စိမ့်။
အပိုင်း (၇)
ခုရက်ပိုင်းသွားဖို့ ပြင်ဆင်နေရတာမို့ စိမ့်တို့ အိမ်ဖက်ကို မရောက်ဖြစ်ဘူး။ ဆိုင်ကလဲ လောလောဆယ် ပိတ်ထားတာ စိမ့်နေများ မကောင်းလို့လားလို့ စိတ်ပူပြီး ဖုန်းဆက်ကြည့်လိုက်တော့
“နေကောင်းပါတယ် အစ်ကိုရ။ နဲနဲပင်ပန်းနေလို့ ခနနားတာပါ။ နောက်ရက်ပြန်ဖွင့်မှာပါ။”
“အော် အဲဒါဆိုပြီးရော ကိုလဲ အလုပ်နဲနဲများနေလို့ မလာဖြစ်ဘူး မနက်ဖြန်ဒီကနေ အေးဂျင့်ကို သွားရတော့မှာ အဲဒါညနေမှ အဖိုးနဲ့ ညီမလေးကို လာနှုတ်ဆက်တော့မယ်နော်။”
အော် အဖိုးနဲ့ ညီမလေးတဲ့လား အစ်ကိုရယ်။
“ဟုတ်ကဲ့။”
“အိုခေ။ ဒါဆို ညနေမှတွေ့မယ် စိမ့်။”
“ဟုတ်ကဲ့ အစ်ကို။”
ဖုန်းချသွားပေမယ့် စိမ့်ဖုန်းလေးကို ကိုင်ထားနေမိတယ်။ ရင်ထဲမှာ ဟာတာတာကြီး စိမ့်နေမကောင်းဘူး ဆိုပြီးအိမ်မှာ နားနေတာလေ။ အင်း မနက်ဖြန်တောင် သွားတော့မှာတဲ့လား။ စိမ့် ညနေကျရင် ရှောင်နေရမလား။ သိသိကြီးနဲ့ ရှောင်နေရင်ကော ကောင်းပါ့မလား။ အစ်ကို ရယ်။ စိမ့် ကျလာတဲ့ မျက်ရည်တွေကို လူမမြင်အောင် အသာသုပ်လိုက်ပြီး တဖက်ကိုလှည့်ကာ အိပ်နေလိုက်ပါတော့တယ်။
………………………………….
“မင်းကို ငါမှာထားတာတွေ လုပ်ပြီးပြီလား မင်းထက်။”
“အကုန်ရယ်ဒီပဲ ဆရာ မနက်ဖြန် အားလုံးပြင်ဆင်ပြီးပြီ။”
“ဒါမျိုးကျ သွက်နေတာပဲ ခွေးကောင်။”
စိုင်းကို စကားကို သဘောကျကာ မင်းထက် စပ်ဖြဲဖြဲနဲ့။
“ဆရာ့ တပည့်လေ ဒီလောက်တော့ ရှိမှာပေါ့။ ဟဲဟဲ။”
“ဘာတစ်ခုမှ လွဲတာ မလိုချင်ဘူးနော်။”
“ဟုတ်ကဲ့ စိတ်ချပါ ဆရာ။”
မင်းထက်နောက်ဆုတ်သွားတော့မှ ရှေ့က အရက်ခွက်ကို ပြန်ကိုင်လိုက်ပါတယ်။ ပြီးတော့ စိုင်းကို ကျေနပ်စွာပြုံးလိုက်ပါတယ်။ မင်းငါ့စီကို ရောက်ကို ရောက်လာ စေရမယ် စိမ့်။ မင်းက ငါ့အတွက်ပဲ ဖြစ်ရမယ်။
…………………………
မျိုးသက် ခြံရှေ့ရောက်တော့ ဆိုင်ကယ်ကို ရပ်လိုက်ပြီး ခြံထဲဝင်မလို့ ပြင်နေတုန်း ခြံထဲမှ အသံတစ်ချို့ ကြားရတာမို့ ခြေဖျားကို ထောက်ကာ အသာလေး အိမ်ဘေးကို လှမ်းပြီးချောင်းကြည့် လိုက်မိပါတယ်။ စွပ်ကျယ်အဖြူခပ်ကျပ်ကျပ်လေးနဲ့ အောက်က အားကစားဘောင်းဘီအဝါလေးကို ဝတ်ထားတဲ့ စိမ့်။ သူ့ရှေ့က လည်နေတဲ့ သစ်သားတိုင်မှ အစွန်းထွက်နေတဲ့ ငုတ်တိုင်တွေကို လက်နဲ့ဖယ်လိုက် ရှောင်လိုက်နဲ့ လေ့ကျင့်နေတာ ကြည့်ကောင်းလွန်းလို့ ငေးမိ သွားတယ်။ အမြဲ သနပ်ခါးအပြည့်နဲ့စိမ့် မျက်နှာလေးက ပြောင်ရှင်းချွေးစတွေနဲ့ ဝင်းမွတ်နေလေရဲ့။ ကျနေပြီဖြစ်တဲ့ နေရောင်ရဲ့ ဟိုတစ်ပျောက်ဒီတစ်ပျောက် အရောင်လေးတွေက စိမ့်လှုပ်ရှားမှုတွေကို ပိုမိုသက်ဝင်လှုပ်ရှားစေသလိုပါပဲ။ ချပ်ရပ်နေတဲ့ ခန္ဓာကိုယ်ကျစ်ကျစ်လေးမှာ ဘာအဆီအပိုမှမရှိ ချွေးတွေစို့နေတဲ့ စိမ့် ရင်သားတွေက ယောက်ျားလေး တစ်ယောက်လို လှပသေ သပ်စွာ ချပ်ရပ်နေပြန်တယ်။ နောက်မှာစီးထားတဲ့ ဆံပင်လေးတွေက လှုပ်လိုက်တိုင်းယိမ်းနေ တာ လှပတဲ့ စည်းချက်တွေနဲ့ ကပြနေသလိုပါပဲ။
ရုတ်တရက် မှင်သက်ကာ ငေးကြည့်နေတုန်း ပုခုံးကို လာပုတ်တာမို့ လှည့်မကြည့်ပဲ လက်ကို ပုတ်ထုတ်ကာ လက်ပြလိုက်ပါတယ်။ နောက်က ခနငြိမ်သွားပြီး မျိုးသက် လက်မောင်းကို ဆွဲကာ နောက်ကို လှည့်လိုက်တာမို့
“ဘယ်လိုဖြစ် ဖြစ် ဖြစ်…….။”
“အင်း ဘယ်လိုဖြစ်လို့ အထဲမဝင်ပဲ ဒီကနေ ချောင်းနေတာလဲ ဆိုတာ အရင်ဖြေ။”
“ဟီး အဖိုး။ အဖိုးတို့စီလာတာ။”
“သိတယ်လေ။ ဒီမှာဘာလုပ်နေတာလဲလို့ မေးတာ မင်းကို။”
“အော် အိမ်ထဲမှာလူရှိရဲ့လား လှမ်းကြည့်နေတာ။”
“ဟင်းဟင်း မင်းကတော့နော်။ လာ အထဲကို။”
မျိုးသက်တို့ ခြံထဲရောက်တော့ စိမ့်က ခုံမှာ ထိုင်ကာ နားနေပါပြီ။ ပုခုံးပေါ်က ပုဝါလေးကို ရင်ဘတ်ကို အုပ်ထားပုံနဲ့ နားထင်စက ချွေးစက်တွေထွက်နေပုံက တမျိုးလေး ကြည့်ကောင်းနေပြန်ရဲ့။
“လာ အစ်ကို ထိုင်။”
မျိုးသက် စိမ့်ဘေးမှာ ဝင်ထိုင်လိုက်တော့ အဖိုးက ထိပ်က ခုံမှာ ထိုင်လိုက်ပြီး
“ဆုမွန်ရေ ဒီမှာ လဖက်ခြောက်ရပြီ သမီး လာယူ။”
ဆုမွန်နောက်ဖေးကနေ ထွက်လာပြီး မျိုးသက်ကိုတွေ့တော့ မျက်နှာမကောင်းဖြစ်သွားကာ
“လာနှုတ်ဆက်တာပေါ့လေ။ သမီးတို့ကို ဟုတ်လား ကိုကြီး။”
“အင်း။”
မျိုးသက် အဖိုးကိုပါ လှည့်ကြည့်လိုက်ပြီး ခေါင်းကို အသာလေး ငြိမ့်ပြလိုက်ပါတယ်။
“အေး အလုပ်ကိစ္စဆိုတော့လည်း သွားရမှာပေါ့ကွာ။ ရေခြားမြေခြား ဆိုတော့ ကျန်းမာရေးကိုပဲ အထူးဂရုစိုက်ဖို့ အဖိုးမှာချင်တယ်။”
“ဟုတ်ကဲ့ အဖိုး။ အဖိုးတို့လဲ ဂရုစိုက်ကြပါနော်။”
“အေးပါ စိတ်ချ မင်းပြန်လာတဲ့အထိ ငါကသေဦးမှာ မဟုတ်ဘူး။”
“ကိုကြီး ဟိုရောက်ရင် သမီးကို လက်ဆောင်တွေ ပို့ပေးနော်။ အရုပ်လေးတွေ အင်ကျီလှလှလေးတွေ။”
“ဆုမွန်။”
ဆုမွန်ကို စိမ့်က လှမ်းဟန့်လိုက်ပေမယ့် မျိုးသက်က ပြုံးကာ ခေါင်းကို ငြိမ့်လိုက်ပြီး
“ပို့ပေးမှာဗျာ စိတ်ချ။”
“ကိုင်း မောင်နှမတွေ ပြောကြဦး အဖိုး ခြံထဲ အမှိုက်သိမ်းပြီး ရေလေး ချိုးလိုက်ဦးမယ်။”
“ဟုတ်ဟုတ် အဖိုး။”
“သမီး ရေနွေးအိုး တည်ထားတာ ခနလေးနော် ကိုကြီး။”
“အေးအေး ညီမလေး သွားသွားရတယ်။”
နှစ်ယောက်စလုံး အနားကနေ ထသွားတော့ စိမ့်နဲ့ မျိုးသက်သာ အိမ်ရှေ့က ခုံလေးတွေမှာ ကျန်ခဲ့ပါတယ်။ မျိုးသက် အသက်ကို ဝအောင်ရှုသွင်းလိုက်ရင်းက
“မင်းကော ကို့ကိုမှာစရာ မရှိဘူးလားစိမ့်။”
စိမ့်အသာပဲ ပြုံးလိုက်ရင်းက
“အစ်ကို ဟိုရောက်သွားလဲ လိုင်းပေါ်မှာ ပြောလို့ရနေတာပဲ ထွေထွေထူးထူး မှာစရာမရှိပါဘူး အစ်ကိုရ။”
မျိုးသက်ခေါင်းကို ငြိမ့်လိုက်ပြီး စိမ့်လက်ကို အသာလှမ်းကိုင်လိုက်ပါတယ်။
“ချွေးတွေနဲ့ အစ်ကိုရ။”
“ဟင့်အင်း ရတယ်။ ကို ရှိနေတုန်းကလဲ စိမ့်တစ်ခုခု ပြသနာတက်ရင် ဘာမှ မကူညီနိုင်ခဲ့ပေမယ့် ဝေးနေတဲ့ အချိန်မှာ စိမ့်ကိုပိုပြီး စိတ်ပူတယ်။ အစစ အရာရာ ဂရုစိုက်နော် စိမ့်။”
“အင်းပါ။ ဖယ် သူများတွေမြင်ကုန်ရင် မကောင်းဘူး။”
စိမ့်အသံကြောင့် နောက်ဖေး မှာ မီးဖိုကို မီးပြောင်းလေးနဲ့ မီးကုန်းမှုတ်နေတဲ့ ဆုမွန်ကော အမှိုက်ကို ဖြေးဖြေးချင်းထည့်ကာ အိမ်ရှေ့ နားကနေ နားစွင့်နေတဲ့ အဖိုးပါ မျက်လုံးတွေ ပြူးသွားကြပါတယ်။ ဆတ်ခနဲ ဆုမွန် အကွယ်လေးကို ပြေးကပ်လိုက်သလို ဦးမြတ်ထန်ကလဲ နာမည်နဲ့လိုက်စွာ အိမ်ခေါင်းရင်းက သစ်သား အပေါက်လေး ရှိတဲ့ နေရာကို ခြေသံလုံစွာပြေးသွားပါတော့တယ်။
“ခနလေးပါစိမ့်ရာ။”
“မင်းမှာ ဘာအခက်အခဲ စိတ်ညစ်စရာပဲ ရှိရှိ ကို့ကို အသိပေးပါနော်။ နောက်ပြီး လိုအပ်တာရှိရင်လဲ ချက်ခြင်းပြောနော်။”
“အင်းပါ အစ်ကိုရယ် စိမ့်တို့ကို စိတ်မပူပါနဲ့။ အစ်ကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့ သွားနော်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။”
စိမ့်လက်ကို ကိုင်ထားရာကနေ တဖြေးဖြေး အပေါ်ကိုမတင်လိုက်တာမို့ ချောင်းကြည့်နေတဲ့ ဆုမွန် ဇတ်လေးပုကာ မီးပြောင်းလေးကို ကျစ်ကျစ်ပါအောင် ကိုင်ထားသလို ဦးမြတ်ထန်ရဲ့ ခေါင်းကလဲ ပျဉ်ပြားလေးမှာပိုပြီး ကပ်လို့သွားပါတော့တယ်။
စိမ့်လက်လေးက မျိုးသက် မေးစေ့နားကို ရောက်ချိန်မှာတော့ စိမ့်က ဆတ်ခနဲ ဆွဲကာ ဖယ်လိုက်တာမို့ ဆုမွန်
“ဟာ။”
ခနဲ ဖြစ်သွားသလို ဦးမြတ်ထန် ပါးစပ်မှလဲ
“သောက်အ။”
မျိုးသက် ချက်ခြင်း ကိုယ်နေဟန်ကိုပြင်လိုက်ရင်းက
“စောတီးနော် စိမ့်။”
စိမ့်ခေါင်းကို ငြိမ့်လိုက်ရင်း
“စိမ့်ရေသွားချိုးလိုက်ဦးမယ်။ ခနလေးစောင့်နော်။ ရလား အစ်ကို။”
“အင်း အေးဆေးလုပ်။”
စိမ့်ရေသွားချိုး နေတုန်း ဆုမွန်ရောက်လာကာ ဂျပန်က အကြောင်းတွေ မေးနေတာမို့ သိသလောက်ပြောပြလိုက်ပါတယ်။ ခနနေတော့ အခန်းထဲကနေ ပုဆိုးကို ရင်အထိချပ်ချပ်လေး ပတ်ဝတ်ကာ စိမ့်ထွက်လာပြီး အိမ်နောက်ဖေးပေါက်ကနေ ဆင်းသွားတာတွေ့လိုက်ပါတယ်။ ပြန်တက်လာတော့လည်း ဒီတိုင်းလေးပဲ ရင်ဘတ်ကိုတော့ ထုံးစံအတိုင်းခြွေးသုတ်ပုဝါလေးနဲ့ အုပ်လို့ထားပါတယ်။ အထဲဝင်သွားပြီးသိပ်မကြာပါဘူး။ ပြန်ထွက်လာတော့ မြင်နေကျ စိမ့်ပုံစံလေး။ ဒါပေမယ့် တစ်ခုထူးခြားနေတာက ဆံပင်တွေကို ဖြန့်ချလို့ ထားတာ အမြင်ဆန်းနေစေပြန်ပါတယ်။
သူ့ကိုစိုက်ကြည့်နေမှန်းသိတာမို့ စိမ့်က ရှက်သွားသလိုနဲ့ ပြုံးလိုက်ရင်း
“ဟို ခေါင်းလျှော်ထားလို့ အစ်ကိုရ။”
“သဘာဝရှုခင်းတစ်ခုကို တစ်ဝကြီး ကြည့်လိုက်ရသလိုပဲ စိမ့်ရာ။”
“အမလေး ကဲကဲကြီး။”
ဆုမွန်အော်ကာ အနားက ထသွားပါတယ်။ စိမ့်က မျိုးသက်နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ရင်း
“ကြာသွားလား အစ်ကို။”
မျိုးသက် ဘာမှမပြောပဲ စိမ့်ကိုသာငေး ကြည့်နေပြန်တာမို့
“အစ်ကို။”
“အမ် အမ် ဗျာ။”
“မှောင်လာပြီ အစ်ကို နေလို့ရသေးရဲ့လား။”
“အော်အင်း ခုပဲ ပြန်တော့မလို့ စိမ့်ရ။”
ပြန်တော့မယ် ပြောလိုက်ပြီးမှ နှစ်ယောက်သား ငြိမ်လို့ သွားကြပြန်ပါတယ်။ ဒီနေ့က စပြီး နောက်ဘယ်အချိန်ထိများ ခွဲကြရမှာလဲ။ ပြန်ကောတွေ့ဖို့ ဆိုတာ ဖြစ်နိုင်ပါ့ဦးမလား။
“စိမ့် အစ်ကို့ကို စောင့်နေနော်။ အစ်ကို ပြန်လာမယ်။”
“ဟုတ်ကဲ့ပါ။”
ဟုတ်ကဲ့ လိုက်ရပေမယ့် မသေချာဘူးဆိုတာ နှစ်ယောက်စလုံးသိနေကြတာပဲလေ။ တားပိုင်ခွင့်မရှိသလို တားဖို့လဲ မသင့်တဲ့ ခရီးမို့ အစ်ကို စိတ်ဖျောင့်စွာ သွားပါစေတော့။ အစ်ကို စိတ်ချမ်းသာအောင် စိမ့်ပြုံးပဲ ပြလိုက်ပါတော့တယ်။
“အခု အချိန်ရရင် အစ်ကိုနဲ့ ဆိုင်ကယ် တစ်ပတ်လောက် လိုက်စီးပါလား စိမ့်။ ပြီးရင် ပြန်ပို့ပေးမယ်လေ။”
“အဲဒါဆို ခနလေးစောင့်။”
စိမ့်အိမ်ခန်းထဲ ပြန်ဝင်သွားပြီးခနလေးနေတော့ စိမ့်ပြန်ထွက်လာပါတယ်။ ဂျင်းဘောင်းဘီအကျပ်ကို ဒူးမှာ အပေါက်လေးတွေနဲ့။ ပြီးတော့ တီရှပ်အဖြူလေးနဲ့ ပဏာရလှစွာ အပေါ်က လည်သာ ကုတ်အင်ကျီလေး။
“ဝါး တစ်ခါမှမမြင်ဖူးဘူး ဒီလောက်လှနေတာ။”
“အံမယ် စိမ့်က အိိမ်မှာနေတာ လွတ်လွတ်လပ်လပ် သဘောကျလို့ပါနော်။ လာ သွားကြမယ်။ အဖိုးကို ပြောလိုက်ဦးမယ်။”
စိမ့်က ရေချိုးနေတဲ့ အဖိုးကို ခွင့်သွားတောင်းနေတုန်း မျိုးသက် ဆိုင်ကယ်ပေါ်တက်လိုက်ပါတယ်။ စိမ့်ရောက်လာတော့ နောက်ကနေ တက်ခါခွပြီး ထိုင်လိုက် တာမို့ မျိုးသက်ပြုံးလိုက်မိပြန်ပါတယ်။ ပြီးတော့မှ
“ခါးဖက်ထားနော် စိမ့်။”
“ဟုတ်ပြီ။ ကြိုက်သလောက်သာမောင်း။”
မျိုးသက် ဆိုင်ကယ်ကို စက်နှိုးပြီး ကလပ်နင်းကာ မောင်းထွက်ခဲ့လိုက်ပါတော့တယ်။ ဆိုင်ကယ်က အမြင့်မို့ ရှေ့မှာမောင်းနေတဲ့ မျိုးသက်ကို နောက်ကနေ စိမ့် ခါးလေး ကိုင်းကာ ဖက်ထားလိုက်ပါတော့တယ်။ ခုနထဲက လျှော်ကာစမို့ မစီးထားတဲ့ ဆံပင်တို့က လေထဲမှာ တလွင့်လွင့်။ မှောင်ရီပျိုးစမို့ အလုပ်ပြန်တဲ့ သူတွေ တစ်ချို့ကို တွေ့ရပေမယ့် မျိုးသက် လူရှင်းတဲ့ဖက်ကို မောင်းလာခဲ့လိုက်ပါတယ်။
ခါးကို ဖက်ထားတဲ့ လက်တွေကို ဘယ်ညာဆန့်ထုတ်လိုက်ပြီး ခါးကို မတ်လိုက်တာမို့ စိမ့် လေထဲမှာ လွင့်နေသလို ခံစားရတယ်။
“ဝူး…… မိုက်တယ်။ အ့။”
ရုတ်တရက် မျိုးသက်က လီဗာကို ကစားလိုက်တာမို့ စိမ့် ငိုက်ခနဲ ရှေ့ကို စိုက်ကျကာ လန့်သွားပြီး မျိုးသက်ခါးကို ပြန်ဖက်ထားလိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ အနောက်ကနေ ထိုးလိုက်တဲ့ ကားရဲ့ မီးရောင်ကြောင့် မျိုးသက် ဆိုင်ကယ်ကို အရှိန်မလျော့ပဲ ဘေးကို အသာ တိုးပေးလိုက်ပေမယ့် ကားက ကျော်မသွား။ ပြီးတော့ ထိုးထားတာက အပေါ်မီးကြီးမို့ သူတို့နှစ်ယောက်ကို နောက်ကနေ မီးထိုးပေးနေသလို ဖြစ်လို့နေပါတော့တယ်။ စိမ့်လဲ နောက်ကို လှည့်ကြည့်လိုက်ရင်းက
“ဘာလဲဟ့ ဒီကားက။”
မျိုးသက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်မိပြီး ဆိုင်ကယ်ကို အရှိန်မြှင့်ကာ တင်မောင်းလိုက်တော့ ကားကလည်း နောက်ကနေ အမှီလိုက်လို့ လာပါတော့တယ်။
“အစ်ကို သတိထား။”
နောက်က ကားက မျိုးသက် ဆိုင်ကယ်ဘေးကို ယှဉ်ပြီး မောင်းမိလာချိန်မှာတော့ ကားထဲက မောင်းနေတဲ့ လူကို စိမ့်လှမ်းတွေ့လိုက်ရပါတော့တယ်။
“စိုင်းကို။”
“ကျွီ…………………။”
“ဟာ ဟာ။”