ညီညီတို့ ပြည်မြို့နယ်ဧရိယာထဲရောက်နေခဲ့ပြီ။
စီစဥ်ထားသလို ညီညီနဲ့သုခ နှစ်ယောက်တည်း ခရီးထွက်လာခြင်းပင်။ ပိုရင်းနှီးချင်ရင် ခရီးထွက်ရတယ်လို့ မေမေကပြောသည်။
ညီညီနဲ့သုခကြားက ကိစ္စလေးတွေကို မေမေ့ကိုပြောပြတော့ မေမေက ညီညီတို့ကိုပိုရင်းနှီးစေချင်သည်တဲ့။ ညီညီအပေါ် Idol တစ်ယောက်ဖြစ်ဖို့ မေမေရည်မှန်းထားသလိုပါပဲ သုခအပေါ်မှာလည်း မေမေတစ်ခုခုမှန်းထားပုံရသည်။ သုခကို တစ်ခုခုဖြစ်အောင် ဖော်ဆောင်ချင်နေတဲ့ပုံမျိုးကိုမြင်ရပြီး အသေအချာကိုပုံသွင်းနေဟန်ရှိသည်။
အသေချာဆုံးကတော့ ညီညီနဲ့ပတ်သတ်လိမ့်မည်ထင်သည်။ အဘယ်ကြောင့်ဆိုသော် ညီညီနဲ့သုခကိုပိုရင်းနှီးအောင် ပိတ်ရက်ခရီးထွက်မည့်အကြံကို မေမေကိုယ်တိုင်ပေးထားခြင်းကြောင့်ပင်။
ညီညီ ကိုယ်တိုင်ကားမောင်းပြီး ခုတော့ ပြည်အထိရောက်လာခဲ့ချေပြီ။
"Golden Guest Hotel"
ပြည်မြို့ထဲမဝင်မီ ဆောက်ထားသည့် ခမ်းခမ်းနားနားဟော်တယ်တစ်ခုတွင် အထူးခန်း နှစ်ယောက်ခန်း တစ်ခန်း ရက်ပိုင်းစာမျှ ဘိုကင်လုပ်လိုက်သည်။ ဟိုတယ်သည်အပြင်အဆင်ပိုင်းဆိုင်ရာရော တစ်သီးတစ်သန့် ထီးထီးမားမားဆောက်ထားကာ အဆင့်မြင့်ပုံပေါ်လေသည်။ ဘေးတွင်း ကျွန်းတောကြီးရှိတာမို့ ရှုခင်းလှလှကြီးမဟုတ်သည့်တိုင် တိတ်ဆိတ်ငြိမ်သက်မှုတော့ရလိမ့်မည်ထင်သည်။
သုခကတော့ ညီညီနဲ့နှစ်ယောက်တစ်ခန်းနေရမှာ အနေကျုံ့ဟန်ဖြင့် ထိုင်မလိုထမလို ဖင်တကြွကြွဖြစ်နေ၏။ တစ်ယောက်တစ်ခန်းငှားမယ်လုပ်တုန်းက ပိုက်ဆံကုန်မှာစိုးလို့ နှစ်ယောက်ခန်းငှားဖို့ပြောတာ သူမဟုတ်တာကျနေတာပဲ။
"သုခ နားလိုက်ဦးလေ....ကားပေါ်မှာအိပ်ရေးမဝဘူးမလား"
ညီညီ သက်တောင့်သက်သာပင်ပြောလိုက်သည်။ ထိုအခါ သုခကတမင်ရွဲ့ပြောတယ်ထင်သွားသည်ထင်၏။ မျက်နှာတစ်ချက်မှုန်ကုတ်သွားလေသည်။
"နားရမှာကမင်းပါ။ အိပ်လိုက်လာတဲ့ငါတောင်မဝဘူးဆိုရင် မင်းလည်းဘယ်ဝမလဲ"
ပြန်ပြောတဲ့စကားက ရွဲ့သလိုလိူစောင်းသလိုလိုနဲ့။ ကိုယ့်စကားကိုပြန်စဥ်းစားကြည့်မှ သူတစ်မျိုးထင်တာလည်းမဆန်းမှန်းသိတော့သည်။
သုခကအဲ့လိုအထိမခံရွှေပန်းကန်။
"ကဲပါ နှစ်ယောက်လုံးနားကြရအောင်ပါ"
"မင်းအိပ်နှင့်လေ။ အထုတ်တွေ ငါနေရာချလိုက်ပါ့မယ်"
"အင်း အဲ့လိုလုပ်မလား"
"အင်း"
နှစ်ယောက်တည်းဆိုတော့ အိမ်မှာလိုတရိုတသေကြီးပြောတာမျိုး မဟုတ်တော့ပေမယ့် ပွင့်ပွင့်လင်းလင်းပြောတာမျိုးလည်းမဟုတ်ပြန်ပါ။
ဘာပဲဖြစ်ဖြစ်ပါ ဒီနယ်မှာသူတို့တစ်ရက်တည်းနေမှာမှမဟုတ်တာ။ အချိန်တွေအများကြီးရှိသေးတာပဲ။ ပြည်ကိုလာရတဲ့အကြောင်းရင်းထဲကတစ်ခုက နှစ်ယောက်ပိုရင်းနှီးစေဖို့။
ပြည်ကိုလာတယ်ဆိုပေမယ့် ပြည်တစ်မြို့တည်းလည်မှာမဟုတ်။ ညီညီမှတ်မိသလောက်ဆို ပြည်တစ်ဝိုက်မှာ တကယ့်အထင်ကရနေရာတွေမှအများကြီး။
ပြည်မှာဆို ပြည်ရွှေဆံတော်၊ ဘုရားကြီး၊ ဆယ်ထပ်ကြီး။ ပြည်မြို့ရဲ့တစ်ဖက်ကမ်းက ပန်းတောင်းမှာဆို ရွှေဘုံသာ၊ငွေဘုံသာ၊ ဦးကျော်သူတည်သည့် ပရဟိတအောင်တော်မူစေတီ၊ ဖိုးဦးထောင်၊ အကောက်တောင်။ ပြည်မြို့ကိုမရောက်ခင် ညီညီတို့ဖြတ်လာရသည့် ရွှေတောင်မှာဆို ရွှေမျက်မှန်၊ ရွှေနတ်တောင်၊ ရဟန္တာရှစ်ဆယ်ဘုရား။
ဟင်း လည်စရာဖူးစရာဘုရားနေရာတွေမှအများကြီး။ ဒီဇင်ဘာပိတ်ရက် ၁၀ ရက်တောင်ရတာ
ကိုယ့်မှာ ခုနှစ်ရက်တောင်ကျန်သေးသည်။ အနှံ့ကိုလည်ပစ်ဦးမှာ။
ခုတော့ အရင် အနားယူမှဖြစ်တော့မည်။ ရှစ်နာရီခရီးကို တစ်ထောက်မှမနားဘဲဆက်တိုက်မောင်းခဲ့ရတော့ အာရုံတွေနောက်နေပြီး ခေါင်းထဲငြီးစီစီ။ နယ်ဝေးတစ်ခါမှမမောင်းဖူးပေမယ့် မောင်းဖူးတယ်ရှိအောင်မောင်းလာတာ ပုံမှန်ခြောက်နာရီခရီးကိုရှစ်နာရီကြာသွားခြင်းပင်။
မနက်စောစောထလာခဲ့ရတာမို့ မျက်လုံးတွေကျိန်းစပ်နေသလို စိတ်ကြိုက်အနားယူပစ်ချင်ပေါက်လာ၍ အိပ်ရာပေါ်တက်အိပ်ပစ်လိုက်တော့သည်။
"သုခ အထုတ်တွေနေရာချပြီးရင် အိပ်ချင်အိပ်လေ။ ကားပေါ်မှာအိပ်လာတယ်ဆိူပေမယ့် သက်တောင့်သက်သာရှိမှာမဟုတ်ဘူး လာအိပ်"
သုခလည်း မငြင်း။ ကားပေါ်အိပ်လိုက်လာရကောင်းလား သူ့ကိုယ်သူအပြစ်တင်နေပေမယ့် အိပ်ရေးဝပုံမပေါ်။ ခေါင်းလေးငိုက်စိုက်နဲ့အိပ်ရာအနားရောက်ချလာလေသည်။ သို့သော် အိပ်ရာပေါ်တော့မတက်သေး။
ပြဿနာက ကုတင်ကတစ်ခုတည်းရှိနေခြင်းပင်။ King Size ကုတင်ကြီးမို့ အကျယ်ကြီးပေမယ့် တစ်ကုတင်တည်းနှစ်ယောက်အိပ်ရမယ်ဆိုတော့ကာ သုခတင်မဟုတ် ညီညီလည်းနည်းနည်းစိတ်လှုပ်ရှားသလိုခံစားရသည်။
တစ်သက်လုံးတစ်ယောက်တည်းပဲအိပ်ခဲ့ဖူးတဲ့
ညီညီသည် ဟိုတလောကမှ ကိုသက်ထင်နဲ့နှစ်ည အတူအိပ်ဖူးပြီးနောက် ခုက တခြားတစ်ယောက်နဲ့ ဒုတိယအကြိမ်။ ခံစားချက်ကဘယ်လိုပြောရမလဲ။
ညီအစ်ကိုတွေအတူအိပ်သလိုမျိုးလည်းမဟုတ်ဘူး။ အချစ်ဆုံးသူငယ်ချင်းတွေလို ကြုံရာ
ကျပမ်း သူ့အိမ်ကိုယ့်အိမ်ကြုံသလိုအိပ်လိုက်တာမျိုးလည်း မဟုတ်။ ခံစားချက်က လုံဝအစိမ်းသက်သက်ကြီး။ ဒါပေမယ့်လည်း ကိုယ်အိပ်နေတုန်းမဟုတ်တာလုပ်မယ့်သူမျိုးမဟုတ်တော့ မယုံသင်္ကာစိတ်တော့မဖြစ်မိပါ။
"ညနေဘက်ကျမှ ကမ်းနားမှာအကြော်သွားစားမယ်။ ငါ ဒိကိုအရင်ကရောက်တုန်းက စားဖူးတယ်။ ကမ်းနားအကြော်ကတအားကောင်းတာ"
"အင်း"
သုခသည် ကုတင်ပေါ်တက်လာသည်။ လှဲအိပ်လိုက်သည့်အခါ အိခနဲတုန်သွားလေသည်။ ကြားထဲဖက်လုံးတစ်လုံးခြားထားပြီး ဆန့်ကျင်ဘက်မျက်နှာလှည့် ကျောချင်းခိုင်းကာ အိပ်ဖို့ပြင်သည်။
"အပြည့်အဝနားနော်....ဘာမှလုပ်စရာမရှိဘူး။ အေးဆေးပဲ"
"အင်းပါ မင်းရောပဲ"
ပြန်ပြောသည့်အသံက အူတူတူ။ အိပ်ဖို့အရေး ဘယ်နှစ်ကြိမ်တောင််ဆော်သြလိုက်ရပါလိမ့်။ ခဏကြာတော့ ညီညီ့မျက်လုံးတွေ မှေးစင်းလာသည်။ ငှက်မွှေးထက်တောင်ပေါ့တဲ့ မျက်တောင်မွှေးတွေသယ်ဆောင်ထားရတာ ကမ္ဘာ့အလေးဆုံးသံတုံးကြီးကိုသယ်ထားရသလို လေးလံလာသည်။
များမကြာမီပဲ ပင်ပန်းလာသမျှ စိတ်ဒုန်းဒုန်းချပြီး အိပ်ပျော်သွားတော့လေသည်။
...........
"ဂုဏ်ရည်"
တစ်ယောက်ယောက်က ညီညီ့နာမည်ကိုခေါ်နေသည်။ အသံကိုလည်းချက်ချင်းတန်းမကျက်မိတော့ ဘယ်သူခေါ်နေသလဲတော့သေချာမသိ။
"ဂုဏ်ရည်"
ဟော။ အသားကိုပါကိုင်ပြီးခေါ်နေပြီ။ ဟေ လို့ပြန်ထူးနေပေမယ့် နှုတ်ကထွက်မလာ။ လည်ချောင်းဝ မှာအစ်နေတာ။ ညီညီ့ကိုယ်လုံးကိုလှုပ်လှုပ်ပြီးခေါ်နေတာ။ တဖြည်းဖြည်းနဲ့ အသံနဲ့လူနဲ့ တွဲမိလာသလိူရှိပြီး စိတ်နဲ့လူတဖြည်းဖြည်းကပ်လာသည်။
အသိစိတ်လုံးလုံးကပ်သွားချိန် ညီညီသိလိုက်ရတာက ညီညီ့ကိုတစ်ယောက်ယောက်နှိုးနေတယ်ဆိုတာပါပဲ။
နှိုးနေတာကတော့ သုခဖြစ်ပြီး တစ်ဆက်တည်းပင် ညီညီတို့ခရီးတစ်ခုထွက်လာကြတယ်ဆိုတာပါ အမှတ်ရပြီး အနားယူရင်းအိပ်ပျော်သွားတယ်ဆိုတာပါ သတိရလိုက်သည်။
"ဟင်"
သံရှည်ဆွဲထူးရင်း မျက်လုံးနှစ်လုံးပွင့်လာချိန်မှာတော့ ညီညီ့မျက်နှာနဲ့တစ်တောင်ကျော်ကျော်လောက်မှာ ရှိနေတဲ့မျက်နှာတစ်ခုကို နီးနီးကပ်ကပ် ပထမဆုံးမြင်ရလေသည်။
"ထတော့လေ။ ညနေ ကမ်းနားသွားမယ်ဆို"
အမိန့်သံမပါတဲ့ အသံကြည်ကြည်လေးသည်
ညီညီရဲ့စိတ်ကိုအလုံးစုံလှုံ့ဆော်ပေးနိုင်လေသည်။ မနက်အစောကြီးထလာရတာရယ် တစ်လမ်းလုံးကိုယ်ကမောင်းသူဆိုတော့ တစ်ချက်မှမအိပ်လိုက်ရတာရယ် ဗိုက်ဆာနေတာရယ်ပေါင်းပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလိုက်တာ။
နိုးနိုးချင်း ဦးဏှောက်ထဲအောငိဆီဂျင်မပြည့်ဝ၍ မှိုင်းထနေသလိုနောက်ကျိနေသည်။ တင်းမာနေသည့်မျက်ကြောရိုးတွေကလည်း နာရီပိုင်းနှစ်ခုစာလောက်အနားပေးခြင်းခံလိုက်ရ၍ ပြေလျော့သွားကြပြီးကျိန်းစပ်စပ်။
"အင်း အိပ်ပျော်သွားတာ"
ညီညီ ငုတ်တုပ်ထိုင်လိုက်တော့ သုခကနောက်နည်းနည်းရှဲသွားလေသည်။ ကြည့်ရတာရေတောင်ချိုးပြီးတဲ့ပုံပဲ။ အလာတုန်းက အဝတ်အစားတော့မဟုတ်တော့။
နှင်းဆီပင်လုံးကျွတ် အပင်နှစ်ဆယ်လောက်ပါယသည့် ပဲမှုန့်ရောင်ဝါဖျော့ဖျော့ လက်တိုလေးကိုဝတ်ထားလေသည်။ အောက်ပိုင်းကတော့ ရေလဲပုဆိုးနှင့်သာရှိသေးသည်။
အဝတ်လဲရင်း ညီညီ့ကိူနှိုးခြင်းဖြစ်မည်။
အိပ်တာချင်းအတူတူ သုခကစောနိုးနေတာလား။ ဒါမှမဟုတ် သူလုံးဝမအိပ်တာလား။ လုံးဝမအိပ်တာဆိုရင်တော့ နှစ်ယောက်ကြားစကားတွေထပ်ပြောရဦးမှာပါပဲ။ ဘာလို့ဆို ရက်ပိုင်းလောက်အတူနေရမှာလေ။ လေးငါးညလောက်အတူအိပ်ရမှာ။
အို့တို့အမ်းတမ်းဖြစ်နေလို့မှမရတာ။ ဒါ့ကြောင့် သိချင်စိတ်ကပြင်းပြလာပြီးမေးကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
"သုခ မင်းကမအိပ်တာလား"
"အိပ်ပါတယ်.....နေ့ခင်းမအိပ်တတ်လို့ ကြာပြီနိူးနေတာ"
"အော်"
"ရေသွားချိုးတော့လေ။ စောစောသွားကြမယ်"
ညီညီ တစ်ကိုယ်လုံးအီဖိန်းနေလေသည်။
ဒါပေမယ့်လည်းမကြာပါ။ ရေပန်းအောက်ရောက် ရေစက်တွေကိုယ်ပေါ်ရောက်လာသည့်အခါ
ပင်ပန်းနွမ်းနယ်နေတာတွေအကုန်ပျောက်ကုန်လေသည်။ သို့သော်ဆာတာကတော့မပျောက်။ ဗိုက်ကဆာလှပြီ။
ရေချိုးခန်းကထွက်လာတော့ သုခကဆိုဖာပေါ်အကျအနထိူင်လျက်သားပုံစံကိုမြင်ရသည်။ တစ်ဖက်လှည့်၍ ဖုန်းထဲသဲကြီးမည်းကြီးတစ်ခုခုကြည့်နေဟန်ရှိသည်။ ဖုန်းမရှိဘူးဆိုပြီး ဘယ်ကဖုန်းပါလာပါလိမ့်။
ရေလဲပုဆိုးနေရာမှာ ဂျင်းပွအပြာကို ခြေချင်းဝတ်နားမှာလက်သုံးလုံးစားလောက် ပြန်ခေါက်တင်ထားလေသည်။
ညီညီတောင်တွေးမိလိုက်သေးသည်။ "ဒီလိုကျတော့လည်း ဝတ်တတ်စားတတ်သားပဲ"ဟူ၍။
သုခ ဒီဘက်လှည့်မနေတာတစ်ခုတော့ကောင်းသည်။ ညီညီက သူစိမ်းရှေ့ ကိုယ့်အသားပေါ်တာဆို တအားရှက်တာ။ သူများတွေလိုမက်မက်စက်စက်ခန္ဓာကိုယ်မဟုတ်ပေမယ့်လည်း အဲ့ဒီမဟုတ်တဲ့ခန္ဓာကိုယ်ကို သူများမြင်မှာရှက်တာ။
ရေချိုးခန်းထဲကထွက်မလာခင်တောင် Bathrobe နဲ့အပေါ်ပိုင်းကိုလွှားလာဖို့စိတ်ကူးနေတာ။ Luggague ထဲက အပြာရင့်ရင့်တီရှပ်တစ်ထည်နဲ့ သုခဘောင်းဘီအရောင် ထက်ပိုရင့်သည့် အပြာရင့်ရင့်ဂျင်းထည်တစ်ခုကိုဝတ်လိုက်သည်။ ခြောက်သွေ့စဆံပင်များသည် နဖူးစတွင်ဝဲကျနေလေသည်။ မျက်နှာပေါ် မျက်နှာလိမ်းခရင်နည်းနည်းလိမ်းလိုက်ပြီး အသစ်ပြောင်းထားသည့်မျက်မှန်ကိုတပ်လိုက်သည်။
ဖုန်းကိုပဲ ကြည့်နေဆဲဖြစ်သည့်သုခနောက်အနားသွားရပ်ပြီး ဘာတွေများဒီလောက်ကြည့်နေသလဲငုံ့ကြည့်တော့ ပြည်မြို့ရဲ့ Gps Map ကိုကြည့်နေတာ။ ပြည်ကိုသုံးလေးခေါက်ရောက်ဖူးတဲ့ကိုယ်ပါပါတယ်ဆိုတာကို။
ပြီးတော့ ညီညီရောက်တဲ့အချိန်တုန်းက ပြည်ဆိုတာ ရန်ကုန်မြို့နဲ့စာရင် သိပ် သိပ်ကိုမျက်စိရှင်းတဲ့မြို့။ ခုနောက်ပိုင်းကျ ပြည်မြို့က ပဲခူးတိုင်းထဲမှာအချက်အချာနေရာတစ်ခုဖြစ်လာတာနဲ့အညီ ပိုလည်းဖွံဖြိုးလာသည်။ လူဦးရေပိူထူလာတယ်ဆိုတော့လည်း အရင်ကထက်နည်းနည်းပေါ့။ မျက်စိလည်စရာတော့မရှိပါဘူး။
"သွားမယ်လေ"
"ဟင် အင်း အင်း"
အယောင်ယောင်အနနနဲ့ မတ်တပ်ထရပ်တော့ ညီညီမှာရယ်မိသေး။
............
ပြည်ကမ်းနားလမ်း
လမ်းလေးက ကျဥ်းမြောင်းသည်။
အိမ်ဆိုင်တွေ လမ်းဘေးဆိုင်တွေကလည်း လမ်းပေါ်တစ်စိတ်လောက်အထိယူထားသည်။ လမ်းကိုခွလျက် တစ်ဖက်မှာဆိုင် တစ်ဖင်မှာထိုင်ခုံတွေကိုချထားတာကြောင့် ကတ္တရာလမ်းသည်ပိုကျဥ်းမြောင်းနေသယောင်ရှိသည်။
ညီညီလည်း ညစျေးအပေါက်မှာ ကားကိုရပ်ထားခဲ့ပြီး တစ်ပတ်လှည့်၍ လမ်းလျှောက်လာခဲ့သည်။ ကမ်းနားလမ်းတစ်လျှောက်တွင် ဟော်တယ်အဆောက်အဦးသုံးခုလောက် ပြိုင်ဆောက်ထားကြလေသည်။ ရန်ကုန်ကဟိုတယ်တွေလောက်တော့မကြီးပေမယ့် သူ့နေရာနှင့်သူတော့ ထည်ဝါပြီးလှပနေတာပါပဲ။
ပင်လယ်စာဆိုင် အအေးဆိုင် မုန့်ဆိုင် စားသောက်ဆိုင်တွေကလည်း ကမ်းနားလမ်းတစ်လျှောက်များပြားစွာ။ အတော်ဝေးဝေးပြန်လျှောက်ပြီးနောက် အကြော်ဆိုင်ကိုပြန်ရောက်လေသည်။ ဝိုင်းတွေကတော့ ထုံးစံအတိုင်းပြည့်နေတာပါပဲ။ ကမ်းနားအကြော်ဆိူပြီးနာမည်ကြီးတာလည်း မဆန်းပါလေ။
နီညိုရောင်နေလုံးကြီးရဲ့ အပူပျော့သွားချိန်၊ တောင်စောင်းပေါ်မေးတင်ချိန်မှာ စိမ်းစိုအုံ့ဆိုင်းနေတဲ့ကုက္ကိုပင်ကြီးရဲ့အရိပ်အခက်အလက်တွေအောက်မှာထိုင်ရင်း၊ ဧရာဝတီမြစ်ကြီးကိုကြည့်ရင်း၊ ကျယ်ပြန့်လှတဲ့ သဲသောင်ဖြူဖြူကြီးကိုငေးရင်း၊ တစောင်းကြီးတန်းနေတယ်လို့ထင်ရတဲ့
နဝဒေးတံတားကိုကြည့်ရင်း စားရတဲ့အကြော်ကလည်းအရသာရှိတော့ ခံစားရတဲ့ရသကကို လေးငါးထပ်ကွမ်းလောက်ကိုမြောက်သွားတာ။
ညီညီတို့ ထောင့်ကျကျဝိုင်းတစ်ခုမှာယူလိုက်ကြသည်။ အကြော်မျိုးစုံတစ်ပွဲမှာပြီးနောက် ရေနွေးကြမ်းတစ်ခွက်စီထည့်ထားလိုက်သည်။ သုခကတော့ နေရာသစ်ဖြစ်နေ၍ ခေါင်းကိုလည်နေအောင်လိုက်ကြည့်သည်။
ကမ်းနားမှာအကြော်စားရတာရဲ့ ချို့ယွင်းချက်က ဆူညံတာပါပဲ။ တိတ်ဆိတ်မှုဘက်မှာတော့ အားနည်းသည်။ လမ်းကိုခွတည်ထားသည့်ဆိုင်တွေမို့ ယာဥ်အသွားအလာတွေနဲ့ ဆိုင်ဝန်ထမ်းတွေရဲ့ခေါက်တုံ့ခေါက်ပြန်တွေကမျက်စိရှုပ်စေသည်။
"သုခ ပြည်ကိုမရောက်ဖူးဘူးလား"
"အင်း ခုမှပထမဆုံးပဲ။ ဟိုတာကဘာတံတား ငါမေ့နေလို့"
"နဝဒေးတံတားတဲ့။ ဟိုဘက်ကပန်းတောင်းမြို့လေ"
ပြောရင်း တစ်ဖက်ကမ်းကိုလက်ညိုးထိုးပြလိုက်သည်။ တစ်တောင်လုံးစိမ်း တစ်တောလုံးစိမ်းနေသည့် ဘက်သို့ကြည့်ရင်းသုခက သြော်ဟုရေရွတ်သည်။
နောက်နေ့တွေတော့ နိမ့်ချည်မြင့်ချည်များတဲ့ ပန်းတောင်းနယ်မြေကိုသွားကိုသွားရမည်ဟုတွေးထားလိုက်သည်။
"သုခ"
"ဟင်"
"ငါတို့ဒီခရီးလေးကိုအကျိုးရှိရှိအသုံးချရအောင်"
"ဟင်"
သုခက နားမလည်စွာ မျက်ခုံးပင့်လျက်ကြည့်လေသည်။
"ငါတို့နှစ်ယောက် ဒီခရီးကနေ အများကြီးခင်တဲ့ Bff တွေလုပ်ကြရအောင်"
ညီညီ့စိတ်ရင်းအမှန်ကိုပြောပြလိုက်သည်။ ဟုတ်သည်။ ညီညီ သုခနဲ့ဆို အနေပေါ့သည်။ အရင်ကလည်းစတာနောက်တာကို ကိုယ်ပျော်နေခဲ့သည်။ ခုလိုအိမ်မှာပြန်တွေ့ရတော့ သူနဲ့တစေစနောက်လို့ အဖော်ရပြီလို့တွေးမိပေမယ့် သူကတပြန်ကြီးအနေစိမ်းနေပြန်ရော။ သူ့ဘက်က တစ်ထစ်ချပေးဖို့ပဲလိုတာ။
အတန်ကြာသည်အထိ ညီညီ့ကိုသုခစိုက်ကြည့်နေခဲ့သည်။ မျက်တောင်တစ်ချက်မခတ်ဘဲ ညီညီနဲ့သဘောဆန္ဒတူတဲ့ အရိပ်အယောင်လေးတွေပါမြင်ရသည်။ ထိုအချိန် သုခပြောလာသည့်စကားသည် မြင်ရသည့်မြင်ကွင်း စားရသည့်အကြော်အရသာထက် ပိုအရသာရှိခဲ့လေသည်။
"ကောင်းပြီ ငါတို့ Bff တွေလုပ်ရအောင်"
................
ကောင်းကင်ကြီးမှာ တိမ်သားတွေအလိပ်လိပ် အထပ်ထပ်ဖြစ်နေလျက်ရှိသည်။ ဝါဂွမ်းလိပ်တွေစီထားသလို ဧရိယာအကျယ်ကြီးပြင်လိုက်ရှိနေတာ တစ်မျိုးလှပနေသည်။ ဒါ့အပြင် မျက်လုံးထဲမြင်နေရသမျှ မြင်ကွင်းတိုင်းကလည်း လက်ရာမြောက်ရှုမျှော်ခင်းပန်ချီးကားကို မျက်ဝါးထင်ထင် ထိုင်ကြည့်နေရသလိုပါပဲ။
သစ်ပင်အစုအစုလေးတွေတန်းနေရင် ဒါရွာတွေပဲ၊ အဝေးကနေ ရွှေရောင်လက်လက်လေးမြင်ရရင် ဒါဘုရားပဲ၊ သစ်ပင်တွေမရှိတဲ့ကြားမြေပြင်နေရာမှာ အဝါရောင်တွေက ဒါလယ်ကွင်းတွေပဲ၊ လယ်ကွင်းတွေကြားက သေးမျှင်မျှင်အဖြူရောင်မြွေလိုပုံနဲ့က ဒါလမ်းပဲဟူ၍ မြင်ကွင်းတစ်ခုကိုအထက်စီးကနေ Zoom နဲ့ချုံ့ကြည့်နေရသလို။
ဒီနေ့က ပဲခူးအနောက်ခြမ်းနယ်မြေကိုရောက်နေခြင်းရဲ့ ဒုတိယမြောက်နေ့။ အခြေချရာပြည်မြို့ကို နောက်မှလည်ဖို့အစီအစဥ်ချကာ ဘေးမြို့တွေကိုအရင်အလည်ထွက်လာတာကြောင့် အခု ရွှေတောင်မြို့ကတန်ခိုးကြီး လူနတ်နှစ်လ်ီတစ်ရစ်စီ ရွှေနတ်တောင်ဘုရားသို့ရောက်နေခြင်း။
မြို့လေးကသေးသေးလေးနဲ့ သမိုင်းဝင်တွေကများလိုက်တာ။ မြန်မာ့သမိုင်းရဲ့အထင်ကရပုဂ္ဂိုလ်ကြီး သခင်ကိုယ်တော်မှိုင်းရဲ့ဇာတိမြို့။ ဂျပန်အိုဆာကာမြို့မှာ ဆုရလာတဲ့အစားအစာကလည်း ရွှေတောင်ကအိုဆာကာပြန်ခေါက်ဆွဲ။ ကမ္ဘာမှာတစ်ဆူတည်းသာရှိတဲ့ မျက်မှန်ပါတဲ့ ရွှေမျက်မှန်ဘုရားကလည်း ရွှေတောင်မြို့မှာတည်ထားတာ။
အရင်အခေါက်တွေတုန်းက အချိန်မရလို့သာမဝင်ဖြစ်တာ။ ခုတော့ ဒီမြို့လေးကိုပိုပိုပြီးချစ်ရသည်။ နက်ဖြန်ကျ ပန်းတောင်းဘက်ကိုသွားရဦးမည်။ ပန်းတောင်းလည်းတကယ့်သမိုင်းဝင်မြို့ပဲ။
ဘုရားသည် နတ်တောင်ကုန်းမြင့်ပေါ်တည်ထားသည်မို့ ခုနကမြင်ကွင်းတွေအကုန်လုံးကို အတားအဆီးအကွယ်မရှိဘဲ ရှင်းရှင်းလင်းလင်းမြင်ရခြင်းဖြစ်သည်။
"လူနတ်နှစ်လီတစ်ရစ်စီ"၏ အဓိပ္ပါယ်ကတော့ လူတွေတစ်နေကုန်တည်သည့်တိုင်အောင် ဘုရားဉာဏ်တော်သည် နောက်တစ်နေ့အာရုဏ်တွင်ဖူးမြင်ရသည့် ဉာဏ်တော်ကပိုမြင့်နေတာကြောင့် လူတစ်ရစ် နတ်တစ်ရစ်တည်ခဲ့သည့်ဘုရားဟုအမည်တွင်သည်တဲ့။
ဘုရား၏အရှေ့ဘက်မျက်နှာစာထောင့်တွင် သိကြားနတ်ရုတ်နှစ်ခုက ခေါင်းလောင်းကိုထမ်းထားကြသည်။ စတီးလ်ရေစက်ကြီးများက ကပ်လျက်ရှိနေပြီး ဒီဘက်တွင်တော့ လူတွေဓာတ်ပုံရိုက်နေကျ နေပူခံကြွေပြားလှလှလေးတွေခင်းထားသည့်ပြင်ကျယ်ရှိသည်။ အဲ့ဘေးမှာတော့ နားနေဆောင်ကြီးရှိလေသည်။
"ဓာတ်ပုံရိုက်ပေးမယ်လေ"
ညီညီတကယ်ပျော်ရသည်။ မနေ့ကအကြော်ဆိုင်ကပြန်ကတည်းက သုခ သူ့စိတ်ကိုယ်သူဖွင့်ပေးလိုက်ဟန်ရှိသည်။ အရာရာကိုသူ့ဘက်ကစပြီးပြောလာသည်။
"အင်း ရိုက်ပေး"
ရှူခင်းကျယ်ကြီးကိုနောက်ခံထားလို့ ကင်မရာမန်းတဖြစ်လဲ သုခကစိတ်ရှည်လက်ရှည်ရိုက်ပေးလေသည်။ ပွဲတော်ရက်မဟုတ်၍ ဘုရားပေါ်လူအတော်ကြဲသည်။ ဘုရားပေါ်စတက်လာကာစက ပန်းသည်အဒေါ်ကြီးပြောတာတော့ တပေါင်းပွဲတော်ရက်ဆို ကြိတ်ကြိတ်တိုးအောင်ကိုစည်သည်ဟုဆိုသည်။ ညီညီတို့လာခဲ့သည့်လမ်းတစ်လျှောက်မှာပွဲစျေးတန်းကြီးတဲ့။
ဒါ့အပြင် ရပ်ဝေးကလာကြတဲ့ ပေါင်းမိုးလှည်းတွေလည်း သူ့အစုနဲ့သူ ညအိပ်စတည်းချလာကြတာတဲ့။ ကားအတန်းလိုက် ထော်လာဂျီအတန်းလိူက် ဆိုင်ကယ်အတန်းလိုက် လှည်းအတန်းလိုက်တွေနဲ့ ဘယ်လောက်တောင်ရှုပ်ရှက်ခတ်ပြီး လူတွေစည်ကားလိုက်မလဲဟု မျက်လုံးထဲမြင်ယောင်ကြည့်လိုက်သည်။
"လာ နှစ်ယောက်ရိုက်ရအောင်"
ညီညီပြောတော့ သူကအနားရောက်လာသည်။ နှစ်ယောက်စလုံး ဒီနေ့ အစိမ်းနုရောင်လည်ကတုံးလက်ရှည်ကိုယ်စီနဲ့ ပုဆိုးသာအရောင်ကွဲလေသည်။ ဒါကလည်းမထင်ထားဘဲတိုက်ဆိုင်တာပင်။ အနားရောက်တာနဲ့ သုခ ပုခုံးကိုကိုင်ပြီးလူကိုလှည့်လိုက်သည်။ ညီညီကပင် အနားကိုပိုကပ်လိုက်ကာ ပြုံးလျက်ဓာတ်ပုံတစ်ပုံရိုက်လိုက်သည်။
"ဟေ့ မင်းကဘာလို့ငါ့ကုဲကြည့်နေတာလဲ။ ဖုန်းကိုကြည့်လေ။ လာပြန်ရိုက်မယ်"
ဟုတ်တယ်။ ဓာတ်ပုံရိုက်ပါတယ်ဆို လူကိုကြည့်နေတာ။ သို့သော်လည်း ပုံလေးကိုမဖျက်ပစ်မိခဲ့။
"အင်း"
မလှုပ်မယှက်နဲ့ ပြီတီတီပုံစံကိုကြည့်ပြီး ညီညီအသည်းယားသွားသည်။ သူ့ကိုအတင်းအကြပ်ဓာတ်ပုံရိုက်ခိုင်းနေသလိုမျိုးနဲ့။
"ချလပ်"
နောက်တစ်ပုံကျမှ ကောင်းကောင်းလေးထွက်လာတော့သည်။ ဒါတောင် ဒင်းကမျက်နှာတည်ကြီးနဲ့။ ညီညီတို့ဆီရောက်လာပြီးမှ သုခပုံက ပိုပြီးသားနားလာသည်။ နဂိုရုပ်ခံက တကယ့်ခန့်ချော။ မေးရိုးတွေကလည်းဖြောင့်စင်းပြီး အနေတည်တာများတဲ့သူဆိုတော့ မေးရိုးကြောတွေတင်းထွက်နေတာများသည်။ အရပ်ကလည်းညီညီ့ထက်ရှည်သည်။ အသားလတ်လတ်နဲ့ ခုလိုပုံစံတကျပြင်ဆင်လိုက်တော့ သုခသည်တကယ့်လူချောတစ်ယောက်။ အပြုံးလေးနဲ့ဆိုပိုကောင်းမှာ။ အရင်တုန်းကတော့ ကိုယ့်ကိုပြုံးပြုံးပြီးစတာ စတာဆိုတာလေ။ ခုကျတော့လည်း သူမဟုတ်သလို။
"လာ လာ တစ်နေရာထဲကြာနေလို့မရဘူး။ ညက ငါရှာဖတ်လာတာ ဒီဘုရားမှာ ငါးမွေးကန်ရှိတယ်၊ ဝင်္ကပါရှိတယ်၊ ငါးဆူတောင်ရှိတယ်၊ မှဲ့ရှင်ဘုရားရှိတယ် အကုန်ရောက်အောင်သွားရမှာ။ လောလောဆယ် ဟိူနားမှာဓာတ်ပုံရိုက်ပေး"
လက်ညိုးကို တောင်ကုန်းအောက်ကအဆောင်လေးတစ်ခုဆီထိုးပြလိုက်သည်။ ရေနံချေးတွေညိုမည်းနေအောင်သုတ်ထားသည့် ခြေတံမြင့်သစ်သားအိမ်လေးတစ်လုံး။ အိမ်လေးရှေ့တွင် "ဦးချစ် ဒေါ်ဧရှင်ဇရပ်"ဟုရေးထားသည့်အပြင် ခြံထောင့်တွင်ရုပ်ထုတစ်ခုလည်းရှိသည်။
ခြံရှေ့ရောက်သည်နှင့် ထိုရုပ်ထုသည် ဗိုလ်ချုပ်အောင်ဆန်း၏ကြေးရုပ်တုမှန်းလည်း သုခသိသွားရော အံသြစွာပါးစပ်ပင် အဟောင်းသားရှိနေခဲ့လေသည်။ ကိုလိုနီနယ်ချဲ့ခေတ်က ဗိုလ်ချုပိအောင်ဆန်းနှင့်တပ်သားများ ခေတ္တခဏနားခိုခဲ့သည့်ဇရပ်လေးဖြစ်ကာ အမှတ်တရအထူးနေရာအဖြစ် သတ်မှတ်ခဲ့ကြလေသည်။
အရှေ့ဘက်ဆီလှမ်းကြည့်ရင်တော့ သမိုင်းဝင် ခြင်္သေ့ရုပ်ထုကြီးနှစ်ခုကိုတွေ့ရမည်။ နေရာတွေအကုန်အစုံစိဖူးပြီးနောက် ညီညီတို့ရွှေနတ်တောင်ဘုရားကထွက်လာတော့ ဆယ်နာရီပင်ကျော်ပြီ။ ဒီနေ့တစ်နေ့လုံးရွှေတောင်မြို့အတွက်ဟုရည်ရွယ်ထားသည်။ အပြန်လမ်းမှာ သခင်မှိုင်းမွေးဖွားရာဝါးလည်ရွာမှာ ဖရဲသီးတစ်လုံးဝယ်လိုက်သည်။
ရွှေတောင်ခေါက်ဆွဲဝင်စားသည်။
ရွှေမျက်မှန်ဘုရားဝင်ဖူးသည်။
ကမ္ဘာလုံးဘုရားကြီးတည်လက်စရှိနေသည့် ရဟန္တာရှစ်ဆယ်ဘုရားကိုလည်းဝင်ဖူးသည်။ အလှူငွေထည့်ခဲ့သည်။
ညီညီတို့ပြန်ကြတော့ ညနေသုံးနာရီခွဲကျော်ခဲ့လေပြီ။ ညီညီကတော့မောကိုမမော။ ဒီလိုမလည်ရတာဘယ်လောက်တောင်ကြာပြီလဲ။ သုခလည်းမောပုံမပေါ်ပါ။ သူ့ဟာသူဆို တစ်သက်ရောက်ဖြစ် မှာမဟုတ်တဲ့ နေရာဒေသအစိမ်းတစ်ခုကို လည်ပတ်ရတာစိတ်ဝင်တစားရှိဟန်ပေါ်သည်။
အမှတ်တရအင်္ကျီတွေဝယ်တော့လည်း ကိုယ်ကသာဖွာနေတာ သူကလက်တွန့်သည်။ ဟိုဟာမလိုချင် ဒီဟာမဝယ်ချင်နဲ့။ သူ့အိတ်စိုက်သုံးရမှာမဟုတ်တာတောင် မျက်နှာကြီးကအင်တင်တင်။
နောက်တစ်ခူရှိသေးတယ်။ သူ့ဖုန်း။ အစတုန်းက သူ့မှာဖုန်းမရှိဘူးလို့ပြောဖူး၍ ဘယ်သူ့ဖုန်းလဲမေးကြည့်တော့ ဦးလေးဇေယျာ့ဖုန်းတဲ့။ သူ့အဖေဖုန်းကိုယူလာတာ။ မနေ့က တွေ့ရတာက ဖုန်းလေးက စခရင်သေးပြီး မှန်တွေဆိုတာအစင်းရာတွေနဲ့။
အတော်ကြာပြီးဟောင်းနေတဲ့ဖုန်းဖြစ်တဲ့အတွက် ဖုန်းအသစ်တစ်လုံးလည်းဝယ်ပေးရမည်ဟု တွေးထားသည်။ သိူ့သော် အင်္ကျီလေး သူ့အတွက်
ထည့်ဝယ်တာတောင် သေမလောက်ငြင်းနေတာ။ သူငယ်ချင်းဝယ်ပေးတာ လက်ခံရတယ်ဆိုလို့လက်ခံတာ။ ငြင်းတာကအသေငြင်း။ ပစ္စည်းကအင်္ကျီမို့လို့သာ။ ဖုန်းလိုစျေးများတဲ့ဟာဆို လက်ခံမှာမဟုတ်။
အဲ့တော့ အမှတ်တရတစ်နေ့နေ့ကိုမေးပြီး အဲ့နေ့အတွက်လက်ဆောင်ဆိုပြီးပေးမှရမည်ထင်သည်။ မွေးနေ့ကလည်း အရင်လက ကျော်သွားပြီတဲ့လေ။ ဒီဇင်ဘာလထဲ သူ့အတွက်ထူးထူးခြားခြားနေ့ရယ်လို့မရှိ။ ဇန်နဝါရီထဲတော့တစ်ရက်ရှိသည်။ လွတ်လပ်ရေးနေ့လေ။
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ ဖုန်းဝယ်ပေးတာဆိုရင်လည်း ရယ်စရာကြီးဖြစ်ဦးမယ်။
ထို့ကြောင့်အခွင့်ပေါ်မလာသေး၍ ခဏတော့
စောင့်လိုက်ဦးမည်။ သုခကိုဖုန်းဝယ်ပေးဖို့ကိစ္စ ညီညီ့စိတ်ထဲတော့တေးမှတ်ထားလိုက်တော့သည်။
.............
"ဂုဏ်ရည်ရယ် ရန်ကုန်မှာရုပ်ရှင်မကြည့်ရတာကျနေတာပဲ။ ခရီးထွက်ပြီးရုပ်ရှင်ကြည့်ရတယ်လို့ပဲ"
ဟုတ်သည်။ ခုနကမှ ဟိုတယ်ကိုပြန်ရောက်လာပြီး ခုပြည်မြို့ထဲပြန်ထွက်လာပြန်သည်။
ရွှေတောင်ကပြန်လာပြီး ခဏနား။ ရေမိုးချိုးပြီး ညနေကျတော့ ပြည်မြို့ ညစာသွားရင်းကနေ ရုပ်ရှင်ကြည့်ချင်စိတ်ပေါက်၍ မင်္ဂလာ ထွန်းသီရီရုပ်ရှင်ရုံမှာဝင်ကြည့်ဖြစ်သည်။ သုခနဲ့အမှတ်တရတွေအများကြီးလုပ်ချင်တာလည်းပါသည်။
ခုတောင်တစ်ရက်ကလေးပဲ အတူသွားရသေးတယ်။ အတော်ကိုရင်းနှီးလာပြီလေ။ တင်တဲ့ကားကလည်း ရန်ကုန်မှာဆိုလူတိုးလို့ကိုမပေါက်တဲ့ကား။
တီဝဲရဲ့ "လရဲ့အောက်ဘက်မိုင်အဝေးမှာ"ဆိုတဲ့ကားလေ။
တိုင်းကျော်ပြည်ကျော်မင်းသမီးရဲ့ကားဆိုတော့ ရန်ကုန်ကရုံတိုင်းမှာဘယ်အချိန်ဖြစ်ဖြစ်လူက အပြည့်။ ပြည်မှာတောင်ညဘက်မို့လို့။ ဒါတောင်ခုံကလိုချင်တဲ့အတန်းကမရဘူးရယ်။
"သြော် ဘာကွာလဲသိချင်လို့ပေါ့"
"မဟုတ်တာ....ပိုက်ဆံတွေလာဖြုန်းနေတာ"
"ဟေ့ ငါကပိုက်ဆံဖြုန်းတတ်သူမဟုတ်ပါဘူးနော်"
အာ့ဆို ဘာလဲဟူသည့်မျက်နှာပေးနှင့် အိပ်ရာပေါ်ကနေလှမ်းကြည့်နေလေသည်။ ဟုတ်ပါတယ်။ ညီညီကအသုံးအဖြုန်းကြီးတဲ့သူမဟုတ်ပါဘူး။ နှမြောကုပ်စီးနည်းတတ်တဲ့သူလည်းမဟုတ်ဘူး။
ညီညီလည်းဘယ်လိုဖြစ်တယ်မသိပါဘူး။
ခုတစ်ခေါက်လိုချင်တာတွေများပြီး ဝယ်လာတာတွေလည်းများသည်။ ပိုက်ဆံကတော့ ကတ်ထဲအပြည့်။ ညီညီဖွာတယ်ဆိုတာ ညီညီ့ကိုသုံးခွင့်ပေးထားတဲ့လစ်မစ်တွေကိုတစ်ခါမှ ပြည့်တဲ့အထိမသုံးခဲ့တော့ ခုထိအများအများကြီးကို သုံးလို့ရသေးလို့ သုံးတာ။ ပြည်မှာအိမ်ဝယ်ပြီးတက်နေပစ်လို့တောင်ရသည်။
အိမ်သာဝယ်လိုက်ရင်တော့ မျက်စိရှေ့ကစာအုပ်ကြီးက တရားတွေဟောတော့မည်ဆိုတာ ပြေး
ကြည့်စရာမလိုအောင်သေချာသည်။ ခုလည်းသူ့မေးခွန်းကိုမဖြေနိုင်။ ကိုယ်ဖြုန်းမိသွားတာကိုး။ ဘာလိူ့များအကြီးတစ်ယောက်ကဆူသလိုခံစားနေရတာပါလိမ့်။
"အင်း ကြည့် ပြန်မဖြေတော့ဘူး။ မနက်ဖြန်အစီအစဥ်ကဘာလဲ"
"ပန်းတောင်း"
"သြော် ဟိုဘက်ကမ်းကိုလား"
"အင်း"
"နောက်နေ့မှသွားပါလား။ ငါကမင်းမြို့ထဲသွားမယ်ထင်တာ"
"ပြည်ကိုနောက်ဆုံးမှလည်မယ်လေ။ အဟား မင်းမသွားနိုင်လို့မလား"
ညီညီ သူ့ကိုပြန်ညစ်ဖို့အခွင့်ရလာပြီ။
"မဟုတ်ပါဘူး။ မြို့ထဲမှာစတိတ်စင်ဆောက်ထားတာတွေ့လို့။ အဲ့တာအဆိုတော်တစ်ယောက်ယောက်လာမယ်ထင်တယ်။ သွားကြည့်ချင်မလားလို့"
ညနေက မြို့ထဲညစာစားသွားရင်းမြင်ခဲ့တာဖြစ်
မည်။ နေရာအသစ်ဆိုတော့ လိုက်ကြည့်ရင်းမြင်တာဖြစ်မယ်။ ညီညီကတော့ဆိုင်လိုက်ရွေးနေရတာနဲ့ ဘာမှမမြင်။ အသစ်တိုးလာလိုက်တဲ့ဆိုင်တွေဆိုတာ ပေါရော။ ဘာမှကိုမမှတ်မိတော့ဘူး။
"ဟုတ်လား ဘယ်သူတဲ့လဲအဆိုတော်က"
"မသိဘူးလေ တို့အဲ့နားမှာရပ်တာမှမဟုတ်တာ။ မေးလည်းမကြည့်မိဘူး"
"သွားတော့ကြည့်ချင်သား"
"သွားလေ"
ခရီးနှစ်ရက်ဆက်တိုက်သွားတော့ မောတာပဲရှိတာပေါ့။ ဟုတ်တယ်။ ရက်ခြားသွားရမယ်။ မနက်ဖြန်ကို မြို့ထဲသွားကြည့်မယ်။ အဲ့အစီအစဥ်ကောင်းတယ်။
ဟင် နေဦး သူတို့ကတစ်နေကုန်ဆိုမှာလည်းမဟုတ်ဘူး။ မနက်ပိုင်းတင်ပဲဆို နေ့ခင်းကအားနေမှာ။ အချိန်တွေပုတ်တယ်ရယ်။ ပန်းတောင်းကိုပဲသွားလိုက်ရမလား။ ခက်ပြီ။ ညီညီမရွေးတတ်တော့။
"သက်မင်းခန့်ထင် နဲ့ ALFA တဲ့"
"ဟင်"
"ဒီမှာလေ ငါရှာကြည့်လိုက်တာ LoverA ဆိုတဲ့ ဆိုင်ရဲ့လေးနှစ်ပြည့် Anni တဲ့။ လာမယ့်အဆိုတော်တွေက သက်မင်းခန့်ထင်နဲ့ ALFA တဲ့"
ညီညီ ကုတင်ပေါ်အမြန်ပြေးသွားလိုက်ပြီး ဖုန်းကိုယူကြည့်လိုက်သည်။ ဝါး တကယ်ကြီး အစ်ကိုပါတာပဲ။
"ဟေး"
ညီညီထကိုခုန်ပစ်လိုက်တာ။ ပျော်လွန်းလို့။ ဒီလောက်တိုက်ဆိုင်ရလားနော်။ ဒီနောက်ပိုင်း အစ်ကိုနဲ့အခေါ်အပြောကြဲသွားသည်လေ။ ကိစ္စတစ်ခုခုရှိခဲ့သလိုလိုနဲ့ တကယ်တမ်းကျရှိမနေပြန်။ ည်ီညီ့ဘက်ကတစ်ဘက်သက်တည်းစိတ်ခုနေတာ။ ကိုယ့်ကိုလိမ်တာဆိုပြီး တစ်ဖက်သတ်စိတ်မကောင်းနေတာ။ အစ်ကိုကတော့ သိတောင်သိမှာမဟုတ်ဘူး။ အဲ့တော့ မြို့ထဲအစ်ကို့ကိုသွားအားပေးမယ့်အစီအစဥ်ဘက် အလေးသာရပြီပေါ့။
"ပုံကချက်ချင်းပြောင်းသွားတာနော်"
"အဟင်း ပျော်တာပေါ့။ မြန်မာပြည်မှာအကြိုက်ဆုံးအဆိုတော်ပဲ"
ညီညီခပ်ကြွားကြွားလေးပြောလိုက်သည်။
"အဲ့လောက်တောင်ကြိုက်တာလား"
"အင်း"
"ဂုဏ်ရည်လည်း သီချင်းဆိုကောင်းတာပဲ။ အဆိုတော်လုပ်ပေါ့"
"ဟင် ငါဆိုတာကြားဖူးလို့လား။ စုံညီနေ့ကမင်းကိုလာအားပေးစေချင်တာ မင်းကမှမလာဘဲ"
"မလာဘူးလို့ဘယ်သူပြောလဲ"
"မင်းပဲပြောတာလေ"
"ငါလာပါတယ်"
မဟုတ်တာတွေပြောတော့မယ်ဆိုသည့်အကြည့်
နှင့်ကြည့်နေရင်း သုခကအတည်ပေါက်ကြီးပြောနေတော့ ညီညီဇဝေဇဝါဖြစ်သွားသည်။ တကယ်လာခဲ့တာလား။ အဲ့နေ့က တကယ်သုခကိုမျှော်နေခဲ့တာ။ သူ့ကြောင့်နဲ့ အစ်ကို့အိမ်မှာ တစ်ညတောင်ထပ်မအိပ်ဘဲ အိမ်တန်းပြန်လာခဲ့ရတာ။
သူ့ကိုကြွားချင်လို့ သူချီးကျူးတာကြားချင်လို့။ အိမ်ရောက်တော့ အခန်းထဲထိခေါ်ပြီး မကျေမနပ်ပြောပစ်လိုက်သည့်မြင်ကွင်းကိုပြန်စဥ်းစားမိသည်။
"မင်းတစ်နေကုန်ဘယ်တွေသွားနေလို့ ခုမှပေါ်လာရတာလဲ"
"ငါမအားလို့ပါ"
"ငါကမင်းကိုလာကြည့်စေချင်တာကို"
အဲ့တုန်းကတော့ မအားလို့မလာရဘူးဆို။ ခုမှလာလိမ်မနေနဲ့။
"မင်း ဟိုကိစ္စကြောင့်မလာဘူးထင်....."
"လာတယ်.... ငါလာခဲ့တယ်။ မင်းစင်ပေါ်မတက်ခင်ကနေ စင်ပေါ်ကဆင်းလာပြီးတဲ့အထိ ငါအကုန်ကြည့်လိုက်ရတယ်။ ဂုဏ်ရည် မင်းအရမ်းတော်ပါတယ်"
အချိန်တွေခဏရပ်သွားသလို ညီညီခဏတာလောကပြီးနဲ့ အဆက်အသွယ်ပြတ်တောက်သွားသည်။
ဘယ်လိုခံစားမှူမျိုးလဲဆိုတာ ညီညီမသိ။ သာမန်ပျော်တဲ့ခံစားမှုမျိုးမဟုတ်ဘဲ တစ်မျိုးပြောင်းပြီးပျော်နေတာ။ ရင်ထဲမှလှိုက်လှိုက်ပြီးအံကိုပါကြိတ်ထားမိလိုက်သည်။ ဘာစကားမှထွက်မလာမိတော့ဘဲ သုခကိုစိုက်သာကြည့်နေမိတော့သည်။
"ဟေး တစ်ခုခုပြန်ပြောဦးလေ"
မျက်နှာချင်းဆိုင်ထိုင်နေရင်း သုခက ညိညီ့ပုခုံးကိုလှမ်းကိုင်လှုပ်ကာ သတိပေးသည်။
"ငါပျော်လို့ပါ။ မင်းချီးကျူးတော့ ငါတကယ်ပျော်မိသွားတာ"
သုခသည် တစ်ချက်ပြုံးလေသည်။
ပြည့်ပြည့်ဝဝပြုံးသည့်အခါ ချောလိုက်တာဆိုပြီးကောက်ချက်ချမိသည်။ သုခသည် ညီညီ့အနားမှာမရှိခဲ့ မတွေ့ခဲ့ဖူးတဲ့ စိတ်ဓာတ်အမူအရာတစ်မျိုးနဲ့လူလည်းဖြစ်သွားရတော့သည်။
မင်းကငါ့အတွက် ဘုရားပေးတဲ့သူငယ်ချင်းကောင်း တစ်ယောက်ပါပဲ သုခ။
........
#Thurein
April 20 2022 9:14 PM
ရွှေနတ်တောင်ဘုရား
တပေါင်းလဆိုရင် ပေါင်းမိုးလှည်းတွေနဲ့ လာကြပြီ။ ရပ်ဝေးတွေကျ လှည်းနဲ့အကုန်တင်လာပြီး ပွဲတော်မြေမှာညအိပ်စတည်းချနေကြတာ
သူ့အစုနဲ့သူ
ရွှေမျက်မှန်ဘုရား
တည်လက်စ ရဟန္တာ ၈၀ က ကမ္ဘာလုံးဘုရား
ဒါကတော့ စာရေးသူကျွန်တော်ပေါ့😆 ကျွန်တော့်ကိုမကြည့်ပါနဲ့ 😆 ဂုဏ်ရည်ညီညီဓာတ်ပုံရိုက်တဲ့နေရာကိုပြချင်တာ
ဟိုးအောက်မှာမြင်လား Views တအားလှ
ခြင်္သေ့ကနှစ်ကောင်ပါ😁 ပုံရှာမတွေ့လို့ တွေ့တဲ့ပုံထည့်လိုက်တာ
အကြီးကြီးတွေခြင်္သေ့ရုပ်တုတွေက
ရွှေတောင်မြေကိုအလည်လာခဲ့ပါ ကြိုဆိုနေလျက်ပါ