"ပူတူးလေးကတော့ မာမားကိုကိုလို့ပြောတာပဲရှင့်"
"ဟို …"
ပူတူးရဲ့တီချယ့်စကားကြောင့် ဝမ်းတောင်နည်းနည်းအမ်းတန်းတန်းဖြစ်သွားရ၏။
"ဆရာမ သူကလေပြိုင်ကားအဖြူလေးနဲ့လား"
"ဟုတ်တယ်! ဟုတ်တယ်အစ်မ"
"ဆရာမ နောက်ဆိုကျွန်တော်လာကြိုတာမှမဟုတ်ရင်သားကိုဘယ်သူနဲ့မှထည့်မလွှတ်ပါနဲ့နော် ၊ မဟုတ်ရင်လည်းကျွန်တော့်ကိုဖုန်းဆက်ပြီးပြောလိုက်လို့ပြောပေးပါနော်ဆရာမ"
"ဟုတ်ကဲ့ရှင့်"
"ကျေးဇူးပါနော်"
မိန်းကလေးတွေလည်းကျွန်တော်လို့ပြောတဲ့သူတွေရှိနေတော့ ဝမ်းအတွက်အခေါ်အဝေါ်အသုံးနှုန်းမှာဝန်ထုတ်ဝန်ပိုးဖြစ်မနေချေ။မိန်းကလေးလိုနေပေမဲ့ ကျွန်မလို့လဲမပြောတတ်ပေ။ခက်တာပဲ …
လောလောဆယ် ဟိုလူ ကလေးကိုဘယ်ခေါ်သွားလဲမသိရသေးပေ။ဘယ်လိုလူလဲ ကလေးနဲ့မပတ်သတ်ဖို့အတန်တန်ပြောထားရက်နဲ့။ဒါတမင်လုပ်တာ ဒီကလူရဲ့စကားကသူ့အတွက်ဘောင်မဝင်ပါဘူးပေါ့။နေ့လည်ကခေါ်ပြောလိုက်တယ် ညနေကျသားကိုခေါ်သွားတယ်။
မပတ်သတ်ချင်ပေမဲ့လည်းမတတ်နိုင် ကားမောင်းရင်းသူ့ကိုဖုန်းခေါ်ရတော့သည်။
"ဟယ်လို"
"သားကိုဘယ်ခေါ်သွားတာလဲ အခုချက်ချင်းငါ့ဆီပြန်လာပို့"
"သားကကျွန်တော့်အခန်းထဲမှာအိပ်နေတယ်"
မာန်သူ့ကိုယ်သူ လုံးလုံးကိုသားလို့သုံးလိုက်မိတာကိုစိတ်ထဲတစ်မျိုးဖြစ်သွား၏။
ဝမ်းလည်းခနတော့တိတ်ဆိတ်သွား၏။သူ့နှုတ်ကနေသားလေးကိုသားလို့တယုတယခေါ်လိုက်တယ်လို့ခံစားလိုက်ရ၏။ရင်ထဲမှာတော့မကောင်းဘူး၊သားအဖနှစ်ယောက်အတူရှိနေတာကိုတောင်မပြောရဲဘဲကွယ်ဝှက်ထားမိ၏။သူ့အဖေနဲ့သူ့သားမှန်းသာသိကြရင်ဘယ်လောက်တောင်ချစ်လိုက်ကြမလဲ။
ရင်သွေးလေးစပြီးလွယ်ထားခဲ့တဲ့အချိန်မှစ၍ သူ့ကိုတမင်ကွယ်ဝှက်ခဲ့တာတော့မဟုတ်ပေမဲ့ ပြောလို့အဆင်ပြေနေတဲ့အခြေအနေတစ်ခုလည်းမဟုတ်ခဲ့ဘူးလေ။လမ်းခွဲပြီးသားချစ်သူတစ်ယောက်ကိုလည်း မင်းကိုယ်ဝန်လွယ်ထားရပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပြန်မဆက်ချင်ပေ။နောက်ပြီးကိုယ်ကအများအမြင်မှာသာမိန်းကလေးဖြစ်ပေမဲ့ တကယ့်အစစ်အမှန်ကယောက်ျားလေးဖြစ်နေတဲ့အတွက် ကိုယ်ဝန်ရနိုင်တယ်ဆိုတာလည်းအိပ်မက်တောင်မမက်ရဲတဲ့အဖြစ်ဆိုတော့ သူ့ကိုလည်းမပြောရဲခဲ့ပေ။
ထို့ကြောင့်တမင်ဖုံးကွယ်ထားတာမဟုတ်ပေမဲ့ အခုချိန်ထိပြောရဲတဲ့သတ္တိတော့မရှိတာအမှန်ပဲ။သူ့သားနဲ့သူ့အဖေပျော်ပျော်လေးနေတာကိုလည်းမြင်ချင်လှပါ၏။အခုလိုမိတ်ဆွေအနေအထားမျိုးနဲ့ချစ်ခင်ကြတာဟာ သားအဖလိုချစ်ခင်ကြတာနဲ့တော့ဘယ်တူပါ့မလဲ။ဘေးလူရဲ့အမြင်မှာတောင်ကွာဟမှုတွေရှိတယ်မလား။သားလေးကိုလည်းသူ့အဖေအစစ်နဲ့ပေးပျော်ချင်ပါသည်။မူကြိုမှာအဖေအမေအစုံရှိတဲ့ကလေးတွေကိုအမြဲမြင်နေရပေမဲ့ သူ့မိခင်ကိုတော့ဖေဖေရောလို့တစ်ခွန်းမမေးရှာဘူး။
"ဟယ်လို ဝမ်း … ကြားလား"
"အင်း … ကြားတယ်"
အတွေးလွန်သွားပြီးဖုန်းပြောနေတာကိုတောင်မေ့သွား၏။
"ကျွန်တော်သိပ်ထားတယ် ကလေးကအိပ်နေလို့"
"သားနိုးရင်တော့အိမ်ပြန်လာပို့ပေးပါ ငါအိမ်မှာပဲရှိမယ်"
"ဟုတ်ပြီ"
တစ်ဖက်လူနဲ့ဖုန်းပြောပြီးတာနဲ့ မာန်စဉ်းစားမိ၏။ဝမ်းကနေ့လည်ကတောင်သားနဲ့မပတ်သတ်ဖို့လာပြောထားတာကို အခုအိမ်အထိပါလာပြီးအိပ်နေတာတောင် ဘာလို့ဘာမှမပြောတော့တာလဲ။သားလေးအိပ်ရေးပျက်မှာစိုးလို့လား။ဒါမှမဟုတ် အလုပ်တွေအရမ်းရှုပ်ပြီးပင်ပန်းနေလို့များလား။အခုတလောကိုယ်ကလည်းကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာမို့ ရုံးခန်းထဲကကိုမထွက်ဖြစ်တာနဲ့သူနဲ့လည်းမတွေ့ဖြစ်ပေ။
ဒေါက် ဒေါက် !
"သားပြန်ရောက်နေပြီဆိုလို့လာကြည့်တာ ငါ့သားအရမ်းပင်ပန်းနေပြီလားလို့"
"ဟုတ်မေမေ"
"အယ် ~ ကလေးလေးပဲ ဘယ်က ကလေးလဲသား"
"သားမိတ်ဆွေရဲ့သားပါ သူကရုံးမဆင်းသေးတာနဲ့မူကြိုကနေဝင်ကြိုပေးလာတာ"
"အော် အေးအေး … ကလေးလေးကချစ်စရာလေးပဲ အိပ်နေတာများဝက်ကလေးကျနေတယ်"
မေမေ့ပြောစကားကိုပြန်မတုံ့ပြန်ဘဲ လုံးလုံးကိုသာပြုံး၍ကြည့်နေလိုက်သည်။မေမေပြောသလိုပါပဲအိပ်နေတာလေးကအစ ဒီကလေးကချစ်ဖို့ကောင်းပါသည်။
ဒီလိုတွေးမိတိုင်းလည်းကလေးအဖေကိုသိချင်လာတဲ့စိတ်ကသူ့ကိုဒုက္ခပေးပြန်တာပါပဲ။ဝမ်းကလည်းကလေးအဖေကိုပြောပြဖို့ဘာလို့အခက်တွေ့နေရသလဲ။
"မာမား~"
"ဟဲ့သား ! အော် ဒီကလေးနှယ်ဘာတွေများတွေးနေသလဲနော် … ကလေးကနိုးနေပြီ မာမားလို့ခေါ်နေတယ်"
မေမေပြောမှပဲအတွေးကပြန်ဝင်လာ၏။
"ဟုတ် မေမေ … လုံးလုံး နိုးပြီလား"
"မာမား~"
ကလေးကငုတ်တုတ်လေးထထိုင်ပြီး မျက်စိနှစ်ဖက်ကိုလက်နှစ်ဖက်ဖြင့်ဖိပွတ်ကာ မာမားပဲထိုင်ပြောနေလေသည်။ငိုနေတာတော့မဟုတ်ချေ။ဒေါ်ထားချယ်ရီတစ်ယောက် မညာတမ်းပြောရရင်ဒီကလေးလေးအပေါ်မြင်မြင်ချင်းချစ်ပြီးသံယောဇဉ်တွယ်မိသွား၏။
"အေး မြေးလေး …မြေးကမာမားဆီပြန်တော့မှာလား"
"ကိုကိုလိုက်ပို့"
ခေါင်းလေးငြိမ့်ပြပြီး သားမာန်ရင်ခွင်ထဲဝင်ကာ ကိုကိုလိုက်ပို့ဆိုပြီးဂျီလေ၏။
"ကိုကိုလိုက်ပို့မယ် အခုလုံးလုံးကအိပ်ယာကနိုးခါစဆိုတော့လန်းသွားအောင်အအေးသောက်မလား"
"သောက်မယ်"
"ဘာသောက်မလဲ"
"အွန် ~ သောက်တော့ဘူး ရေခဲမုန့်စားချင်တယ်"
"ရေခဲမုန့်ဆိုရင်တော့ လုံးလုံးအိမ်ကိုပြန်တဲ့လမ်းရောက်မှဝယ်ပေးလို့ရမှာ"
"ဟုတ် ရေခဲမုန့်စားမှာ"
"အဲ့ဒါဆိုလမ်းရောက်မှဝယ်ကျွေးမယ်နော် အခုသွားရအောင်"
"ဟုတ်"
လုံးလုံးကိုအိမ်ပြန်ပို့ရင်း လမ်းဘေးက market တစ်ခုကိုဝင်ပြီးသူစားချင်တဲ့ရေခဲမုန့်ကိုဝယ်ကျွေးရ၏။ရေခဲမုန့်ကိုဘယ်လောက်ကြိုက်သလဲတော့မသိဘူး ၊ ဝယ်ပေးထားတဲ့တစ်ခုကတော့ချက်ချင်းဆိုသလိုပင်ကုန်သွား၏။
သူလိုချင်တာရသွားလို့လားမသိဘူး ကားမှန်ကနေအပြင်ကြည့်နေတာများငြိမ်လို့၊မသိရင်ကိုယ်တစ်ယောက်တည်းကားပေါ်မှာရှိနေတဲ့အတိုင်းပင်။ကျေးဇူးတင်စကားလေးတောင်မျှမကြားရပေ။
"ဝေါ့ ဝေါ့ "
ဆယ့်ငါးမိနစ်လောက်အကြာမှာတော့ လုံးလုံး၏ပျို့နေသံကိုကြားလိုက်ရသောကြောင့် လမ်းရှင်းသည့်ဘက်ကိုရွေးကာ ကားရပ်လိုက်၏။ထို့နောက်
"လုံးလုံး အန်ချင်နေတာလား … လာ ကိုကိုနှိပ်ပေးမယ် အောက်မှာအန်မယ်နော်"
လုံးလုံးကခေါင်းညိမ့်ပြပြီးနောက် သူပဲပွေ့ချီပြီးအောက်ချပေးလိုက်ရသည်။ထို့နောက်ဘယ်လောက်နှိပ်ပေးပေး လုံးလုံးကမအန်ပေ။ပျို့တာကတော့ပျို့နေပြီးအန်မရတာဖြစ်နိုင်သည်။နောက်ဆုံးကလေးကမျော့မျော့လေးဖြစ်ချင်နေတာကြောင့်ကားပေါ်အမြန်တတ်ကာ အနီးနားကတွေ့တဲ့ဆေးခန်းကိုသာ အပြေးဝင်ရတော့၏။
"ကလေးကမြေပဲနဲ့မတည့်ဘူးဗျ"
"ဗျာ !"
"ဆရာ သားကဘာဖြစ်တာလဲ သားဘယ်မှာလဲဆရာ"
မာန်တို့စကားပြောနေတုန်း ဝမ်းကအပြေးအလွှားရောက်လာကာ ကလေးအကြောင်းမေးနေရှာ၏။သူတော်တော်စိတ်ပူနေရှာတာ … အဲ့လိုတွေမမြင်ချင်လို့အကြောင်းမကြားချင်တာကို ~
မာန် တခြားဘာမှမတွေးမိတော့ပဲ ဝမ်းကိုသာတွေတွေကြီးကြည့်နေမိသည်။သူ့မှာမေးခွန်းတွေအများကြီးရှိသည်။
"အခုပဲကလေးအဖေကိုပြောပြနေတာ ကလေးကမြေပဲနဲ့မတည့်ဘူးလို့ အမေကရောမသိဘူးလား"
"ကျွန်တော်သိတယ်ဆရာ ကျွန်တော်သိပါတယ်၊အခုသားအခြေအနေကရောဘယ်လိုဖြစ်သွားပြီလဲဟင် ဘယ်နားမှာလဲဆရာ"
"ကျွန်တော်နဲ့လိုက်ခဲ့ဝမ်း သားကိုသွားကြည့်ရအောင်"
"ငါ့သားအခြေအနေကရော"
"ဘာမှစိတ်ပူစရာမရှိတော့ပါဘူးတဲ့ဆရာက နောက်ထပ်ဒီလိုတွေရှောင်ဖို့တော့မှာတယ်"
"ငါ့သားဆီလိုက်ပို့"
အခုချိန်မှာတော့သူ့ကိုလည်းအပြစ်မပြောနိုင်သေးဘူး၊သားလေးကိုအမြန်မြင်ရဖို့ကအဓိကဖြစ်သည်။နောက်ပြီးသူနဲ့လည်းရင်မဆိုင်ရဲတော့ဘူး။
"ဝမ်း ~ သားလေးအခြေအနေကကောင်းနေပါပြီ ခနနေရင်ကျွန်တော်တို့စကားပြောဖို့လိုနေပြီဆိုတာဝမ်းလည်းသိမှာပါ ခေါင်မိုးထပ်ကိုလိုက်ခဲ့ပါ ကျွန်တော်စောင့်နေမယ်"
ပြောချင်ရာပြောပြီးထွက်သွားတဲ့သူရဲ့ကျောပြင်ကိုကြည့်ရင်း မျက်ရည်ဝဲရပြန်သည်။ငါပြန်မပတ်သတ်ချင်တော့ဘူးလေကွာ။
သားလေးကခုတင်ပေါ်မှာအိပ်နေတာမို့ နဖူးလေးကိုအနမ်းဖွဖွလေးပေးရင်းနဲ့ပဲ ခေါင်းမိုးထပ်ကိုတက်ရပြန်၏။
"ကျွန်တော်တို့အတူတူနေတုန်းကကျွန်တော်ဆေးရုံတတ်ရတာဘာလို့လဲ ဝမ်းမှတ်မိလား"
"…"
"အခုကလေးက…"
"မြေပဲနဲ့မတည့်တဲ့သူကမင်းတို့ပဲရှိတာမှမဟုတ်တာ ကမ္ဘာပေါ်မှာအများကြီး"
"စကားကိုအဲ့လိုလက်လွတ်စပယ်မပြောနဲ့ဝမ်း ~ ကမ္ဘာပေါ်မှာအများကြီးရှိတာဝမ်းမပြောလည်းကျွန်တော်သိတယ်၊ဒါပေမဲ့ဒီကလေးကဝမ်းရဲ့သား ကျွန်တော်ကအရင်တုန်းကဝမ်းရဲ့ယောက်ျားဗျာ၊ ကုန်ကုန်ပြောရရင်…"
"တော်တော့ !! ပေါက်ကရတွေ၊ မင်းကငါ့ယောက်ျားဘယ်တုန်းကမှမဟုတ်ခဲ့ဘူး"
"စာရွက်တစ်ခုဖြစ်တဲ့စာချုပ်ပေါ်မှာလတ်မှတ်မရှိခဲ့တာပဲရှိခဲ့တာပါ ကျွန်တော်တို့တစ်အိမ်တည်းနေ တစ်ခုတင်တည်းအိပ်ခဲ့ကြတာဘယ်လောက်ပဲရှိခဲ့တယ်ထင်လို့ ဝမ်းကမေ့ချင်ယောင်ဆောင်နေရတာလည်းဗျာ"
"အေး မင်းပြောသလိုငါပြန်ပြောမယ်၊တစ်ချိန်တုန်းကငါတို့ကတရားမဝင်ဖြစ်တဲ့အတွက် အခုမင်းထင်သလို သားကမင်းနဲ့ရတဲ့သားဟုတ်ခဲ့ရင်တောင် မင်းမှာဘာမှလုပ်ပိုင်ခွင့်မရှိဘူး"
"ခင်ဗျားပါးစပ်ကသာကျုပ်သားလို့ပြောလိုက်စမ်းပါ ခင်ဗျားစမ်းကြည့်လိုက်"
"မင်းနဲ့ပြန်မပတ်သတ်ချင်တော့ဘူး"
"ကလေးအနာဂတ်ကရော"
"အခုရောသားဘဝကဘာဖြစ်နေလို့လဲ ၊နောက်ပြီးမင်းလိုလူကိုငါက သားအဖေအဖြစ်အသိအမှတ်ပြုရမှာလား"
"ကျွန်တော့်လိုလူဆိုတာကဘာစကားလဲ"
"ဖောက်ပြန်တဲ့ကောင်လေ ကိုယ့်အကျင့်ကိုမေ့နေတာလား"
"ခင်ဗျား !!"
"ငါတို့နဲ့လာမပတ်သတ်နဲ့မာန်ပြဿဒါး"
"ခင်ဗျားကျွန်တော့်ကိုမုန်းလား"
"ဘာလို့မဆိုင်တာတွေမေးနေတာလဲ"
"ဖြေပါ"
"မင်းပြောခဲ့ဖူးပါတယ် … ဘယ်တော့မှထားမသွားပါဘူး ငါထားခဲ့ရင်တောင်မင်းကမနေခဲ့ပါဘူးတဲ့၊အဲ့လိုထပ်တူကျတဲ့စကားမျိုးငါလည်းပြန်ပြောခဲ့ဖူးတာပဲ ~ ဒါပေမဲ့ အဲ့ဒါဟာစကားသက်သက်ပဲ တကယ့်လက်တွေ့မှာကျသူများနဲ့ယှဥ်ပြီးထားခဲ့ခံရတော့လည်း စောဒကတက်ခွင့်မရှိပဲနေခဲ့ရတာပဲ …မချစ်တော့တာလားမချစ်ခဲ့တာလား ငါ့ကိုပစ်ပြီးတခြားသူနောက်ပါသွားရလောက်တဲ့အထိငါဘာတွေများမှားခဲ့ဖူးလို့လဲ ဘယ်တုန်းကများမင်းအပေါ်အနိုင်ယူခဲ့ဖူးလို့လဲလို့ တွေးမိတိုင်းရင်နာရတယ်"
"…"
"ဒါပေမဲ့ငါမမုန်းနိုင်ခဲ့ဘူး ၊နောက်ပြီးအရင်တုန်းကလိုလဲပြန်မချစ်ချင်တော့ဘူး … အရင်တုန်းကဆိုငါ့ဘဝရဲ့အချစ်ဦး ရည်းစားဦးဖြစ်တဲ့မင်းကိုလေငေးကြည့်ရတာနဲ့တင်မြတ်နိုးလွန်းလို့ ရူးမတတ်ပဲ .. မင်းကိုငါတကယ်ပိုင်ဆိုင်ရပြီလားလို့တွေးမိတိုင်းလည်းငါ့မှာဘာအပျော်နဲ့မှမလဲနိုင်ခဲ့ပါဘူး ဒါပေမဲ့ ငါအဲ့နေ့ကတည်းကမင်းကိုအပြီးအပိုင်စွန့်လွှတ်ခဲ့ပြီးပြီ ငါ့ဆုံးဖြတ်ကိုငါယုံလို့ငါမင်းအနားကအပြီးအပိုင်ထွက်လာခဲ့တာ အဲ့နေ့ကတည်းက"
သူ့အပြောကိုမစောင့်တော့ဘဲထိုနေရာမှသားဆီကိုအမြန်ထွက်လာခဲ့မိတော့သည်။သားအခန်းထဲရောက်မှအားရပါးရငိုလိုက်မိသည်။
ချစ်တာပေါ့ .. အခုထိလည်းချစ်နေသေးတာပေါ့မောင်ရယ် ~
##############