သောကမီးလျှံ

Por Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း Más

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၇)

(၆၆)

733 91 19
Por Ling____

အခန်း (၆၆)

"ငါပြောတာနားလည်လား"

အဖြူရောင်မီးခိုးငွေ့များက ရွှမ်းကျီး၏အသိစိတ်ကို လွှမ်းခြုံရစ်သိုင်းသွားလျက် သူ့မျက်စိရှေ့မှောက်တွင် ပိန်းပိတ်အောင်မှောင်အတိကျသွားပြီး ကလေးငယ်တစ်ယောက်၏အသံကိုသာလျှင်ကြားလိုက်ရသည်။

ကလေးငယ်၏အသံမှာ နားထောင်ကြည့်လိုက်လျှင် အသံပြောင်းသွားသော ကြီးကောင်ဝင်သွားပြီဖြစ်သည့်အသက်အရွယ်သို့ အတော်အသင့်မရောက်သေးသော်ငြား ကလေးငယ်တစ်ယောက်၏အသံမျိုးလည်း စိုးစဉ်းမျှပေါက်မနေဘဲ မဆိုစလောက်နားယဉ်နေသောအသံမျိုးဖြစ်သည်။ ရွှမ်းကျီးသည် သူ၏ ယခင် အလုပ်အကိုင်မှရရှိလာသောအလေ့အကျင့်ကြောင့် နှုတ်မှုရေးရာတွင် အလွန်အင်မတန်အကင်းပါးသူဖြစ်သည်။ သူသည် နှစ်ခွန်းလောက်နားထောင်ပြီးသည်နှင့် ထိုကလေးငယ်သည်ကား လူကြီးတစ်ယောက်ကဲ့သို့အသံမျိုးကို တုပထားကြောင်းသဘောပေါက်သွားသည်__ ကောင်လေး၏စကားအပြောအဆိုမှာ အလွန်တရာရှင်းလင်းပြတ်သားလှပြီး တစ်ချိန်တည်းမှာပင် စကားလုံးများ၏နောက်ဆုံးအသံထွက်တို့ကို အလွန်အင်မတန် တိုးညင်းသာယာစွာ ဂရုတစိုက်ပြောဆိုနေသည်။ အရွယ်မတိုင်ခင်ရင့်ကျက်နေသော ခံစားချက်တစ်မျိုးတစ်ဖုံကို ဖန်တီးတည်ဆောက်ထား၏။

ထိုကလေးငယ်က ထပ်မံ၍ မေးမြန်းလိုက်သည်။

"မင်း နားထောင်နေရဲ့လား"

ရွှမ်းကျီး၏မျက်စိရှေ့မှောက်တွင် ရုတ်တရက် လင်းလက်သွား၏။ ကျောက်သလင်းတမျှ ကြည်လင်တောက်ပသော နဂါးငွေ့တန်းကြယ်တာရာများသည် သူ၏အမြင်အာရုံအတွင်းသို့ သက်ဆင်းဝင်ရောက်လာသည်။

ထို့နောက် အဆိုပါမျက်လုံးက မျက်တောင်ခတ်သွားပြီး ရွှမ်းကျီး၏မျက်စိရှေ့မှောက်ရှိမြင်ကွင်းကို တစ်ချက်မျှဖုံးကာသွား၏။ လူတစ်ယောက်သည် ယေဘုယျအားဖြင့် မြင်ကွင်းတစ်ခုခုကိုကြည့်နေခိုက် သူ့ဘာသာသူ မျက်တောင်ခတ်လိုက်ခြင်းကို သတိမထားမိတတ်ကြပါချေ။ ရွှမ်းကျီးတစ်ယောက် ချက်ချင်းပင် သဘောပေါက်သွားသည်။ သူသည် အခြားလူတစ်ယောက်၏ မျက်လုံးများမှတစ်ဆင့် ကြယ်တာရာကောင်းကင်ပြင်ကြီးကိုကြည့်နေခြင်းဖြစ်သည်။

တစ်ဆက်တည်းဆိုသလိုပင် စိတ်ပျံ့လွင့်နေသော နောက်ထပ်ကလေးသံတစ်သံ ထွက်ပေါ်လို့လာသည်။

"နားထောင်နေတယ်၊ နားထောင်နေတယ်လေ"

လူကြီးတစ်ယောက်ကဲ့သို့ တုပပြောဆိုနေသောကောင်လေးက အိုမင်းမစွမ်းဖြစ်နေသောလေသံဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

"လျှောက်ပြောမနေနဲ့၊ မင်း ခုနတုန်းက စားဖို့သောက်ဖို့အကြောင်းပဲစဉ်းစားနေတာ အသိသာကြီးကို။ မင်း ငါပြောတာကိုနားထောင်မလား၊ ဒါမှမဟုတ် သန်းလီက မင်း မတတ်မြောက်မချင်း မင်းရဲ့အသိဉာဏ်ပင်လယ်ထဲကို အဲဒီကျမ်းစာတွေရိုက်သွင်းတာကို စောင့်နေမလား"

ရွှမ်းကျီး : "..."

သဘောပေါက်ပြီ။ အဲဒီအကျင့်မကောင်းတဲ့ 'ကောင်းကင်ဘုံဆန္ဒာဓိပတိကျမ်းစာ' ရဲ့ မူလဖန်တီးသူဟာ သန်းလီပဲကိုး။

သန်းလီအကြောင်းပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရွှမ်းကျီးသဘောပေါက်သွားသည်။ အဆိုပါမဆိုစလောက်နားယဉ်နေသည့်ကလေးသံများမှာ ကောင်းကင်မိစ္ဆာဓားဝိညာဉ်နှင့် ပိရှပေါက်စလေးတို့၏အသံများပင်တည်း။ ဤတစ်ကြိမ်ဝယ် ဓားဝိညာဉ်သည် ရှန့်လင်ယွမ်းပေါက်စလေး၏ကျောရိုးထဲတွင်ပုန်းအောင်းနေတာဖြစ်ပြီး တူညီသောမျက်ဝန်းတစ်စုံဖြင့် ကမ္ဘာလောကကြီးကိုကြည့်ရှုနေကြချိန်ဖြစ်သည်။

ကြည့်ရသည်မှာ သူသည် ကောင်းကင်မိစ္ဆာဓား၏မှတ်ဉာဏ်အတွင်းသို့ နောက်တစ်ကြိမ်ဆွဲသွင်းခံလိုက်ရခြင်းဖြစ်ပေလိမ့်မည်။

ရွှမ်းကျီးမှာ တကယ့်ကိုပင် အံ့ဩဘနန်းဖြစ်သွား၏။ ထိုမှတ်ဉာဏ်များသည် မီးအစောင့်အရှောက်မျိုးနွယ်စု၏ 'စကားလုံးမဲ့စာအုပ်' မှတစ်ဆင့် လက်ဆင့်ကမ်းလာခြင်းဖြစ်သော်ငြား သူ၏ကျန်ရှိသော ဘိုးဘေးအယောက် ၃၀ ကျော်သည် သူတို့အသက်ရှိစဉ်အချိန်ကာလများတွင် ဘယ်သွားပြီး ဘာလုပ်နေခဲ့ကြပါသနည်း။ နေ့စဉ်နေ့တိုင်း ချိယွမ်းချောက်နက်ကြီး၏အောက်ခြေတွင် ငုတ်တုတ်ထိုင်ကာ ခြေထောက်ထိုင်ကုတ်နေကြပါသလော။

အဆိုပါအသုံးမကျသည့်အမှိုက်သရိုက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်သည်ကား ဘိုးဘေးများ၏ဂူသင်္ချိုင်းများကိုပြင်ဆင်ထိန်းသိမ်းခြင်းမရှိသလို ချစ်သူရည်းစားထားဖူးခြင်းလည်းမရှိကြပါချေ။ သူတို့၏နောက်မျိုးဆက်များအတွက် ခြူးတစ်ပြားသော်မျှ အမွေပေးခဲ့ခြင်းမရှိပေ။ ဧကန္တ သူတို့ရဲ့အတ္ထုပတ္ထိထဲမှာ ဘာတစ်ခုမှရေးစရာမရှိဘူးလား။ ရှေးဟောင်းဟင်းချက်နည်းလေးဘာလေး နည်းနည်းပါးပါးချန်ထားခဲ့ရင်တောင် ကောင်းဦးမယ်။

ထိုအစုတ်အပြတ်အမွေဆက်ခံမှုသည်ကား နေ့စဉ်နေ့တိုင်းလိုလို လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ခန့်က အမွေးအတောင် မစုံလင်သေးသောအကောင်ပေါက်လေး၏ ကလေးဘဝမှတ်ဉာဏ်များကိုသာလျှင် ပြန်လည်အသက်သွင်းနေသည်။

ရွှမ်းကျီးတစ်ယောက် နောက်လှည့်ပြန်ရန်စဉ်းစားလိုက်သည်။ သူသည် ယခုအချိန်၌ ကောင်းကင်မိစ္ဆာဓားဝိညာဉ်၏မှတ်ဉာဏ်များကို ကြည့်ရှုလိုစိတ်မရှိပါချေ။ ပထမတစ်ချက်မှာ ထိုမှတ်ဉာဏ်များတွင်ပါဝင်သောအကြောင်းအရာများသည် အလွန်အင်မတန်အတွင်းရေးဆန်လှပြီး သူ့အနေဖြင့် ဘိုးဘေးတစ်ယောက်၏ကိုယ်ရေးကိုယ်တာကိစ္စများကို ဘေးမှနေပြီး ခိုးကြည့်နေသကဲ့သို့ ရှက်ရွံမှုမျိုးကို အမြဲတစေခံစားနေရသောကြောင့်ဖြစ်သည်။ နောက်တစ်ချက်မှာ သူကိုယ်တိုင်ကိုက ရှန့်လင်ယွမ်းကဲ့သို့ပုံစံမျိုးကို ခုခံဟန့်တားနိုင်စွမ်းမရှိသောကြောင့်ဖြစ်သည်။ ကောင်းကင်မိစ္ဆာဓား၏ အရိုးများထိထွင်းဆစ်ထားသော အချစ်၊ အမုန်းခံစားချက်များသည်ကား သူ့ထံသို့ကူးစက်ပျံ့နှံ့လာပြီး သူ၏နေ့စဉ်ဘဝအပေါ်တွင် အလွန်အင်မတန် လွှမ်းမိုးသက်ရောက်မှုရှိသောကြောင့်ဖြစ်သည်။

ရွှမ်းကျီးက မျက်လုံးများကိုနောက်တစ်ကြိမ်မှိတ်လိုက်ရင်း အသိစိတ်ကိုပိတ်ဆို့လိုက်ပြီးသော် သူ 'ဝင်' လာခဲ့သောလမ်းကိုပြန်လည်စဉ်းစားလိုက်ကာ မူလလမ်းကြောင်းအတိုင်း နောက်ပြန်ဆုတ်၍ထွက်သွားရန်ကြံစည်လိုက်သည်။

ဝင်လာတုန်းက....လမ်းလား။

သူ ရုတ်တရက် ကြက်သေသေသွား၏။ ခဏလေး၊ ဒီနေရာက သူ့ရဲ့အနက်ရှိုင်းဆုံးအသိဉာဏ်ပင်လယ်ထဲမှာ မဟုတ်ဘူးလား။

သူကိုယ်တိုင်တောင်မှပင် ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ငုံ့လျှိုးဝင်ရောက်သွားနိုင်ခြင်းဖြစ်သည်။ အမွေဆက်ခံခြင်းဟူသည် လျှို့ဝှက်ဆန်းကြယ်သောအရာဖြစ်လျှင်တောင်မှ မည်သို့ပင်ဖြစ်စေ ၎င်းသည် ပြင်ပမှအရာတစ်ခုသာဖြစ်သည်လေ။ ဘာကြောင့်များ ကောင်းကင်မိစ္ဆာဓားဝိညာဉ်၏မှတ်ဉာဏ်များသည် ဤနေရာတွင် ပေါ်ထွက်လာပါသနည်း။

ထို့အပြင် သူ့အိပ်မက်ထဲတွင် အကြိမ်ပေါင်းများစွာထွက်ပေါ်လာတတ်သည့် လျှို့ဝှက်ဆန်းကြယ်သော သံမဏိအကျဉ်းထောင်တံခါးတစ်ချပ်....

ထူးဆန်းသောထင်မြင်ယူဆချက်တစ်ခုထွက်ပေါ်လာသည်။ ထိုသံမဏိအကျဉ်းထောင်တံခါးနှင့် အင်းစာရွက်တို့ချိပ်ပိတ်ထားသည့်အရာမှာ အဆိုပါမှတ်ဉာဏ်များနှင့် ပတ်သက်ဆက်နွှယ်မှုရှိနေသယောင်။

မှတ်ဉာဏ်ထဲရှိဇာတ်ကွက်များမှာ ယခင်အတိုင်း ရှေ့သို့ဆက်လက်ရွေ့လျားနေဆဲ။

"ဒါပေမဲ့ ကျွန်တော်အရမ်းဗိုက်ဆာနေပြီလေ.....မဟုတ်ဘူး၊ ခင်ဗျား အရမ်းဗိုက်ဆာနေပြီလေ၊ ခင်ဗျားရဲ့အစာအိမ်က ဗိုက်ဆာနေတော့ ကျွန်တော်နေလို့မရတော့ဘူးပေါ့"

ဓားဝိညာဉ်ပေါက်စလေးသည်ကား ဗျစ်တောက်ဗျစ်တောက်ပြောဆိုလျက် စောဒကတက်လာသည်။ သူ့ပါးစပ်ထဲမှထွက်ပေါ်လာသော ကတ္တားပုဒ်နှင့်ကံပုဒ်များသည်ပင် တလွဲတချော်ဖြစ်ကုန်သည်။

ရွှမ်းကျီးသည် တစ်အောင့်ခန့်ကြာပြီးနောက်တွင်မှ ထိုကောင်စုတ်လေး ဘာတွေပြောနေသလဲဆိုတာကို သဘောပေါက်သွားတော့သည်။ ဓားပိုင်ရှင်နှင့်ဓားဝိညာဉ်တို့သည် အာရုံခံစားမှုများကို အတူတကွ မျှဝေခံစားနေကြခြင်းဖြစ်သည်။ ကလေးနှစ်ယောက်သည် တစ်ဖက်နှင့်တစ်ဖက် အာရုံခံစားမှုများကို မပိတ်ဆို့ထားနိုင်သေးသောကြောင့် ဗိုက်ဆာသည့်ခံစားချက်ကို နှစ်ယောက်လုံး အတူတကွခံစားနေရခြင်းဖြစ်သည်။

ဓားဝိညာဉ်က ဝမ်းနည်းပက်လက်ဖြင့်မေးမြန်းလိုက်သည်။

"လင်ယွမ်းကောကော၊ ဒေါ်လေးမုန့်ရှက ထမင်းချက်လို့မပြီးသေးဘူးလားဟင်"

ရှန့်လင်ယွမ်းပေါက်စလေးသည် ခွန်းတုံ့ပြန်လိုက်ပြီးသော် ကုန်းရုန်းထလာကာ ဘေးဘီဝဲယာသို့လှမ်းမျှော်ကြည့်လိုက်သည်။ သူ၏လှုပ်ရှားသွားသောအမြင်ရှုထောင့်ကြောင့် သူတို့သည် ချုံးချုံးကျပျက်စီးယိုယွင်းနေသော တောရွာလေးတစ်ရွာအတွင်း၌ ရောက်ရှိနေခြင်းဖြစ်ကြောင်း ရွှမ်းကျီးသဘောပေါက်သွားသည်။ ပိရှပေါက်စလေးလဲလျောင်းနေသည့်နေရာမှာ ကောက်ရိုးပုံတစ်ပုံဖြစ်သည်။ အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် ငှက်အော်သံ၊ ခွေးအော်သံများကိုမကြားရပေ။ သက်ကယ်ပျစ်များနှင့် သစ်သားအကျိုးအပဲ့များဖြင့်တည်ဆောက်ထားသော တဲစုတ်လေးများသည်ကား ပူးကပ်စွာ ယိမ်းထိုးနေကြသည်။ နေရာတိုင်းတွင်မီးလောင်ပြင်များဖြင့်ပြည့်နှက်နေပြီး ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်လုံးမှာ အသက်ကင်းမဲ့နေ၏။

အောက်သို့နိမ့်ဆင်းနေသော ကြယ်တာရာကောင်းကင်ပြင်တစ်ခုတည်းသည်သာလျှင် သီတာရေအလျဉ်ပမာ ကြည်လင်တောက်ပနေလျက်။

ရှန့်လင်ယွမ်းပေါက်စလေးက သူ့အကြည့်များကို ကောင်းကင်ပြင်ထက်မှ ပြန်လည်ရုပ်သိမ်းလိုက်ပြီး လူ့လောကတစ်ခွင်ကိုကြည့်ရှုလိုက်သည်။ ကောက်ရိုးပုံမှာ အလွန်အင်မတန်မြင့်မားသောကြောင့် သူတို့သည် အပေါ်စီးမှနေ၍ ဘေးပတ်ဝန်းကျင်ရှိ ခြံဝန်းလေးနှင့်တဲအိမ်ငယ်လေးများကိုမြင်တွေ့နေရသည်။

သူတို့အုပ်စုသည်ကား လယ်သမားမိသားစု၏ ကြည့်ကောင်းရှုပျော်အရှိဆုံးနေရာဖြစ်သော ခြံဝန်းလေးထဲတွင်စခန်းချနေကြခြင်းဖြစ်သည်။ 'ကြည့်ကောင်းရှုပျော်အရှိဆုံး' ဟုပြောနိုင်လောက်သောအရာမှာ အိမ်ခေါင်မိုးတစ်ခုသာဖြစ်ပြီး မိုး၊ လေယိုစိမ့်နေခြင်းမှာ ပြဿနာမရှိပေ။ သို့သော် မည်သို့ပင်ဖြစ်စေ ညဉ့်နက်သန်းခေါင်အချိန် မျက်လုံးဖွင့်လိုက်သောအခါဝယ် ကောင်းကင်ယံထက်ရှိနက္ခတ်တာရာများကို မြင်နေရလောက်သည်အထိတော့ အခြေအနေမဆိုးသေးပါချေ။

မျက်နှာဖုံးတပ်ထားသော မင်းဆရာဖြစ်သူ သန်းလီသည်ကား ခြံဝန်းထဲ၌ တော်ဝင်သက်တော်စောင့်တစ်ယောက်အား တစ်စုံတစ်ခုကိုညွှန်ကြားနေသည်။ သူ့နံဘေးတွင် တစ်ကိုယ်လုံးလုံခြုံတင်းကျပ်စွာသိမ်းထုပ်ထားသော အမျိုးသမီးအစေခံတစ်ဦးရှိနေသည်။ သူ(မ)၏မျက်နှာကို သဲသဲကွဲကွဲမမြင်ရပါချေ။ ၎င်းသည် လယ်သမားမိသားစု၏မီးဖိုကိုငှားရမ်းအသုံးပြုကာ မီးမွှေးပြီး ထမင်းချက်ပြုတ်နေသည်__သူ(မ)မှာ ခုနတုန်းက ဓားဝိညာဉ်ပြောလိုက်သော 'ဒေါ်လေးမုန့်ရှ' ဆိုသူပင်ဖြစ်ပေလိမ့်မည်။

ထိုအခိုက် ကောက်ရိုးပုံအနောက်ဘက်မှနေ၍ ရုတ်တရက် လူသံတစ်သံပျံ့လွင့်လာသည်။ ရှန့်လင်ယွမ်းပေါက်စလေးသည် ရုတ်ချည်းပင် အထိတ်တလန့်ဖြစ်သွားပြီး ကောက်ရိုးပုံအနောက်သို့ တစ်ချက်မျှခိုးကြည့်လိုက်သည်။ ရောက်လာသောလူစိမ်းကိုမြင်သည်နှင့် အနှီကလေးသည် သူ့ခန္ဓာကိုယ်ပေါ်တွင် အသံဖြင့်ထိန်းချုပ်နိုင်သောအဖွင့်၊ အပိတ်ခလုတ်ကိုတပ်ဆင်ထားသည့်နှယ် မဆိုင်းမတွပင် ပျင်းရိပျင်းတွဲလဲလျောင်းနေသော သူ၏ကိုယ်နေဟန်ထားမှာ ပျောက်ကွယ်သွားပြီး တစ်စက္ကန့်အတွင်းမှာပင် 'အသင့်အနေအထား' သို့ပြောင်းလဲသွားလေတော့သည်။

၎င်းသည် အသံတစ်ချက်မျှမထွက်ဘဲ ကောက်ရိုးပုံပေါ်မှ အောက်သို့လျှောဆင်းလာသည်ကို ရွှမ်းကျီးတွေ့မြင်လိုက်ရသည်။ သူလျှောဆင်းသွားသည်မှာ အလွန်တရာမြန်ဆန်လှသောကြောင့် မြေပြင်ပေါ်သို့ဖင်ထိုင်လျက်ကျသွားရှာ၏။ သူက အသံမထွက်စေဘဲ သူ့ဘာသာသူ ကုန်းရုန်းထလာပြီးသော် ခန္ဓာကိုယ်ပေါ်ရှိမြေမှုန့်များကို လက်ဖြင့်ပြောင်စင်အောင် ဖုတ်ဖတ်ခါလိုက်ပြီး အင်္ကျီအဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်သည်။ နောက်ဆုံးတွင်မှ သူ့ကိုယ်ပေါ်၌သယ်ဆောင်ထားသော ဓားမြောင်လေးတစ်ချောင်းကိုဆွဲထုတ်ယူလိုက်ပြီး ဓား၏အလင်းရောင်ပြန်မှတစ်ဆင့် သူ၏ရုပ်ရည်သွင်ပြင်ကို စစ်ဆေးကြည့်ရှုလိုက်ပြီးသော် မျက်နှာပေါ်ရှိဖုန်မှုန့်များကို လျင်မြန်စွာပွတ်သုတ်ပစ်လိုက်ရင်း ဆံနွယ်များအတွင်း၌ ထိုးထိုးထောင်ထောင်ထွက်ပေါ်နေသော ကောက်ရိုးတစ်ချောင်းကိုဆွဲနုတ်လိုက်သည်။ ထို့နောက် သူ၏ခါးသွယ်သွယ်လေးကိုဆန့်တန်းကာ မေးဖျားလေးကို မဆိုစလောက်ပင့်မော့ထားလျက် အစမှအဆုံးတိုင် တစ်မိနစ်ခွဲပင် မကြာလိုက်သောအချိန်အတွင်း သုံးပေမြင့်သော အိမ်ရှေ့စံမင်းသားလေး၏ ဟန်ပန်အသွင်အပြင်ကို ဆောင်ကြဉ်းထားလိုက်လေသည်။

ဓားဝိညာဉ်က နို့နံ့မစင်သေးသောကလေးသံဖြင့် သူ့ကိုလှောင်ပြောင်သရော်လိုက်သည်။

"လင်ယွမ်းကောကောက မှန်ကြည့်ပြီး အလှပြင်နေတယ်၊ ရှက်စရာကောင်းလိုက်တာ"

"သွားစမ်းပါ၊ ကွမ်ဇီကပြောခဲ့တယ်၊ ယုံကြည်ဖွယ်ရာစကားကိုပြောဆိုတတ်သူ၊ မြင့်မြတ်တည်ကြည်သောအပြုအမူရှိသူနဲ့ သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်တတ်သူတွေသာလျှင် လက်အောက်ငယ်သားတွေရဲ့ လေးစားမှုကိုရရှိနိုင်တယ်တဲ့"

ခြေတံတိုတိုနှင့်အိမ်ရှေ့စံလေးသည်ကား သူ့ဓားမြောင်လေးကို ပြန်လည်သိမ်းဆည်းထားလိုက်ပြီး တည်တံ့သောမျက်နှာထား၊ ခံ့ညားထည်ဝါသောဟိတ်ဟန်အပြည့်ဖြင့် ကြွမြန်းသွားလေတော့သည်။ တစ်ချိန်တည်းမှာပင် အသိဉာဏ်ပင်လယ်အတွင်းဝယ် ဓားဝိညာဉ်အား စာအုပ်ကြီးအတိုင်း ပြောဆိုလိုက်သည်။

"ဆရာကပြောတယ်၊ ငါက တိုင်းသူပြည်သားတွေအတွက် ရေနဲ့မီးကိုပေးရမယ်၊ ပြည်သူအားလုံးရဲ့တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တယ်၊ သူတို့ကို လုံးဝစိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူးတဲ့"

"*မှောင်ခိုပစ္စည်းဆိုတာ ဘာအဓိပ္ပာယ်လဲ"

"မှောင်ခိုပစ္စည်းမဟုတ်ဘူး၊ ရေနဲ့မီးကိုပြောတာ။ ရေနဲ့မီးဆိုတာ...."

(TN *စကားလုံးနှစ်လုံးက အသံထွက်ဆင်တူနေတာကြောင့်ပါ။ ရှန့်လင်ယွမ်းက (水火) 'ရေနဲ့မီး' လို့ပြောလိုက်တာကို ဓားဝိညာဉ်က (水货) 'မှောင်ခိုပစ္စည်း' လို့နားကြားမှားသွားတာပါ)

အိမ်ရှေ့စံလေးခမျာ ဘာဆက်ပြောရမှန်းမသိတော့ပေ။ သူကိုယ်တိုင်လည်း မေ့လျော့သွားတာဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင်မူ သူက မှင်သေသေဖြင့် စကားဆက်လိုက်၏။

"သောက်စရာရေနဲ့ ထမင်းဟင်းချက်ပြုတ်ဖို့ မီးမွှေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာလေ"

ရွှမ်းကျီး : "ဖွီး..."

အရွယ်ဟိုင်းနေသော တစ်ကိုယ်တော်လူပျိုကြီးဘဝသို့ရောက်ရှိနေပြီဖြစ်သော ရွှမ်းကျီးသည် ကလေးသူငယ်များကိုအမြင်ကတ်လှသူတစ်ဦးမဟုတ်သော်ငြား လူရှေ့သူရှေ့တွင် မြည်းတစ်ကောင်ကဲ့သို့ တဗြဲဗြဲအော်ဟစ်ငိုယိုသောင်းကျန်းတတ်သော ကလေးငယ်များအပေါ်တွင် တကယ့်ကို ကောင်းမွန်သောခံစားချက်မရှိပါချေ။ ကလေးတစ်ယောက်၏အသံကိုကြားလိုက်ရသည်နှင့် သူ ပထမဆုံးသတိရသွားသောအရာမှာ နှပ်ရည်တရွှဲရွှဲ၊ သွားရည်တမြားမြား၊ နို့နံ့တထောင်းထောင်းထနေပြီး အများပိုင်မီးရထားပေါ်တွင် သူ့ထိုင်ခုံနောက်ကျောကို ခြေထောက်ဖြင့်ကန်ကျောက်နေသည့်ကလေးများပင်ဖြစ်သည်။

ဤတစ်ကြိမ်ဝယ် သူ့နှလုံးအိမ်သည် ပထမဆုံးအကြိမ်အဖြစ် ကလေးတစ်ယောက်၏အသံကြောင့် နူးညံ့ပျော့ပျောင်းသွားရခြင်းဖြစ်သည်။

သို့သော် များမကြာမီမှာပင် ရှန့်လင်ယွမ်း၏လူကြီးတစ်ယောက်ပုံစံကို ထပ်မံသတိရသွားပြန်သည်။

ဤမျှချစ်စရာကောင်းသောကလေးငယ်လေးသည်ကား နောက်ပိုင်းတွင် ဘယ်လိုဖြစ်ပြီး ဆိုးဝါးသောမိစ္ဆာတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါသနည်း။

၎င်းမှာ တကယ့်ကိုပင် တခြားလူတစ်ယောက်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲကြီးပြင်းသွားသည့်နှယ်။ မဟာကဝိပညာရှိ ဆရာအကျော်အမော်ကြီးသန်းလီက မဟုတ်မှလွဲရော သူ့ကို လူမှုရေးဆက်ဆံရေးခေါင်းပါးစေမည့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့တာလား။

ရောက်လာသောဧည့်သည်တော်မှာ ရှူနာရှိုက်ကုန်းပုံစံပေါက်နေသည့် တောသူမကြီးတစ်ယောက်ဖြစ်သည်။ သူက ရင်ဘတ်ထဲတွင် ညစ်ပတ်ပေကျံနေသောအနှီးထုပ်တစ်ထုပ်ကိုပွေ့ပိုက်ထားပြီး လက်တစ်ဖက်က သူ့နည်းတူစွာ ရှူနာရှိုက်ကုန်းဖြစ်နေသော ဆိတ်တစ်ကောင်ကိုဆွဲလာနေသည်။ ရှန့်လင်ယွမ်းပေါက်စလေးသည်ကား မနှေးလွန်းမမြန်လွန်းသောခြေလှမ်းများဖြင့် အေးအေးလူလူကြွမြန်းလာပြီးသော် ခပ်ဖွဖွချောင်းတစ်ချက်ဟန့်လိုက်ရင်း ရှေးဦးစွာ ထိုအမျိုးသမီးအား ခေါင်းညိတ်ပြလျက် နှုတ်ဆက်သမှုပြုလိုက်၏။ ထို့နောက် တော်ဝင်သက်တော်စောင့်ဖြစ်သူကို မေးမြန်းလိုက်သည်။

"မောင် (၃)၊ ဘာကိစ္စလဲ"

အမျိုးသမီးက ရှန့်လင်ယွမ်းကိုမြင်သည်နှင့်တစ်ပြိုင်နက် သူ၏အသက်မဲ့နေသောမျက်လုံးများမှာ ရုတ်ချည်းပင် လက်ခနဲဖြစ်သွားပြီး မြေကြီးပေါ်သို့ ဖုန်းခနဲ ဒူးထောက်ချလိုက်ပြီး ဂါရဝပြုလာသည်။

ရှန့်လင်ယွမ်းက ကမန်းကတန်းပြောလိုက်သည်။

"အဒေါ်ကြီး ...မြန်မြန်ထပါ၊ အရိုအသေပြုစရာမလိုပါဘူး"

မောင်(၃)သည် မုတ်ဆိတ်ကျင်စွယ်များ ခပ်ရေးရေးရှိသော လူငယ်လေးတစ်ယောက်ဖြစ်ပြီး သူရယ်ပြုံးလိုက်ချိန်တိုင်းတွင် သွားအဖွေးသားထွက်ပေါ်လာလျက် ချစ်ခင်နှစ်လိုဖွယ်ကောင်းသူတစ်ဦးဖြစ်သည်။ သူက ခေါင်းငုံ့ကာ ရှန့်လင်ယွမ်းကိုပြောလာသည်။

"အရှင့်သား၊ ဒီအမျိုးသမီးက အရှင့်သားကို နို့စားဆိတ်တစ်ကောင် ဆက်သချင်လို့ပါတဲ့"

မသိနားမလည်သည့်ဓားဝိညာဉ်က ဝမ်းသာအားရအော်ဟစ်လိုက်သည်။

"ဟေး....ဆိတ်နို့သောက်ရတော့မယ်ဟေ့"

"မဆူနဲ့"

ရှန့်လင်ယွမ်းပေါက်စလေးက ဓားဝိညာဉ်ကို တစ်ချက်မျှငေါက်ငမ်းလိုက်သည်။ သူက ဆိတ်မကြီးကိုလှမ်းကြည့်လိုက်၏။ ဆိတ်၏မျက်လုံးများသည် မိုးရွာပြီးကာစအချိန်တွင်ရှိသော မီးတောင်ကျောက်တုံးတစ်တုံးပမာ ရွှန်းစိုတောက်ပနေလျက် ကြယ်တာရာလဟာပြင်နှင့် မီးတိုင်များအောက်ဝယ် နူးညံ့သိမ်မွေ့သောအလင်းရောင်များ တဖျတ်ဖျတ်ရောင်ပြန်လင်းလက်နေသည်။

ထို့နောက် အမျိုးသမီးကြီးကို ထပ်မံကြည့်ရှုလိုက်ပြန်သည်။ သူ(မ)၏ကိုယ်ပေါ်ရှိအဝတ်အစားများမှာ စုတ်ပြတ်ပေရေနေပြီး ခန္ဓာကိုယ်ကို လုံခြုံအောင်ဖုံးကာပေးနိုင်စွမ်းမရှိတော့ပါချေ။ ပိန်ချုံးနေသော လက်ကောက်ဝတ်မှာ အပြင်ဘက်၌ ခိုကိုးရာမဲ့စွာလှစ်ဟထွက်ပေါ်နေပြီး အရိုးပေါ်အရေတင်ဖြစ်နေသည်။ ကြည့်ရသည်မှာ ထိုဆိတ်သည် သူ့မိသားစု၏ ပိုင်ဆိုင်မှုအကုန်ဖြစ်ပုံရသည်။

ရှန့််လင်ယွမ်းငယ်လေးက ဆိုသည်။

"အဒေါ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ရဲ့စစ်သူကြီးတွေဟာ တရားကျင့်ကြံသူတွေဖြစ်တာကြောင့် အစာငတ်ခံနိုင်ကြပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ရိက္ခာတွေအလုံအလောက်ရှိပါသေးတယ်။ သက်ကြီးရွယ်အို ရွာသူရွာသားတွေဆီက ရိက္ခာတွေကိုလုယူလို့ ဘယ်ဖြစ်ပါ့မလဲ။ ပြီးတော့ ကျွန်တော်တို့ရှေ့ဆက်ရမဲ့လမ်းခရီးဟာ ရှည်လျားပြီးခက်ခဲကြမ်းတမ်းတာမို့ သူ့ကိုခေါ်သွားလို့အဆင်မပြေပါဘူး။ အဒေါ်ကြီးရဲ့စေတနာကိုပဲ လက်ခံလိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ဒီဆိတ်ကို အမြန်ပြန်ယူသွားလိုက်ပါ"

သာမန်ကလေးငယ်များအနေဖြင့် ဤအသက်အရွယ်၌ စကားကိုပင် သွက်သွက်လက်လက်ပြောတတ်ဆိုတတ်မည်မဟုတ်ပေရာ လူစိမ်းတစ်ယောက်ကို တွေ့မြင်သောအခါ အရင်ဦးစွာ နှုတ်ခွန်းဆက်စကားဆိုတတ်ခြင်းသည် အတိုင်းထက်အလွန် လိမ္မာပါးနပ်မှုရှိသောအပြုအမူဖြစ်သည်ဟုပြောလို့ရနိုင်ပေသည်။ ရှန့်လင်ယွမ်းပေါက်စလေးသည် မဆိုစလောက်လိုက်လျောညီထွေမနေတတ်သူဖြစ်သော်ငြား နည်းစနစ်ကျသူဖြစ်သည်။ ဤသည်မှာ သန်းလီ၏သင်ကြားပြသပေးမှုကြောင့်ပင်လော၊ သို့မဟုတ် ပဋိပက္ခများဖြစ်ပွားနေသော ကမ္ဘာလောကကြီးကပင် သူ့ကို ထိုပုံစံမျိုးဖြစ်လာအောင် ပျိုးထောင်ပေးလိုက်ခြင်းလောမသိပါချေ။

ထိုအမျိုးသမီးက သူလက်မခံသည်ကို တွေ့မြင်သောအခါ စိတ်အားထက်သန်မှုကြောင့်လော၊ စိတ်လှုပ်ရှားမှုကြောင့်လောမသိ၊ တခဏအတွင်း သူ့မျက်ဝန်းများထဲဝယ် မျက်ရည်တလဲ့လဲ့အိုင်ထွန်းလာတော့သည်။ သူက အရာအားလုံးကိုစတေးတော့မည့် ရိုသေကိုင်းရှိုင်းမှုမျိုးဖြင့် မြေကြီးပေါ်တွင် ဝမ်းလျားမှောက်ချလိုက်ပြီး နောက်တစ်ကြိမ်ဂါရဝပြုရန်ပြင်လိုက်သည်။

မောင်(၃) က ရှန့်လင်ယွမ်းရှေ့မှ ကမန်းကတန်း ပိတ်ဆို့ကာဆီးထားလိုက်ရင်း ဆို၏။

"အဒေါ်ကြီး ဒီလိုမလုပ်ပါနဲ့ဗျာ"

ရွှမ်းကျီး၏စိတ်ထဲတွင် တွေးတောလိုက်သည်။ ဒီလူက ဘာဖြစ်လို့ စိတ်မနှံ့တဲ့လူတစ်ယောက်လို အရူးအမူးဖြစ်နေရတာလဲ။ ကလေးကို ထပ်ပြီးခြောက်လှန့်မနေနဲ့။

ဓားဝိညာဉ်ပေါက်စလေးက ပြောလာသည်။

"လင်ယွမ်းကောကော၊ သူက ရူးနေတာလား၊ နည်းနည်းကြောက်စရာကောင်းတယ်နော်"

ရှန့်လင်ယွမ်းပေါက်စလေး၏နောက်ကျောပြင်မှာ သိသိသာသာတောင့်တင်းသွားကြောင်း ရွှမ်းကျီးခံစားလိုက်ရသည်။ သို့သော် ချက်ချင်းဆိုသလိုပင် ထိုကလေးသည် နောက်တွန့်ဆုတ်လိုသော သူ၏အလိုဆန္ဒကို အောင့်အည်းထိန်းချုပ်ထားလျက် သတ္တိကောင်းစွာပင် မောင် (၃) ကိုကွေ့ပတ်ကာ အရှေ့သို့ထွက်လာပြီး ထိုအမျိုးသမီးကြီး၏ပုခုံးစွန်းကို ထူမပေးကာ နူးညံ့ညင်သာစွာ စကားဆိုလိုက်သည်။

"ဒါဖြင့် ဒီလိုလုပ်ရအောင်၊ အဒေါ်ကြီး ဒီဆိတ်ကို ခင်ဗျားပြန်ယူသွားလိုက်ပါ။ ကျွန်တော် ဒီဆိတ်ကိုလက်ခံလိုက်ပြီး ခင်ဗျားရဲ့ကလေးကို ပြန်လည်ချီးမြှင့်ပေးကမ်းလိုက်တယ်လို့ပဲ သဘောထားလိုက်လေ၊ မကောင်းဘူးလား"

အမျိုးသမီးကြီးက အတုန်တုန်အယင်ယင်ဖြင့်‌ ခေါင်းမော့ကြည့်လာ၏။ သူက တလက်လက်တောက်ပနေသောမျက်ဝန်းများဖြင့် သူ့ကိုစူးစိုက်ကြည့်ရှုနေသည်။ အစာငတ်သေခါနီးလူတစ်ယောက်က ဆန်ပြုတ်တစ်ပန်းကန်ကိုကြည့်ရှုနေသကဲ့သို့။

ရှန့်လင်ယွမ်းပေါက်စလေးသည် တကယ့်ကိုပင် မရှောင်တိမ်းသည့်အပြင် ကိုယ်ကိုညွှတ်ကိုင်းလျက် အမျိုးသမီး၏ရင်ခွင်ထဲရှိ အနှီးထုပ်ထဲမှ ကလေးလေးကို အသာအယာပုတ်ပေးလိုက်ရင်းဆို၏။

"အဒေါ်ကြီး၊ အမြန်ထလိုက်ပါ၊ ဟိုးတုန်းက ကျွန်တော်တို့စစ်သူကြီးတွေ သွေးတွေစွန်းထင်းခဲ့ရတာဟာ လူ့လောကကြီးကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက်ပဲလေ။ ခင်ဗျားရဲ့ကလေးကို ကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေဖို့ပေါ့။ ဘယ်လိုလုပ်ပြီး သူ့ရဲ့ရိက္ခာတွေကို လုယူလို့ဖြစ်ပါ့မလဲဗျာ"

အမျိုးသမီးကြီး၏မျက်နှာပေါ်ရှိအသားစိုင်များမှာ အစောကြီးကတည်းက ဆုတ်ယုတ်ယိုယွင်းသွားပြီဖြစ်သည်။ အတိုင်းထက်အလွန်ကြီးမားသောမျက်လုံးများက မျက်တောင်တစ်ချက်ခတ်လိုက်ချိန်ဝယ် ညစ်ပတ်ပေရေနေသော မျက်ရည်ကြောင်းတစ်ကြောင်းစီးကျလာ၏။ မောင် (၃) နှင့် အခြားတော်ဝင်သက်တောင်စောင့်တစ်ဦးက သူ့ကို ထူမပေးလိုက်သည်။ သူက အနှီးထုပ်လေး၏အနားစွန်းတစ်ဖက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားလျက် အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးမြန်းလာသည်။

"အရှင့်သားက လူ့လောကကြီးကို ပြန်လည်သိမ်းပိုက်နိုင်မှာလား"

"သေချာပေါက်သိမ်းပိုက်နိုင်မှာပါ၊ အဒေါ်ကြီး ကျေးဇူးပြုပြီး ကျွန်တော့်ကို စောင့်နေပါ"

ရှန့်လင်ယွမ်းပေါက်စလေးက ခေါင်းမော့ကာ သူ့ကို တစ်ချက်မျှပြုံးပြလိုက်သည်။

"ကျွန်တော်ကြည့်ရအောင်၊ ဒါက ယောကျ်ားလေးလား၊ မိန်းကလေးလား"

သူက ပြောရင်းဆိုရင်း ခြေဖျားထောက်ကာ ကလေးကိုပွေ့ပိုက်ထားသော အမျိုးသမီး၏လက်ကို အသာအယာဆွဲဖယ်လိုက်သည်။ နံဘေးတွင်ရပ်နေသော မောင် (၃) က တစ်စုံတစ်ခုကို ခံစားမိသွားဟန်ဖြင့် မျက်နှာအမူအရာ ရုတ်တရက်ပြောင်းလဲသွားလျက်။

"အရှင့်သား..."

တစ်ချိန်တည်းမှာပင် ရွှမ်းကျီးသည်လည်း တစ်ခုခုလွဲမှားနေပြီဖြစ်ကြောင်း သဘောပေါက်သွားသည်__ကလေးငယ်မှာ အတိုင်းထက်အလွန် ငြိမ်ချက်သားကောင်းနေသည်။ သူ၏အရူးတစ်ပိုင်းဖြစ်နေသောမိခင်ဖြစ်သူ၏ ရင်ခွင်အတွင်း၌ ဤမျှလောက် အချိန်အတန်ကြာညှင်းပန်းနှိပ်စက်ခံနေရသော်ငြား အော်သံတစ်ချက်မျှ ထွက်ပေါ်မလာခဲ့ပါချေ။ ပုံမှန်ဆိုရင် ကလေးတွေက အဲ့လောက်တောင် လိမ္မာရေးခြားရှိလို့လား။

သူ့နှလုံးအိမ်မှာ တစ်ချက်မျှပြင်းပြင်းထန်ထန်ခုန်လှုပ်သွား၏။ ထိုအမျိုးသမီးက စိတ်မနှံ့သူတစ်ယောက်ပမာ ပြုံးပြလာသည်ကိုတွေ့မြင်လိုက်ရသည်။ သူ့ရင်ခွင်အတွင်း၌တင်းကျပ်စွာပွေ့ပိုက်ထားသော အနှီးထုပ်လေးကို လှစ်ဟကာ လက်ကမ်းပေးလိုက်သည်။ အင်္ကျီအဝတ်အစားများမှာ ဖရိုဖရဲဖြစ်နေပြီး ခရမ်းရောင်သန်းနေပြီဖြစ်သော လက်မောင်းလေးတစ်ဖက်က ပျော့တိပျော့ဖတ်ပြုတ်ကျလာသည်။ ရွှမ်းကျီး၏နားထဲတွင် ဓားဝိညာဉ်၏စူးရှသောအာခေါင်ခြစ်ငိုကြွေးသံတစ်သံ ပေါက်ကွဲထွက်ပေါ်လို့လာသည်__ အနှီးထုပ်ထဲတွင်ထွက်ပေါ်နေသောအရာမှာ အသက်မဲ့နေသော ကလေးမျက်နှာတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ အကွက်လိုက်အကွက်လိုက် အပုပ်ရာဗရပွထနေပြီး အင်္ဂါရပ်ငါးပါးသည်လည်း ပုပ်သိုးဆွေးမြည့်နေပြီဖြစ်သည်။ သွေးရောင်တစ်စက်တလေမျှမရှိသော ပါးစပ်ကိုဖွင့်ဟထားလျက် သူ့အသက်ကိုကယ်တင်ပေးရန် အော်ဟစ်နေသယောင်။

ထိုမျက်နှာသည် တိုက်ပွဲပေါင်းတစ်ရာကိုရင်ဆိုင်ဖူးသောစစ်သူကြီးများကိုပင် အိပ်မက်ဆိုးမက်စေနိုင်သော မျက်နှာြဖစ်သည်။ ရွှမ်းကျီးခမျာ ထိုမှတ်ဉာဏ်အပိုင်းအစအတွင်းမှ သုတ်ခြေတင်ထွက်ပြေးမိတော့မလိုပင်။ ရှန့်လင်ယွမ်းပေါက်စလေး၏မျက်နှာပေါ်ရှိ အပြုံးရိပ်မှာ လျှပ်တစ်ပြက်အတွင်း တောင့်တင်းသွား၏။

မောင် (၃) က ထိုအမျိုးသမီးကိုတွန်းထုတ်ရန် လက်ကိုပင့်မြှောက်လိုက်ချိန်ဝယ် ရှန့်လင်ယွမ်းက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်သည်။

ထိုအမျိုးသမီးက မည်သို့မျှသဘောမထားသည့်ပုံစံမျိုးဖြင့် ကြက်သီးတဖြန်းဖြန်းထသွားစေနိုင်သည့် တိုးလျသောလေသံဖြင့်ပြောလာသည်။

"ယောကျ်ားလေးပါ အရှင့်သား၊ နောင်အနာဂတ်မှာ ဒီကလေးဟာ အရှင့်သားနဲ့အတူ တိုက်ပွဲဝင်နိုင်မှာပါ"

သူ(မ)သည် သွက်သွက်ခါအောင် ရူးသွပ်သွားလေပြီ။

ထိုအခိုက် အဘိုးအိုတစ်ဦးက ပျာပျာသလဲပြေးထွက်လာပြီး ထိုအရူးမကို ဆွဲခေါ်သွား၏။ ထို့နောက် ကပျာကယာဒူးထောက်ချလိုက်ပြီး တောင်းပန်စကားဆိုလာသည်။ သူ ဘာတွေပြောနေသလဲဆိုတာကို ရွှမ်းကျီး ဂရုမစိုက်ပါချေ။ အမြဲလိုလိုပင် 'မိစ္ဆာမျိုးနွယ်စု၏ဒုက္ခပေးမှုကြောင့်'၊ သို့မဟုတ် 'လောကကြီး၏ညှင်းပန်းနှိပ်စက်မှုဒဏ်ကြောင့်' ဟူသည့်စကားမျိုးမှလွဲ၍ အခြားမဖြစ်နိုင်ပေ__ပဋိပက္ခများဖြစ်ပွားနေသောကမ္ဘာလောကကြီးအတွင်းဝယ် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသောပုံပြင်ဇာတ်လမ်းများ အမြောက်အမြားရှိနေကြသည်။ နားထောင်ကြည့်လိုက်လျှင် အားလုံးမှာ အက်ကြောင်းထပ်နေသော ကြေကွဲဖွယ်ဇာတ်လမ်းများပင်ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူများမှာ သေမင်းတံခါးဝတွင် အသက်ငင်နေကြပြီး သေဆုံးသွားသူများမှာလည်း ရုပ်အလောင်းအကောင်းပကတိအတိုင်းမကျန်ရစ်ခဲ့ပါချေ__ရှန့်လင်ယွမ်းပေါက်စလေး၏အသိဉာဏ်ပင်လယ်အတွင်း၌ ရုတ်တရက် အသံတိတ်သွားကြောင်း သူခံစားလိုက်ရသည်။ သူ၏အတွေးအားလုံးမှာ ထိုကလေးအလောင်းကြောင့် အေးခဲသွားသယောင်။

ဓားဝိညာဉ်သည်ပင် အသိစိတ်ပြန်ကပ်လာပြီး တရှုံံ့ရှုံ့ငိုကြွေးနေရင်းက ခဲရာခဲဆစ် ရပ်တန့်သွား၏။

"......လင်ယွမ်းကောကော"

ဓားဝိညာဉ်က သုံးကြိမ်ဆက်တိုက် အော်ခေါ်လိုက်သောအခါမှပင် ရှန့်လင်ယွမ်း၏ဝိညာဉ်ကို ပြန်ခေါ်လာနိုင်တော့သည်။ မောင် (၃) ကိုဆွဲထားသော အိမ်ရှေ့စံပေါက်စလေး၏လက်မှာ တစ်ချက်မျှတုန်ယင်သွား၏။ ထို့နောက် ၎င်းသည် ချက်ချင်းဆိုသလိုပင် အတင်းအဓမ္မမတ်မတ်ရပ်လိုက်ပြီး ဆွဲခေါ်ခံသွားရသော ထိုအမျိုးသမီးကိုလိုက်လံကြည့်ရှုနေမိသည်။ ထိုအမျိုးသမီးသည် လက်တစ်ဖက်က ဆိတ်ကိုဆွဲထားရင်း ရူးကြောင်မူးကြောင်ဖြင့် သူ့ကိုပြန်လှည့်ကြည့်လာလျက်

"အရှင့်သား၊ လူ့လောကကြီးဟာ...."

ရှန့်လင်ယွမ်းပေါက်စလေး၏မျက်လုံးများမှတစ်ဆင့် ရွှမ်းကျီးသည် ကစဉ့်ကလျားဖြစ်နေသာမြေပြင်တစ်ခွင်ကိုတွေ့မြင်လိုက်ရပြီးနောက် ဧကရာဇ်ဝူမွေးဖွားလာစဉ်အခါက အဆိုပါဟောကိန်းဗျာဒိတ်၏ရက်စက်ဆိုးဝါးမှုကို ရုတ်တရက်သဘောပေါက်သွားပြီး ရှန့်လင်ယွမ်းပြောခဲ့သော 'တိုင်းသူပြည်သားတွေအတွက် ရေနဲ့မီးကိုပေးရမယ်၊ တိုင်းသူပြည်သားတွေရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်' ဟူသည့် ထိုစကားတစ်ခွန်းသည်ကား မည်သို့မည်ပုံ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ကြောင်း နားလည်သဘောပေါက်သွားလေတော့သည်။

မြောက်မြားလှစွာသောမျှော်လင့်ချက်ပျက်သုဉ်းနေသည့်လူများနှင့် ရူးနှမ်းနေသည့်လူများ၊ ထိုလူများသည် ကလေးအလောင်းများကိုပွေ့ပိုက်ရင်း၊ ယိုယွင်းပျက်စီးနေသောခန္ဓာကိုယ်ကို တရွတ်ဆွဲနေရင်း ထိုမျှော်လင့်ချက်တစ်ခုတည်းကိုအားကိုးကာ မဖြစ်မနေ ဆက်လက်အသက်ရှင်သန်နေကြသည်။ သန်းလီတို့သည် သက်ရှိထင်ရှားရှိနေသည့် 'မျှော်လင့်ချက်' ကို ဖန်တီးခဲ့ပြီး ကလေးငယ်တစ်ယောက်ကို နတ်ယဇ်ပလ္လင်ပေါ်သို့ တင်ခဲ့ကြသည်။

ဒါပေမဲ့ နတ်ယဇ်ပလ္လင်ဆိုတာကလဲ .....ယဇ်ပလ္လင်တစ်ခုပဲမဟုတ်ဘူးလား။

ရွှမ်းကျီးသည် ပင်လယ်ပြင်တွင်ရှိစဉ်အခါက 'ကောင်းကင်မိစ္ဆာ' ကိုဖိုသွင်းဖန်တီးခဲ့သော ရိုးရာအခမ်းအနားတစ်ခုကိုအမှတ်ရသွားသည့်တခဏအတွင်းဝယ် တဆတ်ဆတ်တုန်ယင်သွားရှာတော့သည်။

ဒါဖြင့် 'ကောင်းကင်မိစ္ဆာ' ဆိုတာ ဘာကြီးလဲ။

ရှန့်လင်ယွမ်းပေါက်စလေးသည် မောင် (၃) ၏လက်ကို ရုတ်တရက်တွန်းထုတ်လိုက်ပြီး နံရံထောင့်တစ်နေရာသို့ပြေးသွားကာ အော့အန်လေတော့သည်။ သူ့အစာအိမ်ထဲတွင် ဗလာကျင်းနေသည့်အတွက် အစာချဉ်ရည်များသာလျှင်အန်ထွက်လာသည်။

ရွှမ်းကျီးသည် သူ၏အသိဉာဏ်ပင်လယ်အတွင်းဝယ် အိပ်မက်ဆိုးများကို သူနှင့်အတူတကွ နေ့စဉ်ရက်ဆက်မြင်မက်နေရသည်။ ရံဖန်ရံခါ အလောင်းများက ဖုတ်ကောင်ကမ္ဘာပျက်ကပ်များအသွင်ပြောင်းလဲကာ သူ့နောက်သို့လိုက်နေကြသည်။ သူတို့၏ပုပ်သိုးပျက်စီးနေသောလက်သည်းများကိုဆန့်တန်းလျက် လူ့လောကကြီးအတွင်းသို့ပြန်ဝင်လာနိုင်ရန် သူ့ကိုတောင်းဆိုနေကြသည်။ ရံဖန်ရံခါ အဆုံးမရှိသောလိုက်လံသတ်ဖြတ်မှုများထံမှ ပြေးလွှားနေရတတ်သည်။ မရေမတွက်နိုင်သော အရိုးဖြူလက်သည်းစွယ်များက သူ့ကိုဖမ်းဆီးကာ မြင့်မားသော ယဇ်ပလ္လင်ပေါ်သို့တင်မြှောက်နေကြသည်။ ထိုလူအရိုးစုများ၏မေးရိုးများသည်ကား တူညီသောစကားသံတစ်သံကို ရေရွတ်နေကြလျက်။

"အရှင့်သား၊ အရှင့်သားဟာ လူသားအားလုံးရဲ့မျှော်လင့်ချက်ပါ..."

ဒီဆိုးဝါးစုတ်ပြတ်တဲ့ရှေးခေတ်လူမှုအသိုင်းအဝိုင်းမှာ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကို ကာကွယ်ပေးမဲ့ ဥပဒေမရှိဘူးလားဟ။

ရွှမ်းကျီးတစ်ယောက် အမျက်ချောင်းချောင်းထွက်သွား၏။ သို့သော် သူသည် ကျူးကျော်ဝင်ရောက်လာသောအပြင်လူတစ်ယောက်သာဖြစ်ပြီး သမိုင်းကြောင်းကို မည်သို့မျှပြောင်းလဲနိုင်စွမ်းမရှိကြောင်းသိထားပါ၏။ သူသည် အိပ်မက်ဆိုးများတစ်ခုပြီးတစ်ခုအတွင်းဝယ် ပိတ်မိနေရှာသော ရှန့်လင်ယွမ်းပေါက်စလေးကို ကြည့်နေရုံသာတတ်နိုင်ရှာသည်။

ဓားဝိညာဉ်လေးက ကြောက်လန့်တကြားငိုယိုသောကြောင့် လန့်နိုးသွားသည့်အချိန်အထိ။

ဓားဝိညာဉ်သည် ထိုအချိန်ဝယ် ရှန့်လင်ယွမ်းနှင့်ဦးနှောက်တစ်ခုတည်းကို မျှဝေသုံးစွဲနေသူဖြစ်သည်။ နေ့အခါ သူ့ဦးနှောက်ထဲရှိ အတွေးစိတ်ကူးများကိုသိမြင်နိုင်စွမ်းရှိသလို ညအခါဝယ် သူ့ဦးနှောက်ထဲရှိ အိပ်မက်ဆိုးများကိုလည်း မလွဲဧကန်မျှဝေခံစားရလေသည်။ ရှန့်လင်ယွမ်းက သည်းခံနိုင်စေကာမူ ဓားဝိညာဉ်လေးသည် ထိုဝမ်းနည်းကြေကွဲဖွယ်ရာများကို ခံနိုင်ရည်မရှိပါချေ။ ၎င်းမှာ လန့်နိုးလာသည်နှင့်တစ်ပြိုင်နက် အော်ဟစ်ငိုယိုလေတော့သည်။ သူ၏ထိုငိုသံသည်ကား ရှန့်လင်ယွမ်းအား အိပ်မက်ဆိုးများအတွင်းမှ အကြမ်းပတမ်းဆွဲထုတ်ပေးခဲ့ပြီး ရှန့်လင်ယွမ်းက သူ့ကိုနှစ်သိမ့်ချော့မော့ရလေသည်။

ပြောရလျှင်ထူးဆန်းသည်။ လူ့စိတ်သည် အလွန်အင်မတန်နုနယ်ပျော့ပျောင်းလှပေသည်။ တစ်ခါတရံ အသေးအမွှားဒဏ်ရာလေးတစ်ခုသည်ပင် လူတစ်ယောက်ကို ပြိုလဲသွားအောင်တိုက်ခိုက်နိုင်စွမ်းရှိသည်။ တစ်ခါတရံတွင် အတိုင်းထက်အလွန်ကြံ့ခိုင်သန်မာမှုသည် သူ့အား အခြေခံအုတ်မြစ်တစ်ခုရရှိသွားစေပြီး ကျောက်သားအက်ကွဲကြောင်းအတွင်းမှ နုနယ်သော ရွက်သစ်ပင်ပျိုလေးတစ်ပင် ရုန်းကန်တိုးထွက်လာသည့်နှယ်။ လူတစ်ယောက်သည် သူ့နံဘေးတွင် သူ့ထက်ပို၍ အားနည်းသူတစ်ဦးရှိလာသည်နှင့်တစ်ပြိုင်နက် မနေနိုင်မထိုင်နိုင်ဖြစ်စွာပင် ပိုမိုကြံ့ခိုင်သောအခန်းကဏ္ဍကို လွှဲပြောင်းရယူသွားလေ့ရှိသည်။

ဤသို့ဖြင့် ဓားဝိညာဉ်၏အော်ဟစ်ငိုယိုသံများကြားဝယ် ရှန့်လင်ယွမ်းသည် မဖြစ်မနေ ညစဉ်ညတိုင်း အိပ်ရာမဝင်မီ အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ တရားထိုင်ကာ သူ့စိတ်ကိုတည်ငြိမ်အေးချမ်းအောင်ပြုလုပ်ရလေသည်။ သူ့ကိုယ်သူ ဖိအားပေးကာ အဆိုပါခရမ်းရောင်သန်းနေသောကလေးအလောင်းနှင့် အရိုးပေါ်အရေတင်ဖြစ်နေသော အမျိုးသမီးကိုမစဉ်းစားမိစေရန်ဖြစ်သည်။ ထို့နောက် သူ့ကိုယ်သူ အရူးတစ်ယောက်သဖွယ် နှစ်သိမ့််ချော့မြူရပြန်သည်။

ရှန့်လင်ယွမ်းနံဘေးရှိ မုတ်ဆိတ်နှင့်သက်တော်စောင့်တစ်ယောက်ဖြစ်သော မောင် (၃) သည် သူ့အဖြစ်ကိုကြည့်မနေနိုင်တော့ပေ။ အရှင့်သား ထိုကလေးအလောင်းကိုတွေ့မြင်သွားရခြင်းမှာ သူ၏အလုပ်တာဝန်ပေါ့လျော့မှုကြောင့်ဖြစ်သည်ဟု ခံစားလိုက်ရသောကြောင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် သစ်သားကျားရုပ်လေးတစ်ရုပ်ကို ထွင်းထုကာ နှစ်သိမ့်ချော့မြူခဲ့လေသည်။ မောင် (၃) သည် စက်ယန္တရားအတတ်ပညာတွင် ကျွမ်းကျင်သူဖြစ်သောကြောင့် သူထွင်းထုထားသည့် သစ်သားကျားရုပ်လေးမှာ လက်ရာမသေသပ်သော်ငြား လှုပ်ရှားနိုင်စွမ်းရှိလေသည်။ ရှန့်လင်ယွမ်းပေါက်စလေးသည် ထိုကဲ့သို့အသေးအဖွဲပစ္စည်းများကို စိတ်ဝင်တစားမရှိလှသော်ငြား ဆန့်ကျင်ဘက်အားဖြင့် ဓားဝိညာဉ်သည် ထိုအရာများကို နှစ်သက်သဘောကျသွားလေသည်။

ဓားဝိညာဉ်သည်ကား ဖော်လံဖားတတ်သည့်နေရာတွင် တစ်မိုးအောက်တစ်ယောက်ထွန်းသူဖြစ်သည်။ ရှန့်လင်ယွမ်းပေါက်စလေးအား တစ်ချိန်လုံးနားပူနားဆာလုပ်နေသောကြောင့် ၎င်းမှာ မည်သို့မျှမတတ်သာဘဲ သူ့အတွက် ပျံသန်းနိုင်သောငှက်လေးတစ်ကောင်လုပ်ပေးပါမည်ဟု ကတိပေးလိုက်ရသည်။ နေ့စဉ်နေ့တိုင်း ညနေခင်းသင်ခန်းစာမစတင်မီ သူသည် မောင် (၃) နောက်သို့လိုက်ကာ သစ်သားပန်းပုထွင်းထုခြင်းအတတ်ပညာကို သွားရောက်သင်ယူခဲ့သည်__ ၎င်းမှာ အသက်အရွယ်ငယ်ရွယ်သေးသူဖြစ်နေ‌သောကြောင့်ပင်လောမသိ၊ မင်းဆရာသန်းလီသည် သူ့အပေါ်တွင် စည်းကမ်းတင်းကျပ်ခြင်းမရှိသေးဘဲ သူ၏အိမ်စာများ နှောင့်နှေးကြန့်ကြာမှုမရှိသရွေ့ကတော့ ထိုအလုပ်ကို မသိကျိုးကျွံပြုပေးထားခဲ့သည်။

အရှင့်သားငယ်လေးသည် လက်မှုပညာအရာ၌ မွေးရာပါကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ များမကြာမီရက်ပိုင်းအတွင်းမှာပင် သူသည် မောင် (၃) ထံမှ ပန်းပုထွင်းထုခြင်းအတတ်ကို တတ်မြောက်သွား၏။ မောင် (၃) သည် စကားပြောကောင်းသူတစ်ဦးဖြစ်သည့်အပြင် ကလေးငယ်များကိုလည်း အလွန်အင်မတန်ချော့မြူတတ်သည်။ သူက တစ်ဖက်တွင် သစ်သားရုပ်လေးများကိုထွင်းထုနေရင်း တစ်ဖက်တွင်လည်း သူနှင့်ရဲဘော်ရဲဘက်များက နှင်းတောင်ပေါ်ဝယ် အန္တရာယ်နှင့်တွေ့ကြုံပြီး ကျားမိစ္ဆာကြီးနှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့ပုံများအကြောင်းကို ပြောပြနေသည်။ နောက်ပိုင်းခေတ်ကာလများရှိ ပုံပြောဇာတ်ဆရာတစ်ယောက်၏ဟန်ပန်အမူအရာမျိုး အတော်အတန်ကိန်းအောင်းနေလျက်။ ကလေးငယ်နှစ်ယောက်မှာ ထိုပုံပြင်များကို တမ်းတမ်းစွဲနေကြလေတော့သည်။

ရွှမ်းကျီးသည် အသိဉာဏ်ပင်လယ်အတွင်းမှတစ်ဆင့် ကလေးနှစ်ယောက်၏အတွေးစိတ်ကူးအလုံးစုံကို သိမြင်နေရသည်။ ၎င်းမှာ ဘေးမှလက်ပိုက်ကြည့်နေရင်း ကောင်းကင်မိစ္ဆာဓားဝိညာဉ်သည် ငယ်ရွယ်သောရှန့်လင်ယွမ်းအတွက် မည်ကဲ့သို့လူမျိုးဖြစ်သလဲဆိုတာကို ရုတ်တရက်နားလည်သဘောပေါက်သွား၏။

အရှင့်သားငယ်လေးသည် ငယ်စဉ်ကတည်းက စိုးရိမ်ပူပန်တတ်သူဖြစ်ပြီး သူ့ကိုယ်သူ လုံးဝဥဿုံ ကလေးတစ်ယောက်ပုံစံမျိုးပေါက်မနေစေအောင် ပြုမူနေထိုင်တတ်သူဖြစ်သည်။ သူ၏မသိစိတ်ထဲတွင် ဆော့ကစားချင်သော်ငြား၊ လေးလံသောဝန်ထုပ်ဝန်ပိုးကြီးများကို ခဏတဖြုတ်လွှတ်ချထားခြင်းသော်ငြား သူမလုပ်ရဲပါချေ။ ၎င်းမှာ ထိုကဲ့သို့အတွေးမျိုးကိုပင် မတွေးရဲပေ။ မဟုတ်ပါက အိပ်မက်ဆိုးများသည် သူ့ကိုလာရှာကြဦးမည်ဖြစ်သည်။

ခေါင်းမာသောဓားဝိညာဉ်သည်သာလျှင် သူ့ကိုယ်စား မျှော်လင့်တောင့်တပေးတတ်သူဖြစ်သည်။ ချော့တစ်ခါခြောက်တစ်လှည့်ဖြင့် သူ့ကို 'ဖိအားပေး' ကာ ပုံပြင်များကိုနားထောင်စေသည်။ သစ်သားရုပ်လေးများဖြင့် ဆော့ကစားစေသည်။ ညဉ့်နက်သန်းခေါင်ယံအချိန်တွင် သူ့ကိုယ်စား ငိုကြွေးပေးခဲ့သည်။

ဓားဝိညာဉ်နှင့်သူသည် တစ်ဦးနှင့်တစ်ဦး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနေကြသူများဖြစ်သည်။ သူ၏ပျော့ကွက်ဖြစ်သည်။ စိုးစဉ်းမျှမဖော်ပြရဲသော သူ၏အားနည်းချက်တို့ကို သူ့ကိုယ်စား စိတ်ရှိလက်ရှိထုတ်ဖော်ပြသပေးတတ်သူဖြစ်သည်။ သူ မခံစားခဲ့ဖူးသော ကလေးဆန်မှုကို သူ့ကိုယ်စားခံစားပေးခဲ့သူဖြစ်သည်။

သစ်သားငှက်ရုပ်လေးရုပ်လုံးပေါ်လာချိန်ဝယ် နှင်းတောင်ပေါ်တွင် ကျားရိုင်းကြီးကို နှိမ်နင်းခဲ့သောပုံပြင်မှာလည်း ဇာတ်ရှိန်အမြင့်ဆုံးနေရာသို့ရောက်ရှိနေပြီဖြစ်သည်။ အရှင့်သားငယ်လေးမှာ ခဏတစ်ဖြုတ်လေးတောင် ဆက်လက်မနေနိုင်တော့ပေ။ မင်းဆရာဖြစ်သူက ပုလွေမှုတ်ကာ သူ့ကိုလောဆော်နေလေပြီ။

မောင် (၃) သည် ကြည့်ကောင်းရှုပျော်ရှိသော သစ်သားရုပ်လေးကို ကောက်ယူလိုက်ပြီး ပြုံးလျက်ဆို၏။

"အရှင့်သား ဒီသစ်သားငှက်ရုပ်လေးကို မနက်ဖြန် အတောင်ပံတပ်ပေးလိုက်ရင် ပျံသန်းနိုင်တော့မှာပါ ဘုရား။ အရှင့်သားက သူ့ကို အမည်နာမတစ်ခု ချီးမြှင့်ပေးသနားတော်မူလိုပါသလား"

ဓားဝိညာဉ်က အော်ဟစ်လိုက်သည်။

"ကျွန်တော့်နာမည်ပေး၊ ကျွန်တော့်နာမည်ပေး"

ရှန့်လင်ယွမ်းပေါက်စလေးက မောင် (၃) ကိုပြောလိုက်သည်။

"*ရှောင်ကျီးလို့ခေါ်လိုက်မယ်"

ဤသည်မှာ ဓားဝိညာဉ်၏ငယ်နာမည်ပင်တည်း။

(*ရှောင်ကျီး (小鸡) ဆိုတဲ့နာမည်က 'ကြက်ပေါက်လေး' လို့ အဓိပ္ပာယ်ရပါတယ်။ ရွှမ်းကျီးရဲ့နာမည်မှာပါတဲ့ 'ကျီး' ဆိုတဲ့စကားလုံးနဲ့အသံထွက်ဆင်တူပါတယ်။ ဒါကြောင့် lie huo ဖန်တွေက ရွှမ်းကျီးကို ကြက်ပေါက်လေးဆိုပြီး နာမည်ပြောင်ပေးထားကြပါတယ်)

"ဟားဟား"

မောင် (၃) သည် ရှန့်လင်ယွမ်းငယ်လေးနှင့်ရင်းနှီးကျွမ်းဝင်သွားခဲ့ပြီး ၎င်းမှာ ဤကဲ့သို့ကလေးငယ်လေးတစ်ယောက်၏စိတ်ဝင်စားမှုမျိုးကို ရှားရှားပါးပါးတွေ့မြင်ခဲ့ရလေသည်။ ၎င်းက သူ့ကိုပွေ့ပိုက်လိုက်ပြီး သူ၏ကျယ်ဝန်းသောပုခုံးပြင်ပေါ်သို့တင်ကာ သန်းလီထံသို့ပို့ဆောင်ပေးရန် အသင့်ပြင်လိုက်သည်။

"အရှင့်သားဆီက အမည်နာမတစ်ခုချီးမြှင့်ခံလိုက်ရရင် ဒီငှက်လေးဟာ အသက်ဝိညာဉ်ဖြစ်တည်လာပါလိမ့်မယ်။ ပြောလို့မရဘူး၊ အရှင့်သားရဲ့မြင့်မြတ်တဲ့ ဂုဏ်ရောင်ဂုဏ်ဝါကြောင့် ကောင်းကင်ဘုံကိုးဆင့်အထိတောင် ပျံသန်းသွားနိုင်ပါလိမ့်မယ်"

ရှန့်လင်ယွမ်းပေါက်စလေးမှာ စိတ်နှလုံးသိမ့်ခနဲတုန်လှုပ်သွားပြီး မောင် (၃) ကို ငုံ့ကြည့်ကာမေးမြန်းလိုက်သည်။

"မောင်မင်းက ဟယ်နေ့က 'ပျန့်' မျိုးနွယ်စုဝင်မဟုတ်လား၊ မောင်မင်းမှာ နာမည်ရှိသလား"

မောင် (၃) က ပြုံးလျက်ဖြေကြားလိုက်သည်။

"ကျွန်တော်မျိုးက နိမ့်ကျတဲ့မျိုးဆက်တစ်ယောက်ပါ။ အိမ်မှာနေတုန်းကတော့ ကျွန်တော့်ရဲ့အဖေ၊ အမေ၊ ဦးလေး၊ ဘကြီးတွေက ကျွန်တော်တို့ကို သွားပေါက်တဲ့ အသက်အရွယ်အစဉ်အတိုင်းခေါ်ဝေါ်လေ့ရှိပါတယ်။ အရှင့်သားနောက်ကိုလိုက်လာပြီး 'မြေပြင်သစ်ကိုင်းမောင်' အဖွဲ့ကို ဝင်ရောက်လာပြီးတဲ့နောက်မှာတော့ အဆင့် (၃) နေရာကိုရရှိခဲ့တာမို့ မောင် (၃) လို့ခေါ်ပါတယ်။ တခြားနာမည်မရှိကြောင်းပါ ဘုရား"

ရှန့်လင်ယွမ်းလေးက ဆိုသည်။

"ဒါဖြင့် ကိုယ်တော် နာမည်တစ်ခုစဉ်းစားထားတယ်၊ မောင်မင်းကို လောကသိနာမည်တစ်ခုပေးအပ်ချီးမြှင့်လိုက်မယ်၊ မောင်မင်းကို..."

"အရှင့်သား"

အတော်အတန်ဩရှသောအသံတစ်သံက သူ့စကားကိုကြားဖြတ်လိုက်သည်။

ရှန့်လင်ယွမ်းခေါင်းမော့ကြည့်လိုက်သော် မျက်နှာဖုံးတပ်ထားသော မင်းဆရာဖြစ်သူသည်ကား မည်သည့်အချိန်ကတည်းက သူ့ထံသို့ လျှောက်လှမ်းလာနေသလဲမသိ။ သူက ပုခုံးနှင့်နောက်ကျောပြင်ကို ကမန်းကတန်း ဆန့်မတ်လိုက်ပြီး မောင် (၃) ၏ပုခုံးပေါ်မှဆင်းလာကာ ဆရာဖြစ်သူကို ကျကျနန ဂါရဝပြုလိုက်လေသည်။

"ဆရာ"

သန်းလီက သူ့ကို လက်ယပ်ခေါ်လိုက်ပြီး ညင်သာစွာပြောလာသည်။

"*ကောင်းကင်ပင်စည်နဲ့ မြေပြင်သစ်ကိုင်းတပ်ရင်းက စစ်သည်တော်အားလုံးကို သူတို့ရဲ့နံပါတ်စဉ်အတိုင်းပဲ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ လူတိုင်းလူတိုင်းမှာ မျိုးရိုး၊ နာမည်မရှိပါဘူး။ အရှင့်သားက မောင် (၃) တစ်ယောက်တည်းကို အမည်နာမတစ်ခုပေးအပ်ချီးမြှင့်လိုက်မယ်ဆိုရင် နောက်ပိုင်းမှာ သူဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ ဘယ်လိုနေထိုင်သွားရပါမလဲ" [*See Note]

မောင် (၃) သည် အလွန်အင်မတန်အကင်းပါးသူဖြစ်သည်။ သူက မင်းဆရာဖြစ်သူ၏စကားအတိုင်း ရေလိုက်ငါးလိုက်ပြန်ပြောလိုက်သည်။

"လူကြီးမင်းသန်းလီပြောတာမှန်ပါတယ်။ ကျွန်တော်မျိုးဟာ ဒီလိုမျက်နှာသာပေးခံရလောက်အောင်အထိ ကြီးကြီးမားမားစွမ်းဆောင်မှုမျိုး မရှိသေးပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေသာ ဒီအကြောင်းကိုကြားသိသွားရင် ကျွန်တော့်ကိုမနာလိုမရှုစိမ့်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်မျိုး မိစ္ဆာမျိုးနွယ်စုရဲ့ဦးခေါင်း ၁၂ လုံးကိုဖြတ်ပြီး အလောင်းပေါင်း ၁၀၀ ကိုတိုက်ခိုက်အနိုင်ယူနိုင်တဲ့တစ်နေ့ကျမှပဲ အရှင့်သားကိုလာရှာပြီး အမည်နာမတစ်ခုတောင်းခံပါတော့မယ်"

ရှန့််လင်ယွမ်းလေးသည် ထိုလူနှစ်ယောက်၏ငြင်းဆန်ကန့်ကွက်မှုကို မျက်နှာသေဖြင့်လက်ခံလိုက်ရပြီး ဘာတစ်ခွန်းမျှ ထပ်မပြောတော့ပါချေ။

သို့သော် ၎င်းမှာ သူ့လက်ချောင်းများကိုလှုပ်ရှားနေပြီး မောင် (၃) အား နာမည်နာမတစ်ခုပေးအပ်ရန်အဆင်သင့်ပြင်ထားရင်း သူ့စိတ်ထဲတွင် လှပတင့်တယ်သော နာမည်ပေါင်းများစွာကို စတင်၍တွက်ချက်စဉ်းစားနေသည်ကို ရွှမ်းကျီးတစ်ယောက် 'ကြား' လိုက်ရလေသည်။

ထိုခဏဝယ် ရွှမ်းကျီးသည် မိစ္ဆာအိုကြီးပြုလုပ်ခဲ့သောဆိုးဝါးသည့်လုပ်ရပ်အားလုံးကို မေ့လျော့သွားခဲ့ပြီး ကလေးငယ်လေး၏စိတ်နှလုံးထဲတွင်ဖိနှိပ်ချုုပ်တည်းထားသော စကားသံများကိုသာလျှင် အာရုံစိုက်၍နားထောင်နေမိသည်။ သူ့ကို ထွေးပွေ့ထားချင်မိသည်၊ အဝေးမှထိန်းချုပ်လို့ရသော ပျံသန်းနိုင်သည့် ဘက်ထရီကစားစရာအရုပ်လေးတစ်ရုပ်ပေးချင်သည်၊ ကမ္ဘာလောကကြီး၏ ဝန်ထုပ်ဝန်ပိုးများကို စိုးစဉ်းမျှထမ်းပိုးထားခြင်းမရှိဘဲ တစ်ကြိမ်တစ်ခါလောက် စိတ်လွတ်ကိုယ်လွတ်ပြုံးရယ်စေချင်မိသည်။

သို့သော် ကံမကောင်းအကြောင်းမလှစွာပင် 'ရှောင်ကျီး ဟု ခေါ်တွင်သော သစ်သားငှက်ရုပ်လေးသည် သူ၏ပုံစံအတိုင်းပင် အမှန်တကယ်ပျံသန်းသွားနိုင်ခြင်းမရှိခဲ့ပါချေ။

နောက်တစ်နေ့သို့ရောက်သော် သူတို့သည် အမွေးရှိမြွေသတ္တဝါအုပ်စု၏ အလစ်အငိုက်တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ အုတ်အော်သောင်းနင်းဖြစ်နေသော အခြေအနေအတွင်းဝယ် သစ်သားငှက်ရုပ်လေးမှာ ပျောက်ဆုံးသွားခဲ့ပြီး မောင် (၃) သည်လည်း အရှင်သခင်ဖြစ်သူကို ကာကွယ်စောင့်ရှောက်နေရင်း အမွေးရှိမြွေတစ်ကောင်၏ကိုက်ဖြတ်ခြင်းကိုခံခဲ့ရသဖြင့် ခါးနေရာမှ ထက်ပိုင်းပြတ်ထွက်သွားရှာသည်။

ငယ်ရွယ်သောတော်ဝင်သက်တော်စောင့်လေး၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ပျံဝဲထွက်သွား၏။ လူကမူ လုံးလုံးလျားလျားအသက်ဇီဝိန်ချုပ်ငြိမ်းမသွားသေးပါချေ။ အဆိုပါတစ်ပိုင်းပြတ်နေသည့်ခန္ဓာကိုယ်သည် မြေပြင်ကို တံတောင်ဖြင့်ထောက်ထားရင်း အရှေ့သို့ကြိုးစားပမ်းစားတိုးရွှေ့လာနေသည်။

"အရှင့်....သား....ခွင့်လွှတ်တော်မူပါ...နှင်းတောင်....နှင်းတောင်ပေါ်က ကျားမိစ္ဆာကိုအနိုင်ယူခဲ့တဲ့ပုံပြင်ဟာ... ကျွန်တော်မျိုး... လေလုံးထွားပြီး.... လျှောက်ပြောခဲ့တာပါ..."

ခန္ဓာကိုယ်တစ်ပိုင်းပြတ်နေသော တော်ဝင်သက်တော်စောင့်လေးသည်ကား ပုံပြင်ကိုပြီးဆုံးအောင်ဆက်ပြောရန် ရေကုန်ရေခမ်းကြိုးစားအားထုတ်နေရှာသည်။

"ကျွန်တော်တို့မလုပ်နိုင်...အဲဒီကျားမိစ္ဆာကြီးက ကျွန်တော့်ညီလေးရဲ့.....ကျွန်တော့်ညီလေးရဲ့ နှလုံးသားကို ထုတ်ယူသွားခဲ့တယ်.....အဲဒီအချိန်မှာ ကျွန်တော်က သစ်ပင်ပေါ်မှာပုန်းနေခဲ့တာပါ..."

ထို့နောက် သူ၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန်တွန့်လိမ်အကြောဆွဲနေရှာတော့သည်။ အခြားသောသက်တော်စောင့်တစ်ယောက်က ခုန်ဝင်လာပြီး ရှန့်လင်ယွမ်းပေါက်စလေးကို ပွေ့ချီကာ ထွက်ပြေးသွား၏။ အရှင့်သားငယ်လေး၏အကြည့်များမှာမူ ယခင်အတိုင်း မောင် (၃) ၏ကိုယ်ပေါ်ဝယ် စွဲမြဲစွာရစ်သိုင်းနေလျက် သူ့နှုတ်ခမ်းလွှာများကို ဖတ်ရှုနေနိုင်ဆဲဖြစ်သည်။

မောင် (၃) က ပြောနေသည်။

"အရှင့်သား....အမည်နာမတစ်ခုကို ချီးမြှင့်တော်မမူပါနဲ့....နောက်ထပ် ..."

လူပင်ဖြစ်စေ၊ သစ်သားပန်းပုရုပ်ပင်ဖြစ်စေ အမည်နာမတစ်ခုရရှိသွားလျှင် သူတို့ကို မေ့ပျောက်နိုင်တော့မည်မဟုတ်ပါချေ။

မမေ့ပျောက်နိုင်လျှင် စိတ်နှလုံးထိခိုက်နာကျင်ရပေလိမ့်မည်။

ထို့နောက် အဆိုပါမျက်လုံးတစ်စုံထဲရှိအလင်းရောင်မှာ ပြန့်ကျဲသွားလေသည်။ ၎င်းမှာ အသက်ဇီဝိန်ချုပ်ငြိမ်းသွားသော်ငြား လူသားမျိုးနွယ်စု၏ဟောကိန်းအတွင်းရှိ ကလေးငယ်လေးကို ယခင်အတိုင်း မိုက်မဲစွာ စူးစိုက်ကြည့်ရှုနေဆဲဖြစ်သည်။ သူသည် မျှော်လင့်ချက်ပျက်သုဉ်းနေသော သေမျိုးလူသားတို့အား ခိုနားရာနေရာတစ်ခုပေးနိုင်ပြီး ပျောက်ဆုံးသွားသောလူ့လောကကြီးကို ပြန်လည်ထမ်းပိုးယူဆောင်လာပေးလိမ့်မည်ဟု မျှော်လင့်တောင့်တနေလျက်။

ထိုနောက်ပိုင်းမှစ၍ ရှန့်လင်ယွမ်းသည် ပန်းပုအတတ်ပညာကိုတတ်မြောက်သွားသော်ငြား ပန်းပုရုပ်များကို အမည်နာမပေးအပ်ခြင်းမရှိတော့သလို သူ၏အနီးကပ် သက်တော်စောင့်များကိုလည်း အမည်နာမချီးမြှင့်ခြင်းမပြုလုပ်တော့ပါချေ။

သူတို့အထဲတွင် 'ချန် (၁၇)'၊ 'ဝေ့ (၂)'၊ 'ဇီ (၁)'၊ 'ရွှီး (၄)' ဟူသောလူများပါဝင်ကြသည်။ ၎င်းတို့သည် ရောက်လာပြီး ထွက်ခွာသွားခဲ့ကြသည်__ သက်ဝင်တက်ကြွစွာ ရောက်ရှိလာခဲ့ပြီး ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်ကာ ထွက်ခွာသွားခဲ့ကြသည်။

၎င်းတို့ထံတွင် အမည်နာမများမရှိစေကာမူ သူတို့သည် ရှန့်လင်ယွမ်း၏ကိုယ်ပေါ်ဝယ် အမှတ်အသားများကိုချန်ရစ်ထားခဲ့ကြဆဲဖြစ်သည်။

မောင် (၃) သည် သူ့ကို ပန်းပုရုပ်ထွင်းထုသည့်အတတ်ပညာကိုသင်ပေးခဲ့သည်။ ချန် (၁၇) သည် သူ့ကို ပုလွေမှုတ်ခြင်းအတတ်ပညာကိုသင်ပေးခဲ့သည်။ ဝေ့ (၂) သည် သူ့ကို 'ရွှင်း' တီးမှုတ်ခြင်းအတတ်ပညာကိုသင်ပေးခဲ့သည်။ ဇီ (၁) သည် သူ့ကို အရှေ့တောင်ပိုင်းမှ ကျေးလက်ရိုးရာတေးတစ်ပုဒ်ကိုသင်ပေးခဲ့သည်....ထိုသူတို့သည် သူ့ကို လူသားဧကရာဇ်တစ်ပါးဖြစ်လာအောင် တစ်ယောက်တစ်ချက်စီ ထွင်းဆစ်ပေးခဲ့ကြလေသည်။

31.12.2022

~~~~~~~~~~~~~~~~~

[*Note]

[T/N *ကောင်းကင်ပင်စည်၊ မြေပြင်သစ်ကိုင်းဆိုတာတွေဟာ ရှန်မင်းဆက်ခေတ်ကနေ အစပြုခဲ့တဲ့ တရုတ်ရိုးရာတွက်ချက်နည်းတစ်မျိုးပါ။ ကောင်းကင်ပင်စည် ၁၀ ခု {甲 (ကျာ), 乙 (ရီ), 丙 (ပင်), 丁 (တင်း), 戊 (ဝု), 己 (ကျီ), 庚 (ကန်း), 辛 (ရှင်း), 壬 (ရန်), 癸 (ကွေ)} ရှိပြီး မြေပြင်သစ်ကိုင်း ၁၂ ခု {子 (ဇီ), 丑 (ချို), 寅 (ယင်), 卯 (မောင်), 辰 (ချန်), 巳 (စစ်), 午 (ဝူ), 未 (ဝေ့), 申 (ရှန်း), 酉 (ယို), 戌 (ရွှီး), 亥 (ဟိုက်)} ရှိပါတယ်။

သူတို့တွေဟာ အစဉ်ပြကိန်းတွေပါ။ နားလည်လွယ်အောင်ပြောရရင် အင်္ဂလိပ်စာမှာရှိတဲ့ Alphabet တွေလိုပေါ့။ ကောင်းကင်ပင်စည်က နာမည်တစ်ခုနဲ့ မြေပြင်သစ်ကိုင်းက နာမည်တစ်ခုကိုပေါင်းစပ်လိုက်ရင် နာမည်အမျိုးပေါင်း ၆၀ ပါတဲ့ 60-year-cycle တစ်ခုရပါတယ်။ အဲဒီနာမည်စုစုပေါင်း ၆၀ ကိုအသုံးပြုပြီး နေ့ရက်၊ လ၊ နှစ်တွေကို မှတ်သားကြပါတယ်။ နောက်ပိုင်းမှာတော့ ရှေ့ဖြစ်ဟောကိန်းတွေနဲ့ ဖုန်းရွှေပညာရပ်တွေမှာပါ အသုံးပြုလာကြပါတယ်။ 'မောင်' ဆိုတဲ့နာမည်ကတော့ မြေပြင်သစ်ကိုင်းမှာ လေးခုမြောက်နာမည်ဖြစ်ပါတယ်။]

Seguir leyendo

También te gustarán

1.6M 291K 198
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေ ဖြစ်ကုန်ပြီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
1M 125K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...