"Chart တွေထိပ်တွင် ကြောက်ခမန်းလိလိကြမ်းနေသည့် "WhiteNet×Artist-K Collab Song"
သီချင်းထွက်ပြီး နှစ်ရက်မပြည့်ခင်ပင် RAK စရပြီး ယခုဆိုလျှင် PAK ထိဆက်သွားနေပြီဖြစ်သည်။
ပြည်တွင်းတင်လားဆိုတော့ မဟုတ်သေး။ Global Chart များဖြစ်သည့် Billboard Top 200, Billboard Top 200 Excl Us, Billboard Hot trending songs, Billboard Digital Sales Chart စသဖြင့် နိုင်ငံတကာ Chart ထိပ်တွေထိ ပတ်ကြမ်းနေသည်။ Hot 100 မှာပင် No.90 ပင် ရကာ Artist-K အတွက် Billboard Hot 100 သို့ခြေထပ်ချနိုင်ခဲ့သည့် နောက်ထပ်သီချင်းတစ်ပုဒ်ဖြစ်လာခဲ့လေသည်။
Legendary အဖွဲ့နှင့် Rokie ဘဝကတည်းကကြမ်းလာသည့်အဖွဲ့ နှစ်ဖွဲ့၏ သီချင်းထဲမှ အဓိကချပြထားသည့် မြန်မာ့ Culture များကို လူတွေစိတ်ဝင်စားမှူမြင့်တက်နေကြသည်။ မြန်မာပြည်နောက်ခံထားပြီး မြန်မာမှုများရောယှက်ပါဝင်နေသည့် သီချင်းဗီဒီယိုအပြင်အဆင်သည် K pop Mv အားလုံးနှင့်ကွဲထွက်နေခဲ့သည်။
လေးမိနစ်မရှိတရှိ သီချင်းတစ်ပုဒ်မှာပင် မြန်မာ့ယဉ်ကျေးမှုကို အတော်ထင်ဟပ်ပြနိုင်ခဲ့သည့်အတွက် မေမေသည် ပြည်တွင်း၌ လူပြောများခဲ့လေသည်။ မေမေသည် မြန်မာ့ယဉ်ကျေးမှုကို ပထမဆုံးစတင်ချပြခဲ့သူမဟုတ်သော်လည်း ဂီတတေးသွားနှင့် ကမ္ဘာကိုဖွင့်လှစ်ပြနိုင်ရန် ကြိုးစားပေးခဲ့ခြင်းကြောင့် မြန်မာ့အကြောင်းကို လူတွေပိုစိတ်ဝင်လာကြကြောင်း၊ မြန်မာယဉ်ကျေးမှု နှင့်ပတ်သတ်သည့်အရာများခုလအတွင်းမှာပင် ဝယ်ယူမှုမြင့်လာကြောင်း သိရသည်။
မေမေနှင့်အတူ ညီညီပါချီးကျူးခံရသည်။
တစ်နှစ်တာအတွက် Biggest Collaboration ဟုပင်တင်စားခံရကာ နှစ်ကုန်ဆုပေးပွဲတွင် Song of the year Daesang ဆုအတွက် နံပါတ်တစ်ပြေးနေလေသည်။ ထိုသို့ကောင်းသတင်းများကိုမြင်ရ၍ ညီညီ့စိတ်အခြေအနေတွေကောင်းနေသည်။ ညီညီအနားယူချိန်တွင် ထွက်ရှိလိုက်သည့်သီချင်းအသစ်မို့ ပရိုမိုးရှင်းများတွင်တော့ ညီညီမပါဝင်တော့။
မန်ဘာတွေကလည်း ညီညီမပါ၍ နေသားမကျဟုဆိုကာ နေကောင်းလာဖို့ကိုသာ ခဏခဏပြောသည်။ ဖန်တွေကလည်း ညီညီပြန်လာဖို့ကိုမျှော်လင့်နေကြပြီး အဖွဲ့အစုံအလင်နှင့် ပြန်မြင်ရမည့်အချိန်ကို စောင့်နေကြဆဲပင်။
အဖွဲ့အတွက် ဇေ့ကိုလည်းအလုပ်မထွက်စေဘဲ နောက်ထပ်မန်နေဂျာတစ်ယောက်ငှားခဲ့ပြီး ဇေ့ကိုညီညီနဲ့အနီးကပ်နေစေသည်။
"မေမေ့ကို မြန်မာကလူတွေကအများကြီးချီးကျူးနေကြတယ်နော်"
"အဟင်း သား Solo ကျရင်လည်းအများကြီး
ထည့်ပေးဉီးမှာ"
"သားပဲထင်တာလားမသိ။ မေမေ မြန်မာနဲ့ဖက်စပ်လုပ်တာတွေများလာတယ်နော်။ အရင်ကတော့ အကုန်ပယ်ချနေပြီးတော့"
ထိုအခါ မေမေကပြုံးလေသည်။ အဖြေတစ်ခုအသင့်ရှိနေဟန်။
"ဒါကတော့ မိခင်အတ္တကြောင့်ကိုး"
"ဟင် ဘယ်လို"
"အမေက အနုပညာလုပ်ငန်းလုပ်နေတဲ့သူတစ်ယောက်။ ကိုယ့်သားကလည်း အနုပညာဘက်အထုံပါတဲ့သူဆိုတော့ ပြောရရင်မျှော်လင့်ချက်ကြီးကြီးထားတယ်ပေါ့ကွယ်။ သားစိတ်ကိုသာဖွင့်ပေးနိုင်ရင် တစ်ချိန်မှာ ကမ္ဘာကျော်တစ်ယောက်ဖြစ်လာမယ်လို့ယုံကြည်တဲ့အတွက် ကိုယ့်သားထက်ဘယ်သူကမှစပြီး နိုင်ငံကျော်တာမျိုးမဖြစ်စေချင်ဘူး။ အဟင်း Eagle paved the way ဖြစ်စေချင်လို့ သားပွဲဉီးထွက်ပြီးနာမည်အခိုင်အမာရလာပြီး သားကိုယ်တိုင်ပထမဆုံးအကြိမ်လုပ်စေပြီးမှ အမေကမ်းလှမ်းမှုတွေကိုလက်ခံခဲ့တာ။ အဲ့တာကြောင့် မိခင်အတ္တလို့ပြောတာပေါ့။ တကယ်လို့သာ သားကသာအနုပညာဘက်အထုံမပါဘူးဆိုရင် မေမေကလည်းသားအပေါ် အိပ်မက်မက်မှာမဟုတ်ဘူး။ ဒါဆိုဟိုးအရင်ကတည်းက စပြီးလုပ်မှာပေါ့"
မေမေ့စကားကြောင့် ညီညီလှိုက်ပျော်သွားပါသည်။ တကယ်ကိုသားဖြစ်သူရဲ့စိတ်ကို ဖောက်ထွင်းသိနိုင်ပြီး နောက်ကနေအမာခံထောက်ပံ့ပေးသည့် အမေကောင်းတစ်ယောက်ပါပင်။
ညီညီ့ဘေးက ညီညီနှင့်အတူနားထောင်နေသည့် ဇေ့ကိုပါ ကျေးဇူးတင်သည့်အကြည့်နှင့်ကြည့်လိုက်သည်။ ညီညီ့ဘက်ကနေမားမားမတ်မတ်ရပ်တည်ပေးခဲ့ကြတဲ့ ညီညီ့ဘဝရဲ့မဏ္ဍိုင်ဖြစ်တဲ့လူတွေထဲကနှစ်ယောက်။
"ကျေးဇူးပါ မေမေ"
"ကျေးဇူးတင်ရင် ပိုကြိုးစား"
"ဟုတ်"
"ဒီနေ့ ဆရာဝန်ဆီသွားရမှာလား"
"ဟုတ်တယ် ဒေါ်ဒေါ်။ ညီညီလည်းစား ပြီးရင်သွားရအောင်"
"အင်း"
........
"Eagle ရဲ့စိတ်အခြေအနေက အများကြီးတိုးတက်လာပြီ။ စတွေ့တုန်းကလိုမျိုး စိတ်ထဲမှာမြိုသိပ်ထားခဲ့တဲ့ ဝမ်းနည်းမှုတွေကို အကုန်ဖွင့်ပြောခွင့်ပေးလိုက်တော့ သူ့စိတ်တွေပေါ့ပါးလာတယ်။ တစ်ခုခုကို Deep thinking ဖြစ်နေတာမျိုးလည်း သိပ်မရှိတော့တာတွေ့ရတယ်။ တစ်ယောက်ယောက်အပေါ်မကျေမနပ်ဖြစ်တာ အမြင်စောင်းတာ တစ်ယောက်တည်း ဝမ်းနည်းနေတတ်တာမျိုးတွေလည်း အတော်နည်းသွားတယ်။ ဒါ ဇေ့ရဲ့ အသေးစိတ်ကအစဂရုစိုက်ပေးလို့ အများကြီးသက်သာလာတာပါ။ သူ့ရဲ့မကျေနပ်တဲ့အချက်လေးတွေအထဲမှာ ဇေ့အကြောင်းတွေအများကြီးပါတယ်။ ဒီတိုင်းလေးဆက်သွားပေးရင် လအနည်းငယ်အတွင်းမှာ ပြန်ကောင်းသွားလိမ့်မယ်"
ဆရာဝန်ပြောသည့် စကားများကို ဇေပြန်ကြားယောင်နေသည်။ ညီညီ့ကျန်းမာရေးကအတော်ကိုထူထောင်လာတာလည်း ဇေ့အမြင်။ အနီးကပ်ဆေးပုံမှန်တိုက်ပြီး စိတ်ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်လုပ်ပေးနေတော့ အရင်လိုပြန်ဖြစ်လာသည်။ ဇေကတော့ အတတ်နိုင်ဆုံးပျော်အောင်ထားသည်။
ညီညီကလည်း စင်ပေါ်ကိုပြန်တက်ချင်နေပြီမို့ သူကိုယ်တိုင်အင်တိုက်အားတိုက်ကုသနေသည်။ မသိစိတ်ထဲကျန်ခဲ့ရစ်သည့် စိတ်အမှိုက်များစွာကိုရှင်းလင်းနေသည်။
"ဘာတွေပြောလိုက်လဲ ဆရာက"
ညီညီ့ကိုကားထဲအရင်သွားခိုင်းထား၍ ကားပေါ်ရောက်ရောက်ချင်းမေးသည်။
"လုံးဝပြန်ကောင်းခါနီးပြီတဲ့"
"ဟုတ်လား ပျော်လိုက်တာ"
"မင်းရဲ့စိတ်ထဲမှာ ငါ့ကိုမကျေနပ်တာတွေအတော်များခဲ့တယ်ထင်တယ်နော်"
ဇေက ခပ်ထေ့ထေ့ပြောလိုက်သည်။
"ဘာလဲ ဆရာဝန်ကအကုန်ပြောပြလိုက်တာလား။ အဲ့လိုပြောလို့မရဘူးလေ။ လူနာရဲ့အချက်အလက်တွေကိုဖုံးကွယ်ပေးထားရတယ်ဆို။ တွေ့မယ် အဲ့ဆရာဝန်...."
"ဟေ့ ဟေ့ ညီညီ....။ ဟာကွာ ဒေါသတွေချည်းပဲ။ သူကမပြောပြပါဘူး။ အပေါ်ယံပဲပြောတာပါ။ မင်းစိတ်ကိုထိန်းလေကွာ"
တကယ် ဇေတောင်လန့်သွားတာ။ တိုချင်မိရင် ထောင်းခနဲပဲ။ လွှတ်သာပေးလိုက်ရင် တကယ်ရန်သွားတွေ့မလားမသိဘူး။
"ဟုတ်တယ် မင်းကိုမကျေနပ်တာတွေအများကြီးပဲ။ ငါ့ကိုလျစ်လျူရှုတာ ငါ့ကိုဘာမှမပြောဘဲစိတ်ကောက်တာ စိတ်မကောင်းအောင်ခဏခဏလုပ်တာ ငါနဲ့အခန်းခွဲအိပ်တာ ပေါရောပေါရော...."
ဇေတစ်ချက်ရယ်မိသည်။ အဲ့လောက်ကန့်လန့်ဖြစ်ခဲ့တယ်ပေါ့လေ။
"ခုရောမကျေနပ်သေးလား"
"မကျေနပ်တာမဟုတ်ပါဘူး စိတ်မကောင်းတာပါ။ ငါမသိလိုက်ခင်မှာပဲလုပ်မိသွားတဲ့အရာတွေက မင်းကိုစိတ်ဆိုးစေတာလေ။ မင်းကငါ့အပေါ်အဲ့လောက်ကောင်းတာ မင်းကိုမကျေနပ်တာမျိုးမရှိဖူးပါဘူး"
ဇေ အင်မတန်ပျော်ရသည်။ ညီညီ့ဘက်က ကိုယ်နဲ့ပတ်သတ်ပြီး အဲ့လိုစ်တ်လေးတွေရှိတာအသိအမှတ်ပြုပေးတာလေးတွေသိရတော့ ဇေ့စေတနာတွေအထမြောက်သွားသလိုပဲ။
ဇေ ကား box ထဲက စာတစ်စောင်ယူလိုက်သည်။ အပြာနုရောင်နှင့်ပန်းရောင်စပ် စာတစ်စောင်ဖြစ်သည်။ ဖိတ်စာတစ်စောင်ဖြစ်ပြီး ရေမွှေးအနံ့လေးသင်းကာ အပေါ်ဖက်တွင်ဖဲပွင့်လေးပါသည်။ မပေးမပြီးဆိုတော့လည်း ဇေပေးရတာပေါ့။
"ညီညီ ရော့"
ညီညီက ဇေ့ကိုတစ်လှည့် လက်ထဲကစာကို တစ်လှည့် ကြည့်ပြီးမှ စာကိုယူသည်။ ထို့နောက်အသံတိတ်ဖတ်ကြည့်လေသည်။
"ဟင်...."
ညီညီ အတော်အံ့သြသွားမိသည်။ "မောင်သက်မင်းခန့်ထင်နှင့် မရောင်စဉ်လှိုင်းတို့၏ မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာ"တဲ့။ ရင်ထဲမှာတစ်ချက်ကလေးစူးသွားသလိုပဲ။
ကိုယ်နဲ့လမ်းခွဲပြီးတာမကြာသေးပေမယ့် မင်္ဂလာသတင်းက ရှေ့မှောက်ရောက်လာ၍ ညီညီရင်ထဲနာကျင်သွားသည်။ အဘယ်ကြောင့်ဆိုသော် အစ်ကိုက ညီညီ့ကိုလိမ်ခဲ့၍ပင်။ အစ်ကိုသာညီညီ့ကို တကယ်ချစ်ရိုးမှန်ခဲ့ရင် ညီညီနေရာမှာ တစ်ယောက်ယောက်ကို လွယ်လွယ်နဲ့အစားထိုးမှာမဟုတ်ပါ။ အမှန်တော့ ညီညီ့နေရာမှာအစားထိုးလိုက်တာမဟုတ်ပဲ ညီညီကသာ သူများနေရာမှာအစားထိုးခံလိုက်ရခြင်းဆိုတာ သိလိုက်ရပေပြီ။
သူနဲ့ထိတွေ့နေစဉ်က သူ့ခံစားချက်တွေကအစစ်အမှန်တြွေဖစ်ရဲ့သားနဲ့ လွယ်လွယ်နဲ့စိတ်ပြန်ယိုင်သွားတာပါလားဟု ညီညီတွေးသည်။ ဒါမှမဟုတ် စစ်မှန်ချင်ယောင်များဆောင်ခဲ့တာလား။ အရင်လူအပေါ်လည်း စိတ်မပြတ်သားပဲ ကိုယ့်ဆီရောက်လာခဲ့ပြီး ခုတော့အရင်လူဆီကိုပဲ ပြန်သွားတာပါပဲ။ ညီညီမြင်ခဲ့ရတဲ့ အရင်လူကိုလွမ်းဆွတ်တမ်းတတဲ့အရိပ်အယောင်တွေက တကယ်ကြီးဖြစ်နေခဲ့တာပေါ့။
လမ်းခွဲစကားပြောဖို့ ကိုရီးယားထိရောက်လာခဲ့တာ ဒီမင်္ဂလာပွဲအတွက်ပေါ့လေ....။ မင်္ဂလာပွဲကမြန်ဆန်လွန်းလိုက်တာ....။
သူ့စိတ်ပျော်ဖို့အတွက်နဲ့ ကိုယ်ကသက်သက်မဲ့အဖြည့်ခံဖြစ်ပေးခဲ့ရတာဟု ညီညီကတော့တွေးလိုက်တော့၏။
"သွားကြတာပေါ့"
"မင်းအဆင်ပြေလို့လား"
"ဟ..... ဘာအဆင်မပြေစရာလဲ ဇေရဲ့။ မင်းပါမှာမလား။ မင်းပါရင်ဘယ်နေရာမဆိုသွားရဲတယ်"
ညီညီတော့သွားကိုသွားမည်ဟု ဆုံးဖြတ်ချက်ချထားသည်။ Idol ရဲ့မင်္ဂလာပွဲကို fan တစ်ယောက်အနေနဲ့သွားတက်မည်။ ကိုယ့်ဘက်ကလည်း အစ်ကို့အပေါ်သံယောဇဉ်တွေ ရှင်းလင်းထားပြီးသားမို့ အစ်ကို့ညီတစ်ယောက်အနေနှင့် အစ်ကို့ပရိတ်သတ်တစ်ယောက်အနေနှင့် စိတ်သန့်သန့်နှင့်ကိုသွားပြီး ချီးမြှင့်ခဲ့မည်။
အစ်ကိုထင်သလို ညီညီဝမ်းနည်းမနေကြောင်းနဲ့ ဝမ်းသာပေးနိုင်ကြောင်းပြဖို့ ညီညီသွားကိုသွားမည်။
"ရော့"
ဖိတ်စာကို ဖွင့်ပင်မကြည့်မိပါ။ အဓိကအနှစ်ချုပ်က ဖိတ်စာမျက်နှာဖုံးက နာမည်နှစ်ခုမှာပါနေခဲ့ပြီမလားလေ။ ဖွင့်ဖတ်ဖို့မလိုတော့ပါဘူး။ ဇေကလည်း ပြန်ယူပြီး Box ထဲပြန်ထည့်လိုက်သည်။
ရုတ်တရက်ကြီး ဇေက ညီညီ့ဘက် ကိုယ်ကိုင်းချလာသည်။ ခါးပတ်ပတ်ပေးရန်ဖြစ်၏။
"ဇေ့..."
ညီညီက ထိုင်ခုံအမှီနှင့် ကျောဘက်ကိုအတင်းတွန်းကပ်ထားကာ ခေါင်းမော့ထား၍ အသက်ရှူပါအောင့်ထားမိလေသည်။ စိမ်းသက်သောအတွေ့အကြုံမဟုတ်ပါဘဲ ညီညီကိုယ့်စိတ်ကို ကိုယ်မလုံ။ ဇေ့မျက်နှာက ညီညီ့ရင်ဘတ်နားမှာရောက်နေပြီး ညီညီ့ရင်ထဲကအသံတွေပင်ကြားသွားမလား စိုးရိမ်ရေမှတ်ရောက်နေသည်။
ဇေ့ ကိုယ်သင်းနံ့လေး ညီညီ့နှာဝရောက်လာချိန်မှာ ညီညီ့အသိတွေ ခဏတာလစ်သွားကာ ညီညီရှူရှိုက်မိလိုက်သည်။ ဇေ့ကိုယ်သင်းနံ့ကိုကြိုက်တယ်ရယ်.....။
ဇေက ခါးပတ်ပတ်ပေးနေရင်းကနေ ညီညီ့ကိုမော်ကြည့်လာသည်။ နီးမှနီးနီးလေးရယ်....။ ညီညီ့ကိုရွှန်းရွှန်းစားစားနှင့် အနီးကပ်ကြည့်နေသည်။
"ဘ ဘာလဲ....ဇေ"
"မွေးနေ့လက်ဆောင်ဘာလိုချင်လဲ"
"ဟင်"
ဆိုမှ ကိုယ့်မွေးလထဲရောက်နေပြီဆိုတာ သတိရတော့သည်။ ခုလအတွင်းမှာပင် ဆိုးချန်မွေးနေ့ပါရှိနေသေးသည်။ ဆိုးချန်နှင့်ညီညီက ဆယ်ရက်ကွာပြီး ဆိုးချန်ကအရင်။ ညီညီရဲ့နှစ်ဆယ့်ခြောက်နှစ်(ကိုရီးယားအသက် နှစ်ဆယ့်ငါးနှစ်)ပြည့် မွေးနေ့အတွက် လက်ဆောင်ဘာလိုချင်လဲမေးတော့ ညီညီဖြေစရာမရှိ။ တကယ်တော့ ဇေ့ဆီကရချင်တာမျိုးမရှိတော့တာ။ ဇေသာအနားရှိရင်ကို ရပြီ.....။
"ဘာလိုချင်လဲလို့"
"ဘာမှမလိုချင်ပါဘူး။ လိုချင်တာမရှိဘူး"
"တကယ်လား ငါကဘာပဲဖြစ်ဖြစ်ပေးမလို့ကို"
ဇေ့ကိုယ်လုံးပြန်မတ်သွားပြီဖြစ်သည်။ သူနဲ့ကိုယ်ပြန်ကွာသွားလေပြီ။ ထိုအခါမှ ညီညီအသက်မျှင်းမျှင်းလေးရှူမိကာ လမ်းဘက်သို့ကြည့်နေလိုက်သည်။ ညီညီ့စိတ်ကို ညီညီကိုယ်တိုင်သေချာသိနေခဲ့ပြီ။ ညီညီဘယ်သူ့ကိုချစ်ခင်စုံမက်နေလဲဆိုတာပေါ့။ ဒါပေမယ့် ညီညီမကြိုးစားရဲဘူး။
အပြောင်းအလဲမြန်လိုက်တာလို့အပြောခံရမှာကြောက်တယ်။ အစားထိုးလိုက်တာလားလို့ အမေးခံရမှာကြောက်တယ်။ တစ်ယောက်မကောင်းလို့ တစ်ယောက်ပြောင်းတာမဟုတ်တာကို အတင်းစွတ်စွပ်ကြမှာကြောက်တယ်။
ဇေ့အပေါ်ကခံစားချက်တွေကလေ တစ်ယောက်နဲ့လမ်းခွဲလိုက်လို့ နောက်တစ်နေရာကခွဲထွက်လာတဲ့ခံစားချက်မဟုတ်ဘူး။ အရင်ကတည်းကပြိုင်တူဖြစ်နေခဲ့တဲ့ ခံစားချက်တွေ။
ဘယ်အချိန်ကတည်းကစတင်ခဲ့ပါလိမ့်။ ဘယ်အချိန်မှာ ဇေကညီညီ့ရင်ထဲကိုရောက်နေခဲ့တာပါလိမ့်။
ညီညီထင်ထားတာထက်ပိုစောနေခဲ့မလား။ သူနဲ့ကိုယ်ဖြတ်ကျော်လာခဲ့တဲ့လမ်းတစ်လျှောက် ခလုတ်တိုက်စရာ အမှတ်တရတွေမှအများကြီးကိုး.....။ တဖြည်းဖြည်းမသိမသာနဲ့ အမြစ်တွယ်လာရင်းလာရင်းကနေမှ သစ်မြစ်ကြီးမြင်နေတာတောင် ဒီအပင်ရဲ့အမြစ်မဟုတ်ပါဘူးလို့ အတင်းငြင်းခဲ့မျက်ကွယိပြုခဲ့တာတွေကိုကျော်ပြီး လုံးလုံးလျားလျားပေါ်ထွက်လာခဲ့တဲ့ ဇေ့အပေါ်ကညီညီ့ခံစားချက် ညီညီ့ရင်ခုန်သံက "ချစ်တယ်"တဲ့။
ဒါဆို ဇေ့ကိုပိုင်ဆိုင်ချင်ရင် ညီညီဘာလုပ်ရမလဲ။ ဇေရောညီညီရောက အကွာအဝေးတစ်ခူရှိသော စည်းတစ်ကြောင်းပေါ်မှာ မျက်နှာချင်းဆိုင်မတ်တပ်ရပ်နေကြတာ။ ဆက်လှမ်းလာရင် တစ်ယောက်နဲ့တစ်ယောက်ထိပ်တိုက်တွေ့ပြီး လက်ချင်းတွဲနိုင်မှာကို နွံကြောက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ တစ်လှမ်းမှမတိုးဘဲ ရပ်နေကြတာ။ တကယ်တော့ ဘာနွံမှရှိမနေ။
တစ်ယောက်ယောက်တော့ သတ္တိမွေးဖို့လိုနေခဲ့ပါပြီ။ ညီညီ့ဘက်ကစပြီးသတ္တိမွေးတော့မည်။
........
"မောင်သက်မင်းခန့်ထင်နှင့် မရောင်စဉ်လှိုင်းတို့၏ မင်္ဂလာဧည့်ခံပွဲ"
ရန်ကုန်မြို့၏ အခမ်းနားဆုံးဟိုတယ်တစ်ခုတွင် ခမ်းခမ်းနားနား သိုက်သိုက်မြိုက်မြိုက် ကျင်းပသည့် နိုင်ငံကျော်အနုပညာရှင်နှစ်ယောက်၏ မင်္ဂလာပွဲသို့ ဧည့်ပရိတ်သတ်များတဖွဲဖွဲလာနေကြသည်။ နိုင်ငံကျော်အနုပညာရှင်များသာမက အနုပညာအသိုင်းအဝိုင်းကကလာများပါ စုဝေးနေကြသည့်ပွဲကြီးလိုဖြစ်နေသည်။
နှစ်ဉီးနှစ်ဖက်ပရိတ်သတ်များကလည်း မင်္ဂလာပွဲအပေါ် ချီးမွမ်းဂုဏ်ပြုကုန်ကြသည်။ ဖန်သဘောသဘာဝအရ နှမြောတသရှိကြတာ သဘောမတူကြတာမျိုးရှိကြသော်လည်း Idol ၏ လက်ထပ်ထိမ်းမြားချင်းကို စိတ်ရင်းနှင့်ဂုဏ်ပြုပေးကြပါသည်။
သူ့မင်္ဂလာပွဲမှာ တလောကလုံးကပျော်နေကြပေမယ့် သက်ထင်ကတော့မပျော်။ မင်္ဂလာပွဲကျင်းပနေပြီဆိုသည့် အခြေအနေအထိရောက်လာခဲ့ပြီးပေမယ့် ကိုယ့်ရွေးခြယ်မှုကိုယ်ဆုံးဖြတ်ချက်အပေါ် နောင်တရတာမျိုးတော့မဖြစ်မိသလို နောက်လည်းပြန်မဆုတ်ချင်ပါ။ နာကျင်ရသော်လည်း ထိုအနာကပက် သက်ထင်ကိုနေလို့ကောင်းနေစေသည်။ သက်ထင်နှင့်ထိုက်တန်သလိုဖြစ်နေသည်။
သက်ထင်ကိုယ်ပေါ်မှာ အဖြူရောင်အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ထားသည်။ သူဟာ သတို့သားတစ်ယောက် ဖြစ်နေပြီဆိုသည့်အသိက သက်ထင်ရဲ့စိတ် အတွေး အမူအရာအားလုံးကို ပိုက်ကွန်နှင့်အုပ်ပြီးသိမ်းထုပ်ထိန်းချုပ်နေသည်။ တွေးချင်သော်တောင် မတွေးသင့်ဘူးဆိုပြီး ပြန်ပြန်ဆုံးမမိနေသည်။
သတို့သားတော့ဖြစ်ချင်ခဲ့ပါရဲ့။ တွဲဖက်နေရာကလူကလွဲနေခဲ့သည်။ လက်ထပ်ပြီးရင်ဆိုတဲ့ အစီအစဉ်အသစ်တွေကို တစ်ယောက်သူနဲ့စိတ်ကူးတွေယဉ်ပြီး ပြောခဲ့ဖူးပေမယ့် ခုတော့ စကားတွေကအပိုသက်သက်တြွေဖစ်သွားခဲ့လေပြီ။
ပိုပိုရဲ့သီချင်းထဲကလို "စိတ်ကူးထဲကတိုက်အိမ်ပျောက်ခဲ့သလိုမျိုး.....အရင်လိုပါပဲ"ဆိုသလို သက်ထင်တို့အချစ်အိမ်လေးပြိုခဲ့ပြီ။ ခုဆို သတို့သားဆိုသည့် အမည်ခံအောက်ကနေ လင်ယောက်ျား ခင်ပွန်း အိမ်ဉီးနတ် အိမ်ထောင်ဉီးစီးဆိုသည့် အဆင့်ဆင့်ဖြတ်ကျော်ရတော့မှာ။
သက်ထင်လုပ်နိုင်ပါ့မလား။ သက်ထင်မချစ်တဲ့သူနဲ့လေ။ ငယ်ငယ်ကရဖူးတဲ့ဓားရှဒဏ်ရာက အမာရွတ်သက်သက်ပါပဲ။ နာမှမနာတော့တာ။ ထိုသို့ပဲ ရောင်စဉ်ဆိုတာ တစ်ချိန်က တွဲခဲ့ဖူးတဲ့ချစ်သူဟောင်းတစ်ယောက်ပါပဲ။ ချစ်ခဲ့ဖူးပေမယ့် ခုတော့ပြန်ချစ်လို့မရတော့ဘူး။
သက်ထင်လုပ်နိုင်နိုင် မလုပ်နိုင်နိုင် လျှောက်ကိုလျှောက်ရတော့မှာ။ ဒီပွဲကို ညီညီမလာပါစေနဲ့။ ကိုယ့်ဘာသာကို အေးအေးဆေးဆေးဖြတ်ကျော်ပါရစေ။ ညီညီလာပြီးလက်ခုပ်တီးနေမှာကို သက်ထင်မခံစားနိုင်ဘူး။
"ကိုကိုရေ ပြီးပြီလား"
သူ့ညီမသက်နှင်းရောက်လာသည်။ သူ့ညီမကတော့ ကိုယ်နဲ့ပတ်သတ်ပြီး နွယ်ရမယ့်အနွယ်မှန်သမျှကို ပြုံးပြုံးလေးလက်ခံမည်ဟုများ တွေးထားသလားမသိ။ သက်နှင်းသဘောတူသည့်သူ မဟုတ်ပေမယ့်လည်း သူ့ညီမမျက်နှာရွှင်နေသည်။
"ပြီးပြီ"
"ပွဲကစတော့မှာ....။ အမှားမလုပ်စေနဲ့နော်။ စိတ်အေးအေးထား။ ငါပွဲထဲသွားထိုင်တော့မယ်"
"ခ....ခဏ သက်နှင်း"
"ဟင်....ဘာလဲ"
"သူလာလား"
သူဆိုတာ ဘယ်သူ့ကိုဆိုလိုမှန်း သက်ထင်မျက်လုံးများကိုကြည့်၍ သက်နှင်းသဘောပေါက်ကာ စိတ်ပျက်သည့်အကြည့်တန်းပြောင်းသွားသည်။
တည့်တည့်ပြန်လှည့်လာပြီး
"လာတယ်။ သူရောက်နေပြီ။ ဘာလဲသူရှိနေလို့ ထွက်မလာချင်တော့ဘူးလား"
"မဟုတ်ပါဘူးဟာ"
"မဟုတ်လို့လည်းမရဘူး ကိုကို။ ငါတောင်ဒေါသကိုအတော်လျော့ထားရတာ။ ညီညီ့ကိုခံစားရအောင်မလုပ်ပါနဲ့လို့ အတန်တန်သတိပေးတဲ့အထဲက ဒီလိုဖြစ်သွားတာလေ။ ညီညီမို့လို့ဒီပွဲကိုလာတယ် ငါဆိုမလာဘူး။ နင့်မှာ သူ့အကြောင်းကိုတွေးနေခွင့်မရှိဘူး ကိုကို။ နာအောင်ပြောတာမဟုတ်ဘူး။ ဖြစ်သင့်တာကိုပြောတာ"
သက်နှင်းကပြောပြီးထွက်သွားလေပြီ။ သက်ထင်မျက်လုံးတွေငိုင်းစင်းနေခဲ့သည်။ ဘဝမှာတစ်ခါပဲလုပ်ရတဲ့ မင်္ဂလာပွဲမှာ သက်ထင်ပျော်ကြည့်ချင်သည်။ သူပျော်ရမည်။ အတတ်နိုင်ဆုံးပြုံးထားရမည်။ တစ်ဖက်အမျိုးသမီးကို လေးစားသောအားဖြင့် သက်ထင်ဒီနေ့ပုံစံက စံဖြစ်နေရမည်။
ဤသို့နှင့် မင်္ဂလာပွဲအချိန်ခါရောက်လေပြီ။
အလယ်လျှောက်လှမ်းဆီမှ သတို့သားသက်ထင် လမ်းလျှောက်လာသည်။ ဘေးတစ်ဖက်တစ်ချက်ရှိ စားပွဲဝိုင်းများမှ ပရိတ်သတ်၏အာရုံသည် ပွဲ၏အက္ခရာတစ်ခု သတို့သားဆီတွင်စုလျက်။ နံရံကပ် Sound box များဆီမှ တယောသံမြှင်းမြှင်းလေးထွက်ပေါ်နေသည်။ ကင်မရာမီးတွေကလည်း တဖြတ်ဖြတ်။
သူ့မျက်စိရှေ့တည့်တည့်က ဆင်စွယ်ရောင်စင်မြင့်ပေါ်တွင် ပရိတ်သတ်ဘက်ကို မျက်နှာလှည့်ထားသည့် သင်းအုပ်ဆရာတော်က သူ့ကိုပြုံးပြနေသယောင်။ သူ ဆရာတော်၏ဘေးသို့ရောက်သွားသည်နှင့် ပရိတ်သတ်ဘက်သို့ မျက်နှာလှည့်လိုက်သည်။ လက်ခုပ်သံမှတသောသော။
ပရိတ်သတ်မျက်လုံးထဲမှာ သက်ထက်ဘယ်လိုပုံပေါက်နေလဲမသိ။ ကိုယ့်ကိုယ်ကိုယ်တော့ အတင်းထိန်းချုပ်ထားရလေသည်။ ထိန်းချုပ်ထားသည့်ကြားက မသိစိတ်ကနေ တစ်ယောက်သောသူကိုရှာကြည့်မိနေသည်။ လူတွေကအများကြီး သူတန်းရှာမတွေ့။
ထိုစဉ်ပဲ အဝင်တံခါးပွင့်လာသည်နှင့်အတူ နို့နှစ်အရောင်ဂါဝန်ကားကားကြီးဝတ်တင်ထားသည့် သူ့လက်ထပ်ရမည့်အမျိုးသမီးဝင်လာသည်။ အိန္ဒြရေစွာတစ်လှမ်းချင်းလှမ်းလာနေသည့် ခြေလှမ်းများသည် သက်ထင်ဆီရောက်မလာတော့ရင်ကောင်းမည်။
ဟင်....သက်ထင်တွေ့လိုက်ပြီ။ သက်ထင်မြတ်နိုးရတဲ့လူသားကလေးကို။ နက်ပြာရောင်စတစ်ကော်လံလေးနဲ့ လူကြီးလေးလိုဖြစ်နေသည့် မျက်နှာရှင်းသန့်သန့်လေးက သူ့ကိုပြုံးပြီးကြည့်နေလေသည်။ အမြင်အာရုံရှေ့မှာ ပြိုင်တူဖြစ်နေသည့် လက်တွေ့ဘဝက သတို့သမီးလောင်းနှင့် စိတ်ကူးထဲကသတို့သားလောင်းက ထပ်တူကျမနေခဲ့။ သက်ထင်တစ်ယောက်သူ့ဆီကနေ အကြည့်လည်းမလွှဲနိုင်ခဲ့။
ကတိသစ္စာတွေမဆိုခင် လူလွတ်ဘဝ၏နောက်ဆုံးလက်ကျန်အချိန်စက္ကန့်ပိုင်းလေးမျှ ညီညီ့ကိုအဝကြည့်နေချင်သေးသည်။
ညီ့အပြုံးလေးကကြည်လင်လိုက်တာ။ ညီပြုံးနေနိုင်တယ်နော်။ ညီကပြတ်သားသွားလိုက်တာ။
ခုနကပဲစံဖြစ်နေရမယ်လို့ဆုံးမခဲ့သည့် စိတ်တွေတစ်ချက်တည်းနှင့် အလဲလဲအပြိုပြို။
ညီညီ့မျက်နှာလေးလှည့်သွားသည်။ သူ့ဘေးကဇေသုခနှင့်စကားတွေပြောနေသည်။ ညီညီ့သွားလေးတွေပေါ်အောင်ထပ်ရယ်နေသေးသည်။ ညီ့ပုံစံလေးကတကယ်လှလိုက်တာ။
သတို့သမီး သူ့ရှေ့ရောက်လာခဲ့လေပြီ။ ရောင်စဉ်သည်လည်း သက်ထင်နှင်ထပ်တူ မျက်လုံးလေးတွေမှိုင်းပျနေခဲ့သည်။ နှစ်ဉီးသဘောတူ လက်ထပ်ပွဲဖြစ်သော်လည်း ကြည်လင်မနေသောမျက်လုံးများက သက်သေပြနေကြသည်။
သင်းအုပ်ဆရာတော်က ချီးကျူးထောပနာစကားတွေအများကြီးပြောသည်။ ထို့နောက်လက်ထပ်လက်စွပ်ဝတ်ပေးရမည့် အစီအစဉ်ရောက်လာခဲ့သည်။ ရွှေလင်ပန်းပေါ်က ကတ္တီပါဗူးလေးက "မင်းတို့ကိုချည်နှောင်တော့မယ်"ဟုပြောနေသယောင်။ သက်ထင်ဗူးဖွင့်လိုက်ရင်ပဲ ဒီဇိုင်းတူလက်စွပ်နှစ်ကွင်းပေါ်လာလေသည်။
မမြင်နိုင်သည့် ချုပ်ကြိုးများကိန်းအောင်းနေသည့် လက်စွပ်တစ်ကွင်းဖြင့် သက်ထင့်စိတ်တွေကိုထောင်ချလိုက်ရတော့မည်။
သက်ထင်တို့တစ်ယောက်တပြန် လက်စွပ်စွပ်ပေးကြပါသည်။ သက်ထင်ထောင်ကျခဲ့လေပြီ။ ပရိတ်သတ်ဆီကလက်ခုပ်တီးအားပေးသံကြီးက စင်ပေါ်ထိရောက်လာခဲ့ပြန်ပါ၏။ တလောကလုံးကမှအစ လှောင်နေကြတာပဲ။
အခမ်းအနားသည် ဆက်သွားနေသည်။ မီဒီယာများကလည်း သူ့ထက်ငါအပြိုင်ဓာတ်ပုံရိုက်နေကြသည်။ မင်္ဂလာမောင်နှံအပြင် မြင်ရခဲ့သည့် ဂုဏ်ရည်ညီညီ့ကိုပါ တဖြတ်ဖြတ်ရိုက်ကြသည်။
"သက်ထင်နှင့်ညီညီတို့၏ အားကျဖွယ် Brothership" "သက်မင်းခန့်ထင်၏ မင်္ဂလာပွဲသို့တက်ရောက်လာသည့် ဂုဏ်ရည်ညီညီ" ဟူသည့်ခေါင်းစဉ်များဖြင့် Up to date တင်ကုန်ကြလေပြီ။
ညီညီလည်း ကိုယ့်နိုင်ငံက အထူးအာရုံစိုက်ခံရတဲ့လူတစ်ဉီး ဖြစ်သော်ငြား ဒီပွဲမှာရှိနေသူအားလုံးက ကိုယ့်ထက်ဝါရင့်တဲ့သူတွေချည်း။ ကိုယ်ကသူတို့ထက်နာမည်ကြီးပေမယ့် အလိုလိုအနေကျုံ့ပြီး တလေးတစားလိုက်နှုတ်ဆက်မိသည်။ ပြည်တွင်းအနုပညာလုပ်ငန်းနဲ့ပတ်သတ်ပြီး လုပ်ဖူးတာနည်းပါးသည်မို့ ပြည်တွင်းအနုပညာရှင်များနှင့် မဆုံဖူးပေ။ ထို့ကြောင့်ဆုံတောင့်ဆုံခဲ အခွင့်အရေးလေးမှာ ညီညီ့ဘက်ကပင်စပြီးရင်းနှီးမှုယူခဲ့သည်။
"ညီညီ.....မင်းကို ဒီပွဲမှာသီချင်းဆိုပေးပါတဲ့ သက်နှင်းကတောင်းဆိုနေတယ်"
ဇေက ညီညီ့ကိုကပ်ပြောလာသည်။
"ဟင် ငါ့ကို..."
"အင်း"
"ကြိုလည်းမပြောဘူး။ ခဏလေး သီချင်းရွေးလိုက်ဉီးမယ်"
"အဆင်ပြေမှဆိုပါ မဆိုလည်းရတယ်"
"ငါဆိုချင်ပါတယ်။ ဘာမှမဖြစ်ဘူး စိတ်ချ"
ညီညီ သက်နှင်းနောက်လိုက်သွားသည်။ ဆိုင်းမဆင့်ဘုံမဆင့်မို့ ဘာဆိုရမလဲမသိ။ မင်္ဂလာဆောင်သီချင်းတွေပေါပေမယ့် စုံတွဲသီချင်းကများသည်။ ခုက Solo ဆိုစေချင်တာဆိုတော့ သီချင်းရွေးဖို့အကြံအိုက်ရပါ၏။ ခပ်မြန်မြန်ပင်ရွေးချလိုက်သည်။
"ညီညီ နင်ဘယ်လိုမှမနေဘူးမလား"
သက်နှင်းက ညီညီ့နက်ခတိုင်ကိုပြင်ပေးရင်းပြောသည်။
"ဘာကို"
"မသိတဲ့ပုံစံဖမ်းပြန်ပြီ"
"အဟက်.....မနေပါဘူးဟာ"
"ငါလေ တကယ်အားနာတာသိလား။ နင်ကစပြီးလမ်းခွဲလိုက်တာ သိပ်ကောင်းတယ်။ ဒါပေမယ့်
နင့်ကိုအမျိုးမတော်ရတော့ဘူးပေါ့ဟာ။ ငါနဲ့ယူလိုက်ပါလားဟယ်"
"ဟဟ သက်နှင်းရယ်...."
ညီညီသွားကလေးတွေတန်းနေအောင်ရယ်မိသည်။
"နင်များ ဘယ်လိုကြည့်ကြည့်ကိုချောနေတာနော်။ သွားသွား ဆိုရတော့မယ်"
စင်အောက်တွင် တူရိယာအချို့နှင့်တီးခတ်သူတွေရှိနေသည်။ မီးမောင်းကစင်ပေါ်ကိုသာထိုးထားပြီး ပရိတ်သတ်ဘက်မှာ မှောင်ပြပြ။
"ဒီမင်္ဂလာပွဲမှာသီဆိုဖျော်ဖြေပေးဖို့ ကျွန်တော်တို့ရဲ့ Treasure လေး Eagle ကိုဖိတ်ခေါ်ပါတယ်ခင်ဗျား"
"ဖြောင်း ဖြောင်း"
ညီညီစင်ပေါ်တက်လာခဲ့သည်။ နက်ပြာရောင်ဝမ်းဆက်နှင့် Gentleman ဆန်နေသော ညီညီ့ရင်ထဲတုန်လျက်ရှိသည်။
"အာ..... သီချင်းမဆိုခင် ဒီနေ့ရဲ့အဓိက Timeline ဖြစ်တဲ့ ကျွန်တော့်ရဲ့အစ်ကိုသက်မင်းခန့်ထင်နဲ့ ကျွန်တော့်ရဲ့သူငယ်ချင်းရောင်စဉ်လှိုင်းတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းကို ဂူဏ်ယူပါတယ်လို့ ဉီးစွာပဏာမပြောပါရစေ။ ငယ်ကချစ်အနှစ်တစ်ရာမို့လို့ ဒီလင်ဒီမယား ထာဝရလက်တွဲသွားနိုင်ပါစေ။ ဒါ့ကြောင့် ရွှေရွှေချင်းထပ်လို့မြတ်တဲ့ပွဲမှာ သီချင်းတစ်ပုဒ်သီဆိုပြီး ဂုဏ်ပြုပါရစေဗျ....."
"ဖြောင်း ဖြောင်း"
ညီညီရွေးလိုက်သည့်သီချင်းက G fatt ရဲ့ "အကယ်၍လက်ထပ်ကြတဲ့အခါ"။ သီချင်းသံစထွက်လာလေပြီ။
"ခင်မင်သဘောကောင်းလွန်းတဲ့ကျွန်တော်နဲ့ ×× ဖော်ရွေရိုးသားလွန်းတဲ့သူမ ×× ဟိုအရင်စစခင်တဲ့နေ့က ×× ကော်ဖီဆိုင်လေးရဲ့ထောင့်စွန့်ဝိုင်းမှာ ×× သီချင်းလေးများအကြောင်းပြောရင် ×× ရုပ်ရှင်ဇာတ်လမ်းလေးများထဲမြောရင် ×××"
ညီညီ့အသံချိုချိုလေးနှင့် သီချင်းကတစ်မျိုးနားထောင်ကောင်းနေသည်။ အောက်ကပရိတ်သတ်ထုကလည်း ငြိမ်သက်စွာ။ မီးမောင်းအောက်စိုက်ထိုးထားရာစီက နက်ပြာရောင်ကောင်လေး၏ ညှို့ယူဆွဲငင်မှုများအောက်တွင် ရင်ဖိုစိတ်လှုပ်ရှားကြလျက်။
"ဒဏ္ဍာရီထဲက ×× သိပ်ချစ်ကြတဲ့ ×× ဖူးစာရှင်တွေ ဝင်စားသလား ×× သံသရာဘဝတိုင်းဆက်ဆက် ×× နီးစပ်ဖို့အတွက် ×× သစ္စာတွေဘာတွေဆိုခဲ့သလား ×× အံ့သြဖို့ကောင်းလိုက်တာဗျာ ×× ကံတရားကတွန်းပို့လိုက်တာလား"
ညီညီ့စိတ်ထဲမှာ တစ်ယောက်သောသူပေါ်လာသည်။
ချစ်ခြင်းနဲ့ချည်နှောင်တဲ့မင်္ဂလာပွဲကို ရောက်လာအပြီးမှာ ညီညီသိလိုက်ရတာက ညီညီ သူ့ကိုပြောမပြတတ်အောင်ကို ချစ်နေမိပြီဆိုတာပါပဲ။ ကံတရားက အတိုင်းအတာတစ်ခုထိ တွန်းပို့ခဲ့ပြီးပြီ။ ညီညီကိုယ်တိုင် လျှောက်လမ်းရမယ့်အချိန်ကိုရောက်လာခဲ့လေပြီ။
"ကမ္ဘာမှာ × မင်းဟာကံအကောင်းဆုံး ×× လူသားလို့ ×× မင်းသူငယ်ချင်းတွေကိုပတ်ကြွား ×× ရွှေငွေစည်းစိမ်တွေထက် × တန်ဖိုးကြီးမြတ်တဲ့ ×× သစ္စာတရားကိုရလိုက်တာ ×× တစ်ဘဝလုံးငြိမ်းချမ်းဖို့ပါကွာ ×× သေတဲ့အထိမင်းနားမှာငါ ×× နေခွင့်ပြုပါ ×× တာ တား တာ"
ညီညီ့ရင်ထဲတစ်ယောက်သူကို ရည်ရွယ်သည့် စာသားများပင်ဖြစ်ပါသည်။ သူက ဘယ်သူလဲ။
ယာဉ်တိုက်မှူတစ်ခုကနေစသိခဲ့သည့် လူ။ ညီညီ့ကိုအမြဲစတတ်တဲ့သူ။ အတုအယောင်တွေကြားက ညီညီ့ကိုတကယ်ခင်တဲ့သူ။ ညီညီ့ဘက်က ခင်ဖို့အရင်စပြောခဲ့ရတဲ့သူ။ ညီညီ့စိတ်တွေပေါ့ပါးစေတဲ့သူ။ တစ်ခန်းတည်းအတူနေတဲ့သူ။ ညီညီ့ကိုအလိုလိုက်တဲ့သူ။ ခုချိန်ထိအမြဲအနားမှာရှိနေပေးသူ။ ညီညီ့ကို သူ့မသက်နဲ့လဲပြီးစောင့်ရှောက်တဲ့သူ။ ညီညီ့ကိုလုံခြုံနွေးထွေးစေသူ။ ပြီးတော့..... ညီညီချစ်တဲ့သူ။
သူ့အကြောင်းပြောရင်ကုန်တောင်ကုန်မည်မထင်။ ညီညီ့မှာသူနဲ့ပတ်သတ်တဲ့အကြောင်းတွေကများလွန်းလို့။
သူ့ကို အရင်ကတည်းက ချစ်လာခဲ့တယ်။ မသိခဲ့တာက အချိန်တစ်ခု၊ အချစ်လို့ခေါင်းစဉ်မတပ်ရဲခဲ့တာက အချိန်တစ်ခု၊ နေရာမှားရောက်သွားတာက အချိန်တစ်ခုမို့ ညီညီတို့ကြားဒီလောက်ကြာခဲ့ခြင်းပင်။ ခုတော့ အချစ်လို့ အမည်တပ်လိုက်ပြီ။
ညီညီတို့ရဲ့ဆုံမှတ်ကဘယ်မှာမှန်းမသိပါ။ သူ့ဘက်ကလည်းလှမ်းလာမယ် ညီညီ့ဘက်ကလည်းလှမ်းမယ်ဆိုရင် အချိန်ပိုသက်သာပြီး ပိုစောနိုင်လောက်ပါရဲ့။
သေချာတာကတော့ ညီညီ့ဘက်ကလှမ်းရုံတင်မဟုတ်ဘူး ပြေးပါလာနေပြီဆိုတာပါပဲ.....။
ညီညီချစ်ရတဲ့သူက ဇေသုခလင်းတဲ့။
.......
#Yoe
Aug 3 2022 9:07 PM