သက်ထင်မှားတာ။
သက်ထင်ဒီကားကို လက်ခံလိုက်မိတာမှားတာ။ ဘယ်လိုမြှငင်းလို့မရတဲမျက်နှာနဲ့မို့ မရရအောင်လုပ်မယ်ဆုံးဖြတ်ပြီးကာမှ နောင်တတွေတသီကြီးရနေတော့တာ။
အန်တီချိုကလည်း ဘာတွေလုပ်နေတယ်မသိပါဘူး။ အရင်ကတော့ နှစ်နိုင်ငံဖက်စပ်အလုပ်မှန်သမျှအကုန်ငြင်းထားပြီးမှ ခုနောက်ပိုင်းမှာ မြန်မာ-ကိုရီးယား ရုပ်ရှင်အနုပညာချင်း ကူးလူးဆက်နွယ်မှုတွေပိုလုပ်လာသည်။ သက်ထင် ခုရိုက်ကူးနေသည့်ဇာတ်ကားလည်း တစ်ခုအပါအဝင်ပေါ့။
နှစ်နိုင်ငံဖက်စပ် ဇာတ်ကားမဟုတ်ပေမယ့်
အန်တီချို့ကုမ္ပဏီဘက်က ကမ်းလှမ်းရိုက်ကူးထားတာမို့ ကိုရီးယားမှာလည်း ပရိုမိုးရှင်းဆင်းမယ့်သဘောမှာရှိသည်။
သက်ထင်အနေနဲ့ ခုနှစ်ပိုင်းထဲမှာ ထိပ်တန်းတွေဆီကိုပြန်ရောက်လာခဲ့သည်ဟုဆိုနိုင်သည်။ တိတိကျကျပြောရလျှင် Netflix မှာ သက်ထင်နဲ့ညီညီ့ ဇာတ်လမ်းတွဲ လွှင့်ပြီးခဲ့ချိန်မှစသည်ဟုပြော၍ရသည်။ ကြည့်ရှူနှုန်း တစ်ပတ်ထက်တစ်ပတ်ပိုပိုမြင့်လာခဲ့ပြီး အတန်အသင့်ပေါက်ခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်ခဲ့သည်။
ထိုအချိန်ကစလို့ ပြည်တွင်းနာမည်ကြီးဒိတ်ဒိတ်ကြဲများနှင့်အတူ အာရှကျော်ဟူသောဂုဏ်ပုဒ်ဖြင့် တန်းတူရပ်တည်လာနိုင်ခဲ့သည်။
သက်ထင်၏ ထိုသို့သောအခြေအနေကို သက်ထင်နှင့်ညီညီရေးစပ်ခဲ့သည့် သီချင်းအားတရားဝင်ဖြန့်ချီချိန်တွင်တော့ အဆမတန်ကိုထိုးပေါက်သွားသည်။ သက်ထင်ရဲ့အဆိုတော် Career တစ်လျှောက်အိပ်မက်ပင်မမက်ဖူးသောအတိုင်းအတာထိပင်။
လူတိုင်း၏ပါးစပ်ဖျားမှာ သက်ထင်သီချင်းတွေချည်းစွဲနေရအောင်ကိုပေါက်ကာ အနုပညာလမ်းပေါ်မှာအရှိန်ပြန်ရလာပြန်ခဲ့သည်။ ပွဲတွေမနားတမ်းတက်ရင်း၊ ပွဲတွေမနားတမ်းဆိုရင်း ပရိတ်သတ်နှင့်အမြဲထိတွေ့နေရင်း ထိပ်တန်းတစ်နေရာက အဆိုတော်မင်းသားသက်ထင်က အကယ်ဒမီရောင်စဉ်လှိုင်းနှင့်ရုပ်ရှင်တွဲရိုက်ရဖို့ဖြစ်လာသည်။
သက်ထင် ငြင်းခဲ့ပေမယ့် အန်တီချိုကိုယ်တိုင်က "သက်ထင်မှမရိုက်ရင်ဒီကားကိုမရိုက်တော့ဘူး။ သက်ထင်ကိုပဲဒီအခွင့်အရေးပေးတာ"ဟုဆိုလာသည့်အတွက် သက်ထင်လက်ခံဖြစ်ခဲ့သည်။
"သက်ထင်နှင့်ရောင်စဉ်တို့၏ ပြန်လည်ပေါင်းစည်မှု"ဟူသည့် အနှောင့်အသွားမလွတ်သည့် သတင်းအောက်မှာ ဇာတ်ကားကအလိုလို အာရုံစိုက်မှုရသွားသည်။ ရုပ်ရှင်ရဲ့ပရိုမိုးရှင်းတစ်ခုအနေနဲ့ နှစ်ယောက်သား၏ဆက်ဆံရေးအဟောင်းကို ခုတုံးလုပ်လာခဲ့ကြသည်။
သက်ထင်အနေနဲ့ အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲထားရမှာမလား။ ခွဲတော့ခွဲနိုင်တယ်ထင်ခဲ့ပါရဲ့။ တကယ်တမ်းလည်း ရုပ်ရှင်အတွက်အချိန်ဇယားကျလာခဲ့ရာ ဒါရိုက်တာကလည်း မြန်မာ့နာမည်ကြီးဒါရိုက်တာမို့ ရိုက်ကူးရေးမစခင်သုံးရက်လောက် အနီးကပ် အရင် train သေး၏။
ဇာတ်လမ်းက အစပိုင်းမှာရိုမန့်ကနေ အခါးတွေလာပြီးမှ ပြန်ပေါင်းရတဲ့ဇာတ်လမ်း။ ရိုမန့်တစ်ချို့အခန်းတွေဆို သက်ထင်တို့ရည်းစားဖြစ်ခဲ့စဉ်တုန်းက အချိန်တွေပြောစကားတွေနဲ့တစ်ထပ်တည်းပဲ။ လမ်းခွဲပြီးကာမှ ချစ်သူအစစ်တွေလိုပြန်နေရသလိုခံစားရသည်။
"ကို ကောင်းကောင်းလုပ်နော်"
"အင်းပါ ကိုယ့်ကို တစ်မျိုးမထင်နဲ့နော်"
"ဟော မထင်ပါဘူးဆို"
ညီညီ့ဘက်ကဖုန်းချသွားမှ သက်ထင်နဲ့မလှမ်းမကမ်းမှာထိုင်နေတဲ့ ရောင်စဉ်ကိုလှမ်းကြည့်လိုက်သည်။ အေးအေးဆေးဆေးနဲ့ သူ့ဇာတ်ညွှန်းသူဖတ်နေသည်။ ရိုက်ကွင်းပေါ်လည်း ဇာတ်ကောင်အဖြစ် အပြည့်အဝလုပ်နိုင်သည်။ ချွဲနိုင် ဆိုးနိုင် ချစ်နိုင်သည်။ ချစ်သူဟောင်းဆိုပြီး အနေတန့်နေတာမျိုးမရှိ။ သမ္ဘာနဲ့ဝါလို့လို့ပြောရအောင်လည်း နုနုလေးရှိသေးတာ။
သက်ထင်ကသာ သက်ထင်တစ်ယောက်တည်း စိတ်အခန့်မသင့်ဖြစ်နေတာ။ ချစ်ရကြိုက်ရမယ့်အခန်းဆို သက်ထင်အလိုလိုမုဒ်ပျက်သွားသည်။ Netflix ထိရောက်ထားတဲ့ နာမည်ကြီးမင်းသားကြောင့်ပဲ ရိုက်ကွင်းကအတော်ကြန့်ကြာနေတာဆိုတာမျိုးတွေကို နားကသာမကြားရတယ် မျက်လုံးနဲ့တော့မြင်နေရသည်။
ညီညီနဲ့တုန်းက စိတ်နဲ့ကိုယ်နဲ့အစေးကပ်ပြီး ကိုယ်ကိုယ်တိုင် ကတက်ကြွနေသည်။ တကယ်ဆိုရောင်စဥ့်လိုမျိုး ဘာမှမဆိုင်တော့တဲ့လူလို အေးဆေးနေပြနေရမှာကို သက်ထင်ကိုကမအေးဆေးနေတော့ ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲမိတာလည်းအကြိမ်ကြိမ်။ သူ့ချစ်သူ ညီညီကတော့ သက်ထင်အပေါ်တစိုးတစိတောင် သဝန်တိုဟန်မပြ။ အလုပ်ကအလုပ်ပဲမို့လို့တဲ့ အကုန်ခွင့်ပြုထားတယ်တဲ့လေ။ အဲ့စကားကိုကြားထားရတာတောင် ကိုယ့်မှာစိတ်ချလက်ချမလုပ်နိုင်ဘူး။
"စမယ်...."
"ဟူး"
ဒီတစ်ခါတော့သေချာလုပ်မှ။ အင်းလေ ဘာမလုပ်နိုင်စရာရှိလဲ။ တစ်ချိန်ကသူနဲ့ကိုယ်နဲ့က ဒီလိုစကားတွေအများကြီးပြောခဲ့ဖူးတာပဲ။ ပြောလိုက်တဲ့စကားတွေ ကြည့်ရမယ့်အကြည့်တွေ ထိတွေ့ရမယ့်အထိအတွေ့တွေက ရည်းစားဟောင်းအချင်းချင်း စိတ်အချင်းချင်း ပြန်လည်ယှက်နွယ်နေကြလို့မှ မဟုတ်တာ။ အားလုံးက သရုပ်ဆောင်ပီပြင်ဖို့ဆိုသည့်ခေါင်းစဉ်အောက်မှာသာရှိတာမို့ သူများတွေးမှာမပူနဲ့။
ကိုယ့်ဘာသာသာအာရုံထား။
သက်ထင်နည်းလမ်းအဆင်ပြေသည်။ ဒီတစ်ခါ တစ်ကတ်ထဲနှင့်ပြီးသွားသည်။ ဖက်လှဲတကင်းနေရတဲ့အခန်းကိုရိုက်ရသည်မို့ အသားချင်းနစ်ဝင်နေအောင်ဖက်ထားရသည့်အထိအတွေ့များသည် သက်ထင်ကိုယ်ပေါ် ခါးသီးစွာကျန်ခဲ့သည်။
ရောင်စဥ့်ဘက်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်လို အခေါ်အပြောလောက်တော့ရှိသည်။ အဲ့တာကို သက်ထင်ဘဝင်မကျနေတာ။ သူ့ဘက်က ဘာလို့အေးဆေးဖြစ်နေရတာလဲဆိုတာ တွေးမရ။ အဲ့လောက်နာမည်မက်တဲ့သူက သူ့ထက်ပိုအောင်မြင်နေတဲ့ကိုယ့်ကိုယ် ဘာကြောင့် စိတ်ဝင်စားယောင်တောင်မပြရတာလဲ။
သက်ထင်ကပြန်ချေပြချင်တာ။ သူ့ကိုမှီနေရသလို အချိုးမျိုးချိုးခဲ့တာခံရဖူးလို့ ကိုယ့်ကိုကပ်ပြီးနာမည်ကြီးအောင်လုပ်တယ်ဆိုတဲ့ အချိုးမျိုးနဲ့ ပြန်ကြည့်ချင်တာ။ သူ့ကြောင့်မဟုတ်ဘဲ ကိုယ်ဒီအနေအထားထိရောက်လာခဲ့တဲ့အခါ သူ့မျက်လုံးထဲကနေ ကိုယ့်အပေါ်အကြည့်တွေပြောင်းလဲသွားပြီး အရေးတယူလုပ်လာမယ်လို့ထင်ခဲ့တာ။
ခုတော့ဒီအချိုးကဒီအချိုးပဲ။
မရဘူး အဲ့လိုလုပ်လို့မရဘူး။ ငါ့ကိုအာရုံစိုက်ကိုစိုက်ရမယ်။
.........
"သား ရိုက်ကွင်းအဆင်ပြေလား"
"ပြေပါတယ် မာမီ"
မာမီတို့ကပြုံးစိစိ။ သူပြောတဲ့အထဲ ပြုံးစရာလည်းမပါပါပဲ။
"ရောင်စဉ်လေးနဲ့ပြန်တွေ့ရတော့ အဆင်ကိုပြေနေတာပဲနော်။ မာမီကတော့ တွဲမြင်ရတာသဘောကျပါ့"
"အဟွတ် အဟွတ်"
ထမင်းသည်းသွားတာက သက်နှင်း။ သက်ထင်မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
"မာမီကလည်း သူနဲ့ပြန်တွေ့ရတာ ဘာကိုပျော်စရာရှိလဲ။ အလုပ်ကိစ္စထက်ဘာမှမပိုဘူး"
သက်နှင်းရှေ့မို့ အပိုလုပ်ပြောတာမဟုတ်။ တကယ် သက်ထင်အတွက် ဝမ်းနည်းပူဆွေးငိုကြွေးနေချင်တာမျိုးမရှိတာအမှန်ပဲ။ သက်ထင်ချစ်တာ ညီညီတစ်ယောက်တည်းပဲ။ မပြောင်းလဲဘူး။
"ဒီလောက်လိုက်ဖက်နေတာ ဘာလို့လမ်းခွဲလိုက်ရတာတုန်း"
"မာမီကလည်းဗျာ အရင်ကအကြောင်းတွေမမေးပါနဲ့တော့။ စားလို့တောင်မဝင်တော့ဘူး"
"စားပါတော် စားပါ။ နှစ်ယောက်ဘာမှမပတ်သတ်ပဲ ပြန်ဆုံတဲ့သတင်းထွက်တာတောင် Production တစ်ခုလုံး ပရိတ်သတ်ကြားမှာရေပန်းစားနေတာ။ ပြန်တွဲလိုက်ရင်ပိုကောင်းမယ်ထင်လို့မေးမိတာပါတော်။ မဟုတ်ဘူးဆိုလည်းပြီးတာပါပဲ။ နောက်တစ်ယောက်တွေ့နေတာဆိုရင်လည်းပြောဉီး။ ကြည့်ရဉီးမယ် ရောင်စဥ့်လောက်မသင့်တော်ရင်တော့ မာမီက နိုးပဲ"
"တကယ်ပြောရမှာလား"
"အမယ် တကယ်ရှိနေတဲ့ပုံပဲ။ ပြလေ အိမ်ခေါ်လာခဲ့"
သက်ထင် ကြိတ်ပြုံးလိုက်၏။ အိမ်ကိုရောက်ဖူးတာမှ အကြိမ်ကြိမ်ပဲလေ။ မာမီမသိဘူးလားလို့ပြောချင်ပေမယ့် မပြောမိလိုက်။ အချိန်မတန်သေးဘူးလေ။ အချိန်တန်ရင် လောကကြီးတစ်ခုလုံးကိုအတိုက်အခံလုပ်ပြီးတော့ကို ညီညီနဲ့လက်တွဲမှာ။
"ဒါနဲ့ ညီညီနဲ့ကော အဆက်အသွယ်ရလား"
ညီညီ့အကြောင်းပါလာတော့ သက်ထင်ကျောထဲစိမ့်ခနဲဖြစ်သွား၏။ တိုက်ဆိုင်သွားတာပေမယ့် အချိန်ကိုက်ကြီးအမေးခံလိုက်ရတော့ လန့်သွားတာပေါ့။
"အမြဲရပါတယ် ဒယ်ဒီ"
"အနေခက်တာမျိုးတွေဘာတွေမဖြစ်ကြဘူးမလား"
"မဖြစ်ပါဘူး မာမီရဲ့။ ဘာလို့အဲ့လိုမေးရတာလဲ"
"သြော် သားတို့ညီအစ်ကိုရဲ့ Kiss Sense က တကယ်ကြီးလေ။ အဲ့တာဘယ်လိုမှမဖြစ်ကြဘူးမလားလို့"
သက်ထင်မျက်နှာပူထူရလေပြီ။ သားတို့ညီအစ်ကိုတဲ့။ သားတို့ချစ်သူဖြစ်နေပြီ အမေရဲ့။ ညီညီ့ကို သက်ထင်ညီလေးလိုမမြင်ဘဲ သူ့သားမက်လောင်းလေးအဖြစ်မြင်ပေးပါဉီး။
"အမလေး ဖြစ်ဖို့နေနေသာသာ တကယ်နမ်းတာသူတို့မှဟုတ်ရဲ့လားလို့ သမီးတွေးယူရတဲ့အထိ"
သက်နှင်း ဖာဖာထေးထေးဝင်ပြောပေး၍ အဆင်ပြေသွား၏။ ဒီလိုကျတော့လည်း ငါ့ညီမကအားကိုးရသားပဲ။
"ညီညီက သရုပ်ဆောင်လည်းတော်သားပဲ။ အဲ့ကလေးကိုက အနုပညာဘက်မှအထုံပါတာပါ။ သားတို့နှစ်ယောက်ကို အင်တာဖန်တွေကပါ သဘောတူနေကြတာ"
"အင်း အဲ့ကလေးလေးက ခုလိုမြန်မာ့ဂုဏ်ဆောင်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ မြန်မာ ဆိုတာနဲ့ တွဲမြင်ကြတာအမေစုနဲ့ ညီညီပဲလို့ပြောလို့ရတဲ့အထိဖြစ်နေပြီ။ သူ့ဘဝကြီးက တို့နဲ့စတွေ့တုန်းကအချိန်တွေထက်အများကြီးပိုတောက်ပနေပြီ။ သားတို့က ညီညီ့ကိုစောင့်ရှောက်ပေးလိုက်ကြဉီးပေါ့"
သူ့ကောင်လေး၏ဂုဏ်သတင်းကို သူ့မိဘများကိုယ်တိုင်ကချီးကျူးကြ၍ သက်ထင်ပျော်ရသည်။ အနည်းဆုံးတော့ ညီညီက သူ့မိဘတွေမျက်လုံးထဲမှာ ကန့်လန့်တော့ဖြစ်မနေဘူးလေ။ သူ့ချစ်သူအကြည်ဓာတ်လေးနဲ့ ပေါင်းစည်းရမည့်အချိန်များသည် ဘယ်တော့ဆီမှန်းမသိသော်လည်း သူစိတ်ရှည်ရှည်နှင့်စောင့်စားနိုင်သည်ကတော့ သေချာပါသည်။
...........
"မောင်ရယ် တို့ဆီပြန်လာခဲ့ပေးပါ။ တို့ဘဝရဲ့အကြီးမားဆုံးသောလိုအပ်ချက်က မောင်ပါ"
ရောင်စဥ့်အသံကခပ်ဆတ်ဆတ်ဖြစ်နေ၏။ မပြောဝံ့ပြောဝံ့ဖြစ်နေမိတာ။
"ကျစ် ခက်လိုက်တာ"
ရောင်စဉ်သရုပ်ဆောင်လေ့ကျင့်ကြည့်နေတာဖြစ်သည်။ တကယ်ကိုမလွယ်တဲ့ဒိုင်ယာလော့ဂ်။ ကိုယ်ရေးကိုယ်တာခံစားချက်တွေ ဖျောက်ရမှာပေမယ့် ရောင်စဉ်မလုပ်နိုင်။ ရောင်စဥ့်ဘက်ကအရင်တော့ စပြီး မဝပ်တွားချင်ဘူး။
မာနပြိုင်ကြစတမ်း ကစားနေကြတာမဟုတ်ပေမယ့် ကိုယ်ကအရင် အထားခဲ့ခံရသူမို့ ကိုယ်ကစပြီးဒူးထောက်လိုက်ရင် နှစ်ခါရှုံးသလိုဖြစ်မည်။ ခုချိန်မှာသူဟာ တစ်ယောက်တည်းသမားမဟုတ်တော့။ သူ့ချစ်သူအသစ်နဲ့။
ကိုယ်နဲ့တုန်းကမမြင်ဖူးတဲ့ အင်အားသစ်တွေကို သူ့ချစ်သူအသစ်လေးနဲ့ နယ်ချဲ့ရင်းကြိုးစားနေကြတာ ရောင်စဥ့်အမြင်ပဲ။ တွန်းအားတစ်ခုဖြစ်စေတယ်ဆိုကတည်းက အချစ်ကစစ်နေခဲ့လို့ပေါ့။ တွန်းအားမဖြစ်ဘူးဆိုကတည်းက အချစ်မစစ်လို့ပေါ့။ ရောင်စဥ့်ကိုအစကတည်းကမချစ်ခဲ့တာပေါ့။ ဒီလိုတွေးချပစ်လိုက်ရင်လည်း နာကျင်ရတာကိုယ်ပါပင်။
အင်း ရောင်စဉ်ဒီကားကိုလက်ခံလိုက်တာမှားပြီလားလေ...။ သူနဲ့ပြန်မတွေ့တော့ဘူးလို့တေးထားခဲ့ပေမယ့် အခွင့်အရေးရှေ့ရောက်လာခိုက်မှာ လက်မလွှတ်နိုင်ခဲ့ပါ။ တခြားမင်းသားတစ်ယောက်ဆိုရင်တောင် ရောင်စဥ့်အတွက်အများကြီးလွယ်ကူချင်လွယ်ကူနေမှာ။ သူ့အမြင်မှာ ရောင်စဥ့်ရဲ့ ဘယ်အရာမှဆန်းပြားမနေအောင် ကြိုးစားနေနေရတာ တကယ့်တကယ်သိပ်ပန်းသည်။ သူနဲ့ကားရိုက်ဆုံမယ်လို့စသိကတည်းက ပြန်တစ်စခန်းထလာသည့် ရင်ခုန်သံတွေက ရောင်စဥ့်မမေ့နိုင်သေးဘူးဆိုတာ သက်သေပြနေခဲ့သည်။
"ငယ်ကချစ်အနှစ်တစ်ရာ"ဆိုတဲ့စကားက မှန်နေတာများလား။ တလောတလော တိုက်ဆိုင်မိတာလေးများရှိရင် သတိရမိလွန်းလို့ ကိုယ့်ဘက်ကအလျော့မပေးလိုက်မိခဲ့လေခြင်း နောင်တတွေရမိသား။ သူကတော့ အချစ်သစ်နဲ့ပျော်မွေ့နေပြီး ရောင်စဉ်ကသာအတိတ်တွေထဲမှာ ရှိနေမိတုန်း။
နောက်တစ်ဖန် သူ့နဲ့ထိတွေ့နေရတဲ့တစ်ခဏ၊ သူ့ရင်ခွင်ထဲမှာတိုးဝင်ပြီး သူ့လက်မောင်းတွေနဲ့ချုပ်နှောင်ခံရတဲ့တစ်ခဏလေးမှာ ဇာတ်ညွှန်းထဲကထွက်ပြီး ကိုယ့်စိတ်နဲ့ကိုယ်ဖြစ်နေခဲ့တာကိုတော့ ရောင်စဉ်ဝန်ခံပါရစေ။
ဒီဘဝတော့ နှလုံးသားနဲ့ဉီးနှောက် လွန်ဆွဲတဲ့ပွဲမှာ သူနဲ့ကိုယ့်ဆက်ဆံရေးက အကြောင်းရာထပ်ထင်လာဖို့မရှိတော့ပါချေ။
"ဘုတ်"
စားပွဲလေးပေါ် ခပ်ပြင်းပြင်းကျသွားသည့် ဇာတ်ညွှန်းစာအုပ်သာ အသက်ရှိလျှင် အပြစ်မရှိဘဲ ပစ်ချရကောင်းလား ကျိန်ဆဲနေမည်ထင်။ ရင်တွေတုန်ပြီး နှလုံးခုန်သံတွေမမှန်။ ရင်ထဲမှာလေးလဲလွန်းလို့ သက်ပြင်းတွေချရတာလည်းအကြိမ်ကြိမ်။
ကိုယ်ပဲခံစားနေရတာတော့ ကိုယ်ပဲညံ့လို့မလား။
ရောင်စဥ့်ရင်ထဲ အများကြီးပြည့်ကြပ်သိပ်လာသလိုခံစားရ၍ ဖွင့်ထုတ်သည့်အနေဖြင့် သီချင်းတစ်ပုဒ်ဆိုပစ်လိုက်သည်။
အသံအနေအထားထိန်းတောင်မထိန်းတော့ဘဲ တကယ့်ကိုစည်းလွတ်ဝါးလွတ် ရင်ထဲရှိသမျှအော်ဟစ်ဆိုပစ်လိုက်သည်။
"အချစ်ကြီးသူကရှုံးတာပဲ ×× ရှေးလူတွေဆုံးမကြတယ် ဘယ်တတ်နိုင်မလဲ ×× မင်းကိုပဲ × ငါ့ရင်မှာအကြီးကြီးချစ်နေတယ် ×× အရင်လိုပဲငါ အရင်တိုင်းပဲ"
........
"ကမ္ဘာကျော် K Pop Band Artist-K အဖွဲ့ အဖွဲ့ဝင်အစုံအလင်ဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်။ ရိုက်ကူးရေးအတွက်ဟုသိရသော်လည်း မည်သည့်ရိုက်ကူးရေးမျိုးဆိုတာတော့ အတိအကျမသိရသေး"
Artist-K မြန်မာပြည်ကိုလာမည့်သတင်းက သတင်းအကြီးကြီးတစ်ခုဖြစ်နေခဲ့သည်။ MV ရိုက်ကူးရေးအတွက်လာရတာမို့ MV ထွက်လာချိန်မှသာ လူထုတစ်ရပ်လုံးကို Suprise ဆိုပြီးချပြချင်ပေမယ့် မသိမသာ တိတ်တိတ်လာတိတ်တိတ်ပြန်သွားရင် ဖန်တွေအပေါ်မရိုးမသားလိမ်ညာသလိုဖြစ်မှာစိုး၍ အကြောင်းရင်းကိုမပြောထားပေ။
အဖွဲ့လိုက်မြန်မာပြည်ကိုလာရောက်ရတာ ပထမဆုံး Concert မှလို့ထင်ခဲ့ပေမယ့် Concert အတွက်က ဒုတိယတစ်ခေါက်မှသာဖြစ်လေတော့မည်။ ညီညီလည်းစိတ်လှုပ်ရှားမိပါ၏။
ကိုယ့်ရပ်ကိုယ့်ဌာနေကို အဖွဲ့လိုက်ပြန်လာရတာဆိုရင် ပထမဆုံးပဲမလား။ တစ်ယောက်တည်းပြန်လာရတုန်းကတောင် လူတွေကိုအများကြီးလာကြိုနေကြတာ။ ခုရောလူတွေဘယ်လောက်တောင်များလိမ့်မလဲ။ ယုံယုံကြည်ကြည်နှင့်မျှော်လင့်ထားလိုက်သည်။
"ဝါး အိပ်လို့တောင်မရတော့ဘူး။ မြန်မာကိုရောက်တော့မှာဆိုတော့ I'm so excited"
မြန်မာဓလေ့တွေကိုချစ်သူ ယောင်းမင်းလေးက တက်ကြွစွာပြောသည်။ ကျန်မန်ဘာတွေလည်း မအိပ်ကြ။
"ပရိတ်သတ်ကထင်ထားတာထက် ပိုများတယ်"
ဇေ့စကားကို ညီညီ မယုံသလိုကြည့်လိုက်သည်။ လေယာဉ်ပေါ် ဖုန်းမသုံးရတာချင်းအတူတူ သူကဘယ်လိုလုပ်သိနေ။
"မင်းကဘယ်လိုသိ"
"မနက်ကသတင်းဖတ်လိုက်ရတယ်။ မနက်ငါးနာရီကတည်းကလူတွေရောက်နေကြတာတဲ့။
ကြည့်နေလိုက်လေ မယုံလည်း"
အင်ချွန်းလေဆိပ်ကနေ စထွက်လာချိန်က မနက်ပိုင်း။ ကိုရီးယားနဲ့မြန်မာဆို စံတော်ချိန်နာရီကွာခြားချက်က နှစ်နာရီခွဲ။ ကိုယ်တွေထွက်တာတောင် ခုနစ်နာရီဆိုတော့ မြန်မာမှာကိုးနာရီခွဲပေါ့။ ဒါကိုငါးနာရီကတည်းကစောင့်နေကြတာတဲ့လား။ သူတို့က အဲ့လောက်ကိုအချစ်ခံရတဲ့သူတွေ ဖြစ်နေခဲ့ပြီလား။
ပွဲဉီးထွက် သုံးနှစ်ပြည့်ပြီးနောက် Artist-K သည် ပြည်တွင်းပြည်ပ ပရိတ်သတ်အတော်ရနေပြီးသောအဖွဲ့တစ်ဖွဲ့ဖြစ်နေခဲ့ပြီ။ Youtube Subscribers 8.33M M, Spotify monthly listeners 7.56 M စသဖြင့် အင်အားကြီး Rookie အဖွဲ့တစ်ဖွဲ့အဖြစ် ရပ်တည်နေနိုင်ခဲ့ပြီ။
အမိမြေရဲ့အားပေးထောက်ခံမှုတွေအများကြီးပါသည်။ အဖွဲ့ဝင်တွေ Scandal ကြုံရလို့ Black Ocean ထိတဲ့အချိန်တုန်းကဆို ကိုယ်တွေဘက်မှာအမာခံရှိခဲ့တာ မြန်မာကပရိတ်သတ်တွေပါ။ လေယာဉ်ဆင်းနေပြီမှန်း သိလိုက်သည်။
အချက်ပေးအသံတွေဆက်တိုက်ထွက်နေပြီး မကြာခင် ရန်ကုန်မြေပေါ်ကို ခြေချခွင့်ရပြီကိုတွေးပြီး ပျော်လာရ၏။
"ယေး လေယာဉ်ဆင်းပြီဟေး"
ယောင်းမင်း၏ အပျော်သံစွက်သည့်
စကားကြောင့် စိတ်တွေပိုလှုပ်ရှားသွားရသည်။
..,.......
နိုင်ငံပိုင်သတင်းစားပေ့ခ်ျများသာမက အသီးသီးသတင်းဌာနတွေကနေကြိုတင်ထုတ်ပြန်ထားသည့် တစ်ခုကြောင့် နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းကတည်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လူတွေအုံခဲနေသည်။
လူကိုကြိတ်ကြိတ်တိုးသည်အထိ နေရာအကြပ်အလပ်မရှိ။ လူံခြုံရေးတွေလည်းပိုတိုးချဲ့ထားပြီး အကာအကွယ်တွေပါတန်းစီချထားရသည်အထိကို အပြည်ပြည်ဆိုင်ရာလေဆိပ်သည်ခါတိုင်းနဲ့မတူဘဲ ခြားနားနေလေသည်။ လူအုပ်ကြီးသတင်းသည်လည်း "Artist-K ကိုကြိုဆိုနေကြသည့်လူအုပ်ကြီး"ဟူသည့် ခေါင်းစဉ်ဖြင့် အသီးသီးပျံ့နှံ့ကုန်ကြလေပြီ။
ညီညီတို့ဆင်းလာပြီ။ မြန်မာ့လေထုနှင့်ပထမဆုံးထိတွေ့မိသည်နှင့် ပူရှိန်းရှိန်းဖြစ်သွား၏။
"အား......"
"လာပြီ လာပြီ"
"Eagle!!!!"
အော်သံကြီးက ရုတ်တရက်ကြီးစူးစူးဝါးဝါး။ လေယာဉ်ပေါ်ကနေ တစ်စုံတစ်ယောက်ဆင်းလာသည်ကိုမြင်သည်နှင့် ကောင်းကင်ယံသို့လျှံတက်လာသည့်အသံနက်ကြီး။
"Artist-K!! Artist- K !! Artist-K!!"
"ဝါး"
ညီညီလုံးဝပါးစပ်အဟောင်းသားဖြစ်သွားသည်။ ညီညီတင်မဟုတ်။ မန်ဘာတွေအားလုံးရော။ နည်းတဲ့လူအုပ်ကြီးလား။ လူပင်လယ်ကြီးလို့ကိုတင်စားလို့ရလောက်သည့်ပမာဏက ကိုယ်တွေကိုကြိုနေတာတဲ့လား။ ဘယ်လိုဖော်ပြရမလဲကိုမသိတဲ့ အပျော်မျိုးကြီးကွာ။
ကိုယ့်အမိမြေကပရိတ်သတ်တွေ ကိုယ့်ကိုသိုက်သိုက်ဝန်းဝန်း ကြိုဆိုနေကြတယ်ဆိုတာကြီးက ရင်ထဲမှာတလှပ်လှပ်နဲ့။ စတိတ်စင်ပေါင်းများစွာပေါ်မှာ ပရိတ်သတ်ပေါင်းများစွာကို ဖျော်ဖြေခဲ့ဖူးသည်။ ခုက အမိမြေကိုပထမဆုံးစလာရသည့်အချိန်မို့ ပထမဆုံးအကြိမ်တိုင်းမှာ မတူညီသောစိတ်လှုပ်ရှားမှုများရှိနေခဲ့ပါ၏။
"ဖျပ် ဖျပ်"
ကင်မရာမီးတွေတဖြတ်ဖြတ်လက်လာကြလေပြီ။
"အိုပါး....."
"အီး....ဂဲ......"
နာမည်အော်သံများသည်ရောပြွန်းနေကြသည်။ လှေကားတစ်ထစ်တစ်ထစ်ဆင်းလာသည်နှင့် လူအုပ်ကြီးကရှေ့ကိုပိုတိုးလာကြ၏။ လုံခြုံရေးအပြည့်နဲ့ကာထားသော်လည်း လူအုပ်ထုကြီးက မာန်အပြည့်ရှိနေသယောင်။
လှေကားထစ်ပေါ်ကနေ လက်ပြရင်း ဖန်များကိုနှုတ်ဆက်ကြသည်။ မျက်စိတစ်ဆုံးမြင်နေရသည့် ဖန်များလက်ထဲမှကိုင်ဆောင်ထားကြသည့် ဓာတ်ပုံပိုစတာများ ဗီနိုင်းစာတမ်းများကလည်း ပေါက်စိပေါက်စ ဘက်မတူစွာယိမ်းနေကြ၏။ နေ့ဘက်ကြီးပေမယ့် Lightstick တွေပါဖွင့်ထားကြကာ ကိုယ်တွေကိုကြိုဆိုနေကြပုံက ပီတိဖြစ်ဖွယ်။
မကြာခင်ညီညီ့လက်ထဲမိုက်တစ်လုံးရောက်လာသည်။ ဖန်တွေကိုအမှာစကားပြောပေးပါရန်ဆိုပြီး ညီညီ့လက်ထဲကိုထည့်လာခြင်းဖြစ်၏။
"အားလုံးပဲ မင်္ဂလာပါ Artist-K ဖြစ်ပါတယ်"
ညီညီနဲ့အတူ မန်ဘာတွေပါဉီးညွတ်ကြရင်ပဲ ပရိတ်သတ်အသံကြီးကထွက်လာပြန်သည်။
"ဟေး......."
"ဝါး....ဒီလောက်များမယ်လို့ တကယ်ကိုထင်မထားတာပါ။ ကျွန်တော်တို့ကို ဒီလောက်အများကြီးကြိုဆိုပေးကြတဲ့အတွက် အများကြီးကျေးဇူးတင်ပြီး နောမူ နောမူဆားရာငဲပါ"
ဆားရာငဲ ဟူသည့် တန်ပြန်အသံကြီးကခပ်ဝါးဝါး။ ထို့နောက် မန်ဘာတွေဆီတစ်လှည့်စီမိုက်ပေးလိုက်သည်။ မြန်မာပြည်ကိုမလာခင် ကိုယ်သင်ပေးထားတဲ့စကားတွေအသုံးချပေတော့။
"မင် က လာ ပါ။ ကျေး ဆူး တင် ပ တယ်။ ချေ့ သယ်"
"အား.... ချစ်တယ် ချစ်တယ် ချစ်တယ်"
"သြော....အင်ညာ အဲ့..... မင် ဂ လာ ပါ။ အား ပေး ကြ သဲ့ သွက် ကျေး ဆူး တင် ပါ သယ်"
တစ်ယောက်ပြီးတစ်ယောက် ပြောလာပြီးနောက်မှာ နောက်ဆုံးယောင်းမင်းအလှည့်ရောက်လာသည်။ ညီညီ့ဆီကအနီးကပ် အများဆုံး မြန်မာစကားသင်ထားသည့်သူမို့ မျှော်လင့်ရတာပဲ။
"ဟိုင်း ကျ တော် က X. Brand ပါ။ ထ မင်း စား ပီး ပီ လား"
"ဟားဟား ဟားဟား"
ရယ်သံကြီးကအုပ်သြသြကြီးထွက်ချလာသည်။ အတတ်လွန်ပြီး ထွက်လာသည့်စကားက ရယ်လည်းရယ်ချင်စရာ။
"ကျွန်တော်တို့ Concert ကျရင် ဒုတိယကြိမ်မြောက်ထပ်တွေ့ကြမယ်နော်။ ကျွန်တော်တို့ကို ဆက်အားပေးမယ် ဟုတ်"
"ဟုတ်"
..........
ညီညီ အစ်ကို့ရိုက်ကွင်းကိုရောက်နေခြင်းဖြစ်သည်။ ဇေ့ကိုပြောပြီးလိုက်ပို့ခိုင်းတာ ဇေကလိုက်ပို့သည်။ အရင်လိုတပြစ်တောက်တောက်တော့မပြော။ ပြောစရာရှိရင်ပြောတယ်။ ဒါပေမယ့်အလုပ်ကိစ္စလွဲလို့မပြောဘူး။ ညီညီပင်ပန်းလာတဲ့အချိန် ဇေ့ဆီကနှစ်သိမ့်စကားတွေ အပွေ့အဖက်တွေလိုချင်မိပေမယ့် မတောင်းဆိုရဲဘူး။
ညီညီတို့နှစ်ယောက်လုံးမေ့ထားခဲ့ကြသည့်၊ နှစ်ယောက်လုံးမသိချင်ယောင်ဆောင်ခဲ့ကြသည့်အကြောင်းအရာတစ်ခုကို ဖွင့်ထုတ်ပြောလိုက်ပြီးနောက်မှာ ညီညီတို့နှစ်ယောက်ကြား အကွာအဝေးက ပိုခြားနားသွားတော့သည်။
ညီညီကတော့ အဲ့အနမ်းအကြောင်းကိုထုတ်ပြောလိုက်ရလို့ နောင်တမရမိပါဘူး။ ဒီအနမ်းဖြစ်တည်လာရခြင်းရဲ့ အကြောင်းရင်းကိုသိချင်လို့ကို ထုတ်ဖော်မေးခဲ့တာမို့ ညီညီတို့ဆက်ဆံရေးကို ထိခိုက်သွားစေတယ်ဆိုရင်တောင်မှ ညီညီနောင်တမရပါ။ လက်တည့်စမ်းရင်းနဲ့ နမ်းမိကြတာမဟုတ်တာတော့ ညီညီအသေအချာသိသည်။
ဇေ့အပေါ် ကိုယ့်ခံစားချက် အတိမ်အနက်ကိုတွေးရင်းတွေးရင်းနဲ့ပိုပိုရှုပ်ထွေးလာရလို့ ခုထိကိုအသေအချာမသိသေး။ ဇေက ညီညီ့ကိုချစ်နေတာ ညီညီလည်းဇေ့ကိုချစ်တယ်လို့ တွေးမိသွားရင် ညီညီ့မှာ အစ်ကိုရှိနေသေးတယ်ဆိုတဲ့ အတွေးဝင်ဝင်လာပြီး ညီညီတွေးသလိုမဖြစ်နိုင်ပါဘူးလို့ အတွေးတွေပယ်ချလိုက်ရပြန်ရော။
အချစ်ဆိုတာကလေ နှစ်ခုဖြစ်လာနိုင်တာလား.....။
တစ်ခုမှ အတုအယောင်မဟုတ်တာတော့သေချာတယ်။ ဘေးကကြည့်နေတဲ့လူတစ်ယောက်လောက်ကိုခေါ်ပြီးမေးကြည့်ပါရဲ့။
ကိုယ့်မျက်လုံးရှေ့မှာ ရည်းစားဟောင်းနဲ့အနမ်းအခန်းရိုက်နေတဲ့ ကိုယ့်ချစ်သူကိုသဝန်တိုမိနေတဲ့ အချစ်က စစ်တာလား။
အသွေးအသားတွေပြောင်းပြန်လန် စိတ်အလိုလိုက်မိရင်းကနေရလာတဲ့ အနမ်းပိုင်ရှင်အပေါ် အရင်ကထက်ပိုစိတ်ဝင်စားလာမိတဲ့ အချစ်ကစစ်တာလား။
"Cut !!"
ညီညီ့ဆီကို သူပြေးလာနေသည်။ Silent တွဲနေပါသည်ဆိုတာကိုပင် မေ့လျော့စွာ၊ အနမ်းပါသည့်ဇာတ်ဝင်ခန်းအတွက် ညီညီ့ကိုအားနာစွာ၊ သူ့စိတ်တွေမလုံလဲစွာနှင့် ညီညီ့ဆီကိုအပြေးရောက်ချလာသည်။
အနားရောက်တော့ ညီညီမြင်လိုက်ရသည်ကား အချစ်ဉီးအပေါ်ပြန်လည်လွမ်းဆွတ်တမ်းတနေသည့်အရိပ်အယောင်တွေ........။
..........
#Yoe
July 14 2022 9:14PM