကလေးဆော့နေသည့် ဧည့်ခန်းထောင့်တွင် ဇေရတုက ဆောင့်ကြောင့်လေးထိုင်ကာ ရောင်းသမျှ အားပေးနေရသည်။
ငယ်ငယ့်ကိုလည်း မေပြုံးက ကစားစရာ မျိုးစုံဝယ်ပေးထားသည်။
ငယ်ငယ်ခင်းကျင်းထားသည့် ဆိုင်ခန်းလေးမှာ အိုးခွက်ပန်းကန်မှစ ထိုင်ခုံလေးများအထိပါကာ ရေခဲသေတ္တာလေးပင်ပါသေးသည်။
"ကိုကြီး အအေး သောက်ဦးမလား"
"အင်းအင်း ကိုလာလေးတစ်ဗူး! အား ရင်ထဲ အေးသွားတာပဲကွာ"
ငယ်ငယ်ကမ်းပေးသည့်အအေးခွက်ကို ဟန်ပါပါမော့သောက်ပြတော့ တခစ်ခစ်ဖြင့် သဘောအကျကြီး ကျနေတော့သည်။
နံရံပေါ်က ကြက်မွှေးကို ဇေရတု သတိမရတော့ဘဲ ငယ်ငယ်ချက်နေသည့် ငါးမုန့်ကြော်ချေထားသည့် ဟင်းခွက်နှင့် အာလူးကြော် ချေထားသည့် အာလူးဟင်းများတွင် အာရုံက တဝဲရစ်ရစ်။
"ငယ်ငယ် ငါးဟင်းတစ်ပွဲ"
"ဟုတ်ကိုကြီး တစ်ပွဲ နှစ်ရာနော်"
အိပ်ကပ်ထဲက နှစ်ရာတန်တစ်ရွက်ထုတ်ပေးလိုက်ပြီး ငါးမုန့်ပန်းကန်ယူလိုက်ချိန်မှာပဲ...။
"ကို ဇေ ရ တု!"
"သောက် ပ လုတ် တုတ် ကြက်မွှေး ယူခိုင်းလိုက်တာ!"
ကြက်မွှေးသွားယူတာ မိနစ်နှစ်ဆယ်လောက် ကြာသွားသည်မို့ သုတဉာဏ် လိုက်ဆင်းလာတာဖြစ်သည်။
မြင်လိုက်ရသည့် မြင်ကွင်းသည် သုံးတန်းကလေးနှင့် ဆော့နေသည့် ကိုကိုဆိုသူ။
အဲဒါတွေ မကြိုက်တာဖြစ်သည်။ အမြဲ ဘာလုပ်ရင် ဘာဖြစ်မလဲ မတွေး။ အရာရာကို ပေါ့တန်တန်တွေးကာ ဖျတ်ခနဲပေါ်လာသည်နှင့် တန်းလုပ်ပစ်ကာ ကျန်သည့်ကိစ္စတို့ကို မေ့မေ့လျော့လျော့။
"ခင်ဗျား! "
သုတ မျက်နှာတည်ကြောင့် ငယ်ငယ်ကပါ မျက်နှာငယ်လေးဖြင့်။
"ငယ်ငယ်! နောက်ကို ကိုဇေ စာသင်ရမယ့်အခုလိုအချိန်တွေ သူ့ကို ဂျစ်တိုက်ပြီး ခေါ်မဆော့နဲ့နော် လိမ္မာမယ် ဟုတ်"
ညီမဖြစ်သူကို နားလည်အောင် ပြောအပြီးတွင်တော့ ကိုကိုဆိုသူကြီးဆီ ဒေါသတို့ ဦးလှည့်ရပြီ။
"ခင်ဗျား! လာ!"
ကြက်မွှေးကိုပါ ဆွဲဖြုတ်လာလိုက်ပြီး နားရွက်တစ်ဖက်ကို ဆွဲကာ ခေါ်လာတော့ တအအဖြင့် ပါလာသည်။
ငယ်ငယ့်ရှေ့ အရိုအသေတန်မည်စိုး၍ အပေါ်ခေါ်လာမှ ပို၍ အသံထွက်နေတော့သည်။
"ကိုဇေ! ခင်ဗျား ကလေးလား! ဟမ် ဒီလိုပုံစံတွေနဲ့ ကျနော့်ကို အရွဲ့တိုက်နေတာလား ပြော! ခင်ဗျားလုပ်ရပ်တွေ တစ်ခုမှ မဟုတ်ဘူးနော်!"
"..."
နားရွက်ကိုလွှတ်ပေးလိုက်ပြီမို့ ထိုနားရွက်ကို ပွတ်သပ်ကာ သုတကို မော့မကြည့်တော့။
အသားအရေက အထိမခံသည့် ဖြူဖြူဖွေးဖွေးမို့ အဆွဲခံရသည့် နားရွက်တစ်ဖက်က ရဲတွက်လာသည်မှာ ချက်ချင်း။
"ခင်ဗျား ကောင်းဖို့ ကျနော် အချိန်ကုန်ခံပြီး စာသင်ပေးဖို့ တာဝန်ယူခဲ့တာ! ကျနော်က ခင်ဗျားကို မကောင်းတဲ့လမ်းကို တွန်းပို့နေလို့လား။ ကျနော့်မှာ လုပ်စရာတွေအများကြီး သင်တန်းတွေ တက်ဖို့ရှိတာတွေ အကုန် အကန့်အသတ်မရှိ နောက်ဆုတ်ခဲ့တာ ခင်ဗျားကြောင့် ကိုဇေ! စာမသင်ချင်တာနဲ့ အခုလိုတွေ အရွဲ့တိုက်နေတာဆိုရင်.."
ဒေါသကြောင့် သုတဉာဏ်၏ အသံသည် ပုံမှန်ထပ် နှစ်ဆ ပြင်းထန်နေသည်။
"ကို..ကိုကို ဘယ်မှာ အရွဲ့တိုက်လို့လဲ"
ဇေရတုသည် ခေါင်းကို ငုံ့ထားကာ ခွန်းတုံ့ပြန်လာ၏။
"ဘာရယ်! ခင်ဗျား ဆယ်တန်းဖြေထားတာ သုံးနှစ်နော် ကိုဇေ! အဲ့သုံးနှစ်တာမှာ ခက်ဆစ်တောင် ရောနေတယ်ဆိုတာ ယုတ္တိရှိသလား။ ဟမ်! ခင်ဗျား ကျနော့်မျက်နှာ တည့်တည့်ကြည့်ပြီး ဖြေစမ်းပါ သုံးနှစ်ဖြေလာတဲ့သူက တရေးနိုးထမေးတောင် မှတ်မိနိုင်တဲ့ ဒီခက်ဆစ်လေးတွေကို တလွဲဖြေထားတယ်တဲ့ ယုတ္တိတန်ရဲ့လား။ ခင်ဗျားရဲ့ ဟောဒီ ခေါင်းထဲ ခင်ဗျား ပတ်သမျှ ဒီကကောင်က မသိနိုင်ဘူး ထင်နေလား။ ပြီးတော့ စာသင်ချိန် ကလေးနဲ့ ထိုင်ဆော့နေတယ်တဲ့ ခင်ဗျား ရွဲ့နေတယ်ဆိုတာ လမ်းဘေးက လူ သွားမေးတောင် သိနေပြီးသားအဖြေ။ ကျနော်ပြောတာ ဟုတ်သလား မဟုတ်သလား ခင်ဗျား အသိဆုံးပဲ ကိုဇေရတု ဟမ်"
မပြောစဖူး ဝါကျရှည်ကြီးကို ဒေါသနှင့် ပြောလိုက်ရသည်ကြောင့် သုတဉာဏ် မောဟိုက်နေသော်ငြား အမောမဖြေအား။
ကိုဇေရတုက ကလေးလိုကော၊ လူကြီးလိုပါ ဆိုးသွမ်းသည့်သူ။
ထိုလူက ကလေးဆန်ဆန်ဖြင့် အရွဲ့တိုက်နေသည်မှာ စာ စသင်ကတည်းက။
မပြောချင်၍ လွှတ်ပေးထားသည်ကို ဟုတ်လှပြီ ထင်နေသူက ဆက်လုပ်သည်။
မဆိုင်သည့် ကိုယ်ကတောင် သူ့ကောင်းကျိုးအတွက် အချိန်ကုန်ခံကာ တွေးပေးနေသည်ကို သူ့ကိုယ်သူ အလေးမထား။
အခုလည်း သုတဉာဏ် ဒေါသကို လာစမ်းသပ်နေသည်မှာ ရေငုံနုတ်ပိတ်၍ ခေါင်းကို ငုံ့ထားမြဲ။
နားရွက်ကို ပွတ်နေသည့်လက်တွေက တောင်စဉ်ရေမရ တုန်ယင်နေသေးသည်။ စိတ်လှုပ်ရှားသည့်အခါတိုင်း ထိုလူ၏ လက်ကလေးတွေသည် တစ်မျိုးမဟုတ် တစ်မျိုး လှုပ်ရှားနေတတ်သည်။
"ကျစ်! အဲ့လက်ကို ပိုက်ထား! ကိုဇေ!"
တစ်ချက်မာန်လိုက်တော့ အသည်းငယ်ဟန် ချက်ချင်း လက်ကို ပိုက်သည်။ မိုင်ပိုနေသည့် ကိုဇေ့အကယ်ဒမီရှော့တွေက လက်ဖျားခါလောက်သည်။
"ပြော! ဘာလို့ အရွဲ့တိုက်နေတာလဲ။ ကျနော်နဲ့ စာ မသင်ချင်ဘူးလား။ဟင် ကျနော်ကတော့ ခင်ဗျားနဲ့ Uniအတူတူ တက်ချင်လို့ ဒီနှစ်တောင် စောင့်ဖို့လုပ်ထားတာကို "
သုတစကားတွင် ဇေရတုသည် ဆတ်ခနဲ မော့ကာ ကြည့်သည်။
မျည်ရည်ဝေ့နေသည့် မျက်ဝန်းဝိုင်းတို့က သိချင်စိတ်တို့အလျှံအပယ်။
"ဘာ ဘာလို့ သုတက ကိုကိုနဲ့ Uni အတူတူ တက်ချင်တာလဲ"
"ခင်ဗျားနဲ့ အတူတူ တက်ချင်လို့ပေါ့ ကိုဇေ! ထားပါ ဒါတွေပြောနေလည်း ခင်ဗျားက အလေးထားတာမှ မဟုတ်ဘဲ လုပ် လုပ် ခင်ဗျားက ခင်ဗျား တာဝန်အတိုင်း ဆက်သာ ရွဲ့! ကျနော်ကလည်း ကျနော့်တာဝန်အတိုင်း ခင်ဗျားကို ပြုပြင်ရမှာပဲ ဒီတော့ ခင်ဗျားပဲ ရွဲ့နိုင်မလား ကျနော်ပဲ ထိန်းနိုင်မလား စောင့်ကြည့်ကြတာပေါ့ Bro အခုတော့ ခင်ဗျားရွဲ့ပြီးပြီမို့ ကျနော့်အလှည့်ရောက်ပြီ ဟိုဘက်ကို လှည့်ပေးပါဦး"
"ဘာ ဘာလုပ်မလို့လဲ"
မဲ့ပြုံးဖြင့် ခပ်ရွှင်ရွှင်ပြောနေသည့် သုတစကားတွေကြောင့် ဇေရတု မျက်စိမျက်နှာပျက်ကာ မေးမိသည်။
"ဘာလုပ်ရမလဲ! ကျောပြင်ကို ဗျောတင်ပြီး ရွဲ့နေ စောင်းနေတာတွေကို တည့်ပေးမလို့ ဖြန်း!"
"အ!"
ပြောလည်းပြောကာ လက်မောင်းကနေ ဆွဲ့လှည့်ထားပြီး တင်ပါးပေါ် ရိုက်ချလိုက်သည့် ကြက်မွှေးဒဏ်သည် ဇေရတုကို မျက်လုံးပြာဝေသွားစေသည်။
အရွဲ့တိုက်ခဲ့တာသည် အမှန်ဟုတ်ပေမယ့် ဒီအတိုင်း ငယ်တဲ့သူလည်းဖြစ် အရင်ကလည်း စနောက်ခဲ့သူမို့ အကျင့်တွေက ပြင်မရခဲ့တာ ဖြစ်သည်။
အခုတော့ စာကြမ်းပိုးလေး၏ ဒေါသအိုးကို ဇေရတုတို့ တုတ်နှင့်ထိုးမိ၍ ကျကွဲချေပြီ။
"ဖြန်း!"
"အား! နာ နာတယ် "
"ဖြန်း!"
"အ! ကိုကို နာ!"
"ဖြန်း! ဖြန်း!"
"နောက်ကို ကျနော့်ကို ထပ်ရွဲ့ဦး ကိုဇေ!"
"အ! အ! မရွဲ့တော့ အူး ဝူး"
"ဖြန်း! ဖြန်း! စာသင်ရင် ပေါက်ကရအလွဲတွေ လုပ်ပြဦး! ခင်ဗျားမှာ ဘာကောင်းကျိုးဖြစ်ထွန်းသွားလဲ ဟမ် ဖြန်း!"
"အ! မထွန်းပါ ဘူး အီး"
"ဖြန်း! ဟမ် ဒီလောက်ပြောနေတာတောင် ထပ်ရွဲ့ပြန်တယ်လား ကိုဇေ ခင်ဗျားက ကြီးပေါကြီး ဖြစ်နေပြီ သိရဲ့လား ဟမ်! ဖြန်း!"
"အား! အ! ဟင့် ကို ကိုကိုက ကြီးပေါ မဟုတ်ဘူး အီးဟီး စာကြမ်းပိုး အနိုင်ကျင့်နေတာ! နာနေပြီ အရမ်း အရမ်း! သူ့အသား မဟုတ်တိုင်း မေပြုံးရေ အီး ဟင့်"
"ဖြန်း! ဘာကို မေပြုံးနေပြန်တာလဲ! ဘယ်သူမှ လာမကယ်ဘူး အန်တီလှကိုယ်တိုင် ကျနော့်လက် အာဏာကုန်လွှဲထားပြီးသား! တစ်ယောက်မှ ဝင်မဆွဲရဲဘူး ကိုဇေရတု! ကျနော် သည်းခံခဲ့သမျှ ဒီနေ့က နောက်ဆုံးပဲ!ဖြန်း!"
"အ! ကိုကို နာနေပြီ အီး ဟင့်"
"နာပါစေ! နာအောင် ရိုက်တာ ကျနော်က အငယ်မို့ မရိုက်ချင်လို့ ကြည့်နေတာကို ခင်ဗျား ဆိုးနေတာ ကြည့်! ကလေးနဲ့တောင် ဆော့နေတယ်တဲ့ ဟမ် ပြောရင်း ဒေါသက ထွက်လာပြီ ဖြန်း!"
"အား! နာပါတယ်ဆို သုတလေးရာ ကလေးနဲ့ဆော့တာက ရွဲ့တာ မဟုတ်ဘူး တကယ်ပါ "
"ဘာပြောတယ်! ရွဲ့တာမဟုတ်ဘဲ တကယ်ဆော့တယ်လို့ ပြောနေတာလား ဖြန်း!"
"အား!! တကယ် မေ့သွားတာပါလို့ ပြောတာ အီး! ကြက်မွှေးယူခိုင်းတာကို ကိုကိုမေ့သွားတာပါကွာ ဟင့် ကိုကိုမေ့တတ်တာ သိရဲ့သားနဲ့ ဟင့်"
"ကလေးနဲ့ဆော့မိတာက ရွဲ့တာမဟုတ်ဘူး မေ့တာဆိုတော့ ကျန်တာတွေက ရွဲ့တာလို့ ခင်ဗျား ဝန်ခံပြီပေါ့လေ ဟမ်!ဖြန်း! "
"အား! မရည်ရွယ်ပါဘူး အီးဟီး တုသလေးရယ် ကိုကို နာနေပြီ ဟင့် ဖင်တွေက ကြက်ဉတောင် တင်ကြော်ရင် ရနေပြီ ဟင့် မယုံ ကိုကို ကြော်ပြမယ် သုတလေးဖို့ အီးဟီး"
"ခင်ဗျား! တကယ်ပဲ ဒီလောက် လုပ်နေတာတောင် ပြောင်စပ်စပ်နဲ့ ဖြန်း! ဖြန်း!"
"အား! မပြောတော့ပါဘူး အီးဟီး ကြော်လည်းမကျွေးတော့ပါဘူး နောက်ကို စာလည်းသေချာလိုက်လုပ်ပါမယ် အဟင့် သုတလေး စကားဆို ဒေါ်လှလှမေ စကားထက်တောင် မြေဝယ်မကျ နားထောင်ပါ့မယ် အီးဟီး တော်ပါတော့ ကိုကို အရမ်းနာလို့ပါ"
"သေချာလား! ယောက်ျားစကားနော် ကိုဇေရတု! "
"အင်း ယောက်ျားစကား ဟင့်"
"ဒီကိုလှည့်! ကျနော့်ကို ကြည့်!"
သုတ ကိုင်ထားသည့် လက်မောင်းကို လွှတ်လိုက်သည်နှင့် သူ့တင်ပါးတို့ဆီ ပွတ်သပ်နေသူသည် ခြေထောက်နှစ်ဖက်ကပါ ခုန်ဆွ ခုန်ဆွနှင့်။
သုတ ကြည့်ခိုင်းသည်ကြောင့် ရဲတွတ်နေသည့် မျက်နှာလေးထက် ရေအိုင်ငယ်ခြံရံသည့် မျက်လုံးဝိုင်းလေးတွေ မော့ကာလာသည်။
"နောက်ထပ် မဆိုးတော့နဲ့ ကျနော့် စကားနားထောင်ပြီး လိမ္မာတော့နော် ကိုကို"
ပုခုံးနှစ်ဖက်ကို အသာ အုပ်ကိုင်ရင်း ထိုမျက်လုံးဝိုင်းတို့ဖြင့် မျက်လုံးချင်းဆုံကာပြောတော့ ကလေးဆိုးကြီးသည် မျက်ရည်စတို့ ပြုတ်ကျအောင်ထိ ခေါင်းကို ညိတ်ပြရှာသည်။
"အင်းပါ ကိုကို လိမ္မာ ဟင်! ဘယ်လိုခေါ်လိုက်တာ! အဟင့်"
"လိမ္မာရင် ထပ်ကြားရမယ် အခုတော့ မြန်မြန် အငိုတိတ်အောင်လုပ်တော့ စာသင်ရဦးမယ်"
စာကြမ်းပိုးလေးသည် ကြက်မွှေးကိုလည်း သိမ်းဆည်းသွားကာ လူလည်ကျသွားတော့သည်။
တအင့်အင့်ဖြင့် ကြက်မွှေးဒဏ်သင့်တင်ပါးလေးတွေကို ဇေရတု ယုယုယယလေး ပွတ်သပ်နေမိတော့သည်။
သူ့အသား မဟုတ်တိုင်း အရမ်းကာရော လုပ်လိုက်တာပဲ။ တင်ပါးမှာဆိုတော့ လှန်ပြ၍လည်း တိုင်တောမရ။ တိုင်ဖို့လည်း မတွေးရဲတော့ပါဘူး။ စာကြမ်းပိုးလက်သံက စိန်ဗေဒါထက်ပင် ပြောင်သေးသည်။
သူရွေ့သမျှ ကလေးကွက်လေးတွေထိ ထွင်းဖောက်မြင်နေသည့် စာကြမ်းပိုးလေးကို ဇေရတု ထိုအချိန်မှစ အကဲ မစမ်းရဲတော့ပါ။
စာသေချာ လိုက်လုပ်ရပြီး တစ်လကို ဝါးခြမ်းနှစ်ချောင်းလောက် စားရင်းဖြင့် ဇေရတု၏ အတည်တကျဖြေဆိုမည့် ကြိုးစားပမ်းစား စာမေးပွဲအတွက် ပြင်ဆင်ရတော့သည်။ လွန်ခဲ့သည့် သုံးနှစ်သည် အပျော်ပေါ့။ အစမ်းပေါ့။
အကျိုးရလဒ်သည် ဇေရတုတစ်ယောက် နာမည်နောက် အမြီးသုံးလုံးပါသွားခဲ့ခြင်းပင်။
"အီးဟီး!!အဟင့်! သုံးလုံးတောင် ဘာလို့ ပါရတာလဲ! စာ မလုပ်ချင်တော့ဘူး! မလုပ်ချင်တော့ပါဘူးဆို"
ကာယကံရှင်သည် အောင်စာရင်းသိသည်နှင့် ဟန်မဆောင်နိုင် ထိုင်ငိုတော့သည်။
သူနှင့်ဆန့်ကျင်ဘက်တွင်တော့ မွေးသမိခင်သည် မကခုန်စဖူး ကခုန်နေကာ မေပြုံးသည်လည်း လက်ခုပ်လက်ဝါးလိုက်နေပြီး ငယ်ငယ်သည်တော့ လိုက် ခုန်နေသည်။
"ကိုကို ဘာလို့ ငိုနေတာလဲ!"
"ငိုမှာပဲ ငိုမှာပဲ ကိုကို လာမခေါ်နဲ့ အခုမှ! အခုမှ! အီးဟီး ငါ့ သက်တမ်းတစ်ဝက်စာလောက်ကို စာတွေ လုပ်ခဲ့ပြီးပြီ ဆက်မလုပ်ချင်တော့ပါဘူးဆို စာကြမ်းပိုးကောင်! မှန်ကြောင်ကောင်! သုံးလုံးပါအောင် မင်းလုပ်တာ!ရွှတ်!"
ငိုရင်းဖြင့် နှပ်တွေကိုလည်း သုတ အပေါ်ထပ်အောက်နားတွေကို လာသုတ်ပစ်သေးသည်။
"ဟောဗျာ ကိုကို ကြိုးစားလို့ ကိုကို သုံးခုပါတာလေဗျာ ကျနော်က အောင်စာရင်းမှာ ဘောပင်နဲ့ မြန်မာစာ၊သင်္ချာ၊ဇီဝဆိုပြီး သွားထည့်လို့မှ မရဘဲ!"
သုတစကားတွင် ရိုးရာမပျက် မျက်စောင်းသည် ဒိုင်းခနဲ။
"မင်း ပြောရဲတယ်နော် မှန်ကြောင်ကောင်! နည်းနည်းလေး လွဲတာနဲ့ မင်း ငါ့ကို ရိုက်တာလေ ဟရောင့်!တင်ပါးမှာ အခုထိ အချိုးရာ ကျန်ဦးမယ်!မသိဘူး မင်းကြောင့်! ငါ့ကို ဒေါ်လှလှမေကလည်း အမှတ်ကောင်းတယ်ဆိုပြီး ကျောင်းမြင့်တာပဲ တက်ခိုင်းတော့မှာ! မင်းလည်း ဘာထူးလဲ မင်းငါနဲ့အတူ ကျောင်းတက်ဖို့ ကြိတ်ကြံနေတဲ့ကောင်! အား! ဇေရတုလေးကို ဘယ်သူမှ မကယ်ကြတော့ဘူးလား အီးဟီး"
ငိုယိုပြီး ထွက်ပြေးသွားသည့် ကောင်လေးနောက် ကိုကို ဟု တကြော်ကြော်ခေါ်ရင်း ပြေးလိုက်သွားသည့် မှန်ကြောင်လေး။
ထိုမှန်ကြောင်လေး၏ မျက်ဝန်းတွေထဲ ကိုကိုဟု တစ်ခါခေါ်လိုက်တိုင်း စွန်းထင်းသွားသည့် ကြည်နူးရိပ်တွေဟာ တစိမ့်စိမ့်။
နေ့ရက်တိုင်း အချိန်တိုင်း နံဘေး အတူရှိချင်သည်ကြောင့် သူ့ကလေးဆိုးကြီးကို ချော့တခါခြောက်တလှည့်ဖြင့် ကုန်ဆုံးခဲ့ရသည့် အချိန်တွေသည် မှန်ကြောင်လေးရဲ့ အပြုံးတို့အသက်အဝင်ဆုံးအချိန်တွေပါပဲ။
ပုန်းကွယ်ထားသည့် ရင်တွင်းတစ်နေရာက ခံစားချက်တွေကိုကော စာကြမ်းပိုးလေးသည် သူ၏ ကိုကိုအား ဘယ်အထိ ဖုံးထားနိုင်ပါလိမ့်။
အချိန်တွေသာ အလီလီပြောင်းခဲ့ပေမယ့် ဒေါ်ချိုသာပြုံး၏ အိမ်ရိပ်သာအတွင်း အသံပြဲလေးတစ်ခုသည် မပြောင်းမလဲ ပေါ်ထွက်လာမြဲ။
ထိုအသံလေးကား
"စာကြမ်းပိုးလေးက ကျနော့်ကို ဆူတယ် မေပြုံးရေ"ဟူ၍။
~*~
The End.
(သဘောကျဖို့ မျှော်လင့်ပါတယ်ဗျာ🖤)
စာလုံးပေါင်းမစစ်မိလို့ သည်းခံပေးကြပါဦးနော်🖤