"Someone is coming...."
Sound Box များဆီမှထွက်လာသည့် အသံသြသြကြီးနောက်တွင် ကွင်းလုံးပြည့်လူအော်သံကြီးကကပ်ပါလာသည်။
"ယေး...."
လူပေါင်းနှစ်သောင်းနီးပါးရောက်ရှိနေသည့် Artist-K ၏ ပထမဆုံး Concert ။ စတိတ်စင်ကြီးကလည်းမိမိုက်နေကာ LED ဆီမှာပြသလျက်ရှိသည့် Animation များကိုကြည့်နေရင်း ပွဲစခါနီးပြီဟုအသိပေးလိုက်ဟန်ရှိသည့် အသံကြီးကြောင့် မကြာခင် ဤပွဲ၏အခရာ Artist-K စင်ပေါ်ရောက်လာတော့မည်ဖြစ်ကြောင်းသိလိုက်ရပြီ။
အချိန်အားဖြင့် ညနေမှောင်လုနီးပေပြီ။ ကွင်းကြီးထဲ အမှောင်ချထားသော်လည်း LED ဆီမှအလင်းနှင့် Lightstick များဆီကအလင်းရောင်တို့ဖြင့် ပိုးစုန်းကြူးများကဲ့သို့ လင်းနေကြသည်။ Sound Box များဆီမှ "ဒူ ဒူ"ဟူသောအသံများကြောင့် ပွဲမစမီပင်ရင်တွေခုန်နေခဲ့ပေပြီ။
ထိုစဥ် စင်နောက်တွင်လည်း လူတွေအပြေးအလွှားအလုပ်ရှုပ်နေကြသည်။ မီးချိန်တာ မီးထိုးတာ အသံဖွင့်တာ စသဖြင့်အားလုံးအဆင်သင့်ပြင်ထားလျက်ရှိကြသည်။ အားလုံးအချိန်ကိုက်ဖြစ်ရန် အကြိမ်ကြိမ်လေ့ကျင့်ခဲ့ပြီးလေပြီ။
"ဟနား တူး ဆဲ...ဖိုက်တင်း"
"ဖိုက်တင်း"
ညီညီတို့ကိုယ်တိုင်လည်း အဆမတန်ရင်ခုန်နေခဲ့ကြပြီ။ မနေ့ကအထိ rehearsal လုပ်တုန်းကခံစားချက်နှင့်ပင်မတူ။ Rehearsal လုပ်တုန်းက မနက်ဖြန်မှာဖျော်ဖြေရမယ့်ပုံစံအတိုင်း အောက်မှာပရိတ်သတ်တွေရှိနေသယောင် စိတ်ကူးပြီး အဖြစ်ကလေး လေ့ကျင့်ရတာသာ။ ဘယ်အချိန်ဘယ်နေရာကနေထွက်လာမှာ၊ ဘယ်နှစ်ပုဒ်ကပြီးရင်ဘာအစီအစဥ်တွေဝင်မှာ၊ ဘယ်အချိန်မှာစကားပြောမှာ၊ ဘယ်အချိန်မှာတစ်ကိုယ်တော်ထွက်ရမှာသဖြင့် အစီအစဥ်အတိုင်း အစဥ်လိုက်ဟန်လုပ်ကြည့်ရုံ။ စတူဒီယိုအခန်းထဲမှာ အခေါက်ပေါင်းများစွာလေ့ကျင့်ခဲ့ပြီးပြီမို့ စင်ပေါ်မှာလှုပ်ရုံလောက်။ ခုကတကယ့်ပရိတ်သတ်အစစ်ရှေ့မှာဖျော်ဖြေရတော့မှာ။ လက်မှတ်ပေါင်းသောင်းဂဏန်းကျော်ကို အကုန်ရောင်းကုန်သည်အထိများပြားလှသည့်လူအုပ်ကြီးကို ပထမဆုံးမြင်ရတော့မှာဆိုတော့ ရင်တွေတုန်တာထက်ကိုပိုသေးသည်။
"Five.... Four.....Three.....Two....One"
"ရှူး......ဒိုင်း"
မီးရှူးမီးပန်းများ မိုးပေါ်သို့တက်သွားပြီး မီးပွားစလေးတွေအဖြစ် ဖွားခနဲကြဲထွက်သွားသည်။
"ယေး...."
လှလိုက်တဲ့မြင်ကွင်း။ ထွက်လာပြီ ထွက်လာပြီ။ LED ဖန်သားပြင်ကြီးနှစ်ခြမ်းကွဲသွားကာ နောက်ကွယ်မှ နောက် ကျောပေးရပ်လျက်ရှိသည့် လူခြောက်ယောက်ပေါ်လာသည်။
"အိုး...."
"ဝိုး....."
တစ်ကွင်းလုံးအော်သံကြီးကကြောက်ခမန်းလိလိ။ မီးဆိုင်းများကလည်း တစ်ကွင်းလုံးနေရာအနှံ့ပြေးလွှားနေကြသည်။ Lightstick များလည်းခုနကထက်ပိုလင်းလာကြပြီး လှုပ်ယမ်းကုန်ကြလေပြီ။
"ဒူ..."
"Artist-K is in front you all....."
ပထမဆုံးထွက်လာသည့် X.Brand ၏အသံ။
"This is the first time for us. Am I right?"
X.Brand အသံသည် စူးရှပြတ်သားနေပြီး အားအပြည့်နဲ့မာန်တွေပါပါနေသည်။ ဒီလိုစကားပြော Rap ဆိုရင် အငယ်လေးကပိုင်မှပိုင်။
"Nae !!!"
တီးလုံးသံစထွက်လာလေပြီ။ သူတို့ပွဲဦးထွက်သီချင်း။ Artist-K ရယ်လို့လူတွေကိုစတင်အသိပေးခဲ့သည့်သီချင်းသံပင်။
"ယေး...."
"Hey!...Lady and Gentleman..... Get out from all of case. Let's dance freely with Artist-K"
"ယေး"
သီချင်းသည်ဆက်တိုက်သွားနေသည်။ ပရိတ်သတ်ထုကြီးကလည်းတလှုပ်လှုပ်နှင့်လိုက်က၏။ သူ့အပိုင်း ကိုယ့်အပိုင်းဆိုရင်း "Dance Dance
D a Da Dance... Freely Dance" ဆိုရာတွင် တစ်ကွင်းလုံးအကြီးအကျယ်ကကြသည်။
"ကင်ဒယ်ဟို....ချွဲချောင်ဟီး....ပက်ခ်ဆိုးချန်.....အီးအေ... အီးဂဲလ်....လီထယ်ဆော့.....
ဟန်ယောင်မင်း....နား တူး...Artist-K"
Fan Chart အော်သံကြီးကလည်း သြတောတောနဲ့တလောတလောထွက်ထွက်လာသည်။ သီချင်းတစ်ပုဒ်ပြီးသွားသည့်အစီအစဥ်အတိုင်း ဆက်ဖျော်ဖြေသည်။ သုံးပုဒ်ဆက်တိုက်ဖျော်ဖြေအပြီးတွင်တော့ စင်နောက်တစ်ခါပြန်ဝင်ရသည်။
ညီညီတို့စင်နောက်ပြန်ဝင်လာပြီဆိုသည်နှင့် Staff တွေကဝိုင်းလာသည်။ ရေဗူးယူပေးသူကယူပေး၊ ချွေးသုတ်တဲ့သူသုတ်။
"ပန်ကာ ပန်ကာ"
"ဆယ်မိနစ်အချိန်ရပါတယ်။ အဝတ်အစားလဲပြီးအသင့်ပြင်ထားပါ"
Staff တစ်ယောက်ရောက်လာပြီးပြောလျှင်ပဲ Stylist တွေက Outfit တွေချိတ်ထားသည့် ဘီးပါအဝတ်တန်းကို တွန်းကာအနားရောက်လာသည်။ သုံးပုဒ်သာဖျော်ဖြေရသေးပေမယ့် ညီညီမောနေသည်။ ဒါ့ကြောင့် CEO ကပြောတာ အစပိုင်းနဲ့အားတွေကိုအကုန်မသုံးနဲ့တဲ့။
Lip Lyrics လုပ်ဖို့ပြောပေမယ့် ညီညီတို့ကိုယ်တိုင်က ပင်ကိုယ်သံများနှင့်သာဖျော်ဖြေချင်၍ ပိုပင်ပန်းရလေသည်။ ခုတော့အတော်ကိုလည်ချောင်းတွေပြာနေပြီ။ ရတဲ့ဆယ်မိနစ်လေးစကားမပြောဘဲ အသံစုသည့်အနေဖြင့် ငြိမ်နေလိုက်သည်။ အဝတ်လဲပြီးတာနဲ့ မိတ်ကပ်ထပ်ဖို့ရသည်။
တစ်ဖန်စင်ပေါ်ပြန်တက်လာတာနဲ့ ခုနကမောတာတွေလည်းချက်ချင်းပျောက်သွားရပြန်ပါ၏။
သင်တန်းသားဘဝကနေ လူလုံးစထွက်ပြရတဲ့အချိန်၊ လူလုံးစထွက်ရတာကနေ စပွဲဦးထွက်တဲ့အချိန်၊ စပွဲဦးထွက်ချိန်ကနေ ပရိတ်သတ်နည်းနည်းလေးနဲ့စတင်ထိတွေ့ရချိန်၊ ပရိတ်သတ်တွေများသထက်များလာပြီး နာမည်အရှိန်ရလာချိန်၊ ကောလဟာလများနှင့် တိုက်ခိုက်ခံရချိန်တွေကနေ ခုလိုအဖွဲ့တစ်ဖွဲ့ရဲ့ အောင်မြင်မှုသတ်မှတ်နိုင်တဲ့အချက်တစ်ခုတည်းက Concert ကြီးထဲမှာလူအင်အားပမာဏအများကြီးကို ဖျော်ဖြေနေနိုင်တဲ့အချိန်တွေထိရောက်လာခဲ့လေပြီ။ တကယ်ကိုတစ်ဆင့်ချင်းတက်ခဲ့ရတာပါပဲ။
ကုမ္ပဏီကသေးသေးလေးမဟုတ်ပေမယ့်လည်း ညီညီတို့ကိုယ့်အားနဲ့ကိုယ်ရုန်းခဲ့ရတာကိုယ်အသိဆုံး။
ပျော်သည်။ လူအုပ်ကြီးမြင်နေရရင်ပျော်သည်။ ကိုယ့်သီချင်းကိုကိုယ်နဲ့လိုက်ဆိုနေတာမြင်ရရင်ကြားရရင်ပျော်သည်။ ကိုယ့်နာမည်ကိုအော်ခေါ်နေကြတာကို ကြိုက်သည်။
ညီညီဟာ ကမ္ဘာကျော် အိုင်ဒေါ်လ်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။
........
ဆိုရှယ်မီဒီယာတွင်ပျံနှံ့နေသည့်ဗွီဒီယိုတစ်ခု။
"A Burmese Idol performs an amazing puppet dance"
"Amazing Talent"
"Traditional Burmese dances are very cool"
စသဖြင့် Youtube, Twitter ,TikTok တို့လိုအင်တာနယ်ရှင်နယ်သုံး Application များတွင်ပါအသီးသီးလူကြည့်များလျက်ရှိသည့် ဗီဒီယိုတစ်ခု။
"မြန်မာအကကိုကျွမ်းကျင်စွာကပြသွားသည့်အပြင် မြန်မာ့ပုဆိုးကိုပါဝတ်ပြသွားခဲ့သည့် Eagle" ဟူသည့်ခေါင်းစဥ်များနှင့် တစ်နေ့ကအောင်မြင်စွာပြီးဆုံးခဲ့သည့် Artist-K Concert မှ Video များကိုဖြတ်ညှပ်ကတ်လုပ်ပြီး မြန်မာဖန်များမှ ချီးကျူးထောပနာပြုကုန်ကြလေသည်။
အကြောင်းမှာ ထိုနေ့ညက ဖန်တွေရဲ့တောင်းဆိုချက်အရ ညီညီက မြန်မာအကတစ်ခုကပြရဖို့ဖြစ်လာသည်။
အောက်ကပရိတ်သတ်နဲ့ပတ်သတ်လို့ ညီညီ့မှာတစ်ခုဂုဏ်ယူမိရသေးသည်။ လူနှစ်သောင်းနီးပါးမှာ မြန်မာကနေကိုရီးယားထိ လာကြည့်ကြသူကငါးထောင်ကျော်ရှိသည်တဲ့။ လေယာဥ်လက်မှတ်တွေအကုန်ရောင်းကုန်တဲ့အပြင်ကို တစ်ခေါက်တစ်ခေါက်လူအပြည့်နဲ့ ကျန်ခဲ့သည့်လူတွေတောင်ရှိကာ လေယာဥ်အကြောင်းရေပိုဆွဲခဲ့ရသည်တဲ့။ ကိုယ့်အတွက်ကြောင့်နဲ့ ခုလိုမဖြစ်ဖူးတာတွေဖြစ်တယ်ဆိုတော့ ပျော်ရတာပေါ့။
တကယ်ကိုအမိမြေက အသားကုန်ထောက်ပံပေးနေတော့တာပင်။ ဆိုတော့ကာ မြန်မာပရိတ်သတ်တွေပါနေသည့်အတွက် မြန်မာအကတစ်ခုကိုကပြရဖို့ဖြစ်လာတဲ့အခါ ညီညီရုပ်သေးအကကိုရွေးခြယ်ခဲ့သည်။ နဂိုကတည်းက တစ်ဦးချင်းစွမ်းရည်တွေထုတ်ပြခဲ့ရရင် မြန်မာအကတစ်ခုခုကပြဖို့တွေးထားခဲ့ပြီးသား။
ယောင်းမင်းကကြိုးဆွဲဟန်နှင့် ညီညီကရုပ်သေးအကကပြသည့် Video သည် ထိုနေ့ညကစပြီးယခုထိလူကြည့်များနေသည်။
Knowing Brothers အစီအစဥ်မှာ Lisa ရဲ့ဂဏန်းအက ကမ္ဘာကျော်သွားသလိုပဲ ညီညီ့ရဲ့ ရုပ်သေးအကသည်လည်း တစ်နေ့ထက်တစ်နေ့ပိုပိုပျံ့နှံ့နေလျက်ရှိသည်။
မြန်မာပုဆိုးဝတ်သည်ဆိုတာကလည်း ဖျော်ဖြေနေတုန်း အောက်ကပရိတ်သတ်ကနေ စင်ပေါ်ပစ်တင်ထားသည့်အထဲ ပုဆိုးတွေတွေ့တာနှင့် ကောက်စွပ်လိုက်တာ။ ညီညီဝတ်ထားတာမြင်ပြီးမှမန်ဘာတွေကပါလိုက်ဝတ်ကြ၍ ပုဆိုးလေးတွေနဲ့ လိုက်ဖက်လို့ဆိုပြီး trend တစ်ခုဖြစ်သွားသေးသည်။
နောက်ဆက်တွဲအနေနဲ့ မြန်မာပုဆိုးနှင့်လုံချည်များ ကမ္ဘာ့စျေးကွက်ထဲသို့ တင်ပို့ရမှုများပြားလာကာ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဝယ်ယူအားပေးမှုထိုးတက်နေသည်တဲ့လေ။
ထိုကဲ့သို့ ကိုယ့်အပြုအမူလေးကြောင့် အကျိုးများသွားရတယ်ဆိုတော့ ကိုယ့်မှာဝမ်းသာမဆုံး။
ညီညီ့ကိုလည်း ပြည်တွင်းကချစ်ပြီးရင်းချစ်လာကြသည်။ ညီညီကတော့ ငါစွမ်းဆောင်နိုင်လေခြင်း၊ ငါ့ Impact ကြီးမားလေခြင်းဆိုပြီးဂုဏ်မောက်တာမျိုးမဖြစ်မိပေါင်။
မြန်မာကပရိတ်သတ်တွေက ညီညီ့ကိုခေါ်ကုန်ကြလေပြီ။
"Nation Treasure"လေးတဲ့။
"ကို့ရတနာလေး မောနင်း"
ညီညီတော်တော်လန့်သွားတာ။ ထမင်းစားဝိုင်းမှာ အစ်ကိုကပိတ်ခေါ်လိုက်တာလေ။ တော်သေးတယ် ဇေလည်းဆင်းမလာသေးတဲ့အပြင် ဘယ်သူမှရှိမနေလို့။ သက်နှင်းကတော့ Concert နေ့ညကဆို အိမ်ပြန်ရောက်တော့အသံတောင်မထွက်နိုင်တော့ရှာ။ ဆက်နေချင်သေးပေမယ့် မနေ့ကပဲ ပြန်သွားရလေသည်။ အစ်ကိုသာဒီမှာဆက်ကျန်ခဲ့တာ။
"ကို့ ... ဘယ်လိုဖြစ်နေတာလဲ"
"ဘယ်လိုဖြစ်လို့လဲ။ ဒီနေ့ ကို့ယ်ကိုအချိန်ပေး။ ကိုယ်နဲ့လျှောက်လည်"
"မဟုတ်တောင်ညီကတွေးပြီးသားပါ။ သွား ဟိုဘက်တိုး ....ဖယ်...ဖယ်.... တစ်မျိုးထင်ကုန်မယ်"
ညီညီကသာနောက်ကျောမလုံနေတာ အစ်ကိုကပြုံးစိစိနဲ့။
"ကို့ရတနာလေးက ဘယ်လိုနေနေချစ်ဖို့ကောင်းနေတော့တာပဲ"
"ဟာ....သွားလို့"
မေမေနဲ့ အဘွားတို့ဆင်းလာမှ သက်ထင်ပြုံးစိစိနဲ့ဖယ်ပေးလိုက်သည်။ တကယ်အကြောက်ကြီးတာ။ သိပ်စလို့ကောင်း။
ဒီနေ့မှလူတွေစုံနေ၏။ ဇေရယ် မေမေရယ် အဘနဲ့အဘွားရယ် ညီညီရယ်အစ်ကိုရယ်။ ညီညီလည်း Concert ပြီးပြီးချင်းမို့ ရက်ပိုင်းလောက်အချိန်ဇယားတွေနားထားရသည်။
"သားသတင်းကတော့ တကယ့်ကိုဟိုးလေးတကျော်ကျော်ပါလား။ နေရာတိုင်းမှာ Eagle ဆိုတဲ့နာမည်ကိုပဲ ကြားနေရတယ်"
"ဟဲဟဲ"
"နားရက်မှာအပြည့်အဝနား။ Artist-K က အခုအရှိန်အတော်ရပြီမို့လို့ ဆက်မြန်ဖို့ပဲရှိတော့တယ်။ ရှေ့လျှောက်နားရမှာတောင်မဟုတ်တော့ဘူး။ သြော် သက်ထင်ကရော ဘယ်တော့လောက်ပြန်မှာလဲ။ နေဦးမှာမလား"
"ဟုတ် ဒေါ်ဒေါ် သားနေဦးမှာပါ။ ဒီနေ့တစ်နေ့တော့ ညီ့ညီကိုငှားပါရစေ"
"အို.... ခွင့်တောင်းစရာမလိုပါဘူးကွယ်။ နားဆိုတာလည်း အိမ်တွင်းပုန်းခိုင်းတာမဟုတ်ပါဘူး။ လျှောက်လည်တော့အပန်းပြေတာပေါ့ အဟင်းဟင်း"
အစ်ကိုကခွင့်ပြုချက်ရလာတော့ ညီညီ့ကိုကြည့်ပြီးမျက်စပစ်ပြသည်။ ကိုယ့်အချိန်တွေသူပိုင်ပြီဆိုသည့်ပုံနှင့်။
"ဇေရောဘာလုပ်စရာရှိလဲ"
"ကုမ္ပဏီကိုခဏသွားရဦးမှာပါ ဒေါ်ဒေါ်"
"ဒါဆို သက်ထင်နဲ့ ညီညီတို့နှစ်ယောက်တည်းပဲ လည်လိုက်ကြတော့ပေါ့။ ဇေ လည်း တစ်ရက်တလေနားလို့ရပါတယ်။ ဒီနေ့နားလိုက်ပါလား"
"မနားတော့ပါဘူး ဒေါ်ဒေါ်"
ဇေကခပ်ပြုံးပြုံးသာ။ ညီညီဖြင့်အားမရပြီး စိတ်ပျက်လိုက်တာ။ သူ့ကို ဘယ်သူကအလုပ်ခိုတယ်လို့ပြောမှာစိုးလို့လဲ။ အရမ်းတွေတာဝန်ကျေပွန်နေချင်တာ။
"သက်ထင်ရော ခုတလောဘာတွေလုပ်နေလဲ။ သီချင်းသစ်မထွက်တာကြာပြီဆို"
ဒေါ်ဒေါ့်မေးခွန်းသည် ဘာသဘောမှမပါပေမယ့် သက်ထင်အတွက်တော့စိတ်ထိခိုက်စရာပင်။ ဒေါ်ဒေါ်နဲ့မျက်နှာချင်းဆိုင်လိုက်ရင် အဓိကနဲ့သာမညမခွဲခြားတတ်ခဲ့ဘဲ အချစ်ကိုဘဝထင်ပြီးမိုက်ရူးရဲဆန် ဒေါ်ဒေါ်ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့မိတာကို ပြန်ပြန်သတိရလာသည်။ နောင်တကပါ ကပ်လျက်ပေါ့။
"အာရုံတွေစုစည်းလို့မရလို့ပါ ဒေါ်ဒေါ်"
"အင်း အဲ့တာကလည်းခက်သား။ အာရုံစုစည်းလို့မရရင် သီချင်းမဆိုနိုင်ဘူး။ မဆိုပါများလာတော့လည်း အာရုံကစုလို့မရပြန်ဘူး။ လုံးချာလည်ရိုက်နေတဲ့ဘဝထဲကနေ ရအောင်ရုန်းထွက်ကြည့်ပေါ့။ အန်တီ့မှာ နှစ်နိုင်ငံပရောဂျက်တွေအများကြီးလုပ်ဖို့ရှိတယ်။ အဲ့အခါကျရင် ဘက်မလိုက်ဘဲတသားတည်း တကယ်တော်တဲ့သူကိုပဲ အန်တီကရွေးမှာ။ သက်ထင်အတွက် မိုတီရအောင်နဲ့ ပြင်ဆင်ဖို့အချိန်ရအောင်ပြောပြတာပါ"
"ဟုတ် ထပ်ပြီးပြင်ဆင်ဖို့အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးပါ ဒေါ်ဒေါ်။ ကျွန်တော်နှစ်ခါတော့လက်လွှတ်မခံတော့ပါဘူး"
...........
လူနေနည်းပါးသည့် ရှူခင်းတွေဘက်သို့ ညီညီတို့ရောက်နေသည်။ လူသူထူထပ်တဲ့နေရာဆို မလွတ်လပ်၍ပင်။ ဘယ်နေရာမှာ ပါပါရာဇီတွေ Anti fan တွေ ရှိမနေမလဲ စိုးရိမ်ရသည့်အပြင် ကိုယ့်ကိုမှတ်မိနေကြမယ့်သူတွေအများကြီးမို့ ချစ်သူနှစ်ဦးဒိတ်တာ အေးဆေးဒိတ်ချင်မိသည့်အတွက် ခုလိုလူသွားလူလာနည်းသည့်ရှုခင်းနေရာများဆီကိုပင်ထွက်လာခဲ့မိကြသည်။
တောင်ကိုရီးယားလေကတဖြတ်ဖြတ်။ ကတ္တရာလမ်းမကြီးကဖြူးနေပြီး ထင်ရှူးပင်တွေကလည်း လမ်းတစ်ဖက်တစ်ချက်စီမှာ အစီအရီနဲ့ပေါက်နေကြသည်။
"ညီ"
"ဗျာ"
"မင်းနဲ့ကိုယ် ဘာလို့စောစောမတွေ့ခဲ့ကြတာလဲ"
ကိုကဘာကိုတွေးပြီးပြောမှန်းမသိပြောသည်။
ညီညီလည်းစကားကိုဆုံးအောင်နားထောင်နေသည်မို့ ငြိမ်ငြိမ်လေးထိုင်လျက်။
"ညီနဲ့ကိုယ်စောသာတွေ့ခဲ့ကြရင် ပိုကောင်းမယ်လို့တွေးမိတယ်"
"ဘာလို့လဲဟင်"
"စောစောချစ်မိမယ်။ စောစောတွဲမိကြမယ်။ ခုလောက်ဆို အချိန်တွေ အများကြီးချစ်ခဲ့ပြီးတဲ့သူတွေဖြစ်နေကြမှာ။ ခုမှစတွဲရတော့ အချိန်တွေပုတ်သွားသလိုပဲ။ စုံညီအတွက်ကိုယ်တို့လေ့ကျင့်ကြတုန်းကလေ ကိုယ်ပျော်နေခဲ့တာသိလား"
အစ်ကိုကညီညီ့ကိုကြည့်နေရင်းပြောနေတာ။
အစ်ကို့မျက်လုံးရွဲရွဲကြီးများနှင့် ညီညီ့နှလုံးသားအထိ ထိုးဖောက်နေသယောင်။ ညီညီမြင်နေရတဲ့ အစ်ကို့မျက်နှာလေးက မြင်နေရတာကိုကြည့်မဝချင်ပေ။ ညီညီကြာလေကြာလေ လောဘတက်လာမိလေဖြစ်နေပြီ။
"ညီနဲ့သီချင်းဆိုနေရတာကိုပျော်တယ်။ ညီရေးပေးတဲ့သီချင်းကလည်း ကိုယ်အကြိုက်ဆုံးသီချင်းဖြစ်ခဲ့တယ်။ ညီနဲ့ဆိုရင် ကိုယ် သီချင်းလုပ်ချင်စိတ်တွေဖြစ်ဖြစ်လာတယ်။ ကိုယ့်ရှေ့ရေးအတွက်ရော ကိုယ့်နှလုံးသားအတွက်ရော ညီ့ကိုလိုအပ်နေတယ်လေ။ ဒါ့ကြောင့်ကိုယ်တို့စောစောတွေ့ခဲ့ကြရင်ကောင်းမှာလို့"
ညီညီက အစ်ကို့လက်ကလေးကိုပြန်အုပ်မိုးကိုင်ထားလိုက်သည်။ ကိုကပြီးခဲ့သည့်အချိန်များကိုနှမြောနေခြင်းဖြစ်သည်။ ကိုယ်မဟုတ်တဲ့တခြားသူတစ်ယောက်နှင့် လက်တွဲခဲ့ခြင်းကို အချိန်ပုတ်သည်ဟုတွေးတောနေသည်။
"ကိုကလည်း စောတာနောက်ကျတာကိုမတွေးနဲ့လေ။ အခုတစ်ယောက်ကိုတစ်ယောက်ချစ်နေကြပြီပဲ။ အဲ့တာအရေးအကြီးဆုံးမလား"
"ဟုတ်ပါတယ်"
"ညီ့အတွက်တော့ ဘယ်လောက်တွဲခဲ့ကြပြီးပြီဆိုတဲ့ အချိန်ကာလကအရေးမကြီးဘူး။ ညီတို့မခွဲခွာခင် ခွဲခွာရဖို့ဖြစ်မလာခင် အချိန်အတွင်းမှာ ဘယ်လောက်ချစ်ပေးလိုက်နိုင်လဲဆိုတာပဲ ညီကတွေးတယ်"
"ဟမ်း.... ကိုယ်တို့ကဘာလို့ခွဲရမှာလဲ။ မခွဲဘူးနော် တစ်သက်လုံး ကိုယ်နဲ့ပဲလက်တွဲသွားရမှာ။ အဲ့လိုစကားတွေကိုယ့်ကိုထပ်မပြောနဲ့"
သက်ထင်တကယ်စိတ်ဆိုးသွားသည်။ ဒီနေရာမှာ ဘယ်ကခွဲဖို့ကိစ္စက ပါလာတာလဲ။ သက်ထင်ကတော့ ချစ်တာပဲသိသည်။ တစ်သက်လုံးမခွဲရဘူးလို့ကိုမှတ်ထားတာ။ ဘာအကြောင်းကြောင့်ပဲရှိရှိ လမ်းခွဲမပေးဘူး။ ညီနဲ့ဝေးမနေနိုင်တော့ဘူး။
"မဟုတ်ဘူးလေ...... ညီတို့ကထာဝရကြီးအတူနေသွားရမှာမှမဟုတ်တာ။ ညီတို့ကမသေမျိုးတွေမို့လို့လား"
"ညီ ..... ကျစ်.... ပြောနေတာကို။ သေကွဲရှင်ကွဲစကားတွေထပ်မပြောနဲ့။ ကိုယ်တကယ်စိတ်ဆိုးမှာ"
အစ်ကိုတကယ်စိတ်တိုနေတာ။ မျက်နှာကိုတင်းနေတာပဲ။ အံကြိတ်ထား၍နားထင်မှာသွေးကြောစိမ်းတွေကထောင်တောင်ထွက်နေသည်။
ညီညီ အစ်ကိုစိတ်တိုတာကိုတစ်ခါမှမမြင်ဖူးခဲ့။ ခုလိုမြင်လိုက်ရတဲ့အခါကျ ရင်ထဲမှာပူခနဲပဲ။ ကိုယ့်စကားတစ်ခွန်းက အဲ့လိုသက်ရောက်သွားတာလား။ ဒီလောကမှာဘယ်အရာမှ ထာဝရတည်မြဲနေတာမရှိဘူးလေ။
ညီညီတရားပေါက်နေတာမဟုတ်ပေမယ့် လက်ခံသင့်တာတော့လက်ခံရမယ်မလား။ သိပ်ချစ်တဲ့ချစ်သူတွေလည်း နီးစပ်ဖို့ကံမပါရင်ကွဲတာပဲ။ ချစ်သူဘဝကိုကျော်လွန်လာပြီး နှစ်ဦးတစ်အိမ်ထူထောင်ကြတဲ့ အိမ်ထောင်သည်ဘဝရောက်မှ ကံကုန်ရင်လည်းကွဲကြတာပဲ။ ဘေးပယောဂကြောင့်၊ အချစ်ကုန်သွားတာကြောင့်၊ ငြီးငွေ့လာတာကြောင့်၊ တစ်ဦးကထာဝရအနားယူသွားတာကြောင့် စသဖြင့် အကြောင်းပြချက်မျိုးစုံအောက်ကနေ လမ်းခွဲနေကြရတာမှာ အချစ်စစ်တစ်ခုတည်းနဲ့ မခွဲရပါဘူးလို့အတပ်မပြောနိုင်ဘူးလေ။
ခွဲရမယ်လို့ပြောလိုက်တာ ဟိုးတစ်ဆုံးထိတွေးမိပြီးပြောလိုက်တဲ့စကားရယ်ပါ။ ကံဆိုတာကြိုမမြင်ရတဲ့အရာမို့လို့ လမ်းခွဲဖို့ကံပါလာလားလည်းမသိ။ မပါတော့လည်းသက်ဆုံးတိုင်လက်တွဲရုံပေါ့။ ပါတော့လည်း ရတဲ့အချိန်လေးမှာချစ်ပေးပြီးတဲ့အတွက် ကံပါသလောက်နဲ့ကျေနပ်ရမှာပေါ့။ အဲ့လိုသဘောနဲ့ပြောတာ။ အစ်ကိုကစိတ်ကြီးလိုက်တာ။
ကိုယ့်အမှားဆိုတော့လည်း ကိုယ်ကပဲပြန်ချော့ရုံပေါ့။
"မပြောတော့ဘူး မပြောတော့ဘူး ဟုတ်ပြီလား"
အစ်ကိုကရှေ့တည့်တည့်သို့သာကြည့်နေဆဲ။
"မပြောတော့ဘူးလို့။ ဟုတ်တယ် ညီ မှားတယ်ကွာ။ ညီတောင်းပန်တယ်။ ထပ်မပြောတော့ဘူးလို့"
"ဘာလဲ အဲ့လိုပြောတာနဲ့ ကိုယ်ကစိတ်ပြေပြီထင်နေတာလား"
"ဘယ်လိုမှစိတ်ပြေမှာလဲ ပြော"
"ခုတစ်နေ့လုံး ကိုယ့်ကိုအချိန်ပေး"
ညီညီ့ရင်ထဲလှုပ်ရှားသွားသည်။ အစ်ကို့စကားကတွေးကြည့်ရင်တွေးကြည့်သလောက် ခရီးပေါက်သည်လေ။ အစ်ကိုကလည်းအတည်ပေါက်ကြီးနဲ့ စိန်ခေါ်နေတဲ့မျက်နှာပေးနဲ့။
အဟင်း ညီညီ့ကိုလာစမ်းနေတာ။ ညီညီကသူ့ထက်တောငိ သူနဲ့အတူရှိနေချင်သူပါ။
"ပေးတယ် စိတ်ဆိုးသာပြေပေး"
"ဟိတ် ကတိတစ်ခုကိုလွယ်လွယ်မပေးရဘူးနော်"
"ပေးပါတယ်ဆို"
"ညရောလား"
"ဟာ....ဟုတ်ပါတယ်ဆို"
ညီညီ့မှာရှက်လွန်းလို့ခေါင်းကိုသာငုံ့ထားမိသည်အထိ။
"ဟားဟား..... ကိုယ်က အစကတည်းကစိတ်မဆိုးပါဘူးဗျာ။ စိတ်မဆိုးနိုင်ပါဘူး ဒါပေမယ့် စိတ်မကောင်းတော့ဖြစ်သွားတာပေါ့။ ဒါပေမယ့် ကတိကိုတော့ဖျက်လို့မရတော့ဘူး။ ဘယ်ကတည်းက ညဘက်အတူရှိချင်နေတာလဲ"
"ဟာ..."
ညီညီ အစ်ကို့ဆီမှာလူလည်ကျတာခံလိုက်ရတာမို့ ရှက်ပြုံးပြုံးလေးပြုံးမိပြီး မျက်နှာပင်လွှဲလိုက်ရသည်။ ပြီးတော့ကို့ကိုတစ်ခွန်းကျိန်ဆဲလိုက်သည်။
"လူလည်ပန်ကာလမွတ်ကြီး"
........
Itaewan (အီထေးဝန်) လို တကယ့်နာမည်ကြီးနေရာသို့ အစ်ကို့ကိုခေါ်သွားသည်။ ကမ္ဘာလှည့်ခရီးသွားတွေများလိုက်တာမှ။ လူတွေဆိုတာလည်းသိပ်သည်းကြပ်ညပ်နေတာ။ စျေးတွေကလည်းခေါင်ခိုက်။ အီထဝန်လိုနေရာမျိုးမှာဆိုင်ခန်းသေးသေးလေးပိုင်ရင်ကို ဒီလူကသူဌေးပဲ။
ညီညီတောင်စဥ်းစားနေတာ။ Itaewan မှာဆိုင်တစ်ဆိုင်ဖွင့်ရင်ကောင်းမလားလို့။
ဒရမ်မာတွေထဲက မြင်ကွင်းမျိုးကြည့်ချင်တယ်ဆိုလို့ နမ့်ဆန်တာဝါပေါ်ရော ဟန်မြစ်ဘေးကိုရော လိုက်ပို့ခဲ့သေးသည်။ လူလာနည်းသည့် Bar တစ်ခုမှာထိုင်ပြီး အစ်ကိုနဲ့ညီညီသောက်ကြသည်။ လူနည်းသည်ဆိုဦးတော့ ဦးထုပ်အနက်ကိုခေါင်းငိုက်စိုက်ဆောင်းထားရသည်။ အစ်ကို့ကိုတော့ ဘယ်သူမှမသိကြ၍ ကိစ္စမရှိ။
တစ်နေကုန်အိမ်တစ်ခေါက်မှပြန်မကပ်မိကြဘဲ ဆက်တိုက်လည်လာတာ ညပင်အတော်နက်လာခဲ့သည်။ ဇေဆိုဖုန်းဆက်တာဘယ်နှစ်ခါမှန်းမသိ။ ခုအနေအထားနဲ့ဆိုရင်တော့ ကားမောင်းလို့မရတော့ပါ။ အစ်ကိုကလည်းလမ်းကြောသိမှမဟုတ်။ ညီညီကလည်း အရက်သောက်ထားမိသည်မို့ တစ်နည်းသာရှိတော့သည်။ ဇေ့ကိုလာကြိုခိုင်းရုံ။
"ကို .... ညီ ဇေ့ကိုဖုန်းဆက်လိုက်ဦးမယ်"
မူးတစ်ဝက်မမူးတစ်ဝက်နဲ့ ရီဝေဝေဖြစ်နေသည့်အစ်ကိုက အကြည့်စိမ်းစိမ်းတစ်ခုနဲ့ကြည့်လာသည်။
"မဆက်ပါနဲ့။ ဘာလို့ဆက်မှာလဲ။ ညီပဲတစ်ညလုံးကိုယ်နဲ့အတူနေပေးမယ်ဆို"
"ဟုတ်တယ်လေ ဒါ့မယ့် ခုကညီတို့မူးနေကြပြီလေ။ အိမ်ပြန်ရမှာပေါ့"
"မပြန်ချင်ဘူး။ ပြန်ရင်အခန်းခြားရတော့မှာ။ ကိုယ်ကညီနဲ့တစ်ညလုံး နေချင်သေးတာ။ အိပ်ရင်တောင်အတူအိပ်ချင်တာ။ ကိုယ်ချစ်သူလေးမျက်နှာကိုကြည့်ပြီးအတူတူအိပ်ချင်တာ။ ကိုယ့်ကောင်လေးက တခြားသူနဲ့ အတူအိပ်တာကိုမကြိုက်ဘူး"
အစ်ကို့စကားများကြောင့် ညီညီပင်အာခေါင်တွေခြောက်လာခဲ့သည်။ မူးနေလို့ပြောရဲနေရအောင်လည်း အစ်ကို့ပုံကအမူးလွန်နေတဲ့ပုံမပေါက်။ နောက်ဆုံးစကားကိုလက်ခံပေမယ့် ညီညီနဲ့အိပ်ချင်တယ်ဆိုတာကြီးက အစိမ်းလိုက်ကြီးနားထဲအတောင့်လိုက်ဝင်သွားသည်။
"ညီရော ကိုယ်နဲ့အတူမနေချင်ဘူးလား"
ရော် ခက်ပြီ။ ဘယ်လိုဖြေရပါ့မလဲ။ အစ်ကိုတောင်းဆိူချက်က ဘယ်အထိပါနေမှန်း ညီညီသိသည်။ Living Together ဆိုတာ ခုခေတ်မှာထူးဆန်းမနေတော့ပေမယ့် ညီညီ့အတွက်ကအစိမ်းသက်ခံစားချက် အတွေ့အကြုံပါ။
ညီညီတော့ဒီညအတွင်း ဘာဖြစ်လာမလဲဆိုတာ ကြိုမသိတော့။ အိမ်ကိုပြန်ချင်သလို ကိုပြောသလို ကိုနဲ့အတူရှိနေသေးချင်ပြန်မိသည်။
ဘာလုပ်ရမလဲ။ အရွယ်ရောက်ပြီးသား
ယောကျ်ားလေးနှစ်ယောက်အတွက် တစ်နည်းအားဖြင့် ချစ်သူတော်သည့် ယောက်ျားလေးနှစ်ယောက်အတွက် ရမ္မက်ပါသည့်ခံစားချက်အသစ်တွေနဲ့ ဖြတ်သန်းရမှာသေချာသည့် ညတစ်ညကို အမှားတစ်ခုဟုဆိုနိုင်ပါသလား။ တစ်ချိန်မှာဖြတ်တောက်ခံရချိန် အမည်းစက်တစ်ခုဖြစ်သွားနိုင်မလား။ သည်ကိစ္စအမှုကိုပြုလိုက်လို့ အချစ်ထက်ပိုစွဲလမ်းသွားပြီး ခံစားချက်တွေ လမ်းချော်ကုန်နိုင်ပါသလား။
ချစ်ရသူအလိုလိုက်၍ ပေးဆပ်ချင်မိသော်လည်း တစ်ဖက်ကဘာမှန်းမသိတဲ့ခံစားချက်တစ်ခုက မလုပ်နဲ့ဟုသတိပေးနေပြန်သည်။
"ညီ .... ကိုယ်မေးနေတာဖြေလေ။ ကိုယ်မူးနေတယ်လို့ထင်တာလား။ မမူးဘူးနော်။ ကိုယ်ကတော့မင်းကို လက်ထပ်မယ့်အထိ ရည်ရွယ်ထားတယ်။ လက်ထပ်ရဖို့ အသက်တွေကြီးသွားမှဆိုလည်းရတယ်။ ကိုယ်စောင့်မယ်။ ဒါပေမယ့် ညီ့ကိုတရားဝင်မပိုင်ဆိုင်ရသေးခင်တော့ ကိုယ်နဲ့အတူနေပေးပါနော်"
ညီညီတုံဏှိဘာဝေလုပ်နေမိရင်းကနေ ဆုံးဖြတ်ချင်တစ်ခုက ခိုင်ခိုင်မာမာတိုးထွက်လာသည်။ ကို့စကားတွေအောက်မှာအရည်ပျော်ခဲ့ပြီး အရွယ်ရောက်ယောက်ျားလေးတစ်ယောက်၏ တောင့်တမိသောခံစားချက်အသစ်ကို ထိတွေ့ဖို့ဖြစ်လာကာ ချစ်ရသူ၏တောင်းဆိုမှူမှန်သမျှ လိုက်လျောနေချင်မိသည့်စိတ်ကြောင့် ညီညီခေါင်းညိမ့်လိုက်မိခဲ့ပါသည်။
မြို့ထဲကမိုးမျှော်တိုက်တစ်ခုမှာ ညီညီတိုက်ခန်းဝယ်ထားတာရှိသည်။ ညီညီတို့တစ်ညတာကို ထိုမှာကုန်ဆုံးရန်ဆုံးဖြတ်လိုက်သည်။
ဇေ့ကို "သိပ်မူးနေလို့ကွန်ဒိုမှာပဲအိပ်လိုက်တော့မယ်။ ပြန်မလာတော့ဘူး မျှော်မနေတော့နဲ့"ဟု ဖုန်းဆက်ပြောပြီးနောက် ရင်ထဲပူပြီးကျန်ခဲ့သည်။
ညီညီတော့ ဒီညအတွက် ရင်ခုန်တာထက်ပိုနေခဲ့လေပြီ။
......
ကားကိုဒီတိုင်းထားခဲ့ပြီး တက္ကစီနှင့်ပင်လာခဲ့တော့သည်။ လမ်းတလျှောက်လုံး အစ်ကိုကညီညီ့ကိုမှီအိပ်လာသည်။ မူးနေလို့မဟုတ်ဘဲ ကလေးချွဲချွဲနေတဲ့ပုံ။
ကွန်ဒိုခန်းထိတော့ သူ့ဘာသာလမ်းလျှောက်သည်။ ဒီလိုကျတော့လည်း ခြေလှမ်းကိုမှန်နေတာပဲ။ တိုက်ခန်းနဲ့နီးလာလေလေ ရင်ဆိုင်ရတော့မည့်အခြေအနေအသစ်အတွက်ရင်ခုန်လေ။
"ချပ်"
ညီညီကပင်စ၍ တံခါးဖွင့်ပေးလိုက်သည်။ အစ်ကိုကအခန်းထဲတန်းမဝင်သေးပဲ ညီညီ့ကိုကြည့်နေသေး၍ အကြည့်လွှဲလိုက်ရသေးသည်။ ဆက်ကြည့်နေမိရင် ခံနိုင်ရည်ရှိတော့မှာမဟုတ်။
"ဝင်လေ"
"ကိုယ်ဝင်လိုက်ရင် ကိုယ့်စိတ်တွေမထိန်းနိုင်တော့မှာစိုးလို့။ ညီ့ကိုဒဏ်ရာဖြစ်သွားစေမှာစိုးလို့"
"ဒီထိတောင်ရောက်လာပြီးပြီကို"
ညီညီတိုးတိုးလေးရေရွတ်လိုက်တာပေမယ့် အစ်ကိုမျက်လုံးတွေအရောင်လက်လာသည်။
အကြည့်များပိုစူးရဲလာပြီး ရုတ်တရက်ပင် ညီညီ့အနားရောက်ချလာသည်။ ညီညီ့မျက်နှာလေးကို လက်နှစ်ဖက်နှင့်ပင့်ယူပြီးနဖူးချင်းထိကပ်လိုက်သည်။ နှာဖျားထိပ်နှစ်ခုဟာထိကပ်နေကြပြီး နှစ်ဦးစလုံး၏ ရင်ခုန်သံများသည် ကျွမ်းထိုးမှောက်ခုံဖြစ်ကြလျက်။
ဟူး ဟဲ နှင့် အသက်ရှူသံများ မြန်ဆန်နေကြပြီး အနမ်းတစ်ခုစတင်ရန်ပင် တုံ့ဆိုင်းနေကြပြန်သည်။ စမိပြီဆိုတာနဲ့ အတောမသတ်တော့ဘဲ ရပ်ဆိုင်းရန်ခက်ခဲသွားမှာကိုနှစ်ဦးစလုံးကောင်းကောင်းသိကြသည့်အတွက် နောက်ဆုံးတစ်ကြိမ် သေချာ၏မသေချာ၏ စောင့်နေကြခြင်း။
"ညီ..... ကိုယ်ဆက်သွားရမှာလား"
"သွား"
ရေကာတာပြိုသွားသည့် ဆည်ရေများလို၊ မြင်းဇောင်းမှလွှတ်လိုက်သည့် မြင်းများလို၊ မုန်တိုင်းရက်မှာရွာသည့်မိုးများလို အတားအဆီးမရှိ အနမ်းမိုးများကြဲချမိတော့သည်။ ရမ္မက်ဆိပ်များတက်ကာ တရှိုက်မက်မက် ဆင့်၍ဆင့်၍စုပ်ယူနမ်းရှိုက်နေကြသည်ကနေ သူတို့နှစ်ဦးစလုံး၏ပထမဆုံးအကြိမ်များကို ဖြတ်ကျော်ကြရတော့မည်။
မည်သူမှရှိမနေသည့်အခန်းထဲမှာ နှစ်ယောက်တည်းရှိနေသည်ဆိုသည့်အသိက စိတ်အဟုန်တို့ပိုမိုနိုးကြွလာစေရန် လှုံ့ဆော်နေသကဲ့သို့။ အခန်းအဝင်မှ ဧည့်ခန်းသို့၊ ဧည့်ခန်းမှအိပ်ခန်းသို့၊ အိပ်ခန်းမှအိပ်ရာပေါ်သို့ရောက်သည်အထိ အကြင်နာအနမ်းများထိစပ်ရာ နှုတ်ခမ်းလွှာနှစ်ခု ဂဟေစပ်မပြတ်ကြဘဲ သာယာမိန်းမောစွာထိတွေ့နေကြလျက်။ အရက်အရည်တို့ဖြတ်ဝင်စီးဆင်းထားသည့် အာခံတွင်းများမို့ ချဥ်စူးစူးအနံ့လည်းတစ်ခါတစ်ခါရမိသော်လည်း ထိုအနံကပင် ဆွဲဆောင်မှုပင်ပိုရှိလာသလို။
မိနစ်အတော်ကြာနမ်းရှိုက်ပြီးစဥ်မှာ နှုတ်ခမ်းလွှာနှစ်ခု ပထမဆုံးအကြိမ် ကွဲဟသွားကြသည်။
တစ်ဦးကိုတစ်ဦးအကြင်နာတွေယိုဖိတ်နေသည့် အချစ်မျက်လုံးတွေနဲ့စိုက်ကြည့်မိကြရင်း နောက်တစ်တင့်တက်ဖို့ဖြစ်လာသည်။
"ညီ....သေ .... သေချာပြီနော်"
"အားလုံးကို ကို့ကို ပုံအပ်ထားပါတယ်"
ထို့နောက် တစ်စတစ်စလွင့်စင်ထွက်သွားသည့် အဝတ်များနှင့်အတူ ဝတ်စကလစ်ဖြစ်သွားကြ
သည့် အပေါ်အောင်ထပ်လျက်သားကိုယ်ထည်နှစ်ခု။
မီးရောင်စုံများနဲ့လှချင်တိုင်းလှသည့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏တစ်နေရာတစ်ဒေသတစ်ခုခုမှာလည်း ချစ်သူနှစ်ဦးတို့သည် သူတို့ဆက်ဆံရေးတစ်ခုအတွက် အလှဆင်ခြယ်သနေခဲ့ကြသည်။
သူတို့အသွေးအသားများ နှောခဲ့ကြပြီ။ သူတို့စည်းတစ်ခုကို ကျော်လွန်ခဲ့ကြပြီ။ ရင်ခုန်သံအချစ်နှင့်ထပ်တူပြုသည့် ရမ္မက်မီးတောက်တို့၏ ပူနွေးနွေးအထိအတွေ့ခံစားချက်တို့ကို တစ်ကြိမ်ထက်ပို၍ မပြည့်ဝနိုင်စွာ မလုံလောက်နိုင်စွာ ပြုမူခဲ့ကြသည်။
တစ်နည်းအားဖြင့် အရောင်ပါသည့်ဆိုးဆေးတစ်ခုစွန်းထင်းခဲ့ပြီမို့ အဖြူထည်ညီအစ်ကိုသံယောဇဥ်က အလိုလိုပြတ်တောက်သွားခဲ့လေပြီ။
ပြီးဆုံးချိန်တွင် ငြိမ်သက်သွားကြသည့် စောင်ပုံထည်အောက်ကကျောပြောင်ကိုယ်ထည်နှစ်ခု၏ တစ်ဦးကိုယ်တစ်ဦး ကိုယ်ပိုင်ရတနာအထုပ်တစ်ထုပ်ကဲ့သို့ ကျစ်ကျစ်ပါအောင် ရင်ဝယ်ပိုက်ကြရင်း အချစ်တွေပိုတိုးလာခဲ့ကြလေသည်။
ထိုနေ့ညက နှလုံးသားနယ်ကနေဖြတ်လာပြီး စိတ်ရင်းဆိုသည့်ဂိတ်မှာထောက်ခံချက်ရလာသည့် စစ်မှန်သောစကားတစ်ခွန်းစီပြောခဲ့ကြသည်။
"ညီ .....ကိုယ်မင်းကို သိပ်ချစ်တယ်"
"ညီလည်း အစ်ကို့ကိုသိပ်ချစ်တယ်"
...........
#Yoe
June 2 2022 9:47 PM