Chapter 321 - ဆီရိယပ်သားသတ်ဓါးအဖြစ် အဆင့်မြင့်တင်ခြင်း
ယန်ချီလည်း သူ့ကိုယ်သူ စိတ်ဝိဉာဉ်ဆရာ တစ်ယောက် အဖြစ်သာ တွေးမိနေခဲ့တယ်။ ဘယ်လိုလုပ်ပြီး ဒီစိတ်ဝိဉာဉ်ကုန်းမြေမှာ သူ့လိုလူမျိုးတွေက နည်းရမှာလဲ။
စက္ကန့်အနည်းငယ်လောက် တွေးပြီးနောက်မှာ ယန်ချီတစ်ယောက် နားလည်သွားခဲ့တယ်။
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက သူ့ရဲ့ ဒုတိယမြောက်စိတ်ဝိဉာဉ်လက်နက် ကောင်းကင်အဆင့် အဆင့်မြင့် လက်နက်ကို မြင်တွေ့သွားခဲ့တာကြောင့် ဒီလိုမျိုး အံ့အားသင့်စွာ ပြောနေမှန်း သိလိုက်တယ်။
“ယန်ချီ မင်း လင်ဂိုဏ်းကို သွားဖို့ စိတ်ဝင်စားလား”
ရုတ်တရက် အဖိုးအိုက ယန်ချီကို မေးလိုက်တယ်။
ယန်ချီတစ်ယောက် ဒီမေးခွန်းကို ကြားတော့ အနည်းငယ် မှင်သက်မိသွားတယ်။
တကယ်တမ်းလည်း သူ စိတ်ဝင်စားနေခဲ့တယ်လေ။ နောက်ခြောက်ရက်ဆိုရင် လင်ဂိုဏ်းက တပည့်ရွေးချယ်ဖို့အတွက် မြေတိမ်တိုက်မြို့ကို ရောက်လာကြမှာပါ။ တပည့်နေရာအတွက် တစ်ယောက်ကိုပဲ ရွေးချယ်မှာပါ။ ဒီအတွက် မြေတိမ်တိုက်မြို့က မျိုးနွယ်ကြီး သုံးခုအနေနဲ့ ပြိုင်ပွဲကြီးတစ်ပွဲ ဖြစ်လာနိုင်တယ်။ အနိုင်ရရှိသူ တစ်ယောက်သာ လင်ဂိုဏ်းက ရွေးချယ်ခေါ်ယူမှာပါ။ ပထမရရှိသူ တစ်ယောက် လင်ဂိုဏ်းကို ဝင်ရောက်ခွင့်ရမှာပါ။
“ကျွန်တော် စိတ်ဝင်စားပါတယ်”
ယန်ချီလည်း အဖိုးအိုကို ပြောလိုက်တယ်။
အဖိုးအိုကစိတ်သက်သာရာ ရပြီး ခေါင်းညိတ်လိုက်ကာ ပြောလိုက်တယ်။ “ဒါဆိုရင် ငါ့မှာ တံဆိပ်ပြားတစ်ခု ရှိတယ်။ မင်း လင်ဂိုဏ်းကို ရောက်ခဲ့ရင် မင်းအနေနဲ့ လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီး ချက်ချင်း ဖြစ်သွားစေရမယ်”
“လင်ဂိုဏ်းရဲ့ အဓိက တပည့်ဖြစ်သွားမှာလား”
ယန်ချီလည်း ကိုယ့်ကိုယ်ကို နှိမ့်ချပြီးနေဖို့ တွေးထားခဲ့တယ်။ ကြည့်ရတာတော့ လင်ဂိုဏ်းရဲ့ အဓိက တပည့်ဖြစ်လာမယ့်ပုံပဲ။
ဒါလည်း အဆင်ပြေသားပဲလေ။
ယန်ချီလည်း ငြင်းဆန်မနေတော့ပါဘူး။
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက သူ့ခါးကနေ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ယန်ချီကို ပြောလိုက်တယ်။ “မင်း လင်ဂိုဏ်းကို ရောက်တဲ့အခါကျရင် ဂိုဏ်းချုပ်ကို ဒီတံဆိပ်ပြား ပြလိုက်”
ယန်ချီလည်း အဖိုးအိုရဲ့ လက်ထဲက တံဆိပ်ပြားကို ကြ ည့်လိုက်တယ်။ တံဆိပ်ပြားက အလွန်ရိုးရှင်းပုံရပြီး တံဆိပ်ပြားပေါ်မှာ စိတ်ဝိဉာဉ်စာလုံးတွေ ရေထွင်းထားတယ်။
“ယန်ချီ နောင် အခွင့်အရေးရမယ်ဆိုရင် ထပ်တွေ့ကြတာပေါ့”
အဖိုးအိုက ယန်ချီကို ပြုံးပြလိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။
ယန်ချီလည်း အဖိုးအို ပျောက်ကွယ်သွားတာကို မြင်တော့ သူက တိတ်တဆိတ်သက်ပြင်းချလိုက်မိတယ်။ သူ့ရဲ့ ပူပန်နေတဲ့ စိုးရိမ်စိတ်တွေလည်း အခုမှ သက်သာရာ ရသွားခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ဒီအဖိုးအိုက စိတ်ဝိဉာဉ် အင်ပါယာ တစ်ယောက်လေ။
သူသာ ယန်ချီကို သတ်ချင်ခဲ့မယ်ဆိုရင် ယန်ချီအနေနဲ့ ချက်ချင်းကို အကြိမ် တစ်ထောင်လောက် သေနေလောက်ပါပြီ။
ဒါပေမယ့်. . ။
ယန်ချီလည်း သူ့လက်ထဲက တံဆိပ်ပြားကို ကြည့်လိုက်ပြီး တိမ်လွှာနဂါးဓါးရဲ့စွမ်းအားကို စမ်းသပ်ဖို့အကြောင်း သတိရသွားခဲ့တယ်။
သူ့လက်ထဲက တံဆိပ်ပြားကို သိမ်းလိုက်ပြီ့း ယန်ချီတစ်ယောက် တိမ်လွှာနဂါးဓါးရဲ့ စွမ်းအားကို စမ်းသပ်ဖို့ အသင့်ပြင်လိုက်တယ်။
သူ့အရှေ့မှာတော့ နှစ်ဆယ်စင်တီမီတာ ရှည်တဲ့ ဓါးငယ်လေးက အသင့်ဖြစ်နေခဲ့ပြီး ဘယ်ဖက်နဲ့ ညာဖက်မှာတော့ မိုးမခဓါးနဲ့ တိမ်လွှာနဂါးတို့က ရှိနေခဲ့တယ်။
ရုတ်တရက် သူက လက်ကို အားအင်နဲ့ လွဲယမ်းလိုက်ပြီး တိမ်လွှာနဂါးဓါးကို ဖမ်းဆုပ်လိုက်တယ်။
“ဓါးဆွဲထုတ် ပိုင်းဖြတ်ခြင်း ”
“ဝှစ်”
ရုတ်တရက် ခြေသည်းငါးခု ရွှေရောင်နဂါးကိုးကောင်က ဓါးအလင်းတွေနဲ့ ရောယှက်ပြီး တိမ်လွှာနဂါးဓါးဆီကနေ ပြေးထွက်သွားခဲ့တယ်။
ဓါးအလင်းတွေနဲ့ ရောယှက်နေတဲ့ ခြေသည်းငါးခု ရွှေရောင်နဂါးကိုးကောင်က ကြီးမားတဲ့ ကျောက်တုံးကြီးပေါ်ကို ပြင်းထန်စွာ ကျရောက်သွားခဲ့တယ်။
ကျောက်တုံးကြီးက ချက်ချင်းကို အမှုန့်အဖြစ် ပြောင်းသွားခဲ့တယ်။
ဒီမြင်ကွင်းကို မြင်တော့ ယန်ချီ အနည်းငယ် မှင်သက်နေမိတယ်။
သူက အခုမှ အဆင့် ဆယ့်တစ် စိတ်ဝိဉာဉ်ဆရာ အဆင့်ပါ။
ဒီစွမ်းအားကတော့ တကယ်ကို ကြောက်မက်ဖွယ် ကောင်းနေခဲ့တယ်။
ဒါက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်ရဲ့ အစွမ်းပါပဲ။
တိမ်လွှာနဂါးဓါးနဲ့သာ ဆိုရင် သူ့အနေနဲ့ အဆင့် နှစ်ဆယ့်တစ် စိတ်ဝိဉာဉ်ဆရာသခင်ကို သတ်ဖြတ်နိုင်လိမ်မယ်လို့ ထင်မိလိုက်တယ်။
အဆင့် နှစ်ဆယ့် တစ်အထက်က မဟာစိတ်ဝိဉာဉ် ဆရာသခင်တွေကိုတော့ သူ့အနေနဲ့ မသေချာပါဘူး။
အခုဆိုရင် သူ့မှာ ဓါးဆွဲထုတ်မှတ် တစ်သိန်း ရှိနေပါပြီ။
ဓါးငယ်လေးကို ဆီရိယပ်သားသတ်ဓါးအဖြစ် အဆင့်မြင့်တင်ဖို့က ဓါးဆွဲထုတ်မှတ် တစ်သိန်းလိုအပ်ပါတယ်။
ယန်ချီလည်း ဓါးငယ်လေးကို အဆင့်မြင့်တင်ဖို့အတွက် ရွေးချယ်လိုက်တယ်။
“ဒင် ဓါးဆွဲထုတ်မှတ် တစ်သိန်းအသုံးပြုပြီး ဓါးငယ်လေးကို ဆီရိယပ်သားသတ်ဓါးအဖြစ် အဆင့်မြင့်တင်မှာလား ”
“အဆင့်မြင့်တင်မယ်”
“အဆင့်မြင့်တင်ခြင်းအောင်မြင်ပါပြီ”
စနစ်ရဲ့ အသံဆုံးသွားတာနဲ့ အစောပိုင်းက စင်တီမီတာ နှစ်ဆယ်ရှည်တဲ့ ဓါးငယ်လေးကနေ ဆီရိယပ်သားသတ်ဓါးအဖြစ် ပြောင်းလဲသွားခဲ့တယ်။
ဆီရိယပ်သားသတ်ဓါးက သုံးပေလေးလက်မရှည်ပြီး ဓါးတစ်ချောင်းလုံးက မဟူရာရောင်ပါ။ ဓါးဆီကနေလည်း သတ်ဖြတ်ခြင်းအရှိန်အဝါတွေ အဆက်မပြတ် ထွက်ပေါ်နေခဲ့တယ်။
ယန်ချီက ဓါးငယ်လေးကို ဆီရိယပ်သားသတ်ဓါးအဖြစ် အဆင့်မြင့်တင်ပြီးနောက် ဓါးအိမ်လည်း လိုက်ပါ အဆင့်မြင့်သွားလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။ ဒီကိစ္စက သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိတဲ့ ကိစ္စ တစ်ခုပါ။
“ဓါးဆွဲထုတ်မှတ် +၅”
ယန်ချီက ဓါးကို ဆွဲထုတ်ဖို့ ကြိုးစားကြည့်လိုက်တယ်။
ဓါးဆွဲထုတ်မှတ်တွေက ၅ ဆ တိုးလာခဲ့တယ်။
“ပေါင်းစည်းခြင်း”
ယန်ချီက မိုးမခဓါးနဲ့ တိမ်လွှာနဂါးဓါးတို့ကို ဆီရိယပ်သားသတ်ဓါးနဲ့ ပေါင်းစည်းလိုက်တယ်။
ရုတ်တရက် ဆီရိယပ်သားသတ်ဓါးက ပိုပြီး ကြောက်မက်ဖွယ်ကောင်းလာခဲ့တယ်။
🐼🐼🐼🐼🐼🐼🐼🐼
Chapter 322 - ယန်ရှင်ရွှယ်
ဒီပေါင်းစည်းမှုက ဆီရိယပ်သားသတ်ဓါးရဲ့ ကိုယ်ထည်နဲ့ မိုးမခဓါး၊ တိမ်လွှာနဂါးဓါးတို့ ပေါင်းစပ်တာ မဟုတ်ပါဘူး။
ဒီစိတ်ဝိဉာဉ်လက်နက် နှစ်ခုက ဆီရိယပ်သားသတ်ဓါးရဲ့ ဘယ်ညာနှစ်ဖက်မှာ ရှိနေခဲ့တယ်။
အဲ့ဒီအချိန် ဆီရိယပ်သားသတ်ဓါးကို ကြည့်ရတာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးတစ်ချောင်း ဖြစ်နေခဲ့တယ်။
ယန်ချီက လက်ထဲမှာ ကိုင်ထားတဲ့ ဆီရိယပ်သားသတ်ဓါးကို မြောက်လိုက်တယ်။
“ဓါးဆွဲထုတ့်ပိုင်းဖြတ်ခြင်း”
“ထွက်လာစမ်း”
ရုတ်တရက် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းက တိမ်လွှာနဂါးဓါးနဲ့ ရောယှက်သွားပြီး အဝေးကို ပျံသန်းသွားခဲ့တယ်။
ဒီတိုက်ခိုက်မှုက တကယ်ကို ကြောက်မက်ဖွယ် ကောင်းနေခဲ့တယ်။
“ပိုင်ရှင် မိုးမခဓါးကို အဆင့်မြင့်တင်နိုင်တယ်”
ရုတ်တရက် ယန်ချီရဲ့ စိတ်ထဲမှာ စနစ်ရဲ့ အသံကို နောက်တစ်ကြိမ် ကြားလိုက်ရတယ်။
“မိုးမခဓါးကို အဆင့်မြင့်တင်နိုင်တာလား”
ယန်ချီရဲ့ မျက်လုံးအစုံ လင်းလက်သွားခဲ့တယ်။
“လူသားအဆင့် အလယ်အလတ်စိတ်ဝိဉာဉ်လက်နက် မိုးမခဓါး(ဓါးဆွဲထုတ်မှတ် သုံးသောင်းသုံးပြီး လူသားအဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ကြယ်ဓါးအဖြစ် အဆင့်မြင်တင်နိုင်ပါတယ်)”
ဒီအချက်အလက်တွေကို မြင်တော့ ယန်ချီတစ်ယောက် စိတ်သက်သာရာ ရသွားခဲ့တယ်။
ဓါးကို ဘယ်လိုပဲ ဆွဲထုတ်ဆွဲထုတ် ဓါးဆွဲထုတ်မှတ်တွေ ရနေတဲ့အကြောင်းကို တွေးမိတာကြောင့် မိုးမခဓါးကို ကောင်းကင်အဆင့် အထိ အဆင့်မြင့်တင်လိုက်ရင် ပိုမကောင်းသွားပေဘူးလား။
အဲ့ဒီအချိန်ကျရင် သူ့ရဲ့ စိတ်ဝိဉာဉ်လက်နက်တွှေ အကုန်လုံးက ကောင်းကင်အဆင့်တွေပဲ ဖြစ်သွားမှာ။
ဒီသတင်းကိုသာ စိတ်ဝိဉာဉ်ကုန်းမြေက လူတွေ ကြားသိခဲ့တယ်ဆိုရင် အုတ်အော်သောင်းနင်း ဖြစ်သွားမှာ အသေအချာပါပဲ။
ဒီအကြောင်းကို တွေးမိလိုက်တော့ ယန်ချီတစ်ယောက် ရှုခင်းကိုတောင် မခံစားနိုင်တော့ပါဘူး။
“ဒင် သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ်သန်းပေါင်းထောင်ချီ ဆွဲထုတ်ခြင်း တတိယအဆင့် အကြိမ် နှစ်သိန်း ဆွဲထုတ်ခြင်း စတင်ပါပြီ”
စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့တယ်။
ယန်ချီလည်း စနစ်ရဲ့ အသံ ရုတ်တရက် ထွက်ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။ လင်ဂိုဏ်းက မြေတိမ်တိုက်မြို့ကိုလာပြီး တပည့်ရွေးချယ်ဖို့က ရက်အနည်းငယ်လောက်ပဲ လိုသေးတော့ သူလည်း အိမ်ပြန်လာခဲ့လိုက်တယ်။
ချက်ချင်းပင် သူက အဝါရောင်အဆင့် အမြန်နှုန်းနည်းစနစ် လှိုင်းစီးခြင်းကိုယ်ဖော့ပညာကို သုံးလိုက်ပြီးနောက် ယန်ချီရဲ့ အလျင်က အလွန်တရာကို မြန်ဆန်ခဲ့ပြီး အချိန်တိုအတွင်း ယွင်တောင်တန်းအခြေကို ရောက်သွားခဲ့တယ်။
ယန်မျိုးနွယ်အိမ်တော်ကို ပြန်ရောက်ပြီးနောက် ယန်ချီတစ်ယောက် ယန်မျိုးနွယ်က လူငယ်တွေ တစ်ခုခုကို ပြောဆိုနေကြတာ မြင်လိုက်ရတယ်။
ယန်ချီ ရောက်လာတာကို မြင်တော့ ယန်မျိုးနွယ်လူငယ်တွေရဲ့ မျက်နှာထက်မှာ အံ့အားသင့်တဲ့ အမူအယာတွေ ပေါ်လာခဲ့ပြီး ပွဲကောင်းတစ်ပွဲကို ကြည့်ရတော့မလို့ ခံစားမိနေကြတယ်။
ယန်ချီလည်း သူတို့ အမူအယာတွေကို မြင်တော့ အနည်းငယ် စဉ်းစားရ ခက်သွားခဲ့တယ်။ ဒီယန်မျိုးနွယ်လူငယ်တွေက သူ့ရောက်လာတာနဲ့ အမူအယာ ဘာကြောင့် ပြောင်းလဲသွားတာလဲ။ အဲ့ဒီယန်မျိုးနွယ်လူငယ်တွေက သူ့ကို ထိတ်လန့်စွာ ကြည့်နေကြတယ်။
“ဘာတွေ ဖြစ်နေတာလဲ”
ယန်ချီ က ယန်မျိုးနွယ်ထဲက သူနဲ့ အရင်းနှီးဆုံး လူငယ်တစ်ယောက်ကို မေးလိုက်တယ်။
“အစ်ကိုကြီး ယန်ချီ ယန်ရှင်ရွှယ်ပြန်လာတော့မှာကို အစ်ကိုကြီး မသိဘူးလား”
“ယန်ရှင်ရွှယ်”
ယန်ချီလည်း ဒီမိန်းကလေးအကြောင်းကို တွေးမိသွားခဲ့တယ်။
သူ့စိတ်ထဲက မှတ်ဉာဏ်အရ စက္ကန့်အနည်းငယ်လောက် တွေးပြီးနောက်မှာ ခါးသီးစွာ ပြုံးလိုက်မိတယ်။
ယန်ရှင်ရွှယ်ဆိုတာက ယန်ယွင်ရဲ့ အစ်မအကြီးဆုံး ဖြစ်ပြီး ယန်မျိုးနွယ် မဟာအကြီးအကဲရဲ့ သမီး အကြီးဆုံးပါ။ ပြီးတော့ ယန်မျိုးနွယ်ရဲ့ လူငယ်ခေါင်းဆောင် တစ်ယောက်ပေါ့။
ပြီးခဲ့တဲ့ တစ်နှစ်တုန်းက ပထမဦးဆုံး လင်ဂိုဏ်းက တပည့်ရွေးချယ်ဖို့အတွက် မြေတိမ်တိုက်မြို့ကို ရောက်လာခဲ့စဉ် ယန်ရှင်ရွှယ်က ပထမနေရာကို ရပြီး လင်ဂိုဏ်းအတွင်း ဝင်ရောက်နိုင်ခဲ့တယ်။
ပိုပြီး အရေးကြီးတာကတော့ ယန်ချီတစ်ယောက် ယန်ရှင်ရွှယ်ရေချိုးနေတာကို မတော်တဆ မြင်မလိုက်ခြင်းပါ။ သူနဲ့ ယန်ရှင်ရွှယ်တို့က မျိုးနွယ်တစ်ခုထဲက ဆိုပေမယ့် ဒီလောက်ကြီး နီးစပ်မှု မရှိပါဘူး။
ဒါပေမယ့်လည်း ဒီ မတော်တဆဖြစ်မှုက ပျံ့နှံ့သွားခဲ့တယ်။
ဒါကြောင့် ယန်ရှင်ရွှယ်တစ်ယောက် ဒေါသအကြီးအကျယ် ထွက်နေခဲ့တယ်။
ကံကောင်းထောက်မတာ တစ်ခုက ယန်ရှင်ရွှယ်တစ်ယောက် လင်ဂိုဏ်းကို ရောက်သွားခြင်းပါ။
ယန်ရှင်ရွှယ်တစ်ယောက် လင်ဂိုဏ်းကို ရောက်ရှိသွားပြီးနောက် သူမရဲ့ မောင်ဖြစ်သူ ယန်ယွင်က ယန်ချီကို လှောင်ပြောင်ရသူအဖြစ် ဆက်လက် ပြုမူနေခဲ့တယ်။
“ဘာကြောင့်များ သူမက ပြန်လာတာလဲ”
“နောက် ရက်အနည်းငယ်ဆိုရင် လင်ဂိုဏ်းက တပည့်ရွေးချယ်ဖို့အတွက် ငါတို့ မြေတိမ်တိုက်မြို့ကို လာမှာလေ။ ဒါကြောင့် သူမလည်း ပြန်လာပြီး ပြိုင်ပွဲကို အားပေးဖို့ နေမှာပေါ့”
လူငယ်လေးက ယန်ချီကို ပြောလိုက်တယ်။
အဲ့ဒီတော့မှ ယန်ချီလည်း နားလည်လိုက်တယ်။
“ယန်ချီ”
ယန်ချီလည်း တစ်ခုခုကို ပြောတော့မယ်အချိန်မှာပဲ အေးစက်စက် အသံတစ်သံကို ကြားလိုက်ရတယ်။
ယန်မျိုးနွယ်လူငယ်တွေက ဒီအေးစက်စက်အသံကို ကြားလိုက်တဲ့အခါ သူတို့ရဲ့ လည်ပင်းတွေတောင် ပုသွားခဲ့ပြီး မျက်နှာထက်မှာလည်း ထိတ်လန့်မှုတွေ အနည်းငယ် ပေါ်လွင်နေခဲ့တယ်။
ယန်ချီလည်း အသံ ထွက်ပေါ်ရာကို ကြည့်လိုက်တယ်။
အဲ့ဒီမှာ သူ့ထက် နှစ်နှစ် သုံးနှစ်လောက်ကြီးပုံရတဲ့ မိန်းကလေးတစ်ယောက် ရှိနေခဲ့တယ်။ ဒီမိန်းကလေးက အလွန်တရာကို ချောမောလှပပြီး မီးခိုးရောင် အကျီကို ဝတ်ဆင်ထားပြီး ခါးမှာ အစိမ်းရောင် ပိုးကြိုးကို ချည်နှောင်ထားတယ်။
ဒီမိန်းကလေးကတော့ အခြားသူမဟုတ်ပဲ ယန်ရှင်ရွှယ်ပါပဲ။
🐼🐼🐼🐼🐼🐼🐼
Chapter 323 - ယန်ရှင်ရွှယ်က င့ါကို နှစ်သက်နေတာလား
ယန်ရှင်ရွှယ်ရောက်ရှိလာမှုကြောင့် ယန်မျိုးနွယ်လူငယ်တွေရဲ့ မျက်နှာပေါ်မှာ ထိတ်လန့်မှုတွေ ပေါ်လာခဲ့ပြီးနောက် အံ့အားနေတဲ့ အမူအယာပါ ဖြစ်သွားခဲ့ရတယ်။
ဘာကြောင့်လဲဆိုတော့ ယန်ရှင်ရွှယ်ရောက်လာပြီးနောက် ပွဲကောင်းတစ်ပွဲကို ကြည့်ရမယ်လို့ သူတို့တွေ သိထားတာကြောင့်ပါ။
ယန်ရှင်ရွှယ်က ယန်ချီကို ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်တယ်။
“မတွေ့တာ တနှစ်လောက် ရှိပြီနော်”
“အင်း ဟုတ်တယ် ငါတို့တွေ မတွေ့တာ တစ်နှစ်လောက် ရှိပြီ”
ယန်ချီလည်း ခေါင်းကုတ်ပြီး ပြောလိုက်တယ်။
ယန်မျိုးနွယ်က လူငယ်တိုင်းအနေနဲ့ ယန်ချီတစ်ယောက် ယန်ရှင်ရွှယ်ရေချိုးနေတာကို ယန်ချီ မြင်လိုက်မှန်း သိပါတယ်။ တကယ်တော့ ယန်ချီက ချောင်းကြည့်တာ မဟုတ်ပဲ မတော်တဆ ပြေးဝင်မိပြီး မြင်သွားတာပါ။
ယန်ချီက သူများတွေ ထင်နေသလို လူမျိုး မဟုတ်ပါဘူး။
ယန်ရှင်ရွှယ်ရဲ့ဘေးမှာတော့ သူမရဲ့ မောင်လေး ယန်ယွင်ရပ်နေခဲ့တယ်။
ယန်ချီရဲ့ အနိုင်ယူခြင်းခံလိုက်ရပြီးနောက် ယန်ယွင်တစ်ယောက် ယန်ချီကို မျက်နှာချင်းမဆိုင်မိအောင် ရှောင်တိမ်းနေခဲ့တယ်။ အခုဆိုရင် သူရဲ့ အစ်မဖြစ်သူ ရောက်လာပြီးဆိုတော့ ဘာကြောင့် သူ ဆက်ပြီး ရှောင်တိမ်းစရာ လိုဦးမှာလဲ။
“ယန်ချီ ငါ့အစ်မက အခုဆိုရင် အဆင့် ၂၅ စိတ်ဝိဉာဉ်ဆရာသခင်အဆင့်ကို ရောက်နေပြီ”
ယန်ယွင်က ယန်ချီကို အထင်သေးစွာ ကြည့်လိုက်ပြီး ဂုဏ်ယူစွာနဲ့ ပြောလိုက်တယ်။
ယန်မျိုးနွယ်က လူငယ်တွေအနေနဲ့ ယန်ချီရဲ့ ကျင့်စဉ်အဆင့်ကို မသိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ မိသားစုခေါင်းဆောင်က ယန်ချီအနေနဲ့ ထူးဆန်းတယ်လို့ ထင်မိတာကြောင့် အကြီးအကဲတွေကိုလည်း အြ့ပင်ကို မပေါက်ကြားဖို့ အမိန့်ပေးထားလို့ပါ။
“အဆင့် နှစ်ဆယ့်ငါး စိတ်ဝိဉာဉ်ဆရာသခင်လား”
ယန်ချီက ဒီအကြောင်းကို တွေးလိုက်ပြီး လင်ဂိုဏ်းက ထင်သလောက် အစွမ်းမထက်ဘူးလို့ ထင်မိလိုက်တယ်။ သူက စိတ်ဝိဉာဉ်ဆရာ ငယ်လေးတောင် ဖြစ်နေတာကြောင့် လင်ဂိုဏ်းကို ဝင်ရောက်ပြီးတဲ့ ယန်ရှင်ရွှယ်အနေနဲ့ မြင့်မားစွာ တိုးတက်လိမ့်မယ်လို့ ထင်မိလိုက်တယ်။
ယန်ချီရဲ့ မျက်နှာပေါ်မှာ ဘာမှ မပြောင်းလဲတာကို မြင်တော့ ယန်ယွင်တစ်ယောက် စိတ်တိုသွားပြီး ယန်ချီကို ဒေါသတကြီး အော်ဟစ်လိုက်တယ်။
“ယန်ချီ င့ါအစ်မက အခုဆိုရင် အဆင့် ၂၅ စိတ်ဝိဉာဉ်ဆရာသခင်အဆင့်ကို ရောက်နေပြီလို့ ပြောတာ မင်းမကြားဖူးလား”
“ငါကြားတယ်”
ယန်ချီလည်း ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ်။
“ဒါပေမယ့် အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ”
ယန်ချီက သမ်းဝေလိုက်ပြီးနောက် သူ့မျက်နှာထက်မှာလည်း ပျင်းရိပုံတွေ မြင်နေရခဲ့တယ်။
ယန်ချီရဲ့ မျက်နှာပေါ်က အမူအယာကို မြင်တော့ ယန်ရှင်ရွှယ်တစ်ယောက် အံကြိတ်လိုက်ပြီး ပြောလိုက်တယ်။ “ယန်ချီ နင်က ဝက်လို ဟန်ဆောင်နေတဲ့ ကျားတစ်ကောင်လို့ ထင်နေတာလား။ နင်က ယန်ယွင်ကို အနိုင်ရလိုက်တိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသွားတာလား။ ဒီကောင်းကင်ကြယ်အင်ပါယာထဲမှာ ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီရှင်တွေ ဘယ်လောက်များများ ရှိလဲဆိုတာ နင် မသိပါဘူး”
ယန်ချီကတော့ ယန်ရှင်ရွှယ်တစ်ယောက် သူ့ကို ဒီလို စကားတွေ ပြောလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်မိပါဘူး။
“နင့်အနေနဲ့ စိတ်ဝိဉာဉ်လက်နက် နိုးထပြီးရင် ကြိုးစားပြီး ကျင့်စဉ်ကျင့်သင့်တယ်”
ယန်ရှင်ရွှယ်က ယန်ချီကို ကြည့်ပြီး အေးတိအေးစက် ပြောဆိုနေခဲ့တယ်။
ယန်ချီတစ်ယောက် ယန်ရှင်ရွှယ်ရဲ့ စကားတွေကို ကြားတော့ အနည်းငယ် နားမလည်နိုင်ဖြစ်နေခဲ့ရတယ်။
သူ့အနေနဲ့ အရင်က ယန်ရှင်ရွှယ်ရေချိုးနေတာကို မတော်တဆ မြင်တွေ့ခဲ့တဲ့အပေါ် သူ့ကို ဒုက္ခပေးချင်စိတ်မရှိဘူးလို့ တွေးနေခဲ့မိတယ်။
ဒါဆိုရင် ဖြစ်နိုင်တာက . .. ။
သူ့အနေနဲ့ အံ့အားသင့်ဖို့ ကောင်းတဲ့ ဖြစ်နိုင်တာ တစ်ခုကို တွေးမိလိုက်တယ်။
အဲ့ဒါကတော့ ယန်ရှင်ရွှယ်က သူ့ကိုများ နှစ်သက်နေတာလား။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး”
ယန်ချီတစ်ယောက် အတွေးတွေထဲ နှစ်မြောနေခဲ့ပြီးနောက် ခေါင်းခါလိုက်တယ်။
သူ့ရဲ့ ရုပ်ရည်က ချောမောခန့်ညားပေမယ့် စိတ်ဝိဉာဉ်ကုန်းမြေမှာတော့ အစွမ်းထက်သူတွေကိုသာ လေးစားကြပါတယ်။ ယန်ရှင်ရွှယ်က သူ့ကို ရုပ်ရည်ကြောင့် နှစ်သက်တာ မဖြစ်နိုင်ပါဘူး။း
ဒါပေမယ့် ယန်ရှင်ရွှယ်က ရှေးရိုးဆန်းတဲ့ လူလား။
ဖြစ်နိုင်တာက သူမရဲ့ ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့တဲ့ သူ့အပေါ်ကို နှစ်သက်မိသွားတာကြောင့်လား။ ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းက သူ့အနေနဲ့ စိတ်ဝိဉာဉ်မနိုးထသေးပါဘူး။ ဒါကြောင့် သူမရဲ့ သဘောထားတွေကို မပြသရဲခဲ့တာလား။
ဒီအကြောင်းကို တွေးမိတော့ ယန်ချီတစ်ယောက် ထမင်းလုံး တစ္ဆေခြောက်သလို ခံစားမိလိုက်တယ်။
ဘာကြောင့်လဲဆိုတော့ သူ နားလည်လိုက်တဲ့ ကိစ္စက အလွန်ကို အံ့အားသင့်ဖို့ ကောင်းနေခဲ့တယ်လေ။
“အစ်မ သူ့ကို ဘာကြောင့် ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာလဲ”
ယန်ယွင်က ယန်ရှင်ရွှယ်ကို ကြည့်လိုက်ပြီးနောက် ယန်ချီကို မကျေမနပ်နဲ့ကြည့်လိုက်တယ်။
“တိတ်စမ်း”
ယန်ရှင်ရွှယ်က ယန်ယွင်ကို စူးစိုက်ကြည့်ပြီး ပြောလိုက်တယ်။ “နင့်ကို ယန်ချီ အနိုင်ရသွားတာ နင် မရှက်ဘူးလား။ နင် ဘာကြောင့် ကြိုးစားပြီး မလေ့ကျင့်တာလဲ”
“ဟို .. .” ယန်ယွင်တစ်ယောက် ဟို . . လို့သာ ပြောနိုင်ပြီး ဒီနေရာကနေ မကျေမနပ်နဲ့ ထွက်သွားခဲ့တယ်။
ဘေးကနေကြည့်နေကြတဲ့ ယန်မျိုးနွယ်လူငယ်တွေကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြတယ်။ သူတို့တွေ အစောပိုင်း တွေးထားတာက ယန်ရှင်ရွှယ်က စာရင်းရှင်းဖို့အတွက် လေ့ကျင့်ရေးကွင်းကို ခေါ်သွားမယ်ပေါ့။ ဒါပေမယ့်လည်း သူတို့တွေးတဲ့ ကိစ္စက ဖြစ်မလာနိုင်တော့ပါဘူး။
“ယန်ချီ မကြာခင်မှာ လင်ဂိုဏ်းက မြေတိမ်တိုက်မြို့ကို တပည့်ရွေးဖို့ လာမယ်ဆိုတာ သိတယ်မှတ်လား”
“သိတယ်လေ”
ယန်ချီလည်း ခေါင်းညိတ်အဖြေပေးလိုက်တယ်။
ယန်ရှင်ရွှယ်က အေးစက်စက်ပြုံးလိုက်ပြီး ပြောလိုက်တယ်။ “ငါ နင့်ကို ပြောချင်တာက နင့်အနေနဲ့ ယန်ယွင်ကို အနိုင်ရထားတယ်ဆိုပြီး ကျေနပ်မနေနဲ့။ လင်ဂိုဏ်းက တပည့်ရွေးဖို့အတွက် မြေတိမ်တိုက်မြို့ကိုလာရင် နင် ဝင်မပြိုင်ရဲဘူးလို့ ငါထင်တယ်”
🐼🐼🐼🐼🐼🐼🐼🐼
Chapter 324 - ငါက နင်ရဲ့ စီနီယာ အစ်ကိုကြီးပါ
ဒါက အားပေးတဲ့ နည်းလမ်းလား။
ယန်ရှင်ရွှယ်က ဒီလို ပြောလိုက်တဲ့အခါ သူမက သူ့ကို ရန်စတဲ့ နည်းလမ်းကို သုံးလိုက်မှန်း ယန်ချီ သိလိုက်တယ်။
သူ့အနေနဲ့ ယန်ယွင်ကို လွယ်လင့်တကူ အနိုင်ယူလိုက်တာကို သူမ သေချာသိပါတယ်။ ဒါကြောင့် ဘယ်လိုလုပ်ပြီး သူမက သူ့ကို မြေတိမ်တိုက်မြို့ရဲ့ မျိုးနွယ်ကြီး သုံးခုရဲ့ ပါရမီရှင်လူငယ်တွေရဲ့ ပြိုင်ပွဲကို ဝင်မပြိုင်ရဲဘူးပြောတာလဲ။
ယန်မျိုးနွယ်က ပါရမီရှင်တွေဆိုရင် အဆင့် တစ်ဆယ် စိတ်ဝိဉာဉ်သခင်မျှသာ ဖြစ်ပြီး အခု သူတို့တွေက အဆင့် ဆယ့်တစ် စိတ်ဝိဉာဉ်ဆရာအဆင့်ရောက်ဖို့ လုံးပန်းနေကြတယ်။
အခြားမျိုးနွယ်ကြီးနှစ်ခုကလည်း ဒီအတိုင်း ကြိုးစားနေကြတယ်လေ။
သူတို့တွေက အောင်မြင်မလား ရှုံးနိမ့်မလားဆိုတာကို ဆွေးနွေးနေမှာ မဟုတ်ပါဘူး။
သူက အခုဆိုရင် အဆင့် ဆယ့်တစ် စိတ်ဝိဉာဉ်ဆရာအဆင့်ကို ရောက်ရှိနေပါပြီ။ ပြီးတော့ မြေတိမ်တိုက်မြို့က မည်သည့်ပါရမီရှင်ကို မဆို သူ ဓါးဆွဲထုတ်လိုက်ရုံနဲ့ အနိုင်ယူနိုင်နေပါပြီ။
ကြည့်ရတာတော့ ယန်ရှင်ရွှယ်က သူ့ကို တကယ်နှစ်သက်နေပုံ ရနေပါတယ်။
ယန်ချီတစ်ယောက် တိတ်တဆိတ်ခေါင်းကို ခါယမ်းလိုက်မိတယ်။
ဒီအချိန်မှာတော့ ဘေးကနေ ကြည့်နေကြတဲ့ ယန်မျိုးနွယ်လူငယ်တွေက ယန်ချီကို ကြည့်လိုက်ပြီး ယန်ချီ ဘယ်လို ပြန်ဖြေမလဲဆိုတာ သိချင်နေကြတယ်။
ယန်ချီက သူ့အရှေ့က ယန်ရှင်ရွှယ်ကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်တယ်။
“တကယ်တော့ ငါ ဝင်မပြိုင်ရဲဘူး”
ယန်ရှင်ရွှယ်က ဝင်ပြိုင်စေချင်ပုံရပြီး သူက ဆန့်ကျင်ဖက်လုပ်မယ်လို့ တွေးလိုက်တယ်။
“မင်းချပေးတဲ့ အစီအစဉ်အတိုင်း ငါက လျှောက်စရာလား”
ယန်ရှင်ရွှယ်တစ်ယောက် အံ့အားသင့်သွားခဲ့တယ်။
ယန်ချီတစ်ယောက် ဒီလို ပြန်ဖြေလိမ့်မယ်လို့ သူလုံးဝကို မမျှော်လင့်ခဲ့မိပါဘူး။
“ဟား ဟား ” ယန်ရှင်ရွှယ်ရဲ့ အေးစက်နေတဲ့ အမူအယာက ပိုပြီးအေးစက်သွားခဲ့တယ်။ “ကြည့်ရတာတော့ ငါ နင့်ကို နားလည်မှုလွဲမှားနေပြီနဲ့တူတယ်”
“ဟုတ်တယ် မင်း အထင် မှားနေတာ” ယန်ချီက ပြုံးရွှင်ကာ ပြန်ပြောလိုက်တယ်။ “မင်းက လင်ဂိုဏ်းရဲ့ တပည့်ဟုတ်တယ်နော်”
“ဒီကိစ္စက လူတိုင်းသိတဲ့ ကိစ္စပဲလေ”
ယန်ရှင်ရွှယ်က အေးစက်စက် ပြန်ပြောလိုက်တယ်။
ယန်မျိုးနွယ်က လူငယ်တွေလည်း ယန်ချီရဲ့ စကားကြောင့် အနည်းငယ် နားမလည်နိုင်ဖြစ်သွားခဲ့ရတယ်။ သူတို့တွေက ယန်ချီ ဘာကို ဆိုလိုချင်မှန်း နားမလည်ခဲ့ပါဘူး။
“မင်းက လင်ဂိုဏ်းက တပည့်ဆိုရင် ငါ့ကို စီနီယာအစ်ကိုကြီးလို့ ခေါ်ရမယ်”
ရုတ်တရက် ယန်ချီက ဒီစကားတွေကို ယန်ရှင်ရွှယ်ကို ပြောလိုက်တယ်။
“ဟူး .. .”
ယန်ချီရဲ့ ပြောစကားတွေကို ယန်မျိုးနွယ်လူငယ်တွေ ကြားတဲ့အခါ သူတို့တွေက ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းရှိုက်မိလိုက်ကြ့ပီး အံ့သြမှင်သက်သွားကြတယ်။
ယန်ရှင်ရွှယ်လည်း ယန်ချီတစ်ယောက် ဒီလို ပြောဆိုလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။
ဒါပေမယ့်လည်း .. .ယန်ရှင်ရွှယ်က ယန်ချီကို သံသယအချို့နဲ့ ကြည့်လိုက်တယ်။ ဘယ်လိုလုပ်ပြီး သူက လင်ဂိုဏ်းမှာ အဓိက တပည့်မရှိဘူးဆိုတာ သိသွားတာလဲ။
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာအနေနဲ့ သူ့ကို ဘယ်တော့မှ မလိမ်ဘူးဆိုတာ ယန်ချီသိနေတယ်။
ဒီညစ်ပတ်နေတဲ့ အဖိုးအိုက သူ့ကို တံဆိပ်ပြားတစ်ခုပေးခဲ့ပြီး ဒီတံဆိပ်ပြားက သူ့ကို လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီး ဖြစ်စေမယ်လို့ ပြောခဲ့ပါတယ်။ ယန်ချီအနေနဲ့ အစောပိုင်းမှာ အဖိုးအိုကို အရူးတစ်ယောက်လို့ ထင်ခဲ့မိတယ်။
ဒါပေမယ့် အဖိုးအိုက သူ့ရဲ့ စွမ်းရည်ကို ပြသခဲ့တယ်။
ဒါကြောင့် သူပြောတဲ့ စကားတွေက လိမ်နေတာ မဖြစ်နိုင်တော့ပါဘူး။
သူ့အနေနဲ့ လင်ဂိုဏ်းကို ရောက်ရှိပြီးနောက် လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီး ဖြစ်လာမှာပါ။
“ယန်ချီ နင် ရူးနေပြီလို့ ငါ ထင်တယ်”
ယန်ရှင်ရွှယ်က ယန်ချီကို တင်းမာစွာ ကြည့်လိုက်တယ်။
အရင်တုန်းက ယန်ချီအနေနဲ့ စိတ်ဝိဉာဉ်မနိုးထခဲ့ပါဘူး။ အဲ့ဒီတုန်းက ယန်မျိုးနွယ်လူငယ်တွေက ယန်ချီကို လှောင်ပြောရယ်ခဲ့ကြတာကြောင့် သူမအနေနဲ့ ယန်ချီကို အလွန် သနားခဲ့ရတယ်။
ဒါပေမယ့် အခုတော့ ယန်ချီက ဝက်ယောင်ဆောင်ထားတဲ့ ကျားတစ်ကောင်ဖြစ်နေခဲ့ပြီး ယန်ယွင်ကိုလည်း အနိုင်ယူခဲ့ပါတယ်။ ယန်ယွင်ကို အနိုင်ယူပြီးတော့ သွေးနထင်ရောက်သွားပုံရတယ်။
ဒီလို သွေးနထင်သာ ရောက်သွားမယ်ဆိုရင်တော့ ယန်ချီဘဝက ပြီးဆုံးပါပြီ။
ယန်ရှင်ရွှယ်က ယန်ချီအနေနဲ့ ကောင်းကင်ရဲ့ အမြင့်ကို မသိတဲ့ လူတစ်ယောက်လို့ သိလိုက်တယ်။ ကောင်းကင်ကြယ်အင်ပါယာမှာ ရှိတဲ့ ပါရမီရှင်တွေက ဘယ်လောက်တောင် ကြောက်စရာ ကောင်းတယ်ဆိုတာ သူ သိသေးပုံ မရပါဘူး။
“ငါက ရူးနေတာ မဟုတ်ဘူး။ ငါက တကယ်ကို လင်ဂိုဏ်းရဲ့ တပည့်ကြီးပဲ”
ယန်ချီက ယန်ရှင်ရွှယ်ကို ပြုံးပြီး ပြောလိုက်တယ်။
သူက တကယ်ကို အမှန်အတိုင် းပြောတာပါပဲ။
စိတ်ဝိဉာဉ်ကုန်းမြေမှာ တကယ်ကို စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ပိုင်းရောက တကယ်ကို နေဖို့ သင့်တော်တဲ့ နေရာတစ်ခုပါ။
အခု ယန်ရှင်ရွှယ်အနေနဲ့ သူ့ကို ဘာများပြန်ပြောမှာလဲ။
ယန်မျိုးနွယ်လူငယ်တွေလည်း အံ့သြမှင်သက်နေခဲ့တယ်။ သူတို့ရဲ့ အမြင်အရ ယန်ချီက အလွန်ကို သတ္တိရှိနေခဲ့တယ်။
သူက ယန်ရှင်ရွှယ်ရဲ့ ရိုက်နှက်ခံရမှာကို မကြောက်ဘူးလား။ ယန်ရှင်ရွှယ်က အဆင့် နှစ်ဆယ့်ငါး စိတ်ဝိဉာဉ်ဆရာသခင် အဆင့် လေ။
ဒီလို မြင်ကွင်းမျိုးဆိုတာ ယန်မျိုးနွယ်က လူငယ်တွေအတွက် ဆယ်ရက် ဆယ်ည စဉ်းစားတွေးတောမယ်ဆိုရင်တောင် ဘယ်လိုမှ မတွေးနိုင်ပါဘူး။
ယန်ရှင်ရွှယ်ကတော့ သူမရဲ့ ငွေရောင်သွားတွေကို အံကြိတ်လိုက်ပြီး ယန်ချီကို စူးစိုက်ကြည့်ကာ ပြောလိုက်တယ်။ “ယန်ချီ နင်က ငါ့ကို တကယ်စိတ်ပျက်စေတာပဲ”
ယန်ချီလည်း ပြုံးလိုက်ကာ ပြန်ပြောလိုက်တယ်။ “ စိတ်မပူပါနဲ့။ ငါ မင်းကို စိတ်မပျက်စေရပါဘူး”
🐼🐼🐼🐼🐼🐼🐼🐼
Chapter 325 - ပုရွက်ဆိတ်လေးလား
ယန်ရှင်ရွှယ်တစ်ယောက် ယန်ချီပြောတာကို နားထောင်ပြီး ယန်ချီတစ်ယောက် လုံးဝကို အကျိုးသင့် အကြောင်းသင့်မဟုတ်တဲ့ အခြေအနေကို ရောက်နေမှန်း သိလိုက်တယ်။
သူမလည်း ဆက်ပြီး စကားပြောချင်စိတ် မရှိတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ သူမအနေနဲ့ ယန်ချီကို စိတ်ပျက်လာတာကြောင့်ပါ။
ယန်ချီလည်း ဘာမှ ဆက်ပြောမနေတော့ပဲ သူ့အခန်းဆီကို ပြန်လာခဲ့လိုက်တယ်။
အခုဆိုရင် လင်ဂိုဏ်းက မြေတိမ်တိုက်မြို့ကိုလာပြီး တပည့်ရွေးဖို့က အချိန်ခြောက်ရက်သာ လိုပါတော့တယ်။
သူ့အနေနဲ့ဒီအချိန် ခြောက်ရက်ကို မဖြုန်းတီးချင်ပါဘူး။
သူက အခန်းကို ပြန်ရောက်ပြီးနောက် ဓါးဆွဲထုတ်ဖို့ စတင်လိုက်တယ်။
“ဓါးဆွဲထုတ်မှတ် +၅”
“ဓါးဆွဲထုတ်မှတ် +၅”
“ဓါးဆွဲထုတ်မှတ် +၅”
စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲမှာ တရစပ် ထွက်ပေါ်နေခဲ့တယ်။
လူသားအဆင့် အလယ်အလတ်စိတ်ဝိဉာဉ်လက်နက် မိုးမခဓါးကို အဆင့်မြင့်တင်ဖို့အတွက် ဓါးဆွဲထုတ်မှတ် သုံးသောင်းလိုအပ်နေပါတယ်။
ဓါးဆွဲထုတ်မှတ် သုံးသောင်းဆိုတာ အခုအချိန်မှာ ယန်ချီအတွက် ဘာမှ မဟုတ်တော့ပါဘူး။
“၁၅ ဆ တိုးမြင့်ခြင်း”
“၁၆ ဆ တိုးမြင့်ခြင်း”
“၁၇ ဆ တိုးမြင့်ခြင်း”
ယန်ချီရဲ့ အခန်းထဲမှာတော့ ဓါးဆွဲထုတ်သံတွေနဲ့ ပြည့်လျှံနေခဲ့တယ်။
“၁၈ ဆ တိုးမြင့်ခြင်း”
“၁၉ ဆ တိုးမြင့်ခြင်း”
“၂၀ ဆ တိုးမြင့်ခြင်း”
အထူးဓါးဆွဲထုတ်ခြင်းနည်းစနစ် အဆနှစ်ဆယ် တိုးမြင့်ခြင်းကို ယန်ချီက တွန်းအားပေး အသုံးပြုနေခဲ့တယ်။
လေးရက်ခန့်ကြာသွားပြီးနောက် ယန်ချီအနေနဲ့ အကြိမ်နှစ်သောင်း ဓါးဆွဲထုတ်နိုင်ခဲ့တယ်။ သူ့ရဲ့ ဓါးဆွဲထုတ်မှတ်ကလည်း တစ်သိန်းရရှိခဲ့တယ်။
ယန်ချီလည်း ဘာမ တွေးတောမနေတော့ပဲ ဓါးဆွဲထုတ်မှတ်သုံးသောင်းကို သုံးပြီး လူသားအဆင့် အလတ်အလတ်စိတ်ဝိဉာဉ်လက်နက် မိုးမခဓါးကို လူသားအဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ကြယ်ဓါးအဖြစ် အဆင့်မြင့်တင်လိုက်တယ်။
ယန်ချီတစ်ယောက် အဆင်မြင့်တင်ပြီးနောက် အလွန် စိတ်ကျေနပ်သွားခဲ့တယ်။
သူက သူ့ရဲ့ လူသားအဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ကြယ်ဓါးကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်တယ်။
“လူသားအဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ကြယ်ဓါး( ဓါးဆွဲထုတ်မှတ် တစ်သိန်းခွဲသုံးပြီး အဝါရောင် အဆင့်နိမ့်စိတ်ဝိဉာဉ်လက်နက် အေးစက်စက် ရေခဲဓါးအဖြစ် အဆင့်မြင့်တင်နိုင်ပါတယ်)”
လက်ရှိအချိန်မှာတော့ ယန်ချီဆီမှာ ဓါးဆွဲထုတ်မှတ် တစ်သိန်းခွဲ မရှိပါဘူး။ ဒါက အမြဲတမ်း မရှိမှာမှ မဟုတ်တာ။
အခုဆိုရင် လင်ဂိုဏ်းက မြေတိမ်တိုက်မြို့ကိုလာပြီး တပည့်ရွေးမယ့်အချိန်က သိပ်မလိုတော့ပါဘူး။
အချိန်က ညရောက်နေခဲ့ပါပြီ။
ကောင်းကင်ယံမှာလည်း ကြယ်ရောင်စုံလင်းလက်နေခဲ့တယ်။
ယန်ချီတစ်ယောက် အခန်းအပြင်ကို လမ်းလျှောက်ထွက်လာခဲ့တယ်။ သူက အခန်းတံခါးကို ဖွင့်ပြီး အပြင်မှာ ခြေလှမ်းအနည်းငယ်လောက် လှမ်းလိုက်မိတဲ့အခါ ယန်ရှင်ရွှယ်ကို မြင်လိုက်ရတယ်။
ယန်ရှင်းရွှယ်ကတော့ ဥယျာဉ်ထဲက အဆောင်ငယ်လေးမှာ တစ်ယောက်ထဲ ထိုင်နေခဲ့ပြီး လကို ရှု့စားနေခဲ့တယ်။
ယန်ချီလည်း တစ်ခုခုကို တွေးလိုက်ပြီးနောက် အဲ့ဒီကို လျှောက်သွားခဲ့လိုက်တယ်။
အဆောင်ငယ်လေးကို ရောက်ရှိပြီးနောက် ယန်ရှင်ရွှယ်လည်း သူ့ကို မြင်လိုက်တယ်။ လရောင်အောက်မှာ ယန်ရှင်ရွှယ်ရဲ့ အေးစက်စက်မျက်နှာက ပိုပြီး အေးစက်နေခဲ့တယ်။
“နင် ဒီကို ဘာလာလုပ်တာလဲ”
ယန်ရှင်ရွှယ်က ယန်ချီကို အေးတိအေးစက်မေးလိုက်တယ်။
ယန်ချီလည်း ထိုင်လိုက်ပြီး ပြောလိုက်တယ်။
“ဒီကိစ္စက နည်းနည်းလောက်ဆိုးတယ်လို့ ထင်ရပေမယ့် ငါ မင်းကို ပြောပြမယ်” သူက ယန်ရှင်ရွှယ်ကို အကဲခတ်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “တကယ်တော့ ပြီးခဲ့တဲ့ နှစ်မှာ ငါ မင်းရေချိုးတာကို တမင်ချောင်းကြည့်တာ မဟုတ်ပါဘူး။ မတော်တဆ ဖြစ်သွားတာပါ”
ယန်ချီက ဒီကိစ္စကို ယန်ရှင်ရွှယ်တစ်ယောက် နားလည်အောင် တခါမှ မရှင်းပြဖူးပါဘူး။
ယန်ရှင်ရွှယ်ကတော့ အေးစက်စက်အမူအယာနဲ့ ပြန်ပြောလိုက်တယ်။ “နင်က ဘာလို့ ဒီအကြောင်းပြောတာလဲ”
“အခြားဘာမှတော့ မဟုတ်ပါဘူး။ ငါ မင်းကို ရှင်းပြချင်ရုံပါ။ မင်းနားလည်မှုလွဲသွားမှာ ငါ စိုးရိမ်လို့လေ”
ပြောဆိုပြီးနောက် ယန်ချီတစ်ယောက် ယန်ရှင်ရွှယ်အနေနဲ့ ဒီကိစ္စကို မယုံကြည်သေးမှန်း ခံစားလိုက့်ရတယ်။ ဒါကြောင့် သူက ထပ်ဖြည့်ပြောလိုက်တယ်။ “တကယ်တော့ ငါက သိက္ခာရှိတဲ့လူတစ်ယောက်ပါ”
ယန်ရှင်ရွှယ်လည်း ယန်ချီကို သေချာလေ့လာကြည့်နေခဲ့တယ်။ သူမ လင်ဂိုဏ်းကို သွားနေတဲ့ တစ်နှစ်အတွင်းက ယန်ချီတစ်ယောက် ဒီလောက်ကြီး ပြောင်းလဲသွားလိမ့်မယ်လို့ လုံးဝကို မထင်ထားမိပါဘူး။
အရင်တုန်းကဆိုရင် ယန်ချီက အလွန်တရာကို ရိုးကျိုးတက်ပြီး အာသွက်လျှာသွက် မဟုတ်ပါဘူး။
ဒါပေမယ့် အခုတော့ . . . .။
ယန်ရှင်ရွှယ်က ခဏလောက် တွေးပြီးနောက်မှာ သူမလည်း နားလည်သွားခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီအနေနဲ့ စိတ်ဝိဉာဉ်လက်နက်နဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ခဲ့တာကြောင့် အခုလို ဖြစ်နေတာလို့ သူမ ခံစားမိခဲ့တယ်။
“အခုက စပြီး အရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို ငါ မကြားချင်ဘူး”
ယန်ရှင်ရွှယ်က ယန်ချီကို စူးစိုက်ကြည့်ပြီး ပြောလိုက်တယ်။
“ဒီလောက်ကြီး မရက်စက်ပါနဲ့။ ငါက မင်းရဲ့ စီနီယာ အစ်ကိုကြီးပါ”
“ဟား ဟား ဟား”
ယန်ရှင်ရွှယ်က အေးစက်စက်ရယ်မောလိုက်တယ်။ ယန်ချီက အလွန်ရယ်စရာ ကောင်းတယ်လို့ သူမ ထင်နေခဲ့မိတယ်။
“ယန်ချီ နင်က မြေတိမ်တိုက်မြို့မှာ အမြဲနေတဲ့ လူတစ်ယောက်လေ။ လင်ဂိုဏ်းက ပါရမီရှင်တွေရဲ့ စွမ်းအားကို မသိလောက်ဘူးလို့ ငါထင်တယ်။ သူတို့အရှေ့မှာတော့ နင်က သနားစရာ ကောင်းတဲ့ ပုရွတ်ဆိတ်လေးတစ်ကောင်ပဲ”
ယန်ရှင်ရွှယ်က ပုရွတ်ဆိတ်ဆိုတဲ့ စကားလုံးနေရာမှာ သူမရဲ့ လေသံကို တိုးမြင့်ပြီး ပြောလိုက်တယ်။