"ကျစ်...."
ချောင်ဟီးက စိတ်ဆတ်သူပီပီ လက်သီးဆုပ်တင်းပြီးနောက်ပြန်လှည့်သွားသည်။ ညီညီတို့လည်း မခံသာပေမယ့် ဒီလိုနေရာမှာဆိုသည့်အသိကြောင့် ချောင်ဟီး၏ လက်သီးဆုပ်ကို ရအောင်ဖြေကာ လက်ဖဝါးကိုဆုပ်ကိုင်ထားလိုက်သည်။
မျက်နှာကိုရေနွေးပူနဲ့အပက်ခံလိုက်ရသလိုမျိုးကို စော်ကားခံရ၍ နာကျင်မှူကလည်း အသည်းထဲထိစွဲသွားသည်။
အစ်ကိုဒယ်ဟိုကလွဲရင် မန်ဘာငါးယောက်တည်းဖြင့် M Countdown ပွဲကိုတက်လာခဲ့ကြတာ ပွဲထဲရောက်တော့ Artist-K အတွက် ထိုင်ခုံမစီစဥ်ထားမိဘူးတဲ့လေ။ လူကရောက်နေပြီ သူတို့က အင်း အဲ လုပ်နေတုန်း။
ဘယ်လောက်ရုပ်ပေါက်လဲ။
ပွဲကိုမတက်စေချင်ရင်အစောကြီးကတည်းက မဖိတ်နဲ့။ ဖိတ်လည်းဖိတ်တယ် ပွဲတက်မယ့် အဖွဲ့ Line up ထဲမှာပါလာပြီဆိုကတည်းက နေရာအထိုင်အခင်းကအစ တလေးတစား သေသေချာချာလုပ်ထားရမယ်လေ။
ဒါ Scandal ထွက်နေတဲ့အဖွဲ့ဆိုပြီး လူတွေရှေ့သက်သက်စော်ကားတာ။ ညီညီကတော့တေးကိုမှတ်ထားသည်။
သူများအဖွဲ့တွေအသီးသီး ထိုင်ခုံတွေပိုနေချိန် ကိုယ်တွေမှာမိုးတိုးမတ်တပ်နဲ့။ တကယ်ရှက်လည်းရှက်မိတယ်။ ဒေါသလည်းထွက်တယ်။ ဘယ်သူ့ကိုထွက်လို့ထွက်ရမှန်းကိုမသိအောင်ထွက်မိတယ်။ အဲ့မတ်တပ်ရပ်ကြီးထင်းထွက်နေခြင်းအားဖြင့် ကိုယ်တွေရဲ့ပြဿနာကို လူတွေပိုသိသွားဖို့လွယ်ကူသွားသည့်အပြင် နှုတ်ခမ်းလည်းမဲ့ကုန်ကြမှာအသေအချာပါပင်။
Idol ချင်းအတူတူ နေရာပေးမခံရဘဲ ဖယ်ကြဥ်ထားခံရသည့် ခံစားချက်က အတော်ကိုဆိုးရွားသည်။ ဘာနဲ့တူလဲမေးရင် အမြဲတမ်းချီးမွမ်းခံရပြီး ပတ်ဝန်းကျင်မှာစံပြလိုဖြစ်နေတဲ့လူတစ်ယောက်က မဟုတ်တလုပ်သတင်းလေးတစ်ခုကြောင့် တစ်ခါတည်းနဲ့တံထွေးခွက် ပက်လက်မြောပြီူအဖက်ဆယ်မရတော့တာနှင့်တူသည်။
ထိုစဥ်ပဲ မတ်တပ်ရပ်နေရတာကြာပြီဖြစ်သည့်
ညီညီတို့အနားသို့ စီနီယာတစ်ယောက်ရောက်လာပြီး အကြောင်းစုံမေးသည်။ သိသွားပြီနောက်
စီနီယာက သက်ဆိုင်ရာ Staff တွေကိုအပြင်းအထန်းဆူငေါက်သည်။
ပြည်တွင်းပြည်ပ နာမည်အခိုင်အမာရ စီနီယာအိုင်ဒေါ်လ်ဖြစ်၍ အာဏာစက်ပြင်းကာ Staff တွေခမျာ ထိုအခါမှပဲ ရုတ်ရုတ်သဲသဲနှင့် ထိုင်ခုံလုပ်ပေးသည်။ မြင်ကြမှာပဲ။ မြင်သွားကြမှာပဲ။ စင်ပေါ်မှာအဖွဲ့တစ်ဖွဲ့ဖွဲ့ဖျော်ဖြေနေချိန်ပေမယ့် ခုလိုအဖြစ်ကိုမြင်ပြီး ရိုက်ကူးထားမိကြမှာပဲ။
Artist-K အနေနဲ့ ကြုံမိလိမ့်မယ်လို့တောင်မထင်ထားဘူးတဲ့ အဖြစ်ဆိုးကြီးဖြစ်သွားရတာပေါ့။
စီနီယာက ကျန်အဖွဲ့များကိုပါ နေရာချုံ့ခိုင်းပြီး Artist-K အတွက်နေရာလုပ်ပေးသည်။
၂၀၁၂ ခုနှစ် T- ARA အဖွဲ့ Bully Scandal
ကောလဟာလများနှင့် ရင်ဆိုင်နေရချိန် ပွဲတက်လာရင်း Staff များ၏တာဝန်မဲ့မသိကျိုးနွံလုပ်ရပ်ဖြစ်သည့် ညီညီတို့လို ထိုင်ခုံမစီစဥ်ထား၍ SHINEE အဖွဲ့ဝင် Kim Jong Hyun က Staff တွေကိုအော်ငေါက်ခဲ့ပြီး နေရာစီစဥ်ပေးခဲ့တာကိုပင်သွားသတိရမိသည်။
ပြုံးနေမှဖြစ်မယ်။ ကိုယ်တွေကတော့ ကိုယ်တွေမှန်တယ်လို့ထင်တဲ့အတွက် အပြုံးတစ်ခုကိုပဲပန်ဆင်ထားလိုက်မယ်။ နေရာရပြီးနောက်တွင် လေးလံသည့်စိတ်တို့နှင့်သာ စင်ပေါ်ကဖျော်ဖြေမှူမှန်သမျှကို ကြည့်နေလိုက်သည်။
ကျယ်ပြောလှသည့်ကွင်းကြီးထဲမှယ လူတွေကသောင်းချီရှိနေကြသည်။ Lightstick မီးရောင်စုံတွေယိမ်းခါနေကြတာကလညး ထုနဲ့ထည်နဲ့။ Fan Chart အော်သံတွေကမှအစ အသံတွေကိုဟိန်းထွက်နေသည်။ နာမည်ကြီးအဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖျော်ဖြေနေကြသည်။ အားရစရာကောင်းလောက်အောင်ကို ဖျော်ဖြေမှူတွေကရင်သပ်ရှူမောဖွယ်ကောင်းလှသည်။
Artist-K အနေနှင့်လည်း သီချင်းသုံးပုဒ်ဖျော်ဖြေရမည်။
လက်ခုပ်လက်ဝါးတီးရင်း ကိုယ့်အလှည့်ရောက်လာမည်ကိုရင်တထိတ်ထိတ်နဲ့။
သို့နှင့် Artist-K အလှည့်ရောက်ရန်နီးပြီ ဟုဆိုတာကြောင့် စင်နောက်ရောက်လာခဲ့ရလေပြီ။ Outfits တွေလဲ မိတ်ကပ်အနည်းငယ်လိမ်းပြီးသည်နှင့် မန်ဘာတွေစုထိုင်နေလိုက်သည်။
ညီညီ့လိုပဲအားလုံးလည်းကြောက်နေကြမှာ။
"ဒီနေ့ပွဲကို အစ်ကိုဒယ်ဟိုကြည့်နေလောက်လား"
ထယ်ဆော့ကမေးလာသည်။
"ကြည့်နေမှာပေါ့"
"သူမပါရလို့ဝမ်းနည်းနေလောက်လား"
"အာ... ထယ်ဆော့ရာ အဲ့လိုမပြောရဘူးလေ။ ဒီနေ့ပွဲမှာနည်းနည်းလေးတောင်လွဲချော်လို့မဖြစ်ဘူး။ အစ်ကိုကသူမပါတာနဲ့ တို့တွေကောင်းကောင်းမလုပ်နိုင်မှာစိုးနေရှာမှာ။ အစ်ကို့အတွက်တွေးပြီးဖြစ်ဖြစ် ဒီနေ့အကောင်းဆုံးလုပ်လိုက်ရအောင်"
ညီညီ့အားပေးစကားကြောင့် မျက်နှာလေးတွေပြန်မော့လာကြသည်။
တဖြည်းဖြည်း စင်ပေါ်ကအဖွဲ့၏ ဖျော်ဖြေမှုသည် ပြီးဆုံးရန်အချိန် နီးကပ်လာခဲ့သည်။ နီးလာလေလေ ညီညီ့ခေါင်းထဲဝင်လာတာက ဟိုတစ်နေ့ညကအိပ်မက်။
တစ်ကွင်းလုံးကမှောင်မဲနေတာမျိုးဆိုတာ Idol တွေရဲ့ အကြောက်ဆုံးအိပ်မက်ဆိုးပဲ။ ဟင့်အင်း အဲ့လိုဖြစ်စရာတော့မရှိပါဘူး။ ခုနကပဲ ကွင်းကြီးထဲမှာ မီးရောင်စုံတွေအများကြီးမလား။ ကိုယ်အတွေးလွန်အစိုးရိမ်လွန်နေတာပဲဖြစ်မှာပါ။
ဟူး......။
"Artist-K အသင့်ပြင်ထားပါ"
Staff အသံကြားသည်နှင့် ဆတ်ခနဲမတ်တပ်ရပ်မိရင်း စိတ်ဓာတ်တွေကိုတစ်ဆင့်တိုး ရဲဆေးတင်လိုက်သည်။
ရှေ့အဖွဲ့ဆင်းလာလေပြီ။ ညီညီတို့နေရာအသင့်ယူထားလိုက်ပြီ။ စင်အောက်ကနေ အပေါ်ကိုတဖြည်းဖြည်းချင်းတက်သွားမယ့် တစ်ကိုယ်စာ lift stage အသေးလေးပေါ်မှ ငါးယောက်တစ်ပြိုင်တည်းတက်သွားမည်ဖြစ်သည်။
MC ဆီမှ ဖိတ်ခေါ်သံကြားပြီးခဏအကြာတွင် ညီညီတို့ကိုယ်တွေ တဖြည်းဖြည်းမြင့်တက်လာကြသည်။
"Branch" ကို Ballet Drama Version ဖျော်ဖြေမှုနှင့်စတင်မှာဖြစ်သည့်အတွက် တီးလုံးသံအေးအေးလေးကစထွက်လာသည်။
စင်ပေါ်ရောက်လို့ နောက်ကျောပေးအနေအထားကနေ ရှေ့ကိုလှည့်လိုက်လျှင်ပဲ ညီညီခေတ္တကြောင်သွားတော့သည်။
မြင်နေရတာကဘာကြီးလဲဟု မနည်းပြန်ကြည့်ရပြီး လိုက်ရှာမိသည်က ပိုးစုန်းကြူးတွေစုနေသလိုကိုလက်လက်ထနေသည့် မီးရောင်စုံတွေကို။
ဘယ်ရောက်သွားတာလဲ။ ဘာလို့မီးလေးတစ်ခုတောင်ရှိမနေတော့တာလဲ။
ညီညီရောမန်ဘာတွေပါ မျက်နှာမှာသွေးပျက်သွားကြသည်။ စင်ပေါ်မှာ တီးလုံးနှင့်အမီကရင်း ကိုယ့်ရှေ့မှာရှိနေသည့် အမှောင်ထုကြီးက သီချင်းပင်မဆိုနိုင်တော့အောင် လည်ချောင်းထဲအစ်လာစေသည်။
ညီညီဆုတောင်းမပြည့်ခဲ့ပါ။
ချက်ချင်းခေါင်းထဲဝင်လာသည့်အသိက
"Artist -K" Black Ocean ထိခဲ့လေပြီ။
.......
"ဟီး ဟင့် အင်း..."
ညီညီငိုသည်။ ရှိုက်ကြီးတငင်ကိုငိုသည်။ မျက်ရည်တွေဆိုတာ တာရေကျိုးသလိုပဲ ထိန်းမရတော့တာ။
ဝမ်းနည်းလွန်းလို့ ဝမ်းနည်းဖို့ကောင်းလွန်းလို့။
Black Ocean ဆိုတာက Idol တိုင်းရဲ့အိပ်မက်ဆိုးလေ။ Black Ocean တစ်ခါမှမထိဖူးတဲ့အဖွဲ့ဖြစ်ချင်ခဲ့တာ ခုတော့သမိုင်းမှာအစွန်းထင်းခဲ့လေပြီ။
ထိုပွဲကိုသာမတက်ခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ ကိုယ်တွေကိုမုန်းနေတာကို ခုလိုတစ်ကမ္ဘာလုံးသိအောင် ပြလိုက်သလိုဖြစ်မှာမဟုတ်ဘူး။
Lightstick မီးတွေအကုန်ပိတ်ထားသည့်အပြင်ကို နောက်ကျောပေးပြီးတော့ကိုနေနေကြတာ ဘယ်လောက်ရင်နာစရာကောင်းလိုက်လဲ။
ချက်ချင်းစင်ပေါ်ကပြေးဆင်းသွားချင်လောက်အောင်ကို ရင်ထဲမှာဝမ်းနည်းနေခဲ့တာ။ ကိုယ့်ဘဝပျက်ပြီ၊ ကိုယ့်အနာဂတ်ကပျက်သွားပြီ၊ ကိုယ့်ကိုပရိတ်သတ်တွေလက်မခံကြတော့ဘူးဆိုပြီး အတွေးတွေပြုံဝင်နေကာ လူတစ်ကိုယ်လုံးထိတ်လန့်နေမိတော့သည်။
သီချင်းသုံးပုဒ်ကို ဘယ်လိုတောင်ဖျော်ဖြေပြီးသွားလဲမမှတ်မိ။ စင်ပေါ်မှာမျက်ရည်ကျခဲ့မိလားလည်းမသိ။ စင်ပေါ်ကဆင်းလာလာချင်း အိမ်ကိုတန်းပြန်လာခဲ့တာကိုပဲမှတ်မိသည်။ Artist-K
ရသည့်ဆုကိုပင်တက်မယူနိုင်ခဲ့။
တက်ယူလည်း ကိုယ်တွေကိုလက်ခုပ်တီးအားပေးမယ့်သူမပြောနဲ့ ကြည့်နေမယ့်သူမှမရှိတာ။ စင်ပေါ်ကိုတက်ကိုမလာပါစေနဲ့လို့ပဲ ဆုတောင်းနေကြမှာပေါ့။ အရည်အချင်းနဲ့သက်သေပြဖို့ ဒီပွဲအတွက်နဲ့ ရေကုန်ရေခမ်းလေ့ကျင့်လာရတာကိုတောင် ရေစုန်မြောပြီးကြည့်သူမရှိဘဲ ဖျော်ဖြေခဲ့ရတာ ဘယ်သူကဆုရတာကို အထင်ကြီးနေမှာတဲ့လဲ။
ညီညီ့ရင်ထဲစူးအောင့်နေသည်။ အသက်ရှူလိူ့မဝ။ အောင့်အောင့်တက်လာသည်။ ဝင်လေထွက်လေမြန်လာပြီး စူးအောင့်တက်လာရင်းက ညီညီပုံလျက်လဲကျသွားတော့သည်။
"ညီညီ....ညီညီ"
ဇေ့ခေါ်သံက နားထဲမှာ နောက်ဆုံးကြားလိုက်ရသည့်အသံ။ ညီညီလောကကြီးနှင့်ခဏတာအဆက်အသွယ်ပြတ်တောက်သွားတော့သည်။
ပြန်နိုးလာရင် အားလုံးအဆင်ပြေနေပါစေ.....။
........
နှာခေါင်းထဲမှာ ဆေးရုံအနံ့ရနေသည်။ အနံကမပြင်းသော်လည်း အနှောင့်အယှက်တစ်ခုလိူဖြစ်နေ၏။ ထို့ပြင် တစ်စုံတစ်ယောက်က ညီညီ့လက်တွေကိုဆုပ်ကိုင်ထားသည်။ နွေးလိုက်တာ။ ဘယ်သူ့လက်လဲ။
မြင်နေရသမျှ မည်းမှောင်နေပေမယ့် စကားပြောသံလေးတွေ တီးတိုးတီးတိုးလည်းကြားနေရသည်။ လေးငါးယောက်လောက်ပဲရှိမလား။ ဘယ်သူတွေစကားပြောနေကြတာလဲ။ ညီညီခုထိအသိနှင့်လူပြန်မကပ်သေးပေ။
တဖြည်းဖြည်း အသိစိတ်ကပ်လာချိန်တွင်တော့ မျက်လုံးတွေမပွင့်သေးပေမယ့် အကြားအာရုံကတော့ သူ့မိသားစုဝင်မန်ဘာတွေရဲ့အသံမှန်း မှတ်မိလာသည်။
"ညီညီ သတိရပြီလား"
"Hyung...."
"Eagle"
ပွင့်ရုံလောက်ပွင့်နေသည့် မျက်လုံးများဆီကနေ မန်ဘာတွေအားလုံးရောက်နေကြတာကိုမြင်နေရသည်။ ညီညီ့ကိုဝိုင်းကြည့်နေကြတာ။ ညီညီဘာဖြစ်သွားတာလဲ။ နှလုံးနေရာကစူးစူးလေးနာနေသေးပေမယ့် ကြည့်ရတာဆေးရုံရောက်နေတာထင်တယ်။
"သက်သာရဲ့လား"
ဇေကအသံတိုးတိုးလေးနဲ့မေးပြီး နဖူးကဆံသားတွေကို အထက်ကိုဖိသပ်တင်ပေးသည်။ ညီညီခေါင်းလေးငြိမ့်ရုံလောက်သာငြိမ့်ပြ၏။ အသံမထွက်နိုင်သည်မို့။
"ဘာမှစိတ်ပူစရာမရှိဘူးတဲ့၊ အားရှိအောင်အနားယူလိုက်ဦးနော်။ ဦးလေးရော ကိုရီးယားကိုရောက်နေတယ်"
ဇေ့ဆီမှအကြည့်ခွာ၍ မန်ဘာတွေဆီအကြည့်ပြောင်းသည်။ အားလုံးကပြုံးနေကြသည်။ ညီညီသိတယ် သူတို့ဟန်ဆောင်နေကြတာ။ အတင်းဟန်ဆောင်ပြီးပြုံးနေကြတာ။ သူတိူ့အတွင်းစိတ်ထဲမှာညီညီနဲ့ထပ်တူပြိုလဲပြီးထိတ်လန့်နေကြမှာ။ ထိုထဲကတော့ ညီညီကအပျော့ညံ့ဆုံးပေါ့လေ။
"ဘာမှမပူနဲ့ .... အမှန်တရားဆိုတာ တစ်ချိန်မှာပြန်ပေါ်လာပါတယ်။ ငါတို့အတူရှေ့ဆက်ကြရဦးမှာပါ"
"အစ်ကိုတို့ရဲ့လမ်းဆုံးမဟုတ်သေးပါဘူးကွာ။ အားတင်းထား ငါ့ညီ"
"Hyung.... မြန်မြန်နေကောင်းအောင်လုပ်နော်။ ကျွန်တော်လွမ်းလှပြီ"
အားလုံးကိုခေါင်းသာငြိမ့်ပြနိုင်ပါသည်။ နွေးလည်းနွေးထွေးရသည်။ ဒီမိသားစုနဲ့တကယ်ကိုမခွဲချင်မိတာ မှန်သောသစ္စာစကားပါ။ ဒီလိုဝဋ်ဆပ်ရဖို့ဖြစ်လာတယ်လို့ပဲ မှတ်ယူလိုက်ပါသည်။
........
ညီညီ ဆေးရုံကဆင်းလာပြီးကတည်းက အိပ်ရာပေါ်ကနေမဆင်းတာ နှစ်ရက်ပင်ရှိခဲ့ပြီ။ ဘယ်မှလည်းမသွားချင်ဘူး။ ဘာမှလည်းမလုပ်ချင်ဘူး။ စိတ်လည်းမပါဘူး။ နှလုံးနေရာ အောင့်အောင့်နေတာသက်တော့သက်သာပါတယ်။
ဇေကတော့ "Stress များလို့ဖြစ်တာတဲ့"လို့တော့ပြောပါသည်။ တကယ်ဆို ခုချိန်မှာ အဖွဲ့နှစ်နှစ်ပြည့်အတွက် ပြင်ဆင်နေရမှာ။ Artist-K ရဲ့ ပထမဆုံး Concert အတွက် အပြင်းအထန်လေ့ကျင့်နေကြရမှာ။
ခုတော့အချိန်ဇယားတွေအားလုံးဖျက်ထားရသည်။ CEO ဘက်ကလည်း အတင်းပွဲတက်ခိုင်းတာမျိုးမလုပ်တော့ပါ။ မလုပ်မှဘဲ။ သူလည်းသိသွားရောပေါ့။ အမှား အမှန်ထုတ်ရှင်းမှရတော့မည့် အခြေအနေဆိုတာကို။
CEO ဘာတွေတွေးနေလဲမသိပေမယ့် လူကြီးတစ်ယောက်ဖြစ်နေပြီး လူကဲခတ်မကျွမ်းတာကိုအံ့သြမိပါရဲ့။ လူတွေက အီးရောအီးရောနဲ့အကုန်ရောချပြီးမေ့ပစ်ပေးမယ်ထင်လို့လား။ ခုလိုခေတ်မှာပိုလို့တောင်မရတော့တာ။ ခုတော့ သူ့အဖွဲ့ကို ပြည်သူလူထုတစ်ရပ်လုံးက စိတ်ပျက်နေကြောင်း တညီတညာတည်းပြလိုက်တော့ တော်တော်သွေးပျက်သွားပုံပဲ။
နေ့စဥ်နဲ့အမျှ ဝေဖန်တိုက်ခိုက်သည့်မှတ်ချက်တွေတက်နေသလို အိမ်ပြာတော်ထိ အဖွဲ့ကိုဖျက်သိမ်းပေးဖို့တောင်းဆိုကြတဲ့စာတွေလည်း များပြားလာသည်။ ကြာရင် ကိုယ်တွေကိုယုံကြည်ပေးကြတဲ့ ကိုယ့်ဘက်ရှိနေသေးတဲ့လူတွေပါ ကိုယ့်အနားမှာဆက်မရှိကြတော့မှာစိုးသည်။
ညီညီဘာလုပ်သင့်သလဲ။ တစ်ခုခုကိုစောင့်နေကြတာဆိုပေမယ့် ဘာကိုစောင့်နေမိကြမှန်းမသိဘူး။ အချိန်ကိုစောင့်ရအောင်လည်း ဆက်ကြာနေတာနှင့်အမျှ ကိုယ်တွေနစ်နာလေဖြစ်နေမှာ။ အမှန်တရားဆိုတာ အလိုလိုတော့ပေါ်မလာပါ။ လူဖော်မှပေါ်မှာ။
ဖေဖေလည်း သုံးလေးရက်ပဲနေပြီးပြန်သွားသည်။ မေမေဆိုလည်း ကုမ္ပဏီတောင်မသွားဘဲ အနီးကပ်ဂရုစိုက်ပေးသည်။ ကိုနဲ့ကလည်း အဆက်အသွယ်မပြတ်။ ကိုရီးယားထိလိုက်လာမယ်ပြောတာ ညီညီကတားထားလို့။
ဇေလည်းသူ့အနားမှာချည်း နေနေရလို့ အပြင်ခဏထွက်ခိုင်းထားသည်။ ဇေ့ကိုအားလည်းနာမိပါရဲ့။ ဇေ့အပေါ်ကိုပိုကောင်းပေးဦးမှပါလေ။
"တူ.....တူ"
ညီညီသိလိုက်သည်။ ဒါကို့ဆီကဖုန်း။ ကိုင်လိုက်ရင်"လွမ်းနေတာ"ဆိုတာကနေအမြဲအစချီတတ်ကာ ဖုန်းဆက်သည့်အချိန်ကလည်း မှန်မှမှန်။ ကိုနဲ့ဖုန်းပြောနေချိန်ဆို ညီညီ့စိတ်တွေပေါ့နေတတ်ပါသည်။
"အင်း....ကို"
"အသည်းမွချိလေး..... သက်သာပြီလား။ ဒီနေ့ရော ထမင်းကောင်းကောင်းစားရဲ့လား"
"သက်သာပါပြီ။ ထမင်းလည်းကောင်းကောင်းစားပါတယ်။ ကိုရော ဘာလုပ်နေလဲ"
"ညီ့ကိုလွမ်းနေတာလေ.... အဟက် အပိုပြောတာမဟုတ်ဘူး"
ညီညီတို့ ချစ်စကားတွေအများကြီးပြောမိကြသည်။ ရည်းစားသက်တမ်း တစ်လနီးပါးပင်ရှိလာခဲ့ပြီ။ ကိုတင်မဟုတ်ဘဲ သက်နှင်းကပါ အလုပ်မအားသည့်ကြားက ခဏခဏ ဖုန်းဆက်သည်။ မောင်နှမနှစ်ယောက်ဆက်နေတာနဲ့ တဂွမ်ဂွမ်မြည်နေသည့်ဖုန်းသံကို ဇေကအမြင်ကပ်လာပြီဟုပြောသည်။
သက်နှင်းလည်း ညီညီနဲ့အစ်ကို့အကြောင်းသိသေးပုံမပေါ်။ သိရင်တော့ ဘယ်လိုဖြစ်သွားမလဲ သိချင်ပါဘိ။ ဇေ့ကိုလည်းညီညီပြောပြရဦးမှာပါ။ ဇေ့ကိုဖုံးကွယ်မထားချင်ဘူး။ ဇေ့ကိုမပြောပြမိတာကိုပဲ စိတ်မှာမလုံမလဲနဲ့။
ထိုစဥ်ပဲဇေသည်အခန်းထဲဝင်လာလေသည်။ မျက်နှာလေးကရွှင်ပြုံးလို့။ ဖုန်းကိုလက်တစ်ဖက်ကကိုင်လို့ တစ်ခုခုပြဖို့ရှိနေတဲ့ပုံ။
"ဇေ....ဘာလဲ"
"ဖုန်းကို ပြီးအောင်ပြောလိုက်။ ပြီးရင်ဝမ်းသာသတင်းရှိတယ်"
ဝမ်းသာသတင်း.....။ ဒီအချိန်မှာညီညီ့အတွက် ဝမ်းသာသတင်းဆိုတာ မန်ဘာတွေအကြောင်း အမှန်တရားပေါ်တဲ့သတင်းဖြစ်မှရမည်။ မဟုတ်မှ ထိုသတင်းများလား။ ထို့ကြောင့်သိချင်လွန်းလာ၍ အစ်ကို့ကိုခဏခွင့်တောင်းပြီးဖုန်းချလိုက်သည်။
"ဘာသတင်းလဲ"
ဇေက ညီညီ့ဘေးနားရောက်လာပြီး ဖုန်းကိုညီညီ့ကိုပေးသည်။ ဖုန်းမျက်နှာပြင်မှာ ထယ်ဆော့နဲ့ပတ်သတ်သည့်သတင်းတစ်ခု။
"Artist-K အဖွဲ့ဝင် လီထယ်ဆော့ ကျောင်းတွင်းအနိုင့်ကျင့်အဖွဲ့တွင် ပါဝင်ခဲ့သည်ဟူသောသတင်းမှာ အမှားသာဖြစ်...။ လီထယ်ဆော့ နာမည်တူခြင်းသာဖြစ်...။ ပညာရေးဝန်ကြီးဌာနမှ လီထယ်ဆော့၏ ပညာရေးအရည်အချင်းမှတ်တမ်းများကိုစစ်ဆေးခဲ့ရာ အနိုင်ကျင့်မည့်အကျင့်စာရိတ္တဆိုး တစ်စိုးတစ်စိမှမတွေ့ရသည့်အပြင် ဘက်စုံထူးချွန်သောကျောင်းသားတစ်ယောက်သာဖြစ်..."တဲ့။
ညီညီ့ရင်ထဲမှလှိုက်ခနဲပဲ။ အကုန်လုံးရဲ့သတင်းမဟုတ်ပေမယ့် တစ်ယောက်သတင်းရှင်းသွားတာကလည်း ဝမ်းသာစရာပဲလေ။ ပြောပါတယ် တရားကိုနတ်စောင့်ပါတယ်လို့။ ကျန်တဲ့သူတွေရဲ့သတင်းဆိုးတွေလည်း အမြန်ဆုံးပယ်ရှားသွားမှာပါ။
သတင်းကိုမြင်ပြီးပြီးချင်း အစ်ကိုဒယ်ဟိုစီကိုသွားချင်စိတ်ပေါ်လာသည်။ အစ်ကိုက အဆိုးဆုံး Scandal ရင်ဆိုင်နေရတာမလား။ ဆေးအမှုနဲ့ တရားရင်ဆိုင်ရတော့မည့်အတွက် အစ်ကိုအားငယ်နေရှာမှာ။ အနားမှာအဖော်တော့ရှိနေမှ။
ထို့ကြောင့် ဇေ့ကိုအစ်ကိုဒယ်ဟို့ဆီလိုက်ပို့ရန်ပြောတော့ အခန်းတွင်းနှစ်ရက်အောင်းပြီး ပထမဆုံးထွက်သည်မို့ ဇေကလည်းဆန္ဒကိုလိုက်လျောပေးရန်အသင့်ဖြစ်လေသည်။
.......
အစ်ကိုဒယ်ဟို့အိမ်ရောက်တော့ မမျှော်လင့်တာ
နှင့်တန်းကြုံရ၏။ Artist-K တစ်ဖွဲ့လုံးလာဆုံနေတာလေ။ တမင်ချိန်းရင်တောင် ပျက်ချင်ပျက်ဦးမယ် ခုတော့လူစုံတက်စုံ။ ညီညီကတော့နောက်ဆုံးရောက်သူပေါ့။
အဖွဲ့လိုက်ပြန်တွေ့ရတော့လေ ဘယ်လိုဝမ်းသာမိမှန်းမသိဘူး။ တစ်ယောက်တစ်မျိုးစီနဲ့ ရုတ်တရက်ရက်ပိုင်းလောက် ခွဲလိုက်ရတာကို အချိန်တွေ အများကြီးဝေးကွာသွားသလိုပဲခံစားရသည်။ ခုလိုစည်းစည်းလုံးလုံးနဲ့ပြန်မြင်ရတော့ ထင်းစည်းတစ်စည်း ကြိုးပြေနေချိန်မို့ တစ်ချက်လေးတက်နင်းခံရတာနဲ့ အစည်းပျက်သွားရတာဟုတွေးမိသည်။ စည်းချက်သာခိုင်ရင် တက်နင်းရုံမကလို့ တက်ပါခုန်ခုန် ခြေထောက်ပိုင်ရှင်သာ နာကျင်သွားလိမ့်မည်။
"ကျွန်တော်ကနောက်ဆုံးလား"
အစ်ကိုဒယ်ဟိုကြည့်ရတာ ပြုံးရွှင်နေသည်။ အစ်ကို့ အမေနဲ့အဖေကလည်း သူတို့အိမ်မှာလာစုံကြသည့်အတွက် ပြုံးပျော်လို့။
"လာ Eagle လာထိုင်"
အစ်ကိုကထိုင်ခုံနှစ်ခုံယူပေးသည်။
အစ်ကို့အိမ်သည်သိပ်မကြီးပါ။ မိသားစုနှစ်ယောက်အတွက်တော့ကျယ်ဝန်းပေမယ့် ဧည့်သည်များများလာလို့မရသည့်အိမ်မျိုး။ အစ်ကိုပြောဖူးတယ်လေ။ အကြွေးတွေကခုထိဆပ်နေရတုန်းလို့။
အရင်အိမ်ကဒီ့ထက်ပိုသေးပြီးပိုစုတ်ချာသည်။ ပွဲဦးထွက်ပြီး နှစ်နှစ်နီးပါးအတွင်း ရှာနိုင်သမျှငွေနဲ့ အကြွေးတွေ ကြေသင့်သလောက်ကြေစေနိုင်ခဲ့ပြီး အသင့်အတင့်ရှိသောအိမ်တစ်အိမ်ကို ပြောင်းလာနိုင်ခဲ့သည်။ နှစ်နည်းနည်းလောက်ဆို အဖေနဲ့အမေ အိမ်ကောင်းကောင်းနေနိုင်ပြီဖြစ်သည်။
ညီညီတို့ကကူညီပေးချင်တာတောင် အစ်ကိုကမှလက်မခံတာ။ ဒီအိမ်လေးရဖို့ အစ်ကို့မှာ Idol ဖြစ်ပြီးတာတောင် မသုံးနိုင်မဖြုန်းနိုင် ချစ်ခြုတ်စုဆောင်းခဲ့ရတာ။ ဆိုင်မှာသောက်ဖို့ခေါ်ရင်အမြဲငြင်းတတ်သူ၊ သူမရှင်းရပါဘူးပြောလည်း ကိုယ်တွေကိုပင်ပိုက်ဆံမဖြုန်းဖို့ ပြန်ဆုံးမတတ်သူ။
ဒီလိုလူကစျေးကြီးတဲ့ မူးယစ်ဆေးကိုဘယ်ကပိုက်ဆံနဲ့ဝယ်သုံးပါ့မလဲ။ တော်တော်စဥ်းစားဉာဏ်မရှိတာ။
"ဘော်ယား.... ထယ်ဆော့နဲ့ဆိုးချန် ခုထိအဆင်မပြေသေးဘူးလား"
ဆိုးချန်က ထယ်ဆော့ကိုခဏခဏကြည့်ကြည့်နေပြီး ထယ်ဆော့ကရုပ်တည်နဲ့နေနေတာကိုမြင်၍ ညီညီပြောလိုက်ခြင်းပင်။ ထယ်ဆော့တော့ ညီညီ့ကိုစိတ်ဆိုးချင်ဆိုးနေမှာ။
"ရောက်ကတည်းက အဲ့လိုပုံပဲ"
"Hyung .... ပြန်ခေါ်လိုက်ပါတော့။ ဟိုမှာမျက်နှာငယ်လေးနဲ့"
ယောင်းမင်းကဝင်ပြောသည်။ ဆိုးချန်ကြည့်ရတာ တကယ်တောင်းပန်ချင်နေတဲ့ပုံစံလေးနဲ့။
"ဘယ်သူမှစိတ်မဆိုးဘူး။ စိတ်မကောင်းတာပဲရှိတာ။ မယုံပေးကြလို့"
"ထယ်ဆော့ရား..."
"အားရာ...(သိတယ်) ..... ရုတ်တရက်မို့လို့မစဥ်းစားနိုင်ဖြစ်သွားတာရော ကျွန်တော့်ကိုစိတ်ပူလို့ရောဆိုတာသိပါတယ်။ ဒါပေမယ့်ယုံမပေးကြတော့ ကျွန်တော်တကယ်အားငယ်သွားတာ သိလား။ ဝမ်းနည်းသွားတာ။ ငိုတောင်ငိုမိတယ်။ အဲ့အချိန်တုန်းကဆို လောကကြီးမှာခိုးကိုးရာမဲ့သွားသလိုပဲ"
"မီယမ်နဲ.....ထယ်ဆော့"
"ကျွန်တော်တို့အဖွဲ့သတင်းတွေကို မဟုတ်က ဟုတ်ကတွေလုပ်ပြီးတမင်လွှင့်နေသလိုပဲနော် အဲ့လိုမထင်မိကြဘူးလား။ အစဥ်လိုက်ကိုတက်လာတာက တိုက်ဆိုင်မှုသက်သက်တော့မဟုတ်လောက်ဘူး"
ယောင်းမင်းစကားကြောင့် ညီညီတို့အားလုံးတွေးစစဖြစ်သွားသည်။ ဟုတ်သလိုလိုပါပဲ။ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သတင်းတွေတက်လာတာလေ။
ပိုအောင်မြင်တဲ့အဖွဲ့မို့ အတိုက်အခိုက်များတာနားလည်ပေမယ့် ဟုတ်လို့ကျော်ပုတ်လို့ပေါ်လာတဲ့ သတင်းတွေမှမဟုတ်တာ။ မဟုတ်တာကြီးအတင်းကျော် မပုတ်တာကြီးအတင်းပေါ်အောင်ဖော်ထားတဲ့ သတင်းတွေဟာကြီး။
တစ်စုံတစ်ယောက်က ရည်ရွည်ချက်ရှိရှိလုပ်နေတာဟူသည့် အထင်ကမှန်နေသည့် ခံစားမှုရနေသည်။ တစ်ယောက်စီအပူတွေနဲ့ဖြစ်သွားကြတော့ အဖွဲ့လိုက်စုမနေမိကြတော့ဘဲ တကွဲတပြားဖြစ်သွားတာကိုလိုချင်တာများလား။ ဒါဆိုဘယ်သူလုပ်တာဖြစ်မလဲ။ ဒီလိုလုပ်ခြင်းဖြင့် ဘယ်သူအကျိုးအမြတ်အများဆုံးရသွားတာဖြစ်မလဲ။ ဘယ်သူအပျော်ဆုံးဖြစ်မလဲ။
စုံစုံလင်လင် ခေါင်းချင်ဆိုင်မိကြပြီဖြစ်သည့်အတွက် အဖြေတစ်ခုကတော့ထွက်လာရမည်သာ။
"ဒါနဲ့ အစ်ကို့ပုံတွေက ကျွန်တော်တို့နဲ့မတွေ့ခင်တုန်းကပုံတွေမလား။ ဘယ်သူရိုက်တာလဲ"
ဇေ မေးမှ အားလုံးသတိထားမိလာကြသည်။ မေးခွန်းချက်ကောင်းကိုစဥ်းစားမိသည့် ဇေ့ကိုကျေးဇူးတင်မိသွားသည်။ ခိုးရိုက်ခံထားရတဲ့ပုံတွေမဟုတ်။ အစ်ကိုရှေ့တည့်တည့်မှာဖလက်ရှ်မီးဖွင့်ပြီး ရိုက်ထားတာ။ ရိုက်တဲ့သူကိုအစ်ကိုသိရမယ်။ ရိုက်တဲ့သူနဲ့ဆက်စပ်နေနိုင်တယ်။
အစ်ကိုသည်ခုနကနဲ့မတူတော့။ ခေါင်းငုံ့လျက်မှိုင်နေသည်။ အစ်ကိုသေချာပေါက်သိနေတာပဲ။
"ဘယ်သူလဲ.... အစ်ကို ပြောပြပါ"
"ယူရောပဲ"
"ဟမ်...."
ညီညီတို့ခေတ္တကြောင်သွားသည်။ ယူရော....ယူရော။ ဟုတ်တယ် သူဖြစ်နိုင်တယ်။ ချောင်ဟီးနဲ့သူ့ကိစ္စပြီးနောက်ပိုင်းမှ ကောလဟာလ ကိစ္စတွေစဖြစ်တာဆိုတော့ သေချာပေါက်သူပဲ။
"အဲ့ပုံတွေကသူ့ဆီမှာပဲရှိတာ။ အဲ့တုန်းကအမေနေမကောင်းလို့ ဝယ်ထားတဲ့ဆေးမှုန့်ထုပ်ကိုထုတ်ကြည့်နေတုန်း လာရိုက်သွားတာ။ ခုလိုဖြစ်လာလိမ့်မယ်လို့မထင်ဘူး"
"တောက်စ်..... သေချာပေါက်သူပဲ။ ပါပါရာဇီတွေဆီကိုသူပဲသတင်းပေးလိုက်တာ သေကိုသေချာတယ်"
"တွေ့မယ်"
"ဟို...အရမ်းမလုပ်ကြပါနဲ့။ သေလည်းမသေချာပါဘူး။ သူ့ဘာသာပြီးသွားမှာပါ။ ထားလိုက်ကြပါတော့"
"ကျွန်တော်ကတော့မထားနိုင်ဘူးအစ်ကို။ ကျွန်တော့်မှာအကြံရှိတယ်။ ဘယ်သူမှထိခိုက်အောင်မလုပ်ပါဘူး။ ကျွန်တော် အာမခံတယ်"
ညီညီ့ဆီကို မန်ဘာအပါအဝင် ဇေရော အစ်ကို့မိဘတွေကပါအာရုံရောက်လာကြသည်။ လေလှိုင်းထဲကအတင်း လေနဲ့ပဲပြန်လွှင့်ပစ်ရမှာပေါ့။
"ဘယ်လိုနည်းလဲ"
ညီညီ အစ်ကို့ကို တစ်ခုမေးလိုက်သည်။
"Hyung ဘဝမှန်ကိုလူတွေသိသွားမှာ Hyung ရှက်လား"
..........
#Thurein