အပိုင်း (၂၀)
"ကူညီပေးမယ်မဟုတ်လား ရှီခွမ်း.."
လျှိုရှီခွမ်းက သူတောင်းဆိုသည့် ကိစ္စရပ်အပေါ်မှာ အလေးအနက်ထားစဥ်းစားနေလေရဲ့။
ဇိုင်ရယ်တန်ကို ချုပ်နှောင်ထားတဲ့ လှောင်အိမ်သော့ကို အရှင့်သားက ကိုယ်နှင့်မကွာဆောင်ထားလိမ့်မယ်လို့ သူထင်ထားခဲ့တယ်။ ဒါပေမဲ့ မနေ့ညက အရှင့်သားနဲ့ အတူနေတဲ့အခါမှာတော့ အရှင့်သားကိုယ်ပေါ်က အဝတ်တွေမှာ သော့နဲ့တူတဲ့ အရာကရှိမနေပေ။
အရှင့်သားအိပ်ဆောင်ထဲထိ ဝင်ရှာဖို့တော့သူမရဲပါ။ အများအမြင်မှာ သူနဲ့အရှင့်သားက မသက်ဆိုင်သူတွေမို့ အိပ်ဆောင်ထဲထိဝင်ဖို့ရာက သူ့အတွက်ခက်ခဲနေတဲ့ အခြေအနေ။
လျှိုရှီခွမ်းကတော့ အရှင့်သားရဲ့ ကြင်ယာတော်လောင်းတစ်ယောက်ဖြစ်တဲ့အတွက် အရှင့်သားအိပ်ဆောင်ထဲသို့ ဝင်ရန်လွယ်ကူနိုင်လိမ့်မည်။ ထို့ကြောင့်ပဲ လျှိုရှီခွမ်းကို သူ့အားကူညီရန် တောင်းဆိုနေရခြင်း။
"သွေးစုပ်ဖုတ်ကောင်က လွတ်သွားပြီး လူတွေကို ဒုက္ခပေးရင်ရော.."
"မပူနဲ့။ သူဒီလိုမလုပ်ဘူးဆိုတာ ငါအာမခံတယ်.. "
"ဖြစ်ပါ့မလား သူက ငါတို့ကိုသတ်တော့မလိုတောင် ဖြစ်ခဲ့သေးတယ်လေ.."
"ဒါပေမဲ့ သူမသတ်ခဲ့ဘူးလေ"
"အရှင့်သားသိလို့ စိတ်ဆိုးသွားရင်ရော.. "
"ငါတောင်းဆိုတဲ့ ကိစ္စပါ။ အပြစ်ဒဏ်ကိုလည်း ငါပဲခံယူမှာပါ"
"ဒါပေမဲ့ ရိပေါ်.."
လျှိုရှီခွမ်းက သူတောင်းဆိုသည့် ကိစ္စအပေါ်မှာ ချီတုံချတုံ။
"အရှင့်သား သိစေရပါဘူး။ ဒီကိစ္စမှာ နင်ကူညီမှန်းအရှင့်သားမသိစေရပါဘူး "
"အင်း... ငါရှာကြည့်မယ်။ ငါစိုးရိမ်နေတာက အရှင့်သားက စိတ်ဆတ်လို့ပဲ။ သွေးစုတ်ကောင်ကို နင်လွှတ်ပေးမှန်းသိရင် သူ နင့်အပေါ်မှာ ညှာတာနေမှာ မဟုတ်ဘူး ရိပေါ်။ နင်သူ့ကို လွှတ်ပေးမှာ သေချာရဲ့လား "
"သေချာတယ်ရှီခွမ်း။ ငါသူ့ကိုမသေစေချင်ဘူး"
"အရှင့်သားကြွလာပါတယ် သခင်မလေး.."
လျှိုရှီခွမ်းရဲ့ အခြွေအရံမိန်းကလေးက လျှိုရှီခွမ်းအနားကို တိုးကာပြောတယ်။
"ငါပြန်လိုက်တော့မယ် ရှီခွမ်း.."
ဆံပင်တွေကို သပ်ရပ်အောင်ပြင်ဆင်နေတဲ့ လျှိုရှီခွမ်းက သူ့ကို ခေါင်းညိမ့်ပြုံးပြတယ် ။
လျှိုရှီခွမ်းရဲ့ အခန်းဆောင်ကနေ ပြန်ထွက်သွားတော့မယ့် သူနဲ့ လျှိုရှီခွမ်းရဲ့အခန်းဆောင်ထဲကို ဝင်ရောက်လာတဲ့ အရှင့်သား။ ဘေးချင်းယှဥ်ကာ ဖြတ်သွားတော့မယ့် အခိုက်အတန့်မှာ လက်ကောက်ဝတ်တစ်ဖက်က တင်းရင်းစွာ အဆွဲခံလိုက်ရတယ်။
"အရှင့်သား.."
အရှင့်သားက လျှိုရှီခွမ်း ရှေ့မှာတောင် သူ့ကို မရှောင်တော့..။
"မင်းက ငါ့ကိုမမြင်တာလား"
မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို သူဖယ်ခွာလို့မရ။
"မြင်.. မြင်ပါတယ် "
အနောက်မှာ ရှိနေတဲ့ လျှိုရှီခွမ်းကို သူလှည့်ကြည့်တော့ လျှိုရှီခွမ်းက မျက်နှာပျက်သွားတယ်။
"မြင်တယ်ဆိုရင် ငါတစ်ယောက်လုံးလာတာတောင် ဘာကြောင့် ဂရုမစိုက်နိုင်ရတာလဲ"
သူ့အနောက်မှာရပ်နေတဲ့ လျှိုရှီခွမ်းကို အားနာတာရော၊ ရဲရဲတင်းတင်း စိုက်ကြည့်နေတဲ့ အရှင့်သားကိုကြောက်တာရော ပေါင်းပြီး မျက်လုံးတွေက ပြာဝေလာတယ်။
"ငါမေးနေတာ ဖြေလေ.."
မူးနှောက်လာသည့်ကြားမှ အရှင့်သားက သူ့ပခုံးနှစ်ဖက်ကို လှုပ်ခါရမ်းလိုက်တာကြောင့် သူ့မြင်ကွင်းဟာ မှောင်လျက်သားဖြင့် ပိတ်ကျသွားတယ်။
"ဝမ်ရိပေါ်.. " "ရိပေါ်.. "
.
.
အိပ်ရာပေါ်မှာ အိပ်စက်နေတဲ့ ဝမ်ရိပေါ်ရဲ့ လက်တစ်ဖက်ကို သမားတော်ကြီးကကိုင်ရင်း သွေးကြောလေးတွေကို ဖိစမ်းနေတယ်။ ထူးထူးခြားခြား ခုန်လှုပ်နေတဲ့ သွေးကြောအမျှင်လေးကြောင့် သမားတော်ကြီးက စိတ်ထဲမှာတော့ ဇဝေဇဝါ။
စမ်းသပ်မှုကို စောင့်ကြည့်နေတဲ့ အရှင့်သားရှောင်းကျန့်နဲ့ ကြင်ယာတော်လောင်းလျှိုတို့ကြောင့် ဟန်မပျက်အောင်ထိန်းပြီး ကြင်ယာတော်လောင်းဝမ်ရဲ့ လက်တစ်ဖက်ကို အသာပြန်ချလိုက်တယ်။
"အားနည်းပြီး မူးလဲသွားတာပါ။ အရမ်းကြီးစိုးရိမ်ဖို့ မလိုပါဘူး"
အရှင့်သားက သမားတော်ကြီးကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိမ့်ပြလိုက်တယ်။
"အိမ်ရှေ့စံမင်းသားကြီးရဲ့ ဆုံးပါးသွားမှုကြောင့် ကြင်ယာတော်လောင်းက စိတ်ထိခိုက်နေတာဖြစ်ပါမယ်။ အစာပုံမှန်စားသုံးပြီး အားဆေးမှီဝဲရင် အဆင်ပြေသွားမှာပါ.."
တဆက်တည်းမှာပဲ သမားတော်ကြီး ပြောလာတဲ့စကားကြောင့် ရှောင်းကျန့်က မျက်မှောင်ကြီးကျုံ့လိုက်တယ်။
"ချင်းရန်.. ဝမ်ရိပေါ်က အစားပုံမှန်မစားဘူးလား.."
"စားပါတယ် အရှင့်သား.."
အရှင့်သားတို့ အနောက်မှာရပ်နေတဲ့ ချင်းရန်ကပြန်ဖြေလိုက်တယ်။ အရင်က အစားမရွေးတဲ့ သခင်လေးက အခုနောက်ပိုင်းမှာ အစားရွေးလာသည့် အဖြစ်ကိုတော့ ချင်းရန်မပြောပြခဲ့ပါ။
"ဒီတော့ ဝမ်ရိပေါ်က အားဆေးသောက်ဖို့ လိုတာပေါ့ "
"ဟုတ်ပါတယ် အရှင့်သား "
"ကောင်းပြီ.. နောက်ထပ် ဘာမှာဖို့ရှိသေးလဲ"
သမားတော်ကြီးက ဝမ်ရိပေါ်ကို တစ်ချက်ပြန်လှည့်ကြည့်လိုက်ရင်း...
"မရှိတော့ပါဘူး အရှင့်သား.."
"မရှိတော့ရင် ပြန်နိုင်ပါပြီ"
"ဗျာ... "
သူ့ရှေ့မှာ အူလည်လည်လုပ်နေတဲ့ သမားတော်ကြီးကြောင့် ရှောင်းကျန့်တစ်ယောက် စိတ်မရှည်တော့ပြီ။
"မောင်မင်းက ဝမ်ရိပေါ်အနားက မခွာတော့ဘူးလား။ ဝမ်ရိပေါ်ကို ဘာဖြစ်လို့ ဒီလောက်တောင် ကြည့်နေရတာလဲ။ ခုနကလည်း ဝမ်ရိပေါ်လက်ကို ကိုင်ထားတာအကြာကြီးပဲ.."
"ကိုကို.."
"ငြိမ်နေစမ်းပါ ခွမ်းအာ.."
သူ့လက်မောင်းတစ်ဖက်ကို တွဲခိုလာတဲ့ ခွမ်းအာလက်တွေကို ဖယ်ထုတ်လိုက်ပြီး သမားတော်ကြီးကို စိုက်ကြည့်လိုက်တယ်။
သမားတော်ကြီးဆိုပေမဲ့လည်း သူနဲ့ယှဥ်ရင် အသက်ကအများကြီး မကြီးသေးပါ။ အရည်အချင်းရှိပြီး ထူးချွန်လို့သာ နန်းတွင်းမှာ ပစားခံထားရသူတစ်ယောက်။ သမားတော်တစ်ယောက်သာ မဟုတ်ရင် ဝမ်ရိပေါ်လက်ကို အကြိမ်ကြိမ်ကိုင်တွယ်မှုနဲ့ လက်ဖြတ်ပစ်လိုက်မှာ။
"ကိုယ်တော့်ကို ပြောစမ်းပါ။ မောင်မင်း ဘာဖြစ်နေတာလဲ။ ဘာဖြစ်ချင်နေတာလဲ.."
"ဘာမှမဖြစ်ပါဘူး အရှင့်သား"
"ဆူညံလိုက်တာ.. အင်း..."
"ရိပေါ်.."
သူတို့အသံဆူဆူတွေကြောင့် အိပ်စက်နေသူဟာ လူးလွန့်လာလေရဲ့။ ကလေးငယ်လေးတွေလို မျက်လုံးလေးတွေ ပွတ်သပ်လိုက်သူက ဘေးက ရှောင်းကျန့်တို့အဖွဲ့ကို မြင်တဲ့အခါ ကြောက်လန့်သွားဟန်ဖြင့် မျက်လုံးလေးတွေဝိုင်းကာ ထထိုင်လိုက်တယ်။
"ကျွန်တော့် အခန်းထဲမှာ ဘာဖြစ်နေတာလဲ..။ ချင်းရန်.!."
"ကျွန်တော် ဒီမှာပါ သခင်လေး."
အရှင့်သားနဲ့ လျှိုရှီခွမ်းတို့ အနောက်မှ ပြေးထွက်လာသူ ချင်းရန်က ဝမ်ရိပေါ်အနားမှာ လာရပ်တယ်။
"ငါဘာဖြစ်သွားတာလဲ"
ဝမ်ရိပေါ်က ချင်းရန်ကိုမေးလိုက်တယ်။
"သခင်လေးက သခင်မလေးရဲ့ အဆောင်မှာ မူးလဲသွားတာပါ"
ဝမ်ရိပေါ်က မျက်လုံးလေးတွေ ဝိုင်းစက်နေဆဲ။
အရှင့်သားက ဝမ်ရိပေါ်ကိုကြည့်လိုက်ရင်း သက်ပြင်းချလိုက်တယ်။
"သွားတော့.."
အရှင့်သားက ပြောလိုက်တဲ့အခါ သမားတော်ကြီးက သူ့ရင်ဘတ်ကို သူ့လက်နှစ်ဖက်ဖြင့် ပုတ်လိုက်ရင်း 'ကျွန်တော်လား..'ဆိုသည့် ပုံစံနဲ့ အရှင့်သားကို လှမ်းကြည့်နေလေရဲ့။
အရှင့်သားက ဘာကိုမှပြန်လည် တုံ့ပြန်ခြင်းမပြုတော့ဘဲ မျက်နှာသေဖြင့် စိုက်ကြည့်နေလိုက်တော့ သမားတော်ကြီးက "ခွင့်ပြုပါဦး "ဆိုပြီး ထွက်သွားလေတယ်။
သမားတော်ကြီး ထွက်သွားတဲ့နောက်မှာ အရှင့်သားရဲ့ နဂါးမျက်လုံးများက ဝမ်ရိပေါ်ဘေးက ချင်းရန်ဆီကို ကျရောက်လာတယ်။
"ကျွန်တော်လည်း အပြင်ကပဲစောင့်နေပါ့မယ်.."
"ချင်းရန်.. "
လှမ်းခေါ်နေတဲ့ ဝမ်ရိပေါ်ကို ချင်းရန်က အရှင့်သားမမြင်အောင်လက်ဖြင့် ကွယ်လိုက်ရင်း မျက်နှာကြီးမဲ့ပြတယ်။ နှုတ်မှလည်း 'မသွားမဖြစ်လို့ပါ'ဆိုပြီး ပါးစပ်လှုပ်ရုံလေး ပြောသွားသေးတယ်။
"ကိုကိုကရော ဘာဖြစ်နေတာလဲ "
"မင်းရော ခွမ်းအာ။ သွားတော့.."
အရှင့်သားစကားကို ကြားတဲ့အခါ လျှိုရှီခွမ်းက အံ့သြစွာဖြင့် တုန်လှုပ်သွားလေတယ်။ ခေါင်းကို ဖြည်းညင်းစွာခါရမ်းလိုက်တဲ့ လျှိုရှီခွမ်းက ယခုအနေအထားကို မယုံနိုင်သေးဟန်။
အရှင့်သားက လျှိုရှီခွမ်းကို စူးခနဲတစ်ချက်လှည့်ကြည့်တော့ လျှိုရှီခွမ်းက အခန်းအပြင်ကို ပြေးထွက်သွားတယ်။
နှစ်ယောက်တည်းသာ ကျန်တော့တဲ့ အခြေအနေတွင် အရှင့်သားက ဝမ်ရိပေါ်ရှိနေသည့် ခုတင်ပေါ်တွင်ထိုင်လိုက်တယ်။
"ကျို့ရင်သေသွားတာကို စိတ်မကောင်းဖြစ်လား"
"မဖြစ်ဘူး"
ဝမ်ရိပေါ် ကဖြေတော့ အရှင့်သားရဲ့ နှုတ်ခမ်းပါးတွေက ပြုံးရိပ်ယောင်တွေ သမ်းလို့။ သူသိတယ်။ စိတ်မကောင်းဖြစ်ပါတယ်လို့သာ သူဖြေလိုက်ရင် အရှင့်သားက သူနဲ့ရှောင်းကျို့ရင်ကို အထင်လွဲဦးမှာ။
စိတ်လှုပ်ရှားမှုကြောင့် ညာဘက်လက်မလက်သည်းခွံဖြင့် ကုတ်ခြစ်ခံနေရတဲ့ ဘယ်ဘက်လက်မလေးကို အရှင့်သားကဆွဲယူကာ ပွတ်သပ်လိုက်တယ်။
"ကျို့ရင်ရဲ့ စျာပနပွဲပြီးရင် ငါတို့လက်ထပ်ရအောင်"
အပီအပြင်မပိတ်ထားတဲ့ တံခါးရွက်ကြီးက သူ့မျက်စိရှေ့မှာတင် လှုပ်ရှားသွားတယ်။ သူ့ကိုကြည့်နေတဲ့ အရှင့်သားကတော့ လှုပ်ရှားသွားတဲ့ တံခါးကိုမမြင်လိုက်ပါ။
"ဟင်အင်း.."
"ဘာ.."
အရှင့်သားကိုင်တွယ်နေတဲ့ သူ့လက်ကို သူ့ဘက်ပြန်ဆွဲလိုက်တယ်။
"အရှင့်သားကို လက်မထပ်နိုင်ပါဘူး။ "
အရှင့်သားက ဝမ်ရိပေါ်ရင်ဘတ်က အင်္ကျီစကို ဆွဲဆုပ်လိုက်တယ်။
"ဝမ်ရိပေါ်.. မင်း.. မင်းငါ့ကို ငြင်းရဲသေးတာလား"
"..."
"ဘာလဲ.. ဖမ်းထားတဲ့ ဟိုကောင်ကိုပါ သတ်ရဦးမှာလား"
"အရှင့်သား! "
"အဟက်.."
ဆုပ်ဆွဲထားတဲ့ သူ့ရင်ဘတ်က အင်္ကျီစကို အရှင့်သားကလက်လွှတ်လိုက်တယ်။ ခုတင်ပေါ်ကဆင်းကာ ထရပ်လိုက်ပြီး လှန်တင်ထားတဲ့ ခပ်တိုတိုဆံစတွေကို ဆွဲဖွနေလေရဲ့။
သူ့ခုတင်ဘေးမှာ အရှေ့၊အနောက် ခပ်မြန်မြန်လျှောက်နေသူက စိတ်ရှုပ်နေဟန်။ တစ်ခုခုကိုစဥ်းစားပြီး ငြိမ်သက်သွားခါမှ အရှင့်သားက အနားပြန်ရောက်လာတယ်။
"ငါ.. ဟိုကောင်ကို အရင်သတ်လိုက်ရမှာ.."
"အွန့်..."
နှုတ်ခမ်းကိုဆွဲနမ်းလိုက်တဲ့ အရှင့်သားက သူ့ကိုယ်ပေါ်က အဝတ်တွေကိုလည်း ဆုပ်ဖြဲပစ်တယ်။ အရှင့်သားက သူ့အပေါ်မှာဆို အမြဲတမ်း သားရဲတစ်ကောင်လိုပဲ။
သူ့လက်နှစ်ဖက်ကို ချုပ်ဖို့ကြိုးစားနေတဲ့ အရှင့်သားကို အားကုန်သုံးကာ တွန်းဖယ်လိုက်တော့ ပူးကပ်နေတဲ့အနေအထားမှ ခွာသွားလေတယ်။ ခုတင်ပေါ်မှ သူပြေးဆင်းမယ်ပြင်တော့ အရှင့်သားက..
"ငါမင်းကိုချစ်တယ် "
ကြားလိုက်ရတဲ့ အရှင့်သားစကားကြောင့် သူ့ခန္ဓာကိုယ်က အေးစက်တောင့်တင်းသွားသလို။
"လျှိုရှီခွမ်းကိုလည်း ချစ်တာပဲမလား"
"..."
တွေခနဲဖြစ်သွားတဲ့ အရှင့်သားရဲ့ ပုံသဏ္ဉာန်ကို သူရင်နာနာနဲ့မြင်နေရတယ်။
"အရှင့်သားရဲ့ ချစ်သူကိုရော.. ကျွန်တော့်ကိုရော နှစ်ယောက်လုံးကို တစ်ဘဝတည်းမှာ ပိုင်ဆိုင်ချင်လို့မရပါဘူး"
သူကိုယ်တိုင်ထွက်ဆိုလိုက်တဲ့ စကားတွေကိုပဲ သူကိုယ်တိုင်က မကြားချင်ခဲ့ပါ။
အရှင့်သားရဲ့ လက်ချောင်းတွေကလည်း သူ့ကို ဆွဲကိုင်ဖို့မကြိုးစားတော့..။ ခုတင်ပေါ်မှ နောက်တစ်ခါဆင်းသွားတဲ့ အရှင့်သားက မျက်နှာကိုလက်ဖဝါးနှစ်ဖက်နဲ့ ခပ်ကြမ်းကြမ်းပွတ်ဆွဲလိုက်တယ်။
လျှိုရှီခွမ်းနဲ့ သူ နှစ်ယောက်ကြားမှာ အရှင့်သားက ဘယ်သူ့ကိုရွေးမလဲဆိုတာ မှန်းစရာမလိုအောင် သူသိနေသင့်ပါပြီ။
ဒေါသကြီးနေသူ အရှင့်သားနဲ့ ဖရိုဖရဲဖြစ်နေသူ ဝမ်ရိပေါ်။ သူတို့နှစ်ယောက်ရဲ့ ဖြစ်အင်တွေကို အရှင့်သားရဲ့ ချစ်သူဟာ တံခါးကြားကနေ ခိုးကြည့်လို့နေလေရဲ့။
"ခွမ်းအာထက်အရင် မင်းကိုတွေ့ခဲ့သင့်တာပါ။ မင်းကိုအရင်ချစ်မိပြီး မင်းကိုပဲ ဆက်ချစ်ချင်တာပါ.."
"ဒါပေမဲ့ အခုက အရှင့်သား သူ့ကိုချစ်နေတုန်းပဲလေ.."
"မင်းလည်း ဟိုကောင်ကို ချစ်နေတာပဲမဟုတ်လား!!"
ခပ်ကျယ်ကျယ်အော်လိုက်သံမှာ ဝမ်ရိပေါ်က တုန်ခနဲ။
"တောက်စ်.. "
အားမရဟန်ဖြစ်လာတဲ့ အရှင့်သားက ကျောက်သားနံရံကို လက်သီးဖြင့် ထိုးလိုက်တာမို့ ဂျွတ်ခနဲအသံနဲ့အတူ လက်ချောင်းတွေက စုတ်ပြဲသွားလို့.. ။
"စျာပနပွဲပြီးရင် ငါတို့လက်ထပ်မယ်။ မင်းဘာမှဆက်မပြောနဲ့တော့.."
အပြင်ကိုထွက်သွားလေတဲ့ အရှင့်သားက သူ့ကို အိမ်ပြန်လွှတ်မှာ မဟုတ်သလို လျှိုရှီခွမ်းကိုလည်း လွတ်လပ်စေမှာ မဟုတ်ပါ။
တဖြည်းဖြည်းနဲ့ အရှင့်သားက ပါးပါးလိုလူမျိုးဖြစ်လာမှာကိုကြောက်ပြီး သူကတော့ မားမားလို လူမျိုးဖြစ်သွားမှာကို စိုးရိမ်နေရပါတယ်။
____________𝔖𝔱𝔞𝔯𝔢 𝔞𝔫𝔡 𝔖𝔦𝔫
________________𝔱𝔥𝔢𝔬𝔡𝔬𝔯𝔞 𝔱𝔥𝔢𝔞
11/12/2022
Thanks for your reading & voting.😘