စိမ့်။
အပိုင်း (၅)
ခြံထဲဝင်လိုက်တာနဲ့ ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးရယ်။ အိမ်ရှေ့မှာ စိုက်ပျိုးထားတဲ့ ပန်းပင်တွေရဲ့ အပြင်အဆင်တွေကြောင့် ဒီလူရဲ့ ချမ်းသာကျွယ်ဝမှုကို မပေါ့မှန်း စိမ့်သိပါတယ်။
“ဟိတ် နေဦး။”
အသံလာရာကို လှမ်းကြည့်လိုက်တော့ ကျော်ကြီးနဲ့ အခြားလူမိုက် နှစ်ယောက် လုံခြုံရေး အိမ်လေးကနေ ထွက်လာတာပါ။ စိမ့် ရပ်နေလိုက်တယ်။ အထဲကို ဝင်လာတာ စိမ့်တစ်ယောက်ထဲလေ။
“မင်းဘာလာလုပ်တာလဲ။ ဘယ်သူနဲ့ တွေ့ချင်လို့လဲ။”
“ငါ စိုင်းကိုနဲ့ တွေ့ချင်တယ်။”
“ဟ့ လေသံက ရိုင်းလှချည်လား လူကြည့်တော့ အခြောက်မကများ။”
“ဟေ့ကောင်။”
စိမ့်အကြောင်းမသိသေး တစ်ယောက်ဖြစ်ပုံတူပါတယ်။ ကျော်ကြီးက ဟန့်လိုက်ပြီး စိမ့်ဖက်လှည့်ကာ
“မင်းဒီကနေပဲ စောင့်နေ ဆရာနိုးပြီလား ဆိုတာ သွားကြည့်ပြီး ခွင့်တောင်းပေးမယ်။”
“မလိုဘူး သောက်လုပ်ရှုတ်တယ်။”
“ဟာ ဒီအခြောက်မ လူပါးဝလှချည်လား။”
ပြောပြီး အနားကပ်လာတဲ့ကောင်ကို စိမ့်အရင်ဆုံး အရှိုက်ကို လက်သီးတစ်လုံးပစ်သွင်းလိုက်တာ ကားခနဲ မှောက်ကျသွားပါတယ်။ သူက စိ်မ့်ကို အထင်သေး ပြီးလျော့တွက်လိုက်တာ မှားသွားတာပဲ။ နောက်တစ်ယောက်က ထပ်ဝင်လာပြီး စိမ့်ကို ခြေမြှောက်ကာ မျက်နှာကို ပင့်ကန်လာတာမို့ စိမ့် ခေါင်းကို အနောက်သို့ အသာဆုတ်လိုက်ပြီး လက်တစ်က သူ့ခြေကျင်းဝတ်ကို ကိုင်ကာ ပေါင်ကြားကို ဒူးက မြောက်ခနဲ တက်သွားပါတော့တယ်။
“အူး…….။”
“ဟေ့ကောင်တွေ။”
အသံနဲ့ အတူ ကျော်ကြီး ဒုတ်တစ်ချောင်းကိုင်ကာ ပြေးဝင်လာတာမို့ စိမ့်တစ်ချက်ပြုံးလိုက်မိပါတယ်။ ကျော်ကြီးရဲ့ ဒုတ်က စိမ့်ခေါင်းစီကို တည့်တည့်ဝင်လာတုန်း စိမ့် ခန္ဓာကိုယ်ကို တစ်ဖက်သို့ ယိမ်းလိုက်ပြီး ခြေတစ်ဖက်က ကျော်ကြီး ခြေထောက်စီကို ရောက်သွားပါတယ်။ ကျော်ကြီး ရှေ့ကို ကားခနဲ ကျသွားချိန်မှာတော့ စိမ့်ခုနက အခြောက်လို့ ခေါ်တဲ့ကောင်နားသွားကာ လက်တစ်ဖက်ကို ကောက်ကိုင်လိုက်ကာ ကျောကို နင်းပြီး
“မင်း နောက်ခါ အပြောအဆို ဆင်ခြင် ဖျောက်။”
စိမ့်လက်ထဲက ကိုင်ထားတဲ့ လက်က ဖျောက်ကနဲ မြည်ကာ မြေကြီးပေါ်ကို ပျော့တွဲစွာ ပြန်ကျသွားပါတော့တယ်။ နောက်ကနေ ဝင်လာပြီး စိမ့်ကို စောင့်ကန် လိုက်တာမို့ စိမ့်ခါးကို အကန်ခံလိုက်ရပြီး ရှေ့ကို ငိုက်ကျသွားပါတယ်။ ခြေတစ်ဖက်ကို ကားကာ ထောက်ထားလိုက်တာမို့ မှောက်လျက်တော့ ကျမသွားပါ။ နောက်ထပ် ခေါင်းကို ကန်လာတဲ့ ခြေတစ်ဖက်ကို ခေါင်းကို တိမ်းကာ နောက်ပြန်ပဲ လှမ်းဖမ်းလိုက်ပြီး ထိုင်ရာမှ ဆတ်ခနဲ ထရပ်လိုက်တာမို့ ကန်တဲ့သူ အားခနဲ အော်ကာ လဲကျသွားပါတယ်။
အားလုံးပေါင်း ခြောက်ယောက်လောက်တော့ ရှိမယ်ထင်တယ်။ စိမ့် နားကို ချက်ခြင်းပဲတစ်ယောက်ရောက်လာပြီး လက်သီးတစ်လုံးက မျက်နှာစီကို ပြေးဝင် လာတာမို့ စိမ့်အသာရှောင်လိုက်ရင်း တစ်ပတ်လှည့်ကာ တင်ပါးကို ပစ်ကန်လိုက်ပါတယ်။ နောက်တစ်ယောက်က တုတ်နဲ့ ဝင်ရိုက်တာမို့ စိမ့် တုတ်ကို လှမ်းဖမ်းကာ စုပ်ကိုင်ထား လိုက်ပါတယ်။ အဲဒီ့ကောင်က သူ့ တုတ်ကို အတင်းပြန်စွဲနေပေမယ့် တုတ်တုတ်မှ မလှုပ်။ စိမ့်မျက်နှာကို ကြည့်လာတော့ စိမ့် မျက်မှောင်ကျုတ်ကာ ခေါင်းကို ခါပြလိုက်ပါတယ်။ မရဘူး ဆိုတဲ့ သဘော။
သူ့လက်ကို လွှတ်လိုက်ချိန်မှာ စိမ့်လက်ထဲကို တုတ်တစ်ချောင်းရောက်လို့ လာပါတော့တယ်။ နောက်ထပ်ရှေ့ကို တိုးလာတဲ့ တစ်ယောက်ကို ပြေးကပ်လိုက်ပြီး ဒူးခေါင်းကို ဖျတ််ကာ ရိုက်ချလိုက်ပါတယ်။ အားခနဲ ခွေကျသွားပြန်ပါတယ်။ နောက်တစ်ခါ ဒုတ်ကိုင်ပြီး တက်လာတဲ့ တစ်ယောက်ကို စိမ့် ရှောင်လိုက်ပြီး လက်က ဖျတ်ခနဲ လှုပ်လိုက်တာ သူ့ခေါင်းပေါ် စိမ့်လက်ထဲက ဒုတ်က ခွပ်ခနဲ မြည်ကာ ရောက်လို့ သွားပါတော့တယ်။
နောက်ထပ်တစ်ယောက်က ချိန်းကြိုးကို ကိုင်ကာ စိမ့်ရှိရာကို တက်လာတော့ စိမ့်လက်ထဲက ဒုတ်ကို လွှတ်ချလိုက်ကာ ပုခုံးပေါ်က ပုဝါကို ဆွဲချလိုက်ကာ ဆတ်ခနဲ ခါထုတ်လိုက်ပါတယ်။ ချိန်းကြိုးကိုင်တဲ့ ကောင်က သူ့ချိန်းကြိုးကို စိမ့်မျက်နှာစီ လွှတ်လိုက်ချိန်မှာ စိမ့်လက်ထဲက ပုဝါလေးကလဲ မြောက်ခနဲ တက်သွားကာ ချိန်းကြိုးမှာ လိမ်ထားပြီးသား ဖြစ်သွားတာမို့ ချိန်းကြိုးက လိုရာခရီးမရောက်ပဲ လေထဲမှာပဲ အရှိန်သေလို့ သွားပါတော့တယ်။
သူက ချိန်းကြိုးကို ပြန်ကိုင်လိုက်ကာ စိမ့်ဒူးခေါင်းစီကို ဒူးထောက်ထိုင်ရင်း လှမ်းပစ်လိုက်တာမို့ စိမ့် အသာခုန်ရှောင်လိုက်ရင်း လက်တစ်ဖက်ကနေ တင်းအောင် ကိုင်ထားတဲ့ ပုဝါစကို လွှတ်ပေးလိုက်ပါတယ်။ တဖက်လူက မျက်နှာကို လက်နဲ့ အုပ်ရင်း အားခနဲ အော်ကာ နောက်ဆုတ်လို့ သွားပါတော့တယ်။
“ဖျောင်း ဖျောင်း ဖျောင်း။”
လက်ခုပ်သံကြားလို့ အသံလာရာစီကို ကြည့်လိုက်တော့ စိမ့်တို့ ချတာကို အိမ်ဝကနေ ထိုင်ခုံနဲ့ထိုင်ကာ ကော်ဖီသောက်ရင်း အေးဆေး ထိုင်ကြည့် စိုင်းကို။ စိုင်းကို လက်ပြလိုက်တာမို့ သူ့တပည့်တွေ ကုန်းထကာ အကုန် နောက်မှာ ရပ်နေကြပါတယ်။ စိမ့် စိုင်းကို ရှိရာကို ပုဝါလေး ပုခုံးပေါ် ပြန်တင်ရင်း အေးဆေးပဲ လျှောက်သွားလိုက်ပါတယ်။ စိုင်းကိုက အကောင်းစားမှန်းသိသာလွန်းတဲ့ ညဝတ်အင်ကျီနဲ့ အနောက်မှာ အစောင့် နှစ်ယောက်နဲ့။ စိမ့် အနားကို ရောက်တော့ စိုင်းကိုက နှုတ်ခမ်းဝမှာ လက်ကို တေ့လိုက်ရင်း ရှုးတိုးတိုး ဆိုတဲ့ ပုံလုပ်ပြကာ ရှေ့က နေ အိမ်ထဲ ဝင်သွားတာမို့ စိမ့်နောက်ကနေ လိုက်ခဲ့လိုက် ပါတယ်။
အထဲမှာ ပြင်ဆင်ထားတာတွေက ခမ်းနားလွန်းတာတော့ သိပ်မထူးဆန်းတော့ပါဘူး။ အခန်းတစ်ခန်းရှေ့မှာ စိုင်းကို ရပ်လိုက်ရင်းက လက်ပြကာ ဝင်ဖို့ ပြောလာ တာမို့ စိမ့် ဝင်လိုက်ပါတယ်။ အထဲမှာ ဘယ်သူမှ ရှိမနေပါဘူး။ စိမ့်ဝင်ပြီးတာနဲ့ နောက်ကနေ စိုင်းကိုက ဝင်လိုက်လာပြီး အခန်းတံခါးကို ပြန်ပိတ် လိုက်ပါတယ်။
“မျိုးသက်ဘယ်မှာလဲ။”
“အေးဆေးပေါ့။ ဘယ်လိုဖြစ်တာလဲ။”
“မလိုဘူး ဟေ့ကောင် ငါ မျိုးသက်ကိုပဲ တွေ့ချင်တယ်။”
စိုင်းကို မျက်မှောင်ကျုတ်လိုက်ရင်းက စိမ့်နောက်ကို ကပ်လာကာ စိမ့်ခါးကို တစ်စုံတစ်ခုနဲ့ ထောက်ထားလိုက်ပါတယ်။ ဒါဘာလဲ ဆိုတာ စိမ့် တွေးကြည့်စရာ မလိုပဲ သိနေပြီးသား။ ခါးကနေ တက်လာတဲ့ အဲဒီ့အရာက စိမ့်ကျောပြင်တစ်လျောက် စိတ်ကြိုက်ညင်သာစွာ ပွတ်လာပြီးမှ စိမ့်လည်တိုင်တွေစီ ရောက်လို့ လာပါတယ်။
“မင်းက လုံးဝ ငါကြိုက်တဲ့ ပုံပဲ စိမ့်။ အဲဒါသေချာသွားပြီ။”
စိမ့် တံတွေးကို မြိုချလိုက်ကာ
“ခများ ဘာလိုချင်တာလဲ။ ကျုပ်တို့ ကိစ္စ နောက်မှရှင်းမယ်။ မျိုးသက်အရင် လွှတ်ပေးလိုက်ပါ။”
စိုင်းကို လက်တစ်ဖက်က သရေးကြိုးနဲ့ စီးထားတဲ့ စိမ့်ဆံပင်တွေကို ဆွဲကာ နောက်ဖက်ကို ဆွဲလိုက်တာမို့ စိမ့်ခေါင်းလေး စောင်းကာ မျက်နှာက မော့လို့ သွားရပါတော့တယ်။ စိုင်းကို ထွက်သက်တွေက စိမ့် မေးရိုးတွေစီကို နွေးခနဲ ဖြစ်အောင်ကျ ရောက်လို့လာပါတယ်။ စိမ့် မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။
“ငါလိုချင်တာက မင်း ပဲ။”
“ဟက်။”
ရီလိုက်တာ မဟုတ်ပဲ လှောင်လိုက်တယ် ဆိုတာ သိသာစေတဲ့ အသံပါ။ စိမ့်လည်တိုင်မှာ ရှိနေတဲ့ ပြောင်းဝက နားထင်စီကို တက်လာသလို နားရွက်ဖျားလေးက အေးခနဲ ဖြစ်သွားတာမို့ စိမ့်ခေါင်းကို ရှောင်လိုက်ပါတယ်။ စိုင်းကို လျာကို သပ်လိုက်ရင်းက
“မင်း ငါပြောတာ နားမထောင်ရင် သူအရင် ဒုက္ခရောက်မယ်။ ပြီးရင် မင်းရဲ့ အရင်းနှီးဆုံး လူနှစ်ယောက်။”
“တောက်ခ်။”
“နေဦးလေး မင်းကို ငါပြောတာ မပြီးသေးဘူး။ မင်းကို အချိန် ရက် တစ်ရာတိတိပေးမယ်။ ဒီနေ့က စမယ်။ ဒါပေမယ့် မင်းဒီနေ့က စပြီး မင်းငါ့စီမှာပဲ အလုပ်လုပ်ရမယ်။ ငါ့ရဲ့ အတွင်းရေးမှုး အဖြစ်နဲ့ခန့်မယ်။ မင်းမမျှော်လင့်ထားတဲ့ လစာမျိုး ရမှာမို့ မင်းမငြင်းရဘူး နောက်ပြီး ငြင်းခွင့်လဲ မရှိဘူး။”
စိမ့်လက်တစ်ဖက်က မြောက်တက်လာပြီး နားထင်မှာ ထောက်ထားတဲ့ သေနတ်ကို နောက်ကို ပုတ်ထုတ်လိုက်ကာ ခြေနှစ်ဖက်ကို ကားချလိုက်ချိန်မှာ စိုင်းကို ခြေထောက်နှစ်ဖက်လုံး ချိတ်ကာပါသွားတာမို့ ကားခနဲ ဟန်ချက်ပျက်ကာ နောက်ကို လန်ကျလို့သွားပါတယ်။ စိမ့်က လက်တစ်ဖက်ကို ထောက်ကာ ဟန်ချက်ကို ထိန်းလိုက်ပြီး နောက်ကိုလှည့်ကာ ခုန်အုပ်လိုက်ချိန်မှာ ထဖို့ အားယူထားတဲ့ စိုင်းကိုပေါ် ခွထိုင်ပြီးသား ဖြစ်လို့ နေပါတယ်။ စိမ့်တစ်ဖက်က မြောက်တက်လာတဲ့ စိုင်းကို လက်ကို ဖျတ်ခနဲ လက်ကောက်ဝတ်ကနေ ဖမ်းကိုင်ကာ ဖိထားလိုက်ပြီး ကျန်တစ်ဖက်က စိုင်းကို လက်ထဲက သေနတ်ကို ကျွမ်းကျင်စွာလုယူပြီးသား ဖြစ်လို့ နေပါတော့တယ်။
“ကျုပ်က သေနတ်ပစ်တော့ မကျွမ်းဘူး ဒါပေမယ့် တေ့ထားရင်တော့ တန်းနေအောင်ဝင်တယ် မဟုတ်လား ကိုစိုင်းကိုကို။”
စိုင်းကို စိမ့်ထိုင်နေပုံကို ငုံ့ကြည့်လိုက်ရင်း သဘောကျစွာ တဟားဟား ရီလိုက်ပါတယ်။
“ဟားဟားဟား အား။”
စိမ့် ဖိချလိုက်ချိန်မှာ ရီနေရင်း အားခနဲ အော်လိုက်ပြန်ပါတယ်။ ဒါပေမယ့် စိုင်းကို မျက်နှာက ပြုံးနေဆဲ။ စိမ့်ကလဲ ပြုံးရင်းက မျက်လုံးတွေကို မှေးစင်းကာ
“ဒီလိုထိုင်နေတာ ရည်ရွယ်ချက်ရှိလို့ ထိုင်နေတာ ဒါပေမယ့် ခများတွေးတဲ့ အတွေးနဲ့တော့ တူမယ် မထင်ဘူး။”
စိမ့်လက်ထဲက သေနတ်က စိုင်းကို ရင်ဘတ်တွေကနေ တစ်ဆင့် မေးစေ့ကို ထောက်ကာ အပေါ်ကို ပင့်တင်လိုက်ပါတယ်။
“ကျန်တာတွေ စိတ်မဝင်စားဘူး။ မျိုးသက် ဘယ်မှာလဲပဲ သိချင်တယ်။”
“ဟက် မင်းကခုထိ ရိုးသားနေတုန်းနော်။ ဟင်းဟင်း မင်းကောင်ရှိရင် မင်းတွေ့မှာပေါ့ဟ့ ဟားဟားဟား။”
“တောက်ခ် ခများ။”
“အား ဖြေးဖြေးလုပ်ပါ။”
စိမ့်က ပုဆိုးတိုတို ဒူးတစ်ဝတ်လောက် ဝတ်ထားပြီး စိုင်းကိုက ညဝတ်အင်ကျီနဲ့မို့ စိမ့်တက်ထက်နေတဲ့ ပုံစံကို စိုင်းကိုက သဘောကျကာ တဟားဟား ရီလို့ နေပါတယ်။ စိမ့်ကုန်းထမလို့ ပြင်လိုက်ချိန်မှာ စိုင်းကို လွတ်နေတဲ့ လက်တစ်က စိမ့်လက်ကို လှမ်းကိုင်ကာ ဆွဲချလိုက်တာမို့ စိမ့် စိုင်းကိုပေါ်ကို မှောက်ယား ထိုးကျလို့လာပါတယ်။
“မင်းက ငါ့ကို ဘယ်လောက်ထိ ဆွဲစောင်နိုင်တယ် ဆိုတာ မင်းသိပြီလား စိမ့်။”
စိမ့် တစ်စုံတစ်ခုကို သတိထားလိုက်မိတာမို့ မျက်လုံးတွေကို မှိတ်ချလိုက်ပြီး အသက်ကိုရှုသွင်းကာ စိုင်းကို မျက်နှာကို အနီးကပ် စိုက်ကြည့်လိုက်ပါတယ်။ ဖြူဖွေးချောမွတ်နေတဲ့ မျက်နှာ အသားအရည်က မိန်းမတစ်ယောက်ထက် သာလွန်နေသလို ထင်ရပေမယ့် စိမ်းနေတဲ့ သွေးကြောတွေ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းတွေ ရေးရေးတိုတိုအမွှေးအမြှင်တွေက သူ့သဘာဝ ချောမောနေမှုကို ငြင်းဆန်လို့ မရပြန်ပါဘူး။
“ခများမေ့များနေသလား။”
စိမ့်လက်ထဲက သေနတ်နဲ့ စိုင်းကိုခေါင်းကို တေ့ကာထောက်ပြီးမေးလိုက်တော့
“အကြာကြီးချိန်ထားပေး။”
စိမ့်လှစ်ခနဲ ပြုံးလိုက်မိပြန်ပါတယ်။ ဒီလူ တော်တော် ဆိုးတာပဲ။ စိုင်းကိုက စိမ့်ခါးတွေကို တင်းနေအောင် ဖက်ထားဆဲ။
“အိုခေ။ ခများပြောချင်တာ ပြောပြီးပြီ ဆိုတော့ ကျုပ်ပြန်တော့မယ်။”
စိုင်းကို ရုတ်တရက် စိမ့်ခါးကို ဖက်ထားရကနေ လူကိုလှည့်လိုက်တာမို့ စိမ့် အောက်ကို ရောက်သွားကာ စိုင်းကို ကအပေါ်ရောက်သွားပြန်ပါတယ်။ စိုင်းကို အကြည့်တွေက စိမ့်ကို ပေါက်ထွက်သွားမတက် ဖြစ်နေသလို စိမ့်လက်ထဲက ပြောင်းရှည်လေးကလဲ စိုင်းကိုရဲ့ နံသားတွေကနေ တစ်ဆင့် အတွင်းခံ ဘောင်းဘီတိုလေး စီကို ဖြေးညင်းစွာ ဝင်လို့ သွားပါတယ်။
စိမ့် မျက်ခုံးတစ်ဖက်ကို အသာပင့် ပြလိုက်တော့ စိုင်းကို အပေါ်ကနေဖယ်ကာ ကြမ်းပြင်ပေါ် ပက်လက် လှန်ချလိုက်ပါတော့တယ်။ စိမ့် လဲနေရာမှာ ကုန်းထလိုက်ပြီး သေနတ်ကိုကိုင်ကာ အခန်းဝကို လျှောက်လာလိုက်ပါတယ်။ အခန်းဝရောက်တော့ အခန်းတံခါးက ဖွင့်လို့မရပေ။
“ခများ တံခါးဖွင့်ပေး။”
စိုင်းကို ညဝတ်အင်ကျီကို ပြန်မစေ့ပဲ စိမ့်ရှိရာကို လျှောက်လာပြီး
“မင်းကိုငါပြောပြီးသားလေ။ မင်းငါ့ကို တစ်ခါထဲ အဖြေပြန်ပေးခဲ့ရင် မင်းပြန်လို့ရမယ်။”
“ဘာကိုလဲ။”
“မင်းဒီနေ့က စပြီး ငါ့စီမှာ အလုပ်လုပ်ရမယ်။ မလုပ်ရင်တော့။”
စိုင်းကို စကားကို ရပ်လိုက်တော့မှ စိမ့်က လက်ထဲက သေနစ်က်ု စိုင်းကိုကို ကမ်းပေးလိုက်ရင်း
“အိုခေ ခများလိုချင်တဲ့ အဖြေကို ကျုပ်ညနေ (၄) နာရီတိတိမှာ ဖုန်းဆက်ပြီး အဖြေပေးမယ်။ လောလောဆယ် တော့ မစဉ်းစားရသေးလို့ စဉ်းစားချိန်ပေးပါ။ အိုခေတယ် မဟုတ်လား။”
စိုင်းကို ပြုံးကာခေါင်းငြိ်မ့်လိုက်ရင်းက
“အိုခေ။ အားလုံးရဲ့ ကံကြမ္မာက မင်းပေါ်မှာပဲ မူတည်တာပါ ပြန်နိုင်ပါပြီ။”
ပြောပြီး တံခါးကို လက်နဲ့ သုံးချက်ခေါက်လိုက်တော့ တံခါးက ပွင့်လာပါတယ်။ အပြင်မှာ စိုင်းကို လူတွေ ဆယ်ယောက်လောက် ရှိမယ်။ စိမ့်ပြုံးလိုက် မိပါတယ်။ ပြီးတော့ အဲ့ဒီ့ခြံရှေ့ကိုလဲ ရောက်ရောက်ရော နောက်က ကားတစ်စီး ရောက်လာကာ ဘေးမှာထိုးရပ်လိုက်ပြီး
“ဆရာက ပြန်ပို့ပေးဖို့ မှာလို့ပါ။ ကားပေါ်တက်ပါ။”
စိမ့်ကားနောက်ခန်းကို တက်ထိုင်လိုက်တော့ ကားက မောင်းလာပြီး စိမ့် ဆိုင်လေးရှေ့မှာ ရပ်လို့သွားပါတယ်။ စိမ့်ကားပေါ်က ဆင်းနေတုန်းမှာပဲ အနားကို မျိုးသက် နဲ့ ဆုမွန် အနားကို ပြေးရောက်လာပါတော့တယ်။
“စိမ့် ဘာဖြစ်တာလဲ အဆင်ပြေလား။ ဘာဖြစ်သွားသေးလဲ။”
“ဘာမှ မဖြစ်ပါဘူး။ လာလာ အထဲမှာ ထိုင်မယ်။”
“ဟိုကောင် ကိုညီ့ကို လိမ်ခေါ်သွားတာ မဟုတ်လား တွေ့လို့ကတော့ သေပြီသာမှတ်။”
“ကိုလဲ အခုပဲ ပတ်ရှာပြီး မတွေ့လို့ ပြန်လာတာ။ ထိုင် စိမ့်။ ဆုမွန် ရေအေးတာလေး ပေး။”
စိမ့်ခုံပုလေးမှာ ဝင်ထိုင်ကာ နောက်က ကျောတစ်ဝက်လောက်ရှိတဲ့ အမှီလေးကို မှီချလိုက်ပါတယ်။
“ရော့ ကိုညီ ရေသောက်လိုက်အူး။ အိမ်ရှာရပြန်ဦးမယ် ထင်တယ်နော်။”
ရေခွက်ကို မော့သောက်နေရင်းက တစ်ဆက်ထဲ ပြောလာတဲ့ ဆုမွန်စကားကြောင့် လည်ပင်းပင်နင်လို့ သွားရပါတယ်။ လက်ထဲက ရေခွက်ကို အသာပြန်ချ လိုက်ပြီး ပြုံးလိုက်ကာ
“မလိုပါဘူး ဆုမွန်ရာ။ အခုက အန္တရယ်ရှိပေမယ့် ရန်သူမဟုတ်ဘူး။”
“ဟင် ဒါဆိုသူက စိမ့်ကို။”
မျိုးသက်စကားကို ခေါင်းအသာငြိမ့်ရင်း ဖြေပေးလိုက်ပါတယ်။
“ဟင်း ထင်သားပဲ ဟိုနေ့ထဲက။”
ဆုမွန်က မျက်လုံးပြူးသွားကာ
“အဲဒီ့လူဆိုးကောင်က ကိုညီ့ကို ကြိုက်နေတာ!”
“အွန်း။”
“အမလေး သေပါပြီ ဘယ်လိုကြီးလဲ အဲဒါ။”
ဆုမွန်စကားကြောင့် စိမ့် ပြုံးလိုက်တော့ မျိုးသက်က ထိုင်ရာမှ ထလိုက်ပြီး ရပ်လိုက်တာမို့
“ပြန်တော့မလို့လား အစ်ကို။”
စိမ့်အမေးကို မဖြေပဲ စိမ့်အနားကနေ မျိုးသက် ထွက်လို့သွားပါတော့တယ်။