Ouo linkက လူတိုင်း ဝင်မရတဲ့အတွက် အရင်ဆုံး အပြည့်အစုံ တင်ပေးလိုက်ပါတယ်နော်
***
အဲဒီ့လူက ကျွန်တော့်နားကို ချည်းကပ်လာရင်းကနေ ဦးညွှတ်လိုက်တယ်။
“ငါ တောင်းပန်တာကို လက်ခံပေးပါ မစ္စတာဂီယွန်းဂျယ်။ မင်းက ငယ်သေးတဲ့အတွက် မင်းရဲ့ အုပ်ထိန်းသူဆီကနေ ခွင့်ပြုချက်တောင်းလိုက်တာပါ၊ ဒါပေမဲ့ ကြည့်ရတာ ကျွန်တော်တို့ မှားသွားပြီထင်တယ်”
“…”
“အခု ငါ မင်းနဲ့ စကားပြောပါ့မယ်၊ ဆိုတော့ မင်းအနေနဲ့ ငါတို့ ဒီမှာနေမဲ့အပေါ် စိတ်ထဲထားမလား? ဒါပေမဲ့ မင်းမကြိုက်ဘူးဆိုရင်တော့ ငါတို့ ချက်ချင်းထွက်သွားပေးမှာပါ”
သူ့အပြုအမူတွေအရ သူလိမ်နေတဲ့ပုံတော့ မပေါက်ဘူး။ ဒါပေမဲ့ ကျွန်တော့် ခေါင်းယမ်းလိုက်တယ်၊ ဘာလို့ဆို ကျွန်တော် ဒေါသထွက်နေတာ အရှိန်မသေသေးဘူးလေ။
“မဟုတ်ဘူး…။ ခင်ဗျားတို့ ဒီရောက်နေတာက ကျွန်တော့်အဖေနဲ့ အဖိုးတို့ဆီက ခွင့်ပြုချက်နဲ့လေ၊ အဲဒီ့တော့ ကျွန်တော်က ခင်ဗျားတို့ ထွက်သွားဖို့ မလုပ်နိုင်ပါဘူး။ ခင်ဗျားတို့ စိတ်တိုင်းကျ သွားလာကြပါ”
“ဆာ…။ ကျွန်တော် စိတ်ရင်းနဲ့ တောင်းပန်တာကို လက်ခံပေးပါ”
“လက်မခံနိုင်ပါဘူး”
တောင်းပန်တာကို လက်ခံဖို့ အစကတည်းကမှ အစီအစဉ် မရှိဘဲလေ။ ကျွန်တော်သူ့ကို ရှောင်ထွက်လိုက်ပြီး စင်္ကြံလမ်းဖက် သွားလိုက်တယ်။ ဂီဟျွန်ဂျူးက ကျွန်တော့်နောက်ကနေ ကပ်လိုက်လာပြီး ရယ်ချင်တာကို မအောင့်အီးထားနိုင်တဲ့အတွက် သူမနှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်တယ်။ ကြည့်ရတာ ကျွန်တော် မရှိတုန်း တော်တော်များများက ဖြစ်ပွားသွားတဲ့ပုံပဲ။
“ကျွန်တော် ဗိုက်ဆာတယ်”
“အိုး ဆာပြီလား? ဒါဆို သွားစားကြရအောင်”
သူမက ပြုံးလိုက်ပြီး ကျွန်တော့်ပုခုံးတွေကို သိုင်းဖက်လိုက်တယ်။ ကျွန်တော်တို့ သွားနေတဲ့တလျှောက် ဂျောင်ရီဂျွန်းက တိတ်တဆိတ်ပဲ လိုက်လာတယ်။
ကျွန်တော်တို့ ထမင်းစားခန်းထဲကို ဝင်လာပြီးနောက် ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်တော့ ဥယျာဉ်ထဲက စက်ပစ္စည်းတွေကော၊ သုတေသီတွေကော တစ်ယောက်မှ မမြင်ရတော့ဘူး။ နွားထီးကြီးကလည်း တစ်ယောက်မှ နှောင့်ယှက်မဲ့သူ မရှိတော့ မြက်ခင်းပေါ်မှာ အေးဆေးလှဲနေတယ်။
အခု နှောင့်ယှက်မဲ့သူတွေက ပျောက်ကုန်ပြီဆိုတော့ ကျွန်တော့်အပိုင်းကို လုပ်ရတော့မယ်။
“ကျွန်တော့်မှာ ပြောစရာ ရှိတယ်”
ကျွန်တော့်စကားကြောင့် ဂီဟျွန်ဂျူးက လှည့်ကြည့်လာတယ်။
“ဟအွန်ဆိုးကို ဖုန်းခေါ်လိုက်-“
အဲဒီ့ တစ်ယောက်က ကျွန်တော် ယုံကြည်လို့ ရပါ့မလား? ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ဆက်ပြောလိုက်တယ်။
“ဂွမ်ဂျယ်ဟော့ကိုကောပဲ၊ လူတိုင်း သိထားရမယ်”
ဂီဟျွန်ဂျူးက သူမလုပ်လိုက်မယ်ဆိုကာ ကျွန်တော့်ကို ဧည့်ခန်းမှာ စောင့်နေခိုင်းတယ်။
ကျွန်တော်တို့ ဆိုဖာပေါ် ထိုင်လိုက်တော့ ဂျောင်ရီဂျွန်းက မေးလာတယ်၊ “မင်း အဲဒီ့ဟာ အကြောင်း ပြောတော့မှာလား?”
“ငါသူတို့ကို ပြောပြရမယ်-“
ကျွန်တော်ပြန်ဖြေလိုက်တော့ ဂျောင်ရီဂျွန်းက မကျေနပ်ကြောင်း တုံ့ပြန်တဲ့အနေနဲ့ ဆူပုတ်ပြီး နေနေတယ်။
ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်တွေကို လျှို့ဝှက်ထားသင့်မှန်း သိကြပါတယ်လေ။
“မင်းသိလား… အခြားလူအများကြီးနဲ့ အဲဒီ့ဟာ(မှော်စွမ်းအား ငှားသုံးတာ၊ တစ်နည်း နမ်းတာ) လုပ်တာမျိုးက မကောင်းဘူးနော်”
“အဲဒါက ဘာမကောင်းတာလဲ?”
“ဒီအတိုင်း… ဒီအတိုင်း ငါပြောတာယုံလိုက် ဟုတ်ပြီလား? မင်းနေမကောင်း ဖြစ်နိုင်တာမလို့ အဲဒါက မကောင်းဘူး!”
ဂျောင်ရီဂျွန်းက အဲဒါကြောင့် ကျွန်တော် နေမကောင်းဖြစ်နိုင်တယ်လို့ ပြောတော့ ကျွန်တော် ရယ်လိုက်တယ်။
“ငါက နေမကောင်းဖြစ်လို့ မရမှတော့ ငါမင်းနဲ့လည်း မလုပ်တော့ဘူး”
“နေအုန်း ဘာ?”
ဂျောင်ရီဂျွန်းက ကျွန်တော်ပြောလိုက်တဲ့အပေါ် ကြောင်အ,သွားပြီး ခဏကြာမှ ပြန်ပြောလာတယ်။
“မင်းရဲ့ သွေးအမျိုးအစားက ABနဲ့ ငါက Bသွေးဆိုတော့ ရတယ်”
“ဘာ?”
“ဘာပဲဖြစ်ဖြစ်၊ မင်း ငါနဲ့လုပ်ရင် နေမကောင်းဖြစ်မှာ မဟုတ်ဘူး!”
ဂျောင်ရီဂျွန်းက သူ့အပြောနဲ့သူ ရောကုန်ရင်း အော်ဟစ်နေတော့တယ်။ သူက ကျွန်တော့်လက်ကို ကိုင်လိုက်ရင်း ကျွန်တော် နားလည်ရဲ့လား မေးလာတော့၊ အင်းလို့ပဲ ရိုးရိုးရှင်းရှင်း ခေါင်းငြိမ့်ပြလိုက်တယ်။ အဲဒီ့တော့မှ သူ ကျွန်တော့်လက်ကို လွှတ်ပေးတယ်။
ဂီဟျွန်ဂျူးက သူမလျှာကို ကိုက်ရင်း(တိတ်တဆိတ်နေရင်း) ကျန်တဲ့လူတွေကို ဧည့်ခန်းထဲ ခေါ်လာတယ်။ ဂျောင်ရီဂျွန်း ဒေါသကို ငြိမ်းဖို့ သိပ်ခက်မယ်လို့ ငါထင်ထားတာ။
(T/N : ဂျောင်ရီဂျွန်းက သူ့ကို အလွယ်တကူ လက်လွှတ်လိုက်မယ် မထင်ထားလို့)
“ငါအကုန်လုံးကို ခေါ်လာပြီ”
“ကျေးဇူးပါ၊ အားလုံး ကျေးဇူးပြုပြီး ထိုင်ကြပါ၊ ငါတို့မှာ ပြောပြစရာ ရှိတယ်”
ငယ်ငယ်ရွယ်ရွယ် ကောင်လေးတစ်ယောက်က ကျွန်တော် ပြောပြီးပြီးချင်းမှာပဲ ကျွန်တော့်ဆီ ပြေးလာပြီး တွယ်ကပ်နေတော့တယ်။ ဟဟျွန်ဆိုးက ကျွန်တော့်လက်ကို ကိုင်ပြီး ကျွန်တော့်ကို စစ်ဆေးကြည့်လိုက်တယ်။
“အကုန်လုံး အဆင်ပြေရဲ့လား ကိုကို?”
“ဟုတ်တယ် ယွန်းဂျယ် အဆင်ပြေရဲ့လား?”
“သူတို့တွေက နှစ်ခါတောင် စစ်ဆေးပြီးပါပြီ၊ ဘာပြဿနာမှ မရှိတော့ဘူးတဲ့”
“ဘုရားသခင် ကျေးဇူးတော်ပဲ” ဟဟျွန်ဆိုးက စိတ်သက်သာရာရစွာ ပြုံးရင်း ပြောလိုက်တယ်။
(T/N : မသိရင် ရိုးသားတဲ့ ဖိုးသခွားလေးနော်၊ ဒီပေါက်စက)
“ကျွန်တော်လည်း အထဲလိုက်ဝင်ချင်တာ၊ ဒါပေမဲ့ အစ်ကိုဂျယ်ဟော့တစ်ယောက်ပဲ ဝင်သွားလိုက်နိုင်တာ”
ဟဟျွန်ဆိုး ပြောလိုက်တဲ့ နာမည်ကြောင့် ကျွန်တော် တန့်သွားရတယ်။ ချက်ချင်းပဲ၊ ဂွမ်ဂျယ်ဟော့က ‘မင်းက ဂီယွန်းဂျယ် မဟုတ်ဘူး!!’ဆိုပြီး ကျွန်တော့်လည်ပင်းကို ထိုးဖောက်လိုက်မှာကို ကျွန်တော် ကြောက်သွားတယ်။
ဒီလိုအရှုပ်တွေ ကြားထဲမှာ ပိတ်မိသွားတာတောင် သူ့မျက်နှာအမူအရာ မပြောင်းတာ ဖြစ်နိုင်ရဲ့လား? ကျွန်တော့်မျက်လုံးတွေကို ဂွမ်ဂျယ်ဟော့ဆီ အသာအယာ ရွှေ့လိုက်တယ်။
ကျေးဇူးတင်စရာကောင်းစွာ၊ ဂွမ်ဂျယ်ဟော့က အဲဒီ့လို ငေးငိုင်စရာ အမူအရာမျိုး မရှိဘဲ၊ အဲဒီ့အစား ပုံမှန်အတိုင်း ပြုံးနေတယ်။ သူဘာတွေးနေလဲ ကျွန်တော် လုံးဝမသိဘူး။ အဲဒါက ကြောက်စရာကောင်းတယ်။
“ငါပြောမဲ့စကားက အပြင်လူတွေဆီကို ပျံ့သွားလို့ မရဘူး။”
လူတိုင်းက နေရာယူပြီးတာကို မြင်တဲ့အခါ ကျွန်တော် ပြောလိုက်တယ်။ ကမ္ဘာဂိတ်ပေါက်တွေကို ဘယ်လိုသုံးရမလဲ ဆိုတာနဲ့ ကျွန်တော် ရရှိလာတဲ့ မှော်စွမ်းအားအကြောင်းကို ပြောပြလိုက်တယ်။
ကျွန်တော် ဂိတ်ပေါက်အတွင်းက အခြေအနေတွေကို အကြမ်းဖျင်း ပြောပြလိုက်တယ်၊ ဂျောင်ရီဂျွန်းဖြစ်ဖြစ်၊ ဂွမ်ဂျယ်ဟော့ဖြစ်ဖြစ် ဒီလိုပြောလိုက်တဲ့အပေါ် ထူးဆန်းတယ်လို့ တွေးနေမလား မသိပေမဲ့ သူတို့နှစ်ယောက်လုံး ဘာမှ ဝင်မပြောကြဘူး။
ကျွန်တော် ဂွမ်ဂျယ်ဟော့ကို ကြည့်နေတုန်းက သူ့မှာ တုံ့ပြန်မှု ပြင်းပြင်းထန်ထန် မရှိတာကို မြင်လိုက်ရတဲ့အခါ ကျွန်တော် စိတ်သက်သာရာ ရသွားတယ်။ ဒါပေမဲ့ အခု ကျွန်တော်စကားပြောနေတုန်းတော့ မတတ်နိုင်ပါဘဲနဲ့ နောက်တစ်ကြိမ် ကြောက်စိတ်ဝင်လာရပြန်တယ်။
‘ဘာလို့ဆို ဒါက အစကတည်းကမှ မဖြစ်ခဲ့သင့်တာကိုး’။
ဂီယွန်းဂျယ်က မိုက်မဲလွန်းတယ်(သူ့ကိုယ်သူ ပြန်ပြော)။ အကယ်၍ ဂွမ်ဂျယ်ဟော့ကသာ အနာဂတ်ကနေ လာတဲ့သူဆိုရင် သူက ကျွန်တော့်မှော်စွမ်းအားနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်လာမှာပဲ၊ ဘာလို့ဆို အရင်က ဂီယွန်းဂျယ်ဟာ ဘာမှော်စွမ်းအားမှ မနိုးထလာဘဲ သေသွားရတာလေ။ ဒါကို တွေးမိရင်း ကျွန်တော် ဆက်ပြောလိုက်တယ်။
“ပြီးတော့… ငါ့မှာ မှော်စွမ်းအားတွေ ရှိတယ်”
ဂွမ်ဂျယ်ဟော့နဲ့ အစကတည်းက သိထားတဲ့ ဂျောင်ရီဂျွန်းကလွဲပြီး ကျန်တဲ့လူတွေ အကုန်လုံးက အမျိုးမျိုး တုံ့ပြန်ကြတယ်။
ဂွမ်ဂျယ်ဟော့က အံ့သြသွားလား ဘာလားကိုတော့ ကျွန်တော် မပြောတတ်ဘူး။ သူက နေရာတင် ဒီအတိုင်း ရပ်နေပြီး ပုံမှန်မဟုတ်တဲ့အပြုံးနဲ့ သူ့မျက်နှာက ဝင်းပနေတာပဲ။
“မင်းရဲ့ မှော်စွမ်းအားတွေ တွေ့ပြီပေါ့?”
ဂီဟျွန်ဂျူးကပဲ စမေးလာတယ်။ ကျွန်တော် ဘယ်လောက် အသုံးမကျမှန်း သိနေတဲ့အတွက် ဒါက ပုံမှန်မဟုတ်မှန်း သူမ ခံစားနေရတာပဲ။ သူမက ဒီမှော်စွမ်းအားနဲ့ ပတ်သတ်ပြီး ဘာမှ မသိဘူးလေ၊ အဲဒီ့တော့ မှော်စွမ်းအား တိုင်းတာတဲ့ စက်ကပဲ မတိကျတာလို့ ယူဆလိုက်ရှာတယ်။
“မင်းမှာ ဘာအစွမ်းတွေ ရှိတာလဲ?”
“အခြားမှော်စွမ်းအားရှင်တစ်ယောက်ရဲ့ မှော်စွမ်းအင်တွေကို ငှားသုံးတာ-“
“တကယ်? မင်း ငါ့ရဲ့ မှော်စွမ်းအားကို ငှားသုံးလည်း ရတယ်မလား?”
ဂီဟျွန်ဂျူးက ချက်ချင်းပဲ သူ့မှော်စွမ်းအားကို ကျွန်တော် ငှားသုံးဖို့ လက်ဆန့်တန်းလာတယ်၊ ဒါပေမဲ့ ကျွန်တော်က ဘာမှမလုပ်ဘဲ သူမလက်ကိုပဲ ငုံ့ကြည့်နေတာ မြင်တော့ မျက်နှာထားက ကြောင်တောင်တောင် ဖြစ်လာတယ်။
“မင်း ဘယ်လိုလုပ်မှ ရတာလဲ?”
“ကျွန်တော်တို့ လုပ်ဖို့ လိုတာက-“
“အင်း?”
“အဲဒါက နှုတ်ခမ်းတွေချင်း ထိဖို့-“
“ဘာကြီး?”
“နမ်းရမှာ”
ကျွန်တော် တစ်မျိုးတစ်ဖုံ ရှက်စရာကောင်းတယ်လို့ တွေးမိတဲ့အတွက် ဂီဟျွန်ဂျူးမျက်လုံးတွေထဲကို ကြည့်ဖို့ ခက်နေတယ်။
မဟုတ်ဘူး! ဒါပေါ့ ကျွန်တော် သူမကို နမ်းမယ်လို့ မဆိုလိုဘူးနော်!”
(T/N : မေ့နေမှာစိုးလို့ ဂီဟျွန်ဂျူးက မူလယွန်းဂျယ်ရဲ့ အစ်မနော်)
ကျွန်တော့်မှော်စွမ်းအားက အခြားလူတွေဆီကနေ မှော်စွမ်းအား ငှားတာဖြစ်ကြောင်း ပြောရုံပဲနော်!
ဒါပေမဲ့ ကျွန်တော်ပြောတာ ကြားသွားတဲ့ ဂီဟျွန်ဂျူးက ကြောင်အ,သွားပြီး မျက်နှာ ရှုံ့တွသွားတယ်။
“ငါမင်းကို နမ်းသင့်လား? ငါတို့လေ?”
ကျွန်တော့်မှာ မှော်စွမ်းအား ရှိကြောင်း သူမသိသွားတုန်းက သူမမျက်နှာပေါ်မှာ ‘ဝိုး’ဆိုပြီး ဖြစ်နေတာ ကျွန်တော် သိတယ်လေ။ အကယ်၍ ကျွန်တော်သာ သူမကို လူပုံအလယ် နမ်းရမယ်ဆိုရင် သူမက ကျွန်တော့်ထက် နွားကြီးကိုပဲ ရွေးလောက်တယ်။
ကျွန်တော့်မှော်စွမ်းအားက တကယ် ဟုတ်လား၊ မဟုတ်လားဆိုတဲ့ သူမရဲ့ သိချင်စိတ်တွေက ကျွန်တော့်ကို နမ်းမှရမယ်ဆိုတဲ့အပေါ် ငြင်းဆန်နေမှုထဲမှာ နစ်မြုပ်သွားတယ်။
ဂီဟျွန်ဂျူးရဲ့ တုံ့ပြန်မှုတွေကြောင့် စိတ်ညစ်လာပြီး ကျွန်တော့်ခေါင်းလှည့်လိုက်ချိန် ဟအွန်ဆိုးနဲ့ အကြည့်ချင်းဆုံသွားတယ်။ ဒါပေါ့၊ ကျွန်တော်က ဟအွန်ဆိုးကိုလည်း နမ်းမဲ့ရည်ရွယ်ချက် မရှိပါဘူးနော်၊ ဒါပေမဲ့ သူမက ကျွန်တော့်အကြည့်ကို မြင်ပြီးတော့ သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို တစ်ဖက်လှည့်သွားတယ်။
ရှိတဲ့ အမျိုးသမီးနှစ်ယောက်က ကျွန်တော့်ကို ငြင်းဆန်နေတော့ ကျွန်တော် ခါးသက်သက် ခံစားလိုက်ရတယ်။
‘ဂီယွန်းဂျယ်က ဆွဲဆောင်မှု မရှိတာလည်း မဟုတ်ပါပဲနဲ့-‘
သေချာတာပေါ့! ကျွန်တော့်ရဲ့ ခြောက်ယောက်မြောက်ဝမ်းကွဲ၊ ဂီဟျွန်ဂျူးနဲ့ နမ်းမယ်ဆိုတာမျိုး မရည်ရွယ်ပါဘူးနော်! ဒါပေါ့၊ ဟအွန်ဆိုးနဲ့ ကျွန်တော်နဲ့ တွဲမယ်လို့လည်း တစ်ခါမှ မတွေးဖူးရပါဘူး။
ကျွန်တော့်ရှေ့တင် ပြင်းပြင်းထန်ထန် ငြင်းဆန်နေမှုတွေကို တွေ့လိုက်ရတဲ့အခါ ကျွန်တော့် ယုံကြည်ချက်တွေက လျော့ရဲသွားတယ်။ ကျွန်တော် စိတ်ထဲမှာ အော်မေးလိုက်တယ်၊ ‘ငါက အဲဒီ့လောက်တောင် မထူးခြားဘူးလားဟ?’
အဲဒီ့အချိန်မှာ ကျွန်တော့်ရဲ့ လတ်လတ်ဆတ်ဆတ် ဒဏ်ရာရထားတဲ့ နှလုံးသားကို ကုသပေးမဲ့သူ ပေါ်လာတယ်။
“ဝိုး မိုက်လိုက်တာ ကိုကို! ကျွန်တော့်ဆီကနေကော မှော်စွမ်းအား ငှားလို့ရလား?”
အခုချက်ချင်းကြီး ကျွန်တော် မှော်စွမ်းအား ငှားပြဖို့ဖြစ်သင့်ရဲ့လား?
‘ကျွန်တော် အသွင်ပြောင်းတဲ့အခါ အတူတူ လိုက်ပြောင်းချင်လား?’တဲ့။
ဟဟျွန်ဆိုးက ကျွန်တော်စိတ်ထိခိုက်သွားတာကို သက်သာအောင် လုပ်ပေးနေတော့ ကျွန်တော့်မှာ မျက်ရည်တောင် ကျတော့မလိုပဲ။ ကျွန်တော်နဲ့ ဆန့်ကျင်ဖက်လိင်ကိုတောင် တုံ့ပြန်ဖို့ (နမ်းဖို့) ခက်ခဲနေတာ၊ လိင်တူခြင်းဆို ထားလိုက်တော့လေ၊ ဒါပေမဲ့ ချစ်စရာကောင်းတဲ့ ဟဟျွန်ဆိုးလေးကတော့ ကျွန်တော် စိတ်ပျက်သွားတာကို သတိထားမိသွားပြီး တမင်လုပ်ပြနေတာပဲ။
ချိုလိုက်ခါးလိုက်နဲ့ ကျွန်တော် သူ့ရဲ့ ဆံပင်ခွေခွေလေးတွေကို ဖွလိုက်တယ်။ ကျွန်တော့်သူ့ဆံပင်ကို ဖွနေတော့ ဟဟျွန်ဆိုးက မျက်လုံးတွေ မှေးစင်းသွားပြီး တခစ်ခစ်နဲ့ ရယ်နေတယ်။
“ဒီ… ဂဏန်းပေါက်ကတော့”
“ဘာလို့ ကျွန်တော့်ကို တိုက်ခိုက်နေရတာလဲ အစ်ကိုရီဂျွန်းရဲ့?”
ဒေါသကြီးတဲ့ ဂျောင်ရီဂျွန်းက ဟဟျွန်ဆိုးရဲ့ ချစ်ဖို့ကောင်းနေမှုကို မြင်တဲ့အခါမှာ ရောက်လာပြီး ကောင်လေးရဲ့ ပါးစပ်ထဲကို ပျားရည်သစ်အယ်သီးတွေကို သိပ်ထည့်လိုက်တယ်။
သူတို့နှစ်ယောက်က ကျွန်တော့်အတွက် တိုက်လိုက်ခိုက်လိုက် ဆော့နေကြတာကို ကျွန်တော် ပြုံးကြည့်နေတုန်း ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ အကြည့်တစ်ခုကို ခံစားလိုက်ရတယ်။
ဂွမ်ဂျယ်ဟော့။
ကျွန်တော် ဘာမှ မပြောပါဘူး။
ကျွန်တော်မှ သူ့ကို မကြည့်နိုင်တာ၊ ကျွန်တော့်အကြည့်တွေကို လွှဲလိုက်ပြီး ကျွန်တော့်သွေးကြောတွေလည်း ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေတယ်။ ဂွမ်ဂျယ်ဟော့ ဘာတွေများ တွေးနေမလဲ?
ဆွေးနွေးစရာက ပြီးဆုံးသွားပြီမို့ ကျွန်တော် လူစုခွဲခိုင်းလိုက်တယ်၊ ဟဟျွန်ဆိုးက ကျွန်တော့်ကို မှီကပ်နေရင်း ဂျောင်ရီဂျွန်းက သူ့ကို အနိုင်ကျင့်နေတဲ့ ကြားထဲကနေ သူ့ဆီက ဘယ်အချိန် မှော်စွမ်းအား ငှားမှာလဲဆိုပြီး မေးနေလေရဲ့။
“ငါမင်းကို မမျှပေးနိုင်ဘူး… မဟုတ်သေးဘူး… အရေးပေါ် ဖြစ်နေရင်တော့ ငါမင်းကို နည်းနည်း ကူညီပေးမှာပါ”
ဂီဟျွန်ဂျူးက ကျွန်တော့်ဆီ ချည်းကပ်လာပြီး သူမဘာသာ ပြန်စဉ်းစားပြီးတဲ့နောက် ကျွန်တော့်ကို ပြောလာတယ်။ ဒါပေမဲ့ သူမရဲ့ အသက်အန္တရာယ်ရှိလာတဲ့အခါမှသာ အဲဒီ့လို နည်းနည်း လုပ်ပေးနိုင်မယ်လို့ ပြောပြီး ထွက်သွားတယ်။
သူမက ကျွန်တော့်ကို နမ်းရတာက သေရတာနဲ့ တူညီကြောင်း ပြောသွားတဲ့အပေါ် ကျွန်တော် ပျော်ရမလား?
ဟအွန်ဆိုးကတော့ ကျွန်တော် တစ်ခုခု ပြောမှာကို ကြောက်ပြီး ပုန်းလျှိုးကွယ်လျှိုးနဲ့ ထွက်ပြေးသွားတယ်။ ကျွန်တော် အဲဒါကို မြင်တဲ့အခါ ကျွန်တော် အော်ငိုချင်သွားတယ်။
ဂွမ်ဂျယ်ဟော့ကတော့ လုံးဝကို တစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေတယ်။ ဒီကိစ္စအတွက် ဘာမှပြောစရာမရှိဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်နေတဲ့အတွက် ကျွန်တော့်မှာ စိတ်ပူရလွန်းလို့ ရူးနိုင်တယ်။
ကျွန်တော့်စိတ်ခံစားချက်တွေကို သိမ်းရင်း အခန်းပြန်ပြီး အိပ်မပျော်သွားခင် ခဏနားလိုက်တယ်။ ကျွန်တော် ပြန်နိုးလာတော့ ညသန်းခေါင်ရောက်နေပြီဖြစ်ပြီး ပြတင်းပေါက်အပြင်ဖက်က မှောင်မှိုင်းမှိုင်းကောင်းကင်ယံမှာ လရောင်က လင်းနေပြီး အခန်းထဲဖြာကျနေတာကို ငေးကြည့်နေလိုက်တယ်။
တချို့သော အကြောင်းတွေကြောင့် အဲဒီ့အချိန်မှာ ဂွမ်ဂျယ်ဟော့နဲ့ တွေ့သင့်တယ်လို့ ခံစားရတယ်။
Part – {39} The End~
August 1, 2022
Thanks for reading~
By Ophelia♡。