ညနေခင်းကို မိုးလေးကဖွဲဖွဲရွာနေသည်။
နားကြပ်လေးတပ်ရင်း YBS bus carကား၏ နောက်ဆုံးခုံ ပြတင်းပေါက်နံဘေးတွင် ထိုင်ကာ ဖုန်းကြည့်နေတဲ့ ကိုယ်။
ရုတ်တရပ်တွေ့လိုက်သော postတစ်ခုက ကိုယ့်အား ခေတ္တရပ်တန့်သွားစေသည်။
အချစ်ဦးတစ်ယောက်မင်းမှာရှိခဲ့သလား? တဲ့။
အင်း ရှိခဲ့တယ်ပဲဆိုရမလား။
လှပတဲ့အတိတ်တွေမဟုတ်ပေမယ့်လည်း ပြန်ပြီးတူးဆွကြည့်တဲ့အခါ အဆင်ပြေနိုင်မလား။
ဒီအကြောင်းတွေ ကိုယ် မင်းကိုပြောပြမယ်ဆိုရင်ရော မငြိုငြင်ပဲ မင်းနားထောင်ပေးနိုင်မယ်မလား။
.
.
.
မိုးတွေသည်းနေပါသောထိုနေ့...ပထမဆုံးကျောင်း
တက်ရက်လည်းဖြစ်သည်။
ကျောင်းကားက အစောကြီးလာခေါ်မည်ဆိုသဖြင့် မထချင်ဘဲထလိုက်ရသည်။မထလို့ကလဲမဖြစ် မနိုးမချင်း အဘွားရဲ့ "ကျောင်းနောက်ကျတော့မယ်" ဟူသောအသံနှင့်အတူ "မိန်းကလေးဖြစ်ပြီး အပျင်းထူလိုက်တာ" ဟူသော ပူညံသံကိုပါ ကြားလိုက်ရသည်။
အိပ်ရေးမ၀သဖြင့် စိတ်ကကြည်လင်၍မနေ။ ကျောင်းကားပေါ်သို့ရောက်သည်နှင့် ပြတင်းပေါက်ဘေးတွင်၀င်ထိုင်ကာ ခေါင်းမှီရင်း အိပ်စက်လိုက်သည်။
"နောက်ဆုံးကတစ်ယောက် ထတော့နော် ကျောင်းရောက်နေပြီ"
ကားသမားဦးလေးကြီးရဲ့အော်သံအဆုံး ကိုယ်မျက်လုံးဖွင့်ကြည့်လိုက်တော့ ကားပေါ်မှ ဘယ်သူမှရှိမနေတော့ပါ။ အားနာနာနှင့်သာ ပြုံးပြရင်း ခပ်သွက်သွက်ဆင်းလာလိုက်သည်။
မိုးတွေကသည်းလို့နေသည်။ ဒီမိုးနှင့်တော့ခက်ပြီ။ ကိုယ့်မှာထီးလဲပါမလာဘူးလေ။ အိတ်ထဲကဖိုင်ကို ခပ်မြန်မြန်ထုတ်ရင်း ခေါင်းကိုအုပ်ဖို့လုပ်နေစဉ် ထီးတစ်ချောင်းက ကိုယ့်ကို အုပ်မိုးပေးလိုက်သည်။ ကြောင်အစွာ မော့ကြည့်လိုက်တော့ မိန်းကလေးတစ်ဦး... သေချာပြောရရင် ကိုယ်နဲ့အသက်တူတူလောက်ရှိမယ့် မိန်းကလေးတစ်ဦး။ အရပ်ကလည်း အတူတူလောက်မို့ သူမ၏ မျက်နှာမှာ ကိုယ့်မျက်နှာနှင့်တစ်တန်းတည်း ဖြစ်လို့နေသည်။ ဖြူဖွေးသောအသားအရည်မှာတော့ ကိုယ့်အသားညိုညိုနှင့် လားလားမျှမအပ်စပ်နေ။ ဆံပင်တွေကို mulletကေညပ်ထားသည်။ အမှတ်တမဲ့ကြည့်မိရင် ယောကျာ်းလေးနှင့်တောင် တူသေး၏။ အစထဲက ဂေးချင်နေတဲ့ ကိုယ်က နီးကပ်နေသော မျက်နှာတွေကြောင့် အမည်မသိလှိုင်းလေးတစ်ခုဖြတ်ပြေးသွားခဲ့သည်ထင်ပါ၏။
"အာ....ကျေးဇူးတင်လိုက်တာ ငါက....ထီးမပါလာလို့"
"မြင်ပါတယ်"
စောက်ကျိုးနည်း! သူမအသံကလဲ နားထောင်လို့ ကောင်းချက်ပဲ။
"အော်.....အင်း ထပ်ပြီးကျေးဇူးပါပဲ"
မင်းကကိုယ့်ကိုသတိထားမိအောင် စလုပ်ခဲ့တာပဲ မိန်းကလေးရေ။
ကျောင်းထဲသို့ရောက်တော့ ကျေးဇူးတင်ကြောင်းထပ်ပြောလိုက်မိသည်။ သူမကတော့ ပြုံးရုံပဲပြုံးပြလာသည်။ ကိုယ်လဲ ကိုယ့်အာရုံနှင့်ကိုယ်မို့ သူမကို သထိမထားတော့ပဲ အခန်းဆီသို့သာ ဦးတည်လျှောက်လှမ်းသွားလိုက်တော့၏။
နေရာလွတ်တစ်ခုမှာ၀င်ထိုင်ရင်း ဘေးဘီဝဲယာကိုကြည့်ရှုမိတော့ စာသင်ခန်းလေးက လှပတာကို၀န်ခံရမည်။ ပြီးတော့ မိန်းကလေးတွေကြီး တစ်ခန်းမို့ စိတ်ရှုပ်စရာတွေမရှိတော့ဘူးလေ။
ရေအနည်းငယ်စိုသွားတဲ့ဆံပင်ကို စာအုပ်နဲ့ ယပ်ခတ်ရင်း နောက်သို့လှည့်လိုက်မိတော့....
ဘုရားရေ ခုနက ကောင်မလေးက ငါနဲ့တစ်ခန်းထဲ။
အိုး! ဘယ်လိုတောင်တိုက်ဆိုင်မှုကြီးလဲမသိ။ သေချာတာတော့ ကိုယ့်စိတ်ထဲမှာ သူမကို မှတ်မှတ်ရရ စွဲထင်ကျန်ရစ်သွားပြီဖြစ်သည်။
သူမက ကိုယ့်ရဲ့ အရှေ့တန်းဘေးခုံမှာထိုင်တာမို့ ကိုယ့်နေရာကလှမ်းကြည့်ရင် သူမကိုသေချာမြင်ရသည်။
အားလပ်နေတဲ့စာသင်ချိန်တွေမှာ မျက်လုံးမကစားမိခဲ့ရင် ကောင်းသား။ ဒါဆို သဘောကျသွားမိခဲ့မှာ မဟုတ်ဘူးလေ။
ရက်တွေလတွေကုန်ဆုံးလာတာနဲ့အမျှ သူမက ကိုယ့်စိတ်ထဲမှာ နေရာယူလာခဲ့သည်။ တဖြည်းဖြည်းနဲ့ ကိုယ်က သူမနဲ့အနာဂတ်ဘယ်လိုဆက်ဖြစ်မယ်ဆိုတာတွေကိုပါ စိတ်ကူးယဉ်မိခဲ့ပါရဲ့။ ကဆုန်ပေါက်နေတဲ့ နှလုံးသားလေးကြောင့် အနားကပ်စကားပြောဖို့ကိုလည်း ကြောက်ရွံ့ခဲ့မိသည်။ သူမရဲ့မျက်၀န်းတွေနဲ့ဆုံရင် ဒီလူက ရူးလောက်အောင် ရင်ခုန်နေမိအုံး မှာလေ။
အချိန်တွေကအကုန်မြန်လွန်းပါသည်။ သူမနဲ့ကိုယ်ဟာ မရင်းနှီကြသေးဘူး။ ဒါပေမယ့် သူမနဲ့ကိုယ့်ရဲ့ထပ်တူညီမှုတစ်ချို့ကိုသိလိုက်ရတော့ ကိုယ်ပိုပြီးလောဘတက်မိပြန်တာပါပဲ။ ဒါပေမယ့်လည်းပဲ ချစ်နေရတာနဲ့ပဲ ကိုယ်ကလုံလောက်နေသည်။ သူမ မသိလဲ ကိုယ်ကချစ်နေရရင်ကို ရပြီပေါ့လေ။
ကျောင်းနောက်ဆုံးနေ့မှာ ကိုယ်အရမ်းငိုခဲ့ရသည်။ သူမရဲ့မျက်နှာ လှလှကို ကိုယ်မြင်ခွင့်ရဖို့ ရက်တွေအများကြီး စောင့်မျှော်နေရအုံးမှာပဲ။
ဒါဟာ ကိုယ်လူတစ်ယောက်ကို ပထမဆုံးချစ်မိခဲ့ခြင်းလားဆိုရင် စစ်မှန်တဲ့အချစ်နဲ့ချစ်မိခဲ့တာဟာ သူမက ပထမဦးဆုံးပါပဲ။
.
.
.
သူငယ်ချင်းတစ်ချို့ရဲ့အကူညီနဲ့ ကိုယ် သူမ social accountတွေကို သိခွင့်ရခဲ့ပါ၏။ သူမက ကိုယ့်နဲ့လက်ခံစကားပြောခဲ့သည်။ အဲ့တုန်းက လက်တွေတုန်ယင်နေခဲ့တာ ပြီးတော့ စိတ်လှုပ်ရှားရင်ဖြစ်တတ်တဲ့ ကိုယ့်အကျင့်လေးကြောင့် ခြေဖျားလက်ဖျားတွေဟာလဲ အေးစက်လို့။ နှလုံးခုန်နေတာကလည်း ပေါက်ထွက်တော့မလိုပါပဲ။ သူမဆီက ပြန်စာလေးရရုံနဲ့တင် ဘာရယ်ကြောင့်များ ဒီလိုတွေဖြစ်နေရတာပါတဲ့လဲ။
သေးငယ်တဲ့အကြောင်းအရာတစ်ခုကိုတောင် ပျော်ရွှင်စေနိုင်တာ အချစ်ပဲနဲ့တူပါတယ်။
ကိုယ်တော့ နွံထဲကို နစ်နေပြီအချစ်ရေ။