အပိုင်း(၁၈၀)အဖွဲ့ဝင်မဟုတ်သူများအတွက် အကျိုးခံစားခွင့်
၎င်းကိုကြားသည့်အခါ ရှောင်မိန်က လေးလေးနက်နက်ခေါင်းညိတ်သည်။
မြင်သာမြင်ရ မကြင်ရသည့်အဖြစ်က တကယ်ကို စိတ်ဒုက္ခရောက်ပေသည်။
ဤကဲ့သို့ဖြစ်မျိုးကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီဖြစ်သည်။ ကြက်ဥထမင်းကြော်တစ်ပန်းကန်ဖြင့် ဗိုက်မဝသော်လည်း ဒုတိယတစ်ပန်းကန်အတွက် ယွမ် ၃၀၀ ထပ်ပေးရန် ဆန္ဒမရှိချေ။ တစ်ချိန်တည်းမှာပင် သူမသည် အသားနည်းနည်းလောက်စားရန် အလွန်စိတ်အားထက်သန်နေသဖြင့် သူမဆိုင်သို့ပြန်ရောက်ပြီးနောက် အသားစားခဲ့သော်လည်း အလွန်ပေါ့ရွှတ်ရွှတ်နိုင်သလို ခံစားရသည်။ တစ်ခါတစ်ရံ ဘေးဆိုင်မှ အသားများကို တွေးမိပြီး သူမ သွားရည်ကျလာသည်။
ဇီးသီးကို တွေးကြည့်ကာ ရေငတ်ပြေစေသည်က သိပ်အလုပ်မဖြစ်ပေ။
ထို့ကြောင့် ရှောင်မားနှင့် မန်နေဂျာမှာ နည်းနည်းပို၍ မြန်မြန်စားလိုက်ကြသည်။ စားပြီးသည်နှင့် နွားနို့တစ်ခွက်သောက်ကာ ပြန်ကြရန် အဆင်သင့်ဖြစ်သွားသည်။
သူတို့ထရပ်လိုက်သည်နှင့် အသားပေါက်စီများမှာ ကျက်သွားလေသည်။ ကျန်းဟန်က မီးဖိုပေါ်တွင် ပေါင်းထားသည့် ဝါးပေါင်းဖိုများကို ဖွင့်လိုက်၏။ အငွေ့တစ်အုပ်က ထောင်းခနဲတက်လာသည်။
ထိုနောက် ပြင်းရှသည့် အသားပေါက်စီရနံ့များက လွှင့်ပျံလာ၏။
"ဒါက..."
မန်နေဂျာမှာ အသားပေါက်စီနံ့ ပြင်းပြင်းကို ရလိုက်ပြီး သူ၏ဗိုက်ထဲက ဂလွီဆိုသည့် အသံနှစ်ခုထွက်လာသည်။ သူသည် ဖျစ်ညှစ်ပြုံးလိုက်ပြီး ခေါင်းယမ်းကာ ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းလိုက်၏။
"အနံ့က အရမ်းမွှေးတာပဲ။ ဖေဖေ သမီးတို့ အခုစားကြတော့မှာလား"
ထိုအခိုက်တွင်ပင် ကာတွန်းကားပြီးသွားလေသည်။ မင်းသမီးလေးသည် တီဗီကို ပိတ်လိုက်ပြီး ရီမုဒ်ကို ဆိုဖာပေါ်တင်ကာ နောက်လှည့်၍ ကျန်းဟန်အား ကလေးသံလေးဖြင့်မေးလိုက်သည်။
"ဒါပေါ့" ကျန်းဟန်က ပြုံးကာ ဖြေသည်။
"ရေး...စားဖို့အချိန်ရောက်ပြီ" မုန့်မုန့်မှာ ဝမ်းသာအားရ အော်ဟစ်၏။
လျန်မုန့်ချီနှင့်အခြားသူများအားလုံးမှာ မတ်တပ်ထရပ်ကာ ပေါက်စီသေးသေးလေးများကို ယူရန် အဆင်သင့်ဖြစ်နေကြသည်။ သူတို့သည် ဤမိနစ်အနည်းငယ်ကို နှစ်ပေါင်းများစွာကြာအောင် စောင့်နေရသလို ခံစားခဲ့ရ၏။
"အနံ့က အရမ်းမွှေးတာပဲ။ သေချောပေါက် အရသာကအံ့ဩစရာပဲနေမှာ။ သူဌေး ရှင်က အရမ်းအံ့ဩဖို့ကောင်းတယ်။ ကျန်မရှင့်ကို အရမ်းသဘောကျသွားပြီ။ ရှင့်ရဲ့ရည်းစားဖြစ်ရင် သေချာပေါက် ပျော်ရွှင်ရမှာပဲ" လျန်မုန့်ချီကာ ဝမ်းသာအားရပြောသည်။
ပြောနေရင်းဖြင့် သူမသည် တူနှစ်ချောင်းဖြင့် အသားပေါက်စီ တစ်ဒါဇင်ခန့် ကောက်ယူခဲ့၏။
ပေါက်စီများမှာ သေးငယ်သော်လည်း ၎င်းတို့သည် လင်းဟိုင်ပေါက်စီထက် အနည်းငယ်ပိုကြီးသေးသည်။ ထို့ပြင် လျန်မုန့်ချီဝယ်ယူခဲ့သည့် ပေါင်းဖိုမှာလည်း အကြီးဆုံးအမျိုးအစားဖြစ်သည်။ ပေါင်းချောင်တစ်ခုစီတွင် အသားပေါက်စီ အခု ၂၀ ခန့်ဆန့်ပြီး စုစုပေါင်း ပေါင်းချောင် ၁၆ ခုရှိသည်။ ယေဘူယျအားဖြင့် အသားပေါက်စီဆယ်ခုမှာ လူတစ်ယောက်အတွက် လုံလောက်ပြီး လူ ၃၀ ခန့် အေးအေးဆေးဆေး စားနိုင်သည်။
အပြင်ဘက်တွင် လူ ၂၀ ခန့်တန်းစီနေ၏။ အချိန်စောစောလာသည်နှင့်အမျှ သူတို့အားလုံးနီးပါးမှာ အသားပေါက်စီများကို မြည်းစမ်းနိုင်သည်။
သို့သော် သူတို့သည်တော့ ၎င်းကို မသိရှိခဲ့ပေ။ ကြက်ဥထမင်းကြော်နှင့် ခေါက်ဆွဲပြုတ်သာ အမြဲစားခဲ့ရသည့်အတွက် အသားပေါက်စီမှာ အဖွဲ့ဝင်တွေအတွက်သာဖြစ်ရမည်ဟု ထင်ခဲ့ကြသည်။
မန်နေဂျာနှင့်ရှောင်မေ့တို့၏လျင်မြန်သွက်လက်သည့်ခြေလှမ်းများက သူတို့ ၎င်းကို မသိကြောင်း သက်သေပြနေသည်။
ပေါက်စီများယူနေကြစဉ်တွင် ထိုနှစ်ယောက်သား အပြင်သို့ အမြန်သွားနေကြသည်ကို ကျန်းဟန် သတိပြုမိသွား၏။ မန်နေဂျာသည် အလွန်စိတ်အားထက်သန်စွာဖြင့် သူ့အား ကူညီကာ ကြက်၊ဝက်၊ ငန်းများကို သတ်ရန် ကူညီပေးခဲ့သည့်အတွက် သူတို့အား သတိပေးရန်လိုအပ်ကြောင်း ကျန်းဟန် ခံစားရသည်။
ထိုကြောင့် မန်နေဂျာ၏လက်က တံခါးလက်ကိုင်ကို ကိုင်လိုက်သည်နှင့် သူတို့အတွက် အိပ်မက်ဆန်သော အသံတစ်သံကို ကြားလိုက်ရသည်။
"အဖွဲ့ဝင်မဟုတ်တဲ့သူတွေလည်း ပေါက်စီစားလို့ရတယ်"
"ဖူး..."
မန်နေဂျာမှာ ရုတ်တရက် တံတွေးပင် သီးသွား၏။ သူ၏မျက်လုံးများမှာ ပြူးကျယ်လာပြီး "အဖွဲ့ဝင်မဟုတ်တဲ့သူတွေလည်း ပေါက်စီစားလို့ရတယ်" ဆိုသည့် စကားသံများကိုသာ ကြားယောင်နေသည်။
ဤအခိုက်အတန့်တွင် မန်နေဂျာ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်လာကာ နောက်ဆုံးတော့ သူဌေးဆီကနေ ကြင်နာမှုကို ခံစားရပြီဟု တွေးလိုက်မိသည်။
"အိုး ဘုရားရေ။ အကြာကြီးစောင့်ခဲ့ရပြီး နောက်ဆုံးတော့ အသားစားနိုင်ပြီပေါ့"
ယမန်နေ့ကကဲ့သို့ ဝက်သားစားပွဲမဟုတ်သော်လည်း ဤပေါက်စီများမှာလည်း ကောင်းမွန်ပေသည်။
နောက်ဆုံးတွင်တော့ အစားအသောက်က အရေးအကြီးဆုံးပင်။ စားကောင်းသောက်ဖွယ်များအတွက် သူတို့ ဤနေရာသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ ယေဘူယျအားဖြင့် ဤနေရာရှိလူတိုင်းမှာ အစားအသောက်ခရေဇီစစ်စစ်များဖြစ်ကြ၏။
"သူဌေး ကျွန်တော်တို့ စားလို့ရတာလား"
ရုတ်တရက် အံ့ဩသွားသဖြင့် ဟာလာဟင်းလင်းဖြစ်သွားသည့် လူတစ်ယောက်က ဝေခွဲမရဟန်မေးသည်။
"အင်း" ကျန်းဟန်က ခေါင်းညိတ်သည်။
သေချာသည့်အဖြေစကားကို ကြားလိုက်ရပြီးနောက် အဖွဲ့ဝင်မဟုတ်သည့်လူခြောက်ယောက်မှာ စိတ်လှုပ်ရှားပျော်ရွှင်သွားကြသည်။
"ဟားဟား...ကျေးဇူးပါ သူဌေး။ ကျေးဇူးပါ။ နောက်ဆုံးတော့ ကျွန်တော်တို့စားနိုင်ပြီပေါ့"
မန်နေဂျာမှာ တပြုံးပြုံးတရွှင်ရွှင်ဖြင့် ပြောကာ မီးဖိုချောင်ကောင်တာဆီသို့ လျှောက်သွား၏။
"အသားပေါက်စီက ပေါင်းချောင်တစ်ခုကို ဘယ်လောက်လဲ။ တစ်ယောက်ကို ပေါင်းချောင်ဘယ်နှခုစားလို့လဲ" သတိရှိနေသည့်လူတစ်ယောက်က မေးသည်။
အမှန်ပင်။ မေးရသည့်အကြောင်းအရင်းကား သူ၏အိတ်ကပ်မှာ ပြားနေပြီဖြစ်၍ပင်။ အထဲတွင် ယွမ် ၇၀၀ သာကျန်တော့သည်။ ဈေးအလွန်ကြီးပါက သူ မတတ်နိုင်ချေ။
၎င်းက သူ ဤဆိုင်တွင် ပထမဆုံးစားသည့်အချိန်က အဖြစ်ကို သတိရစေသည်။ ထိုအချိန်တွင် သူ၏အိတ်ကပ်ထဲတွင် ယွမ်တစ်ရာကျော်သာရှိသဖြင့် ငွေပေးချေရန် မိုဘိုင်းလ်ဖုန်းဖြင့် စကန်ဖတ်ကာ ပေးချေရန် ကြံခဲ့၏။ သို့သော် ဆိုင်ရှင်သူဌေးက အလုပ်ရှုပ်လွန်းးသဖြင့် မရဘူးဟု ပြောခဲ့သည်။ နောက်ဆုံးတွင် သူသည် တစ်စားပွဲတည်းတွင် အတူတူစားခဲ့သူထံမှ ပိုက်ဆံချေးကာ ပေးခဲ့ရသည်။ နောက်တစ်နေ့ ပြန်လာခဲ့သော်လည်း ထိုအကြောင်းကို တွေးရင်း ရှက်နေသေး၏။
သူ၏အမေးကို ကြားသည့်အခါ ကျန်းဟန်က ခဏစဉ်းစားလိုက်ပြီး ပြန်ဖြေသည်။
"ကြက်ဥထမင်းကြော်နဲ့ အတူတူပဲ။ လူတစ်ယောက်ကို ပေါက်စီဆယ်ခုအထိပဲ အများဆုံးစားနိုင်တယ်"
၎င်းက သူတို့ ရှစ်ခု ကိုးခု ယူနိုင်သည်ဟု ဆိုလိုသော်လည်း ကျန်းဟန်က သူတို့အားလုံး ရသလောက်ယူလိမ့်မည်ဟု ထင်ပေသည်။
ဤအစားကြူးသည့် အစားသရဲများမှာ ဗိုက်ဝနေပြီး ပါးစပ်ထဲပလုတ်ပလောင်းဖြစ်နေလျှင်ပင် နောက်တစ်လုတ်ထပ်ထည့်မည့် သဘောရှိ၏။
သဘာဝဩဂဲနစ်စစ်စစ်အစားအသောက်များမှာ အစာကြောလွယ်ပေသည်။ သို့သော်လ အလွန်အကျွံစားလျှင်တော့ ဗိုက်ထဲတွင် ပြည့်အင့်နေပေလိမ့်မည်။ ဤသည်ပင်လျှင် အလွန်အကျွံစားချင်သည့်သူ အနည်းငယ်က ရှိနေသေး၏။
လူတိုင်းသည် ပေါက်စီဆယ်လုံးယူ၍ စားပွဲတွင် ပြန်ထိုင်လိုက်သည့်အခါ မန်နေဂျာက သူ၏တူကို အရင်ဆုံးကောက်ကိုင်လိုက်၏။ သူသည် အသားပေါက်စီကို ကောက်ယူလိုက်ပြီး အသေားပေါက်စီ၏အပြင်ပိုင်းအသားကို တစ်ကိုက်ကိုက်လိုက်သည်။ ရုတ်တရက် ကြွယ်ဝသည့်အသားရနံ့များက လွင့်ပျံထွက်လာပြီး သူ၏နှာဖျားထိပ်တွင် ပြည့်လွှမ်းသွား၏။
"ဒီအနံ့က အရမ်းကို စစ်မှန်တာပဲ။ အရမ်းမိုက်တယ်"
မန်နေဂျာက ချီးကျူးစကားပြောပြီးနောက် အသားပေါက်စီကို ပါးစပ်ထဲထည့်လိုက်သည်။ ပေါင်းထားသည့် ပေါက်စီလေးများမှာ အလွန်အကျူးသေးငယ်ခြင်းမရှိသည့်အတွက် သူ၏ပါးစပ်ထဲတွင် ပြည့်သွားသော်လည်း ဤခံစားချက်အား သူအလွန်နှစ်သက်သည်။
အသားပေါက်စီ၏အပြင်ဘက်ဂျုံသားနှင့် အရသာရှိလှသည့် အသားအရသာက သူ၏ခံတွင်းတစ်ခုလုံး ပြည့်သွားပြီး ယစ်မူးသွားစေသည်။
တစ်ဖက်ရှိ ရှောင်မေ့သည်လည်း သူမ၏မန်နေဂျာကို အတုခိုးကာ ပေါက်စီတစ်လုံးကို ကောက်ယူပြီး ပါးစပ်ထဲ ချက်ချင်းထည့်လိုက်၏။
"အိုး လားလား..."
ပေါက်စီမှာ အနည်းငယ် ပူနေသေးသဖြင့် သူမသည် ပါးစပ်ဟကာ လက်ဖဝါးဖြင့် ခပ်လိုက်သော်လည်း အမှန်တကယ်အေးသွားစေရန် အကူအညီမဖြစ်ပေ။ အစပိုင်းတွင် အပူရှိန်ကြောင့် ထူကဲသည့်အရသာကို သူမ သတိမပြုမိသေးပေ။ ပါးစပ်က အပူချိန်ကို ခံနိုင်ရည်ရှိသွားသည့်အချိန်တွင်တော့ ပြင်းရှသည့်အသားရနံ့ကို ခံစားလိုက်ရသည်။
"ဟူး...အရသာရှိလိုက်တာ..."
နောက်ဆုံးတွင်တော့ သူမ ပထမတစ်ခုကို စားလိုက်သည်။ ဒုတိယတစ်ခုကို ယူသည့်အချိန်တွင်တော့ ရှောင်မေ့သည် ပို၍ သတိထားလာ၏။ သူမ ပထမဆုံး ပေါက်စီ၏အပြင်သားကို ကိုက်လိုက်ပြီး လေအေးနှစ်ချက်ခန့် မှုတ်လိုက်သည်။ သူမသည် နောက်ထပ် ခပ်သေးသေးနှစ်ချက်ကိုက်လိုက်စဉ်တွင် အသားနှင့်ဂျုံသား၏ပေါင်းစပ်ရနံ့ကို သူမ ခံစားလိုက်ရပြီး အလွန်သာယာပျော်ရွှင်စေသည့် ခံစားချက်ကို ပေးစွမ်းသည်။
အကယ်၍ ငရုတ်ဆီနည်းနည်းနှင့် ရှာလကာရည်သာရှိလျှင်...
ဘာမှမရှိသည့် စားပွဲပေါ်ကို ကြည့်ရင်း ရှောင်မေ့အနည်းငယ် နောင်တရသွားသည်။ အကယ်၍ အခြားစားသောက်ဆိုင်တွင်သာဆိုလျှင် သူမ ထိုအရာများကို တောင်းပေလိမ့်မည်။ သို့သော် ဤဆိုင်တွင်တော့ သူမ မလုပ်နိုင်သေးပေ။
ယနေ့မနက်စာသညည် အဖွဲ့ဝင်မဟုတ်သူများအတွက် အလွန်အမင်းကံကောင်းမှုကြီးပင်ဖြစ်ပေသည်။
...
ထိုအချိန် တောင်ပိုင်းခရိုင်ရဲဌာနချုပ်တွင်...
ဒါရိုက်တာဒုန်ရှန်းချွမ်၏ရုံးခန်းတွင် ဒါရိုက်တာအပြင် ပေါ့ပေါ့ပါးပါး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်လည်း ရှိနေသည်။ ထိုသူသည် ဆံပင်ဆံတောက်၊ လင်းယုန်မျက်လုံးများဖြင့် အလွန်ယောက်ျားပီသ၏။
သူသည်ကား ကျောက်ဖုန်း၏အဖွဲ့ခေါင်းဆောင် နည်းပြလျိုပင်ဖြစ်ပေသည်။
ထိုအချိန်တွင် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်တတ်သည့် နည်းပြလျိုသည် လက်ပ်တော့စခရင်တွင် ပြသထားသည့် စီစီတီဗီမြင်ကွင်းများကိုကြည့်ရင်း သူ၏မျက်နှာမှာ လုံးဝပြောင်းလဲသွားသည်။
ဗီဒီယိုတစ်ခုလုံးကို ကြည့်ပြီးသွားချိန်တွင် သူ၏မျက်နှာမှာ လေးနက်လာ၏။
"နည်းပြလျို ကျွန်တော် ဒီကိစ္စကို လုံခြုံရေးဗျူရိုကို သတင်းပို့ပြီးပြီ။ ဒါကို ကျွန်တော့်အနေနဲ့ ဖုံးကွယ်ထားဖို့ မရဲဘူးဗျာ" ဒုန်ရှန်းချွမ်က ခါးသီးစွာပြုံးလျက်ပြောသည်။
သူသည် နည်းပြလျိုနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသော်လည်း ယခုကိစ္စက သိုင်းလောကနှင့်ပါဝင်ပတ်သက်နေသည့်အတွက် ဤကိစ္စကို သူ အမှန်တကယ် ထိန်းမထားဝံဘဲ လုံခြုံရေးဗျူရိုကို သတင်းပို့ရပေမည်။
သိုင်းလောကမှလူများမှာ အလွန်သန်မာလွန်းသဖြင့် လုံခြုံရေးဗျူရိုမှလူများသာ ၎င်းတို့အား ကိုင်တွယ်နိုင်စွမ်းရှိသည်။
သူ၏စကားကိုကြားသည့်အခါ နည်းပြလျိုကာ ခေါင်းကိုအသာအယာယမ်းကာ ပြောလိုက်၏။
"သိုင်းလောကကလူလား"
"သူတို့က တကယ်ကို အံ့မခန်းပဲ။ သူဘယ်ကနေရောက်လာသလဲဆိုတာ ငါတကယ်မသိဘူး" ဒုန်ရှန်းချွမ်က သက်ပြင်းချသည်။
"သူက တကယ့်ကို ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ။ သူက အလွန်အမင်းကို အစွမ်းထက်လွန်းတယ်။ ကျုပ် သူနဲ့ယှဉ်ရင် သုံးကွက်အတွင်း ရှုံးသွားမှာတောင် စိုးရိမ်မိတယ်" နည်းပြလျိုက တောင့်တင်းစွာပြောသည်။
သူကအလွန်ရှော့ရသွားခဲ့ရသည်။
ဤနေရာတွင် သိုင်းမာစတာတစ်ယောက်နှင့်တွေ့ရမည်ဟု သူမမျှော်လင့်ထားပေ။
"ဘာ"
၎င်းကိုကြားသည့်အခါ ဒုန်ရှန်းချွမ်လည်း လန့်သွဦးသည်။ သူက "နည်းပြလျို ခင်ဗျားတောင် သူ့ပြိုင်ဘက်မဟုတ်ဘူးလား။ သူက ဘယ်လောက်တောင် အစွမ်းထက်လဲ"
"သိုင်းလောကရဲ့အဆင့်တွေက အရမ်းရိုးရှင်းပါတယ်။ သူ့ကို အဆင့်သုံးဆင့်ခွဲထားတယ်။ အပြင်အားအဆင့်၊ အတွင်းအားအဆင့်နဲ့ အထွတ်အထိပ်အဆင့် ဆိုပြီးခွဲခြားထားတယ်။ အပြင်အားအဆင့်အတွက်က လက်သီးကို အသုံးပြုကြတယ်။ ဒါက အမာသဘောမျိုး ပုံမှန်ကွန်ဖူးလေ့ကျင့်မှုအမျိုးအစားပါပဲ။ အတွင်းအားအဆင့်ကတော့ တံတောင်ဆစ်အောက်ခြေနဲ့ တိုက်ခိုက်တယ်။ သူက အဆုံးမရှိတဲ့အင်အားရှိပြီး နူးညံ့တဲ့ခွန်အားမျိုးပဲ"
"အထွတ်အထိပ်အဆင့်က မာကျောမှုနဲ့နူးညံ့မှုပေါင်းစပ်ထားတယ်။ ဒီကျွမ်းကျင်မှုမျိုးက ခွန်အားကို လုံးဝထိန်းချုပ်နိုင်ဖို့လိုတယ်"
"လူတစ်ယောက်ဟာ အပြင်အားအဆင့် ကြွက်သားသန်မာမှုစွမ်းအားမြင့်မားလာမှသာ အတွင်းအားကို လေ့ကျင့်နိုင်မှာ။ ချီစွမ်းအားရဲ့နူးညံ့ပျော့ပြောင်းမှုကို အာရုံခံစားနိုင်ပြီး အလွန်အမင်းအားကောင်းလာမှသာ အထွတ်အထိပ်အဆင့်ကို စတင်နားလည်လာလိမ့်မယ်။ အတွင်းအားအဆင့်ရဲ့အဆုံးက အထွတ်အထိပ်အဆင့်ရဲ့ အစပါပဲ"
နည်းပြလျိုမှာ ဒုန်ရှန်းချွမ်နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ဂရုစိုက်မနေဘဲ ဆက်၍ ရှင်းပြသည်။
"သာမန်လူတွေက တစ်သက်လုံးလေ့ကျင့်ရင်တောင်မှ အပြင်အားအဆင့်ကို ရောက်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အရည်အချင်းရှိတဲ့သူတွေက ဆယ်နှစ်အတွင်း အတွင်းအားအဆင့်ကို ရောက်နိုင်လိမ့်မယ်။ အပြင်အားအဆင့်ကနေ အတွင်းအားအဆင့်ကို နားလည်နိုင်ဖို့က အရည်အချင်းအလွန်ရှိဖို့ လိုတယ်။ အထွတ်အထိပ်အဆင့်ဆိုရင်တော့ အင်မတန်ကို ခက်ခဲတယ်။ အထွတ်အထိတ်အဆင့်က မာစတာတစ်ယောက်ဟာ မာကြောကြံ့ခိုင်မှုရော နူးညံ့ပျော့ပြောင်းမှုရော နှစ်ခုစလုံးမှာ ကျွမ်းကျင်တယ်။ သူက ပြေးလွှားနေတဲ့ ယုန်တစ်ကောင်လိုပဲ။ သူက တကယ်ကို စွမ်းအားကြီးမားတယ်"
ဒုန်ရှန်းချွမ်က မှင်တက်နေပြီး အသေးစိတ်အဓိပ္ပာယ်နားမည်သဖြင့် ကြားဖြတ်ကာ မေးလိုက်သည်။
"ဒါဆို...အဲဒီလူသန်ကြီးက ဘယ်အဆင့်မှာလဲ"
"ခွန်အားရှုထောင့်ကြည့်မယ်ဆို သူက အပြင်အားအဆင့်မာစတာတစ်ယောက်ဖြစ်ပုံရပေမယ် သူ့ရဲ့ကြံ့ခိုင်မှုကတော့ အင်မတန်အားကောင်းလွန်းတယ်။ သူ့အသားအရေကနေကြည့်ရင် သူက ခန္ဓာကိုယ်ကြံခိုင်မှုကို လေ့ကျင့်တဲ့သူဖြစ်မယ်။ ကျည်ဆန်တွေကို ခံနိုင်ဖို့က သူ့မှာ အဆင့်မြင့်တဲ့ ခန္ဓာလေ့ကျင့်နည်းလမ်းရှိတယ်ဆိုတာ သိသာစေတယ်။ ဒါက တကယ်ကို အံ့ဩဖို့ကောင်းတယ်။ အဖက်ဖက်ကနေကြည့်မယ်ဆိုရင်တော့ သူက...အထွတ်အထိပ်အဆင့်မာစတာတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်တယ်"
"ဟမ်" ဒုန်ရှန်းချွမ်မှာ အေးခဲသွားသည်။
ဒါဆို အထွတ်အထိတ်အဆင့်ပေါ။ အဲ့ဒါက ဘာကိုဆိုလိုတာလဲ။
-အပိုင်း(၁၈၀) ပြီး