ကြည်ပြာရောင်နေ့စွဲများ

By Suekyalaung

24.3K 1.9K 350

လွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့​နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိ... More

ရက်စွဲ (၁)
ရက်စွဲ (၂)
ရက်စွဲ(၃)
ရက်စွဲ (၅)
ရက်စွဲ(၆)
ရက်စွဲ (၇)
ရက်စွဲ (၈)
ရက်စွဲ (၉)
ရက်စွဲ (၁၀)
ရက်စွဲ (၁၁)
ရက်စွဲ (၁၂)
ရက်စွဲ (၁၃)
ရက်စွဲ (၁၄)
ရက်စွဲ(၁၅)
ရက်စွဲ (၁၆)
ရက်စွဲ(၁၇)
ရက်စွဲ (၁၈)
ရက်စွဲ(၁၉)
ရက်စွဲ (၂၀)
ရက်စွဲ (၂၁)
ရက်စွဲ (၂၂)
ရက်စွဲ (၂၃)
ရက်စွဲ (၂၄)
ရက်စွဲ(၂၅)
ရက်စွဲ (၂၆)
ရက်စွဲ(၂၇)
ရက်စွဲ(၂၈)
ရက်စွဲ (၂၉)
ရက်စွဲ(၃၀)
ရက်စွဲ (၃၁)
ရက်စွဲ (၃၂)
ရက်စွဲ(၃၃)
ရက်စွဲ(၃၄)
ကြည်ပြာရောင်လက်ကျန်နေ့စွဲများဆီသို့

ရက်စွဲ(၄)

842 99 9
By Suekyalaung

ဆရာဖေရဲ့ မန္တလေးဆောင်းဟာ တကယ်ဆို နမ္မတီးဆောင်းဖြစ်သင့်သည်ဟု သူထင်မိပါသည်။ မန္တလေးဟာ စာဖွဲ့ထဲကလောက် မအေးလှပါ။တကယ်အေးသည်ဆိုသောနမ္မတီးအတွက်မူ ကဗျာတစ်တန် စာတစ်တန်မရှိခဲ့ပါ။အင်းပေါ့လေ မန္တလေးလို ရာဇဝင်မလှခဲ့ပေကိုး။ အရာရာ တိုင်းတွင်လဲ ထိုကဲ့သို့ပင်ရှိသည်။လူအများစိတ်ဝင်စားခြင်းခံရသော အရာတို့မှာသာ အဆင်တန်ဆာ များရှိကြသည်မဟုတ်လား ။ တစ်ချို့သော အရာ များကတော့ အမေ့လျော့ခံ အတန်းစားတွင်သာ ရှိကြသည်။

ယခုတစ်ပတ် စနေ တော့ စူးကျယ်အောင် အမေရှိရာ မိုးကောင်းသို့ မသွားဖြစ်တော့ပါ။ လူလဲ နလန်ထစ ဖြစ်နေသောကြောင့် အမေ့ကို ဖုန်းဆက်ပြီးတော့သာ အကြောင်းကြားထားလိုက်ရပါသည်။ အမေသည် ဝမ်းနည်းဟန် သိပ်မပြပါဟု ထင်မိပါသည်။ တကယ်ဆို အမေ သားကို နည်းနည်းလေးတော့ လွမ်းနေသင့်တယ်မဟုတ်လားဟင်။

"စူးကျယ်အောင်၊ မင်း မနက်ဖန် ခြင်းဝိုင်းလိုက်မှာလား"
"ဘာလိုက်လုပ်ရမှာလဲ"
"လိုက်အားပေးလေကွာ မင်းကလဲ ကိုယ့်သူငယ်ချင်းပွဲကို"
"မလိုက်ချင်ပါဘူးကွာ၊မင်းကလည်း ၊ငါမှ ဝါသနာမပါတာ"
"မင်းအိမ်ထဲမှာဘဲ အမြဲအောင်းနေတော့ ၊ဘယ်လိုလုပ် ကျန်းမာရေးက ကောင်းမလဲကွ၊မင်းကလဲ၊ ပြီးတော့ မင်းဆရာဝန်ပြောတာ နည်းနည်းပါးပါး လူတောတိုးလို့မှာထားတယ်လေ"
"မတိုးချင်ပါဘူးကွာ၊ငါအဲ့လို လူတွေ ရှုပ်ရှုပ် ရှုပ်ရှုပ်တွေနဲ့ မကြိုက်ပါဘူး ၊ခေါင်းကိုက်တာဘဲ အဖတ်တင်တယ်"
"အဲ့တာဆို မင်းမှာ ဘာအစီစဉ်ရှိလဲ"
"မြစ်ကြီးနားသွားပြီး ညစျေးမှာ အပင်လေး ၊ဘာလေး သွားကြည့်မလားလို့စဉ်းစားနေတာ"
"မင်းတစ်ယောက်တည်းဖြစ်နေမှာပေါ့ ၊နေကောင်းကာစဘဲရှိသေးတာ ဆိုင်ကယ်မောင်းလို့ဖြစ်နိုင်ပါ့မလား"
"ရပါတယ်ကွာ မင်းကလဲ ၊ငါနေမကောင်းတာကလဲ အကြီးကြီးမဟုတ်ပါဘူးကွာ ၊မင်းတို့သာ ပုံကြီးချဲ့နေကြတာ"
"အပါကြီး ငါ့ကိုမှာသွားတယ် ဒီနေ့ မင်းနဲ့လာအိပ်ဖို့ ၊သူမနက်ဖန်မှပြန်ရောက်မှာမလား"
"အင်း၊ မင်းအလုပ်ရှိရင်လဲနေလေ ၊ငါတစ်ယောက်တည်း အိပ်နေကျဘဲ အဆင်ပြေပါတယ်"
"အင်း၊ ငါအခြေနေ ကြည့်ပြီး ပြန်ပြောပေးမယ်လေ၊ မင်းအပင်တွေ ဘယ်ချိန်သွားဝယ်မှာလဲ၊"

"နေ့လယ် ၂ခွဲလောက်ပေါ့"
_____________________

အဒီးပြန်သွားသည်။ နာရီကြည့်တော့ ၁၀နာရီသာရှိသေးသည်။ဒီနေ့ အပါကြီးက တနိုင်းဘက်ကို ကုန်သွားပို့သည်။ မနက်စောစော ၅နာရီ ထသွားသောကြောင့် နေ့လယ် ၁၂နာရီလောက် တနိုင်းကိုရောက်လိမ့်မည်။ ထို့နောက်ကုန်ချမည်။ ကုန်ချ၍ပြီးချိန်သည် နေ့လယ် ၂နာရီဝန်းကျင်ရှိပေသည်။ နေ့ချင်းပြန်လာ၍ ရသော်လည်း တစ်နေကုန်ကားမောင်းထားရသည်နှင့် ပြန်အလာသည် မိုးစုန်းစုန်းချုပ်မည်ဖြစ်သောကြောင့် ယခုကဲ့သို့ နောက်တစ်ရက်မှသာ အမြဲ ပြန်လာဖြစ်တော့သည်။ ယခုလို နေ့မျိုးတွင် စူးကျယ်အောင်တစ်ယောက်တည်း ဖြစ်နေတတ်သည်။အဒီးကလဲ ကျောင်းပိတ်ရက်ဆိုလျှင် ခြင်းခတ် ဘောလုံးကန် ကြက်တောင်ရိုက်များ နှင့်အလုပ်ရှုပ်နေတတ်သဖြင့် စူးကျယ်အောင်ထံ အမြဲရောက်မလာတတ်ပေ။တစ်ခါတစ်ရံတော့လည်း စူးကျယ်အောင်တစ်ယောက် အဒီးကို မျှော်နေမိတတ်ပါသည်။ တစ်ခါတစ်လေတော့လည်း အဒီးစကားအရမ်းများနေသဖြင့် အဒီးကိုသူစိတ်ရှုပ်မိတတ်ပါသည်။
နေ့လယ်မှ အပင်သွားဝယ်မှာဆိုတော့ ဒီမနက်ဘာလုပ်ရပါ့လိမ့်။စာလဲ မဖတ်ချင်ဘူးရော်၊ စဉ်းစားနေမိသည်၊ဘာလုပ်ရပါမလဲပေါ့၊နမ္မတီးဆောင်းကလဲ နေ့လယ် ၁၁ နာရီသာ ထိုးတယ် ။နေရောင်က ခုထိ မမြင်ရသေး။အလင်းရောင်သာရှိသည် နေရောင်ခြည်အား တောင်တန်းပေါ်မှ တိမ်နှင့်မြူခိုးတို့က ကမ္ဘာမြေပေါ်သို့ တိုက်ရိုက်ဆင်းသက်ခွင့်မပေးသေးချေ။အဝေးကိုငေးကြည့်မိသည်၊တောင်တန်းများလဲ သဲသဲကွဲကွဲ မမြင်ရပါ။ နေရောင်ခြည်လည်း မှေးမှိန်လျက်၊လမ်းကွေ့လေးလဲ ပျောက်ဆုံးလျက်။ အမေ့ကိုရုတ်တရက်သတိရမိသွားသည်။ထို့နောက် စိတ်နှလုံးမှာ ဝမ်းနည်းစိတ်လိုလို ခံစားချက်တစ်ခုပေါ်လာသည်။ အမေ နောက်အိမ်ထောင်ပြုတော့မည်ဟု သတင်းထွက်ပေါ်နေသောကြောင့်ဖြစ်သည်၊ ထိုသို့ဆိုလျှင် သူတို့မိသားစုလေး မည်သို့သော အချိန်မျိုးတွင်မှ ပြန်လည်မဆုံဆည်းနိုင်ချေတော့ဘူးလား။

_________________

"တီ.........တီ......."
ဟင်ခြံရှေ့မှာ ဆိုင်ကယ် ဟွမ်းတီးသံ
အလား.......အဒီးပါလား
"ဘာလဲ ဟေ့ရောင်"
"အလား...... မင်းဘဲ မြစ်ကြီးနားသွားမယ်ဆို"
"မင်းမလိုက်ဘူးမဟုတ်လား၊ခြင်းဝိုင်းသွားမှာဆို"
"အာ.... စကားတွေများလိုက်တာ၊လာ ထွက်လာခဲ့ သွားမယ်"
"အာ.... ငါ ငါ့ဆိုင်ကယ်နဲ့ဘဲ သွားမယ် ၊ငါလဲဆိုင်ကယ်မောင်းချင်တယ်"
"အလား...မင်း တကယ့်ကောင် ၊ဆီနှစ်ခါကုန်အောင် ဖြုန်းတီးနေတာဘဲ ၊ အသွားငါမောင်းမယ် ၊ အပြန်မင်းမောင်း၊ဟုတ်ပြီလား"
"ပြီးရောကွာ"

၁၀တန်းကျောင်းသားနှစ်ယောက်ဆိုင်ကယ် တစ်စီးနှင့် တစ်နာရီ မကြာသော မြစ်ကြီးနားခရီးစဉ်လေး စခဲ့ပေပြီ။သူတို့ဆိုင်ကယ်လေးသည် တောင်ကြားထဲ လျှိုဝင်သွားလိုက်၊ တောရိုင်းအပင်စုလေးများအား ဖြတ်ကျော်သွားလိုက်၊ အရမ်းမအိုဟောင်းသေးသော တံတားလေးအားလဲ ဖြတ်နင်းခဲ့ရပါပြီ။ သူတို့ လမ်းခရီးလေးဟာ အရမ်းတော့ မလှပ ပါ။ စူးကျယ်အောင်အတွက်လဲ ထွေထွေထူးထူး ဘာမှ သိပ်မခံစားရပေမယ့် အဒီးတော့ ပျော်နေခဲ့သည်။ သည်နေ့မှ မဟုတ်ပါ။ စူးကျယ်အောင်နှင့်နှစ်ယောက်တည်း ရှိနေသည့်အချိန်တိုင်း အဒီးပျော်ပါသည်။ စူးကျယ်အောင်သာလျှင် ပျော်သည်ရှိသလိုနှင့်မပျော်။ ပျော်နေသည့်တိုင် သူပျော်နေသည်ကို အဒီးသိပ်မမြင်နိုင်။စူးကျယ်အောင်ကို နားလည်ရခက်သည်မှာ အမှန်ပင်။
_____________________

မြို့ရှောင်လမ်းဘက်မှ ပတ်မောင်းလာသဖြင့် မြစ်ကြီးနားဝင်သည့် အနောက်ဖက်လမ်းသည် ကုက္ကိုပင်ကြီးများနှင့်လမ်းဘေး ဝဲယာ တစ်လျှောက်ကဗျာ ဆန်အောင် လှနေသည်မျိုးတော့မဟုတ်ဘဲ စိတ်ထဲတွင်တော့ ပေါ့ပါးမိပါသည်။မြစ်ကြီးနားညစျေးတွင် ဆိုင်ကယ်အပ်ရန်နေရာသို့ ဆိုင်ကယ်အပ်ထားခဲ့ကြပြီး ကြိတ်ကြိတ်တိုးစည်နေသည့် စျေးအုပ်ထဲသို့ သူတို့လဲ အပါဝင် တိုးဝှေ့ခဲ့ကြသည်။အသီးတန်းဘက်ကို အရင်သွားရလိမ့်မည်။ထို့နောက် အပင်တန်းဘက်ရောက်ချေမည်။သစ်သီးချည်းရောင်းသော စျေးတန်းကို သစ်သီးတန်းဟု ခေါ်ကြသည်။အသီးတန်းကိုမရောက်ခင်တော့ စျေးရုံရှိသည်၊ရွှေဆိုင်အထည်ဆိုင်၊ ကုန်စုံဆိုင်၊ သားငါးတန်း၊ အကုန်စုံအောင်ရှိသည်။ အပြင်ဘက်တန်းတွင်တော့ စားစရာဆိုင်များ၊ မျက်မှန်ဆိုင်များ၊ ဖုန်းဆိုင်နှင့် စတိုးဆိုင်များ အပြည့်အကြပ်ပင်။
"အပင်မဝယ်ခင် တစ်ခုခုစားကြမလား"
"အော့် စားမယ်လေ ၊ဘာစားမလဲ"
"မင်းစားချင်တာစားလေ၊မင်းဘာစားချင်လဲ"
စူးကျယ်အောင်ခဏ စဉ်းစားသည်။ အဖြေပေါ်မလာ။စူးကျယ်အောင်အစားအသောက် ရွေးလွန်းသည်။သူကြိုက်သော အစားစာ ဆိုသည်မှာ ခပ်ရှားရှားပင် ၊ စဉ်းစားသော်လည်း အဖြေထွက်မလာ။ အဒီး စကားစလိုက်သည်။
"ဝက်သားတုတ်ထိုးစားမလား"
"မစားချင်ဘူးကွ ၊ဗိုက်အောင့်မှာစိုးတယ် မသန့်ရင် "
"အင်း..... အဲ့တာဆိုရင် ငါးကင်ရော"
"ငါးကင်မကြိုက်ဘူး ငါက ၊ငါးဟင်းဘဲ ကြိုက်တာ"
"မီးပွိုင့်အောက်နားမှာ ကော်ဖီဆိုင် ရှိတယ် ၊လှတယ် ၊အဲ့မှာစားမလား"
"အာ....ခုချိန်ကြီး မသောက်ချင်ပါဘူးကွာ"
"ကြက်ကင်ရော"
"မစားချင်ဘူး"
"ထမင်းကြော်"
"ဟင့်အင်း"
"ရှမ်း"
"နိုး"
ရှမ်းဆိုသည်မှာ ရှမ်းခေါက်ဆွဲကိုပြောခြင်းဖြစ်သည်။
"မာလာဟင်း"
"ငါမှ မကြိုက်တာ"
"အဲ့တာဆို ........"
အဒီးလဲ တစ်ခဏ ငြိမ်သက်သွားသည်။သူစူးကျယ်အောင်ထက်ပို၍စဉ်းစားရကြပ်ချေပြီ ။ညစျေးတစ်ခုလုံးရဲ့စားသောက်ဖွယ်များလဲ ကုန်လုနီးပါးဖြစ်ပြီ။
"ဆာဖြယ်"
"အွန်း မဆိုးဘူး၊ မစားရတာ ကြာပြီ"

ကချင်ရိုးရာ ဆိုင်သို့ဝင်ပြီး ဆာဖြယ် ဝင်စားကြသည်။ ဧရာဝတီမြစ်ဘေးမှာ ဖြစ်သောကြောင့် မြစ်သဘာဝ ကိုတော့ ခံစားကြရမည်။ ဧရာဝတီမြစ်ကြီးဟာ အရမ်းတော့ မလှပနေပါ။မြစ်လယ်မှာ အဖြူရောင်သောင်လေးတစ်ခုနဲ့ မြစ်တစ်ဖက်ကမ်းမှာ တောင်တန်းကြီးများရှိသည်ကလွဲ၍ ကျန်တာ ထူးထူးခြားခြားတော့ လှမနေပါ။သို့သော် ပြာတောက်နေသော ကောင်းကင်ထက်က တိမ်သားဖြူဖြူ ထုထည်ကြီးများနှင့်ပေါင်းစပ်ထားသောကြောင့် အတော်လေးတော့ကြည့်ကောင်းနေသည်။ မြစ်ရေပြင်မကြည်နေသည့်တိုင် တိမ်သား နှင့်ကောင်းကင်၏အရိပ်ကို ဧရာဝတီမြစ်ပေါ်မှာတော့ အထင်းသား တွေ့မြင်နေရသည်။ စူးကျယ်အောင်တို့က ကုန်းမြင့်ပေါ်က ဆာဖြယ်ဆိုင်လေးမှာဆိုတော့ ဧရာဝတီမြစ်၏ သိပ်မလှသော ပန်းချီကားချပ်ထဲတောင် မပါဝင်ပါချေ။မှာထားသော ဆာဖြယ်ရောက်လာသည်။မစားရသည်မှာ ကြာ၍လားမသိပါ ဆာဖြယ် အပြင်ဆင်လေးကလဲ တစ်မျိုးကြည့်ကောင်းနေသည်။ ဆာဖြယ်ဖတ် အဖြူ အပုံ ဘေးမှာ အသားကင်သပ်သပ် မုန်လာဥနီ သပ်သပ် အရည်သပ်သပ် နှင့် အရောင်သွေးစုံသလိုခံစားရစေသည်။
"အကင်လဲ မှာမယ်လေ"
"မှာလေ၊ဟော့ဒေါ့ပိုမှာလိုက်နော်"
"အင်း"

ဆာဖြယ်စားကြပြီးသည်နှင့် အသီးတန်းကိုဖြတ်ကာ အပင်ရောင်းသောနေရာ သို့သွားကြမည်။
"မင်း အသီးစားအုန်းမလား"
စူးကျယ်အောင် အသီး အလွန်ကြိုက်တာ သိသဖြင့် အဒီးတကူးတက သတိထားမေးလိုက်သည်။
"မင်းဂွတ်သီးနဲ့ လိမ္မော်သီးတော့စားချင်တယ်၊ဒါပေမယ့် တော်ပါပြီကွာ၊နောက်မှဘဲ အပါကြီးကို မှာလိုက်တော့မယ်"
"ဘာလို့လဲ မင်းအခုစားချင်နေတာဘဲ ဝယ်လေ"
"ပိုက်ဆံ သိပ်မပါလို့ကွ၊ အပင်လဲ ဝယ်ရအုန်းမှာမို့"
"ငါဝယ်ကျွေးမယ်လေ၊ ငါ့မှာပါတယ်"
"အင်းအဲ့တာဆိုလဲ ခဏစိုက်ထားပေးလေ ၊ငါပြန်ပေးမယ်"
"နေပါ ၊ငါဝယ်ကျွေးမှာပါ"
ညနေစောင်းနေသဖြင့် လူနည်းနည်းကြပ်နေသည်။ဆိုင်ကယ်များလဲ စျေးတန်းအတွင်း မောင်းလိုမောင်းနှင့် ၊ သူတို့နှစ်ယောက် လူကြားထဲ မနည်းတိုးနေရသည်။ အသီးတန်း ရောက်ခါနီးတွင် စူးကျယ်အောင်တစ်ယောက်ဆိုင်ကယ်ရှောင်ရင်း အဒီးနှင့် ရှေ့နောက် ဖြစ်သွားသည် ။ထို့နောက် ကြားထဲက လူများကြောင့် အနည်းငယ် ထပ်ဝေးသွားသည်။ အဒီးသူ့နောက်မှာ သူ့ငယ်ချင်းပါမလာသည်ကို သတိထားမိလိုက်သည်။

အဒီးနောက်ပြန်လှည့်လိုက်သည်၊စူးကျယ်အောင်လဲ ခေါင်းလေးမော့ကာ အဒီးကိုကြည့်နေမိပြီး လူကြားထဲ မှ ရုန်းထွက်ဖို့ကြိုးစားနေသည်။စူးကျယ်အောင် ယခုလို လူကြားထဲ တိုးဝှေ့ခြင်းမှာ မကျွမ်းကျင်လှပါ၊ အဒီးသူ့လက်ကို ဖျတ်ခနဲ လှမ်းဆွဲလိုက်သည်။ ထို့နောက် လူကြားထဲမှ ဆွဲထုတ်သွားလိုက်သည်။အဒီးရင်ထဲ နွေးခနဲ ခံစားလိုက်ရသည်။စူးကျယ်အောင်တော့ လူကြားထဲက။ လွတ်သွားသဖြင့် အဒီးကိုစိတ်ထဲက ကျေးဇူးတင်လိုက်သည်။ ထို့နောက်အသီးဝယ်ကြပြီး အပင်တန်းဘက်သို့ဆက်လျှောက်ကာ အိမ်ခန်းတွင်းစိုက်၍ ရသော နွယ်တစ်ပင်နှင့် ပြည်တွင်းဖြစ် စျေးသက်သာသော ကျားလက်ဝါးတစ်ပင် ဝယ်ခဲ့ကြသည်။ နာရီကြည့်တော့ ၅နာရီ ထိုးနေပြီ ။စျေးသည်လဲ ပို၍ သက်ဝင်လှုပ်ရှားကာ သွေးဆူနေသည်။
"မြစ်ဘေး ခဏ သွားမလား"
"သွားမယ်လေ ၊အကြာကြီးတော့ မနေဘူးလေ ၅နာရီကျော်နေပြီ"
"အင်း"
ဆာဖြယ်စားနေချိန်က တွေ့ခဲ့ရသော ဧရာဝတီမြစ်သည် ချက်ချင်းဆိုသလိုပြောင်းလဲသွားသည်။သည်တစ်ခါ မြစ်ရေပြင် ဝါကြင့်ကြင့်က ကောင်းကင်က ပုစွန်ဆီရောင် နှင့်ဟပ်ကာ အတော်လေးကြည့်ကောင်းနေသည်။ပြီးတော့ ဧရာဝတီမြစ်သည် စူးကျယ်အောင်တို့နှစ်ယောက်ကို သူ့မျက်နှာပြင်တွင် ပါဝင်ခွင့်ပြုထားသည်။အရပ်ရှည်ရှည်ကောင်လေးနှစ်ယောက်၏အရိပ်သည် မြစ်ရေပြင်ထက်တွင်ရှိသည်။ ထို့နောက် ထိုကောင်လေး နှစ်ယောက်ထဲမှ တစ်ယောက်သည် ခဲပြားပြားတစ်လုံးကို ယူကာ မြစ်ရေပြင်ကို ရှပ်၍ ပစ်လိုက်သည်။ ထိုခဲပြားပြားလေး သည် မြစ်ရေပြင်ကို လေးချက် ရှပ်ကာ ဖြစ်သွားပြီးနောက် မြစ်ကျယ်အတွင်း နစ်မြုပ်သွားသည်။ ထို့နောက် ကျန်သော ကောင်လေးတစ်ယောက်သည်လည်း ခဲပြားပြားလေး တစ်လုံးယူကာ မြစ်ရေပြင်ကို ရှပ်၍ ပစ်လိုက်ပြန်ပါသည်။ မြစ်ရေပြင်တွင် ခဲပြားလေးနောက်တစ်ခု ၄ချက်ရှပ်သွားကာ နစ်မြုပ်သွားပြန်ပါသည်။ထို့နောက်တော့စူးကျယ်အောင်မောင်းသော ဆိုင်ကယ်နောက်တွင်အဒီးဆိုသော ကောင်လေးသည် အသီးတစ်ထုပ်နှင့်အပင်နှစ်ပင်ကိုင်ကာ မြူကျနေသော မြို့ငယ်လေးသို့ပြန်ခဲ့ချေပါပြီ။ အိမ်ပြန်ရောက်တော့ အဒီးသည် စူးကျယ်အောင်အထုပ်များပေးကာ သူ့အိမ်သို့ပြန်သွားသည်။

_____________________

စူးကျယ်အောင် ကြက်များကို ခြံထဲ ထည့်လိုက်ပြီး ထင်းမီးတစ်ဖို ဖိုထားလိုက်သည်။ နမ္မတီး ဆောင်းသည် ထင်းမီးဖိုကြောင့် ပို၍ ဂုဏ်ဆာ နေသည်။ အပင်များ အိုးထဲ ပြောင်းကာ ခြေလက်သန့်စင်လိုက်သည်။ ထို့နောက် မီးဖိုဘေး ထိုင်ကာ သူ့အပေါ်စိတ်ရှည်ခဲ့သော အဒီအကြောင်း မတွေးပါဘဲ နှင့်ခေါင်းထဲဝင်လာသည်။ ဒါမကြိုက်ရင် တစ်ခြားဟာစားမလားလို့ မေးလာတတ်သော သက်တူရွယ်တူသူငယ်ချင်းတစ်ယောက် နှင့်အတူ တစ်သတ်လုံး အတူ ပေါင်းသင်းသွားရမည်ဟု မတွေးမိသော်လည်း ခွဲခွါ ဖို့အထိလည်း မတွေးထားမိပါ။ လက်ရှိဖြစ်နေသော အကြောင်းရာ လေးများနှင့်သာ အတွေးထဲ အဒီးရောက်နေပါသည်။ ထို့နောက် မီးစူးစူးအလင်းတစ်ခု မျက်နှာပေါ်ကျလာသည်။ထို့နောက် နွေးထွေးစေခဲ့သော မျက်နှာတစ်ခု လူအနီးရောက်လာသည် ။
"မင်းတစ်ယောက်တည်းဖြစ်နေလို့ ငါ လာခဲ့တာ အိမ်ကိုပြောခဲ့တယ်"
သူဘာစကားမှ ဆက်မပြောဖြစ်ပါ။အဒီးလည်း မီးဖိုဘေး ဝင်ထိုင်နေလိုက်သည်။အဒီးတစ်ခုတော့ပြောလိုက်သည်။

"မင်းလိုအပ်နေချိန်တိုင်းငါရှိနေချင်တယ်၊ မင်းလိုအပ်မယ့်ချိန်ကိုလဲ ငါသိချင်မိတယ်။ပြီးတော့ ငါမင်းကိုလိုအပ်တယ် ၊မင်းက မလိုအပ်ဘူးဆိုရင်တော့ ငါ တိတ်တိတ်လေး ရှောင်နေပေးမှာပါ ၊ ထွက်သွားမှာတော့မဟုတ်ဘူး၊ မင်းမသိတဲ့ချောင်လေးတစ်နေရာကနေပေါ့၊ မင်းတစ်ချိန်ချိန် ပြန်လိုအပ်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပါ။ပြီးတော့ ငါမင်းကို............"

ဆက်မပြောတတ်တော့ပါ။အဒီးသူ့စိတ်ကို သူသေချာ မသိသေးပါ။ စိတ်ထဲကသာ ပြောဖြစ်လိုက်ခြင်းဖြစ်သည် ။အဒီးအသံကို စူးကျယ်အောင်မကြားမိပါ။ပြီးတော့ အဒီးအသံ ကို အဒီးပင် ဆုံးအောင် အဒီးဆက်မပြောတတ်ပါ။ဘာဘဲဖြစ်ဖြစ်ပါ။ ဒီနေ့လေးဟာ ကြည်ပြာရောင် ရက်စွဲလေးတွေထဲက ရက်စွဲတစ်ခုပါဘဲ စူးကျယ်အောင်ရယ်။

လမင်းသည် ထိန်ထိန်သာနေသည်။ သို့သော် အလင်းရောင်ကို ကမ္ဘာမြေ မမြင်ခဲ့ရပါ။ သို့သော် ယုံကြည်ပါသည် ။ အမြဲလင်းနေလိမ့်မယ်လို့ပေါ့...........

Continue Reading

You'll Also Like

384K 24.1K 87
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
892K 35.2K 45
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
14.7K 634 33
ခနခနငေးနေမီတဲ့ကောင်လေးကကျန်တော်ကိုကြိုတ်နေတာတဲ့လား ဝေယံမင်းမာန် အတန်းခေါင်ဆောင်ကို့ ကြိုတ်မီတာကျန်တော်အမှားလား ကံထူးငယ...
26K 1.2K 52
Zawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ...