အပိုင်း(၁၇၃)မုန့်မုန့်၏သူငယ်ချင်းသစ်
"ဒီလို စားသောက်ဆိုင်သေးသေးလေးလား"
စားသောက်ဆိုင်၏ပတ်ပတ်လည်ကို ဝေ့ဝိုက်ကြည့်ရင်း ဝမ်ကျားဝမ်သည် ရယ်ရခက်ငိုရခက်ဖြစ်သွားသည်။
"ဒီလိုဆိုင်သေးသေးအတွက် မန်ဘာကတ်ဝယ်ဖို့ကို ယွမ် ၃ သန်း သုံးလိုက်တာလား။ ဒါ...အဖေ အဖေအလိမ်မခံရဘူးဆိုတာ သေချာလား"
ဝမ်ကျားဝမ်သည် ငွေ ၃ သန်းကို ဂရုမစိုက်သော်လည်း သူ၏အဖေဖြစ်သူ အလိမ်ခံရမည်ကို စိုးရိမ်မိသည်။
"ပေါက်ကရတွေ" ဝမ်ချမ်းသည် အလွန်မကျေမနပ်ဖြစ်သွားဟန်ဖြင့် "ကောင်းပြီ... ငါတို့ကို လိုက်ပို့ပေးပြီးပြီဆိုတော့ ရပြီ။ မင်းအလုပ်လုပ်စရာရှိတာဆက်လုပ်တော့။ နှစ်နာရီအတွင်း ငါတို့ကို လာကြိုလို့ရတယ်"
"အမ်" ဝမ်ကျားဝမ်မှာ စွံ့အသွား၏။
သူသည် မိသားစုနှင့်အတူ အချိန်ဖြုန်းကာ ညစာအတူတူစားရန် စီစဉ်ထားခဲ့သည်။ သို့သော် စားသောက်ဆိုင်သည် အလွန်သေးငယ်နေ၏။ ယခုတော့ သူ၏အဖေကပါ သူ့အား ထွက်သွားစေချင်နေပြီ။ ဒါက ဘယ်လိုဖြစ်တာလဲဟ။
စုယွီ၏မျက်နှာတွင်ပင် လန့်၍ တွန့်သွားဟန်ဖြစ်သွား၏။ သူမတို့ အိမ်ထောင်ကျပြီးခါစက ယောက္ခမဖြစ်သူသည် ဝန်ကြီးဌာနတစ်ခု၏ ဒါရိုက်တာဖြစ်ပြီး ဩဇာအာဏာရှိသူဖြစ်သည်။ ထိုအချိန်က စုယွီ၏နှလုံးသားထဲတွင် ယောက္ခမဖြစ်သူအား အနည်းငယ် ရှိန်နေမိသည်။ သူ့အား လေးစားရိုသေခြင်းဟုဆိုလျှင် သူမ၏စိတ်ထဲကခံစားချက်နှင့် ပို၍လိုက်လျောညီထွေပေလိမ့်မည်။ သို့သော် ဝမ်ချမ်း အငြိမ်းစားယူသွားသည့်အချိန်တွင် တဖြည်းဖြည်းရင်းနီးလာခဲ့၏။ သူ၏အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်သည်။ သူ၏ဒေါသမှာ လျော့နည်းလာပြီး စုယွီအား စိတ်လက်သက်သာဖြစ်စေသည်။ သို့သော် ယခု သူ၏ဒေါသမှာ ပြန်ပေါ်လာသည်။ သူသည် စကားလုံးအနည်းငယ်သာပြောဆိုပြီး ယခု သူ့သားအား ထွက်သွားရန် ပြောနေသည်။ ယောက်ျားသား သွေးဆုံးခြင်းကိုများ ကြုံတွေ့နေရလေသလား။
ဝူလီယင်းသည် သားနှင့်ချွေးမ၏မျက်နှာပေါ်ရှိ အမူအရာများကို မြင်သည့်အခါ ရယ်လိုက်သည်။ သူမသည် ဝမ်ချမ်း၏လက်ကို အသာပုတ်ကာ တိုးညှင်းသည့် လေသံလေးဖြင့် ပြောသည်။
"ရှင့်စိတ်ကို ထိန်းပါ။ ကောင်းကောင်းမွန်မွန်ပြောလို့မရဘူးလား"
ပြောပြီးနောက် ဝူလီယင်းသည် သူတို့အား ပြုံးပြသည်။
"မင်းအဖေက စကားကို ရှင်းရှင်းလင်းလင်းမပြောတာပါ။ ဒီနေ့က ရီဟန်ကို အစားအသောက်တွေကျွေးချင်လို့ ရောက်လာတာလေ။ အမေတို့မှာ မန်ဘာကတ်က သုံးခုပဲ ရှိတယ်ဆိုတော့ မင်းတို့နှစ်ယောက် အမေတို့နဲ့ အတူစားလို့မရဘူး။ စားချင်ရင်တော့ တန်းစီမှရမယ်။ ဒီမှာ ရှိနေတဲ့ လူအရေအတွက်ကို ကြည့်ရရင် မင်းတို့အလှည့်ရောက်ဖို့ တစ်နှာရီကျော်လောက် ကြာမယ်ထင်တယ်။ ဒါကြောင့် မင်းအဖေက မင်းတို့နှစ်ယောက်ကို အပြင်မှာ အတူတူသွားစေချင်တာ။ ပြီးမှာ အမေတို့ကို ပြန်လာခေါ်ပေး"
"ခစ်ခစ်ခစ်..." စုယွီက ရယ်လိုက်ပြီး "ရပါတယ် အဆင်ပြေပါတယ် အမေ။ ကျားဝမ်နဲ့သမီး တစ်နေရာရာမှာ သွားစားလိုက်ပါ့မယ်"
"မန်ဘာကတ်တစ်ခုကို တစ်ယာ့က်ပဲ သုံးလို့ရတယ်ပေါ့။ ဒီစည်းကမ်းကို ကျွန်တော် ပထမဆုံး ကြားဖူးတာပဲ။ လာနောက်နေတာလား။ ဒါက ဘယ်လို စားသောက်ဆိုင်မျိုးလဲ" ဝမ်ကျားဝမ်၏မျက်ခုံးများမှာ အနည်းငယ် တွန့်သွားပြီး မကျေမနပ်ခံစားလိုက်ရ၏။
"ဒါက ကမ္ဘာပေါ်မှာ အကောင်းဆုံး စားသောက်ဆိုင်" ဝမ်ချမ်းသည် သူ့သားအား စိုက်ကြည့်လိုက်ပြီးနောက် ဇနီးဖြစ်သူအားကြည့်ကာ ပြောလိုက်သည်။
"မိန်းမ ဝင်ကြရအောင်"
ထိုနောက် ဝမ်ချမ်းဦးဆောင်ကာ ဆိုင်ထဲသို့ ဝင်သွားသည်။ ဝူလီယင်းသည် သားနှင့်ချွေးမကို တောင်းပန်ပြီး မြေးဖြစ်သူနှင့်အတူ ခင်ပွန်းနောက်မှ လိုက်ဝင်သွားသည်။
"ဖေဖေ မေမေ နှုတ်ဆက်ပါတယ်" ဝမ်ရီဟန်သည် သူမ၏ပြည့်ပြည့်ဖြိုးဖြိုး လက်ဝါးလေးကို ဆန့်ကာ မိဘများအား တာ့တာ့ပြကာ နှုတ်ဆက်လိုက်၏။
ဝမ်ကျားဝမ်၏အမူအရာမှာ တောင့်တင်းသွားသည်။
ဝမ်ချမ်းနှင့် အခြားနှစ်ယောက် ဆိုင်ထဲဝင်လာပြီးနောက် တန်းစီနေသည့် စားသုံးသူများသည် မစ္စတာဝမ်နှင့် မစ္စဝမ်ကို စိုက်ကြည့်နေကြသည်။
"ကျားဝမ်...အဖေက ကျွန်မတို့ကို တစ်ခုခုစိတ်မကြည်တာရှိလို့လား" စုယွီ၏နှုတ်ခမ်းမှာ တွန့်သွား၏။
"ဟင်း..." ဝမ်ကျားဝမ်က သက်ပြင်းလေးချလိုက်ပြီး
"ဘယ်ဟုတ်ပါ့မလဲ။ ကိုယ်တို့က တစ်လမှ တစ်ခေါက်ပဲ အိမ်ကိုပြန်လာတာဆိုတော့ သူက ဘယ်လိုလုပ် ကျေနပ်ပါ့မလဲ။ ကိုယ်လည်း အိမ်ကို ခဏခဏပြန်ချင်တာပေါ့။ ဒါပေမယ့် အလုပ်တွေကလည်း မပြတ်နိုင်ဘူးဖြစ်နေတော့ ပြန်လို့မရဘူးလေ"
"အဖေက နားလည်ပေးလိမ့်မယ်လို့ ကျွန်မယုံပါတယ်" စုယွီက ခေါင်းယမ်းရင်း ခပ်ဟဟရယ်မောကာ ပြောသည်။
"ဒါဆို ကျွန်မတို့ တစ်ခုခုသွားစားကြမလား။ ဆန်ဟူလမ်းပေါ်က အနောက်တိုင်းစားသောက်ဆိုင်အသစ်ကို ရှင်စားကြည့်သင့်တယ်"
"မဟုတ်ဘူး" ဝမ်ကျားဝမ်က လက်ကာပြလိုက်ပြီး ကားတံခါးကို လော့ချကာ စုယွီ၏လက်ကို ပုခုံးပေါ်တင်ရင်း တန်းစီနေသည့်နေရာသို့ လျှောက်သွားသည်။
"ရှောင်ယွီ ကိုယ်တို့ ဒီနေ့တန်းစီရအောင်။ ဒါမှ အဖေထွက်လာတဲ့အချိန်ကျရင် ကိုယ်တို့တန်းစီနေတာကို မြင်ပြီး သူစိတ်ပြေသွားလိမ့်မယ်"
သားတစ်ယောက်ကို အဖေဖြစ်သူထက် မည်သူမျှ ပိုမသိနိုင် ဟူ၍ ဆိုရိုးစကားရှိသည်။ ဆိုလိုသည်မှာ ဖခင်ဖြစ်သူသည် သားဖြစ်သူအား အသိဆုံးဖြစ်သည်။ သို့သော် သားကလည်း အဖေဖြစ်သူကို အသိဆုံးဖြစ်သည့်အတွက် အပြန်အလှန်ပြောနိုင်ပေသည်။
"ကောင်းပြီ ရှင့်သဘောအတိုင်းပဲ" စုယွီက ခေါင်းကို အသာညိတ်ပြကာ ဝမ်ကျားဝမ်နှင့်အတူ ထိုင်ခုံငယ်လေးများရှိရာသို့ လျှောက်သွားပြီး တန်းစီထိုင်လိုက်၏။
စားသောက်ဆိုင်ထဲတွင်...
ကျန်းဟန်သည် ချက်ပြုတ်ရန် ဟင်းနှစ်ပွဲကျန်နေသေးသည့်အတွက် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်။
ထိုအချိန်တွင် ဘာမှ မစားရသေးသည့် အဖွဲ့ဝင်များရော ပုံမှန်အစားအသောက်များကို စားသောက်နေသည့် အဖွဲ့ဝင်မဟုတ်သူများရော အားလုံးမှာ မီးဖိုချောင်ကောင်တာရှိ အသားဟင်းများကို အာရုံထားနေကြသည့်အတွက် ဝမ်ချမ်းနှင့်အခြားသူများ ရောက်လာကြသည်ကို တစ်ယောက်မှ သတိမထားမိခဲ့ကြပေ။
"ဟမ် အနံ့က မွှေးလိုက်တာ" ဝင်ဝင်ချင်းပင် ဝမ်ချမ်းသည် လေထဲမှ မွှေးရနံ့ကို ရှူရှိုက်မိလိုက်သည်။
ဝက်သား၏မွှေးရနံ့က ဝမ်ချမ်း၊ ဝူလီယင်းနှင့် ဝမ်ရီဟန်တို့ကို သွားရည်ကျလာစေသည်။
"ကျုပ်တို့ အသားစားရမှာလား" ဝမ်ချမ်းက သူ၏မြေးမလေး ဝမ်ရီဟန်ကို မျက်နှာချင်းဆိုင်တွင် ထိုင်ခိုင်းလိုက်ပြီး သူကိုယ်တိုင် ပီရာဆန်၏ဘေးတွင် ထိုင်ရင်း မေးလိုက်သည်။
"အင်း ဝက်သားစားပွဲလို့တောင် ခေါ်လို့ရတယ်။ ဒီနေ့က လပ်ကီးဒေးပဲ။ ဟားဟားဟား" ပီရာဆန်က ရယ်မောကာ ပြန်ဖြေသည်။ ဝမ်ချမ်း၏မေးခွန်းကို ပြန်ဖြေပြီးနောက် ပီရာဆန်သည် ဘေးသို့လှည့်ကြည့်လိုက်၏။ တစ်ဖက်ရှိ ဝမ်ရီဟန်ကို သတိထားမိသွားသည်။
"မင်းက ချစ်ဖို့ကောင်းတဲ့ ဖက်တီးမလေးပဲ။ နာမည်ဘယ်လိုခေါ်လဲ"
ပီရာဆန်သည် ဤအချိန်တွင် စိတ်ထဲ၌ ဟင်းပွဲများ၏ပုံရိပ်ဖြင့် ပြည့်နေသေးသည်။ သူငှားရမ်းထားသည့် မန်ဘာကတ်မှာ ယနေ့ဉတွင် ထိုဖက်တီးမလေး အသုံးပြုလိမ့်မည်ဖြစ်ပြီး သူ့အတွက် ဟင်းပွဲများကို စားနိုင်မည်မဟုတ်ဘဲ ကြည့်နေရုံသာတတ်နိုင်တော့မည်ကို သတိမပြုမိသေးချေ။
"မဟုတ်ဘူး။ သမီးက ဖက်တီးမဟုတ်ဘူး။ သမီးရဲ့နာမည်ကို ဦးဦးကို မပြောပြချင်ဘူး" ဝမ်ရီဟန်က နှုတ်ခမ်းလေးကို စူကာ ပြန်ပြော၏။ လူများ သူမကို ဖက်တီးမလေးဟုခေါ်သည်က သူမလေးအား မပျော်မရွှင်ဖြစ်စေသည်။
"အာ...ဟုတ်တယ် ဟုတ်တယ် သမီးက ဖက်တီးမဟုတ်ဘူး။ ဦးဦးအမှားပါ။ ဒါဆို သမီးရဲ့နာမည်ကို ပြောပြလို့ရပြီလား" ပီရာဆန်က ရယ်မောသည်။
"ဟွန့်" ဝမ်ရီဟန်က နှာခေါင်းရှုံလိုက်သည်။ သူမသည် ခေါင်းကို တစ်ဖက်လှည့်ကာ သူ့အား လျစ်လျူရှူထားရန် ဆုံးဖြတ်လိုက်၏။
"ရီဟန်" ဝမ်ချမ်းက အသာချောင်းဟန့်လိုက်သည်။
ဝမ်ချမ်းသည် အတော်လေး စည်းကမ်းတင်းကြပ်သည့်အ ဘိုးဖြစ်သည်။ သူသည် သူမအပေါ်တွင် ကြင်ကြင်နာနာရှိသော်လည်း အဘိုးဖြစ်သူကိုတော့ ကြောက်ရွံ့၏။ မှန်ပေသည်။ တကယ်တမ်းတွင် ၎င်းမှာ သူမလေး၏အမေဖြစ်သူအဘိုးအပေါ်အမြင်နှင့်လည်း တစ်စုံတစ်ရာဆက်စပ်နေပေသည်။
သူမအဘိုး၏စကားကိုကြားသည့်အခါ ဝမ်ရီဟန်သည် လေးတိလေးကန်ဖြင့် ပြန်ပြောလိုက်၏။
"သမီးနာမည်က ဝမ်ရီဟန်"
ထိုနောက် သူမသည် ပီရာဆန်အား စကားမပြောချင်ဟန်ဖြင့် ခေါင်းလှည့်လိုက်၏။
"ဟားဟားဟား...ချစ်ဖို့ကောင်းတဲ့ ကလေးမလေးပဲ" ပီရာဆန်က ခေါင်းတယမ်းယမ်းဖြင့် ရယ်သည်။
ဝမ်ရီဟန်သည် ခေါင်းကိုလှည့်လိုက်သည့်အချိန်တွင် မနီးမဝေးဆိုဖာပေါ်တွင် ထိုင်နေသည့် ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရပြီး သူမ သိချင်စိတ်ဖြစ်လာ၏။ ကောင်မလေးကို သွား၍ နှုတ်ဆက်ချင်သော်လည်း အဘိုး၏အကြည့်များအောက်တွင် သူမ မလှုပ်ရဲပေ။ သူမသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ပိုနီဘဲ(Boonie Bears) ကာတွန်းကားကို တီဗီတွင် ဖွင့်ထားသည်အား တွေ့လိုက်ရ၏။ သူမသည် တမင်သက်သက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ဘိုးဘိုး သမီး ကာတွန်းကားကြိုက်တယ်။ ပိုနီဘဲကို အရမ်းကြိုက်တာ"
"အမ်" ဆိုဖာပေါ်တွင် ထိုင်နသည့် မုန့်မုန့်သည် ကလေးသံတစ်သံကို ကြားလိုက်ရသဖြင့် သိချင်စိတ်ကြောင့် ခေါင်းလှည့်ကြည့်လိုက်၏။ ထိုင်ခုံတွင် ထိုင်နေသည့် ဝမ်ရီဟန်ကို မြင်သည့်အခါ တီဗီကို အာရုံမထားတော့ဘဲ တောက်ပသည့် မျက်လုံးဝကြီးများဖြင့် ပေကလပ်ပေလကပ်ကြည့်နေသည်။ မြောက်အမေရိကမှလွဲ၍ တရုတ်နိုင်ငံတွင် သူမလေး၏သူငယ်ချင်းမရှိသည့်အတွက် သူမလေး၏စိတ်ထဲတွင် သူငယ်ချင်းအသစ်များကို တောင့်တနေခဲ့သည်။ သူမလေးသည် သူငယ်ချင်းအသစ်များရရန် မျှော်လင့်နေခဲ့၏။
ဝမ်ရီဟန်သည်လည်း မုန့်မုန့်အား ကြည့်နေသည်။ အလွန်လှပသည့် မုန့်မုန့်အားတွေ့လိုက်ရသည့်အခါ သူမ အံ့ဩငေးမောသွား၏။ ဆိုဖာပေါ်ရှိ ကလေးမလေးမှာ အလွန်ချောမောလှပသော်လည်း အရမ်းပိန်လွန်သည်ဟု သူမ တွေးလိုက်သည်။
ကောင်မလေးနှစ်ယောက်၏မျက်လုံးများတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နေသည်။ ဝမ်ရီဟန်သည် အဘိုးခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ထိုင်ခုံပေါ်မှ ဆင်းကာ ဆိုဖာဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွား၏။
ပထမတွင် သူမ၏အရှိန်က မြန်သော်လည်း ရောက်ခါနီးသည့်အခါတွင် နှေးသွား၏။ နောက်ဆုံးတွင် သူမသည် ဆိုဖာ၏နောက်ဘက်သို့ ရောက်ရှိသွားပြီး ဆိုဖာပေါ်တွင် ပျင်းရိစွာလဲနေသော မုန့်မုန့်အားကြည့်ရင်း သိချင်စိတ်ပြင်းစွာဖြင့် မေးလိုက်သည်။
"နင့်နာမည် ဘယ်လိုခေါ်လဲ"
"အမ်..." မုန့်မုန့်မှာ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး
"ငါ့နာမည်က ကျန်းယွီမုန့်ပါ။ နင်ငါ့ကို ဖေဖေ ခေါ်သလိုမျိုး မုန့်မုန့်လို့ ခေါ်လို့ရတယ်။ နင့်နာမည်ကရော ဘယ်လိုခေါ်လဲ"
"ငါ့နာမည်က ဝမ်ရီဟန်ပါ။ တွေ့ရတာ ဝမ်းသာပါတယ် မုန့်မုန့်။ ငါတို့ သူငယ်ချင်းဖြစ်လို့ရလား" ဝမ်ရီဟန်၏မျက်လုံးများသည် ခါတိုင်းထက် ပို၍ ပြူးကျယ်နေပြီး အလွန်တောင့်တင်းနေသည်။ မုန့်မုန့်က သူမ၏သူငယ်ချင်းဖြစ်ရန် လက်မခံမည်ကို စိုးရိမ်နေဟန်ရသည်။
"ရတာပေါ့" မုန့်မုန့်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ဒါဆို နင်ငါ့ကို ရီဟန်လို့ ခေါ်လို့ရတယ်။ ငါနင့်ကို မုန့်မုန့်လို့ ခေါ်မယ်။ ခစ်ခစ်ခစ်...." ဝမ်ရီဟန်လည်း ရယ်မောသည်။
တစ်ခါတစ်ရံတွင် ကလေးငယ်များ၏ခင်မင်းရင်းနီးမှုအစသည် နှုတ်ဆက်ရုံမျှသာ ဖြစ်သည်။
"ရီဟန် နင် ငါ့ဘေးမှာ ထိုင်လို့ရတယ်" မုန့်မုန့်က သူမအား ဖိတ်ခေါ်လိုက်သည်။
"အင်း ငါလာပြီ" ဝမ်ရီဟန်သည် ဆိုဖာကို ပတ်သွားကာ မုန့်မုန့်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
"မုန့်မုန့် နင်က အရမ်းလှတယ်" အနီးကပ်ကြည့်လိုက်သည့်အချိန်တွင် မုန့်မုန့်၏မျက်နှာမှာ မည်မျှ နူးညံ့သိမ်မွေ့လဲဆိုသည်ကို ဝမ်ရီဟန်မြင်လိုက်ရ၏။
"တကယ်လား" မုန့်မုန့်က အံ့ဩစွာ ပြောသည်။
"အင်း"
"နင်လည်း အရမ်းလှတယ်" မုန့်မုန့်က တခစ်ခစ်ရယ်ကာ ပြန်ပြောသည်။
"ခစ်ခစ် မုန့်မုန့် နင်က ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပဲ။ ဒါ...ဒါပေမဲ့..." ဝမ်ရီဟန်သည် သူမစိတ်ထဲရှိသည့်အရာကို ပြောရန် တွန့်ဆုတ်နေသည်။
"အမ်...ဒါပေမဲ့ ဘာဖြစ်လဲ..." မုန့်မုန့်က စိတ်လှုပ်ရှားစွာ မေးသည်။
"နင်က နည်းနည်းပိန်တယ်" ဝမ်ရီဟန်သည် အတန်ကြာတုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။ သူမ၏မျက်လုံးထဲတွင် သူမ၏ပုံစံသည် အမှန်ကန်ဆုံးအနေအထားရှိသည်။
"ပိန်တာလား။ ငါ အစားစားတဲ့အချိန်တိုင်း နည်းနည်းစီ ပိုပြီး ဝလာလိမ့်မယ်" မုန့်မုန့်က ယုံကြည်စွာ ပြောသည်။
"အင်း ဟုတ်တယ်။ နင်ဖြည်းဖြည်းချင်း ဝလာလိမ့်မယ်"
"..."
ကလေးမလေးနှစ်ယောက်၏ စကားဝိုင်းက စားသောက်ဆိုင်ထဲရှိ လူများစွာ၏အာရုံကို စွဲဆောင်သွားသည်။ တစ်ခါတစ်ရံတွင် ကလေးများ၏ဆက်ဆံရေးသည် အလွန်မျက်စိဖမ်းစားနိုင်သည်။
မုန့်မုန့်သည် ဝမ်ရီဟန်နှင့် မိနစ်အနည်းငယ်ကြာ စကားပြောနေခဲ့သည်။ မုန့်မုန့်သည် သူမ၏အရုပ်များကို မျှဝေကစားရန် ဆုံးဖြတ်လိုက်ပြီး ထိုအထဲမှ တစ်ခုမှာ ရီမုဒ်ကားဖြစ်သည်။
"မုန့်မုန့် ငါလည်း ရီမုဒ်ကားနဲ့ ကစားချင်တယ်" ဝမ်ရီဟန်သည် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်လုပ်ရင်း ပြောသည်။
သူမသည် ထိုသို့သော ကားမျိုးကို ကောင်းကောင်းမောင်းတတ်ပြီး သူမ၏သူငယ်ချင်းသစ်ရှေ့တွင် ပြသချင်သည်။ သို့သော် ကားမှာ တစ်စီးသာရှိသည့်အတွက် သူမ မောင်းရန် စောင့်နေရုံသာရှိသည်။
"ဒါပေမယ့်...မုန့်မုန့်က ဒါနဲ့ ကစားနေတုန်းပဲ" မုန့်မုန့်က ပြန်ပြောသည်။
"နင် ငါ့ကို ခဏငှားလေ။ ငါပြန်ပေးမယ် ဟုတ်ပြီလား" မုန့်မုန့်၏ငြင်းဆန်ချက်ကို ကြားသည့်အခါ ဝမ်ရီဟန်က နှုတ်ခမ်းစူလိုက်၏။
"ဒါပေမယ့်...ငါ ကစားလို့ မပြီးသေးဘူးလေ"
မုန့်မုန့်က ရေရွတ်သည်။
"နင်ငါ့ကို မငှားရင် ငါနင့်ကို မခင်တော့ဘူး" ဝမ်ရီဟန်က စိတ်ဆိုးစွာဖြင့် နှုတ်ခမ်းစူလိုက်ပြီး ငိုတော့မလို ခံစားလိုက်ရသည်။
သူမ စိတ်ဆိုးသွားသကဲ့သို့ မုန့်မုန့်လည်း ထပ်တူပင်။ အရုပ်မှာ သူမ၏အပိုင်ဖြစ်ပြီး ဘာကြောင့် ငှားပေးရမည်နည်း။
-အပိုင်း(၁၇၃) ပြီး