မေတ္တာ သစ္စာ စိန်ပန်းပြာ
By six6666661998
11.3K 1.2K 133
မြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ... More
အမှာစာ
(၁) Unicode
(၂) Unicode
(၃) Unicode
(၄) Unicode
(၅) Unicode
(၆) Unicode
(၇) Unicode
(၈) Unicode
(၉) Unicode
(၁၀) Unicode
(၁၁) Unicode
(၁၂) Unicode
(၁၃) Unicode
(၁၄) Unicode
(၁၅) Unicode
(၁၆) Unicode
(၁၇) Unicode
(၁၈) Unicode
(၁၉) Unicode
(၂၀) Unicode
(၂၁) Unicode
(၂၂) Unicode
(၂၃) Unicode
(၂၄) Unicode
(၂၅) Unicode
(၂၆) Unicode
(၂၇) Unicode
(၂၈) Unicode
(၂၉) Unicode
(၃၀) Unicode
The End
ကျေးဇူးတင်လွှာ
အမွာစာ Zawgyi
(၁) Zawgyi
(၂) Zawgyi
(၃) Zawgyi
(၄) Zawgyi
(၅) Zawgyi
(၆) Zawgyi
(၇) Zawgyi
(၈) Zawgyi
(၉) Zawgyi
(၁၀) Zawgyi
(၁၁) Zawgyi
(၁၂) Zawgyi
(၁၃) Zawgyi
(၁၄) Zawgyi
(၁၅) Zawgyi
(၁၆) Zawgyi
(၁၇) Zawgyi
(၁၈) Zawgyi
(၁၉) Zawgyi
(၂၀) Zawgyi
(၂၁) Zawgyi
(၂၂) Zawgyi
(၂၃) Zawgyi
(၂၄) Zawgyi
(၂၅) Zawgyi
(၂၆) Zawgyi
(၂၈) Zawgyi
(၂၉) Zawgyi
(၃၀) Zawgyi
The End Zawgyi
ကျေးဇူးတင်လွှာ
(၂၇) Zawgyi
34 1 0
By six6666661998
ဟားးးး ...ကျွန်တော် အနမ်းခံလိုက်ရတယ်။ ကျွန်တော့် ပါးပေါ်ကို အနမ်းခံလိုက်ရတယ်။ ရှန်တစ်ရဲ့ ပါးစပ်နဲ့ ...ကျွန်တော့် ပါးတော့ သူ့အာနံ့တွေ ကူးကုန်တော့မှာပဲ ... အားးး။ ကျွန်တော့်မှာ စနိုးတာဝါအထပ်ထပ်နှင့် ကိုယ့်ပါးကိုယ် ပြန်သုတ်နေမိသည်။
"ဟိတ် ဟိတ် ... သိပ်မသုတ်နဲ့နော် ... စာချုပ်လက်မှတ် ပျက်သွားရင် အသစ်ပြန်ထိုးရမယ် ...အကိုဆရာရေ ... ဟားဟားဟား"
"ဒီလောက် အာပုတ်စော် နံနေတာ။ ဒီတစ်သက် ပျက်မှာမဟုတ်လောက်ဘူး။ သေပါပြီ ... ဒါ အလစ်တိုက်ခိုက်ခြင်းပဲ ... အနုကြမ်း စီးမှုပဲ"
"အဲ့တော့ ဘာဖြစ်လဲ ... ဘာပုဒ်မနဲ့ တရားစွဲမို့လဲ အကိုဆရာက။ ငြင်သာစွာ နမ်းရှိုက်ခံရခြင်း ပုဒ်မလား ... ဟားဟားဟားး ... အကိုဆရာ မကျေနပ်ရင်လည်း ကျွန်တော် လူပုံအလယ် ပြန်တောင်းပန်ပေးမယ်လေ။ "ပါး နမ်းလိုက်မိလို့ တောင်းပန်ပါတယ် အကိုဆရာရေ" ဆိုပြီးတော့ Facebook မှာ Tag တင်လိုက်မယ် ...နော် ... ကြာပါတယ် ... အခုပဲ တောင်းပန်လိုက်တော့မယ် ..."
"ဟားးး ... မလုပ် ... မလုပ်နဲ့လေ ..."
"ဘာတွေ ရှက်နေတုန်း။ သူကျတော့ ညစ်ပတ်တာက လူနဲ့တည့်တယ်တို့ ဘာတို့လျှောက်ပြောပြီး အဲ့ညစ်ပတ်ပတ် ပါးစပ်နဲ့ နမ်းတာကိုပဲ ရွံနေလိုက် ... တော်ပြီ။ ကတိဖျက်လိုက်တော့ ... အာ့ဆိုလည်း ..."
"ဟားး ... မရဘူး ... ပေးပြီး ကတိ မဖျက်ရဘူး ..."
"ဒါဆို အနမ်းခံပြီး ပါးကလည်း ပြန်မပွတ်ရဘူး ... ကျွန်တော့် မေတ္တာငွေ့တွေ ပျက်ကုန်မယ်"
"စကားတွေ တယ် တတ်နေတယ်ပေါ့ ...ကိုရှန်တတ်ရေ"
"တတ်တတ်ပဲ ... ဒါပဲ ... အိပ်တော့မယ်။ ကျေနပ်သွားပြီ။ ဒါနဲ့ အနမ်းပြယ်ရင် ကတိပြယ်တတ်တယ်နော် အကိုဆရာ။ ... လွယ်လွယ်ပေးတဲ့ ကတိမဟုတ်သလို လွယ်လွယ်ပေးတဲ့ အနမ်းလည်းမဟုတ်ဘူး ... တန်ဖိုးထားပါ ... ဟဲဟဲ"
"ဇောက်ကောင်လေးး ..."
ကျွန်တော့် လက်ထဲကိုင်ထားတဲ့ စနိုးတာဝါနှင့်သာ သူ့ကို လှမ်းပစ်ပေါက်လိုက်တော့သည်။ သူကတော့ ပြုံးလျက် ... ခွေအိပ်သွားရှာပြီ။
***
"အီးး အားး ..."
"တစ်ရေးနိုးလာပြီလား ရှန်တစ် ..."
"အင်းးး အွားးး ..."
"ခဏစောင့်အုန်းလေး။ အတင်းမလှည့်နဲ, ... အကိုကူပေးမယ်"
လူနာရှန်တစ်မှာ စိတ်ကလည်း မရှည်။ ဟိုဘက်ဒီဘက်လှည့်တာကအစ အားကုန်သုံးပြီး ရမ်းနေ၏။ ဘယ်ဘက်အခြမ်းကလည်း လုံးဝလှုပ်မရတော့ ညာဘက်ကိုချည်း အားစိုက်သုံးနေရှာသည်။ ကျွန်တော်ကူပေးလိုက်တော့မှ ကျွန်တော့်လည်ပင်းကို လက်တစ်ဖက်နှင့် တွယ်ဖက်ပြီး ကုတင်ပေါ် ထထိုင်လိုက်သည်။ ပြီးတော့ ရေကို ပိုက်နှင့် စုပ်သောက်ရင်းမှ ...
"အကိုဆရာ မအိပ်သေးဘူးလား ... ကျွန်တော်တောင် တရေးနိုးပြီ"
"အင်းး ... ည၈နာရီပဲ ရှိသေးတာ ..."
"အော် ... ကျွန်တော်ဆို မိုးလင်းကတည်းက အိပ်လိုက်စားလိုက်နဲ့ ၇ရေးလောက် ရနေပြီ ... လေ့ကျင့်ခန်းတွေ ဘာတွေမလုပ်ရသေးဘူးလား။ ပျင်းလာပြီ အကိုဆရာရယ် ..."
"ခဏလေး သည်းခံပြီး အနားယူလိုက်ပါအုန်း ... သွေးကြောပေါက်သွားတဲ့နေရာက သွေးခဲ ပြန်ပြုတ်ထွက်မှာစိုးလို့ ငါးရက်လောက် ငြိမ်နေရမယ်တဲ့ ..."
"ဒါဆို မနက်ဖြန်လှုပ်လို့ ရပြီပေါ့ ..."
"သိဘူးလေ ... ဆရာဝန်ကြီး လာမှ မေးကြည့်ပေါ့ ... ဘာလုပ်ဖို့လဲ။ ရှမ်းရိုးရာ အိုးစည်အက ကမို့လား ..."
"က, တတ်ပါဘူး။ ဒါနဲ့ စပျစ်သီးလေး ဘာလေး ခွံ့ကျွေးပါလား"
"ဗိုက်ဆာလို့လား ..."
"ဒီတိုင်း ခွံ့ကျွေးခံချင်လို့ ..."
"ဗိုက်ဆာရင် ဆာတယ်ပေါ့ ..."
"အင်းပါ။ ထားပါတော့ အကိုဆရာရယ် ... မခွံ့ကျွေးချင်လည်း နေတော့"
"ဟားး ... တော်တော် ခက်တဲ့ လူနာပဲ။ အင်းပါ ခွံ့ကျွေးပါ့မယ်။ တော်ကြာ ဗိုက်ဆာပြီး သေသွားမှ လူနာစောင့် အပြစ်ဖြစ်အုန်းမယ် ..."
ဟုတ်တယ်လေ။ ဒီညက ကိုယ်တစ်ယောက်တည်း အိပ်စောင့်ရတာဆိုတော့ အနားမှာ ဘယ်သူမှ မရှိ။ ရှန်တစ်ဦးလေး ဦးစိုင်းသွမ်နဲ့ ဉာဏ်လေးတို့ကလည်း ဆေးရုံဆင်းခွင့်ရတာနဲ့ ရှန်တစ်ကို နိုင်ငံခြား အဆင့်မြင့်ဓာတ်ခွဲခန်းမှာ သွေးသွားစစ်ဖို့၊ လေ့ကျင့်ခန်းတွေ သွားလုပ်ဖို့ကို စုံစမ်းစီစဉ်နေကြသည်။ ဒီတော့ သူတို့ကလည်း မအား။ မြင်းမိုင်က လူတွေကလည်း လမ်းခရီးဝေးတော့ တစ်ရက်ခြားလောက်မှ လာတတ်ကြသည်။ သို့နှင့် ပင်တိုင် လူနာစောင့်မှာ ကျွန်တော်တစ်ယောက်တည်း ရှိလျက်။ ကိုယ့်နှလုံးသားလေးအတွက် ပင်တိုင်လူနာစောင့်လို့ပဲ ပြောရမည်လား မသိ။
တကယ်တော့ ကိုယ်လည်း လွတ်လပ်တဲ့ ဘဝမျိုး ဖြစ်သွားလို့ ဒီလိုဆေးရုံရက်ရှည်စောင့်နေနိုင်တာ။ ဒီလို လွတ်လပ်တယ်ဆိုတာကလည်း ရှန်တစ်ရဲ့ ဆုတောင်းခြင်း ပရိယာယ်နဲ့ ထီပေါက်ခဲ့လို့ လွတ်လပ်တာဆိုတော့ ကျွန်တော်မှ ပင်တိုင်မစောင့်ပေးလျှင် မည်သူ စောင့်သင့်တော့မည်နည်း။
"ဟီးး ဟီးး ... စပျစ်သီးက အစေ့များလိုက်တာ။ အစေ့ မထုတ်ပေးချင်ဘူးလား ..."
"ဝါးပြီး ထုတ်ပေးရမလား ...ဟားဟား ..."
"အော အော့ ... စားချင်စိတ်တောင် ပျောက်တယ်။ ဒီအတိုင်းပဲ ခွံ့ကျွေးပါတော့ အကိုဆရာရယ် ..."
ဒီလိုနှင့် တစ်လုံးချွေလိုက်၊ တစ်ခါခွံ့လိုက်နှင့် တစ်ခိုင်ပြီးတစ်ခိုင် ပြုတ်သွား၏။
"ဒါနဲ့ ဟိုနေ့က အကိုဆရာနဲ့ ကိုဉာဏ်တို့ စကားတွေ တစွန်းတစ ကြားလိုက်တယ် ..."
"ဟုတ်လား။ ဘာတွေ ကြားလိုက်တုန်း ..."
ရှန်တစ်မှာ စပျစ်သီးလုံးလေးတွေ ဝါးလိုက် အစေ့ပြန်ထွေးလိုက် စကားပြောလိုက်နှင့် ပါးစပ်တစ်ပေါက်နှင့် အလုပ်ရှုပ်နေရှာသည်။ ကျွန်တော်နှင့် ဉာဏ်လေးတို့ ပြောတဲ့စကားတွေလည်း ကြားတယ်တဲ့။ အဲ့ဒီအတွက်တော့ စိတ်မပူပါ။ ကိုယ်တွေပြောတဲ့အထဲ သူ့မကောင်းကြောင်းမှ မပါတာ ...
"အကိုဆရာနဲ့ ကိုဉာဏ်တို့က ကျွန်တော့်ကို စွတ်ဆက်သနားနေကြတာလေ။ တကယ်တော့ ကျွန်တော်က သနားစရာ မကောင်းဘူးသိလား။ ... တကယ်ကို သနားစရာ မကောင်းဘူး။ ကျွန်တော် မိဘမဲ့ဖြစ်တာလည်း ကျွန်တော်ကိုယ်တိုင် ဆုတောင်းမှားခဲ့လို့၊ အသုံးမကျခဲ့လို့ဖြစ်တာ။ အဲ့အကြောင်းသာ ပြောပြရရင် အကိုဆရာ ကျွန်တော့်ကို မုန်းသွားနိုင်တယ် ..."
"မမုန်းပါဘူးဗျာ။ ရှန်တစ်လေးကို ဘာလို့မုန်းရမှာလည်း ..."
"တကယ် မမုန်းဘူးလို့ ကတိပေးမှာလား။ အဲ့ဒါဆို ပြောပြမယ်။ ..."
"အင်းး ပေးတယ်။ ရိုးရိုး ကတိပဲ ပေးမယ်နော်။ ဟို စာချုပ်ကတိတော့ ထပ်မပေးတော့ဘူး ..."
"ဟားးး ကွားးး ... ပြီးရော ... ပြီးရော ... မမုန်းရဘူးနော် ..."
"အင်း ... မမုန်းပါဘူးဆိုကွာ ..."
"ပြီးရာ ဒါဆိုပြောပြမယ် ..."
ရှန်တစ်မှာ ကုတင်ပေါ်မှာ ထိုင်ရင်းက အတိတ်က အကြောင်းအရာတစ်ခုကို ပြန်စဉ်းစားရင်း ပြောပြတော့သလိုမျိုး ပြတင်းပေါက်အပြင်ဘက်ကို လှမ်းငေး၏။ ညအမှောင်တွင် အဝေးဘက်တောင်တန်းတွေ၏ အရိပ်မည်းမည်းနောက်ခံနှင့် မရမ်းရင့်ရောင် တိမ်တိုက်ကြီးတွေက ကြီးစိုးလို့။
"ဘရစ်နီရယ် ကိုဉာဏ်ရယ် ပြောဖူးသလောက်တော့ ကျွန်တော်တို့ မိသားစု နောက်ခံ၊ အိမ်ရာဇဝင်တွေ အကိုဆရာလည်း သိပြီးပြီထင်တယ်။ အဲ့တော့ ကျွန်တော့်အဖေအမေ​ ဆုံးတဲ့ အကြောင်းရင်းပဲ ပြောတော့မယ် ..."
ကျွန်တော့်မှာ ရှန်တစ် စကားစ ရပ်သွားလျှင် စပျစ်သီးတစ်လုံး ခွံ့ကျွေးရသည်။ ရှန်တစ်၏ နှုတ်ခမ်းအက်ကွဲကွဲတွေက စပျစ်သီးရောင်လို မရမ်းရင့်ရောင် ဖောက်ချင်ချင်။ ကျွန်တော်ကတော့ ကုတင်ဘေးက ခုံတန်းရှည်တွင် ထိုင်လျက် စပျစ်သီး အညှာချွေရင်း သူနှင့်အတူ ပြတင်းပေါက် အပြင်ကို ငေးကြည့်မိပြန်သည်။ ပြတင်းပေါက် ကားချပ်အတွင်းက ညပန်းချီကားသည်တော့ လ,လည်း မရှိ၊ ကြယ်လည်း မရှိ။ တိမ်တိုက်နှင့် တောင်တန်းသာ ညိုမှောင်လျက်ရှိသည်။
"အဲ့တုန်းက ကျွန်တော် ငယ်သေးတယ်။ လေး၊ ငါးတန်းလောက်ပဲ ရှိသေးမယ်ထင်တယ်။ ငယ်သေးတော့ ပုံပြင်တွေ တအားယုံခဲ့တယ်။ လောကကြီးကို လူကောင်းရယ်၊ လူဆိုးရယ်ဆိုပြီး နှစ်မျိုးတည်းခွဲမြင်တတ်တယ်။ အဲ့လိုခွဲတိုင်းလည်း ကျွန်တော်က လူကောင်းတစ်ယောက် ဖြစ်ချင်သေးတဲ့ အရွယ်ပေါ့။ ငယ်ငယ်တုန်းက ကျွန်တော့်မှာ ခွေးလေးတစ်ကောင်လည်းရှိတယ်။ အကိုမသိပေမယ့် ကျွန်တော် ခွေးအရမ်းချစ်တတ်တယ်။ ခွေးမြင်ရင် မနေနိုင်အောင်ကို ကိုင်တွယ်ပွတ်သပ် ယုယချင်တယ်။ မှတ်မိပါသေးတယ် ... ကျွန်တော့်ခွေးလေးနာမည်ကို ရှန်နှစ်လို့ ပေးခဲ့တာ။ ကျွန်တော်က ရှန်တစ်ဆိုတော့ သူက ရှန်နှစ်။ အင်းခွေးမျိုး ... အကြီးကြီးပဲ ...ချစ်စရာကြီး။ အရမ်းလည်း လိမ္မာတယ်။ ကျွန်တော်မွေးပြီး နောက်တစ်နှစ်မှာ သူ့ကိုမွေးတာဆိုတော့ ကျွန်တော့်ထက် တစ်နှစ်ပဲငယ်တဲ့ ကျွန်တော့်ညီလေးလိုပဲ။ ကျွန်တော်တို့ နှစ်ယောက်ကြား သံယောဇဉ်က နှိုင်းယှဉ်လို့မရဘူး။ ထားပါတော့ ...
အဲ့တုန်းက နွေရာသီပဲ။ ဟုတ်တယ်။ စိန်ပန်းပြာတွေ ဝေချိန်ပေါ့။ နွေရာသီမှာ ... တအားပူတဲ့နှစ်။ အဲ့တာ့ စိန်ပန်းပြာတွေလည်း အကြွေစောတယ်။ အရမ်းပူတော့ အဲ့နှစ်မှာ မြင်းမိုင်က ခွေးတွေ အတော်များများ ခွေးရူးရောဂါဖြစ်ကြတယ်။ သွားရေတမျမျနဲ့ ဟိုလူ့လိုက်ဆွဲ ဒီလူ့လိုက်ဆွဲနဲ့။ ကျွန်တော်ကတော့ အဲ့တုန်းက ငယ်တော့ သေချာမမှတ်မိပါဘူး။ အဲ့ဒီနေ့က မိုးလင်း ကျွန်တော်နိုးလာတော့ ကျွန်တော့်ခွေးလေး ရှန်နှစ် မရှိတော့တာပဲ မှတ်မိတယ်။ သူ့လှောင်အိမ်လည်း မရှိတော့ဘူး။ အိမ်တော်တဝင်းလုံး ပတ်ရှာတော့လည်း မရှိတော့ဘူး။ နောက်တော့မှ ပြန်သိရတာက ကျွန်တော့်ခွေးလေး ရှန်နှစ်လည်း သွားရည်တွေ တမျမျနဲ့ ကိုက်ချင်ဆွဲချင်စိတ်တွေ များနေတယ်ဆိုပြီး အမဲသား အဆိပ်ခတ်ပြီးကျွေးလိုက်တယ်ဆိုတာ သိရတာပဲ။ အဲ့ဒီအမဲသားကို ကျွေးတာက ဘစွမ် ... ကျွေးခိုင်းတာက ကျွန်တော့်အမေတဲ့လေ ...
ကျွန်တော် ဘယ်လောက်ဝမ်းနည်းခဲ့လဲဆိုတာ အကိုဆရာ့ကို ဘယ်လိုပြောပြရမှန်းတောင်မသိဘူး။ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းကောင်း၊ အဖော်မွန်ကောင်းလေးကို မေမေက လုပ်ရက်လိုက်တာလေ။ ကျွန်တော် တော်တော် ဝမ်းနည်းသွားတယ်။ ဒေါသလည်း တအားထွက်တယ်။ အဲ့ဒါနဲ့ ချက်ချင်းပဲ ခရမ်းကုန်းပေါ်တက်သွားပြီး အမေမြချိန်ဆီမှာ ဆုတောင်းလိုက်တာ။ ကျွန်တော့် ခွေးလေး အဆိပ်ခတ်ပြီး သေသလို ကျွန်တော့်ခွေးကို သတ်တဲ့သူတွေလည်း သေကြပါစေဆိုပြီးတော့ပေါ့ ... တန်ဖိုးတစ်ခုအနေနဲ့ကတော့ ကျွန်တော့်တစ်သက်လုံး ဘယ်ခွေးကိုမှ မကိုင်တွယ်တော့ဘူး၊ မယုယတော့ဘူး၊ မမွေးတော့ဘူးဆိုပြီး ကျိန်ဆိုလိုက်တာ။
ဟက် ... ဟက် ... ဟက်။ သိပ်မကြာပါဘူး။ နောက်တစ်ပတ်လည်းနေရော ကျွန်တော့် အမေဆုံးတယ်။ အကောင်းကြီးကနေ ရုတ်တရတ်ကြီး အသက်ရှူကျပ် အမောထဖောက် ပြီးတော့ ဆုံးသွားတာ။ ကျွန်တော့်လိုတောင် ဝက်ရူးပြန်တာ၊ တက်တာမျိုးလည်းမဖြစ်၊ ဝေဒနာလည်း ကြာကြာမခံလိုက်ရဘူး။ အဲ့တုန်းက သမားတော်ကြီး ပြောတာကတော့ အဆိပ်တစ်ခုခု မိတာဖြစ်နိုင်တယ်တဲ့။ အမေကလည်း သုံးဆယ်ကျော်ပဲ ရှိသေးတာဆိုတော့ လူကြီးရောဂါတွေလည်း မဖြစ်နိုင်ဘူးတဲ့လေ။ ဘာပဲဖြစ်ဖြစ် ဆုံးပြီးတဲ့နောက်တော့၊ ဘာရောဂါနဲ့ဆုံးလည်း ဘယ်သူက စိတ်ဝင်စားလို့လည်း။ အဲ့တုန်းက အဖေကတော့ သူ့မိန်းမကို ဘယ်သူအဆိပ်ခတ်တာလည်းဆိုပြီး အစေခံတွေအားလုံးကို မောင်းထုတ် ဆူဆဲတော့တာ။ ကျွန်တော်တောင် အဖေနဲ့ စကားမပြောရဲတော့ဘူး။ အဖေလည်း ကျွန်တော်နဲ့ စကားမပြောတော့ဘူး။ ဒီလိုနဲ့ အဖေလည်း အထီးကျန်ရလို့နဲ့ တူပါတယ်။ အရက်သမားချည်းလုံးလုံးဖြစ်သွားတာ။
အဲ့မတိုင်ခင် ကိစ္စတွေကိုလည်း ပြန်ပြောရအုန်းမယ် ... ဒါမှ အကိုဆရာ ပိုမြင်မှာ။ ဘာလို့ဆို အဖြစ်အပျက်အားလုံးမှာ သံသယရှိရင် အကြောင်းရင်းလည်း ရှိတယ်လေ ...
ပြန်စဉ်းစားရရင် အဘိုးဆုံးပြီး လေးနှစ်လောက်ပဲရှိအုန်းမှာပေါ့။ အဖေက အဘိုးဆုံးပြီး သိပ်မကြာဘူး။ အကိုဆရာ့ ကြီးတော်၊ ဆရာမခင်မေသန်းကို မြင်းမိုင်ဖိတ်ပြီး ဘော်ဒါဖွင့်စားဖို့ အကူညီတောင်းတာ။ ဆရာမ ခင်မေသန်းကလည်း ပင်စင်ယူစ ဆိုတော့ မငြင်းဘူးလေ။ ရတဲ့အလုပ် လုပ်တော့တာ။ ပြောမယ့်သာ ပြောတာ၊ အကိုဆရာ့ ကြီးတော်က စာသင်တာနဲ့ ဆရာကြီးလုပ်တာမှာတော့ ဘုရင်တစ်ပါးပဲ။ ဝါသနာ ဘယ်လောက်တောင် ထုံလာလဲတော့ မသိပါဘူး။
ရောက်တာနဲ့ အလံတိုင်ထူတာ၊ အိမ်တော်ဝင်းအလယ်တည့်တည့်မှာ ပန်းခြံတည်တာကအစ သူပဲ ကြီးကြပ်တာ။ အိမ်တော် အစေခံတွေကလည်း အဖေ့အမိန့်အတိုင်း ဆရာမကြီးခိုင်းတာဆို အကုန်လုပ်ပေးကြတယ်။ အကိုဆရာ့ကြီးတော် ရောက်တုန်းက မှတ်မှတ်ရရ ကျွန်တော် ပထမတန်းပဲ ရှိပါသေးတယ်။ အထက်တန်းပြသင်တဲ့ ဆရာမခင်မေသန်းက ကျွန်တော့်ကို "ဝ"ဆွဲနည်း စနစ်ကျအောင် အရင်ဆုံး သင်ပေးခဲ့တာလေ။ ဝလုံး ဆိုရင် အောက်ကနေ လက်ယာရစ် စ,ဝိုက်တယ်။ အင်္ဂလိပ် အက္ခရာ "အို" (O) ဆိုရင် အပေါ်မှတ်ကနေ လက်ဝဲရစ် ဝိုက်တယ် ... စသည်ဖြင့်ပေါ့ ... အဲ့တုန်းက ဆရာမခင်မေသန်းနဲ့ ကျွန်တော်နဲ့ တည့်သေးတယ်။
မတည့်တာက ကျွန်တော့်အမေ ဆုံးပြီးမှ ... ဘာလို့လည်းဆိုတော့ အကြီးခင်မေသန်းရဲ့ ဘော်ဒါဆောင်ဖွင့်တာကို ကန့်ကွက်တာဆိုလို့ ကျွန်တော့် အမေပဲရှိတာလေ။ အဖေက သူ့ငယ်ဆရာမကို တအားယုံတာ။ အားကိုးတာ။ မြင်းမိုင်အတွက် ပညာရေးအဆင့်မြှင့်စေချင်တာ။ ဒါပေမယ့် အမေက အဲ့လိုမဟုတ်ဘူး။ အဲ့ဆရာမကြီးရောက်ပြီးကတည်းက ကျွန်တော်တို့ သားအမိ ပင်မဆောင်မှာ မနေရတော့ပဲ အစေခံတန်းလျားထက်တောင် အနောက်ကျတဲ့ တောင်ကုန်းဘေးမှာ နေရတော့တယ်ဆိုပြီး ခဏခဏ ပြဿနာလုပ်တော့တာ။ ဟဲဟဲ။ ကျွန်တော်က အမေနဲ့တူတယ်။ ပြဿနာလုပ်တဲ့နေရာမှာ ဝါသနာပါတယ်။ ဘုကလန့်တိုက်ရတာ သိပ်ကြိုက်တယ်။ အဖေကတော့ အေးအေးချမ်းချမ်း သမား။ အဖေနဲ့ အမေကတော့ လိုက်ပါတယ်။ အေးအေးချမ်းချမ်းသမားနဲ့ ဆူဆူပူပူ သမား။ အမေက အဲ့လို ဆူဆူပူပူလုပ်တတ်သမားမို့လို့လည်း ကျွန်တော့်ခွေးကို သတ်ဖို့ ခိုင်းစေတာတောင် ဝန်မလေးခဲ့ဘူး။
ဒါနဲ့ပဲ ကျွန်တော့် ခွေးလေး ရှန်နှစ်လည်း သေ။ အမေလည်း သေတယ်ပေါ့။ ပြဿနာက အမေသေတော့မှ စတာ။ ဘာလို့လည်းဆိုတော့ အမေသေတာ အဆိပ်ခတ် ခံရလို့ဆိုပြီး သမားတော်ကြီးက ပြောသွားတာလေ။ အဲ့တော့ အဲ့အဆိပ်ကို ဘယ်သူခတ်သလဲဆိုတာ ပြဿနာပေါ့။ အများစုကတော့ အမွေလုချင်သေးတဲ့ ဦးလေးသွမ် ခတ်တာလို့ ယူဆကြတယ်။ တချို့ကျပြန်တော့ ကျောင်းအုပ်ဆရာမကြီးက သူ့ကျောင်းပျက်မှာစိုးလို့ ခတ်တာလို့ ထင်ကြေးပေးကြတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဟာ ကျွန်တော် အမေမြချိန်ဆီမှာ ဆုတောင်းလိုက်လို့ ပြည့်တယ်ထင်တာပဲ။ ဒီတော့ ဘာဆက်ဖြစ်လည်းဆိုရင် ကျွန်တော်က ကိုယ့်ကိုကိုယ် အပြစ်တင်ဖို့ကို မေ့သွားပြီး ဦးလေးသွမ်နဲ့ ဆရာမကြီးကိုပဲ အပြစ်တင်တော့တာ။ အဲ့ချိန်မှာ ကိုယ့်ကိုကိုယ် အပြစ်တင်တာဆိုလို့ ကျွန်တော့်အဖေ ဦးစိုင်းရှန်ပဲရှိတယ် ...အဖေကတော့ ဘာမှန်းကို မသိဘူး။ သူ့ဟာသူ အပြစ်တင်လိုက်၊ အရက်နဲ့ မိုးလင်းမျက်နှာသစ်တဲ့အထိ သောက်လိုက်နဲ့။
ကိုယ်ချစ်တဲ့သူ သေရင် ကိုယ့်အပြစ်ကြောင့်ပဲလို့ ယူဆကြတာ ဘာနိယာမလည်းလို့တော့ မပြောတတ်တော့ပါဘူး။ တရားမရှိတဲ့သူတွေရဲ့ နိယာမလို့ပြောပြန်ရင်လည်း အချစ်မရှိတဲ့သူလို့ အပြောခံရအုန်းမယ်။ အောက်ချင်းငှက်တွေလို၊ ရိုမီယို ဂျူးလီးယက်လို ချစ်ကြတယ်ဆိုလည်း ချက်ချင်းလိုက်သေပါလား။ အဲ့လိုလည်း မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် အပြစ်တင်၊ နောင်တတွေ ရှာကြံပြီး အကြီးအကျယ် စိတ်ဒုက္ခဖြစ်။ ဒီလိုနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေးတတ်ကြတာ။
အဖေလည်း အဲ့ဒီလိုပဲ ... အရက်တွေ အလွန်အကျွံသောက်။ ပထမတော့ အဖေ့ကို ကျွန်တော် သနားတယ်။ နောက်တော့ တဖြည်းဖြည်း မုန်းလာတယ်။ အမေ့ကို ဆုံးရှုံးလိုက်ရတာချင်းတူတူ ကျွန်တော့်ကိုရော ပြန်မသနားတော့ဘူးလားဆိုပြီး ပိုမုန်းလာတယ်။ တစ်နှစ်ကြာတော့ အဖေလည်း အမေ့နောက်လိုက်သွားတာပဲ ...
နောက်ဆုံး ကျွန်တော် မိဘမဲ့ဖြစ်တယ်။ လူတွေက ကျွန်တော့်ကို သနားကြတယ်။ ကျွန်တော်ကတော့ အဖေနဲ့ အမေဆုံးလို့ ဝမ်းတောင်မနည်းပါဘူး။ သူတို့ကမှ ကျွန်တော့်ကို မသနားပဲ အစောကြီးစွန့်ခွာသွားခဲ့ကြတာလေ။ ပါးစပ်က ချစ်တယ်၊ ချစ်တယ်ပြောပြီး စွန့်ခွာသွားတာလောက် အဲ့ အချစ်ဆိုတာကြီးကို မယုံတော့တာ ...လုံးဝ မယုံတော့တာ ... "
စိုင်းရှန်တစ်လေးမှာ ပြောရင်းနှင့် မှောင်မိုက်နေသော ပြတင်းအပြင်ဘက်ကို ငေးဆဲ။ အတိတ်ပုံရိပ်တွေကို မြင်ယောင်နေသေးပုံ။ ရှန်တစ်မှာ ဇာတ်လမ်းဆုံးတာတောင် ကျွန်တော့်ဘက်ကို လှည့်မကြည့်သေးပါ ...
သူ့ မျက်နှာ ဟိုဘက်ကို လှည့်ထားပေမယ့်လည်း မျက်ရည်စက်တွေ သူ့မေးမှ တစက်စက်ယိုကျနေတာ ကျွန်တော် မမြင်ပဲရှိမလား။ ကျွန်တော် မြင်လည်း မမြင်ချင်ယောင် ဆောင်လိုက်ပါ၏။
ဝမ်းမနည်းဘူးဟု ပြောနေသော လူတစ်ယောက်၏ စီးကျသော မျက်ရည်စက်တွေသည် ပို၍နာကျင်စရာ ကောင်းလှပါသည်။
ရှန်တစ်မှာ ရုတ်တရတ် သူ့မျက်နှာကို လက်ခုံနှင့်သုတ်လိုက်ပြီး ကျွန်တော့်ဘက်လှည့်ကာ ...
"သြော် ... ဒါနဲ့ ... ကျွန်တော် ငယ်ငယ်က အမေမြချိန်ဆီမှာ ခဏခဏ ဆုတောင်းဖူးတယ်။ ဟိုအရုပ်လိုချင်တယ်၊ ဒီစာမေးပွဲ အဆင့်၁ရချင်တယ်၊ ၂၄အလီကို မကျက်ပဲရချင်တယ် စသဖြင့် ... အကုန်စုံအောင် ဆုတောင်းဖူးတယ်။ တစ်ခါမှ မပြည့်ခဲ့ဘူး။ အဲ့ဒီတစ်ကြိမ်ပဲ ပြည့်သွားတယ် ဆိုပါတော့ ... ကျွန်တော့် အမေ ဆုံးသွားတဲ့ တစ်ကြိမ်ပဲလေ ... နောက်ပိုင်း ကျွန်တော် လုံးဝ ဆုမတောင်းတော့ဘူး။ အကို့အတွက် ထပ်ဆုတောင်းတာက လွဲရင်ပေါ့။ ဘာလို့ဆို ကျွန်တော် အမေမြချိန်ကို အရမ်းကြောက်သွားတယ်လေ ... အမေမြချိန်က တအား ကြေးကြီးပါသလားလို့လည်း မှတ်သွားတယ် ... ပြောရရင် လောကမှာ ကိုယ်လိုချင်တဲ့ အရာတစ်ခုက တန်ဖိုးကြီးလေ၊ ပေးဆပ်ရတာ တန်ဖိုးကြီးလေဆိုပြီး အမေမြချိန်က သင်ခန်းစာ ကောင်းကောင်းပေးတတ်လွန်းလို့ပေါ့ ... နောက်ပြီး ဘယ်သောအခါမှ ဆုတောင်းမမှားတတ်စေဖို့ရယ်ပေါ့ ... ကျွန်တော် ကောင်းကောင်းမှတ်သွားပါပြီဗျာ ..."
ညသည် ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက် ဒီ့ထက်ပို၍ မတိတ်ဆိတ်စေနိုင်တော့ပါ။
ဝမ်းနည်းခြင်းတရား၏ နောက်တွင် တိတ်ဆိတ်ခြင်းနှင့် ငိုကြွေးခြင်းတို့ကသာ အတိုင်းအဆညီညီ လိုက်ပါတတ်ကြပါသည်။
သူလည်း ငိုလို့ ... ကျွန်တော်လည်း ငိုလို့ ... ညကလည်း တိတ်လို့။
***
Continue Reading
You'll Also Like
618K 50.3K 54
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
83.9K 8.8K 44
22.4K 1.7K 45
257K 22.4K 64