"Minho!!!!"
လည်ချောင်းတင်မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းထဲမှ အရင်းတည်သော ကျယ်လောင်စွာအော်သံတစ်ခု။
Boom...
နောက်ထပ်အသံတစ်ခုနှင့်အတူ ခန္ဓာတစ်ခုသည် ကားတစ်စီးနှင့် ဆုံစည်းသွားခဲ့သည်။ အရှိန်ကြောင့် လွင့်စင်သွားတဲ့ ခန္ဓာကိုယ်။ အတွင်းအင်္ဂါတွေ ပျက်စီးသွားခြင်းကြောင့် ထွက်လာတဲ့သွေးတွေ။
"မဟုတ်ဘူး...မဟုတ်ဘူး...."
Jisung ရဲ့ ခြေထောက်တွေ ဆက်မရပ်နိုင်စွမ်းတော့ပါ။
ထို့နောက် ဒူးထောက်လျက်သား ခွေကျသွားသည်။
ထပ်ပြီးတော့...မရေတွက်နိုင်တဲ့ အကြိမ်မြောက်
သူ Minho ကို ဆုံးရှုံးရပြန်ပြီ။
မွန်းကြပ်ဆို့နင့်ခြင်းတွေနှင့်အတူ ကျယ်လောင်စွာ အော်ငိုရင်း တစ်ဖက်ကမ္ဘာတွင် bathtub ထဲမှ ခန္ဓာကိုယ်ငယ်သည် ပြန်ထလာခဲ့သည်။
ရေတွေနှင့်အတူ ရောထွေးနေတဲ့ မျက်ရည်တွေ။ အချိန်အတန်ကြာအောင် ရေအောက်မှာ ရှိနေခြင်းကြောင့် အောင့်ထားရတဲ့အသက်ကိုပင် ဝအောင်လုမရှူနိုင်။ အနွေးဓာတ်မဲ့ တုန်ရီနေတဲ့ သူ့ကိုယ်သူ သေးကျုံ့ရင်း ပြန်ဖက်ထားမိသည်။
ထောင်ထားတဲ့ဒူးကို လှမ်းဖက်လိုက်ချိန် မြင်တွေ့လိုက်ရတဲ့ လက်ကောက်ဝတ်မှာ ပြတ်ရှရာတစ်ခု ထပ်တိုးနေပြန်ပါသည်။
ဒါ သူ အတိတ်ကိုပြင်ဆင်ဖို့ကြိုးစားတာ ၂၉ ကြိမ်မြောက်။
တစ်ချိန်တည်းမှာပဲ ရှုံးနိမ့်တာလည်း ၂၉ ကြိမ်မြောက်။
သေချာပါသည်။ ဒီနေ့လည်း အားအင်ကုန်ခမ်းပြီး မေ့လဲအိပ်ပျော်သွားသည်အထိ သူ ငိုကြွေးနေဦးမှာဖြစ်သည်။
......။
ဒီအရာအားလုံးဟာ Minho accident ဖြစ်ပြီး ခြောက်လကြာတဲ့အချိန်မှာ စခဲ့သည်။
ပျောက်သောသူ ရှာလျှင်တွေ့။
သေသောသူ ကြာလျှင်မေ့။
အဲ့ဒီစကားက အပေါ်ယံချစ်ခြင်းမေတ္တာတွေကိုသာ ရည်ရွယ်ပုံပါပဲ။
Jisung ကတော့ Minho ကို လုံးဝမေ့မရခဲ့ပါ။ မနက်နိုးတိုင်း Minho ကို သတိရသလို အိပ်ရာဝင်ချိန်တိုင်းမှာလည်း Minho ကို သတိရပြန်ပါသည်။ အဲ့ဒီလွမ်းဆွတ်ခြင်းတွေကပဲ သူ့ဘဝကို အစိမ်းလိုက်ဝါးမြိုနေခဲ့သည်။
သူတို့ရဲ့ အမှတ်တရတွေနှင့် Minho ရဲ့ အငွေ့အသက်တွေ ရှိနေသေးသည် ဆိုတဲ့အကြောင်းပြချက်ဖြင့် မိဘတွေ ပြန်ခေါ်တာကိုတောင် လိုက်မသွားခဲ့။ တစ်ယောက်တည်း အပြစ်သားတစ်ယောက်လို အိမ်ကြီးထဲမှာ နှလုံးသားနှင့်တကွ သူ့ကိုယ်သူ ချိပ်ပိတ်နှောင်ထားခဲ့သည်။
ထွက်သွားရက်သူနှင့် လက်လွှတ်မပေးနိုင်သူ ယှဉ်လာတဲ့အခါ ပြန်ဆွဲထားချင်ခဲ့တဲ့ သူကပဲ ပိုနာကျင်ရတာ ဓမ္မတာပါပဲ။
တစ်နေ့။
မွန်းကြပ်မှုတွေ ဆို့နင့်လွန်းလို့ Jisung ထွက်ပြေးဖို့ကြိုးစားမိသည်။
အပြည့်ဖြည့်ထားတဲ့ bathtub ငယ်ထဲတွင် ထိုင်နေရာမှ ဦးခေါင်းဆုံးဆုံးမြုပ်သည်အထိ လှဲရင်း နှစ်ချမိသည်။
အသက်ရှူကျပ်လာသည်နှင့်အမျှ တစ်ဖက်မှာလည်း ဒီမွန်းကြပ်ခြင်းတွေက လွတ်မြောက်တော့မည်ဟု ခံစားရသည်။
သို့ပေမဲ့ .... သူလိုချင်သလို သေဆုံးသွားရမယ့်အစား လွန်ခဲ့တဲ့ခြောက်လ ၊ Minho မတော်တဆဖြစ်တဲ့နေ့သို့ ပြန်ရောက်သွားခဲ့သည်။
အချိန်အားဖြင့် နှစ်ယောက်သားပြသနာဖြစ်ပြီး ထွက်သွားတဲ့ Minho ကို သူ လိုက်ရှာနေချိန်ဖြစ်သည်။
သေခြင်းတရားက သူနှင့် ကစားပွဲတစ်ခုကို ကစားချင်ပုံပါပဲ။
အတိတ်တစ်ခုကို ပြန်ပြင်ဆင်နိုင်မယ့် အခွင့်အရေး သူရခဲ့သည်။
သူ ပြေးသည်။ ပြေးပြီးရင်း ပြေးသည်။
Minho ကိုများ ကယ်တင်နိုင်လိမ့်မလား ဆိုတဲ့ မျှော်လင့်ချက်လေးဖြင့် သူ ပြေးသည်။
ဒါပေမဲ့ အခေါက်တိုင်းမှာ Minho ကို အကြိမ်ကြိမ် မျက်မြင်ကိုယ်တွေ့ လက်လွတ်ဆုံးရှုံးရတာကလွဲလျှင် သူ ဘာမှမရ။
ပြန်နိုးလာတဲ့ ပစ္စုပ္ပန်မှာ ဒါကို အိပ်မက်တစ်ခုလို့ သတ်မှတ်ချင်ပါသော်လည်း ပြေးလွှားခြင်းကြောင့် နာကျင်နေတဲ့ ခြေထောက်တွေက အိပ်မက်မဟုတ်ကြောင်း ငြင်းဆန်သည်။
နောက်ပြီး အတိတ်ကို တစ်ခေါက်ပြန်ရောက်တိုင်း ထူးဆန်းစွာ ပေါ်လာတတ်တဲ့ လက်ကောက်ဝတ်ပေါ်က ပြတ်ရှရာတွေ။
အဲ့ဒီကစပြီး ဒီသံသရာစက်ဝန်းဟာ စတင်လည်ပတ်ခဲ့သည်။
......။
Jisung ခြံအပြင်ရှိ mailbox ကို လာကြည့်မိသည်။ ထင်သည့်အတိုင်းပင်။ စာအိတ်အချို့ ရှိနေခဲ့သည်။
၎င်းတို့ကို ယူပြီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ ဆိုဖာထက် မှိုင်ကျစွာထိုင်ရင်း စာအိတ်တို့ကို ဖွင့်ဖတ်မိသည်။ အချို့က သူ့မိဘတွေဆီက။ ကျန်အချို့က သူငယ်ချင်းတွေဆီက။
ဖုန်းဆက်တိုင်း မကိုင်သလို အိမ်လာရင်လည်း တံခါးအမြဲပိတ်ထားသည်မို့ ဤနည်းမှလွဲ၍ သူ့ကို ဆက်သွယ်ဖို့ နည်းလမ်း မရှိခြင်းပေ။ တစ်လတစ်ခါ ၊ သို့မဟုတ် နှစ်ခါမျှတော့ သူ စာပုံးကို သွားကြည့်ဖြစ်ပါသည်။
ကိုယ့်ကိုယ်ကိုယ် အတိတ်မှာပဲ နစ်မွန်းခံမနေဘဲ move on လုပ်ဖို့၊ ဘဝသစ်စဖို့၊ ယိုင်နဲ့နေတဲ့ စိတ်ကျန်းမာရေးအတွက် အကူအညီယူဖို့ တိုက်တွန်းထားသည်များကို ဖတ်မိသည်နှင့် Jisung ထိုစာများကို အနားရှိ မီးလင်းဖိုသို့ ပစ်ထည့်လိုက်သည်။
သူ့ စိတ်ကျန်းမာရေး ဆိုးရွားလာတာကို သူသိပါသည်။ အိပ်မပျော်ခြင်းတွေ၊ တခါတရံ အကြောင်းမဲ့ထိတ်လန့်နေမိတာတွေ။ သို့ပေမဲ့ ဆရာဝန်ကို သွားမတွေ့ချင်သလို ဆေးတွေလည်း မသောက်ချင်ပါ။
အဲ့ဒီဆေးတွေသောက်လိုက်ရင် သူ Minho ကို မေ့သွားမှာ။
သူ အဲ့ဒီလို မဖြစ်စေချင်ပါဘူး။ ဒါကြောင့် အိပ်မပျော်တဲ့ညတွေမှာတောင် အိပ်ဆေးကို မမှီခိုခဲ့။
Minho က အသွားထက်တဲ့ ဓားတစ်လက်ဆိုလျှင်တောင်
သူ့လက်တွေကြား သွေးစီးသည်အထိ ဆုပ်ကိုင်ထားချင်ပါသည်။
......။
မေးခွန်းလေးတစ်ခုရှိတယ်။
ပစ္စုပ္ပန်ရဲ့ အရှုံးသမား နဲ့ အနာဂတ်မဲ့သူ ။
ဘယ်သူက ပိုဆိုးသလဲ တဲ့။
တကယ်တော့ အတိတ်ကနေ ရုန်းမထွက်နိုင်သေးတဲ့သူက ပိုဆိုးပါတယ်။
......။
တစ်အိမ်လုံးအမှောင်ချထားခြင်းကြောင့် ညအိပ်မီးခပ်ပျပျကိုသာ မြင်ရသည်။ အချိန်တစ်ခုကြာသည်အထိ စီးကျနေတဲ့ရေတို့သည် ရပ်တန့်သွားသည်။
အတွေးတစ်ခုနှင့်အတူ ရူးနှမ်းနှမ်းအပြုံးတစ်ခုက Jisung နှုတ်ခမ်းသားတွေပေါ်မှာ နေရာယူနေခဲ့သည်။
အကြိမ်သုံးဆယ်မြောက်။
သူဟာ ထပ်ရူးမိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါသည်။
11:11
၎င်းအချိန်မှာ ဆုတောင်းလျှင် ပြည့်သတဲ့။
Jisung ဇာတ်ကားတွေထဲမှာ ကြည့်ဖူးပါသည်။
ဒီတစ်ခေါက် ခင်ဗျားကို မကယ်တင်နိုင်ရင်
ကျွန်တော်လည်း ပြန်နိုးမထလာတော့ဘူး ....
ဒါဟာ ဆုတောင်းတစ်ခု မဟုတ်ဘဲ
စိန်ခေါ်မှုတစ်ခု။
ဆုံးရှုံးစရာမရှိတော့တဲ့သူဟာ ပိုစတေးရဲတယ် တဲ့။
Minho မရှိတော့တဲ့နောက် သူ့မှာ ဘာများ ထပ်ဆုံးရှုံးစရာ ရှိသေးလို့လဲ။
နစ်မြုပ်သွားတဲ့ ခန္ဓာကိုယ်နှင့် ညီမျှတဲ့ရေတို့သည် အပြင်ဘက်သို့ လျှံကျလာခဲ့သည်။
......။
သူ့မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။
အဲ့ဒါက အခန်းထဲက ကုတင်ပေါ်မှာဖြစ်သည်။
တကျီကျီကြားနေရတဲ့ ပြတင်းပေါက်အပြင်မှ ငှက်တို့၏အသံ။
တိုးညှင်းစွာ တိုးဝင်နေတဲ့ လေညင်းတွေ။
ငြိမ်းချမ်းလွန်းနေသည်။
ထူးဆန်းသည်။
သူ ဘယ်ကိုရောက်နေတာလဲ။
အတိတ်ကိုလား။ ဒါမှမဟုတ် ပစ္စုပ္ပန်မှာလား။
တကယ်ဆို အရင်အခေါက်တွေတုန်းကလို ဆိုဖာပေါ်မှာ စိတ်ရှုပ်စွာ မှီထိုင်နေတဲ့ခန္ဓာကိုယ်ထဲ နိုးထလာရမှာလေ။
ကုတင်ပေါ်မှ ထလိုက်စဉ်မှာပဲ ပွင့်လာတဲ့တံခါးနှင့်အတူ အပြာရောင်ဆွယ်တာလေးနှင့် Minho သည် ဝင်လာခဲ့သည်။
အချိန်ကာလတွေကို ဘေးချိတ်ပြီး
Minho ကို သူ ပြေးဖက်မိသည်။
ခြောက်လ။
ခြောက်လကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ်
သွေးအိုင်ထဲ လဲနေတဲ့ Minho ၊ အသက်မဲ့နေတဲ့ Minho မဟုတ်ဘဲ ပုံမှန် Minho ကို ပြန်မြင်ရတာဖြစ်သည်။
"လွမ်းနေခဲ့တာ ခင်ဗျားကို"
မျက်နှာချင်းဆိုင်မိတော့ မျက်ရည်စအချို့ဟာ ထွက်ကျလာသေးသည်။
"ကိုယ် မနက်စာ ခဏလေး သွားပြင်တာပါ"
Minho ရဲ့ ကမ္ဘာမှာ ခဏလေးဆိုပေမဲ့ သူ့ကမ္ဘာမှာတော့ တစ်သက်လောက် ကြာသည်။
ထို့နောက် Jisung တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အနားရှိ ပြက္ကဒိန်သို့ လှမ်းကြည့်မိသည်။
September 6th , 2020
လွန်ခဲ့တဲ့ ခြောက်လ။
မတော်တဆဖြစ်ခဲ့တဲ့ အဲ့ဒီနေ့ပါပဲ။
ဒါပေမဲ့ ဘာလို့ ဖြစ်စဉ်တွေက မတူရတာလဲ။
ထို့နောက် သူတို့ မနက်စာ အတူတူစားဖြစ်သည်။ အတူစိုက်ခဲ့တဲ့ ပန်းပင်တွေကို ရေလောင်းသည်။ Minho က ပန်းပင်မှာ လာနားတဲ့ ပိုးကောင်လေးများကို Jisung အား ပြသည်။
အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေသည်။
အိပ်မက်ဆိုးတွေဟာ ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး။
အတိတ်ဆိုးတွေ ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့သလိုမျိုး။
ဘာတွေဖြစ်ပျက်နေလဲ Jisung နားမလည်ပေမဲ့
Minho မျက်ဝန်းတွေ၌သာ မျောဝင်နေမိသည်။
"မှတ်မိသေးလား။ အဲ့ဒီတုန်းက ပိုးကောင်ပြတာကို မင်း သိပ်ကြောက်နေခဲ့တာလေ။" Minho က ရယ်ရင်းပြောသည်။
Jisung ထင်ထင်ရှားရှား မှတ်မိနေပါသည်။ Minho နှင့် ပက်သက်ပြီး သူမေ့ပျောက်လို့ရတာမျိုးမှ မရှိဘဲ။
အဲဒါက သူတို့ ချစ်သူဖြစ်ပြီး နှစ်လအကြာလောက်မှာ ဖြစ်သည်။
ပန်းခြံမှာ နှစ်ယောက်သားတွေ့တဲ့အချိန် Minho က ပိုးကောင်တစ်မျိုးကို လက်ခုံပေါ်တင်ပြီး Jisung ကို ယူလာပြသည်။
အကောင်ကြောက်တတ်တာမလု့ိ Jisung ဖြင့် လန့်ပြီး အော်မိတဲ့အထိပါပဲ။ ဒီ့အပြင် Minho ကိုပါ စိတ်ဆိုးပြီး အတန်ကြာအောင် စကားမပြောဘဲ နေခဲ့သည်။
အကယ်၍များ အနာဂတ်ကို သူကြိုသိခဲ့လျှင်
စိတ်ကောက်ရန်ဖြစ်ရင်း အချိန်တွေကို မဖြုန်းခဲ့ပါဘူး။
နောင်တဆိုတဲ့အတိုင်း တကယ်ကို နောင်အခါမှ ရတာပဲ။
"Jisung-ah"
"ဟင်"
"လက်ထပ်ကြရအောင်"
Jisung ငေးကြောင်သွားမိသည်။ စနောက်နေသလား လို့ Minho ကို အရိပ်အကဲခတ်ကြည့်သော်လည်း Minho သည် တည်မြဲတည်နေသည်။
ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲမှာ ဘူးမဲ့တဲ့ လက်စွပ်လေးကို ထုတ်ရင်း သူ့အား တရားဝင် လက်ထပ်ခွင့်တောင်းသည်။
ခေါင်းညိတ်ပြမိတော့ လက်စွပ်ငယ်က သူ့လက်သူကြွယ်မှာ နေရာယူသည်။
"ဘုရားကျောင်း သွားရအောင်"
"ဘာလုပ်ဖို့လဲ"
"လက်ထပ်ဖို့လေ"
Minho ရဲ့ လောမှုတွေကို Jisung ဖြင့် လိုက်မမီအောင်ပါပဲ။
"ဟင်..ရုတ်တရက်ကြီး။ နောက်နေ့မှ—"
Minho သည် သူ့လက်အား လှမ်းဆွဲရင်း ခေါင်းခါပြသည်။
ဘာကြောင့်များ တုန်လှုပ်ဝမ်းနည်းနေတဲ့ အငွေ့အသက်တွေကို Minho မျက်ဝန်းထဲ တွေ့နေရသလဲ။
"အဲ့ဒီလိုလုပ်ဖို့ အချိန်မရှိဘူး Sung"
ချက်ချင်းဆိုသလိုပါပဲ။ Minho ဟာ သူ့ကို လက်ဆွဲရင်း ခေါ်ထုတ်သွားခဲ့သည်။ ငြင်းဆန်ချင်စိတ်လည်း ပကတိမရှိသည်မို့ Jisung မရုန်းမိဘဲ လိုက်သွားခဲ့သည်။
ကားလမ်းတလျှောက် Jisung သတိထားမိတာက လမ်းပေါ်မှာ လူတွေ ရှိမနေတာကိုပဲ။ လူကျဲတာမျိုးမဟုတ်ဘဲ လုံးလုံးကို ကင်းမဲ့နေတာမျိုးပင်။
"Minho လူတွေရော ?"
Jisung ရဲ့မေးခွန်းက ထူးဆန်းကောင်း ထူးဆန်းနေနိုင်ပေမဲ့ ဒီအခြေအနေနှင့်တော့ သင့်လျော်ပါသည်။
"ဒီနေ့တစ်ရက်တော့ ကိုယ့်ကိုပဲ အာရုံစိုက်ပေးလို့ ရမလား Jisung?"
ခေါင်းညိတ်ကာ တုံ့ပြန်ပြီးနောက် Jisung ဆက်မမေးဖြစ်တော့ပါ။ စာမေးပွဲစစ်နေတာ မဟုတ်တာကြောင့်် မဖြေချင်တဲ့မေးခွန်းကို အတင်းကာရော လိုက်မေးခွင့်မှ သူ့မှာမရှိဘဲ။
ဘုရားကျောင်းမှာ လက်ထပ်တယ်ဆိုပေမဲ့ ဒါက အဖြစ်သဘောသက်သက်ပါပဲ။ ဘုန်းတော်ကြီးနှင့် သူတို့အပြင် ဘယ်သူမှမရှိ။
သေတဲ့အထိ ချစ်ခင်ပေါင်းသင်းသွားမှာလား ဘုန်းတော်ကြီးမေးတော့ Jisung ခပ်တိုးတိုး ရယ်မိပါသေးသည်။
သေဆုံးပြီးတဲ့တိုင်အောင် ဆက်ချစ်နေခဲ့တာပါ လို့ ယုံအောင် ဘယ်လိုသက်သေပြရပါ့။
ကြင်ဖက်မြောက်တဲ့အနေဖြင့် Minho သည် သူ့အား နူးညံ့စွာ နမ်းရှိုက်လာသည်။ ပျားရည်ကိုမှ သကားသကြာရည် ထပ်လောင်းထားသလိုပါပဲ။ နူးညံ့ချိုမြိန်လိုက်တာ။
ထို့နောက် ခံစားမိလိုက်တဲ့ မျက်ရည်တစ်စက်။ Minho ထံမှ ဖြစ်သည်။ ဘာလို့လဲ။ Minho က ဘာလို့ ငိုနေရတာလဲ။
"ဘာလို့လဲ Minho"
"ဒီတိုင်း ... နောက်ဆုံးတော့ မင်းကိုလက်ထပ်ချင်တဲ့ ကိုယ့်ဆန္ဒလေး ပြည့်ပြီမလို့"
"ခင်ဗျားက ကလေးပဲ"
နှစ်လိုဖွယ်ကောင်းလွန်းလို့ Minho ဆံပင်တို့ကို သူ ဖွမိလိုက်သည်။ သူ့နေရာမှာ တစ်ပါးသူသာဆိုလျှင် Minho ခွင့်ပြုပါ့မလား မသေချာပေမဲ့ သူကတော့ Minho ရဲ့ ချွင်းချက်လေးပင်။
"သွားရအောင်"
ဘုရားကျောင်းက ထွက်လာကြရင်း Jisung စိတ်တွေ ထုံထိုင်းနေခဲ့သည်။ သူ့ခြေထောက်တွေက နောက်ပြန်မလှည့်ဖို့ ပြောပေမဲ့ စိတ်အစုံရဲ့ ဆွဲခေါ်မှုမှာ သူနောက်လှည့်ကြည့်မိသည်။
ခပ်စောစောက သူတို့ကို ထိမ်းမြားပေးခဲ့တဲ့ ဘုန်းတော်ကြီးသည် သူ့မျက်စိရှေ့မှာတင် လေထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
အဲ့ဒီမှာ Jisung နားလည်လိုက်တာက ဒီတစ်ခါ အတိတ်ကို ပြန်လာခဲ့တာ သူတစ်ယောက်တည်း မဟုတ်ဘူးဆိုတာကိုပါပဲ။
ဖြစ်ပျက်ခဲ့တဲ့ အတိတ်က မတော်တဆမှုအကြောင်းကို Minho လည်း သိနေခဲ့တယ်။ ဒါကြောင့် သူ့ကို လက်ထပ်ရဖို့ သိပ်လောနေခဲ့တာပင်။
ဘုန်းတော်ကြီးကလည်း သူတို့စိတ်နှင့် ဖန်တီးထားတဲ့ ယာယီဖြစ်တည်မှူသာ ဖြစ်သည်။ ဒီကမ္ဘာမှာ သူတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှမရှိ။
ဘာလို့လဲဆိုတော့ သူ အခုရှိနေတာက သူရဲ့ .. Minho ရဲ့ ..
ဒါမှမဟုတ် နှစ်ယောက်လုံးရဲ့ ပုံရိပ်ကမ္ဘာမှာ ဖြစ်နေလို့ပဲ။
သေဆုံးခြင်း နှင့် ရှင်သန်ခြင်းကြား ရပ်ဝန်းတစ်ခု။
စိတ်ကူးယဉ် နှင့် လက်တွေ့ကြား မျဉ်းလေးတစ်ခု။
၎င်းနေရာမှာ သူတို့ ရောက်နေတာဖြစ်သည်။
"ကားနဲ့မဟုတ်ဘဲ လမ်းလျှောက်ပြန်ရအောင် Minho"
လမ်းကြားလေးထဲ ခြေသံနှစ်စုံကို တရှပ်ရှပ်ကြားရပါလိမ့်မည်။
ဆင်တူလက်စွပ်လေးများနှင့် လက်အစုံဟာ ပိုမြဲနေသည်။
"မိုးရွာလာရင် ကောင်းမှာပဲ"
မိုးရေထဲ Minho လက်ကိုတွဲပြီး လျှောက်သွားဖို့က Jisung ရဲ့ ဆန္ဒတွေထဲက တစ်ခုပါပဲ။ သို့ပေမဲ့ ကျောင်းကိစ္စ အလုပ်ကိစ္စနဲ့ အမြဲအချိန်မရှိတာရယ် ဒီလိုလုပ်ဖို့က ရူးနှမ်းလွန်းတယ်လို့ ထင်မိတာရယ် ။ တစ်ခါမှ အကောင်အထည်မဖော်ဖြစ်ခဲ့။
ထူးဆန်းစွာ မိုးတွေ ရွာကျလာသည်။ သူ့ဆန္ဒလေး ပြည့်သွားတာကြောင့် Jisung ပြုံးမိပေမဲ့ တလက်စတည်းမှာပဲ မျက်ရည်ခါးခါးတို့က ဝဲတက်လာပြန်သည်။
တိုက်ဆိုင်မှုမဟုတ်ဘဲ သူ့ဆန္ဒကြောင့် မိုးတွေရွာနေခဲ့တာ။
အကြောင်းကတော့ ဒါက တကယ်မဟုတ်တဲ့ ပုံရိပ်ကမ္ဘာတစ်ခုမလို့ပင်။
မိုးတွေ ပိုသည်းလာသည်။ ဆံပင်တွေပင် ရွှဲစိုသည်အထိ။
မျက်ရည်တွေကလည်း မိုးရေစက်တွေနှင့်အတူ စီးမြောသွားခဲ့ပြီး ဖြစ်သည်။
"Minho"
"ဟင်"
"ကျွန်တော့်ကို နမ်းပါလား"
Jisung ရဲ့ တောင်းဆိုမှုမှာ Minho ငေးကြောင်မိသည်။ ချစ်သူဖြစ်ခဲ့တဲ့တလျှောက်လုံး Jisung ဘက်က ဒီလို စတာမျိုးမှ မရှိခဲ့ဖူးဘဲ။ သူ နမ်းရင်တောင် ရှက်သယောင်ပြုမူနေတတ်တဲ့ ကလေးကလေ အခု သူ့ကို အနမ်းတစ်ပွင့် တောင်းဆိုပါသတဲ့။
မလိုချင်ပါဘူး ငြင်းဆိုခဲ့တုန်းကတောင် ပေါပေါသီသီပေးခဲ့တဲ့ အကြင်နာတွေပဲ။ လိုလိုလားလား တောင်းဆိုလာတဲ့အခါ မလိုက်လျောဘဲ ငြင်းရက်ပါ့မလား။
ပါးပြင်လေးကို ထိန်းကိုင်တော့ လက်ဖဝါးပြင်ထက် ချစ်သူ့ပါးအိအိလေးက နစ်ဝင်လာသည်။ အနားကို တိုးသွားတော့ မျက်လုံးဝိုင်းကလေးများက မှိတ်စင်းသွားသည်။ မျက်တောင်ရှည်လေးတွေပေါ် မိုးရေစက်တို့ တွဲခိုနေသည်။
ကျွန်တော့်ချစ်သူလေးက သိပ်လှတဲ့ အနုပညာလေးပါ
လူတွေရယ်။
Minho တိုးတိတ်စွာ ရေရွတ်မိသည်။
မြတ်နိုးစွာ နမ်းရှိုက်မိတဲ့ နှုတ်ခမ်းသားတွေအား မက်မောစွာ နမ်းယူမိတဲ့ ပန်းချပ်တွေလို တစ်လွှာချင်း တိုက်စားမိသည်။
တအိအိ မိုးသည်းတွေ။
မိုးရေတွေကို အံတုရင်း အကြင်နာတွေ ဖလှယ်နေတဲ့ ချစ်သူနှစ်ဦး။
ကိုယ်ဆန္ဒရှိခဲ့တာကို အကောင်အထည်ဖော်နေကြတဲ့ သူတို့က
၂၄ နာရီအတွင်း ကမ္ဘာပျက်ပါမယ်လို့ အသိပေးခံထားရသလိုပင်။
အရာအားလုံးကို နောက်ဆုံး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလှပဆုံး ပုံဖော်နေခဲ့ကြသည်။
......။
ဒီည ကြယ်တွေစုံတယ်။ ကင်းမဲ့တဲ့ လကွယ်ကို အံတုရင်း ကြယ်တွေက သိပ်ကိုတောက်ပနေကြသည်။
"Hyung ကို ဝန်ခံစရာရှိတယ်"်
"အင်း"
"Hyung ကျွန်တော့်ကို စပြီး လိုက်တည်းက ချစ်တယ်လို့ အဖြေပြန်မပေးရသေးပေမဲ့ Hyung ကို ကျွန်တော့်လူလို့ သတ်မှတ်ခဲ့တာ။ ကျွန်တော်မဟုတ်တဲ့ အခြားလူနဲ့အတူရှိနေရင် သဘောမကျဘူး။ ဒါကြောင့် Pei Chen နဲ့ အခန်းတွေရိုက်တိုင်း
စိတ်နဲ့ကိုယ်မကပ်ဘဲ အမှားတွေ ခဏခဏလုပ်မိခဲ့တာ"
Minho သဘောကျစွာ ရယ်သည်။
သူနှင့် Pei Chen တို့ scene တွေ ရိုက်တိုင်း Jisung က တစ်ခုမဟုတ်တစ်ခု မှားသည်။ စိတ်နှင့်ကိုယ် မကပ်လို့ အဆူခံခဲ့ရတာလည်း မနည်း။ သိသိသာသာ ညှိုးနွမ်းနေတဲ့ မျက်နှာလေးက သနားဖို့ကောင်းပေမဲ့ တစ်ချိန်တည်းမှာပဲ အူယားစရာလည်း အတိပြီးပါသည်။
"ကိုယ်က အစတည်းက မင်းရဲ့လူပါပဲ။ အဲ့ဒီလိုပဲ မင်းကလည်း ကိုယ့်ရဲ့လူ"
Minho မျက်ဝန်းတွေထဲငေးရင်း Jisung မေးခွန်းတစ်ခုအား မေးလိုက်ချင်ပါရဲ့။
ကျွန်တော်က ခင်ဗျားလူဆိုရင် ဘာလို့ ကျွန်တော့်ကို ထားခဲ့တာလဲ လို့လေ။
"အဲ့ဒီအချိန်တွေကို လွမ်းတယ် Hyung ရယ် ... ကတောက်ကဆတွေ စိတ်ဆိုးရန်ဖြစ်တာတွေ ရှိခဲ့ပေမဲ့ ကျွန်တော်တို့ ပျော်ခဲ့ကြတယ်မလား"
"အင်း ပျော်ခဲ့ကြတာပေါ့ သေချာပေါက်ကိုလေ"
လူစုံခဲ့ဖူးတဲ့ သူငယ်ချင်းတစ်စု။
ရယ်မောသံတွေ ပြည့်နေခဲ့တဲ့ စကားဝိုင်းတွေ။
ဲပြီးပြည့်စုံနေခဲ့တဲ့ puzzle လေးလို။
အကယ်၍များ အချိန်တွေကို ထိန်းချုပ်ခွင့်ရမယ်ဆိုလျှင် ထိုအချိန်များကို record တစ်ခုလို အကြိမ်ကြိမ်ပြန်ဖွင့်ချင်သည်။
"အိပ်ရအောင် Sung ညဉ့်နက်နေပြီပဲ"
"ဟင့်အင်း ... ကျွန်တော်အိပ်ပျော်သွားတဲ့အခါ Hyung ထွက်သွားရင် ဘယ်လိုလုပ်မလဲ"
ဆုံးရှုံးဖူးတဲ့သူက တန်ဖိုးကို နားလည်နေပြီမလို့
Minho ကို မျက်စိအောက်ကပင် အပျောက်မခံချင်အောင်ပဲ။
မနက်နိုးလာလို့ ဘာဖြစ်နေမလဲ မသိတဲ့ အခြေအနေကြီးမှာ သူ မအိပ်ရဲပါဘူး။
Minho သည် သူ့နဖူးထက်ကို ခပ်ဖွဖွနမ်းသည်။ အိပ်မက်ဆိုး မက်ခဲ့တဲ့ကလေးကို စိတ်ငြိမ်အောင် ချော့မြူသလိုပေါ့။
"ကိုယ်က ဘယ်ကို ထွက်သွားရမှာလဲ...မသွားပါဘူး"
"ဒါပေမဲ့ ... "
Minho သည် ခုံပေါ်ရှိ ကြောင်လေးတွေဆော့တဲ့ သိုးမွေးကြိုးထုံးလေးကို လှမ်းယူပြီးနောက် ၎င်းကြိုးဖြင့် Jisung လက်ကိုတစ်ဖက် ၊ ကျန်ကြိုးစဖြင့် သူ့လက်ကိုတစ်ဖက် ချည်သည်။ အစွန်းနှစ်ဖက်ကြား အကွာအဝေးက နှစ်ပေလောက်သာရှိမည်။
"အခုလို ကြိုးလေးနဲ့ချည်လိုက်တော့ ကိုယ် ဘယ်မှသွားလို့ မရတော့ဘူးပေါ့ ဟုတ်ပြီလား "
ဒီတော့မှ Jisung သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြသည်။ ထို့နောက် Minho ထံပါး တိုးဝင်ရင်း အိပ်သွားတော့သည်။
......။
ပြတင်းပေါက်ကတစ်ဆင့် တိုးဝင်လာတဲ့ လေအေးတွေကြောင့် Minho တစ်ရေးနိုးလာခဲ့သည်။ သူ့ဘေးမှာ Jisung မရှိနေ။ ချည်ထားတဲ့ကြိုးလေးသည် တစ်ဖက်မှ ပြေနေသည်။
Minho စိတ်တွေ ထူပူသွားပြီး ချက်ချင်းထထိုင်မိသည်။ သူ ထွက်သွားမှာကြောက်တယ် ပြောခဲ့တဲ့ Jisung က အခု ဘာလို့ ထွက်သွားရတာလဲ။
အပေါ့အပါးသွားသလား ဖြည့်တွေးပေးမိပေမဲ့ ရေချိုးခန်းထဲမှာလည်း အစအနရှာမရသည်မို့ အပေါ်ဆုံးထပ်သို့ Minho တက်ရှာမိသည်။
Jisung သည် ဝရန်တာအစွန်းတွင် ရပ်နေခဲ့သည်။ လက်တန်းမြင့်တွေ မပါရှိတာကြောင့် သိပ်ကိုအန္တရာယ်များလွန်း၏။
"Sung" တိုးညင်းစွာခေါ်ယူတော့ Jisung သည် သူ့အား လှည့်ကြည့်လာသည်။ မျက်ရည်တွေစီးကျနေတဲ့ ချစ်ရသူဟာ ငိုနေတာတဲ့လေ။
"ဘာလို့လဲ Minho Hyung? ဘာလို့ ကျွန်တော်တို့တွေ ဒီလိုဖြစ်ကြရတာလဲ"
ငယ်ငယ်တည်းက Jisung ဇာတ်လမ်းတွေ အများကြီး ကြည့်ဖူးတယ်။ စာအုပ်တွေ ဖတ်ဖူးတယ်။ နတ်သမီးပုံပြင်ထဲက အချစ်စစ်တိုင်းဟာ ပျော်ရွှင်စရာဇာတ်သိမ်းတွေချည်းပါပဲ။
ဒါပေမဲ့ သူတု့ိနှင့်ကျမှ ဘာလို့များ ကံကြမ္မာဟာ ရက်စက်ရသလဲ။
သေကွဲကွဲရဖို့အတွက် သူတို့်တွေက ငယ်ငယ်လေး ရှိသေးတာပါ။ သေမင်းဟာ အညှာတာမမဲ့လွန်းဘူးလား။
နှစ်ယောက်အတူလုပ်ဖို့ ရည်ရွယ်ထားတဲ့ အနာဂတ်စိတ်ကူးတွေက အများကြီးရှိသေးတာရယ်။ တစ်ရက်နှင့် မလုံလောက်တာမလို့ တစ်ဘဝစာ အချိန်လိုနေကြတဲ့သူတွေပါ။
"ဘာလို့ ကျွန်တော်တို့ကျမှ ဒီလိုဖြစ်ရတာလဲ.... "
သူ ဒီမေးခွန်းကို အကြိမ်ပေါင်းများစွာ မေးဖူးတယ်။
ကောင်းကင်ကြီးကိုလည် အော်မေးဖူးတယ်။
ကမ္ဘာကြီးကိုလည်း မေးခွန်းထုတ်ဖူးတယ်။
ဒါပေမဲ့ တစ်ခါမှ အဖြေပြန်မရခဲ့ပါဘူး။
"အတိတ်တွေက ပြင်လို့မှ မရတော့ဘဲ Sung ရယ်... "
"Hyung ကို အသက်ပြန်ရှင်အောင် ကျွန်တော် မလုပ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ သေလိုက်လို့ ရတယ်လေ.... "
တဖြည်းဖြည်းနောက်ဆုတ်သွားတဲ့ Jisung သည် အမှန်တကယ်ကို ခုန်ချတော့မလို့ တွေးထားခဲ့သည်။
"မလုပ်ရဘူး Jisung!"
"ဘာလို့လဲ...Hyung မရှိရင် ကျွန်တော်အသက်ရှင်နေရတာ အဓိပ္ပါယ်မှ မရှိတော့ဘဲ"
သိပ်ရူးတဲ့ ကလေးငယ်ပါလေ။ ချစ်ခြင်းမေတ္တာရဲ့ နွံဂယက်ထဲ မျောနေရှာသည်။ ဆယ်ကျော်သက်တွေ မဟုတ်သော်ငြား အချစ်ကြောင့် ရူးနှမ်းနေတုန်း။
Jisung ဆီသို့ Minho ပြေးပြီး တားယူမိသည်။ ချစ်သူကို ရင်ခွင်ထဲသွင်းရင်း ဖျောင်းဖျချော့မြူရပါသေးသည်။
"တောင်းပန်ပါတယ် .... ဘယ်တော့မှ ထားမသွားဘူးလို့ ကတိပေးခဲ့ပြီး အရင်ထွက်သွားမိတဲ့အတွက်"
"ခွင့်မလွှတ်ဘူး Hyung... ကျွန်တော့်ကို ထားသွားတဲ့အတွက် ခင်ဗျားကို ကျွန်တော်ခွင့်မလွှတ်နိုင်ဘူး"
ငိုသံရောနေသည့်တိုင် စကားလုံးတွေဟာ ထင်ရှားဆဲ။
Minho အား ထုရိုက်နေတဲ့ Jisung ကို သူ အပြစ်မတင်ရက်ပါ။
ငိုကြွေးခဲ့ရတဲ့ နေ့တွေ။
အထီးကျန်လွမ်းဆွတ်မှုတွေ။
သူ့ရဲ့စိတ်ဝိဉာဉ်ကို အဖော်ပြုကခုန်ခဲ့ရတဲ့ ညတွေ။
ဒါတွေအတွက် Jisung မှာ သူ့အား အပြစ်ဆိုခွင့် အပြည့်ရှိပါရဲ့။
"ထပ်ပြီး ပြသနာမရှာတော့ဘူးမလို့... မဆိုးသွမ်းတော့ဘူးမလို့...
စိတ်လည်းမကောက်တော့ဘူးမလို့.... ကျေးဇူးပြုပြီး "
လွမ်းရတာကို ငြီးငွေ့နေပြီ။
ငိုရတာ ပင်ပန်းလွန်းနေပြီ။
ပြန်မလာမယ့်သူကို စောင့်ရတာ ကြာရှည်လွန်းနေပြီ။
ထပ်တောင့်ခံနိုင်စွမ်းလည်း မရှိတော့သည်မို့
သည်လောက်နှင့်ပဲ .....
"တောင်းပန်ပါတယ်... အရာအားလုံးနဲ့ လဲနိုင်တာမလို့ ပြန်လာပေးပါလား .... ဒါမှမဟုတ် ကျွန်တော့်ကိုပါ ခေါ်သွားပေးပါ"
ငိုနေတဲ့ချစ်ရသူအား ရင်ခွင်ငှါးပေးရုံကလွဲ၍ Minho လည်း ဘာမှ မတတ်နိုင်ပေ။ သေခြင်းတရားရဲ့အဆုံးအဖြတ်ကို သူတို့ ငြင်းဆန်ပြောင်းလဲခွင့်မှ မရှိဘဲ။
Jisung ဘယ်လောက်ကြာအောင် ငိုမိသွားခဲ့သလဲ မသိ။
ရောင်နီပင် ထွက်လာပြီဖြစ်သည်။
"Minho... ခင်ဗျား"
နေရောင်ခြည် တိုက်စားခြင်းခံနေရသကဲ့သို့ Minho ရဲ့ တစိတ်တပိုင်းက နေရောင်ကြားလောင်ကျွမ်းတိမ်မြုပ်စ ပြုနေသည်။
"အတိတ်ကိုပြန်ပြင်လို့ မရတော့ပေမဲ့ Jisung ကတော့ ရှေ့လျှောက် ကောင်းကောင်းဆက်ရှင်သန်သွားလို့ ရမလား"
"ဟင်"
"အတိတ်မှာနစ်မွန်းမနေဘဲ ဘဝကို ဆက်ရှင်သန်သွားပေး.. ချစ်သူတစ်ယောက်ရှာပြီး သေချာပေါက်အချစ်ခံပြီး ပျော်ရွှင်နေပေးပါလား....ဟင်"
Jisung အသည်းအသန်ငြင်းဆန်ရင်း ခေါင်းခါမိသည်။
ခင်ဗျားမဟုတ်တဲ့ ဘယ်သူ့ကိုများ ကျွန်တော်ထပ်ချစ်ရပါ့မလဲ။
ဘယ်သူ့ကိုများ ယုံကြည်ရဲပါ့မလဲ။
"ကိုယ်တောင်းပန်ပါတယ်..ကျေးဇူးပြုပြီး အရင်လိုပဲ ပျော်ရွှင်နေပေးပါလား။ မင်းအနားမှာ မရှိနိုင်ပေမဲ့ အဝေးကနေ လှမ်းမျှော်မိတိုင်း မင်းငိုနေတာကိုမြင်ရရင် ကိုယ်လည်း နာကျင်ရတာမလို့လေ"
Minho သည် သူ့လက်တို့အား တင်းကျပ်စွာဆုပ်ကိုင်ရင်း တောင်းဆိုသည်။
"ခင်ဗျားမရှိဘဲ ကျွန်တော် ဘယ်လိုများ ပျော်နိုင်မှာတဲ့လဲ ခင်ဗျားရယ်"
ရှေ့တိုးမိသွားတဲ့ မျက်နှာနှစ်ခုသည် သိပ်မကြာခင်မှာ အနမ်းတစ်ခုကို ဖြစ်စေသည်။
ဒါက တကယ်ကို သူတို့ရဲ့နောက်ဆုံးအနမ်းပါပဲ။
"ချစ်တယ် Jisung.. ဒါကိုတော့ အမြဲသတိရပေးပါ"
ထို့နောက် လုံးစုံနီးပါး ပျောက်ကွယ်တော့မယ့် Minho ရဲ့ ခန္ဓာ မမည်တဲ့ပုံရိပ်အား Jisung တိုးဝှေ့ဖက်တွယ်ထားမိသည်။
"တောင်းပန်ပါတယ်...ထွက်မသွားပါနဲ့ Minho"
ပထမဆုံးအကြိမ်တုန်းကလိုပဲ။ ထွက်မသွားဖို့ Minho ကို သူ အကြိမ်ကြိမ်တောင်းပန်မိသည်။ ကမ္ဘာရဲ့အဆုံးသတ်ကို ရောက်နေတဲ့ လူတစ်ယောက်က သူ့ကမ္ဘာကို မပျောက်ကွယ်သွားဖို့ တောင်းပန်နေသလိုပင်။
သို့သော်လည်း ပျက်စီးမယ့်ကမ္ဘာက အချိန်တန်ရင် ပျောက်ကွယ်သွားလိုပဲ။ လစ်လှပ်သွားတဲ့ အပွေ့အဖက်ကြောင့် တင်းတင်းပိတ်ထားတဲ့ မျက်လုံးအစုံကို ဖွင့်လိုက်ချိန်တွင် Minho သည် ရှိမနေတော့ပါ။
ပထမဆုံးအကြိမ်တုန်းကလိုပဲ။
သူ့ကို ထပ်ပြီး ထားသွားခဲ့ပြန်ပါပြီ။
မျက်လုံးတွေက ငိုဖို့အတွက်သီးသန့် ဖြစ်တည်နေသည့်အလား
ငိုမြဲငိုနေခဲ့မိသည်။ အကြိမ်ကြိမ်မွှန်ခံလိုက်ရတဲ့ နှလုံးသားဟာလည်း ရစရာမရှိတော့။
......။
အချိန်ကာလတစ်ခုကြာသော် ...
"ဒါဆို ပရောဂျက်အတွက် တစ်ခါတည်း စာချုပ်ချုပ်လိုက်ကြတာပေါ့"
Jisung ခေါင်းညိတ်လိုက်ရင်း သူ့ကိုလှမ်းပေးတဲ့ စာချုပ်တွေကို တစ်မျက်နှာချင်း ဖတ်ကြည့်လိုက်သည်။ ထို့နောက် လက်မှတ်ထိုးပြီး ပြန်ပေးလိုက်သည်။
"ဒါနဲ့ ကိုယ်ရေးကိုယ်တာမေးခွန်းတစ်ခုများ အန်ကယ်မေးခွင့် ရှိမလား"
"ဟုတ်ကဲ့။ မေးပါ"
"မောင်ရင့်အသက်လည်း မငယ်တော့တာမလို့ ဘဝကြင်ဖက်ရှာဖို့ စိတ်ကူးရှိပြီလားလို့ပါ"
Jisung သည် ခေါင်းငုံ့သာ ခပ်ဖွဖွပြုံးရင်း သူ့လက်သူကြွယ်မှ လက်စွပ်လေးကို တစ်ချက်ကြည့်မိသည်။
"စိတ်မရှိပါနဲ့ အန်ကယ်။ ကျွန်တော့်ချစ်သူ ဆုံးပြီးတဲ့နောက် နောက်တစ်ယောက် ထပ်မရှာချင်တော့လို့ပါ"
"အိုး..မင်းရဲ့ဆုံးရှုံးမှုအတွက် စိတ်မကောင်းပါဘူး"
"ရပါတယ်။ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး"
နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်ဦးညွှတ်ပြီး Jisung ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
Minho နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ အဲ့ဒီည သူပြန်နိုးလာတော့ လက်စွပ်လေးက သူ့လက်သူကြွယ်မှာ ဝတ်လျက်ဖြစ်နေသည်။ တစ်နည်းအားဖြင့် ဒါတွေအားလုံးဟာ အိပ်မက်ချည်းသက်သက် မဟုတ်ခဲ့ကြောင်း အတည်ပြုသည်။
အဲ့ဒါက သူ နောက်ဆုံးအကြိမ် အတိတ်ကို ပြန်တမ်းခြင်း ဖြစ်ခဲ့သည်။ ဒါပေမဲ့ ဒါဟာ သူ ထပ်ပြီးမကြိုးစားတော့လို့ မဟုတ်ပါဘူး။ နှစ်ကြိမ်သုံးကြိမ်လောက် ထပ်ပြီးကြိုးစားခဲ့ပေမဲ့ အတိတ်ကို ပြန်မရောက်တော့တာဖြစ်သည်။
ဒါက သူဘဝသစ် စသင့်ပြီဖြစ်ကြောင်း သွယ်ဝိုက်သောနည်းဖြင့် အသိပေးတာလည်း ဖြစ်နိုင်သည်မို့ Jisung အတိတ်ကနေ ရုန်းထွက်ခဲ့သည်။
မဟုတ်လည်း... အချိန်ကိုတစ်ခေါက်ပြန်လှည့်တိုင်း ချစ်သူကို အကြိမ်ကြိမ် ဆုံးရှုံးရတာကလွဲရင် သူ့အတွက် ရလဒ်ထူးထွေမှ မရှိဘဲ။
လချီအောင် ပိတ်ထားခဲ့တဲ့ တံခါးတွေကို ပြန်ဖွင့်ခဲ့သည်။
မှောင်မည်းတဲ့အခန်းထဲသို့ နေရောင်ခြည်ကို ပြန်ဝင်စေခဲ့သည်။
ညှိုးနွမ်းသေဆုံးသွားတဲ့ ပန်းပင်လေးတွေကို ပြန်ထိန်းသိမ်းခဲ့သည်။
လဲပြိုနေတဲ့ စိတ်ကျန်းမာရေးအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ပြန်ထူထောင်ခဲ့သည်။
အခုချိန်မှာ Minho ပြောသလို သူ ပျော်အောင် နေနေပါတယ်။
ပျော်ရွှင်စရာ သိပ်များများစားစား မရှိပေမဲ့ အတတ်နိုင်ဆုံး ပျော်အောင်နေပါသည်။အနည်းဆုံးတော့ အရင်လောက် မငိုဖြစ်အောင်ပေါ့။
ဒါပေမဲ့ ချစ်သူသစ်ရှာဖို့ကိုတော့ သူ မစဉ်းစားဖြစ်။ ဒါကတော့ ပျက်ယွင်းသွားတဲ့ ကတိတစ်ပိုင်းတစ်စပေါ့လေ။
Suit ကို ပေါ့ပေါ့ပါးပါး အဝတ်အစားတွေအဖြစ် လဲလိုက်ပြီး
အိမ်နောက်ဘက် ဥယျာဉ်ငယ်လေးထံ ရောက်လာခဲ့သည်။ ငိုက်နေတဲ့ပန်းလေးတွေက ပူပြင်းလွန်းတဲ့နေကြောင့်ပဲလား။ သူ့ကို လွမ်းနေကြတာပဲလား။
Minho ပျိုးပေးခဲ့တဲ့ ပန်းလေးတွေမလို့ ဒါတွေဟာ Minho ချန်ခဲ့တဲ့ အငွေ့အသက် တစ်ပိုင်းတစ်စပါပဲ။
"ရောက်လာပြီလား"
ပန်းတွေပေါ် လာနားတဲ့ လိပ်ပြာလေးကို သူ ရည်ညွှန်းခြင်းဖြစ်သည်။ လက်သီးဆုပ်ကာ လက်ခုံကိုမှောက်တော့ ၎င်းအင်းစက်ငယ်က သူ့လက်ဖမိုးပေါ်သို့ လာနားသည်။
အဲ့ဒီနောက်ဆုံးည ပြီးကတည်းက ဒီလိပ်ပြာလေး ပေါ်လာတာပင်။
Jisung ပန်းတွေဆီလာတိုင်း သူလည်း ရောက်လာတတ်သည်။ သည်လို လက်ပေးလိုက်ရင် သူ့လက်ခုံပေါ် လာနားသည်။
တခါတရံ ညများမှာဆို သူ့အိပ်ခန်းပြတင်းဘောင်မှာ လာနားနေတတ်သည်။ မသိလျှင် သူအိပ်နေတာကို လာကြည့်နေသယောင်။
တိုက်ဆိုင်စွာပဲ ထိုလိပ်ပြာလေးကလည်း Minho ဝတ်ခဲ့တဲ့ ဆွယ်တာပြာလေးလိုပဲ အပြာရောင်လေးပင်။
ဲမြက်ခင်းစိမ်းပေါ်ထိုင်ချရင်း သူ့လက်ပေါ်မှ လိပ်ပြာလေးကို Jisung ထိုင်ငေးမိသည်။ ဘာကြောင့်ရယ်မသိ ထိုလိပ်ပြာလေးကို ငေးရတာ လွမ်းမောဖွယ်ကောင်းလွန်းသည်။ ဒါပေမဲ့ အဲ့ဒီလိပ်ပြာလေး သူ့ဆီကိုရောက်လာတိုင်း သူပျော်သည်။ လုံခြုံသွားသလို ခံစားရသည်။
ဒီနေ့လည်း ထိုလိပ်ပြာလေးကြောင့် သူ ပြုံးမိပြန်ပါသည်။
......။
ဆိုရိုးတစ်ခုရှိတယ်။
ဝိဉာဉ်တွေဟာ စိတ်အစွဲအလန်းကြီးတဲ့အခါ
လိပ်ပြာလေးတွေအဖြစ် ပြောင်းလဲသွားကြပြီး
သူတို့ချစ်သူအနားမှာ ဝဲပျံတတ်ကြပါသတဲ့။
Fin.