Chapter 41 - ယန်ချီရဲ့ စွမ်းအားအပြည့် ခုတ်ချက်
ဒီစကားကြားတဲ့အခါ လင်တျန်းဇောင်ရဲ့ အမူအယာက ချက်ချင်း ပြောင်းသွားခဲ့ပါတယ်။
“ယန်ချီ မင်း ဒူးထောက်မတောင်းပန်ရင် မင်း သေရမယ်”
သူ့ရဲ့ စကားဆုံးသွားပြီးနောက် လင်တျန်းဇောင်က လက်သီးတစ်ချက် ထိုးလိုက်ပါတယ်။
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းတဲ့ နွားသိုးတစ်ကောင်ရဲ့ စွမ်းအား ထွက်ပေါ်လာခဲ့ပါတယ်။
ရွှေရောင်နွားသိုး ချီစွမ်းအားတွေက ယန်ချီဆီကို အရှိန်ပြင်းစွာ ပြေးဝင်လာခဲ့ပြီး ချက်ချင်း ရောက်လာခဲ့ပါတယ်။
“ဒီအရူးကတော့. . ဒီအရူးကတော့. .”
စုရွှင်းအာတစ်ယောက် သူမမျက်လုံးကို မှိတ်လိုက်ပြီး မျက်လုံးထောင့်ကနေ မျက်ရည်တွေ စီးကျလာခဲ့ပါတယ်။
ယန်ချီက သူ့ဆီကို ပြေးဝင်လာတဲ့ နွားသိုးစွမ်းအားက သူ့ထံပြေးဝင်လာတာကို ကြည့်နေခဲ့ပါတယ်။ သူမှာ မူလသိုင်းဆရာအဆင့် နွားသိုးတစ်ကောင်ရဲ့စွမ်းအားရှိတဲ့ အနီရောင်မီးတောက်နွားသိုးဆေဘာဓါးရှိပါတယ်။
သူက ဒီစွမ်းအားကို တစ်ကြိမ်သာ သုံးနိုင်ပေမယ့် လင်တျန်းဇောင်ကို သတ်ဖို့က လုံလောက်ပါတယ်။
ကြောက်မက်ဖွယ်နွားသိုးတစ်ကောင်ရဲ့စွမ်းအားက သူ့ခန္ဓာကိုယ်ကို ထိတော့မယ့် အချိန်မှာပဲ သူ့နောက်ကျောက အနီရောင်မီးတောက် နွားသိုးဆေဘာဓါးကို ဆွဲထုတ်လိုက်ပါတယ်။
ပြီးတော့ သူ့ရဲ့ ရှိသမျှ စွမ်းအား အားလုံးနဲ့ ပိုင်းချလိုက်ပါတယ်။
နွားသိုးတစ်ကောင်ရဲ့ စွမ်းအားရယ်၊ နတ်ဆိုးဝံပုလွေနှစ်ကောင်ရဲ့ စွမ်းအားနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေဘာအလင်းတို့က ပေါင်းစပ်ခြင်းအဆင့်တစ်စွမ်းအားနဲ့ အတူတကွပေါင်းစည်သွားပြီး တစ်ချိန်ထဲမှာကို ပြေးထွက်သွားခဲ့ပါတယ်။
“ဘုန်း ဘုန်း”
ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားနှစ်ခုက တစ်ခုနဲ့တစ်ခု ရင်ဆိုင်မိသွားခဲ့ပါတယ်။ ရင်ပြင်မှာ ရှိတဲ့ တိုက်ခိုက်ရေးကွင်းက နှစ်ခြမ်းကွဲသွားခဲ့ပြီးနောက် အကာအရံတွေအားလုံး အမှုန့်ဖြစ်သွားခဲ့ပါတယ်။
အံ့အားသင့်ဖွယ်စွမ်းအားတစ်ခုက တစ်ခုနဲ့တစ်ခု ရင်ဆိုင်တိုက်ခိုက်နေခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ခဏအကြာမှာတော့ လင်တျန်းဇောင်ထုတ်လွှတ်ထားတဲ့ နွားသိုးတစ်ကောင်ရဲ့ ချီစွမ်းအားတွေက တစွန်းတစမှ မကျန်ပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ယန်ချီရဲ့ ကျန်ရှိတဲ့ စွမ်းအားတွေက လင်တျန်းဇောင်ဆီကို လှိုင်းလုံးပမာ တလိပ်လိပ် ပြေးဝင်သွားခဲ့ပါတယ်။
လင်တျန်းဇောင်တစ်ယောက် အံ့အားသင့်နေခဲ့ပါတယ်။
သူက လျင်မြန်စွာနဲ့ နောက်ထပ် လက်သီးတစ်ချက်ထုတ်လွှတ်ပြီး ချီစွမ်းအားကို ထုတ်လွှတ်လိုက်ပါတယ်။
ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ယန်ချီရဲ့ လက်ကျန်စွမ်းအားတွေက မခုခံနိုင်ခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် လင်တျန်းဇောင်က ဆရာသခင် အဆင့် ဖြစ်နေတယ်လေ။
ဂျင် ၁၅၀၀၀၀ ရှိတဲ့ နွားသိုးတစ်ကောင်ရဲ့ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းလှပါတယ်။
ယန်ချီရဲ့ လက်ကျန်စွမ်းအားတွေက လင်တျန်းဇောင်ထုတ်လွှတ်လိုက်တဲ့ နွားသိုးတစ်ကောင်ရဲ့ စွမ်းအားကို ခုခံလိုက်ပါတယ်။ ယန်ချီက ဒီစွမ်းအားကို ခုခံနိုင်လိမ့်မယ်လို့ လုံးဝ ယုံကြည်နေခဲ့ပါတယ်။
သူက လက်သီးကို ပြင်လိုက်ပါတယ်။
နတ်ဆိုးဝံပုလွေနှစ်ကောင်ရဲ့စွမ်းအားက သူ့လက်သီးမှာ စုစည်းလာခဲ့ပါတယ်။
“နတ်ဆိုးဝံပုလွေရဲ့ အရိပ်လက်သီး”
မြေကမ္ဘာအဆင့် သိုင်းနည်းစနစ် နတ်ဆိုးဝံပုလွေရဲ့ အရိပ်လက်သီးက ယန်ချီရဲ့ လက်သီးမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပါတယ်။
သူ့ရဲ့ လက်သီးကနေ နတ်ဆိုးဝံပုလွေရဲ့ အရိပ်လက်သီးကနေ နတ်ဆိုးဝံပုလွေနှစ်ကောင်ရဲ့ စွမ်းအားက သုံးကြိမ်ဆက်တိုက် ပျံသန်းထွက်သွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ယန်ချီရဲ့စွမ်းအားတွေ အားလုံး ပါဝင်နေခဲ့ပါတယ်။
“ဘုန်း”
နတ်ဆိုးဝံပုလွေ၏ အရိပ်လက်သီးကနေ ထုတ်လွှတ်တဲ့ စွမ်းအားတွေနဲ့ လင်တျန်းဇောင်ရဲ့ စွမ်းအားတို့ ရင်ဆိုင်မိကြပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ပေါက်ကွဲမှုကြီး ဖြစ်သွားစေခဲ့ပါတယ်။
အဆုံးမှာတော့ ကမ္ဘာမြေတုန်ခါစေတဲ့ စွမ်းအားနှစ်ခုက တစ်ခုနဲ့ တစ်ခု ယှဉ်ပြိုင်နေခဲ့ကြပါတယ်။
ပြီးတော့ အရာအားလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။ အပ်ကျသံကိုတောင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားတာ ဖြစ်ပါတယ်။
ရှိနေတဲ့ လူတိုင်း အံ့သြမှင်သက်သွားကြပြီး နေရာမှာတင် ကျောက်ရုပ်တွေလို ဖြစ်သွားကြပါတယ်။ သူတို့ရဲ့ မျက်လုံးတွေက သူတို့တစ်သက်မှာ အကျယ်ဆုံး ပြူးနေခဲ့ကြပါတယ်။
“ယန်ချီက ဆရာသခင်အဆင့်ကို တိုက်ခိုက်နိုင်တာလား”
“စိတ်ဝိဉာဉ်ခန္ဓာကိုယ် ပေါင်းစပ်ခြင်း အဆင့် တစ်”
တိုက်ခိုက်ရေးကွင်းဘေးနားက ထန်လုံသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် ဟွမ်ကျန်တစ်ယောက် တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေခဲ့ပါတယ်။
တကယ်တော့ ယန်ချီကို ဒီလို ပါရမီရှင်မှန်း သူ လုံးဝ မမျှော်လင့်မိပါဘူး။
စုခွန်လည်း ယန်ချီကို ကြည့်ပြီး ပြောစရာ စကား မဲ့နေခဲ့ပါတယ်။
“နတ်ဆိုးဝံပုလွေ၏ အရိပ်လက်သီးပါလား”
သူတို့တွေ နည်းစနစ် အခန်းထဲမှာတုန်းက ယန်ချီက နတ်ဆိုးဝံပုလွေ၏ အရိပ်လက်သီးနည်းစနစ်ကို ကြည့်ပြီးနောက် နားလည်ခဲ့ပြီလို့ သူ့ကို ပြောခဲ့တာကို သူ အမှတ်ရပါသေးတယ်။
အဲ့ဒီအချိန်တုန်းက ယန်ချီတစ်ယောက် ရယ်စရာတွေ ပြောနေတာလို့ သူ တွေးနေခဲ့ပါတယ်။
ဒါပေမယ့် အခုတော့ ယန်ချီက မြေကမ္ဘာအဆင့် သိုင်းနည်းစနစ် နတ်ဆိုးဝံပုလွေ၏ အရိပ်လက်သီးကို အသုံးပြုခဲ့ပါတယ်။
ဒါကြောင့်စုခွန်ရဲ့ မျက်နှာက ရုတ်တရက် ဖြူလျော့သွားခဲ့ပါတယ်။
ယန်ချီက ကောင်းကင်ဘုံကို အန်တုနိုင်လောက်တဲ့ ပါရမီရှင်မှန်း သူ သိပေမယ့် ဒီနေ့မှာတော့ သူလည်း သေခြင်းတရားကနေ မလွတ်မြောက်နိုင်တော့ပါဘူး။
ဒါပေမယ့်လည်း သူလုပ်နိုင်တာ ဘာတစ်ခုမှ မရှိပါဘူး။
ဒီလို ပါရမီရှင်တစ်ဦး သေဆုံးသွားတာက လူသားမျိုးနွယ်စုအတွက် ဆုံးရှုံးမှုကြီး တစ်ခုဆိုတာ သံသယ ဖြစ်ဖွယ် မရှိပါဘူး။
“လင်တျန်းဇောင် မင်း ဘာကို စောင့်နေတာလဲ”
ဟွမ်ကျန်က လင်တျန်းဇောင်ကို စူးစိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။
“သူက ဒီလောက် ကြောက်မက်ဖွယ်ကောင်းနေတာ။ သူက ကြီးပြင်းလာခဲ့ရင် မင်းသာ မဟုတ်ဘူး။ ငါလည်း သေခြင်းကနေ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”
ယန်ချီတစ်ယောက် ထန်လုံသိုင်းသင်တန်းကျောင်းကို ဝင်ရောက်ဖို့ ငြင်းဆန်ကတည်းက သူက ယန်ချီကို သတ်ပစ်မယ်လို့ တွေးထားခဲ့ပါတယ်။
#သိုင်းဆရာအဆင့် (နတ်ဆိုးဝံပုလွေတစ်ကောင်စွမ်းအား - ဂျင် ၂၀၀၀)
#ဆရာသခင်အဆင့် ( နွားသိုးတစ်ကောင်ရဲ့ စွမ်းအား - ဂျင် ၁၅၀၀၀၀)
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 42 - င့ါမှာလည်း နောက်ခံ ရှိတယ်
လင်တျန်းဇောင် ယန်ချီကို တိုက်ခိုက်လိုက်တဲ့အခါ စုရွှင်းအာက သူမရဲ့ မျက်လုံးတွေကို မှိတ်လိုက်ပါတယ်။ သူမက အားနည်းသည့်အတွက် သူမ ကယ်တင်ချင်တဲ့လူကို မကယ်တင်နိုင်တဲ့အတွက် သူမကိုယ်သူမ မုန်းတီးမိပါတယ်။
ဒါပေမယ့်လည်း ယန်ချီက အနီရောင်မီးတောက် နွားသိုးဆေဘာဓါးကို ဆွဲထုတ်လိုက်တဲ့အခါ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို မြင်လိုက်ပါတယ်။
ဒါပေမယ့်လည်း အခုတော့ ထန်လုံသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် ဟွမ်ကျန်က လင်တျန်းဇောင်ကို ယန်ချီကို သတ်ဖို့ ပြောနေခဲ့တယ်။
ယန်ချီက အသက်ရှင်ဖို့အတွက် အခွင့်အရေး မရှိတော့ပါဘူး။
“ယန်ချီ မင်းလည်း ကြားတယ်နော်။ သခင် ဟွမ်ကျန်က မင်းကို သတ်ဖို့ င့ါကို ပြောနေတယ်”
လင်တျန်းဇောင်က ယန်ချီကို အေးစက်စက် ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။
“မင်းပြလိုက်တဲ့ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းပေမယ့် မင်း အဲ့ဒါကို နောက်တစ်ကြိမ် မသုံးနိုင်တော့ဘူးလို့ ငါထင်တယ်”
လင်တျန်းဇောင်ပြောတာ မှန်ပါတယ်။ ယန်ချီက ဒီလို စွမ်းအားမျိုးကို ဒုတိယအကြိမ် အမှန်တကယ်ကို မသုံးနိုင်တော့ပါဘူး။
အခုဆိုရင် သူ့ခန္ဓာကိုယ်မှာ ဘာချီစွမ်းအင်မှ မရှိတော့ပါဘူး။
သူက အခုဆိုရင် သေတော့မယ့် မီးအိမ်တစ်လုံးနဲ့ တူနေခဲ့ပါတယ်။
“နှုတ်ဆက်ပါတယ် ယန်ချီ”
သူ့ရဲ့ အသံဆုံးသွားတာနဲ့ လင်တျန်းချန်က သူ့လက်သီးကို ပြင်လိုက်ပြီး လက်သီးမှာ နွားသိုးတစ်ကောင်ရဲ့ စွမ်းအားကို စုစည်းလိုက်ပါတယ်။
သူသာ ဒီတစ်ကြိမ် ထိုးလိုက်ပါက ယန်ချီက ဒီလောကထဲကနေ အမြဲတမ်းပျောက်ကွယ်သွားတော့မှာ ဖြစ်တယ်။
“ခဏနေပါဦး”
ရုတ်တရက် ယန်ချီက လင်တျန်းဇောင်ကို တားလိုက်ပါတယ်။
လင်တျန်းဇောင်က သူ့ရဲ့ လက်သီးချက်ကို ရပ်လိုက်ပြီး လှောင်ပြောင်ပြောလိုက်တယ်။
“ယန်ချီ မင်း ကြောက်နေသလား”
ရင်ပြင်ထက်က လူတိုင်းလည်း သက်ပြင်းလိုက်ကြပါတယ်။ ဒီလောက်ထဲက လူတိုင်းက သေမှာကို ကြောက်ရွံ့ကြပါတယ်။ သေခြင်းနဲ့ မျက်နှာချင်းဆိုင်ရရင် သေမှာကို မကြောက်တဲ့သူ မရှိပါဘူး။
သူတို့အားလုံးရဲ့ အရှေ့မှာပဲ ယန်ချီက ဒီလို လူမျိုးနဲ့တူပါတယ်။
“လင်တျန်းဇောင် ကျုပ် ဒီလို လုပ်ရဲတာ ကျုပ်မှာ နောက်ခံရှိတယ်လို့ ခင်ဗျား မထင်ဘူးလား”
ယန်ချီက လင်တျန်းဇောင်ကို ကြည့်ပြီး ပြောလိုက်တယ်။
ရင်ပြင်ထက်က လူတိုင်းက အံ့အားသင့်သွားကြပါတယ်။
ဒါက ဟုတ်တာပေါ့။ ယန်ချီက မူလဆရာသခင်အဆင့်ကို ပြစ်မှားနေတာလေ။ သူက ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို ပြသခဲ့ပါတယ်။ သူ့မှာ နောက်ခံရှိတာကို သူတို့တွေ မသိခဲ့ကြပါဘူး။
စုခွန်၊ စုရွှင်းအာနဲ့ သိုင်းဆရာအဖွဲ့က ယန်ချီကို ကြည့်နေခဲ့ကြပါတယ်။
“ယန်ချီ မင်း ဘာတွေ ဟန်ဆောင်ဦးမလို့လဲ။ မင်းရဲ့ နောက်ခံက စုခွန်လား” လင်တျန်းဇောင်က အေးစက်စက်ပြုံးကာ မေးလိုက်ပါတယ်။
ယန်ချီက ဘာမှ ဆက်မပြောခဲ့ပါဘူး။ အဲ့ဒီအစား သူ့ရဲ့ အိပ်ကပ်ထဲက ရွှေရောင်ထောင်ဒီ တံဆိပ်ပြားကို ထုတ်ယူလိုက်ပါတယ်။
ရွှေရောင်ထောင်ဒီတံဆိပ်ပြားရဲ့ အပေါ်မှာတော့ လင်းလက်နေတဲ့ ကြယ်သုံးပွင့် ရှိနေခဲ့ပါတယ်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရင်ပြင်ထက်က လူတိုင်း သူ့ရဲ့ လက်ထဲက တံဆိပ်ပြားကို မြင်တော့ သူတို့အားလုံး ကြောက်ရွံ့ထိတ်လန့်သွားကြပါတယ်။
“ထောင်ဒီ တံဆိပ်ပြားလား”
ဒါက သိုင်းအရှင်သခင် တစ်ဦးရဲ့သီးသန့်တံဆိပ်ပြား ဖြစ်ပါတယ်။
ဒါ့အပြင် ဒီတံဆိပ်ပြားက ကြယ်သုံးပွင့် ထောင်ဒီ တံဆိပ်ပြားဖြစ်နေခဲ့ပါတယ်။
လင်ဟိုင်အခြေစိုက်စခန်းတစ်ခုလုံးမျာ ကြယ်သုံးပွင့် ထောင်ဒီတံဆိပ်ပြားကို ပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းရှိသူက တစ်ယောက်သာ ရှိပါတယ်။
အဲ့ဒါကတော့ အရှင်သခင် အဆင့် သခင် ရှုမူ ဖြစ်ပါတယ်။
လူတိုင်းက ယန်ချီကို အလွန်တရာ အံ့အားသင့်စွာနဲ့ ကြည့်နေခဲ့ပါတယ်။
သူတို့အားလုံးက ယန်ချီမှာ ဒီလို နောက်ခံရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ အိမ်မက် မမက်ဖူးပါဘူး။
ပြီးတော့ သူ့ရဲ့ နောက်ခံက အရမ်း ကြောက်ဖို့ ကောင်းတယ်လေ။
ဒီအချိန်မှာတော့ ဘာကြောင့် ယန်ချီ ဒီလိုတွေ လုပ်နေတာလဲဆိုတာကို သူတို့တွေ နောက်ဆုံးမှာ နားလည်သွားကြပါတယ်။ သခင် ရှုမူလို နောက်ခံနဲ့ဆိုရင် လင်ဟိုင်အခြေစိုက်စခန်းတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုန်ဖြစ်အောင် လုပ်လည်း သူ့ကို ဘယ်သူက ဘာပြောရဲမှာလဲ။
လင်တျန်းဇောင်က ယန်ချီလက်ထဲက ကြယ်သုံးပွင့် ထောင်ဒီ တံဆိပ်ပြားကို ကြည့်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပေါ်က အေးစက်စက်အပြုံးက ချက်ချင်းပျောက်ကွယ်သွားပြီး ကြောက်ရွံ့ခြင်းတွေ အစားထိုးလာခဲ့ပါတယ်။
ချွေးတွေကလည်း သူ့ခန္ဓာကိုယ်တစ်ခုလုံး ရွဲစိုနေခဲ့ပါတယ်။
ထန်လုံသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် ဟွမ်ကျန်နဲ့ လက်ထောက်ခန်းသခင်နှစ်ယောက်လည်း ကြောက်လန့်သွားခဲ့ပါတယ်။ သူတို့တွေလည်း စကားတစ်လုံးမှာ မပြောနိုင်ကြတော့ပါဘူး။
ဒါက ကြယ်သုံးပွင့် ထောင်ဒီ တံဆိပ်ပြားလေ။
“ယန်ချီ ငါ တောင်းပန်ပါတယ်။ ငါမှားသွားလို့ပါ”
လင်တျန်းဇောင်က သူ့ခန္ဓာကိုယ်ထဲကနေ ဝိဉာဉ်လွင့်သွားမတက် ကြောက်လန့်နေခဲ့ပါတယ်။ သူရဲ့ တုန်လှုပ်မှုတွေက မရပ်တန့်သေးပါဘူး။
“အခု မင်းတို့အားလုံး ထွက်သွားတော့”
ယန်ချီရဲ့ အသံက အလွန်အားနည်းနေခဲ့ပါတယ်။ သူခန္ဓာကိုယ်က ချီစွမ်းအင်တွေ ပြန်လည်သက်သာလာဖို့ ကောင်းကောင်းအနားယူရန် လိုအပ်ပါတယ်။
လင်တျန်းဇောင်၊ ဟွမ်ကျန်နဲ့ အခြားသူတွေကလည်း ဒီမှာ ဆက်နေရဲတော့ပါဘူး။ သူတို့တွေက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကနေ အလျင်အမြန် ထွက်သွားကြပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 43 - ယုံကြည်နိုင်ဖွယ်ရာ မရှိသော
“ယန်ချီ မင်း အဆင်ပြေရဲ့လား”
စုခွန်းက ယန်ချီကို အလျင်အမြန် ထိန်းပေးလိုက်ပါတယ်။
ဒီအချိန်မှာတော့ ယန်ချီခန္ဓာကိုယ်ထဲမှာ ဘာချီစွမ်းအင်မှာ မရှိတော့ပါဘူး။ သူ့ခန္ဓာကိုယ်က အလွန် အားနည်းနေခဲ့ပါပြီ။
“ကျွန်တော် အဆင်ပြေပါတယ်။ ခဏလောက် အနားယူလိုက်ရင် ပြန်အဆင်ပြေသွားမှာပါ”
ယန်ချီက ပြောလိုက်ပါတယ်။
ရင်ပြင်မှာ ရှိနေတဲ့ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းက ကျောင်းသားအားလုံး ယန်ချီကို အံ့အားသင့်စွာနဲ့ကြည့်နေခဲ့ကြပါတယ်။
သူတို့တွေက ယန်ချီနဲ့ ကျားနက်သိုင်းသင်တန်းကျောင်းက ခန်းမသခင် လင်တျန်းဇောင်တို့ကြားက တိုက်ပွဲကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ပါတယ်။
“ယန်ချီက အမှန်တကယ်ကို ဆရာသခင်အဆင့်နဲ့ တိုက်ခိုက်နိုင်တာပဲ”
သူတို့တွေက ဒီလို ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ သူမျိုးကို တခါမှ မကြားဖူးပါဘူး။
နောက်ဆုံးမှာတော့ ခန်းမသခင် စုခွန်ရဲ့ အကူအညီနဲ့ ယန်ချီက သူ့ရဲ့ အခန်းထဲကို ပြန်ရောက်သွားခဲ့ပါတယ်။
ယန်ချီက အိပ်ယာပေါ်မှာ လဲလျောင်းနေခဲ့ပါတယ်။ သူက အနားယူရုံသာမက သူ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေလည်း ပြန်လည်ဖြည့်တင်းနေခဲ့ပါတယ်။
သူ့ချီစွမ်းအင်တွေ ပြန်ရတဲ့နှုန်းက အလွန် မမြန်ပါဘူး။
ခန်းမသခင်ရဲ့ ရုံးခန်းထဲမှာတော့ …။
စုခွန်၊ လက်ထောက်ခန်းမသခင်တို့နဲ့ ဆရာများအဖွဲ့တို့ ရောက်နေကြပါတယ်။ သူတို့ရဲ့ မျက်နှာထက်မှာတော့ ဂုဏ်ယူမှုတွေ ပြည့်နှက်နေခဲ့ပါတယ်။
“ခန်းမသခင် ။ ယန်ချီရဲ့ နောက်ခံက ဘာလဲ။ သူမှာ တကယ်ကို သခင်ရှုမူရဲ့ ကြယ်သုံးပွင့် ထောင်ဒီတံဆိပ်ပြားရှိနေတာလား”
“ငါလည်း သေချာမသိဘူး။ ငါက သူ့ကို ဂျောင်မြို့တော်မှာ တွေ့ခဲ့တာ”
စုခွန်လည်း ခေါင်းခါလိုက်ပါတယ်။ ယန်ချီက ကြယ်သုံးပွင့် ထောင်ဒီတံဆိပ်ပြားကို ထုတ်ယူလိုက်စဉ်က သူလည်း အံ့အားသင့်နေခဲ့ပါတယ်။
“ငါ တစ်ခုတော့ ပြောစရာ ရှိတယ်။ မင်းတို့တွေ ဒါကို ကြားရင် မယုံကြည်နိုင် ဖြစ်သွားနိုင်တယ်”
ခဏအကြာမှာတော့ စုခွန်က ရုံးခန်းထဲက လူတွေကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။
ရုံးခန်းထဲက လူတွေက အံ့အားသင့်နေခဲ့ကြပါတယ်။ သူတို့တွေက ယန်ချီမှာ သခင်ရှုမူရဲ့ ကြယ်သုံးပွင့် ထောင်ဒီ တံဆိပ်ပြား ရှိတာကို သိပါတယ်။ ဒီထက်ပိုပြီး မယုံကြည်နိုင်စရာ ကောင်းတာက ဘာလဲ။
လူတိုင်းက စုခွန်ကို ကြည့်လိုက်ကြပြီး ဘယ်လိုမယုံကြည်နိုင်တာမျိုးလဲဆိုတာကို သိချင်နေခဲ့ကြပါတယ်။
စုခွန်က စက္ကန့်အနည်းငယ်လောက် စဉ်းစားလိုက်ပြီး နောက် ပြောလိုက်တယ်။
“ယန်ချီနဲ့ လင်တျန်းဇောင်တို့ တိုက်ခိုက်ခဲ့စဉ်က သူက နတ်ဆိုးဝံပုလွေ၏ အရိပ်လက်သီးကို သုံးခဲ့တယ်။ မင်းတို့အားလုံးလည်း မြင်တယ် မှတ်လား”
“ကျွန်တော်မြင်ခဲ့တယ်။ ဒါက မယုံနိုင်စရာကောင်းတာပဲ မဟုတ်ဘူးလား”
လက်ထောက်ခန်းမသခင်နဲ့ ကျန်တဲ့ ဆရာတွေက ပဟေဠိဖြစ်နေခဲ့ကြပါတယ်။ ယန်ချီမှာ ထူးခြားတဲ့ ပါရမီကို ပိုင်ဆိုင်ထားတာကို သူတို့တွေက သိပြီး သူ့အနေနဲ့ မြေကမ္ဘာသိုင်းနည်းစနစ် နတ်ဆိုးဝံပုလွေ၏ အရိပ်လက်သီးကို လျင်မြန်စွာ နားလည်ခဲ့ပါတယ်။ ဒါက သူတို့အတွက် အံ့အားသင့်စရာတော့မဟုတ်ပါဘူး။
“ခန်းမသခင် ယန်ချီက အချိန်တိုလေးအတွင်းမှာ နတ်ဆိုးဝံပုလွေ၏ အရိပ်လက်သီးကို နားလည်ခဲ့တယ်လို့ ပြောချင်တာမှတ်လား”
လက်ထောက်ခန်းမသခင်တစ်ယောက်က စုခွန်ကို ကြည့်ပြီး မေးလိုက်ပါတယ်။
“အဲ့ဒါ ဟုတ်တယ်။ ငါ ပြောချင်တာက ယန်ချီတစ်ယောက် နတ်ဆိုးဝံပုလွေ၏ အရိပ်လက်သီးကို အချိန်တိုလေးအတွင်းမှာ နားလည်ခဲ့တာ။ ဒါပေမယ့် အချိန် ဘယ်လောက်တိုလဲဆိုတာ မင်းတို့ သိကြလား”
“အချိန်က ဘယ်လောက် တိုလို့လဲ”
လက်ထောက်ခန်းမသခင်နှစ်ယောက်နဲ့ ဆရာတွေအားလုံးက စုခွန်ကို ကြည့်ပြီး မေးလိုက်ပြန်တယ်။
“အကြည့်တစ်ချက်နဲ့တင် သူက နားလည်ခဲ့တာ”
စုခွန်က လူအုပ်ကို ကြည့်ပြီး ပြောလိုက်တယ်။
“သူက ဒီနည်းစနစ်ကို အကြည့်တစ်ချက်ထဲနဲ့နားလည်လိုက်တယ်”
“သူက ဒီနည်းစနစ်ကို နားလည်ဖို့ အချိန် ဒီလောက်ပဲ ယူတာလား”
ရုံးခန်းထဲက လူတွေ အံ့သြမှင်သက်သွားကြပါတယ်။
“ခန်းမသခင် တစ်ခုခုများ မှားနေတာလား”
“ငါ မှားနေတယ်လို့ မင်းတို့တွေ ထင်နေတာလား”
လက်ထောက်ခန်းမသခင်နှစ်ယောက်နဲ့ ဆရာတွေအားလုံး တံတွေးကို မြိုချမိလိုက်ပါတယ်။ ယန်ချီက မြေကမ္ဘာအဆင့် သိုင်းနည်းစနစ် နတ်ဆိုးဝံပုလွေ၏ အရိပ်လက်သီးကို အကြည့်တစ်ချက်ထဲနဲ့ နားလည်ခဲ့ပါတယ်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“ငါလည်း ဒါကို မယုံကြည်ခဲ့ပေမယ့်လည်း ယန်ချီရဲ့ ပါရမီက ဒီလောကတစ်ခုလုံးမှာ အလွန်ရှားပါးတယ်”
စုခွန်က ပြောလိုက်တယ်။
ရုံးခန်းထဲက လူတိုင်းက တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ချောက်ခြားစွာနဲ့ကြည့်နေခဲ့ကြတယ်။ ဒီကိစ္စသာ အမှန်ဆိုရင် ယန်ချီ ဘယ်လောက် ကြောက်မက်ဖွယ်ကောင်းတယ်ဆိုတာ မပြောပြတတ်လောက်အောင်ကို ဖြစ်နေမယ်လို့ တွေးမိလိုက်ကြပါတယ်။
သူ့ကို အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသူအဖြစ်သာ ဖော်ညွှန်းသင့်ပါတယ်။
အခြားတစ်ဖက်မှာတော့ …။
မြွေမိုးကြိုးသိုင်းသင်တန်းကျောင်း အပြင်ဖက်မှာ…။
ရွှေရောင်မျက်နှာဖုံးကို တပ်ဆင်ထားတဲ့ လူတစ်ယောက်က ရပ်နေခဲ့ပါတယ်။
ဒီလူရဲ့ပတ်လည်မှာ အားကိုးယုံကြည်ရတဲ့ အရှိန်အဝါတွေ ပြည့်နှက်နေတာကြောင့် သူ့အနားကို လူအများက မချဉ်းကပ်ရဲပါဘူး။
ဒီလူက ကောင်းကင်ဘုံကို တက်လှမ်းတဲ့ ပြိုက်ဖက်ကင်းစစ်နတ်ဘုရားတစ်ပါးနဲ့ တူနေခဲ့ပါတယ်။
ဒီလူသာ ရွှေရောင်မျက်နှာဖုံးကို မဝတ်ထားဘူးဆိုရင် သူ့ပတ်လည်က လူတိုင်းက အလွန်တရာကို အံ့အားသင့်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ သူက လင်ဟိုင်အခြေစိုက်စခန်းရဲ့ အစွမ်းအထက်ဆုံး သိုင်းပညာရှင် မှ တပါး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
သူကတော့ သိုင်းအရှင် သခင်အဆင့် သခင် ရှုမူ ဖြစ်ပါတယ်။
🐼🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 44 - သိုင်းအရှင်သခင်အဆင့် သခင် ရှုမူက ဒီကို လာတယ်
သိုင်းအရှင်သခင်အဆင့် ရှုမူက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်း အပြင်မှာ ရပ်နေတာ စက္ကန့်အနည်းငယ် ကြာပါပြီ။ သူက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းထဲကို လမ်းလျှောက်ဝင်ဖို့ အသင့်ဖြစ်နေပုံပါ။
ရုတ်တရက် အနည်းငယ် သံသယရှိတဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့ပါတယ်။
“ရှင်ဘာကြောင့် မြွေမိုးကြိုးသိုင်းသင်တန်းကျောင်း အပြင်ဖက်မှာ ရပ်နေလဲဆိုတာ မေးပါရစေ”
စုရွှင်းအာက သခင် ရှုမှုကို စူးစမ်းလိုစိတ်နဲ့ ကြည့်လိုက်ပါတယ်။
ဒီတစ်ကြိမ်မှာ ရှုမူက ရွှေရောင်မျက်နှာဖုံးကို တပ်ဆင်ထားတာကြောင့် သူမအနေနဲ့ သူ့ကို မမှတ်မိပါဘူး။
“မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းက အထူးကျောင်းသားနဲ့ ကျားနက်သိုင်းသင်တန်းကျောင်းက ခန်းမသခင် လင်တျန်းဇောင်တို့ တိုက်ခိုက်ခဲ့တယ်လို့ငါကြားခဲ့တယ်။ ငါက သူ့သူငယ်ချင်းပါ။ ဒါကြောင့်ငါ သူ့အခြေအနေကို လာကြည့်တာ”
ရှုမူက ပြောလိုက်တယ်။
စုရွှင်းအာက အံ့သြသွားခဲ့ပါတယ်။ “ရှင်က ယန်ချီရဲ့ သူငယ်ချင်းလား”
“ဟုတ်ပါတယ်။ သူ့နဲ့တွေ့ဖို့ င့ါကို ခေါ်သွားလို့ရမလား”
ရှုမူက ခေါင်းညိတ်ကာ ပြောလိုက်ပါတယ်။
စုရွှင်းအာက ရှုမူပြောတာကို ကြားတော့ သံသယနဲ့ ရှုမူကို ကြည့်လိုက်ပါတယ်။ ရှုမူက ဘာကြောင့် ရွှေရောင်မျက်နှာဖုံးတပ်ထားမှန်း သူမ နားမလည်ပါဘူး။ သူက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာလား။
စုရွှင်းအာက ခဏလောက် စဉ်းစားလိုက်ပြီးနောက် သခင်ရှုမူကို မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းထဲကို ခေါ်သွားခဲ့ပါတယ်။
သူမက သခင်ရှုမူက လူကောင်းလား လူဆိုးလားဆိုတာ စိုးရိမ်မနေခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေရာက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းထဲမှာလေ။
စုရွှင်းအာက ရှုမူကို ယန်ချီရဲ့ အခန်းထဲ ခေါ်သွားခဲ့ပါတယ်။
“ဒီအခန်းက ယန်ချီရဲ့ အခန်းပဲ”
သူမက ပြောလိုက်ရင်းနဲ့ တံခါးကို ခေါက်လိုက်ပြီး ယန်ချီကို ခေါ်လိုက်ပါတယ်။
“ယန်ချီ ကျွန်မပါ”
သိပ်မကြာခင်မှာပဲ အခန်းထဲကနေ အားနည်းတဲ့ အသံ ထွက်ပေါ်လာခဲ့ပါတယ်။
“ဝင်လာခဲ့လေ”
စုရွှင်းအာက တံခါးကို တွန်းဖွင့်လိုက်ပြီး သခင်ရှုမူနဲ့အတူ ဝင်သွားခဲ့ပါတယ်။
“ယန်ချီ အဆင်ပြေရဲ့လား”
“ပြေပါတယ်”
စုရွှင်းအာက ယန်ချီရဲ့ မျက်နှာကို ကြည့်လိုက်တော့ သူမျက်နှာက အနည်းငယ် ဖြူလျော့နေပေမယ့် အခြား ဘာမှ ဖြစ်မနေတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် သူမက တိတ်တဆိတ် စိတ်သက်သာရာ ရသွားခဲ့ပါတယ်။
“အိုး ဒါနဲ့ ယန်ချီ ဒီလူက ရှင်ရဲ့ သူငယ်ချင်းလို့ ပြောနေတယ်”
“င့ါ သူငယ်ချင်း. . . ”
ယန်ချီက စုရွှင်းအာဘေးက ရွှေရောင်မျက်နှာဖုံး ဝတ်ဆင်ထားတဲ့ လူကို စဉ်းစားရခက်တဲ့ အမူအယာနဲ့ ကြည့်လိုက်ပါတယ်။
“ငါ သူ့ကို မသိဘူး”
“ရှင် သူ့ကို မသိဘူးလား”
စုရွှင်းအာလည်း အံ့အားသင့်သွားခဲ့တယ်။ သူမက သခင်ရှုမူကို မေးခွန်းထုတ်တော့မယ်အချိန်မှာ သူမ ဘာမှမပြောနိုင်ခင် သခင်ရှုမူက စကားပြောလိုက်ပါတယ်။
“ဘာလဲ ။ မင်းက ငါ့ကို မသိဘူးလား”
သခင်ရှုမူက အပြုံးနဲ့ ပြောလိုက်ပါတယ်။
ယန်ချီရဲ့ အမူအယာက အံ့အားသင့်သွားခဲ့ပါတယ်။ ဒီအသံက အလွန်ရင်းနှီးနေခဲ့တယ်လေ။
ခဏလောက်အကြာမှာတော့ သူ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါတယ်။
“သခင် ရှုမူ”
ရှုမူက ကိုယ်တိုင်ကိုယ်ကျ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို လာပြီး သူ့ကို လာရှာလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။
“ရှင်က သူ့ကို မသိဘူးလို့များ ပြောနေသေးတယ်”
စုရွှင်းအာက မကျေမနပ်နဲ့ တီးတိုးရေရွတ်လိုက်တယ်။
သူမက ပြောလို့ မပြီးခင်မှာပဲ တစ်ခုခုကို တွေးမိသွားခဲ့ပါတယ်။
စုရွှင်းအာက ယန်ချီကို အံ့အားသင့်စွာ မျက်လုံးပြူးကြည့်ပြီး မေးလိုက်တယ်။
“ယန်ချီ ရှင် ခုနက သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ”
“သခင် ရှုမူလေ”
ယန်ချီက ပြောလိုက်တယ်။
စုရွှင်းအာက တံတွေးကို မြိုချလိုက်ပြီး သူမဘေးက ရွှေရောင်မျက်နှာဖုံးနဲ့ လူကို ကြည့်လိုက်ပါတယ်။
“ယန်ချီ ဖြစ်နိုင်ပါ့မလား”
“ဟုတ်တယ်။ ဒါက သခင် ရှုမူပဲ”
စုရွှင်းအာတစ်ယောက် အံ့သြမှင်သက်နေခဲ့ပါတယ်။
“သိုင်းအရှင်သခင် အဆင့် သခင်ရှုမူလား”
ရှုမူက ယန်ချီအနေနဲ့ သူ့ရဲ့ အကြောင်းကို သိပြီး ဖြစ်တာကြောင့် မျက်နှာပေါ်က ရွှေရောင်မျက်နှာဖုံးကို ချွတ်လိုက်ပါတယ်။
သူ့မျက်နှာက စုရွှင်းအာအရှေ့မှာ ပေါ်လာခဲ့ပါတယ်။
တကယ်တော့ စုရွှင်းအာက သခင်ရှုမူကို မြင်ဖူးပါတယ်။ သူမက သခင်ရှုမူကို သတင်းတွေမှာ မရေမတွက်နိုင်အောင် မြင်ဖူးပါတယ်။
သူမက သူ့ကို သိတာ မထူးဆန်းပါဘူး။ သူက လင်ဟိုင်အခြေစိုက်စခန်းနဲ့ သူ့ရဲ့ အုပ်ချုပ်မှုအောက်က မြိုတော်ပေါင်းရာချီရဲ့ ကာကွယ်စောင့်ရှောက်သူ ဖြစ်နေတယ်လေ။
စုရွှင်းအာက သခင်ရှုမူကို မြင်လိုက်တဲ့အခါ သူမက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားမိပြီး သူမမျက်နှာထက်မှာတော့ ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။
နတ်ဘုရားကဲ့သို့ ပုံရိပ်ရှိပြီး ဒီလို ထူးခြားတဲ့ နောက်ခံရှိသူက သူမတို့ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို အမှန်တကယ် ရောက်ရှိလာခဲ့ပါတယ်။
“သခင်ရှုမူ”
အချိန်အတော်ကြာမှ စုရွှင်းအာက ရှုမူကို နှုတ်ဆက်နိုင်ခဲ့ပါတယ်။
ရှုမူက နူးညံ့စွာ ပြုံးပြလိုက်ပါတယ်။
စုရွှင်းအာ တစ်ယောက် အံ့သြမှင်သက်နေခဲ့ပါတယ်။
သိုင်းအရှင် သခင်အဆင့် သခင်ရှုမူက ဒီလို ပြုံးပြလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိပါဘူး။
“သခင်ရှုမူ အခု ကျွန်မအဖေကို ဒီအကြောင်း သွားပြောဦးမယ်”
စုရွှင်းအာက ပြောပြီးနောက် အပြင်ကို လျှင်မြန်စွာ ပြေးထွက်သွားခဲ့ပါတယ်။
ကျင့်စဉ်အဆင့်များ( ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် ၊ သိုင်းတပည့်အဆင့်၊ သိုင်းဆရာအဆင့်၊ ဆရာသခင်အဆင့်၊ သိုင်းအရှင်သခင်အဆင့်၊ ရှေးဦးသခင်အဆင့်၊ ဘိုးဘေးဆရာအဆင့်)
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 45 - ယန်ချီက လင်ဟိုင်အခြေစိုက်စခန်း ပါလီမန်၏ အဖွဲ့ဝင်အသစ်လား
စုရွှင်းအာက ခန်းမသခင်ရုံးခန်းဆီကို တခဏချင်းပြေးသွားခဲ့ပါတယ်။
“အဖေ. . ”
စုခွန်၊ လက်ထောက်ခန်းမသခင်နှစ်ယောက်နဲ့ ဆရာများအဖွဲ့က ယန်ချီအကြောင်းဆွေးနွေးနေခဲ့ကြပါတယ်။ သူတို့တွေက စုရွှင်းအာရဲ့ အသံကို ကြားတဲ့အခါ သူတို့အားလုံးက အပြင်ကို လှမ်းကြည့်လိုက်ကြပါတယ်။
“ရွှင်းအာ သမီး ဘာတွေ ဖြစ်လာတာလဲ”
စုခွန်က စုရွှင်းအာကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပါတယ်။
“သခင် ရှုမူက ဒီမှာ ရောက်နေတယ်” စုရွှင်းအာက ထိတ်လန့်စွာ ပြောလိုက်တယ်။
“ဘာ. . .”
စုခွန်၊ လက်ထောက်ခန်းမသခင်နှစ်ယောက်နဲ့ ဆရာများအားလုံး သူတို့အားလုံး ရင်ထဲ လှိုက်မောသွားပြီး ကြောင်အမ်းသွားကြပါတယ်။
“ရွှင်းအာ သမီး ဘာတွေ ပြောနေတာလဲ”
“သခင်ရှုမူက ဒီကို ရောက်နေတယ်။ သူက ယန်ချီရဲ့ အခန်းမှာ”
စုရွှင်းအာက နောက်တစ်ကြိမ် ထပ်ပြောလိုက်တယ်။ သူမလည်း အလွန် ထိတ်လန့်နေခဲ့ပါတယ်။
ခန်းမသခင် စုခွန်က သူမပြောတာကို ကြားတဲ့အခါ သူ့တစ်ကိုယ်လုံး ချွေးတွေ ရွဲစိုသွားခဲ့ပါတယ်။
“ရွှင်းအာ သမီး နောက်နေတာတော့ မဟုတ်ဘူးနော်”
“မဟုတ်ပါဘူး။ သခင်ရှုမူက တကယ်ကို ဒီကိုလာတာ”
လက်ထောက်ခန်းမသခင်နှစ်ယောက်နဲ့ ဆရာတွေက တစ်ယောက်ကို တစ်ယောက် အံ့အားသင့်စွာနဲ့ ကြည့်နေခဲ့ကြပါတယ်။
ယန်ချီဆီမှာ သခင်ရှုမူရဲ့ ကြယ်သုံးပွင့် ထောင်ဒီ တံဆိပ်ပြား ရှိတယ်ဆိုတော့ သူတို့ကြားက ဆက်ဆံရေးက မရိုးရှင်းလောက်ပါဘူး။ သူက ဒီကို ရောက်နေတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။
သူတို့တွေက ဒီအကြောင်းကို တွေးမိလိုက်တော့ သူတို့အားလုံး အံ့သြမှင်သက်သွားခဲ့ပါတယ်။
“ခန်းမသခင် ကျွန်တော်တို့တွေ အခု ဘာလုပ်သင့်လဲ”
လက်ထောက်ခန်းမသခင်နှစ်ဦးနဲ့ ဆရာတွေအားလုံးက စုခွန်ကို ကြည့်လိုက်ကြပါတယ်။
“ဒါဆိုရင်လည်း ငါတို့တွေက သခင်ရှုမူကို သွားတွေ့ကြတာပေါ့”
ရုတ်တရက် စုခွန်ရဲ့ မျက်နှာထက်မှာ ပျော်ရွှင်တဲ့အမူအယာပေါ်လာခဲ့ပါတယ်။
ယန်ချီနဲ့ သခင်ရှုမူတို့က အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ယန်ချီက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အထူးကျောင်းသားတစ်ယောက်လေ။ ဒီဆက်ဆံရေးက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အဆင့်အတန်းကို အကြိမ်များစွာ မြင့်တက်စေဖို့ လုံလောက်ပါတယ်။
နောက်ဆုံးတော့ စုခွန်၊ လက်ထောက်ခန်းမသခင်နှစ်ယောက်နဲ့ ဆရာတွေအားလုံးက ယန်ချီရဲ့ အခန်းဆီကို ပြေးလွှားသွားကြပါတယ်။
သူတို့ ပြေးသွားတဲ့ လမ်းတလျှောက်မှာရှိတဲ့ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းက ကျောင်းသားအားလုံးကလည်း ပဟေဠိဖြစ်နေခဲ့ကြတယ်။ ဘာကြောင့်များ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အရေးကြီးပုဂ္ဂိုလ်တွေက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းထဲမှာ အလွန် ထိတ်လန့်စွာ ပြေးလွှားနေတာကို နားမလည်ခဲ့ကြပါဘူး။
သိပ်မကြာခင်မှာပဲ သူတို့တွေက ယန်ချီရဲ့ အခန်းအပြင်ကို ရောက်လာခဲ့ကြပါတယ်။
ဒီအချိန်မှာတော့ ယန်ချီရဲ့ အခန်းတံခါးက ပွင့်လာခဲ့ပါတယ်။
သူတို့တွေက ယန်ချီရဲ့ကုတင်ဘေးမှာ ထိုင်နေတဲ့ သက်လတ်ပိုင်းလူတစ်ဦးကို မြင်လိုက်ရတဲ့အခါ သူတိုရဲ့ စိတ်ထဲ ရုတ်တရက် တင်းကြပ်သွားခဲ့ပါတယ်။
ယန်ချီရဲ့ ကုတင်ဘေးမှာ ထိုင်နေတဲ့ သက်လတ်ပိုင်းလူက တကယ့်ကို သခင် ရှုမူ ဖြစ်နေခဲ့တယ်လေ။
“သခင် ရှုမူ”
စုခွန်က အခန်းထဲကို လျင်မြန်စွာ လျှောက်ဝင်သွားပြီး ရှုမူကို ရိုသေးလေးစားစွာနဲ့ နှုတ်ဆက်လိုက်ပါတယ်။
သူခေါ်တာကို ကြားတော့ ရှုမူက လှည့်ကြည့်လိုက်ပြီး စုခွန်ကို ပြောလိုက်တယ်။
“မင်းက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် စုခွန်ဖြစ်မယ် ထင်တယ် ဟုတ်လား”
“ဟုတ်ပါတယ် သခင်ရှုမူ ”
စုခွန်က ခေါင်းညိတ်ကာ အဖြေပေးလိုက်တယ်။
သူက မူလဆရာသခင် အဆင့်သာ ရှိပြီး သခင်ရှုမူက သိုင်းအရှင်သခင်အဆင့် ဖြစ်ပါတယ်။ သူတို့ကြားက ကွာဟမှုက မကျော်ဖြတ်နိုင်တဲ့ တောင်တစ်လုံးအလား ဖြစ်ပါတယ်။
လက်ထောက်ခန်းမသခင်နှစ်ဦးနဲ့ ဆရာတွေအားလုံးက ရှုမူကို အံ့အားသင့်စွာနဲ့ ကြည့်နေခဲ့ကြပါတယ်။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ သခင်ရှုမူက မော့မကြည့်နိုင်လောက်အောင် မြင့်မားသူ တစ်ယောက် ဖြစ်နေခဲ့ပါတယ်။
“ယန်ချီက လင်ဟိုင်အခြေစိုက်စခန်း ပါလီမန်ရဲ့ ဆယ့်သုံးယောက်မြောက် အဖွဲ့ဝင်ဆိုတာ မင်းသိသင့်တယ်။ ကျားနက်သိုင်းသင်တန်းကျောင်းနဲ့ ထန်လုံသိုင်းသင်တန်းကျောင်းက သူ့အကြောင်းနဲ့ ပတ်သတ်ပြီး တကယ် မသိဘူးလား”
ရှုမူက စုခွန်နဲ့ အခြားသူတွေကို ပြောလိုက်တယ်။
သူက လင်ဟိုင်အခြေစိုက်စခန်းရဲ့ ကံကြမ္မာကို ယန်ချီအပေါ်ကို ပုံအပ်ထားခဲ့ပါတယ်။ အခု ကျားနက်သိုင်းသင်တန်းကျောင်းနဲ့ ထန်လုံသိုင်းသင်တန်းကျောင်းက ယန်ချီအပေါ် ပြဿာနာရှာတာတွေ့တော့ ရှုမူက မပျော်မရွှင်ဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့်လည်း သူပြောလိုက်တဲ့ စကားများကြောင့် စုခွန်နဲ့ အခြားသူတွေ ကြောင်အမ်းသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားမိပါဘူး။
“ယန်ချီက လင်ဟိုင်အခြေစိုက်စခန်း ပါလီမန်ရဲ့ ဆယ့်သုံးယောက်မြောက် အဖွဲ့ဝင်လား”
သူတို့တွေက လင်ဟိုင်အခြေစိုက်စခန်းပါလီမန်မှာ အဖွဲ့ဝင်အသစ် ထွက်ပေါ်လာတယ်လို့ သိခဲ့ပေမယ့် အဖွဲ့ဝင်အသစ်က ယန်ချီလို့ သူတို့တွေ တစ်ခါမှ မတွေးခဲ့မိပါဘူး။
တစ်ယောက်ယောက်ကသာ လင်ဟိုင်အခြေစိုက်စခန်းပါလီမန်ကို ဝင်ချင်လျှင် သူတို့တွေက အနည်းဆုံး သိုင်းအရှင်သခင်အဆင့် ဖြစ်ရပါ့မယ်။
“ဘာလဲ။ ယန်ချီက လင်ဟိုင်အခြေစိုက်စခန်းပါလီမန်ရဲ့ ဆယ့်သုံးယောက်မြောက်အဖွဲ့ဝင်ဆိုတာ မင်းတို့ မသိဘူးလား”
ရှုမူလည်း အံ့အားသင့်နေခဲ့ပါတယ်။
ယန်ချီက ဒီအကြောင်းကို သူတို့တွေကို ပြောခဲ့ပြီးပြီလို့ ထင်ထားမိခဲ့ပါတယ်။
“ယန်ချီ မင်းကိုကူညီဖို့ငါ့ကို လိုအပ်နေသေးလား”
စက္ကန့်အနည်းငယ်လောက် အံံအားသင့်သွားပြီးနောက် ရှုမူက ယန်ချီကို ကြည့်လိုက်ပါတယ်။
ယန်ချီက ခေါင်းခါလိုက်ပါတယ်။ “သခင် ရှုမူ ကျွန်တော်ဘာသာ ကျားနက်သိုင်းသင်တန်းကျောင်းနဲ့ ထန်လုံသိုင်းသင်တန်းကျောင်းကို ကိုင်တွယ်နိုင်ပါတယ်”
ယန်ချီက သူ့ဓါးကို ဆွဲထုတ်နေခြင်းဖြင့် တိုက်ခိုက်ရေးစွမ်းရည်တွေ တိုးတက်လာနိုင်တယ်ဆိုတာ ရှုမူ သိပါတယ်။ ဒါကြောင့် ယန်ချီအနေနဲ့ လက်စားချေဖို့က အချိန်သိပ်မလိုဘူးဆိုတာ သူသိပါတယ်။