သောကမီးလျှံ

Od Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း Viac

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၆)
(၆၇)

(၆၅)

1.4K 128 21
Od Ling____

အခန်း (၆၅)

ရွှမ်းကျီးခမျာ သူ့တံတွေးနှင့်သူသီးကာ သေလုမျောပါးဖြစ်သွားရှာ၏။ ကပေါက်တိကပေါက်ချာဖြစ်နေသော အဆိုပါအမွေဆက်ခံမှုများ၏ လွှမ်းမိုးသက်ရောက်မှုများကြောင့် သူ၏အတွေးများမှာ ဆိုးဆိုးဝါးဝါးကို ချွတ်ယွင်းနေလေရာ 'အရင်ဆုံး ငါ့နောက်ကိုလိုက်ခဲ့' နှင့် 'သင်ပေးမယ်' ဟူသော စကားလုံးနှစ်လုံးကိုကြားလိုက်ရသည့်တခဏအတွင်းဝယ် သူ့အတွေးများမှာ လမ်းချော်သွားရှာတော့သည်။

"ငါနဲ့ခဏတဖြုတ်လိုက်ခဲ့ပြီး အရေးအကြောင်းကြုံလာရင် မင်းရဲ့အသက်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်မဲ့ လှည့်ကွက်လေးတွေ သင်ပေးမလို့ပြောတာပါ"

ရှန့်လင်ယွမ်းက မျက်လုံးများကိုမှေးကျဉ်းလျက်ဆို၏။

"မင်းက ဘာဖြစ်လို့လန့်သွားရတာလဲ"

ရွှမ်းကျီး : "ကျွန်တော် မလန့်....မလန့်ပါဘူးဗျ။ ဒီအတိုင်း အဟမ်း အဟမ်း အဟမ်း အဟမ်း ...လူကြီးမင်းရဲ့မျက်နှာသာပေးမှုကြောင့် အံ့ဩသွားရုံတင်ပါ"

သူက အေးဆေးတည်ငြိမ်နေသလိုဟန်ဆောင်လိုက်ပြီး ရှန့်လင်ယွမ်းကို ပြန်လှည့်ကြည့်လိုက်သည်။ မထင်မှတ်ဘဲ အနှီအဆုံးမရှိသော မဟူရာရောင် မျက်ဝန်းတစ်စုံနှင့်အကြည့်ချင်းဆုံစည်းသွားသောအခါဝယ် ၎င်းမှာ ရုတ်ချည်းပင် လွှဲယမ်းနေသော ဒန်းတစ်စီးပေါ်တွင်ရောက်နေသူတစ်ယောက်သဖွယ် ရင်တုန်ပန်းတုန်ဖြစ်သွားရှာ၏။ ချက်ချင်းဆိုသလိုပင် သူ့အကြည့်များမှာ ခြေဖနောင့်ပေါ်သို့ ပြုတ်ကျသွားရှာတော့သည်။ ရွှမ်းကျီး၏ဘယ်ဘက်ဦးနှောက်သည် သူ့ကိုယ်သူ တည်ငြိမ်အောင်အသည်းအသန်လုပ်ဆောင်နေပြီး စိတ်အေးအေးထားရန် သတိပေးနေသည်။ သို့သော် သူ၏ညာဘက်ဦးနှောက်ထဲတွင်မူ 'ငါ့နောက်လိုက်ခဲ့' ဟူသည့် စကားတစ်ခွန်းသာရှိနေခဲ့ပြီး ကောင်းကင်ယံသို့ မီးတောက်မီးလျှံများ တစ်ဟုန်ထိုး ဆန်တက်သွားလုမတတ် ပူပြင်းတောက်လောင်နေသည်။ အပူအအေးမညီမျှသော ဦးနှောက်နှစ်ခြမ်းမှာ အပူစီးကူးသွားသည်နှင့်တစ်ပြိုင်နက် ဟာရီကိန်းမုန်တိုင်းတစ်ခု ရုတ်ချည်းဖြစ်ပေါ်လာပြီး လည်ပင်းပေါ်ရှိ အင်္ဂါအစိတ်အပိုင်းသည် အခြေခံအားဖြင့် သူ၏ဇီဝကမ္မလုပ်ငန်းဆောင်တာများ ပျောက်ဆုံးသွားရှာတော့သည်။

ရှန့်လင်ယွမ်းက သူ့ကိုကြည့်နေရင်း အနှီမိစ္ဆာလေး၏ခန္ဓာကိုယ်ပေါ်တွင် သံသယဖြစ်ဖွယ်ကောင်းသောအချက်များ တဖြည်းဖြည်းပို၍များပြားလာသည်ဟု ခံစားလိုက်ရသည်။

ပထမဆုံးအနေဖြင့် ရွှမ်းကျီးသည် သူ မတတ်မြောက်သင့်သော အရာတော်တော်များများကို တတ်မြောက်နေခဲ့သည်__မည်သို့ပင်ဖြစ်စေ မီးလျှံငှက်အရိုးချိပ်စည်းများကို ချီကျန်းငါးနှစ်မြောက် နှစ်ကုန်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်လေ။ ထိုအချိန်၌ မိစ္ဆာမျိုးနွယ်စုတို့မှာ အင်အားယုတ်လျော့သွားကြပြီဖြစ်သလို ကောင်းရှန်းလူသားများနှင့် နတ်ဆရာမျိုးနွယ်စုတို့သည်လည်း မရှိကြတော့ပါချေ။ ရေသူမျိုးနွယ်စုမှာမူ ထို့ထက်ပို၍ဆောလျင်စွာပင် အစအနမကျန်အောင်ပျောက်ဆုံးသွားပြီဖြစ်သည်။ သူ၏မျိုးနွယ်စုထဲတွင် 'စကားလုံးမဲ့စာအုပ်' ရှိနေသည်ဆိုလျှင်တောင်မှ ဤကဲ့သို့ချောင်ကြိုချောင်ကြားမှ ကလိမ်ကကျစ် မန္တန်အစီအရင်များကို အမွေဆက်ခံနိုင်ခြင်းရှိလိမ့်မည်မဟုတ်ပါချေ။

ဒုတိယအချက်အနေဖြင့် ပိရှအတွက် သည်နေ့သည်အချိန်ထိ သံသယဖြစ်ဖွယ်အကောင်းဆုံးအချက်မှာ မီးအစောင့်အရှောက်မျိုးနွယ်စုသည် သူ၏ရုပ်အလောင်းအား 'သက်ရှိဝိညာဉ်ဖြင့် ရုပ်အလောင်းကိုထိန်းသိမ်းမွေးမြူခြင်း' ဟူသည့် ရှေးဟောင်းနည်းလမ်းတစ်ရပ်ဖြင့် ကျောရိုးထဲတွင် ထိန်းသိမ်းပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် 'သက်စောင့်ဝိညာဉ်စွမ်းအား' တစ်ရပ် လိုအပ်ပေသည်။ ဤသို့ဤနှယ် ရုပ်အလောင်းကိုမွေးမြူထိန်းသိမ်းခြင်းသည် နှစ်ပရိစ္ဆေဒကြာညောင်းလာချိန်ဝယ် ရံဖန်ရံခါ 'သက်စောင့်လက်နက်' တစ်ခု၏ ပုံစံမျိုးထွက်ပေါ်လာတတ်သည်။ သို့သော် ရွှမ်းကျီး၏ 'သက်စောင့်လက်နက်' သည် ဓားတစ်ချောင်းဖြစ်နေသည်။ ဤသည်မှာ သက်စောင့်သတ္တုအမျိုးအစားပိုင်ရှင်များထံမှ သာလျှင် ထွက်ပေါ်လာနိုင်သော 'လက်နက်' မျိုးဖြစ်သည်။

သို့သော် မီးလျှံငှက်အရိုးချိပ်စည်း နှင့် ချိယွမ်း၏စွမ်းအင်စီးကြောင်းမှ ဆင်းသက်လာခဲ့သောလူထံတွင် အဘယ်ကြောင့် 'မိုးကြိုး-မီး' ဂုဏ်သတ္တိအပြင် 'သတ္တု' ဂုဏ်သတ္တိပါ ထွက်ပေါ်နေရပါသနည်း။

ရှန့်လင်ယွမ်းက ခေါင်းငုံ့ကာ မတ်တပ်ထရပ်လိုက်သည်။ ရွှမ်းကျီး၏ ကသိကအောက်ဖြစ်နေမှုများကို သတိမထားမိသလိုဟန်ဆောင်လိုက်ပြီးသော် တံခါးဝဆီသို့ လျှောက်လှမ်းသွား၏။

"ညဉ့်နက်နေပြီ။ ငါ မင်းအနားယူတာကို မနှောင့်ယှက်တော့ပါဘူး"

ရွှမ်းကျီးက မနေနိုင်မထိုင်ဖြစ်စွာ ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ရှန့်လင်ယွမ်း၏ နောက်ကျောပုံရိပ်လေးကို လိုက်ကြည့်နေရင်း 'ခင်ဗျားဘယ်သွားမလို့လဲ' ဟု မေးရန်ပြင်လိုက်စဉ် ရှန့်လင်ယွမ်းက တစ်ခုခုကိုသတိရသွားဟန်ဖြင့် ရုတ်တရက် ပြန်လှည့်လာပြီး စကားဆိုလိုက်သည်။

"ဟုတ်သားပဲ။ မင်း 'အရိပ်လူသား' ဆိုတာကိုသိလား"

ရွှမ်းကျီးက တစ်ချက်မျှကြောင်အမ်းအမ်းဖြစ်သွား၏။ ရှန့်လင်ယွမ်း ခုနလေးတင် ပြောကြားခဲ့သော 'အရိပ်လူသား' ဟူသည့်အရာမှာ 'လူနှင့်တူသော မျိုးနွယ်စုကြီး' များအနက်မှ မျိုးနွယ်စုတစ်စုဖြစ်နိုင်သည်။ ယခင်တုန်းက ရွှမ်းကျီးသည် အမှန်စင်စစ် အဆိုပါအသုံးအနှုန်းကိုမကြားဖူးခဲ့သော်ငြား 'အမွေဆက်ခံခြင်း' ဟူသောအရာကြောင့် ယခုအချိန်တွင်မူ သူ၏ဦးနှောက်သည် ရှာဖွေရေးအင်ဂျင်စက်တစ်လုံးကဲ့သို့ဖြစ်နေပြီး အဓိကစကားလုံးများကို ထည့်သွင်းလိုက်သည်နှင့် ထိုအရာနှင့်ပတ်သက်ဆက်နွှယ်သော မှတ်ဉာဏ်များမှာ အလိုအလျောက် ထွက်ပေါ်လာတော့သည်။

ရွှမ်းကျီးက နှုတ်မှ လွှတ်ခနဲပြောဆိုလိုက်သည်။

"အရိပ်လူသား....ယုံတမ်းစကားတွေအရဆိုရင် အရိပ်လူသားတွေဆိုတာ 'မျိုးနွယ်စုမရှိ၊ အဖေအမေမရှိ၊ မျိုးနွယ်မရှိ၊ အမည်နာမမရှိ၊ ကိုယ်ကျင့်သီလမရှိတဲ့' လူမျိုးစုတစ်စုပဲ။ သူတို့တွေဟာ ကလေးဘဝမှာ အရိပ်တွေလိုမျိုး ရေထဲကို၊ ကျောက်တုံးတွေထဲကို ဖြတ်သန်းသွားလာနိုင်ကြတယ်။ ဒါကြောင့် 'အရိပ်လူသား' လို့ခေါ်ကြတာပဲ.... ဟုတ်တယ်မလား"

နတ်ဆရာများသည် မန္တန်အစီအရင်အတတ်ပညာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြသည်။ ကောင်းရှန်းသားများသည် လက်နက်သွန်းလုပ်သည့် အတတ်ပညာတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ကြသည်။ 'အရိပ်လူသား' များမှာမူ အရာအားလုံးကို တစ်ဖက်ကမ်းခတ်တတ်မြောက်သူများဖြစ်သည်ဟုပြောနိုင်သလို ဘာတစ်ခုမျှမကျွမ်းကျင်သူများဟုလည်းပြောနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ထူးခြားသောလူမျိုးစုတစ်စုဖြစ်နေသောကြောင့်ပင်တည်း__ မျိုးနွယ်စုတစ်စုဟူ၍ပင် ပြောနိုင်ရန်ခက်ခဲလှသည်။ သူတို့သည် မျိုးနွယ်တူရာချင်း စုပေါင်းနေထိုင်ခြင်းမရှိသလို 'မျိုးနွယ်စု' ဟူသည့်အတွေးမျိုးတောင်ရှိမနေသလိုပင်။ ၎င်းတို့မှာ 'မျိုးနွယ်' မရှိသူများပင်ဖြစ်သည်။

အရိပ်လူသားများသည် သူတို့၏ကလေးများကို မွေးရုံသာမွေးပြီး ကျွေးမွေးစောင့်ရှောက်ခြင်းမပြုပါချေ။ မွေးကင်းစကလေးများကို မြေကြီးထဲတွင် သည်အတိုင်း ပစ်ထားခဲ့လေ့ရှိသည်။ ထိုကလေးပေါက်စလေးများမှာ ဖြစ်သလို ရှင်သန်ကြီးပြင်းကြရသည်။ ရှင်သန်နိုင်လျှင် ကြီးပြင်းလာမည်ဖြစ်ပြီး မရှင်သန်နိုင်လျှင်တော့ သေဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ကို 'အမိ၊ အဖမရှိသူများ' ဟုခေါ်ဆိုကြခြင်းဖြစ်သည်။

မွေးကင်းစ အရိပ်လူသားများမှာ အထီး၊ အမ ကွဲပြားခြင်းမရှိသလို လူပုံပန်းသဏ္ဌာန်လည်း မရှိကြပါချေ။ များသောအားဖြင့် အရိပ်တစ်ခုကဲ့သို့ပင် တောင်တန်းများနှင့် ကျောက်စိုင်ကျောက်သားများပေါ်တွင် ကပ်ပါးကောင်သဖွယ်တွယ်ကပ်နေထိုင်ကြသည်။ ၎င်းတို့မှာ ခန့်မှန်းချေအားဖြင့် အသက် ၂၀၊ ၃၀ ခန့်အထိ ရှင်သန်နိုင်ကြပြီး နောက်ပိုင်းတွင်မူ အလိုအလျောက် ခန္ဓာပျက်သုဉ်းကာ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များအတွင်းသို့ပြန်လည်ဝင်ရောက်သွားကြသည်။ ၎င်းတို့သည် မြက်ပင်များကဲ့သို့ တိတ်တဆိတ်ရှင်သန်ကြီးပြင်းလာပြီး တိတ်တဆိတ် ညှိုးလျော်ခြောက်သွေ့သွားကြရှာသည်။ မျိုးရိုးမရှိ၊ အမည်နာမမရှိဘဲ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းဘဝသံသရာတွင် အဖန်တလဲလဲ ကျင်လည်ကျက်စားနေသူများပင်တည်း။

အရိပ်လူသားများသည် 'ကလေးဘဝ' ကိုကျော်လွန်ပြီး ဆက်လက်၍ အသက်ရှင်သန်လိုပါက မဖြစ်မနေ 'အရှင်သခင်တင်မြှောက်' ရပေလိမ့်မည်။ အရှင်သခင်တင်မြှောက်ခြင်းသည် သူတို့ဆက်လက်အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သလို အရိပ်လူသားတို့၏ မွေးရာပါ အရည်အချင်းတစ်ရပ်လည်းဖြစ်သည်။ သင့်တော်သောအရှင်သခင်တစ်ယောက်ကို ရှာဖွေလိုက်ပါက အရိပ်လူသားများသည် ရုပ်ခန္ဓာတစ်ခုရရှိလာမည်ဖြစ်ပြီး အသိစိတ်တစ်ခုပါရရှိလာနိုင်သည်။ သူတို့၏အကျင့်စရိုက်နှင့် ပုံပန်းသဏ္ဌာန်မှာ အရှင်သခင်ဖြစ်သူ၏အကြိုက်နှင့် ချွတ်စွပ်တူနေတတ်သည်။ များသောအားဖြင့် အရှင်သခင်ဖြစ်သူ၏မျိုးနွယ်စုကို လိုက်ပြီးခံယူလေ့ရှိသလို ထိုမျိုးနွယ်စု၏စွမ်းအားများကိုပါ ရရှိသွားတတ်သည်။ အရှင်သခင်၏အကြိုက်ကိုလိုက်ကာ သူတို့ကြိုက်နှစ်သက်လေ့ရှိသော ပုံပန်းသဏ္ဌာန်အတိုင်း နေထိုင်လေ့ရှိသည်။ ထို့ကြောင့် ရှေးယခင်က အရိပ်လူသားများကို 'အရိပ်ကျေးကျွန်များ' ဟုခေါ်ဆိုကြခြင်းဖြစ်သည်__ဤသည်မှာ 'ကိုယ်ကျင့်သီလမရှိခြင်း' ပင်တည်း။

အရှင်သခင်ဖြစ်သူသည် ဤကဲ့သို့အရိပ်လူသားများကို အပြည့်အဝ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိလေသည်။ အရိပ်လူသားများသည် များသောအားဖြင့် အရှင်သခင်ဖြစ်သူနှင့်အတူတကွ သေဆုံးသွားရလေ့ရှိသည်။ အကယ်၍ အရှင်သခင်ဖြစ်သူက အရိပ်လူသားအား သူ၏အမွေဆက်ခံသူအဖြစ် ဆက်လက်ရှင်သန်နေထိုင်သွားရန်အမိန့်ပေးခဲ့ပါက အရိပ်လူသားသည် သူတို့မျိုးနွယ်စု၏အမွေဆက်ခံသူအဖြစ်တည်ရှိနေပြီး တစ်ခါတရံ နှစ်ထောင်ပေါင်းများစွာတိုင်အောင် အသက်ရှည်ကြပြီး မျိုးနွယ်စု၏ နောက်ဆုံးမျိုးဆက်ပြတ်တောက်သွားချိန်အထိတိုင်အောင် နေထိုင်သွားလေ့ရှိသည်။ အရှင်သခင်သေဆုံးသွားသောအခါ အရိပ်လူသားများသည် အရှင်သခင်ဖြစ်သူ၏ မှတ်ဉာဏ်နှင့် မပြီးဆုံးသေးသောတာဝန်များကို ဆက်လက်အမွေဆက်ခံကြရင်း သက်ရှိအမှတ်တရကမ္ဗည်းတိုင်တစ်တိုင်သဖွယ် ပြောင်းလဲသွားကြလေသည်။

အဆိုပါအသစ်စက်စက်မှတ်ဉာဏ်များမှာ များပြားပြီးရှုပ်ထွေးနေစေကာမူ ရွှမ်းကျီးသည် သူတို့ထဲမှ အရေးကြီးသောအချက်ကိုဖမ်းဆုပ်နိုင်ခဲ့သည်။

"ခဏလေး၊ အရိပ်လူသားတွေရဲ့အမွေဆက်ခံခြင်းနည်းလမ်းက 'စကားလုံးမဲ့စာအုပ်' နဲ့တူမနေဘူးလား"

သူက ဘာဖြစ်လို့ အရိပ်လူသားအကြောင်းကို ပြောလာတာလဲ။

ရွှမ်းကျီး၏စိတ်အာရုံတွင် တဏှာရာဂစိတ်များဖုံးလွှမ်းနေသော်ငြား သူ၏တုံ့ပြန်မှုမှာ မြန်ဆန်ခြင်းမရှိဟု မပြောနိုင်ပါချေ။ သို့သော် နောက်ဆုံးတွင်မူ ညအချိန်ရောက်နေပြီဖြစ်သလို ဤသို့ဤနှယ် မျက်တောင်တစ်ခတ်စာမျှ စိတ်ပျံ့လွင့်သွားသည်နှင့်တစ်ပြိုင်နက် ရှန့်လင်ယွမ်းသည်ကား သူ့မျက်စိရှေ့မှောက်သို့ ရောက်ရှိလာလေပြီ။ ရွှမ်းကျီးခမျာ ရှောင်တိမ်းရန်အချိန်မမီလိုက်ရှာဘဲ လူတစ်ကိုယ်လုံးမှာ အနက်ရောင်မြူခိုးများဖြင့် လွှမ်းခြုံခံလိုက်ရသည်။ ၎င်းမှာ အထိတ်တလန့်ဖြစ်သွားသောကြောင့် သူ့မျက်ခုံးနှစ်ဖက်အလယ်ဗဟိုရှိ မျိုးနွယ်စုသင်္ကေတရုပ်ပုံမှာ ရုတ်ချည်းထွက်ပေါ်လာပြီး နောက်ကျောဘက်ရှိ အတောင်ပံနှစ်ဖက်မှာလည်း လက်ပြင်ရိုးပေါ်မှဖြန့်ထွက်လာတော့မည့်ဆဲဆဲမှာပင် ရှန့်လင်ယွမ်းက သူ့လက်တစ်ဖက်ဖြင့် ပြန်လည်ဖိနှိပ်ထားလိုက်လေသည်။

ရှဲခနဲအသံတစ်သံသာကြားလိုက်ရပြီးနောက် သူ့အတောင်ပံကို အတင်းအဓမ္မဖိနှိပ်ထားသော ရှန့်လင်ယွမ်း၏လက်မှာ အပူလောင်သွား၏။ ရွှမ်းကျီးမှာ အလန့်တကြားဖြစ်သွားလျက် သူ၏မီးတောက်များကိုကပျာကယာ ပြန်လည်ရုပ်သိမ်းလိုက်လေသည်။ ထို့နောက်တွင်မူ သူ့မျက်စိရှေ့မှောက်တွင် ရှိနေသောမျက်နှာမှာ ရှောင်တိမ်း၍မရနိုင်အောင် ဖိအားပေးလာပြီး သူ့ဦးနှောက်တစ်ခုလုံးမှာ ဗလာကျင်းသွားရှာသည်။ တစ်ဆက်တည်းမှာပင် ရေခဲတမျှအေးစက်သော နှုတ်ခမ်းလွှာတစ်စုံကျရောက်လာပြီး အလားတူစွာ ရေခဲတမျှအေးစက်နေသော လက်တစ်ဖက်သည်ကား အလွန်အမင်း နူးညံ့ညင်သာမှုကင်းမဲ့စွာဖြင့် ရွှမ်းကျီး၏အောက်မေးရိုးကို ဆွဲဟလိုက်သည်။ နူးညံ့ပျော့ပျောင်းသောတစ်စုံတစ်ရာက သူ၏လျှာဖျားလေးအား တိုးဝှေ့သွားသည့်အပြင် ထိုအရာမှာ တစ်ချက်မျှရပ်တန့်သွားပြီး ခဏတစ်ဖြုတ် တစိမ့်စိမ့်အရသာခံနေ၏.....

အရိပ်လူသားများသည် သာမန်လူသားများနှင့်ကွဲပြားခြားနားမှုမရှိပေ။ တစ်ခုတည်းသောကွာခြားချက်မှာ သူတို့၏လျှာသည် သူတို့ကလေးဘဝတုန်းက ကပ်ပါးကောင်အနေဖြင့်တွယ်ကပ်ခဲ့သည့်အရာဝတ္ထုများအတိုင်းပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ သက်မဲ့အရာဝတ္ထုများကဲ့သို့ အေးစက်နေခြင်း သို့တည်းမဟုတ် ကျောက်ဆောင်များ၊ သဲမှုန်များနှင့် သစ်ပင်ပန်းမန်အနံ့အသက်များရှိနေတတ်ပြီး အရသာခံကြည့်လိုက်လျှင် ခွဲခြားသိမြင်နိုင်ပေသည်။

အနှီမိစ္ဆာလေးမှာ အထိတ်တလန့်ဖြစ်သွားသောကြောင့်ထင်သည်။ သူ၏လျှာမှာ တောင့်တင်းနေ၏။ သို့သော် ပူပြင်းတောက်လောင်နေဆဲ။ ဪ....ကြည့်ရတာ သူက အရိပ်လူသားမဟုတ်ဘူးပဲ။

အရိပ်လူသားမဟုတ်ဘူးဆိုတော့လည်း ပြီးတာပဲ။

ရှန့်လင်ယွမ်းက သူ့လက်ထဲရှိ 'သစ်သားငှက်' ကိုလွှတ်ပေးလိုက်ရင်း ရွှမ်းကျီး၏ ကမ္ဘာပျက်နေသောမျက်နှာအမူအရာကို သဘောခွေ့စွာ ရှုစားတော်မူနေသည်။

"ဘာဖြစ်လို့....ခင်ဗျား..."

ရွှမ်းကျီးတစ်ယောက် ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် မဆိုင်းမတွပင် အသိစိတ်ပြန်ကပ်သွားပြီး သူ့ကို ခြေလှမ်းအနည်းငယ်စာမျှ အကြမ်းပတမ်း တွန်းထုတ်လိုက်လေသည်။

ဧရာမအမြီးကြီးကိုပိုင်ဆိုင်ထားသော မြေခွေးတစ်ကောင်နှင့်တူသည့် ဒါရိုက်တာရွှမ်း၏မျက်နှာမှာ ရုတ်ချည်းပင် နီမြန်းသွားပြီး ထိန်းမနိုင်သိမ်းမရဖြစ်စွာ သူ၏နားရွက်များနှင့် လည်ပင်းအနှံ့အပြားသည်ပင် ရဲရဲတွတ်သွားရှာပြီး သူ့မျက်လုံးထဲမှ အနီရောင်များ ပန်းထွက်လာတော့မယောင်။

"အိုင်း....ဘာဖြစ်တာလဲ၊ စိတ်ဆိုးသွားတာလား။ မီးလျှံငှက်အရိုးချိပ်စည်းတွေဆီကနေ အသိဉာဏ်တစ်ခုထွက်ပေါ်လာလိမ့်မယ်လို့ ငါကိုယ်တော်ထင်မထားမိတာတော့ အမှန်ပဲ"

ခုနလေးတင် တဏှာရူးနှာဘူးတစ်ယောက်သဖွယ် ဆော့ကစားသွားသော မိစ္ဆာသည်ကား အသာအယာသက်ဆင်းလာပြီး ဘာမျှမဖြစ်သလို ပြုံးစစဖြင့်ပြောလာသည်။

"ယုံတမ်းစကားတွေအရဆိုရင် အရိပ်မျိုးနွယ်စုရဲ့ ဘူမိနက်သန်မြေဟာ နန်မင်တောင်ကြားပဲတဲ့__ချိယွမ်းကိုပြောတာပေါ့။ နောက်ပိုင်းမှာ ဘာကြောင့်မှန်းမသိဘဲ မီးလျှံငှက်မျိုးနွယ်စုက သူတို့ကိုမောင်းထုတ်ခဲ့တဲ့အတွက်ကြောင့် သူတို့တွေဟာ ကမ္ဘာလောကကြီးတစ်ခွင်ပျံ့နှံ့သွားခဲ့ကြတယ်။ ဒီစကားတွေဟာ မှန်၊ မမှန်မသိပေမဲ့ မင်းတို့မျိုးနွယ်စုရဲ့ 'စကားလုံးမဲ့စာအုပ်' ကိုလက်ဆင့်ကမ်းတဲ့ပုံစံက အရိပ်လူသားတွေနဲ့ သိပ်တူနေတော့ ငါကိုယ်တော် ဒီဖြစ်နိုင်ချေကို ထည့်မတွက်လို့မရဘူးလေ"

ရွှမ်းကျီး၏မီးဝင်းဝင်းတောက်နေသောအကြည့်များမှာ မနေနိုင်မထိုင်နိုင်ဖြစ်စွာ ရှန့်လင်ယွမ်း၏နှုတ်ခမ်းလွှာပေါ်သို့ကျရောက်သွားသည်။ ထို့နောက် ၎င်းမှာ အပူလောင်သွားသည့်နှယ် သူ့အကြည့်တို့ကို လွှဲဖယ်လိုက်ပြန်သည်။ သူက မသိလိုက်မသိဘာသာဖြင့် အသက်ရှူအောင့်ထားမိသည်။ သူ့တစ်ကိုယ်လုံးရှိသွေးများမှာ မွေးညင်းပေါက်များအတွင်းမှ အငွေ့ပျံထွက်သွားပြီး မျက်နှာအသွေးအရောင်မှာ အနီရောင်မှ အဖြူရောင်သို့ပြောင်းလဲသွားလျက် အကြောင်းပြချက်မဲ့စွာ မဆိုစလောက် သနားစရာကောင်းနေသောပုံစံမျိုးပေါက်နေတော့သည်။

ရှန့်လင်ယွမ်းသည် အစပိုင်းတွင် သူ့ကိုနောက်ပြောင်ကျီစယ်ရသည်မှာ ပျော်စရာကောင်းသည်ဟုခံစားမိသော်ငြား တစ်ဖက်သား၏ အမူအရာကို အကဲခတ်မိသွားသောအခါဝယ် သူ့စိတ်ထဲတွင် တစ်ချက်မျှမသိမသာလှုပ်ရှားသွား၏။ သူ၏စိတ်လှုပ်ရှားနေသည့်ပုံစံမှာ တစ်မျိုးတစ်ဖုံထူးခြားသောအဓိပ္ပာယ်ရှိနေကြောင်း သတိထားမိသွားသည်။

ပိရှသည် အနှစ် ၂၀ ကျော်ခန့်ထီးနန်းစိုးစံလာခဲ့သူဖြစ်သောကြောင့် ပုပ်သိုးပျက်စီးနေသော စည်းစိမ်ချမ်းသာမွေ့လျော်မှုအားလုံးကို တွေ့မြင်ခဲ့ဖူးပြီးဖြစ်သလို ကြည်နူးဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းပေါင်းများစွာကိုလည်း သေချာပေါက်ကို မသိခဲ့တာမဟုတ်ပါချေ။ သူက ထိုအရာများကို အသေးအဖွဲမျှသာ သဘောထားပြီး သူ့စိတ်ထဲတွင် ထည့်မထားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ရွှမ်းကျီး၏တုံ့ပြန်မှုကိုမြင်တွေ့လိုက်ရသောအခါ ငိုရခက်ရယ်ရခက် ဖြစ်သွား၏။ မထင်မှတ်ဘဲ အနှီမီးအစောင့်အရှောက်ဆိုသူသည်ကား ဥပုသ်သီတင်းသီလစောင့်တည်ခြင်းကို မပြုလုပ်နိုင်ရုံသာမက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ အံ့အားသင့်ဖွယ်ကောင်းစွာပင် တဏှာရာဂကို ရူးသွပ်စွဲလမ်းနေသူဖြစ်သည်။

ထို့နောက် တစ်ဆက်တည်းမှာပင် ရှန့်လင်ယွမ်းမှာ မဆိုစလောက်မရယ်နိုင်တော့ပေ__ အနှီမိစ္ဆာလေးသည်ကား အခြေခံတရားထိုင်ခြင်းကိုတောင်မပြုလုပ်တတ်သူဖြစ်ကြောင်း သူသတိရသွားသည်။ ၎င်းမှာ ဆန္ဒခြောက်ပါးကို သန့်စင်ပယ်ဖျက်ရန်အထိ လုပ်ဆောင်ရန်မလိုအပ်သော်ငြား အနည်းဆုံးတော့ တောက်နှလုံးသားကို မဖြစ်မနေတည်ငြိမ်အောင်ထားတတ်ရန်လိုအပ်ပေသည်။ သို့မဟုတ်ပါက ၎င်းသည် မည်သို့ပင် ကောင်းကင်ဘုံတွင် မိုးကြိုးသွားများနှင့် မြေပြင်ပေါ်တွင်မီးတောက်များကို ထုတ်သုံးနိုင်သူဖြစ်နေပါစေ၊ ပုံရိပ်ယောင်တစ်ခုကပင် သူ့ကို အသက်သေဆုံးသွားစေနိုင်သည်အထိ ပိတ်လှောင်ထားနိုင်ပေလိမ့်မည်။ အခြားသူများအနေဖြင့် တောက်နှလုံးသားကို တည်ငြိမ်အောင်ထားနိုင်ခြင်း၊ မထားနိုင်ခြင်းကို သူ ဂရုမစိုက်သော်ငြား ချိယွမ်း၏ချိပ်စည်းသည် အနှီအရည်အချင်းမပြည့်မီသော ကောင်လေးနှင့် လုံးလုံးလျားလျား ဆက်နွှယ်နေသည်မဟုတ်ပါလော။

၃၆ ဦးသော မီးအစောင့်အရှောက်များအနက် ထိုမျိုးဆက်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တာဖြစ်သည်။ ရလဒ်အားဖြင့် အဆိုပါကောင်စုတ်လေးသည် 'အမွေဆက်ခံခြင်း' ကို မှီခိုအားကိုးကာ လတ်လျားလတ်လျားနေထိုင်နေခဲ့သည်။

ရွှမ်းကျီးမှာ ယခုအချိန်၌ သူ့ဦးနှောက်ကို ပြန်လည်စတင်ရန်အားထုတ်နေသော်ငြား အရေးနိမ့်သွားခဲ့သည်။ ရှန့်လင်ယွမ်းက တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် လေထုအတွင်း၌ သူ့ထံသို့ လက်ဖျောက်တစ်ချက်တီးလိုက်သည်ကိုတွေ့မြင်လိုက်ရသည်။ ရွှမ်းကျီး၏လေငန်းဆွဲနေသောခြေလက်လေးချောင်းမှာ ပြန်လည်တုံ့ပြန်ချိန်မရလိုက်ဘဲ ရှောင်တိမ်းရန်မမီလိုက်သောကြောင့် အဖြူရောင်အလင်းတန်းတစ်ခုက သူ့မျက်ခုံးနှစ်ဖက်ကြားထဲသို့ တိုးဝင်သွားသည်ကိုသာလျှင် မျက်လုံးအပြူးသားဖြင့် ကြည့်နေလိုက်ရရှာသည်။

"မင်းကို တစ်လောကလုံးကို ကယ်တင်ခိုင်းနေတာမဟုတ်ဘူး၊ မင်းရဲ့အသက်လေးကိုပဲ ကယ်တင်ခိုင်းနေတာ၊ နည်းနည်းပါးပါး အားစိုက်စမ်း"

ရှန့်လင်ယွမ်းက ရည်မှန်းချက်မရှိ၊ ကြိုးစားအားထုတ်မှုမရှိသော ရွှမ်းကျီးကို အမျက်ထွက်သွားလျက် ထိုစကားတစ်ခွန်းကိုသာ ချန်ရစ်ထားခဲ့ပြီး တံခါးပေါက်မှ ထွက်ခွာသွားလေတော့သည်။

အထူးကြပ်မတ်ကုသဆောင်၏အတွင်းလူနာခန်းများသည်ကား မကြာခဏဆိုသလို ထူးခြားဆန်းကြယ်သည့် ထူးခြားစွမ်းရည်ပိုင်ရှင်များ နေထိုင်လေ့ရှိသောကြောင့် လူနာခန်းများအတွင်း၌ ထူးခြားသောအကာအကွယ်များရှိသလို အတိုင်းထက်အလွန် အသံလုံကြပေသည်။ အကယ်၍ ရွှမ်းကျီးသည်ကား သူ့ဘာသာသူ မည်သည့်လှုပ်ရှားမှုမျှမလုပ်ခဲ့ပါလျှင် အခန်းတွင်းဝယ် လေအေးပေးစက်အသံနှင့် သူ၏နှလုံးခုန်သံတို့ကိုသာကြားနေရသည်အထိပင်__သူ၏နှလုံးခုန်သံမှာ အိုးစည်ဗုံမောင်း တီးခတ်နေသလို။ သူ့ရင်ဘတ်နားတွင် မိုက်ကရိုဖုန်းတစ်ခုကိုထားလိုက်မည်ဆိုပါက ပြည်သူ့ရင်ပြင်ထဲတွင် ကခုန်နေကြသော အကအဖွဲ့များအတွက် တိုက်ရိုက် ဗုံသံစည်းချက်လိုက်ပေးလို့တောင်ရနေပေလိမ့်မည်။

ရွှမ်းကျီးတစ်ယောက် အချိန်အတန်ကြာ ငူငူငိုင်ငိုင်ရပ်နေမိပြီး နောက်ဆုံးတွင်မှ သူ၏လေငန်းဆွဲနေသောခြေလက်များကို ပြန်လည်ရှာတွေ့သွား၏။ ၎င်းမှာ ဓားသွေးကျောက်ကိုဆွဲနေသော မြည်းတစ်ကောင်သဖွယ် လူနာခန်းအတွင်းဝယ် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေလုပ်နေ၏။ ဤသို့လုပ်နေရင်းက ခေါင်းများတရိပ်ရိပ် မူးနောက်လာသောအခါမှပင် အမျက်ချောင်းချောင်းထွက်စွာ တွေးတောလိုက်သည်။

ဘယ်လိုတောင်လုပ်ရဲတာလဲ။

လူသားဧကရာဇ်ဖြစ်တော့ရော ဒီလိုမျိုး တရားမရှိ ဓားမရှိ သူများကို မဖွယ်မရာလုပ်လို့ရရောလား။ ဒါက ထိပါးနှောင့်ယှက်တာပဲ၊ ငါ့ကို ဗလက္ကာရပြုကျင့်လိုက်တာပဲ။ သူ ခုနတုန်းက ဗီဒီယိုရိုက်ထားပြီး ရဲစခန်းကိုသက်သေအဖြစ် တင်ပြတိုင်ကြားသင့်သည်...မဟုတ်သေး၊ ထိုမိစ္ဆာကောင်ကို ချက်ချင်းလက်ငင်း ကြွပ်ကြွပ်ကင်လိုက်သင့်သည်။

ရွှမ်းကျီးက အမုန်းတရားများပြည့်နှက်နေသောအကြည့်များဖြင့် ခေါင်းငုံ့ကာ သူ့လက်တစ်စုံကိုပြန်ကြည့်လိုက်သည်။ သူ့လက်မှာ ယခုအချိန်ထိ ကတုန်ကယင်ဖြစ်နေဆဲ__အဆိုပါ ကြက်လက်သည်းတစ်စုံသည်ကား ခုနတုန်းက မထင်မှတ်ဘဲ ဆန့်ကျင်ဘက်အလိုဆန္ဒများပေါက်ဖွားလာခဲ့ပြီး သခင်ဖြစ်သူ၏ဆန္ဒကို အလေးမထားဘဲ သူ့ဘာသာသူ အလိုအလျောက်လှုပ်ရှားကာ ရှန့်လင်ယွမ်းကို ဆွဲခေါ်မိတော့မလိုပင်ဖြစ်သွားခဲ့သည်။ အလုပ်သစ်မရှာရမှာကို စိုးရိမ်နေတယ်ပေါ့လေ။

သူက လူနာခုတင်ပေါ်သို့ပစ်လှဲလိုက်သောအခါ ခုတင်ထံမှ တကျွိကျွိမြည်သံတစ်ချက် ထွက်ပေါ်လာ၏။ သူက အပေါ်ဘက်သို့မျက်နှာမူထားရင်း ခုတင်ပေါ်၌ ခြေကားယား လက်ကားယားလဲလျောင်းနေပြီး သူ၏ဝမ်းဗိုက်အား လေသလပ်ခံထားလိုက်လေသည်။

လေအေးပေးစက်သည် သူ့မျှော်လင့်ချက်ကိုမပျက်စီးစေဘဲ သူ့အား ကြိုးစားပမ်းစား လေမှုတ်ပေးနေသည်။ အချိန်တိုအတွင်းမှာပင် သူ၏စိတ်နှလုံးကိုအေးချမ်းသွားစေပြီး ခြစ်ခြစ်တောက်ပူပြင်းတောက်လောင်နေသော ခံစားချက်များမှာ အေးချမ်းသွားလေတော့သည်။ ရွှမ်းကျီးက မသိလိုက်မသိဘာသာဖြင့် သူ့မျက်ခုံးနှစ်ဖက်ကြားရှိနေရာကို လက်ဖြင့်ပွတ်သပ်ရန်ပြင်လိုက်သည်။

လက်ချောင်းထိပ်လေးမှာ နဖူးပြင်နှင့်မထိရသေးခင်မှာပင် တိုးဖွသောအော်သံတစ်သံကို သူ့နားထဲတွင်ကြားလိုက်ရသည်။

"အာရုံစူးစိုက်ထားစမ်း"

ရွှမ်းကျီး : "လခွမ်း... ခင်ဗျားက ဘယ်သူလဲ"

ထိုစကားသံက သူ့ကိုအရေးမလုပ်ဘဲ တယ်လီဖုန်းဖြေကြားသံတစ်သံပမာ စတင်၍ ရေရွတ်နေတော့သည်။

"ဒါက ကောင်းကင်ဘုံဆန္ဒာဓိပတိကျမ်းပဲ။ စုစုပေါင်း အတွဲသုံးတွဲရှိတယ်။ သူက မင်းရဲ့အသိဉာဏ်ပင်လယ်ကို ထိုးထွင်းသိမြင်စေနိုင်တဲ့အပြင် စိတ်ပျံ့လွင့်စေတဲ့အတွေးတွေကို ဖယ်ရှားပေးနိုင်တယ်..."

ရွှမ်းကျီးမှာ တခဏမျှအာရုံစူးစိုက်ပြီးနောက်ဝယ် ခုနလေးတင် အေးချမ်းငြိမ်သက်သွားသော စိတ်နှလုံးမှာ စတင်၍လောင်မြိုက်လာတော့သည်__ ဤတစ်ကြိမ်တွင်မူ အမျက်ဒေါသကြောင့်ဖြစ်သည်။ မိစ္ဆာအိုကြီးသည်ကား သူ့ကို တရားထိုင်ခြင်းဆိုင်ရာသင်ခန်းစာများကို သင်ကြားပို့ချပေးနေခြင်းဖြစ်သည်။ ထို့အပြင် အခြေခံအဆင့်များကို သင်ကြားပေးနေခြင်းဖြစ်သည်။

ဒါက ဘယ်သူ့ကိုအထင်သေးနေတာလဲ။

သူက အတော်အတန်ကသိကအောက်ဖြစ်နေဟန်ဖြင့် သူ့မျက်ခုံးနှစ်ဖက်ကြားကို လက်ဖြင့်တတောက်တောက်ခေါက်လိုက်သည်။ မထင်မှတ်ဘဲ ဘာကြောင့်မှန်းမသိ ထိုအရာမှာ ရပ်တန့်မသွားပါချေ။ စိုးစဉ်းသော်မျှသက်ရောက်မှုမရှိဘဲ တစ်သမတ်တည်းဖြစ်နေသော သံနေသံထားသည်ကား ဗုဒ္ဓတရားတော်များကို ရွတ်ဖတ်သရဇ္ဈယ်နေသည့်နှယ်။

"လခွမ်းပဲ"

ရွှမ်းကျီးတစ်ယောက် စိတ်ရှုပ်ထွေးနောက်ကျိစွာဖြင့် သူ့ဆံပင်များကိုဆွဲဆုပ်လိုက်ပြီး စိတ်ထဲ၌တွေးတောလိုက်သည်။

"ဒါက ဘယ်လိုရပ်ရမှာလဲဟ"

အဆိုပါသင်ကြားနေသောစကားသံသည်ကား သူ ဤကဲ့သို့မေးမြန်းလာမည်ကို ကြိုသိနေသည့်အလား နိဒါန်းအပိုင်းကို ရွတ်ဖတ်ပြီးသည်နှင့် သူ့ကိုစေတနာဖြင့် အကြံပြုစကားဆိုလိုက်သည်။

"ဒီကျမ်းက မင်းရဲ့အသိဉာဏ်ပင်လယ်ထဲကိုဝင်သွားပြီ။ အဲဒါကိုဖယ်ရှားချင်တယ်ဆိုရင် မင်းရဲ့အသိဉာဏ်ပင်လယ်ထဲကိုဝင်ပြီး တရားထိုင်မှပဲရမယ်"

ရွှမ်းကျီး : "...."

ဆိုလိုတာက သူ တရားမထိုင်တတ်မချင်း ထိုအသံသည် သူ့နားထဲတွင် တစ်ချိန်လုံး တဝဲလည်လည်မြည်နေမည်ဖြစ်သည်။

ရွှမ်းကျီးမှာ သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီဖြစ်သည်။

"ခင်ဗျား ရူးနေလား"

ရှန့်လင်ယွမ်းသည် ညဉ့်ကောင်းကင်ယံထက်ဝယ် ပျံသန်းသွားလာနေခိုက် ညဉ့်လေထုအတွင်း အဝေးတစ်နေရာမှပျံ့လွင့်လာသော ထိုအော်သံကို ကြားလိုက်ရသောအခါ သူ့မျက်နှာပေါ်ဝယ် အပြုံးရိပ်တစ်ခုဖြစ်တည်သွားလေသည်။

ထိုအရာသည် သာမန်အသံလှိုင်းထုတ်လွှင့်ခြင်းနည်းစနစ်နှင့် သိပ်ပြီးမကွာခြားလှပါချေ။ လူသားများ၏နားကိုကွေ့ဝိုက်ပြီး အသိဉာဏ်ပင်လယ်အတွင်းသို့ တိုက်ရိုက်ရောက်ရှိသွားခြင်းသာဖြစ်သည်။ လူကို အန္တရာယ်မဖြစ်စေတတ်သလို အနှီမိစ္ဆာလေး၏ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံငှက်စွမ်းအားများ တန်ပြန်ထကြွလာခြင်းမျိုးကိုလည်း မဖြစ်ပွားစေနိုင်ပါချေ။ ထိုကဲ့သို့ ဘာတစ်ခုမျှ မလုပ်တတ်မကိုင်တတ်သည့် ကောင်စုတ်လေးနှင့် အသင့်တော်ဆုံးနည်းလမ်းဖြစ်သည်။ ထိုစဉ်က သူ...

ထိုစဉ်က.....

ရှန့်လင်ယွမ်းတစ်ယောက် အတိတ်ကိုပြန်ပြောင်းအောက်မေ့နေသော အတွေးများထွက်ပေါ်လာရုံရှိသေး၊ စူးရှသောနာကျင်မှုက သူ၏အတွေးရေယဉ်ကြောကို ဖြတ်တောက်လိုက်လေသည်။ သူ့မျက်လုံးထောင့်စွန်းထက်တွင်ဖြစ်တည်လာသော အပြုံးရိပ်လေးမှာ လျှပ်တစ်ပြက်အတွင်းအေးခဲသွားပြီး သူ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏အရိပ်သဏ္ဌာန်မှာ အနက်ရောင်မြူခိုးအတွင်းမှထိုးဖောက်ဖြတ်သန်းကာ ခြေလှမ်းများမှာလည်း မဆိုစလောက် တစ်ချက်မျှဒယိမ်းဒယိုင်ဖြစ်သွားလျက် ရှေ့ရက်ပိုင်းတုန်းက သူခေတ္တခဏတည်းခိုနေထိုင်ခဲ့သော စားသောက်ဆိုင်လေး၏ အပေါက်ဝသို့ သက်ဆင်းရောက်ရှိသွားလေတော့သည်။

ဆိုင်ပိတ်သွားပြီဖြစ်သည်။ ဆိုင်တံခါးပေါက်ကြားထဲမှ အလင်းရောင်တစ်မျှင် ဖြာထွက်နေ၏။ ဆိုင်ရှင်သည် အတွင်း၌ ပိုက်ဆံတွက်နေတာြဖစ်ကောင်းဖြစ်နိုင်သည်။ ရှန့်လင်ယွမ်းသည် တံခါးပေါက်ဝရှိ လမ်းဘေးဓာတ်တိုင်တစ်တိုင်ကိုအမှီပြုထားရင်း ခေတ္တခဏကြာသည်အထိ မတ်တပ်ရပ်နေသည်။ ရုတ်တရက်ဖြစ်ပေါ်လာသော ခေါင်းကိုက်ဝေဒနာ သက်သာပျောက်ကင်းသွားချိန်ဝယ် သူ့မျက်နှာပေါ်ရှိ ရှိစုမဲ့စုသွေးရောင်လေးကိုပါ တစ်ပါတည်းခေါ်ဆောင်သွားခဲ့လေသည်။

သူက အရှေ့သို့တိုးလိုက်ပြီး တံခါးခေါက်လိုက်သည်။

ဆိုင်ရှင်ဖြစ်သူသည်ကား တဝါးဝါးသမ်းဝေနေရင်း တံခါးကိုဆွဲဖွင့်ပေးလာသည်။ သူ့ကိုတွေ့မြင်သောအခါ အံ့အားသင့်သွားခြင်းမရှိသည့်အပြင် လွန်ခဲ့သော နှစ်ရက်နှစ်ညလုံးလုံး ဘယ်သွားပြီးဘယ်လုပ်နေသလဲဆိုတာကိုလည်း မေးမြန်းခြင်းမရှိဘဲ တရင်းတနှီးစကားဆိုလာသည်။

"ပါရမီရှင်အစ်ကိုလေး ပြန်လာပြီလား။ ခဏစောင့်၊ ကျွန်တော် ပိုက်ဆံတွက်လို့ပြီးတာနဲ့ ခင်ဗျားကို သောက်စရာတစ်ခုခုဖျော်တိုက်မယ်၊ အတော်ပဲ၊ ဒီနေ့ သောက်စရာတွေ ကျန်သေးတယ်"

ဆိုင်အရှေ့ဘက်ခြမ်းမှာ သေးငယ်သော်ငြား နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှပေသည်။ မှိန်ဖျော့ဖျော့အဝါရောင်မီးအလင်းရောင်တို့က သစ်သားစားပွဲနှင့် ကုလားထိုင်များပေါ်သို့ တိမ်းစောင်းဖြာကျနေသည်။ ရှန့်လင်ယွမ်းက တံခါးပေါက်မှဝင်လာပြီးသော် သူ ထိုင်နေကျ သစ်သားကုလားထိုင်လေးပေါ်တွင် ထိုင်ချလိုက်သည်__ရှေ့ရက်များတုန်းက သူသည် ထိုထိုင်ခုံပေါ်တွင်ထိုင်ကာ ဧည့်သည်တော်များအတွက် တိုလီမိုလီပစ္စည်းလေးများကို ထွင်းဆစ်ပေးခဲ့ဖူးသည်။ ထိုကဲ့သို့ အရုပ်ထွင်းဆစ်ခဲ့ခြင်းမရှိသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် လက်ရာမှာ အနည်းငယ်မသေမသပ်ဖြစ်နေသည်။ သို့သော် ဆိုင်သို့ရောက်လာသော လူငယ်လေးများမှာ ပျော်တပြုံးပြုံးဖြစ်နေကြပြီး ချေး(ဂျီး) များခြင်းမရှိပါချေ။

ဆိုင်ရှင်ဖြစ်သူသည်ကား အူတူတူ အ,တတ မျက်နှာထားကိုပိုင်ဆိုင်ထားပြီး အပူအပင်ကင်းမဲ့စွာနေထိုင်တတ်သူတစ်ဦးဖြစ်သည်။ သူ့ကိုယ်သူ 'အလှကြိုက်သူ' ဟူ၍ ခေါ်ဆိုလေ့ရှိသည်။ ဧည့်သည်တော်အချောအလှလေးများနှင့်တွေ့ဆုံရပါက ဈေးလျှော့ပေးတတ်သည်။ ပိုက်ဆံလည်း ကောင်းကောင်းမတွက်ချက်တတ်ပေ။ သို့ဖြစ်ရာ နေ့စဉ်နေ့တိုင်း ဆိုင်ပိတ်ပြီးနောက်ပိုင်းတွင် အိမ်စရိတ်ကာမိစေရန် အခြားသောအလုပ်များကို အပိုထပ်ဆောင်းလုပ်ကိုင်ရလေ့ရှိသည်။ ၎င်းသည် လူစိမ်းတစ်ယောက်ကိုနေရာထိုင်ခင်းပေးထားသော်ငြား သူ့ကို မည်သူမည်ဝါမှန်း မေးမြန်းခြင်းမပြုဘဲ အလွန်တရာရင်းနှီးခင်မင်စွာဖြင့် 'ပါရမီရှင်အစ်ကိုလေး၊ ညီနောင်ကြီး၊ ကိုလူချောလေး' ဟူသော ပေါက်တက်ကရနာမည်များကိုသာ လျှောက်ခေါ်လေ့ရှိသည်။ ဆိုင်သို့လာရောက်သော ဧည့်သည်တော်အများစုမှာ အပျော်ခရီးထွက်လာကြသူများ ဖြစ်သည့်အလျောက် သူတို့၏စိုးရိမ်သောကများကို အိမ်တွင်ခဏတဖြုတ် ချန်ရစ်ထားခဲ့ကြလေရာ သူတို့၏ကိုယ်ပေါ်တွင် ပျင်းရိငြီးငွေ့ပြီး သက်တောင့်သက်သာ ဖြစ်နေသော အားလပ်ရက်အငွေ့အသက်များသာ ကျန်ရစ်ခဲ့လေသည်။ ရှန့်လင်ယွမ်း တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ဖူးသော လူ့လောကကြီး၏ပုံစံမျိုးပင်တည်း။

ရှန့်လင်ယွမ်းက ထိုင်ချလိုက်ရင်း

"ငါ့ရဲ့နောက်ကြောင်းရာဇဝင်ကို မင်း မမေးဖူးသလိုပဲနော်"

"ရေစက်ပါလို့တွေ့ရတဲ့လူတွေပဲဟာ၊ ဒီလောက်အများကြီးမေးပြီးဘာလုပ်မှာလဲ။ ကျွန်တော်က ဆိုင်ဖွင့်စားတဲ့သူလေ၊ ပုံပြင်စုဆောင်းတဲ့သူမှမဟုတ်တာ"

ဆိုင်ရှင်ဖြစ်သူက ပေါ့တီးပေါ့ပျက်ပြန်လည်ဖြေကြားလိုက်ရင်း မည်သူ့ထံသို့ အသံမက်ဆေ့ချ်တစ်စောင်ပို့နေသလဲမသိ၊ ခေါင်းကိုငုံ့ကာ လက်ကိုင်ဖုန်းထဲသို့ စကားတစ်ခွန်းပြောလိုက်သည်။

"ယွီယန်ကို ဘာလာလုပ်မလို့လဲ....ဘာမှလည်စရာပတ်စရာမရှိဘူး၊ ပိတ်ရက်ရှည်ရတုန်း နိုင်ငံခြားကိုသာ တစ်ခေါက်တလေထွက်သွားလိုက်ကြပါဗျာ၊ ကျွန်တော် ပိုက်ဆံထုတ်ပေးပါ့မယ်"

ဖုန်းချလိုက်ပြီးသော် ရှန့်လင်ယွမ်းက သူ့ကိုကြည့်နေသည်ကိုတွေ့မြင်လိုက်ရသောအခါ ဆိုင်ရှင်ဖြစ်သူက တဟီးဟီးလုပ်လိုက်ရင်း ယုံကြည်လောက်စရာမကောင်းသော အငွေ့အသက်နှင့်အတူ သွားဖုံးများပေါ်သည်အထိ ပြုံးပြလာသည်။

"ကျွန်တော့်ရဲ့အဖေနဲ့အမေလေ__နှစ်ယောက်လုံးက ကျွန်တော့်ကို မြို့ကြီးပြကြီးမှာ ပရိုဂရမ်မာအလုပ်လုပ်နေတယ်လို့ပဲထင်နေကြတာ။ ကျွန်တော်က မနှစ်ကတည်းက အလုပ်ထွက်လိုက်ပြီး ကမ္ဘာပတ်နေခဲ့တာ။ ဒီနေရာက သိပ်မဆိုးဘူးဆိုတော့ ဒီမှာပဲဆိုင်ဖွင့်ပြီး အခြေချလိုက်တာလေ။ ဒါကြောင့် သူတို့ ဒီကိုလာလည်လို့မဖြစ်ဘူး၊ မဟုတ်ရင် အလွယ်တကူအလိမ်ပေါ်သွားလိမ့်မယ်။ နောက်ဆုံးတော့ ကျွန်တော့်ဆိုင်လေးဟာ ဒီဒေသတစ်ဝိုက်မှာ အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ ဆိုင်လေးဖြစ်သွားပြီ။ ခင်ဗျားကိုပဲ ကျေးဇူးတင်ရမယ်၊ ပါရမီရှင်အစ်ကိုလေး"

ရှန့်လင်ယွမ်းက တစ်ချက်မျှပြုံးပြလိုက်သည်။

"ငါသွားတော့မယ်"

ဆိုင်ရှင်က ကြောင်အမ်းအမ်းဖြစ်သွား၏။

"ငါ့ကိုတည်းခိုခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါကြောင့် မင်းကို တကူးတက လာနှုတ်ဆက်တာပါ"

"အာ....ဒါက၊ ဒါလဲ ဟုတ်ပါတယ်လေ၊ ကျွန်တော်တို့အားလုံးဟာ ကျန်းဟူမှာ ခြေဦးတည့်ရာလျှောက်သွားနေကြတဲ့ ဧည့်သည်တွေပါပဲ။ တွေ့ဆုံခြင်းနဲ့ခွဲခွာခြင်းဆိုတာ ကံကြမ္မာအလိုအရပါပဲ....ကံကြမ္မာအလိုအရပါပဲလေ"

ဆိုင်ရှင်ဖြစ်သူက လက်ကိုပွတ်သပ်နေလျက်

"ဒါဖြင့် ကျွန်တော်...ခင်ဗျားကို အိုင်ယာလန်ကော်ဖီတစ်ခွက်ဖျော်ပေးရမလား။ ခုနတုန်းကမှ အင်တာနက်ပေါ်ကနေ ကြည့်ပြီးသင်ထားတာ..."

"ဒုက္ခမရှာပါနဲ့"

ရှန့်လင်ယွမ်း၏အကြည့်တို့က ဆိုင်အပေါက်ဝတွင်ထားရှိသော အဆင့်များစွာပါသည့် ဗီရိုတစ်လုံးပေါ်သို့ကျရောက်သွားလျက်။

"တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် ငါ့ကို ဟိုဟာလေးပေးလိုက်လို့ရမလား"

ဆိုင်ရှင်က သူ့အကြည့်များအတိုင်း ခေါင်းလှည့်ကြည့်လိုက်သော် ဗီရို၏အပေါ်ဆုံးအဆင့်တွင် တင်ထားသော သစ်သားဖြင့်ပြုလုပ်ထားသည့် အလှဆင်ပစ္စည်းတစ်ခုကိုတွေ့မြင်လိုက်ရသည်။ သစ်သားဖြင့်ထွင်းထုထားသည့်အရာမှာ ဖက်တီးပုတ်ငှက်လေးတစ်ကောင်က လိပ်ပြာလေးတစ်ကောင်နောက်သို့ ပြေးလိုက်နေသောပုံဖြစ်သည်။ ဖက်တီးပုတ်ငှက်လေးမှာ ချီဘီကာတွန်းပုံစံမျိုးဖြစ်သည်။ သူက ထိုအရာကို အင်တာနက်ပေါ်မှ ၁၀ ယွမ်ဖြင့် ဝယ်လာခြင်းဖြစ်သည်။ ထွင်းထုထားသည့်လက်ရာမှာ ပြောင်မြောက်သေသပ်ခြင်းမရှိသလို စိတ်ဝင်စားစရာလည်းမကောင်းလှပါချေ။ ထိုပစ္စည်းကို အရေအတွက်များများရအောင် ပြီးစလွယ်ပြုလုပ်ထားခြင်းဖြစ်ကြောင်း လူပြိန်းများပင် သိမြင်နိုင်သည်။

ဆိုင်ရှင်ဖြစ်သူက သတိရသွား၏။ အဆိုပါ 'ပါရမီရှင်လူကြီးမင်း' ရောက်လာကာစတုန်းကလည်း ထိုအလှဆင်ပစ္စည်းလေး၏ဆွဲဆောင်မှုကြောင့် ဆိုင်ထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သလိုပင်။

သူက ထိုသစ်သားပန်းပုရုပ်လေးကိုဆွဲယူလိုက်ပြီး စက္ကူတစ်ရွက်ကို လက်သင့်သလိုထုတ်ယူလိုက်ကာ အပေါ်ရှိဖုန်မှုန့်များကို ပွတ်သုတ်ပေးလိုက်ပြီးသော် ရှန့်လင်ယွမ်းထံသို့ လှမ်းပေးလိုက်သည်။

"ဘယ်လိုဖြစ်ပြီး ဒါကိုသဘောကျသွားတာလဲ။ ဒီပစ္စည်းက ရှေးဟောင်းပစ္စည်းလဲ မဟုတ်ဘူး။ ကျွန်တော်ထင်တာတော့ ဒီလက်ရာက ခင်ဗျားကြုံသလို ထွင်းထုထားတဲ့ ပစ္စည်းတွေကိုတောင် မမီဘူး"

"ရေစက်ရှိလို့ပါ"

ရှန့်လင်ယွမ်းက ဖက်တီးပုတ်ငှက်ကလေး၏ဦးခေါင်းကို လက်ဖြင့် အသာအယာပွတ်သပ်လိုက်ရင်းဆို၏။

"သူ့ကိုတွေ့တော့ ဘာကြောင့်မှန်းမသိဘဲ ရင်းနှီးနေတယ်လို့ခံစားရလို့ပါ"

"ဒါဖြင့် ခင်ဗျား ဒီ *ရွှင်းကိုလဲ တစ်ပါတည်းယူသွားပါလား။ ဘာပဲဖြစ်ဖြစ် တခြားလူတွေလဲ မှုတ်မှမမှုတ်တတ်တာ"

(*ရွှင်း- ဘဲဥပုံသဏ္ဌာန်လေမှုတ်တူရိယာတစ်မျိုးပါ။)


"သွားတော့မလို့လား၊ တစ်ညလောက်မနေတော့ဘူးလား....အိုင်း၊ ကျွန်တော် ခင်ဗျားရဲ့ဓာတ်ပုံကို ဟိုဘက်က အလှပြစင်ပေါ်မှာ တင်ထားလို့ရမလားဗျ"

"ခင်ဗျား ယွီယန်ကိုပြန်လာလည်တဲ့တစ်နေ့ အဲဒီအချိန်ထိ ကျွန်တော့်ဆိုင်မပိတ်သေးဘူးဆိုရင် ခင်ဗျားကို ထမင်းတစ်နပ်အလကားကျွေးပါ့မယ်"

ရှန့်လင်ယွမ်းက သစ်သားပန်းပုရုပ်လေးကို သူ့ရင်ဘတ်အတွင်းသို့ထိုးထည့်လိုက်ကာ ဆိုင်ရှင်ဖြစ်သူအား လက်ပြနှုတ်ဆက်ပြီးသော် ပင်လယ်ပြင်ဘက်သို့ ထွက်ခွာသွားလေတော့သည်။

ညသန်းခေါင်ယံအချိန်ဝယ် ရွှင်းသံတစ်သံသည်ကား အလှမ်းကွာဝေးသော ပင်လယ်ပြင်ဘက်ဆီမှ ထွက်ပေါ်ပျံ့လွင့်လာပြီး ပင်လယ်လှိုင်းတံပိုးသံများနှင့်အတူ ရောယှက်သွားလျက် အုန်းပင်တန်းများတစ်လျှောက် ရစ်သိုင်းပျံ့လွင့်နေသည်။ ပင်လယ်ပျော်ငှက်များသည် မလှမ်းမကမ်းရှိ သဲသောင်ပြင်ထက်ဝယ် တစ်ကောင်ပြီးတစ်ကောင် တိတ်တဆိတ်ဆင်းသက်ရပ်နားလာကြသည်။ ပင်လယ်လေပြည်များသည် ပါးလျသောတိမ်စိုင်တိမ်လွှာများကို တိုက်ခတ်လွင့်စင်သွားစေလျက် နဂါးငွေ့တန်းကြယ်တာရာအစုအဝေးများအား ဆင်းသက်လာစေသည်။ လခြမ်းကွေးသဏ္ဌာန် သော်တာလဝန်းကြီးမှာ ပင်လယ်ရေပြင်ထက်ဝယ် တွဲလွဲခိုနေလျက် ပုလဲပုတီးများနှင့်တူသော အလင်းရောင်စဉ်တန်းများမှာ အောက်သို့သက်ဆင်းဖြာကျနေသည်။

ဤသည်ကား အလွန့်အလွန်အေးချမ်းသော ညအခါသမယလေးပင်တည်း။

ဤမျှသာယာလှပသောညချမ်းချိန်ခါလေးအတွင်းဝယ် ဒါရိုက်တာရွှမ်းခမျာ ထူးခြားစွမ်းရည်ဆေးရုံအတွင်း၌ သူ့နားထဲတွင် တဝဲလည်လည်ထုတ်လွှင့်နေသော အွန်လိုင်းသင်ခန်းစာများ...မဟုတ်၊ တတွတ်တွတ်ရေရွတ်နေသော အနီးကပ်သင်ရိုးညွှန်းတမ်းများ၏ ညှင်းပန်းနှိပ်စက်မှုဒဏ်ကိုခံစားနေရရှာပြီး ကမ္ဘာလောကကြီးတစ်ခုလုံး အနှစ်သာရကင်းမဲ့လို့နေသည်။ ၎င်းမှာ နည်းလမ်းပေါင်းစုံစမ်းသပ်ကြည့်ခဲ့ပါသော်ငြား ထိုအရာကို ပိတ်ဆို့မထားနိုင်ခဲ့ပါချေ။

ထိုသင်ရိုးတွင်ပါဝင်သောအကြောင်းအရာအားလုံးမှာ အခြေခံအဆင့် အထွေထွေဗဟုသုတများသာဖြစ်သည်။ ဘာတစ်ခုမျှနားမလည်သော ရွှမ်းကျီးသည်ပင် ထိုအကြောင်းတို့ကိုသိနားလည်နေပါ၏။ သူ တရားမထိုင်နိုင်ရခြင်းအကြောင်းရင်းမှာ သူ၏ဇီဝကမ္မဆိုင်ရာချို့ယွင်းချက်ကြောင့်ဖြစ်ပြီး သူ၏အရည်အချင်းမပြည့်ဝမှုကြောင့် မဟုတ်ပါချေ။

မိစ္ဆာအိုကြီးသည်ကား သူ့ကို လုံးလုံးလျားလျား ဒုက္ခပေးနေခြင်းသာဖြစ်သည်။

သူ ပြတင်းပေါက်အပြင်ဘက်သို့ကြည့်လိုက်သောအခါ သောကြာကြယ်တစ်စင်းသည်ကား ကောင်းကင်ယံထက်ဝယ် အပြည့်အဝထွက်ပြူလာနေလျက် အာကာယံတစ်ခွင်မှာ တစ်စတစ်စအဖြူရောင်သန်းလာနေသည်။ တစ်ညတာလုံး မိစ္ဆာစကားသံများ၏ ညှင်းပန်းနှိပ်စက်မှုကိုခံစားခဲ့ရသော ရွှမ်းကျီးခမျာ အမှန်တကယ်ကိုပင် ကြံရာမရတော့သည့်အဆုံး နောက်ဆုံးဝယ် လက်မြှောက်အရှုံးပေးလိုက်ရရှာပြီး ကုန်းရုန်းထလာကာ ကိုယ်နေဟန်ထားကို ကောင်းကောင်းမွန်မွန် ပြင်ဆင်လိုက်ရလေသည်။

ယခင်တုန်းက သူ တရားထိုင်လိုက်တိုင်း အမြင့်ဆုံးစံချိန်မှာ ငါးမိနစ်သာဖြစ်သည်။ ငါးမိနစ်ပြည့်သည်နှင့်တစ်ပြိုင်နက် ရုတ်တရက်ထွက်ပေါ်လာသော စိတ်လှုပ်ရှားမှုတို့ကြောင့် တရားထိုင်ခြင်းအမှုမှာ ကျိန်းသေပေါက် ပြတ်တောက်သွားရစမြဲပင်။ ရွှမ်းကျီးက မျက်လုံးမပိတ်ခင် နံရံပေါ်ရှိ ဒစ်ဂျစ်တယ်နာရီကို တစ်ချက်လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။ ၎င်းမှာ မည်သည့်မျှော်လင့်ချက်ကိုမျှ ရင်ဝယ်ပိုက်မထားတော့ဘဲ စကားသံအတိုင်း စိတ်ပျံ့လွင့်မှုများကိုဖယ်ရှားလိုက်၏။ အိုးစည်ဗုံမောင်းသံတမျှကျယ်လောင်နေသော နှလုံးခုန်သံများမှာ သူ့နားအတွင်း၌ တိုးဖျော့သွားပြီး အနီးပတ်ဝန်းကျင်မှ ဆူညံသံများသည်လည်း တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ သူ့အသိစိတ်အာရုံမှာ ကြည်လင်ပြတ်သားလာပြီး တစ်သမတ်တည်းဖြစ်နေသော စကားသံတစ်သံတည်းသာလျှင် ကျန်ရှိနေတော့သည်။ ထိုအသံက သူ၏အသိစိတ်ကို နက်ရှိုင်းသောနေရာသို့ ဦးဆောင်လမ်းပြပြီး ခေါ်ဆောင်သွားလေသည်။

ရွှမ်းကျီးမှာ မြင်းသေကို မြင်းအရှင်တစ်ကောင်သဖွယ်သဘောထားကာ ဆေးကုသပေးနေသည့်နှယ် ထိုတရားထိုင်ခြင်းအမှု အချိန်မရွေးပြတ်တောက်သွားမည်ကို အဆင်သင့်ပြင်ထားလိုက်သည်။ သို့သော် ဤတစ်ကြိမ်ဝယ် ရင်းနှီးကျွမ်းဝင်နေသော ရင်တုန်မှုများမှာ နောက်တစ်ကြိမ်ပြန်လည်ထွက်ပေါ်လာခြင်းမရှိဘဲ သူ၏အသိစိတ်သည်ကား တစ်ကြိမ်တစ်ခါမျှမရောက်ဖူးသေးသော နေရာတစ်ခုထံသို့ နစ်ဝင်သွားလေတော့သည်။ သူ၏အသိဉာဏ်ပင်လယ်ကို စူးစမ်းလေ့လာလို့မရနိုင်အောင် တစ်ချိန်လုံးပိတ်ဆို့ထားခဲ့သောအတားအဆီးများမှာ ပျောက်ဆုံးသွားသယောင်။

ရွှမ်းကျီးမှာ ဘာမှန်းညာမှန်းမသိဘဲ သူ၏အသိဉာဏ်ပင်လယ်အတွင်းရှိ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားပြီး သံမဏိတံခါးတစ်ချပ်ကို တွေ့မြင်လိုက်ရသည်__သူ အထိတ်တလန့်ဖြစ်သွားလျက် သဘောပေါက်သွားသည်။ ထိုအရာမှာ ယခင်တုန်းက သူ့အိပ်မက်အတွင်း၌ မြင်တွေ့ခဲ့ဖူးသော သံမဏိအကျဉ်းထောင်တံခါးပင်ဖြစ်သည်။ သို့သော် တံခါးပေါ်ရှိ သွေးနီရောင်အင်းစာရွက်ကိုမူ မတွေ့ရတော့ပါချေ။

ကြည်လင်ဖျော့တော့သော အမှတ်သင်္ကေတတစ်ခုအား ဖုန်မှုန့်တစ်လွှာသဖွယ် တံခါးပေါ်တွင် ခတ်နှိပ်ထား၏။ ထိုအရာကိုမြင်တွေ့ပြီးသည်နှင့် ၎င်းမှာ တံခါးပေါ်မှ ကွာကျသွားသည်။ စိတ်ရှုပ်စရာကောင်းလှသော 'သင်ရိုးညွှန်းတမ်း' ၏ အဆုံးမှတ် ဖြစ်နိုင်သည်။ တကယ့်ကိုပင် ထိုအမှတ်အသားပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် သူ့နားထဲရှိ ပွစိပွစိစကားသံများမှာလည်း အတူတကွတိတ်ဆိတ်သွားလေတော့သည်။

ရွှမ်းကျီးသည် ထိုအရာကိုဂရုစိုက်မနေနိုင်ဘဲ သံမဏိအကျဉ်းထောင်ကို အကြိမ်ရေအနည်းငယ်ခန့် လှည့်ပတ်နေလိုက်ရင်း စိတ်ထဲ၌တွေးတောလိုက်သည်။

"အရင်တုန်းက ငါ့ကို တရားထိုင်လို့မရအောင် တားဆီးနေတဲ့အရာက ဒီဟာနဲ့ ပတ်သက်နေတာများလား"

သံမဏိအကျဉ်းထောင်တံခါး၏အနီးတစ်ဝိုက်ဝယ် စိတ်မသက်မသာဖြစ်စရာ ကောင်းလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ မူလက တံခါးပေါ်တွင်ကပ်ထားသော အင်းစာရွက်ရှိနေသည့်နေရာဝယ် ကျဉ်းမြောင်းသောအက်ကွဲကြောင်းလေးတစ်ခုထွက်ပေါ်နေပြီး အတွင်းဘက်၌ ပိတ်လှောင်ခံထားရသော တစ်စုံတစ်ရာသည်ကား ထွက်ပြေးလွတ်မြောက်သွားပြီ ဖြစ်သလို။ ရွှမ်းကျီးမှာ ထိုတံခါးအက်ကွဲကြောင်းရာလေးကို တွေ့မြင်လိုက်ရသည့်တခဏဝယ် စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ခံစားချက်နှစ်မျိုးပေါက်ဖွားလာတော့သည်။ တစ်မျိုးသည် သူ့ကို နောက်လှည့်ကာ ထိုနေရာမှ ဝေးနိုင်သမျှဝေးဝေးထွက်ပြေးရန် တိုက်တွန်းနှိုးဆော်နေပြီး ကျန်တစ်မျိုးမှာမူ သူ့ကို ထိုတံခါးအနီးသို့သွားရန် ထပ်ခါတလဲလဲ ဖျားယောင်းသွေးဆောင်နေသည်။

ရွှမ်းကျီးတစ်ယောက် ချိတုံချတုံဖြစ်နေခိုက်မှာပင် သူ၏အသိဉာဏ်ပင်လယ်အတွင်းရှိ သံမဏိအကျဉ်းထောင်တံခါးထံမှ ခပ်ဖွဖွသက်ပြင်းချသံတစ်ချက်ကိုကြားလိုက်ရပြီးသော် တံခါးမှာ ဖြည်းဖြည်းချင်း.....ပွင့်လာနေသည်။

Pokračovať v čítaní

You'll Also Like

28.4K 4.7K 51
ဘာသာပြန်သူ - စွဲညို့အသင်း
677K 39.6K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
199K 22.9K 70
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.8M 187K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022