အပိုင်း(၁၈၂) ကျွန်တော့်ရဲ့ဆရာက အရမ်းကိုအံ့ဩဖို့ကောင်းတယ်
နည်းပြလျိုက သူ့အားတိုက်ခိုက်နေပြီဖြစ်၍ ကျောက်ဖုန်းသည်လည်း ညာခြေကိုမြှောက်ကာ တိုက်ရိုက်ပြန်၍ တိုက်ခိုက်လိုက်သည်။
ဘန်း
ခပ်အုပ်အုပ်အသံနှင့်အတူ နှစ်ယောက်လုံး နောက်သို့ ခြေသုံးလှမ်းဆုတ်လိုက်ကြသည်။
ဟမ်
နည်းပြလျို၏မျက်လုံးများမှာ အနည်းငယ် ကျုံ့သွား၏။
ဤတစ်ကြိမ်တွင် သူသည် ခွန်အားကို ခုနှစ်ဆယ်ရာခိုင်နှုန်းအသုံးပြုထားသောကြောင့် ကျောက်ဖုန်းမှာ သူနှင့် ခွန်အားမျှချေညီသွားမည်ဟု မမျှော်လင့်ထားပေ။ ၎င်းက သူ့အား ထိတ်လန့်သွားစေသည်။ တကယ်တမ်းတင် စောစောပိုင်းက သူ ကျောက်ဖုန်းအား ရုတ်တရက် တိုက်ခိုက်လိုက်စဉ်က ခွန်အား တစ်ဝက်သာ အသုံးပြုခဲ့သည်။
"ဟားဟား..နည်းပြ စောစောက တိုက်ခိုက်မှုအတွက် ကျွန်တော် လက်စားပြန်ချေမယ်နော်" ကျောက်ဖုန်းက အားရပါးရ ရယ်မောလိုက်၏။ သူသည် ယခုမှ ခွန်အား ခုနှစ်ဆယ်ရာခိုင်နှုန်းကို သုံးသည်။
သူ၏ခွန်အား စမ်းသပ်ပြီးနောက်တွင် နည်းပြအား အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုရီသည်။ ၎င်းကို တွေးရင် အလွန် စိတ်လှုပ်ရှားလာသည်။
"ငါစောင့်နေတယ်"
နည်းပြလျိုက ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး ကျောက်ဖုန်းဆီသို့ ပြေးဝင်သွားပြန်သည်။
ဘန်း ဘန်း ဘန်း ဘန်း...
အခန်းထဲရှိ လူနှစ်ဦးသည် နောက်ပြန်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်နေခဲ့ကြ၏။
သို့သော် နည်းပြလျိုမှာ ကျောက်ဖုန်းနှင့် ပို၍ တိုက်ခိုက်လေလေ ပို၍ ထိတ်လန့်လေလေဖြစ်သည်။
ဘာတွေဖြစ်နေတာလဲ...
သူ၏ခွန်အားကို ရှစ်ဆယ်ရာခိုင်နှုန်းထိ အသုံးပြုခဲ့သည်ပင် ကျောက်ဖုန်းအား အနိုင်မယူနိုင်သေးချေ။ ထို့ကြောင့် သူသည် ကိုးဆယ်ရာခိုင်နှုန်းထိ အသုံးပြန်ရန် ဆုံးဖြတ်လိုက်သော်လည်း သူ့အား အနိုင်မယူနိုင်သေးချေ။ ဤအချိန်တွင် သူ အနည်းငယ် တုန်လှုပ်သွား၏။
တကယ်တမ်းတွင် သူသည် အပြင်အားအဆင့်၌ ခုနစ်နှစ်ခန့် ကြာနေခဲ့ပြီဖြစ်သည့် စီနီယာတစ်ယောက်ဖြစ်သည်။ သူ ဘာကြောင့် ကျောက်ဖုန်းအား အနိုင်မယူနိုင်ရသနည်း။ ဖြစ်နိုင်တာက... ကျောက်ဖုန်းကရော...နှစ်အတန်ကြာ အပြင်အားအဆင့်သို့ရောက်ရှိနေခဲ့သည့် စီနီယာသိုင်းပညာရှင်တစ်ယောက်လား...။
ဤအတွေးက နည်းပြလျိုအား လုံးဝ အံ့အားသင့်သွားစေခဲ့သည်။
ထို့ကြောင့် သူသည် ခွန်အားအပြည့်ဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ သူတို့နှစ်ယောက်လုံးမှာ စစ်တပ်တွင် သင်ယူခဲ့ရသည့် တိုက်ခိုက်ခြင်းပုံစံကို အသုံးပြုကြသည်။
သို့သော် သူ၏ခွန်အားကို အပြည့်အဝအသုံးပြုသည့်တိုင် နည်းပြလျိုမှာ ကျောက်ဖုန်းအား ဘာမှ မလုပ်နိုင်သေးချေ။
တဖြည်းဖြည်းနှင့် သူသည် ကျောက်ဖုန်း၏အားနည်းချက်များကို ထုတ်ဖော်ပေးသည့် သိမ်မွေ့သော စတင်သိုင်းပညာအချို့ကို အသုံးပြုလာသည်။
ထိုအချိန်တွင် တံခါးဝမှ ကျယ်လောင်သည့် အသံအချို့ထွက်လာသည်။
"ဘာတွေဖြစ်နေတာလဲ"
"သေစမ်း။ တစ်ယောက်ယောက်ဖောက်ဝင်သွားတယ်"
"သွား သွား"
ထိုလူများမှာ ဒေါသတကြီးဖြင့် စိုက်ကြည့်ရင်း နည်းပြလျိုဆီသို့ ပြေးလာကြသည်။
သူတို့၏ဝင်ရောက်လာမှုက ထိုနှစ်ဦး၏တိုက်ပွဲကို ရပ်တန့်သွားစေသည်။
"တော်လောက်ပြီ။ သူက ငါ့ညီအစ်ကို။ မရှုပ်နဲ့တော့" ကျောက်ဖုန်းက သူတို့အား လက်ဝှေ့ယမ်းပြကာ ရှင်းပြလိုက်သည်။
"အာ..."
သူတို့မှာ ရုတ်တရက် အေးခဲသွားပြီး နည်းပြလျိုအား မရေမရာကြည့်လိုက်သည်။ သူ့အား ခဏလောက် စိုက်ကြည့်ပြီးနောက် ခေါင်းကုတ်ကာ ရယ်၍ ပြောလိုက်သည်။
"ဒါဆို ခင်ဗျားက အစ်ကိုဖုန်းရဲ့ အစ်ကိုကြီးပေါ့...အစ်ကိုဖုန်းနဲ့ခင်ဗျားက တိုက်ခိုက်နေကြတော့ ကျွန်တော်တို့က တစ်ယောက်ယောက် ပြဿနာလာရှာတယ် ထင်နေတာ"
"ငါတို့က အချင်းချင်း လက်ရည်စမ်းနေကြတာပါ" ကျောက်ဖုန်းက အနည်းငယ်ထုံကျင်နေသည့် လက်ကို ဖြေလျှော့ကာ ပြောလိုက်သည်။
"မင်းတို့ အရင်ထွက်သွားလိုက်ဦး"
"ဟုတ်ကဲ့"
ထိုသူများမှာ လှည့်ထွက်လာပြီး တံခါးအား ပိတ်လိုက်ကြသည်။
"ရှောင်ဖုန်း မင်းဘယ်လိုဖြစ်တာလဲ။ ရုတ်တရက်ကြီး မင်းဘယ်လိုလုပ် အရမ်းကြမ်းလာရတာလဲ" နည်းပြလျိုမှာ သက်ပြင်းတစ်ချက်ချရင်း အံ့ဩသည့်လေသံဖြင့် ပြောသည်။
"နည်းပြ အရမ်းအံ့ဩဖို့ကောင်းတဲ့ဆရာရဲ့နောက်ကို ကျွန်တော်လိုက်ပြီး ပညာသင်နေတယ်လို့ ပြောသားပဲ" ကျောက်ဖုန်းက ပြုံးကာ ပြောလိုက်ပြီး နည်းပြလျိုရှေ့သို့ လျှောက်လာကာ သူ့အား ဖက်လိုက်သည်။
"လာ နည်းပြ ထိုင်ပြီး စကားပြောရအောင်"
"မင်းဆရာက သိုင်းလောကမှာ နာမည်ကြီးတဲ့သူလား"
"မဟုတ်ဘူး။ ကျွန်တော့်ဆရာက သိုင်းပညာရှင်တွေထက် ပိုပြီး အစွမ်းထက်တယ်"
"သိုင်းပညာရှင်တွေထက် ပိုပြီးအစွမ်းထက်တာလား။ ဟားဟား...မင်းက ချဲ့ကားလွန်းတာပဲ။ ဒါပေမယ့် မင်းကို အပြင်အားအဆင့်ရောက်တဲ့အထိ လေ့ကျင့်ပေးနိုင်တယ်ဆိုကတည်းက သူ့မှာ ခွန်အားတယ်ဆိုတာ ပြနေပါတယ်။ မင်းရဲ့ဆရာ နာမည်က ဘယ်သူလဲ။ သူက ဟောင်ကောင်ရဲ့ သိုင်းလောကထဲက အရေးပါတဲ့သူတစ်ယောက်ဖြစ်နိုင်တယ်။ အဲ့ဒါဆိုရင် မင်းရဲ့လက်ရှိအခြေအနေကို ကိုင်တွယ်ရလွယ်လိမ့်မယ်" နည်းပြလျို၏မျက်လုံးများက တောက်ပလာသည်။
သိုင်းပညာရှင်များသည် တံခါးပိတ်လေ့ကျင့်ပြီး အချိန်အများစုကို ဖြတ်သန်းသူများမှလွဲ၍ မြို့တွင်း၌နေထိုင်သူများမှာ အများအားဖြင့် အဆက်အသွယ်ကျယ်ပြန့်ကာ ဩဇာအာဏာကြီးမားသူများနှင့် ရင်းနီးမှုရှိကြသည်။ ထိုအခြေအနေမျိုးတွင် ကျောက်ဖုန်း၏လက်ရှိအခြေနေမှာ ကိတ်မုန့်လှီးစားသလောက် လွယ်ပေလိမ့်မည်။
"အာ..." ကျောက်ဖုန်းက ခဏလောက်ုစဉ်းစားလိုက်ပြီး ကျန်းဟန်က သူတို့နှစ်ယောက်၏ဆက်ဆံရေးကို မပြောဘဲနေရန် မှာထားခြင်းမရှိသည် သေချာတော့မှာ ပြောလိုက်သည်။
"ကျွန်တော့်ဆရာရဲ့မျိုးရိုးက ကျန်းပါ။ သူ့နာမည်က ဟန်။ သူက အရမ်းအစွမ်းထက်တဲ့သူတစ်ယောက်ပဲ"
သူသည် ကျန်းဟန်၏နာမည်အား ပြောပြသော်လည်း ကျင့်ကြံခြင်းဆိုသည့်စကားလုံးအား လုံးဝမပြောပေ။ ဤစကားလုံး၏အဓိပ္ပာယ်မှာ အလွန်ရိုးရှင်းသည်။ ထို့ကြောင့် သူသည် သူ့ဆရာအား ရည်ညွှန်းသည့်မေးခွန်းများကိုသာ ရွေးချယ်ပြီး နည်းပြကဲ့သို့သော သူနှင့်ရင်းနီးသူများကိုသာ ဖြေကြားပေးမည်ဖြစ်သည်။
"ကျန်းဟန်..." နည်းပြလျိုမှာ အတန်ကြာစဉ်းစားပြီး နောက်ဆုံးတွင် ခေါင်းကိုယမ်းကာ "ဟောင်ကောင်မှာ ကျန်းဟန်ရဲ့အကြောင်းကို တစ်ခါမှမကြားဖူးဘူး။ ဒါပေမယ့် သိုင်းပညာရှင်တွေနဲ့ပြည့်နေတဲ့ ကျန်းမိသားစုတစ်ခုတော့ရှိတယ်။ သူတို့မိသားစုက မာစတာတွေရဲ့ခွန်အားက အတွင်းအားအဆင့်လောက်တော့ ရှိလိမ့်မယ်"
"ဟုတ်တယ်။ နည်းပြ သူ့အကြောင်း ကြားဖူးမှာ မဟုတ်ဘူး။ ကျွန်တော့်ဆရာက ဒီနယ်က မဟုတ်ဘူးလေ" ကျောက်ဖုန်းက ခဏလောက်စဉ်းစားလိုက်ပြီး ဆက်ပြောသည်။
"နည်းပြ ဘာလို့ ဒီကို ရောက်နေတာလဲ"
"မင်းကြောင့် ဒီကိုရောက်နေတာလေ" နည်းပြလျိုက မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။
"ထန်ကျန့်ရဲ့အမှုကို လုံခြုံရေးဗျူရိုကကိုင်တွယ်မှာ။ ငါလည်း သူတို့ဆီကနေ ဖုံးကွယ်ထားလို့မရတော့ဘူး။ ဒါပေမယ့် နည်းလမ်းတစ်ခုတော့ ရှိပါသေးတယ်။ မင်းနဲ့အတူပါလာတဲ့ နိုင်ငံခြားသားလူသန်ကြီးကို သူယူသွားတဲ့ရတနာတွေ ပြန်ယူလာဖို့ ပြောလိုက်မယ်ဆိုရင် မင်းရဲ့လုံခြုံရေးကို အာမခံပေးနိင်တဲ့အပြင် စစ်တပ်ထဲကို ပြန်လာဖို့တောင် ကူညီပေးနိုင်တယ်"
သူ၏စကားကို ကြားပြီးနောက် ကျောက်ဖုန်း တိတ်ဆိတ်သွားသည်။ ထိုနောက်တွင် သူက ဖြေညှင်းစွာ ပြောသည်။
"နိုင်ငံခြားသားလူသန်ကြီး...သူ ပြည်ပကိုထွက်သွားပြီ။ ရတနာတွေအားလုံးကို သူအကုန်ယူသွားတယ် ထင်တယ်။ ကျွန်တော့်အနေနဲ့ကတော့...နည်းပြကို ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် စစ်တပ်ထဲကို ပြန်မလာနိုင်တော့ဘူး။ ကျွန်တော်က ဆရာ့တပည့်ဖြစ်သွားပြီးဆိုတော့ ဆရာ့နောက်ကိုပဲ လိုက်တော့မယ်"
"အမ်..." နည်းပြလျိုမှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး
"ဒီပြသနာက ပိုပိုပြီး ဒုက္ခများလာလိမ့်မယ်။ လုံခြုံရေးဗျူရိုကလူတွေက အဓိကတရားခံကို ရှာမတွေ့ရင် သူတို့ကို မင်းကို မည်းလိမ့်မယ်"
"ကိစ္စမရှိပါဘူး" ကျောက်ဖုန်းက ကြောက်ရွံ့ခြင်းမရှိဘဲ တန်း၍ ပြောလိုက်သည်။
"ကျွန်တော့်မှာ ဆရာရှိတယ်"
ကျန်းဟန်က သူ့အား တပည့်အဖြစ်လက်ခံလိုက်ကတည်းက သူဒုက္ခရောက်နေလျှင် ရပ်ကြည့်နေမည်မဟုတ်မှန်း ကျောက်ဖုန်း သိရှိသည်။
သို့သော် သူ၏စကားကို ကြားပြီးနောက် နည်းပြလျိုမှာ ကူရာမဲ့စွာ ခေါင်းယမ်းသည်။
"မင်းရဲ့ဆရာက သိုင်းပညာဘယ်အဆင့်ထိရောက်ပြီလဲ။ အင်း... သူက ဘယ်လောက်ပဲ ထူးချွန်နေပါစေ လုံခြုံရေးဗျူရိုထက်တော့ ပိုပြီး မသန်မာနိုင်ဘူး"
"သိုင်းပညာအဆင့်တွေက ဘာတွေလဲ" ကျောက်ဖုန်းက ဝေခွဲမရဟန်ပေးသည်။
"နည်းပြ ခုဏက အပြင်အားအဆင့် အကြောင်းပြောလိုက်တယ်။ အဲ့ဒါက ဘာကို ဆိုလိုတာလဲ"
"မင်းရဲ့ဆရာက အဲ့ဒီအကြောင်းတွေ ပြောမပြဘူးလား" နည်းပြလျိုက မေးသည်။
"ဟင့်အင်း"
"ဘာလို့ ဒီလို သာမန်သဘောတရားလေးကိုတောင် မပြောပြတာလဲ" နည်းပြလျိုမှာ မျက်ခုံးပင့်လိုက်ပြီး
"မင်းရဲ့ဆရာက စိတ်ချရလို့လား။ ထားလိုက်ပါတော့။ ငါပြောမယ်။ သိုင်းပညာရှင်တွေရဲ့အသိုင်းအဝိုင်းကို သိုင်းလောကလို့ သိကြတယ်။ သိုင်းလောကက သီးခြားလူ့အဖွဲ့အစည်းတစ်ခုလို့ပဲ။ သိုင်လောကက လူတွေကို သိုင်းပညာရှင်တွေ သတ်မှတ်ကြတယ်။ သူတို့ရဲ့အဆင့်တွေက..."
သူ၏မိတ်ဆက်ပေးမှုတွင် ကျောက်ဖုန်းမှာ သိုင်းလောကအကြောင်းကို သေသေချာချာနားလည်သွားခဲ့သည်။ ကျောက်ဖုန်းသည် နည်းပြလျိုမှာ အပြင်အားအဆင့်တွင် နှစ်အတန်ကြာရှိနေသည့် သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူ၏နှုတ်ခမ်းမှာ တွန့်သွားပြီး ပြောလိုက်သည်။
"ဒါကြောင့် အစက နည်းပြကို ကျွန်တော် မတိုက်နိုင်တာ။ နည်းပြက သိုင်းပညာရှင်ပဲ။ နည်းပြ ကျွန်တော်တို့ကို အနိုင်ကျင့်တာ အသိသာကြီး"
"မင်းဘာကို ပြောနေတာလဲ" နည်းပြလျိုက ခေါင်းယမ်းလိုက်ပြီး "အစတုန်းက ငါ ခွန်အား တစ်ဝက်ကို သုံးခဲ့တာ။ ဒါပေမယ့် မင်းကို မနိုင်လောက်ဘူးဆိုပြီး နောက်မှ ခွန်အား အပြည့်သုံးခဲ့တာ။ မင်းက အပြင်အားအဆင့်ကို ရောက်နေပြီထင်တယ်"
"ကျွန်တော်က ဆရာ့ရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို အားလုံးမှီခိုနေတာပါ" ကျောက်ဖုန်းက ပြုံးကာ ပြောသည်။
"ကောင်းပြီ မင်းရဲ့ဆရာကိုပဲ ထည့်ထည့်ပြောမနေနဲ့။ ငါ့ကို သူနဲ့တွေ့ဖို့ ခေါ်သွားပေး" နည်းပြလျိုက မျက်ခုံးပင့်လိုက်ပြီး "မင်းက ငါ့ရဲ့လူတွေထဲက တစ်ယောက်ပဲ။ ငါကလည်း ဟောင်ကောင်မှာ နည်းနည်းနာမည်ကြီးတဲ့သူပါ။ သူက ငါ့ကိုဘာမှမပြောလဲ မင်းကို လုယူသွားတဲ့အတွက် ငါ သူနဲ့တိုက်ရမယ်။ သူက ဘာမဟုတ်တဲ့သူဆိုရင်တော့ ငါမင်းကို ပြန်ခေါ်သွားမှာပဲ"
"အာ..." ကျောက်ဖုန်းမှာ ရှုံ့မဲ့သွားသည်။
နည်းပြက ဆရာ့ဆီလာပြီး သူနဲ့တိုက်ချင်တာလား။ သူတော့ သေချာပေါက် ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ။
နည်းပြနဲ့ကျွန်တော်က လက်ရည်တူတူပဲ။ ဆရာမပြောနဲ့ တာဟေးကိုတောင် နိုင်မှာ မဟုတ်ဘူး။
ကျောက်ုန်းမှာ ကျန်းဟန်၏ခွင့်ပြုချက်မရှိဘဲ နည်းပြအား ကျန်းဟန်ဆီ ခေါ်မသွားရဲသဖြင့် ဖုန်းကိုထုတ်ကာ ကျန်းဟန်အား ဖုန်းဆက်လိုက်သည်။ ဖုန်းချပြီးနောက်တွင် ကျောက်ဖုန်းသည် မျက်လုံးကို မှေးကာ ပြောလိုက်သည်။
"နည်းပြ ကျွန်တော် နည်းပြကို ဆရာ့ဆီခေါ်သွားပေးမယ်။ သူ့မှာ အချိန်နည်းနည်းရတယ်"
"ကောင်းပြီး သွားကြရအောင်။ သူဘယ်မှာနေလဲ ငါမသိဘူး"
"ကျွန်တော့်ဆရာက အခု လဆန်းတောင်မှာ ရှိပါတယ်"
ပြောပြီးသည်နှင့် ကျောက်ဖုန်းသည် လှည့်ကာ ထွက်သွား၏။ လမ်းလျှောက်ရင်းဖြင့် သူ၏နှုတ်ခမ်းများမှာ တွန့်ကွေးနေသည်။ သူ ကြိတ်၍ ရယ်နေသည်မှာ ထင်ရှား၏။
ကျောက်ဖုန်းမှာ သူ၏နည်းပြ အနိုင်ကျင့်ခံနေရမည့်အဖြစ်ကို ကြည့်ရန် စောင့်မျှော်နေသည်။
-အပိုင်း(၁၈၂) ပြီး
-စာစဉ်(၁၃) ပြီး