သက်ထင်အလေးအနက်စဥ်းစားပြီးနောက်မှာ ရင်နာနာနဲ့ ညီညီ့ကိုစွန့်လွှတ်ဖို့ရွေးခြယ်ခဲ့သည်။
သက်နှင်းပြောသလို တာဝန်မဲ့တဲ့ ယောက်ျားကောင်းတစ်ယောက်မဖြစ်အောင် ရောင်စဥ့်ဘက်ကို စဆက်သွယ်ခဲ့ပြီး ထိုညကကိစ္စအတွက် အရင်တောင်းပန်ကာ ရောင်စဥ့်ဘက်ကဖြစ်ချင်သည့် သဘောထားကိုမေးခဲ့သည်။ ထိုကိစ္စအတွက် သက်ထင်တို့အကြိတ်အနယ်ဆွေးနွေးခဲ့ရသည်။ ရောင်စဥ်ကတော့ တည်တည်တံ့တံ့။
"ခုခေတ်မှာ တစ်ညအတူအိပ်တယ်ဆိုတာ ဘာမှမထူးဆန်းတော့ပါဘူး ကိုသက်ထင်။ ရောင်စဥ်တို့နှစ်ယောက်ပဲသိတဲ့ကိစ္စဖြစ်ပြီး နှစ်ယောက်စလုံးနှုတ်လုံရင် ဘာမှမဖြစ်တဲ့ကိစ္စပါ။ ကိုသက်ထင်ဘက်က အပြစ်မရှိသလိုခံစားရပြီး တာဝန်ယူတာတွေမလိုပါဘူး။ ရောင်စဥ့်ပေါ်မှာ ခြေရာလက်ရာလည်းမကျန်ခဲ့ဘူးလေ။ အဲ့ညကအဖြစ်အပျက်ကြောင့်နဲ့ နှစ်ယောက်စလုံးခြေချုပ်မိသွားတာမျိုးမဖြစ်ချင်ဘူး။ အဲ့တော့ဒီကိစ္စနဲ့ပတ်သတ်ပြီး ရောင်စဥ်တို့ ထပ်ဆွေးနွေးစရာမလိုဘူးထင်တယ်။ မတော်တဆဖြစ်သွားတဲ့အဖြစ်တစ်ုဲသာသာပါပဲ။ နောက်ကိုဘာကိစ္စအကြောင်းကြောင်းနဲ့ဖြစ်ဖြစ် ရောင်စဥ်တို့မတွေ့ကြရအောင်ပါ"
ရောင်စဥ်သည် ဘာမှမဖြစ်ယောင်ဆောင်နေခဲ့သော်လည်း စကားသံများတွင် ဝမ်းနည်းပြီးမခံမရပ်နိုင်မှုများပါဝင်နေခဲ့သည်။ ခိုင်မာသယောင်ပြနေပေမယ့် ရောင်စဥ့်စိတ်တွေပြိုလဲနေတာ သက်ထင်မြင်နေရသည်။ သူ့အပေါ်မှာ သက်ထင် ဘာစိတ်မှမရှိတော့သည့်တိုင် ခါးခါးသီးသီးမုန်းနေတာမျိုးမှမဟုတ်တာ။ တစ်ချိန်က ပတ်သတ်ခဲ့ဖူးသူမို့ ကိုယ့်လုပ်ရပ်အပေါ်အားတုံ့အားနာဖြစ်ရပြီး ခုလိုကြီးယတိပြတ်ငြင်းတော့ သက်ထင်ခံရခက်ပြန်ပါ၏။
ထိုညကကိစ္စကို ရောင်စဥ်က ခေတ်လူငယ်ပီပီ အသေးအမွှားကိစ္စလို့တွေးပေမယ့် ကိုယ်ကမှစိတ်မလုံတာ။ ကိုယ့်စိတ်ကိုယ်မလုံတာက အကြီးမားဆုံးခြောက်လှန့်မှုပင်။
ကိုယ်ကအမှားလို့တွေးမိပေမယ့် နစ်နာသူကမတော်တဆတဲ့။ သက်ထင်ဘာလုပ်ရမည်နည်း။ ညီညီ့ဆီပြန်သွားရအောင်လည်း ပိုပြီးတောင်လိပ်ပြာမလုံ။ ကိုယ်ကသာသူ့ကိုစွပ်စွဲ ကိုယ်ကသာသူ့ကိုသဝန်တို ကိုယ်ကသာသူ့ကိုသမုတ်နေတာ ညီညီက ကိုယ်ကလွဲရင်စည်းစောင့်တာကိုယ်အသိဆုံး။ ခုတော့ ကိုယ်ကအရင် ဖောက်ပြန်သူဖြစ်ခဲ့ပြီ။ ညီညီနဲ့ကိုယ်နဲ့မထိုက်တန်ဘူးလို့တောင်ထင်လာသည်။
"ရောင်စဥ်ရယ်..... ကိုယ့်အမှားအပေါ်ကိုယ်အားနာလို့ပါ။ ရောင်စဥ်ငြင်းရတဲ့အကြောင်းရင်းကိုပြောပြပါ။ ကိုယ်ပြင်ပါ့မယ်"
"ရောင်စဥ်ပြောပြီးပြီပဲ။ ရောင်စဥ် အနုပညာကိုဆက်လုပ်နေချင်သေးတယ်။ အိမ်ထောင်သည်ဘဝနဲ့မဟုတ်ဘဲ တစ်ကိုယ်တော်လွတ်လွတ်လပ်လပ်ပဲလုပ်ချင်တယ်။ ကိစ္စကို အတင်းအကျယ်မချဲ့ပါနဲ့ ကိုသက်ထင်"
"အကျယ်ချဲ့နေတာမဟုတ်ဘူး ရောင်စဥ်။ မင်းကအနေရွဲတဲ့မိန်းကလေးမဟုတ်တာ ကိုယ်သိတယ်။ မင်းအတွက် အဲ့ညက အခြေအနေက ရင်းနှီးမနေတာလည်းသိတယ်။ မင်းနဲ့စိမ်းသက်နေတဲ့အတွေ့အကြုံတစ်ခုကို မင်းက မေ့မေ့ ပျောက်ပျောက်နေနိုင်တာဘယ်လိုမှမဖြစ်နိုင်ဘူး။ ရောင်စဥ်ဖြစ်ချင်တာကိုပြောပါ။ ကိုယ်အားလုံးလိုက်လျောမှာပါ။ ခြေရာလက်ရာမကျန်ပေမယ့် စိတ်မှာတော့ ဒဏ်ရာကျန်ခဲ့တယ်မလား။ အဲ့ဒဏ်ရာကိုကိုယ်ပြန်ဆပ်ပါ့မယ်။ မိဘတွေကိုကိုယ်ပြောလိုက်တော့မယ်။ မင်းနဲကိုယ်လက်ထပ်ဖို့...."
ရောင်စဥ့်ဘက်ကစကားမပြန်။ ဘာပြောရမှန်းကိုမသိတော့တာပင်။ မာနအရ ရသလောက်လေးတောင့်ခံပြီး ငြင်းတော့ငြင်းနေခဲ့ပေမယ့် အတွင်းပိုင်းမှာ ရေစီးကမ်းပြိုသလို လှိုက်လှိုက်ပြိုလဲနေသည်။
ထိုညကအထိအတွေ့များသည် ပူပူနွေးနွေးကျန်နေခဲ့ဆဲ။ ထိုလူနဲ့ပတ်သတ်ခဲ့ဖူးတဲ့ကာလတလျှောက်မှာတောင် မရှိခဲ့ဖူးသည့်အတွေ့အကြုံကို သူနှင့်မပတ်သတ်တော့သည့်အချိန်မှာမှ အစိမ်းသက်သက်ကြီးကြုံတွေ့လိုက်ရသည့်အခါ ရောင်စဥ့်စိတ်တွေထွေပြားခဲ့စွာ။
ပြီးတော့.....ပြီးတော့ သူ့နှုတ်ကနေပြီးတနေတဲ့နာမည်.....။ တကယ်ရင်နာစရာကောင်းလွန်းသည်။ ပေးဆပ်ရတော့ ကိုယ်ကပေးဆပ်ရပြီး သူ့စိတ်မှာရှိနေတာ တခြားတစ်ယောက်တဲ့လေ။
ရောင်စဥ့်ဘဝရဲ့ပထမဆုံးအထိအတွေ့ကို ကိုယ်ရင်ခုန်နှစ်သက်ရသူနဲ့ ရင်ခုန်စရာမကောင်းသည့်အခြေအနေတစ်ခုအနေဖြင့် ဖြတ်သန်းခဲ့ရ၍
ကိုယ့်ကိုယ်ကိုယ် ယူကျုံး၍မရချိန် လာရောက်ဆွေးနွေးတိုင်ပင်စကားများကြောင့် ရောင်စဥ်ပျော်မနေခဲ့ပါ။
တစ်စုံတစ်ယောက်နဲ့တွဲနေတယ်၊ လမ်းခွဲလိုက်တယ်၊ ကိုယ့်ကိုမမေ့နိုင်လို့ ကိုယ့်စီပြန်လာတယ်။ အဲ့လိုမျိုးဆိုရောင်စဥ်ဝမ်းသာမိဦးမှာ။ သူ့စိတ်သူမလုံရာမလုံကြောင်း သူ့အမှားကိုပြင်ဆင်ချင်ရုံ တာဝန်ယူချင်တာတစ်ခုတည်းအတွက်နဲ့ အချစ်မပါဘဲ လက်ထပ်ခွင့်ကိုကျော်တောင်းခဲ့သည်။
ချစ်ရသူနဲ့တစ်သက်လုံးပေါင်းဖက်သွားရမည့်ကိစ္စမို့ ရောင်စဥ်ကခေါင်းတန်းငြိမ့်ရမတဲ့လား။ ဒဏ်ရာတွေပေးခဲ့တဲ့ ချစ်ရသူလေ။ ချစ်နေသေးတာထက် အသည်းနာတာကတောင်ပိုသေးတယ်။ ဒီအဖြစ်အပျက်ကြီးကိုမေ့ပစ်ချင်သည်။
"ရောင်စဥ် အေးဆေးစဥ်းစားပါဦး။ ဒါပေမယ့် ကိုယ်ပြောတာတော့ အသေအချာထည့်စဥ်းစားနော်...."
ရောင်စဥ်တွေဝေစွာနှင့် ခေါင်းမငြိမ့်မိ။
........
နှစ်ပတ်လောက်ကြာပြီးနောက် သက်ထင် ကိုရီးယားကိုရောက်လာခဲ့သည်။ မပြောချင်တဲ့စကားတွေ အကုန်ပြောပြီး ဖြတ်သင့်တာတွေဖြတ်ဖို့ပေါ့။
အခြေအနေကဘယ်လိုဖြစ်သွားလဲဆိုရင် သက်ထင်နဲ့ရောင်စဥ် လက်ထပ်ဖို့ဖြစ်လာခဲ့ပါသည်။ သက်ထင်ဘက်ကပင် မိဘတွေကို ဖြစ်ခဲ့သည့်ကိစ္စတွေကိုထိမ်ချန်ပြီး သဘောရိုးအတိုင်း လက်ထပ်ချင်သည်ဟုပြောခဲ့သည်။ မေမေဆိုတာ ပျော်နေရှာတာ။
ချစ်သူအသစ်လေးကို မေမေတို့ရှေ့ ထုတ်တောင်မပြလိုက်ရ။ နှမြောမိပါ၏။ ဤသို့နှင့် ရွှေလမ်းငွေလမ်းဖောက်လို့ အိမ်တိုင်ရာရောက်လူကြီးချင်းစကားပြောတဲ့နေမှာတော့ ရောင်စဥ်တစ်ခွန်းမငြင်းခဲ့။ ရောင်စဥ်လက်ခံလိုက်ပြီ။
လက်ထပ်ဖို့ကိစ္စကို ရက်တစ်ခုသတ်မှတ်ပြီးစီးပြီးနောက် သက်ထင် ကိုရီးယားကိုထွက်ခဲ့ခြင်း။
ဒီနေ့တော့ သူထပ်ရင်နာရဦးမည်။ အခက်ခဲဆုံး
နှင့်အနာကျင်ဆုံးအခြေအနေကို မဖြစ်မနေတွေ့ကြုံရတော့မည်။ ကိုယ့်ကိုယ်ကိုယ် "ငါတာဝန်ယူရဲတဲ့ယောက်ျား"လို့ မာန်တင်းထားပေမယ့် ချစ်သူအပေါ်ဖောက်ပြန်မိတဲ့အပြစ်က ငရဲဘုံမှာခံနေရသလို။ မပြောမပြီး မတီးမမြည်ဆိုတော့ ကိုယ်ကိုယ်တိုင်ရောက်လာရတာပေါ့လေ။
နေမကောင်းတဲ့ ကိုယ့်ချစ်သူလေးမျက်နှာကို
ကြည့်ပြီး "လမ်းခွဲရအောင်"လို့ တစ်ခွန်းတောင်ပြောဖို့ သက်ထင်မနည်းအားယူရမှာ။ လှည့်ပြန်လိုက်ရမလား....။ အချိန်တွေကြာနေမည်။ မဖြစ်သေး။
"ဟယ်လို ငါရောက်နေပြီ ဇေသုခ"
မကြာခင်ပင် သက်ထင်ရှေ့ကားတစ်စီးရောက်လာသည်။ ဇေသုခလင်းကိုယ်တိုင်မောင်းပြီး လာကြို၏။ ဇေသုခကတော့ မျက်မှောင်ကိုကျုံ့ထားကာ မဖြစ်သာလို့ပေးတွေ့သည့်ပုံနှင့်တူနေသည်။
"မင်းကတိတည်နော် ....။ အဲ့စကားကို ညီညီမျက်ရည်မကျအောင်ပြောရမယ်။ ညီညီ့ဘက်ကပစ်ထားလို့ မင်းကညီညီနဲ့မပျော်တော့လို့ လမ်းခွဲလိုက်တဲ့သဘောမဟုတ်ဘဲ မင်းအပြစ်ကြောင့်မင်းစလမ်းခွဲပေးတဲ့သဘောဖြစ်အောင် ပြောပါ....။ ညီညီကစိတ်အခြေအနေမကောင်းသေးတာမို့လို့ မင်းစကားတစ်ခွန်းကြောင့် မျက်ရည်တစ်ချက်ကျရင် မင်းနဲ့ငါအတွေ့ပဲ"
ဇေသုခစကားများကို သက်ထင်အထူးတလည်စိတ်တိုမနေမိတော့။ အမှန်တွေပဲကို။ ကိုယ်ဟာအရှုံးနဲ့လူဖြစ်သွားခဲ့ပြီလေ။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ မာန်မာန အမျက်ဒေါသတွေဆိုတာ အမောက်ထောင်လာရကောင်းမှန်းကို မသိတော့တာ။
ကိုယ့်မှာအထွန့်တက်ပိုင်ခွင့်လည်းမရှိ။ သူ့ဘက်ကအပေါ်ကနေစီးနင်းပြောလည်း သက်ထင်ခံရမှာပဲ။ ဇေသုခကထိုသို့ပြောလေ သက်ထင် ကိုယ့်အနားပေါ်ကိုယ်ဆားသိပ်မိလိုဖြစ်လေ။ စပ်တယ် နာတယ် ဒါပေမယ့်ကျေနပ်တယ် မင်းခံရမယ် သက်ထင်...။
"အေးပါကွာ"
"ရော့ မင်းလုပ်ခိုင်းထားတဲ့ အပြန်လေယာဥ်လက်မှတ်။ အဲ့လောက်ကြီးလိုလို့လားကွာ။ ရောက်ပြန်ကြီးပြန်မလို့လား"
"ငါကဘယ်မျက်နှာနဲ့နေရမှာလဲ...."
"အဲ့နေ့ကဖုန်းဆက်ကတည်းက ထူးဆန်းတယ်ထင်နေတာ။ စိတ်မကောင်းပါဘူးကွာ။ မင်းလုပ်ရပ်အပေါ်မင်းတာဝန်ယူစိတ်ရှိတာ ငါလေးစားပါတယ်"
"အပိုတွေ..... မင်းပျော်နေတာမလား ချီး"
"ဟားဟား"
သက်ထင်ရောဇေပါ ရယ်မိကြသည်။ ဇေတကယ်ပင် ပျော်နေမိခဲ့ပါ၏။
.........
ညီညီ့အတွေးတွေ နယ်လွန်နေသည်။ ရောက်မိရောက်ရာ လျှောက်တွေးနေမိရင်းကနေ အစ်ကို့အကြောင်းကိုစဥ်းစားမိသွားသည်။
မညာတမ်းဝန်ခံရရင် ဒီကြားထဲမှာ အစ်ကို့ကိုမေ့တောင်နေတာ။ အတွေးပေါင်းစုံလျှောက်တွေးနေမိပေမယ့် ဇေနဲ့အတူရှိနေတာများတော့ အစ်ကို့အကြောင်းကိုတောင် ကြာကြာမစဥ်းစားမိ။
အစ်ကိုနဲ့အဆက်အသွယ်မရတာ နှစ်ပတ်ကျော်တောင်ရှိလေပြီ။ အစ်ကို့ဘက်ကလည်းမဆက်သွယ်ပါ။ ညီညီ့ကျန်းမာရေးအခြေအနေကို တစ်ကမ္ဘာလုံးဆီထုတ်ပြန်ထားတာကိုတောင် အစ်ကို့ဘက်ကဆက်သွယ်မလာပါ။
ဘာတွေလုပ်နေလဲ ဘာတွေဖြစ်နေလဲ။ အစ်ကို့ဘက်ကဆက်သွယ်လည်း ညီညီနဲ့ပတ်သတ်သမျှအဆက်အသွယ်အားလုံး ဇေကထိန်းချုပ်ထားတာမို့ ညီညီလုံးလုံးမသိရတာမျိူးတော့မဖြစ်နိုင်။ ဇေက အဲ့လိုလျှိုထားမယ့်သူမဟုတ်ဘူး။ ဖုန်းဆက်ရင်ဆက်တယ်လောက်တော့ ပြောပြမှာပင်။ ခုကလုံးဝအဆက်အသွယ်လုပ်မလာလို့ကို ဇေ့ဘက်ကဘာမှပြောမလာတာ။
ခုနှစ်ထဲမှာ ကိစ္စတွေအများကြီးဖြစ်ပျက်သွားသည်။ အစ်ကိုနဲ့လည်းအကြိမ်ရေစိပ်စိပ် ရန်ဖြစ်ခဲ့သည်။ အချစ်ကိုနောင်တမရပေမယ့် တကယ်ရောချစ်ကြရဲ့လားဆိုတဲ့ သံသယတော့ဝင်မိသည်။ တကယ်ကြီးရှေ့ဆက်သွားလို့ဖြစ်ရဲ့လားလို့ ခေါင်းအေးအေးထားစဥ်းစားလိုက်ရင် အရှည်ကြီးသာစဥ်းစားမိတယ် အဖြေကထွက်မလာခဲ့။ ဒါပေမယ့်ခုတော့အဖြေတစ်ခုခုရှိလာခဲ့သလိုလိုပင်။
အထူးသဖြင့် ညီညီ့ကျန်းမာရေးခုလိုဖြစ်သွားတဲ့နောက်မှာ ပိုသိသာလာခဲ့သည်။
ညီညီ့ဘေးမှာ မငြီးမငြူနဲ့ရှိနေပေးတာ တစ်ယောက်တည်းပဲရှိတယ်။ ဟိုးအရင်ကတည်းကလည်း တစ်ယောက်တည်းပဲ၊ ခုထိလည်းတစ်ယောက်တည်းပဲ။ နောင်အနာဂတ်မှာလည်း ညီညီသာသူ့ကိုပိုင်ဆိုင်ခွင့်ရရင် ရိုးမြေကျသက်ဆုံးတိုင်အတူရှိသွားမယ့်သူကလည်း သူပါပဲ။
ညီညီရဲ့အကြောင်းကိစ္စအဝဝအဖုံဖုံကို မေတ္တာစစ်နဲ့လုပ်ပေးခဲ့တာကို ခုမှသိတာမဟုတ်ပါဘူး။
အရင်ကတည်းက ညီညီသိခဲ့ပါတယ်။
စိတ်တွေထွေပြားနေခဲ့လို့ မရွေးခြယ်နိုင်ခဲ့တာ။ ခုတော့ ညီညီ့စိတ်တွေကပြောင်းလဲနေခဲ့တာကိုသိပြီ။
ညီညီ့စိတ်ပျော်ရာရပ်ဝန်းက တစ်စုံတစ်ယောက်ဆီပြောင်းလဲခဲ့ပြီ။ အရင်ကတည်းက ကိုယ်ပျော်ရာရပ်ဝန်လေးတစ်ခုကို ပြန်ရောက်သွားသည့်ခံစားချက်လည်းရနေသည်။ သံယောဇဉ်ကြိုးတစ်ချောင်း ထပ်မံအရာထင်လာခဲ့ပြီ။
ဒါဆိုမပြတ်သေးသည့်ကြိုးကိုရော.....။ ညီညီဖြတ်ဖို့ကြိုးစားချင်လာသည်။
"ကျွီ"
ဇေအခန်းထဲဝင်လာရင်ပဲ ညီညီက မတ်တပ်ရပ်လျက် နောက်ကျောပေးကာ ပြတင်းပေါက်ဘက်ကိုလှည့်နေသည်။ အခန်းထဲနေရတာ ပျင်းနေလောက်မည်ဟု ဇေ တွေးသည်။
သတင်းလည်းမကြည့်ခိုင်း အင်တာနက်လည်းမသုံးခိုင်းသည်မို့ ပြင်ပလောကနှင့်အဆက်အသွယ်ပြတ်နေ၍ ညီညီ့စိတ်အခြေအနေအတော်ပင် ပြန်တိုးတက်လာခဲ့သည်။ ညီညီကလည်း သူ့ကတိသူတည်သည်။ "မင်းကကောင်းမယ်ထင်လို့ တားတာပဲ။ ငါကလိုက်လုပ်ရမှာပေါ့"တဲ့။ အထွန့်တက်တာလေးတောင်မရှိဘဲ ဇေပြောသမျှအကုန်ခေါင်းညိမ့်လေသည်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ပြီးရင်တော့ စိတ်ပြေလက်ပျောက် အပြင်ခေါ်သွားရမည်။
"ဘယ်တွေသွားနေတာလဲ။ ငါ့ကိုစောင့်ဖို့ အိမ်မှာနေခိုင်းထားတာကို။ ဘာအလုပ်တွေပြေးလုပ်နေပြန်တာလဲ"
ကိုယ်ဝင်လာတာမြင်ရင်ပဲ လှည့်လာပြီး မြင်မြင်ချင်း ပြောလာသည့်ရန်စကားက တကယ့်ညီညီအစစ်။ ရန်တွေ့ရလို့ပျော်တယ်ဆိူရင် တစ်သက်လုံးထိုင်တွေ့နေလည်း ဇေအတွေ့ခံလိုက်မည်။
"ညီညီ မင်းကိုလူတစ်ယောက်ကတွေချင်လို့တဲ့"
"ဟင် ဘယ်သူလဲ။ မန်ဘာတွေလား"
ဇေက မဖြေဘဲ ပြုံးပြပြီး အခန်းအပြင်ဘက်သို့ပြန်ထွက်သွား၍ ညီညီပဟေဠိဖြစ်ကျန်ခဲ့သည်။ ဘယ်သူပါလိမ့်။
ညီညီတွေးနေတုန်းပဲ အခန်းတံခါးပြန်ပွင့်လာသည်။ ဝင်လာသူက.....။
"ဟမ်.... အစ်ကို"
ညီညီ့နှုတ်က တိုးတိုးလေးရေရွတ်မိသွား၏။
အစ်ကို့ကိုမြင်လိုက်ရချိန်တွင် ညီညီရင်တွေတုန်သွားသည်။ အစားမစားရသည့်လူ အားပြတ်တုန်နေသလိုမျိုး ဒီလောက်လန့်သွားမိရတာလဲမသိ။ ခုပဲတွေးနေရှိသေးတယ်။ လူကောင်လိုက်ကြီးပေါ်လာ၍ ရင်ထဲမှာထိတ်လန့်သွား၏။
အစ်ကိုက ဘာလို့လာတွေ့တာလဲ။ ဇေကရော သူ့ကိုဘယ်သူနဲ့မှမတွေ့နဲ့ဆိုပြီး သူကိုယ်တိုင်ပေးတွေ့ရတာလဲ။ ထူးဆန်းတာတစ်ခုက အစ်ကိုနဲ့ ညီညီတွေ့ရမှာကြောက်နေမိတာပါပဲ။
"ညီ...."
"ဟုတ်ကဲ့"
အစ်ကိုက အဖြူရောင်ကုတ်ဝမ်းဆက်ကိုဝတ်ထားသည်။ အမြဲတမ်းခန့်ညားနေသည့်မျက်နှာသွင်ပြင်သည် ပြောင်းလဲမသွားပေမယ့် ညီညီထူးပြီးစွဲလမ်းတာမျိုးလည်းမဖြစ်မိပါ။
"ညီသက်သာတယ်မလားဟင်"
"ဟုတ်... သက်သာပါတယ်။ ဘယ်တုန်းကရောက်တာလဲ"
"ခုနကပဲ ညီ..... ကိုယ်ပြောစရာရှိလို့လာခဲ့တာပါ"
အစ်ကို့မျက်နှာကိုတည့်တည့်ကြည့်လိုက်သည်။
"ကျွန်တော်လည်းပြောစရာရှိတယ်"
ဘာတွေလဲ....။ အစ်ကို့မျက်နှာကအရိပ်အယောင်တွေက ဘာတွေလဲ။ ညီညီမဖတ်တတ်ပါ။
"အင်း ညီအရင်ပြော....။ ညီပြောပြီးမှကိုယ်ပြောမယ်"
ညီညီ အစ်ကို့ရှေ့နှစ်တောင်ကွာလောက်အထိ လျှောက်သွားလိုက်သည်။ ညီညီဆုံးဖြတ်ချက်ချထားပြီးသား စကားတစ်ခွန်းကိုပြောရန် အားယူလိုက်သည်။
"ကျွန်တော်တို့..... "
သက်ထင်ရင်ထဲမှာထိတ်ခနဲ။
"ကျွန်တော်တို့ လမ်းခွဲရအောင် အစ်ကို"
သက်ထင်ကမ္ဘာကြီး တစ်ခဏတာရပ်တန့်သွားသည်။ ဝင်သက်ထွက်သက်တွေရပ်တန့်သွားသည်နှင့် ရင်ထဲမှာမွန်းကြပ်မှုကစတင်လာသည်။
ဟင်း.....။ ရင်ထဲမှာ နင့်ခနဲ။ နာကျင်မှုအတိုင်းအဆက ကင်းဆိပ်တက်နေတာထက်ပိုနာကျင်နေ၏။ သက်ထင်ကြားသည့်အတိုင်း ညီညီကစပြီးပြောခဲ့ပြီ။ ဝမ်းလည်းသာသလို ဝမ်းလည်းနည်းသည်။ ကိုယ်ကစပြီးပြောဖို့ခက်နေတာ ခုလို ညီညီ့ဆန္ဒကိုညီညီ့ဘက်ကစပြီးပြောလာတော့ ပိုအဆင်ပြေသွားပေမယ့် ပိုခံစားရပါ၏။
"အကြောင်းရင်းကိုပြောပြပါလား"
"အစ်ကို့ကို Idol တစ်ယောက်လိုပဲ ဆက်သဘောကျနေချင်တယ်။ အစ်ကိုနဲ့ကျွန်တော့်မှာ မတိုက်ဆိုင်မှုတွေအများကြီးရှိတယ်။ တစ်ယောက်အကြောင်း တစ်ယောက်အကုန်မသိဘဲနဲ့ စခဲ့တဲ့ဇာတ်လမ်းမို့လို့ နောက်လည်းအဆင်ပြေမယ်မထင်ဘူး။ အစ်ကိုနဲ့ကျွန်တော် Idol နဲ့ fan လိုပဲဆက်နေသွားချင်တော့တယ်"
ညီညီ့အဖြေသည် သက်ထင်ထင်သလောက်တော်မဆိုးရွားပါ။ သက်ထင်ကအတ္တကြီးလို့ သက်ထင်ကမကောင်းလို့မဟုတ်ဘူးတဲ့....။
"ကောင်းပါပြီ.... ညီ။ ဒါဆို ကိုယ်တို့လမ်းခွဲကြတာပေါ့"
အစ်ကို့ဆီက အဖြေကြောင့် ညီညီ အနည်းငယ်အံ့သြသွားသည်။
အစ်ကိုကဒီနေ့ထူးခြားနေသည်။ လာကတည်းက မျှော်လင့်ချက်တွေမပါသည့် မျက်လုံးတွေနဲ့ဖြစ်သည်။ အစ်ကို့ဘက်က လိုလိုလားလား လမ်းခွဲပေးတယ်တဲ့လား။ ဖြစ်ရောဖြစ်နိုင်ရဲ့လား။
ညီညီကတော့ အစ်ကို့ကို စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့မြင်ခဲ့ရတုန်းကမှ ညီညီ့အတွက်ပိုစိတ်လှုပ်ရှားစရာကောင်းပြီး ပိုရင်ခုန်ခဲ့သေးသည်။ ၂၀၂၈ နဲ့ချစ်ခဲ့ပြီး ခုတော့ ထောင့်ငါးရာအချစ်တွေ ကုန်ဆုံးသွားတာ သေချာခဲ့ပါပြီ။ အစ်ကိုလည်း ညီညီ့ကိုစိတ်ဖြတ်နိုင်လို့ပေါ့....။
"ညီ နေကောင်းရင်ရပါပြီ။ ကျန်းမာရေးဂရုစိုက်နော်"
"......"
"ဇေနဲ့တည့်အောင်ပေါင်း၊ သူ့ကိုစိတ်ဆိုးစေမယ့်စကားတွေမပြောမိစေနဲ့။ အစစအရာရာအတွက် ကိုယ်ကျေးဇူးတင်ပါတယ်"
အစ်ကိုကနှုတ်ဆက်သလိုပြောနေသည်။ ရုတ်တရက်ရောက်ချလာတာလည်း ထူးဆန်းသည်။ အစ်ကို့အကြည့်တွေအမူအရာတွေလည်း ထူးဆန်းသည်။ ကြည်ကြည်ဖြူဖြူလမ်းခွဲပေးတာကလည်း ထူးဆန်းသည်။ ခုလိုစကားတွေပြောနေတာလည်းထူးဆန်းသည်။ ထူးဆန်းနေပေမယ့် ဘာထူးဆန်းနေလဲ ညီညီမသိ။
"အစ်ကိုပြောစရာရှိတယ်ဆိုတာက"
"ပြောဖို့မလိုတော့ပါဘူး။ ကိုယ်သွားတော့မယ်...."
အစ်ကိုသည် ညီညီ့ကိုကျောခိုင်းသွားလေပြီ။ ဘာတွေဖြစ်ကုန်ပြီလဲ။ ဒါဆို အစ်ကိုနဲ့ညီညီ တကယ်ပြတ်စဲသွားကြပြီပေါ့။ ညီညီတို့ တကယ်ကြီးလမ်းခွဲလိုက်ကြပြီပေါ့။ အတည်ကြီးပေါ့။
အဲ့လောက်လွယ်ကူတာလား။ လမ်းခွဲတာအဲ့လောက်လွယ်တာလား။
ညီညီရင်ထဲ ဝေခွဲမရမှုကြီးနဲ့ ငိုရခက်ရယ်ရခက်။
အခန်းထဲ ဇေပြန်ဝင်လာသည်အထိ ညီညီကြောင်ပြီးရပ်နေမိဆဲ။ ရင်ဝမှာပူလောလောခံစားချက်ကြီးက ငိုချပစ်မိဖို့ အစပျိုးသလိုရှိနေပေမယ့်လည်း မျက်ရည်ကကျမလာ။ ညီညီထင်သလောက် နာကျင်ရတာမျိုးမရှိပေမယ့် နာတော့နာနေမိတယ်။ ညီညီငိုဖို့မေ့နေမိတာလား။ ငိုလိုက်စမ်းပါ....။ မျက်ရည်တွေထွက်လိုက်စမ်းပါ....။
"ညီညီ"
"ဟင်"
ဇေ့ဆီအကြည့်ဝေ့လိုက်သည်။ ဇေကကြိုသိနေသည့်ဟန်။
"အဆင်ပြေရဲ့လား"
"အစ်ကိုထူးဆန်းနေတယ်။ ငါ့ကိုကြည်ကြည်ဖြူဖြူနဲ့လမ်းခွဲပေးသွားတယ်"
"ဟင်..... မင်းကစပြီးပြောလိုက်တာလား"
"အင်း"
ဇေ ဘယ်လိုဖြစ်သွားမိမှန်းမသိ။ ညီညီ့ဘက်ကစပြီးပြောလိုက်တာတဲ့လား။ အမေရေ.... ညီညီ့ကိုကျွန်တော်ပိုင်ဆိုင်ဖို့ဖြစ်လာပြီထင်ပါရဲ့။
"ငိုချင်ငိုချလိုက်လေ ညီညီ"
"ဟင့်အင်း တစ်ခုခုပဲ....။ ငါမငိုချင်ဘူး"
"ဘယ်လို...."
"ဟုတ်တယ် ဝမ်းတော့နည်းနေတယ်။ ဒါပေမယ့် ငါမငိုချင်ဘူး"
ဇေ ရင်ထဲကခံစားချက်ကို ဝင်ကြည့်ကြည့်ပါဦး။ ညီညီက တစ်ယောက်တည်းဖြစ်သွားပြီ။ ညီညီက လွယ်လွယ်နဲ့စိတ်ပြတ်နိုင်သွားပြီ။ ဇေ့အတွက် မျှော်လင့်ချက်လား။ ဇေ ဘဝမှာနောက်ထပ်တစ်ကြိမ် ဖွင့်ပြောချင်သည်။ ဒီတစ်ခါတော့အငြင်းမခံရလောက်ဘူးမလား။ အချိန်ကောင်းတစ်ခုကိုစောင့်ပြီးရင် ဇေ ညီညီ့ကိုဖွင့်ပြောတော့မည်။
"ဒါဆို အပြင်သွားမလား။ ငါလိုက်ပို့ပေးမယ်"
"တကယ်လား"
ညီညီပျော်သွားတဲ့မျက်နှာလေးက ဝင်းလက်နေသည်။
"ဟင့် ဒါလား အသည်းကွဲတဲ့သူမျက်နှာ"
"မနောက်နဲ့ မနောက်နဲ့။ ဘယ်သွားမှာလဲ။ မင်းက ဘယ်လိုက်ပို့မှာလဲ။ လူများတဲ့နေရာကိုသွားရအောင်နော့် နော် နော်"
"အေးပါကွာ....မင်းကလည်း ဇွတ်"
"အဟေး......"
ခုန်ပေါက်ပြေးကာ အဝတ်တွေချွတ်လဲနေသည့် ညီညီကိုကြည့်ရင်း ဇေအပြုံးတွေစစ်မှန်လျက်....။
သိပ်မြတ်နိုးတာပဲ ညီညီရယ်.....။
......
Yoe
Aug 30 2022 7:51 PM