ဒီနေ့ ညီညီ ကိုရီးယားကိုပြန်ရမည်။
မပြန်ခင် နောက်ဆုံးလုပ်ဖို့ ကျန်နေသည့်အလုပ်တစ်ခုကျန်သေးသည်။ အစ်ကို့ကိုအဖြေပေးဖို့။
အစ်ကိုကသုံးနှစ်ပြည့်မှပေးပါလို့ နောက်တစ်ခါထပ်ပြောရလောက်အောင် ရင်တွေခုန်နေသည်တဲ့။ ညီညီကတော့ အချိန်ထပ်မဆွဲချင်တော့။
လေဆိပ်ထိအစ်ကိုရောသက်နှင်းရောကလိုက်ပို့ပေးသည်။ ဇေနဲ့သက်နှင်းနဲ့ကို အစ်ကိုနဲ့နှစ်ယောက်တည်းစကားအတူပြောချင်လို့ခဏရှောင်ပေးခိုင်းထားတာမို့ ကားထဲမှာ ညီညီတို့နှစ်ယောက်တည်း။
"ညီ .... ကိုယ်တကယ်ရင်တွေခုန်နေတယ်။ အငြင်းခံရမှာတော့မဟုတ်ဘူးမလားဟင်"
"အဖြေက သုံးနှစ်ကြာတဲ့အထိစဥ်းစားစရာမလိုတော့လို့။ မလိုချင်ဘူးလား"
"လို လိုချင်တာပေါ့။ ဒါ ဒါပေမယ့်...."
"ချစ်တယ်"
"ဟင်"
"ကျွန်တော် အစ်ကို့ကိုချစ်တယ်။ အစ်ကို့ကိုချစ်နေမိပြီ"
သက်ထင်ရင်ထဲမှာ စမ်းရေအေးအေးလေး တသွင်သွင်စီးသွားသလို။ ဘဝမှာ စကားလေးတစ်ခွန်းကြောင့်နဲ့ မင်သက်နေမိလိမ့်မယ်လို့မတွေးခဲ့ဖူးဘူး။ ပျော်တာထက် ပီတိဖြစ်တာ။ ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူကတစ်ထပ်တည်းကျနေတာ ရင်ထဲမှာလှိုက်လှိုက်ပြီးတော့ကိုပျော်ရတာ။
"တကယ်...."
"အင်း"
"ဒ.. ဒါဆို ကိုယ်တို့ကချစ်သူတွေဖြစ်ပြီပေါ့"
"အင်းပေါ့"
"ဟား .... ကိုယ်ပျော်လိုက်တာညီရယ်။ ကိုယ်သိပ်ပျော်တာပဲ။ ညီ့ကိုတကယ်ချစ်တာမို့ ကိုယ့်အချစ်ကိုယုံပေးနော်"
"ယုံလို့ပဲ ချစ်မိသွားတာပေါ့။ တစ်ခုပဲ ညီတို့အကြောင်းကိုလူတွေပြောပြလို့မရသေးတာကိုပဲ။ အစ်ကိုစိတ်အနှောင့်အယှက်..."
"မဖြစ်ဘူး။ လုံးဝမဖြစ်ဘူး။ ကိုယ်နားလည်တာပေါ့။ ညီကခုမှတက်သစ်စ။ Dating သတင်းထွက်ရင်ဘယ်လိုလဲဆိုတာကိုယ်သိပါတယ်။ Public ချပြီးမတွဲရလည်းဘာမှမဖြစ်ဘူး။ Silent တွဲရလည်း ညီက ကိုယ့်ချစ်သူပဲ"
အစ်ကို့စကားထဲက "ကိုယ့်ချစ်သူပဲ"ဆိုတဲ့နေရာမှာ ညီညီသိပ်သဘောကျမိသည်။ ခုဆိုညီညီတို့ ညီအစ်ကိုဆက်ဆံရေးကိုချိုးဖျက်ခဲ့ကြပြီး ဆက်ဆံရေးအသစ်တစ်ခုထူထောင်ခဲ့ကြပြီ။ တရားဝင်မသက်ဆိုင်သေးပေမယ့် နှလုံးသားရေးရာအရသက်ဆိုင်သူတွေဖြစ်သွားကြပြီ။
ညီညီပျော်ပါ၏။ ကိုယ်ချစ်တဲ့လူသားတစ်ယောက်နဲ့လက်တွဲခွင့်ရတာ မပျော်တဲ့ပရိတ်သတ်ရယ်လို့ရှိပါ့မလား။
အစ်ကိုက ညီညီ့လက်ချောင်းတွေကို သူ့လက်ချောင်းတွေနဲ့ယှက်ပြီးတွဲလာသည်။ တစ်ယောက်နဲ့တစ်ယောက် အချစ်အပြည့်ပါတဲ့မျက်လုံးတွေနဲ့ ကြည့်နေမိကြစဥ် နှစ်ဦးစလုံးရင်ခုန်သံအကျယ်ပြိုင်လျက်ရှိကြသည်။
"ညီ ..... အစ်ကိုနမ်းလို့ရမလား"
"နမ်းပြီးပြီလေ"
"ဟင် ဘယ်တုန်းက"
"ဇာတ်ကားရိုက်တုန်းက။ ဟွန့် အသားယူလိုက်တာမှ။ ဇာတ်ညွှန်းထဲနည်းနည်းပဲနမ်းခိုင်းတာကို"
"ဟားဟား"
သက်ထင်အူယားသွားသည်။ တကယ့်ကလေးလေးပါကွာ။ ဟုတ်တယ် သက်ထင် အဲ့အခန်းရိုက်တုန်းကတကယ်စိတ်မရှည်တာ။ လူကိုနမ်းဖို့တွန့်ဆုတ်တွန့်ဆုတ်နဲ့မို့လို့ ကိုယ်ကစပြီးနမ်းပစ်လိုက်တာ။ ထိသွားချင်းမှာကို သက်ထင် အနမ်းတွေမခခွာချင်တော့တာ။ ညီ့နှုတ်ခမ်းလေးကိုထိတွေ့နေရတာကို သဘောကျပြီး လူတွေရှေ့ဆိုတာလည်းမေ့ပြီး ရတဲ့အချိန်လေးရသလောက်ယူမိခဲ့တာ။
အဟက် ဒါကမကျေနပ်စရာဖြစ်နေတာလား။ ဒါတောင် ဒီကကောင်ကဉာဏ်နီဉာဏ်နက်ထုတ်ဦးမလို့။ နမ်းပြီးခါနီးမှ အမှားလုပ်လိုက်ရင် အဲ့အခန်းပြန်ရိုက်ရမယ်လေ။ အဲ့ကျပြန်နမ်းပေါ့။
အဟက် သနားလို့ သနားလို့။
"အဲ့တော့ကိုယ့်ကိုပေးမနမ်းဘူးပေါ့"
"မဟုတ်ပါဘူး..... ကျွန်တော်လည်း ကို့ကိုနမ်းရတာကြိုက်တယ်။ ပေးလည်းနမ်းမယ် ကျွန်တော်ကလည်းစနမ်းမယ် ကိိုသာနမ်းချင်တယ်ဆို အချိန်မရွေးနမ်းလို့ရတယ် "
သူ့ဘာသာပြောပြီး ရှက်သွားတာ။ သက်ထင်ဘယ်လိုမှထိန်းချုပ်မထားနိုင်လောက်အောင်ကို အူအသည်းတွေယားနေပြီ။ တစ်ဖက်လှည့်သွားတဲ့ပုံခုံးလေးကိူဆွဲလှည့်ပြီး ခေါင်းနောက်ဖက်ကိုလက်ဖဝါး နှစ်ဖက်နဲ့ထိန်းလို့ ကိုယ့်ဘက်ဆွဲယူပစ်လိုက်သည်။
နှုတ်ခမ်းချင်းနှစ်ခုထိကပ်သွားကြပြီ။
လိုလားသောအနမ်း ရင်ခုန်သောအနမ်း ဖြစ်ပြီး ချစ်သူဘဝရဲ့ပထမဆုံးအနမ်းပင်ဖြစ်လေသည်။ နမ်းမဝလိုက်တာ။ နှုတ်ခမ်းလေးကချိုလိုက်တာ။ ထိကပ်ရတာကိုသဘောကျလိုက်တာ။ သက်ထင်ရင်ထဲမှာခံစားချက်တွေတစ်ခုပြီးတစ်ခုထပ်ထပ်တိုးလာနေတော့သည်။
အချိန်ကြာမြင့်စွာ နမ်းရှိုက်ပြီးသည့်နောက်မှာ မျက်နှာနှစ်ခုပြန်ခွာလိုက်ကြသည်။ လေယာဉ်ချိန်နီးပြီလေ။
"ခုနက ကိုယ့်ကိုဘယ်လိုခေါ်လိုက်တာ ပြန်ခေါ်ပေးဦး"
"ကိုလို့ခေါ်တာလေ။ မကြိုက်ဘူးလား"
"ကြိုက်လို့ပြန်ခေါ်ပေးခိုင်းတာပေါ့ အသည်းမွချိလေးရဲ့။ အရင်ကတော့ကြောက်လှပါချည်ရဲ့ဆိုပြီး ခုချစ်သူဖြစ်ကာမှဟိန်းလားဟောက်လားနဲ့ မပြောရဲတာကိုမရှိဘူး"
"အဟင်း....ကို ကို ကို ရပြီလား"
"အာကွာ....မခွဲချင်တော့ဘူး။ ခုမှ ချစ်သူဖြစ်ပြီးကာစပူပူနွေးနွေးကို ခွဲရတော့မယ်"
"ဖုန်းနဲ့အမြဲတမ်းပြောကြမယ်လေ"
"လူချင်းတွေ့ရတာလောက်အလွမ်းပြေပါ့မလား"
"အာ့ဆို ကိုပဲခဏခဏလာခဲ့ပေါ့"
"အင်း....ကိုယ်ပဲကိုရီးယားကိုခဏခဏလာခဲ့မယ်။ ချစ်တယ်....ညီ"
အကို့အသံကတမြတ်တနိုးလေး။
"ချစ်တယ် ကို"
ညီညီရင့်ထဲမှာ အချစ်တွေ ပူနွေးသည်းပွတ်ကာလှိုက်နေသည်။ အမှန်တိုင်းဆို အစ်ကို့လိုပဲမခွဲချင်ဘူး။ ချစ်ရသူရဲ့မျက်နှာလေးကိူ ထပ်မြင်ချင်နေသေးတယ်။ ညီညီ့မှာ ညီညီ့ကိုပြန်မြင်ချင်နေမယ့် ပရိတ်သတ်နဲ့ အခက်အခဲရင်ဆိုင်နေရတဲ့မန်ဘာတွေသာရှိနေသေးတဲ့အတွက် ပြန်ကိုပြန်ရမှာ။ ခဏတော့ခွဲကြရမှာပေါ့ ကိုရယ်။
..........
ကိုရီးယားကိုပြန်ရောက်ရောက်ချင်း ကုမ္ပဏီကိုအရင်ဝင်သည်။ မန်ဘာတွေကစတူဒီယိုအခန်းထဲမှာ လေ့ကျင့်နေကြသည်။ တစ်လတောင်ခွဲခဲ့ရသည်မို့ ညီညီ့ကိုလည်းမြင်ရော ဝိုင်းဖက်ကြလေသည်။
"Hyung"
ညီညီ့ကိုပြေးဖက်လာသည့် ယောင်မင်းလေး။ သြော်... ဟော် အတော်လွမ်းသွားပုံပဲ။ ဖုန်းပြောတဲ့အခါ လွမ်းတယ်လို့ကျ တစ်ခွန်းဝင်မပြောဘဲ။
"အရမ်းလွမ်းနေတာ။ သတင်းတွေကြားတယ်မလား။ ချောင်ဟီးလည်းစိတ်ဓာတ်အရမ်းကျနေတယ်"
"ချောင်ဟီးရော ဘယ်မှာလဲ"
"သူ့အိမ်မှာ။ လတ်တလော Activities တွေကနေအနားယူခိုင်းထားတယ်"
"CEO ကရောဘာမှထပ်မပြောဘူးလား"
ထယ်ဆော့ကခေါင်းခါပြသည်။ တစ်ရက်ထပ်တစ်ရက် ဆိုးဆိုးရွားရွားမှတ်ချက်တွေဆက်တိုက်တက်နေတာ။ စာကိုချက်ချင်းထုတ်ရမှာကို သက်သေရှာနေလို့ဆိုတဲ့တစ်ချက်တည်းနဲ့ ငြိမ်နေတာကိုညီညီအားမရပါ။
ဘယ်သူပြောနိုင်မလဲ ချောင်ဟီးရယ် သူ့ကိုပြောထားတဲ့မှတ်ချက်တွေဖတ်မနေဘူးလို့။ ဒီလောက်ဆိုးရွားတာတွေတွေ့ပြီး စိတ်ပင်ပန်းလွန်းလာရင် မတွေးရဲစရာတွေလုပ်လိုက်မှာကိုကြောက်တာ။
ခုကတည်းက CEO က ခေါင်းရှောင်နေရင် နောက်နောင်အဖွဲ့သက်တမ်းရင့်လာလေလေ
ပလစ်ခံရလေလေများဖြစ်မလားမသိ။
"ကျစ် ဘယ်လိုလုပ်မလဲ"
အစ်ကိုဒယ်ဟိုကလည်း ထောင့်လေးမှာငုတ်တုပ်ထိုင်လို့ တစ်နေရာရာကိုမျက်သေနဲ့စိုက်ကြည့်နေသည်။ သူ့ကြောင့်ဖြစ်တာဆိုပြီးဝမ်းနည်းနေတာ။ စိတ်တွေမပေါ့ပါးလိုက်တာ။ ဘာတွေဆက်လုပ်ရမလဲ။
ညီညီလုပ်ပေးနိုင်တာဘာမှမရှိပေ။ မတရားမှုမှန်ရင် အမှန်တရားကတစ်ချိန်ချိန်မှာပေါ်လာမှာလို့ပဲတွေးပြီး စောင့်ရတော့မှာပေါ့။ T - ARA လိုအချိန်မနှောင်းဖို့တော့လိုတာပေါ့။
.........
Artist-K ၏ တစ်ပတ်တာအချိန်ဇယားများသည် အရက်ကထက်ပင်ပိုများလာသည်။ အဖွဲ့ဝင်မစုံမလင်နဲ့ Activities တွေနည်းသမျှနည်းချင်ပါသော်လည်း CEO ၏စေခိုင်းမှူဖြင့် တစ်ပွဲပြီးတစ်ပွဲပတ်သွားနေရသည်။ အဖွဲ့ဝင်တစ်ယောက်ကစိတ်ထိခိုက်နေချိန် ကျန်ငါးယောက်ကမျက်နှာပြောင်တိုက်ပွဲတွေဆက်တိုက်တက်နေရကို လိပ်ပြာမလုံမိ။ ညီညီလည်းမတက်ချင်ပါ။
CEO ဆောလ်၏ မယောင်ရာဆီလူးနေသည့်အဖြစ်ကို မကောင်းတတ်လို့ငြိမ်နေမိခြင်း။
ကောလဟာလကိုမြန်မြန်ဖြေရှင်းပေးရမယ့်အစား ညီညီတို့ကိုချည်း ထိုးလွှတ်နေတာ။
ဤသို့နှင့် မပြီးမပြတ်သေးဘဲတန်းလန်းကြီးရှိနေသည့်သတင်းတစ်ခုသည် အချိန် နောက်တစ်လကူးသွားသည်။ ထိုလထဲတွင် ပွဲအကြီးကြီးတစ်ခုရှိသည်။ Idol အဖွဲ့တွေအားလုံးကို တစ်စုတစ်စည်းတည်းမြင်နိုင်သည့် Festival ပွဲကြီးတစ်ခုမို့ သတင်းထွက်နေသည့် အဖွဲ့ဝင်ပါသည့်အဖွဲ့ဖြစ်နေဦးတော့ ဖန်အခိုင်အမာရှိ အဖွဲ့တစ်ဖွဲ့အနေနှင့် Artist -K သည် မဖြစ်မနေတက်ရောက်ရဖို့ဖြစ်လာသည်။
CEO ကတော့ ချောင်ဟီးကိုပွဲအသေးများတွင် မပါစေသော်လည်း ထိုပွဲကျရင်တော့ သေချာပါရမည်ဟုပြောသည်။ ပရိတ်သတ်ရှေ့မထွက်တာကြာလေ ပရိတ်သတ်ကကိုယ့်ကိုမေ့လေဖြစ်တာကို ညီညီတို့လက်ခံမိကြပြီး အဖွဲ့လိုက်လေ့ကျင့်ရေးတွေပြန်လုပ်ရသည်။ ချောင်ဟီးက ဖန်တွေကိူ မျက်နှာချင်းပြန်ဆိုင်ရမှာကို စိတ်ပူနေရှာတာ။
"အပြစ်ကျူးလွန်ထားပြီး စင်ပေါ်အရှက်မရှိတက်ရဲသေးတယ်"လို့ သူကိုယ်တိုင်ကိုရောအဖွဲ့လိုက်ကိုပါ သိမ်းကျုံးစွပ်စွဲမှာကိုစိုးရိမ်နေတာ။ ညီညီတို့ကလည်း CEO ကိုသာယုံထားလိုက်တာမို့ ပွဲကိုရဲရဲကြီးတက်ဖို့အားပေးရပါသည်။
.........
"ဟင်"
တစ်မှုမပြီးသေး နောက်တစ်မှုထပ်ပေါ်လာ၍ ညီညီခေါင်းနဘမ်းကြီးနေသည်။ ပွဲကနောက်ရက်ထဲဆိုရောက်နေပြီကို Artist -K ၏သတင်းဆိုးကောလဟာလများက အချိန်ကိုက်ထွက်ပေါ်နေသည်။
မထင်ပေါ်မကျော်ကြားသည့် အမည်မသိသတင်းပေ့ချ်တစ်ခုကနေ စပြီး ပျံနှံလာသည့်သတင်းတစ်ခုသည် လေနှင်ရာ မြန်မြန်ဆန်ဆန်ပင်ပျံနှံ့သွားကြကာ အရပ်ရပ်အဖက်ဖက်တွင် Artist-K ကိူပုတ်ခတ်ပြောဆိုကုန်ကြသည်။ အတားအဆီးမရှိသတင်းဖောင်းပွမှုကြောင့် Artist K တစ်ဖွဲ့လုံးမြောင်းထဲရေစုန်မြောလျက်။
"Artist K Leader Kim Dae Ho ဆေးသုံးနေသည့်အထောက်အထားများတွေ့ရဟူသည့် ခေါင်းစဥ်နှင့် ပုံကဟိုးအရင်သင်တန်းသားဘဝတုန်းက ပုံတွေပါပါသည့်သတင်းက ခေါင်းစီးထိပ်ဆုံးတွင်။
"အစ်ကိုဒယ်ဟို့ကိုရဲတွေဖမ်းသွားတယ်"ဟု ထယ်ဆော့ကဖုန်းဆက်၍ ညီညီ ခေါင်းမီးတောက်မတတ် အပြေးအလွှားလာခဲ့သည်။
ဘာတွေဖြစ်ကုန်တာလဲ။
ချောင်ဟီးကိစ္စတောင်မပြီးသေးတာ အစ်ကို့ကိစ္စကဘယ်ကပါလာရတာလဲ။ ဆေး.....။ အစ်ကို့လိုလူကဆေးသုံးတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာ။ အစ်ကိုကဘယ်ဆေးကိုသုံးမှာတဲ့လဲ။ ကိုယ်တွေနဲ့မတွေ့ခင်အချိန်တွေမှာ သုံးခဲ့ရင်တော့မပြောတတ်ပေမယ့် ညီညီကတော့အစ်ကို့ကိုယုံတယ်။
ဒါဆို ဘယ်ကနေအဆက်အစပ်မရှိထ ပွထလာတဲ့ သတင်းလဲကွာ။
သတင်းစီးဆင်းမှုက မဟုတ်မကသတင်းဆိုတာနဲ့ မြန်လိုက်တာမှ။ စတုတ္ထမဏ္ဍိုင်ဆိုပြီး တင်ချင်တာတင်လို့ရရိုးလား။ Media Ethic ဆိုတာမျိုးမရှိကြတော့ဘူးလား။ မှန်၏မမှန်၏ အရင်မစစ်ဆေးဘဲ ကိုယ့်သတင်းတစ်ပုဒ် လူဝင်ဖတ်တာများဖို့အတွက်နဲ့ ဟိုလူ့အသုံးချဒီလူ့ခုတုံးလုပ်ပြီး ပေါက်ပန်းလေးဆယ်စာသားတွေနဲ့ လူတွေကိုအနုနည်းနဲ့သတ်နေတာ။
မှတ်ချက်တွေဆိုတာလည်း တန်းစီနေသည်။
"ဒီအဖွဲ့ကစိတ်ပျက်စရာပဲ" "မယုံနိုင်အောင်ပဲ အပျက်တွေချည်းစုနေတဲ့အဖွဲ့လား" "Bully လုပ်တဲ့သူနဲ့ဆေးခြောက်သုံးတဲ့သူနဲ့ တရားမဝင်အလုပ်လုပ်နေတဲ့သူနဲ့ ... ကျန်သုံးယောက်လည်းစရိုက်တူတွေပဲနေမယ်" "ဒီလိုအဖွဲ့မျိုး Disband ပစ်ရမှာ"တို့လိုမျိုး အဆိုးဆုံးမှတ်ချတ်တွေတောင်ပါသည်။
ထိုမှတ်ချက်တွေကိုဖတ်ပြီး ညီညီတို့စိတ်ဓာတ်တွေထိုးကျသွားသည်။ တစ်ခုခုမှားနေပေမယ့် ဘာမှားသလဲမပြောတတ်ပါ။ ဆိုးချန်ကိစ္စက မှားယွင်းစွပ်စွဲခံရသည့်ကိစ္စတွေပါဟု တရားဝင်ဖြေရှင်းချက်ထုတ်ပြီးတာတောင် အဟုတ်အတင်းလုပ်ပြီး အစစ်ပြန်ပါနေလေသည်။
ခုချိန်ဆို ရဲစခန်းမှာ အစ်ကို့ကိုစစ်မေးနေကြမှာ။ တစ်ယောက်တည်းအထီးကျန်ပြီးစိတ်အားငယ်နေမလား။ ညီငယ်တွေရှေ့မှာတော့ သန်မာချင်ယောင်ဆောင်ပေမယ့် အစ်ကိုဘယ်လောက်ပျော့ညံ့လည်း ညီညီသိသည်။ အစ်ကို့နောက်ပဲလိုက်သွားရမလား။ အစ်ကိုအဆင်ပြေပါရဲ့လား။
"ဟမ်"
"ထယ်ဆော့ရေ ထယ်ဆော့....."
ဆိုးချန်က ဖုန်းကိုကြည့်ရင်းအလန့်တကြားထအော်သည်။ ကိုယ်စီခြောက်ခြားမှုတွေနဲ့ငြိမ်နေကြသည့် ယောင်းမင်းရောညီညီပါ အာရုံပြောင်းကုန်ကြလေသည်။
"ဘာလို့လဲ.... Hyung"
"မင်း ကျောင်းတွင်းအကြမ်းဖက်အဖွဲ့တွေမှာပါခဲ့သေးတာလား"
ဆိုးချန်အသံက ခပ်ဆတ်ဆတ်။ သည်းနေတဲ့မိုးလို ဒေါသမာန်တွေပါနေပြီး ထယ်ဆော့ပခုံးနှစ်ဖက်ကိုတင်းကြပ်စွာကိုင်လှုပ်လျက်မေးလေ၏။
"ဟင့်အင်း ကျွန်တော်ကဘာလို့ပါရမှာလဲ"
"မှန်မှန်ဖြေနော်....မင်းတကယ်မပါခဲ့ဘူးလား"
"ဆိုးချန် ဘာဖြစ်လို့လဲ"
"ကျွန်တော်မလိမ်ပါဘူး။ Hyung က မယုံဘူးလား။ ကျွန်တော်တကယ်မပါခဲ့ပါဘူး"
"မပါခဲ့ဘူးဆိုရင် ဒီသတင်းတွေတက်လာမလားကွ"
ထယ်ဆော့မျက်နှာရှေ့တည့်တည့်မှာ လင်းနေတဲ့ဖုန်းမျက်နှာပြင်။ သတင်း။ ဘာသတင်းလဲ။
မဟုတ်မှ နောက်ထပ်သတင်းလား။ ဆိုးချန်ပြောနေတဲ့အကြောင်းအရာတွေနဲ့ပတ်သတ်တဲ့သတင်းလား။ ညီညီကပင်ဖုန်းဖြတ်လုကြည့်လိုက်သောအခါ နေရာမှာတင်မူးမေ့ချင်သွားသည်။
"လတ်တလောမကောင်းသတင်းထွက်နေသည့် Artist-K အဖွဲ့မှ အဖွဲ့ဝင်လီထယ်ဆော့သည် ကျောင်းတွင်းအကြမ်းဖက်မှုပြစ်မှူတစ်ခုရှိနေခဲ့။ နစ်နာသူ၏ခေါင်းအား အုတ်ခဲကျိုးဖြင့်ထုရိုက်ခဲ့ခြင်းဟုသိရ"တဲ့။
မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ ဒီသတင်းကလုံးဝအမှန် မဟုတ်ဘူး။ ထယ်ဆော့ကအဲ့လောက်အသည်းမာတဲ့သူမဟုတ်ပါဘူး။ အုတ်ခဲကျိုးလိုဟာမျိုးနဲ့ သူများခေါင်းကိုရိုက်ဝံ့တဲ့သူမဟုတ်ပါဘူး။
ဘာလို့နောက်တစ်ယောက်သတင်းတွေထပ်တက်လာရပြန်တာလဲ။ ထယ်ဆော့မှမဟုတ်ဘူး။ ချောင်ဟီးကိုလည်းယုံတယ်။ အစ်ကိုဒယ်ဟိုကိုလည်းယုံတယ်။ အားလုံးကိုယုံတယ်။ အနုပညာလမ်းကိုလျှောက်ရင် ဝေဖန်တိုက်ခိုက်မှုဆိုတာကိူအမြဲနှလုံးသွင်းထားတာမို့ ကြံ့ကြံ့ခံနိုင်ခဲ့မယ်ထင်သော်လည်း ခုလိုကြီးပြုံကျလာမယ်လို့ဘယ်သူကတွေးထားမိမှာလဲ။ သူတို့အဖွဲ့ရဲ့နောက်ဆုံးချိန်မို့ ခုလိုပြင်းပြင်းထန်ထန်ကြုံနေရသည်ဟုခံစားမိကာ ညီညီမျက်ရည်တွေကျလာတော့သည်။
နောက်ဆုံးအချိန်မဖြစ်ရဘူး။ စောသေးတယ်လေ။
"Hyung.....ဒါအမှန်မဟုတ်ပါဘူး။ ကျွန်တော်မဟုတ်ဘူးလို့။ ခေါင်းစဥ်မှာကျွန်တော့်နာ့မည်တပ်ထားပေမယ့် ကျွန်တော်မဟုတ်ဘူးလို့"
ထယ်ဆော့လေးက ငိုနေသည်။ ညီညီငိုနေတာမြင်ပြီး ညီညီ့ဘက်လှည့်လိုက် ဆိုးချန်ဘက်လှည့်လိုက် တလှည့်စီရှင်းပြနေရှာတာ။ ထယ့်ဆော့ကိုအကြွင်းမဲ့ယုံပါသည်။ ဒါပေမယ့်ခုချိန်မှာ ညီညီတို့ဘာမှမလုပ်နိုင်။ အဖွဲ့ဝင်သုံးယောက်သတင်းတွေပြုံတက်လာချိန်မှာ ခေါင်းထဲအကြောင်းအရာတွေ ပြုံတိုးနေကြ၍ ထိန်းမရစွာနဲ့ကိုငိုကြွေးနေမိတော့ ထယ်ဆော့အထင်လွဲသွားလေသည်။
"တစ်ယောက်မှလည်းမယုံပေးကြဘူး။ ကျွန်တော်မလုပ်ခဲ့ပါဘူးဆိုတာကို။ သူများတွေမယုံချင်နေ အစ်ကိုတို့ကတော့ယုံပေးရမယ်မလား"
ထယ်ဆော့သည်အခန်းထဲကနေထွက်သွားသည်။ "ယုံပါတယ်"လို့တစ်ခွန်းပြောပေးလိုက်ရမှာပေမယ့် နောက်ကျသွားပြီ။ ဆိုးချန်ကိုလည်းအပြစ်မမြင်။ သူလည်းထူပူနေမှာ။ ထယ်ဆော့သတင်းမြင်ပြီး စိုးရိမ်စိတ်နဲ့စစ်မေးမေးရင်းဒေါသပါသွားတာကိုလည်း ညီညီနားလည်သည်။
ဖြစ်ခဲ့တာတွေကိုအမီလိုက်ရင်း အကြီးဖြစ်သူတွေတစ်ယောက်ပြီးတစ်ယောက် အဖြိုခံလိုက်နေရတာကိုကြားရပြီးအားပျက်နေတဲ့ ယောင်မင်းအသိစိတ်လွတ်နေတာကိုနားလည်သည်။ ခုတော့အခန်းထဲမှာ သုံးယောက်သာကျန်သည်။ သုဲးယောက်စလုံး အကြီးအကျယ်စိတ်ပျက်နေကြသည့်မျက်နှာတွေနဲ့။
ညီညီဘာလုပ်ပေးနိုင်လဲ။ တစ်ခုခုတော့လုပ်စရာရှိမှာပါ။
ထိုစဥ်တံခါးဖွင့်လာပြီး ဇေသည်ဖုန်းပြောလျက်ရှိသည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ နောက်အဲ့လိုမဖြစ်စေရပါဘူး။ သတင်းတွေကိုအမြန်ဆုံးဖြေရှင်းပါ့မယ်။ လက်တွဲတော့ မဖြုတ်...."
"ကျစ်"
တစ်ဖက်ကဖုန်းကိုချသွားတာနေမှာ။ ဇေသည်လည်းမျက်နှာမှာသွေးပျက်နေသည်။
"ဘယ်သူလဲ ဇေ"
"ငါမပြောချင်ဘူး"
"ပြောပါ ဘယ်သူမို့လို့ မင်းကတောင်းပန်နေရတာလဲ"
"ဟင်း.....Artist-K နဲ့လက်တွဲထားတဲ့ကြော်ငြာတွေလေ။ သတင်းတွေကိုတွေ့ပြီး လက်ဆက်မတွဲတော့ဘူးတဲ့။ တရားတောင်စွဲမလို့တဲ့။ ကုမ္ပဏီရှေ့မှာ လူတစ်ချို့ဆန္ဒပြနေကြတယ်။ ခုမြို့ထဲမှာကြော်ငြာပိုစတာတွေဆွဲအဖြုတ်ခံနေရပြီ။ Artist-K ကိုဖျက်သိမ်းဖို့ လက်မှတ်ရေးထိုးကုန်ကြပြီ"
"သြော်...."
ကြားတောင်မကြားဝံတဲ့စကားတွေပါလား။
နောက်ဆက်တွဲကိစ္စတွေက ကြီးသထက်ကြီးလာနေပါသည်။ ဘယ်အခြေအနေအထိဆက်တိုက်သွားနေဦးမည်မသိ။ ညီညီဆက်မတွေးကြည့်ရဲတော့။
ဒီနေရာဟာ လူငယ်ခြောက်ယောက်ရဲ့လမ်းခွဲသာဆိုရင်တော့ အချိန်စောလွန်းပြီး ရေစက်တိုလွန်းတဲ့လမ်းခွဲပင်ဖြစ်လိမ့်မည်။ နာမည်ကြီးစဥ်မှာတော့ အပြိုင်အဆိုင်အလုအယက် အခွင့်အလမ်းတွေအများကြီးပေးပြီး သူတို့ကသာအသင့်တော်ဆုံးပုံစံနဲ့ ကမ်းလှမ်းကြပေမယ့် ခုလိုအခက်အခဲတွေ့နေချိန်ကျ လက်တွဲဖြုတ်လိုက်ကြပါလား။
ပြောတော့ မိတ်ဆွေပါတနာဆို။ ယူံကြည်လို့မှအပ်နှံခဲ့တာမဟုတ်လား။ ကောင်း၏ဆိုး၏အတူဖြတ်ကျော်ရမှာမဟုတ်ဘူးလား။ သံဝေဂရဖို့ကောင်းလိုက်တာ။ အဲ့လောက်အခြေအနေပြင်းထန်နေတာတောင် တုတ်တုတ်မှမလှုပ်တဲ့ CEO ကို ညီညီဒေါသထွက်လာသည်။
ခုပဲသွားမည်။ ဘာအစီအစဥ်ရှိလဲဟု ခုပဲသွားမေးမည်။ဝုန်းခနဲမတ်တပ်ထရပ်ပြီး ညီညီဦးတည်လိုက်သည်က ရုံးခန်းဆီ။ ဇေကလည်း နောက်ကထပ်ကြပ်မကွာလိုက်ပါလာ၏။
အခန်းရှေ့ရောက်ခါနီးတွင် ဇေကရှေ့ကဖြတ်ဝင်ပြီးဟန့်တားလိုက်သည်။
"ဇေ....ဖယ်"
"မင်းဖယ်နေ.... ငါကမန်နေဂျာ။ ငါပြောမယ်"
ဇေသည်ပြတ်သားနေပုံရတာကြောင့် ဇေပြောသည်ကိုသဘောတူလိုက်သည်။ နှစ်ယောက်စလုံးအခန်းထဲဝင်လာချိန်တွင် CEO ဆောလ်သည်စားပွဲပေါ်လက်ထောက်လို့ တစ်ခုခုကိုညစ်နေပုံပေါ်သည်။ ညစ်ရမှာပေါ့။ ညစ်မှလည်းဖြစ်မှာ။
ညီညီတို့ဝင်လာတာတွေ့တော့ ခါးကြီးထောက်ကာ မျက်စောင်းတစ်ချက်နဲ့ကြည့်သည်။
"ဘာကိစ္စလဲ"
"Artist-K နဲ့ပတ်သတ်ပြီး ဖြေရှင်းချက်တစ်ခုခုအမြန်ထုတ်ပေးပါ သူဌေး"
"ခဏစောင့်လိုက်ပါဦး"
"သူဌေး.... အမှားကြာရင်အမှန်ဖြစ်သွားမှာ။ မြန်မြန်ဖြေရှင်းပေးပါ"
"မရှင်းပေးဘူးပြောလို့လား။ အချိန်ခဏစောင့်ခိုင်းတာ။ သွားတော့"
"ဒါဆို ကျွန်တော်တို့ M Countdown ပွဲကိူမတက်တော့ဘူး"
"ဘာကွ။ ဘာလို့မသွားရမှာလဲ။ သွားကိုသွားရမယ်"
သူဌေးကဒေါသတကြီးနှင့် ဆူသည်။
"ခုလိုအခြေအနေမှာပွဲတက်လို့အဆင်မပြေဘူးလေ"
"ဘာလို့မတက်ရမှာလဲ။ တက်ကိုတက်ရမယ်။ မတက်ရက်အပြစ်ပိုရှိကြောင်းပြလိုက်သလိုဖြစ်သွားမှာပေါ့"
"သူဌေး"
ညီညီဝင်ပြောတော့ ညီညီ့ဆီဝေ့ကြည့်လာသည်။ သူဌေးမျက်နှာသည် စိတ်ထွေပြားနေပြီး ခေါင်းရှုပ်နေဟန်ရှိသည်။
"ကျွန်တော်တို့ မတက်ပါရစေနဲ့။ အထင်လွဲအမြင်လွဲကောလဟာလတွေ လုံးလုံးမရှင်းသွားခင်ထိဘယ်ပွဲမှမတက်ပါရစေနဲ့။ အပြစ်ရှိလို့ရှောင်လိုက်တာမဟုတ်ဘဲ အပြစ်မရှိကြောင်းပြဖို့ အချိန်ယူလိုက်တဲ့သဘောပါ"
"ဟွန့်....ကောလဟာလမှာမဟုတ်တာ။ ဘာကိုသက်သေပြချင်နေတာလဲ။ ငါ့ကိုဘာလုပ်ပေးစေချင်နေတာလဲ။ မင်းတို့ကရောဘာလို့ပြဿနာရှာလဲ။ ငါက ငါလုပ်ပေးနိုင်တာအတွက် အကောင်းဆုံးစဥ်းစားနေတာ။ ဟိုမှာကအဖွဲ့ဖျက်သိမ်းဖို့စာတောင်တင်နေကြပြီ။ ငါကရမ်းပြီးစာထုတ်လိုက်လို့ ကောလဟာလတွေကအမှန်ဆိုရင် ဘယ်လိုလုပ်မလဲ။ တောက်စ် ဘယ်လိုလူတွေကိုများ သင်တန်းသားလုပ်ခိုင်းမိခဲ့တာလဲမသိတော့ဘူး"
"ဘာပြောလိုက်တာလဲ။ ဒီမှာသူဌေး။ ကိုယ့်ကလေးတွေကိုယ်မယုံဘူးလား။ အမှားအမှန် ခွဲလည်းမသိသေးဘဲနဲ့ နောင်တရသလိုပြောနေတာ ကြည့်ရသိပ်ရုပ်ဆိုးတယ်နော်"
"ညီညီ"
"ဘာ...."
"ကျွန်တော်တို့က တက်လမ်းအများကြီးရှိတဲ့အဖွဲ့။ ပွဲဦးထွက်ကတည်းကသူများနဲ့မတူဘဲ အောင်မြင်လာတာ။ ယောက်ျားလေး Hit Song တွေရှားသွားတဲ့ခေတ်မှာတောင် တစ်ခေတ်ပြန်ထူနိုင်ခဲ့တဲ့အဖွဲ့။ သူဌေးအတွက်အများကြီးအသုံးချလို့မှ ချောင်ဟီးသတင်းထွက်နေတဲ့ကြားက ခိုင်းစားလို့ကောင်းနေခဲ့တဲ့အဖွဲ့ပါ။ ကျွန်တော်တို့ကို ဆက်ခိုင်းစားဖို့ကာကွယ်ပေးစမ်းပါ။ ခုတော့ သူဌေးကအများကြီးလုပ်ပေးခဲ့သလိူပြောနေတာပဲ။ သူဌေးဘယ်နှစ်ခုများလုပ်ပေးခဲ့လို့လဲ။ သက်သေရှာနေတယ်ဆိုတဲ့တစ်ခုတည်းနဲ့ နောက်ကွယ်မှာ ရှောင်နေတာမဟုတ်ဘူးလား။
ခုလိုအခြေအနေမှာစာတစ်စောင်ထုတ်ပေးရင်တောင် ရနေတာကိုထုတ်မပေးဘဲဟိုလူ့လိုက်အပြစ်ဖို့ဒီလူ့လိုက်အပြစ်ဖို့နဲ့။ ရတယ် .... အမှန်တရားပေါ်လို့ ကျွန်တော်အားလုံးအပြစ်မရှိကြောင်းသက်သေပြနိုင်တဲ့နေ့ ကျွန်တော်တို့နာမည်ကထိပ်ဆုံးမှာပြန်ရောက်နေဦးမှာပဲ။ အဲ့ကျမန်ဘာတွေကိုပြောပြမှာ.....ဒီကုမ္ပဏီကအာပလာလို့"
"မင်းအမေနောက်ခံရှိနေလို့ ဒီစကားတွေပြောထွက်နေတာပေါ့"
"ဟုတ်တယ်။ ဒီကုမ္ပဏီကထွက်ပြီး အမေ့ကုမ္ပဏီကိုသွားမယ်"
"မင်းတို့လိုပြဿနာရှိတဲ့သူတွေနဲ့ စာချုပ်ချုပ်လိမ့်မယ်လို့ထင်နေတာလား။ သားအမိဖြစ်နေရင်တောင်လေ။ မင်းအမေလည်းစီးပွားရေးလုပ်နေတာ။ အဲ့လောက်မကျိန်းသေနဲ့"
"ကျိန်းသေအောင်လုပ်ပြမှာ။ ဒီသတင်းတွေကအမှားတွေဆိုတာ သေချာပေါက်ပေါ်လာမှာ။ အဲ့ကျရင် Artist-K ရဲ့နာမည်ကအရင်ကထက်တဟုန်ထိုးကြီးသွားကြတော့မှာ"
"မရဘူး မင်းတို့တက်ကိုတက်ရမယ်။ မတက်ရင်အဖွဲ့ကို ချက်ချင်း Disband ပစ်မယ်"
သူဌေးသည်မျက်နှာကြီးတင်းခံလျက်ကျန်ခဲ့သည်။ ဇေကအတင်းဆွဲခေါ်လာတာကြောင့် အပြင်ဘက်သို့ပါလာပြီး အိမ်ပြန်ဖို့ဖြစ်လာသည်။
ဘယ်လိုသတ္တိတွေနဲ့ အမြဲလေးစားခဲ့ရတဲ့ စီအီးအိုကိုပင်ပြန်ပြောမိသည်မသိတော့။ ပွဲမတက်ရင် Disband ပစ်မယ်တဲ့။ အချိန်တန်စာချုပ်ပြည့်လို့ အဖွဲ့လိုက် ကုမ္ပဏီကထွက်တာမျိုးကတော်သေးသည်။ ရွှေဇွန်းကိုက်သုံးယောက်ပါသည်မို့ ကိုယ်ထူကိုယ်ထကုမ္ပဏီပိတ်ထောင်ပစ်လိုက်လို့ရသည်။
Disband ပစ်တာကကျ သူ့စီမံမှုအောက်မှာရှိနေသည့်အတွက်ကြောင့် ဖျက်သိမ်းလိုက်ပြီဆိုတာနဲ့ ပြန်ဆုံဖို့ကတရားဥပဒေနဲ့လုပ်ရတော့မှာ။ ကုမ္ပဏီနဲ့ Idol နဲ့ တရားပြိုင်ဖို့ဖြစ်လာခဲ့ရင် လူတွေကဘယ်သူ့ဘက်ကပါမယ်ထင်လဲ။ သေချာပေါက်ကုမ္ပဏီဘက်ကပေါ့။ ကိုယ်တွေအဖွဲ့နာမည်ကမှ မရှင်းလင်းသေးတာ။ ထို့သို့မျက်စိတစ်ဆုံးတွေးလိုက်မှုကြောင့် CEO ၏ ခြိမ်းခြောက်မှုကို စိတ်နာနာနဲ့လက်ခံခဲ့ရသည်။
ညီညီရင်ထဲမွန်းကြပ်နေတာပဲ။ အနားယူဖို့လိုသည်။ အချိန်ယူဖို့လိုသည်။ ဆက်တိုက်ဆိုသလိုရလာသည့်စိတ်ဒဏ်ရာတွေကြောင့် လူတစ်ကိုယ်လုံးနှလုံးတွေအောင့်နေသည်။
"ညီညီ .... အိပ်လိုက်နော်"
ဇေသည်အိပ်ရာတွေပြုပြင်ပေးသည်။ ညီညီ့ရဲ့ ယိုင်နဲ့နဲ့ခန္ဓာကိုယ်ကိုထိန်းပေးပြီး အိပ်ရာပေါ်အသာအယာလှဲစေသည်။
ဇေသည် ညီညီပြောခဲ့သည့်စကားများကို
"မင်းလွန််တယ်"လို့တစ်ခွန်းမပြော။ ညီညီစိတ်အခြေအနေမကောင်းမှန်းသိ၍ အလိုက်သင့်ငြိမ်ငြိမ်လေးနေပေးသည်။ ခုချိန်မှာ တစ်စုံတစ်ယောက်ကဖက်ပြီးနှစ်သိမ့်ပေးရင်တောင် ညီညီ့ရင်ထဲကအစိုင်အခဲတွေပျောက်နိုင်မှာမဟုတ်ပါ။ သို့သော်လည်း အပွေ့အဖက်တစ်ခုခုကိုတော့ တောင့်တမိသား။
ညီညီ့ချစ်ရသူ အစ်ကို့ရင်ခွင်ထဲနေချင်လိုက်တာ။ဒီလိုအချိန်မျိုးမှာ အစ်ကို့ကိုသိပ်လွမ်းမိတာပဲ။ ကိုရေ .... ညီ့ကိုဖုန်းလေးဖြစ်ဖြစ်ဆက်ပါဦး။
ညီညီကိုယ်ပေါ်သို့ ဂွမ်းစောင်ထည်တစ်ခုလွှမ်းလာ၏။ တစ်စုံတစ်ယောက်၏ ဂရုတစိုက်ရှိသည့်အပြုအမူများနှင့် ညီညီသည် နေသားကျနေခဲ့လေပြီ။ ထို့နောက်ခဏငြိမ်သက်သွားပြီးမှ အိပ်ရာအိကျသွားတာခံစားရသည်။
ထိုစဥ်ပဲ ညီညီတောင့်တနေမိသောအရာတစ်ခုကိုရလိုက်သည်။ ဇေကညီညီ့ကိုနောက်ကနေသိုင်းဖက်ထားလေသည်။ သင်တန်သားဘဝ သိပ်မောတဲ့အခါ၊ အရည်အချင်းတိုးတက်မှုပြဖို့ နေမနားညမနားလေ့ကျင့်ပြီးတဲ့အခါ၊ CEO ဆီကအဆူခံရတဲ့အခါ ဇေကအမြဲတမ်းဖက်ပေးခဲ့သည်။
ညီညီတောင့်တသည့်ရင်ခွင်တစ်ခုမဟုတ်သော်ငြား ကို့ရင်ခွင်ထပ်အများကြီးစောပြီး ကို့ရင်ခွင့်နီးပါးနွေးထွေးစေသည်မို့ ထိုနေ့က ညီညီ့ရင်ထဲနွေးထွေးခဲ့ပါသည်။
ထိုနေ့ညက အိပ်မက်မက်ခဲ့သည်။
အဖွဲ့ဝင်ခြောက်ယောက်စလုံးစင်ပေါ်မှာဖျော်ဖြေနေရင်း လူတွေအကုန်ပျောက် တစ်ယောက်မှမရှိတော့ဘဲ တစ်လောကလုံးကအမှောင်အတိဖြစ်သွားတယ်တဲ့လေ....။
သွေးပျက်ဖွယ်ကောင်းလိုက်တဲ့အိပ်မက်ကြီး။
...........
#Thurein
June 24 2022 9:58PM