အပိုင်း(၁၅၄) ကမ္ဘာ့တစ်လွှားအရသာရှိသောအစားသောက်များ
"ဟူး..."
လူစားထိုးလန်ဖုန်းသည် သက်ပြင်းတစ်ချက်ချရင်း ကားတန်းအား သတိကြီးစွာဖြင့် လှမ်းကြည့်သည်။ ယခုလေးတင် ဝံပုလွေများလက်မှ လွတ်လာခဲ့ပြီး ကျားခံတွင်းအတွင်းသို့ ပြေးဝင်မိသည့်အဖြစ်မျိုး မဟုတ်ပါစေရန် မျှော်လင့်မိသည်။
"ထပါ"
ယာဉ်တန်း၏အလယ်ရှိ ဟမ်းမား(Hummer) ကားထဲမှ ကားမောင်းသူက အော်ပြောလိုက်သည်။
လူစားထိုးလန်ဖုန်းသည် မတ်တပ်ထရပ်လိုက်ပြီးနောက် လက်ရှိတွင် သူတို့လေးယောက်မှလွဲ၍ လူသုံးယောက်သာ အသက်ရှင်ကျန်ရစ်သည်ကို တွေ့လိုက်ရ၏။
လူ ၃၀ နီးပါးပါဝင်သည့်အဖွဲ့တွင် လူ ၇ ယောက်သာ ကျန်ရှိတော့ရာ ရွှေတြိဂံဒေသသည် အမှန်တကယ်ပင် အသက်ကိုဖက်နှင့်ထုပ်ထားရသည့်နေရာဖြစ်ကြောင်း ပြသနေသည်။
"ဘယ်သူက လန်ဖုန်းလဲ"
ဟန်းမားကားပေါ်မှ လူလေးယောက်ဆင်းလာပြီး သူတို့ထဲမှ အသားမည်းမည်းနှင့်တစ်ယောက်က ဆိုးရွားလှသည့် မန်ဒရင်းအသံထွက်ဖြင့် မေးသည်။
"ကျုပ်ပါ" လန်ဖုန်း၏အသံမှာ အနည်းငယ် မဝံမရဲဖြစ်နေ၏။
"ငါနဲ့လိုက်ခဲ့။ ဗိုလ်ချုပ်ဝဲလ်က မင်းကို စောင့်နေတယ်" အသားမည်းမည်းနှင့်လူက သူတို့အား လက်ဝေ့ယမ်းပြလိုက်သည်။
လန်ဖုန်းနှင့်သူ၏အဖော်သုံးယောက်သည် ဟမ်းမားကားထဲသို့ တက်လိုက်ကြပြီး ကျန်သုံးယောက်မှာ စစ်သုံးကားများပေါ်သို့ တက်သွားကြသည်။ ဒါဇင်ပေါင်းများစွာရှိသော ကားတန်းကြီးသည် တစ်ရွေ့ရွေ့မောင်းနှင်လာသည်။
"ခုနကလူတွေက ဗိုလ်ချုပ်ဟူရဲ့လူတွေပဲ။ မင်းတို့လာတုန်းက ဘယ်လိုလုပ် သတင်းပေါက်ကြားသွားတာလဲ" အသားမည်းမည်းလူက ကဲ့ရဲ့သည့်လေသံဖြင့် ပြောသည်။
"လူတွေအများကြီးပါတာဆိုတော့ ဖြစ်နိုင်ပါတယ်" နင်ရွှမ်သည် မသဲမကွဲအသံဖြင့် ပြန်ပြောသည်။
"ဟမ့်" အသားမည်းမည်းလူက နှာခေါင်းရှုံ့လိုက်ပြီး ဘာမှထပ်မပြောတော့ချေ။
ကားတန်းသည် မိနစ် ၂၀ ခန့်မောင်းနှင်လာပြီးနောက် သစ်တောကိုဖြတ်ကာ စွန့်ပစ်ရေကန်တစ်ခုသို့ ရောက်ရှိလာသည်။ နောက်ထပ် တစ်နာရီခန့် မောင်းနှင်လာပြီးနောက်တွင်တော့ ဗိုလ်ချုပ်ဝဲလ်၏နယ်မြေသို့ ရောက်ရှိသွား၏။
နယ်မြေမှာ လှပသည့် ဘိန်းစိုက်ခင်းများဖြင့် ဝန်းရံထားကာ လူအချို့သည် ပန်းခင်း(ဘိန်းပန်းခင်း)များထဲတွင် အလုပ်လုပ်နေကြသည်။ ထိုဧရိယာ၏ရှေ့တွင် အဓိကနေထိုင်ရာ လူနေနယ်မြေရှိပြီး အစောင့်အကြပ်အလွန်ထူပြောသည့် နယ်မြေတစ်ခုဖြစ်သည်။ ကင်းမျှော်စင်များစွာဖြင့် ခြံရံထားကာ နယ်မြေတစ်ခုလုံးကို ကောင်းစွာ ကာကွယ်ထားသည်။
အလယ်တွင် ကြီးမားသည့် စံအိမ်ကြီးတစ်ခု ထည်းထည်းကြီးရှိနေသည်။ အသားမည်းမည်းလူသည် ကျောက်ဖုန်းနှင့်အခြားသူများအား အဓိကနေရာသို့ ခေါ်ဆောင်သွားသည်။ ဧရာမခန်းမကြီးထဲတွင် စားပွဲရှည်ကြီးတစ်ခုရှိနေသည်။ ထိုအချိန်တွင် ဆံပင်ဖြူဖြူ မျက်လုံးပြာပြာနှင့် စစ်ဝတ်စုံဝတ်ထားသည့် နိုင်ငံခြားသားတစ်ဦးသည် စားပွဲထိပ်တွင် ထိုင်နေသည်။ သူသည် ကြီးမြတ်လှသည့် ဗိုလ်ချုပ်ဝဲလ်ပင်ဖြစ်ချေသည်။
"ထိုင်ပါ" ဗိုလ်ချုပ်ဝဲလ်က သူတို့အား လက်ပြလိုက်သည်။
ကျောက်ဖုန်းနှင့်အခြားသူများ ထိုင်လိုက်ပြီးနောက်တွင် ဗိုလ်ချုပ်ဝဲလ်က "စိန်တွေ ဘယ်မှာလဲ" ဟု ပြောလိုက်၏။
လူစားထိုးလန်ဖုန်းက ခနရပ်တန့်သွားသည်။ တကယ်တမ်းတွင် သူသည် နားကြပ်မှတဆင့် လန်ဖုန်း၏စကားကို နားထောင်နေခြင်းဖြစ်ပြီး လန်ဖုန်းပြောသည်ကိုကြားသည့်အခါ ကျောပိုးအိတ်အား စားပွဲတင်ကာ လက်ဆွဲသေတ္တာအားထုတ်၍ စကားဝှက်ကို ရိုက်ထည့်လိုက်သည်။ လက်ဆွဲသေတ္တာထဲတွင် တလက်လက်တောက်ပနေသည့် စိန်အလွှာတစ်ခုရှိနေ၏။ လူစားထိုးလန်ဖုန်းသည် မတ်တပ်ထရပ်လိုက်ပြီး လက်ဆွဲသေတ္တာအား ဗိုလ်ချုပ်ဝဲလ်ထံသို့ ဖြည်းဖြည်းချင်း တွန်းပေးလိုက်သည်။
စိန်များမှာ ပြိုးပြိုးပြက်ပြက်ဖြင့် တောက်ပနေပြီး ၎င်းတို့သည် အမေရိကန်ဒေါ်လာသန်း ၂၀ ကျော်တန်ကြေးရှိကြောင်း လူတိုင်းသိကြသည်။
ဗိုလ်ချုပ်ဝဲလ်ပင်လျှင် မျက်လုံးများကိုကျဉ်းမြောင်းလျက် ပီတိဖြာနေသည်။
"စစ်ဆေးကြည့်ပါ" လူစားထိုးလန်ဖုန်းသည် လေးနက်သည့်အသံဖြင့် ဖြေးညှင်းစွာပြောသည်။
သူ၏စကားကိုကြားသည့်အခါ ဗိုလ်ချုပ်ဝဲလ်သည် လက်ကိုဝှေ့ယမ်းကာ ၎င်းတို့ကို စစ်ဆေးရန် ရတနာအကဲဖြတ်သူတစ်ယောက်အား ခေါ်လိုက်သည်။
ခဏအကြာတွင် ရတနာအကဲဖြတ်သူသည် ဗိုလ်ချုပ်ဝဲလ်အား ခေါင်းညိတ်ပြသည်။
ဗိုလ်ချုပ်ဝဲလ်သည် ပြုံးကာ ပြောသည်။
"ကောင်းတယ် အရမ်းကောင်းတယ်။ ဒီလောက် အရည်အသွေးမြင့်တဲ့ပစ္စည်းတွေကို ငါတကယ် လက်ဝယ်ထားချင်တယ်။ ပြောရရင် ငါ မင်းတို့ကိုသတ်လိုက်ပြီး ဗိုလ်ချုပ်ဟူကို အပြစ်ပုံချလိုက်လို့တောင်ရတယ်"
သူ၏စကားကိုကြားသည့်အခါ ကျောက်ဖုန်းနှင့်အခြားသူများမှာ မျက်နှာပြောင်းလဲသွားကြသည်။
ရွှေတြိဂံနယ်မြေတွင် ဗိုလ်ချုပ်ဝဲလ်၏စကားကို မည်သူမျှ သံသယမဝင်ရဲကြချေ။ အကြံအစည်အား ထုတ်ပြောနေပြီဆိုကတည်းက သူ့တွင် ထိုစိတ်ကူးရှိနေကြာင်း ပြသနေသည်။
လူစားထိုးလန်ဖုန်းပင် ခန္ဓာကိုယ်မှာ တုန်လှုပ်သွားပြီး ပျာသွားသည်။ သို့သော် နားကြပ်မှ အသံကိုကြားသည့်အခါ ကြောက်ရွံ့မှုကို ထိန်းချုပ်ရန်ကြိုးစားလိုက်ပြီး ဖြေးညှင်းသည့်လေသံဖြင့် ပြောလိုက်သည်။
"ကျုပ်ထင်တာကတော့...သဘောတူညီချက်စာချုပ်ကပဲ ရေရှည်အကျိုးအမြတ်ရမှာ အသေအချာပဲ။ ဒါကို ဗိုလ်ချုပ်ဝဲလ်လည်း သေချာပေါက် သိမယ်ထင်ပါတယ်။ မဟုတ်ရင်..ခင်ဗျားအဲ့လိုလုပ်ပြီးနေပြီမဟုတ်လား။ ပြီးတော့ ရုံဟဲဂိုဏ်းက ဒီပစ္စည်းတွေက အရောင်းအဝယ်လုပ်နိုင်တယ်။ နောက်ပိုင်းကျရင် ကျုပ်တို့ ဒီထက်ပိုပြီး အကျိုးအမြတ်တွေရလာနိုင်တယ်။ ခင်ဗျားဘယ်လိုထင်လဲ"
ဗိုလ်ချုပ်ဝဲလ်သည် တည်ကြည်လေးနက်လာပြီး ရယ်လိုက်ကာ "မင်းကိုယ်တိုင်ရောက်လာတဲ့အတွက် ငါမင်းကို လေးစားမှု ပြည့်ပြည့်ဝဝ ပြသင့်ဒါပေါ့ လန်ဖုန်း။ လာ ပစ္စည်းတွေကို ပြလိုက်"
သူပြောလိုက်သည်နှင့် သူ၏လူများ ထွက်သွားကြသည်။ ခဏအကြာတွင် အိုက်စ်(Ice) ကီလို ၂၀၀ ကို သယ်လာကြသည်။
"ကြည့်ပါ" ဗိုလ်ချုပ်ဝဲလ်က လက်ကိုဆန့်တန်းကာ ညွှန်ပြလိုက်၏။
"အင်း" လူစားထိုးလန်ဖုန်းသည် ကျောက်ဖုန်းနှင့်ကျန်နှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။
သူတို့သုံးယောက်သည် ပစ္စည်းအိတ်များကို အသီးသီးယူလိုက်ကြ၏။ စစ်ဆေးကြည့်ရှုပြီးနောက်တွင် အားလုံး ခေါင်းညိတ်ပြကြပြီး ပစ္စည်းများမှာ အမှားအယွင်းမရှိကြောင်း ပြကြသည်။
"ဒါဆိုရင် ကျုပ်တို့ အခုပဲ ပြန်ထွက်တော့မယ်။ ဒါပေမဲ့ ကျုပ်တို့ဘက်မှာ အသေအပျောက်အရမ်းများသွားတော့ ဗိုလ်ချုပ်အနေနဲ့ ကျုပ်တို့ကို လိုက်ပို့ပေးဖို့ တစ်ယောက်ယောက်ထည့်ပေးနိုင်မလား" လူစားထိုးလန်ဖုန်းက ဖြည်းညှင်းစွာပြောသည်။
"ပြဿနာမရှိပါဘူး" ဗိုလ်ချုပ်ဝဲလ်က ပြုံးကာ အသားမည်းမည်းလူကို ပြောလိုက်သည်။
"သူတို့ကို နယ်စပ်လိုက်ပို့ပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ"
ကျောက်ဖုန်းနှင့် ကျန်လူခြောက်ယောက်အား စစ်ဘက်သုံးကားခြောက်စီးဖြင့် ရွှေတြိဂံနယ်မြေအတွင်းမှ သင်္ဘောဆီသို့ လိုက်ပို့ပေးခဲ့ကြပြီး လမ်းတစ်လျှောက် မည့်အသည့်အနှောက်အယှက်မျှ မရှိခဲ့ကြချေ။
သင်္ဘောပေါ်တက်ပြီးနောက်တွင် သူတို့အားလုံး စိတ်အေးလက်အေး ခံစားလိုက်ရတော့သည်။ လူစားထိုးလန်ဖုန်းသည် ပစ္စည်းများအား စစ်သုံးထုပ်ပိုးမှုများဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ပြီး သူတို့၏ရှေ့တွင် အားလုံးစုစုပေါင်း အထုပ်ကြီးလေးထုပ်ရှိလေသည်။
အကယ်၍ သင်္ဘောမှာ ဟောင်ကောင်ဆိပ်ကပ်းသို့ ဘေးကင်းကင်းဖြင့် ဆိုက်ကပ်နိုင်ပြီး အာဏာပိုင်များလက်မှ လွတ်ခဲ့ပါက ကြီးမားသည့် မူးယစ်ဆေးဝါးတင်သွင်းမှုကြီးမှာ အောင်မြင်သွားမည်ဖြစ်ပေသည်။ သို့သော် ဤမျှ မရိုးရှင်းနိုင်ချေ။ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကို မပြောနှင့်ဦး ကျောက်ဖုန်းနှင့်ဇီလုံသည် အခြားဂိုဏ်းဂဏများမှ လူများဖြင့်ပင် ဒုက္ခများနေပြီဖြစ်သည်။
အခြားတစ်ဖက်ရှိ ကျန်းဟန်၏စားသောက်ဆိုင်တွင်။ အချိန်ကား ညစာစားချိန်သို့ ရောက်ရှိပေပြီ။
အထူးစပါယ်ရှယ်ဧည့်သည့်တော်အချို့သည် စားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။
"မင်္ဂလာပါ ပရိသတ်ကြီးရှင့်။ "ကမ္ဘာတစ်လွှားအရသာရှိသည့်အစားအစာများ" အစီအစဉ်ကနေကြိုဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွန်မတို့ လဆန်း(လခြမ်း)ပင်လယ်ကွေ့ကို လာခဲ့ကြတာဖြစ်ပါတယ်။ သိပ်မကြာခင်အချိန်က "မုန့်မုန့်အပန်းဖြေရာစားသောက်ဆိုင်"လို့ခေါ်တဲ့ ဈေးနှုန်းအလွန်မြင့်မားပြီး နာမည်ကြီးနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်လို့ ကြားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ အစီအစဉ်လေးကနေ ပရိသတ်ကြီးနဲ့အတူ အဲဒီစားသောက်ကို သွားကြပါမယ်ရှင့်"
ပိုနီတေးဆံပင်နှင့် မိန်းမလှလေးသည် မိုက်ခရိုဖုန်းကိုကိုက်ကာ အစီအစဉ်၏အကြောင်းအရာကို ဗီဒီယိုကင်မရာအား ရှင်းပြနေသည်။ ကင်မရာရိုက်ကူးသည်နှစ်ဦးအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ငါးဦးရှိသည်။ တစ်ယောက်မှာ မိန်းကလေးအား ရိုက်ပြရန် တာဝန်ယူရပြီး ကျန်တစ်ယောက်က ရှုခင်းမြင်ကွင်းများကို ရိုက်ကူးပြရန် တာဝန်ယူရသည်။ ကျန်ဝန်ထမ်းနှစ်ယောက်သည်တော့ အိတ်များသယ်ဆောင်ပေးခြင်းခဲ့သို့သော တောက်တိုမယ်ရများကို လုပ်ဆောင်ပေးရသည်။
"စားသောက်ဆိုင်က ရှေ့နားလေးတင်ပါပဲ။ ညနေ ၆ နာရီထိုးအချိန်မှာတော့ ဆိုင်ရှေ့မှာ လူ ၂၀ ကျောက် တန်းစီနေကြပါတယ်"
ပြောနေရင်းဖြင့် သူတို့သည် ဆိုင်ဆီသို့ လျှောက်သွားကြသည်။ အနားသို့ရောက်သည့်အခါ တင်ဆက်သူမိန်းကလေးသည် တံခါးရှေ့မှ ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။
"ဒီမှာ ဆိုင်းဘုတ်တစ်ခုရှိပါတယ်။ တစ်ချက်လောက် သွားကြည့်လိုက်ရအောင်နော်"
"အာ ဈေးတွေက တကယ်ကို မြင့်တာပဲ။ ကြက်ဥထမင်းကြော်က တစ်ပွဲကို ယွမ် ၃၀၀၊ နွားနို့တစ်ခွက် ယွမ် ၁၀၀၊ ခေါက်ဆွဲပြုတ်တစ်ပွဲက ယွမ် ၃၀၀၊ မန်ဘာကဒ်က ...အိုးမိုင်ဂေါ့ဒ်"
"ပထမဆုံးမန်ဘာကဒ်ဆယ်ခုက ယွမ် ၁ သန်းကျတယ်။ အားလုံးရောင်းထွက်သွားပြီတဲ့လား။ နံပါတ် ၁၁ ကနေစပြီးတော့ တစ်ကဒ်ကို ယွမ် ၁၀ သန်းကျတယ်။ ဘုရားရေ အရမ်းအရမ်းကို ဈေးကြီးတာပဲ"
"မန်ဘာကတ်ရှိသူများသာ ဤဆိုင်မှ အစားအသောက်များကို စိတ်ကြိုက်စားသုံးနိုင်မည်ဖြစ်သည်။ ထို့ပြင် မိမိစားသုံးသည်များအတွက် ကျသင့်ငွေပေးရမည်ဖြစ်သည်။ ဒါက တကယ်ကို ကွာခြားမှုပဲ"
"အိုး...လန့်စရာကောင်းလိုက်တာ။ အစားအသောက်တွေက ဘယ်လိုအရသာရှိသလဲတော့ ကျွန်မ မသိဘူး။ သာမန်စားသုံးသူတွေအနေနဲ့ ကြက်ဥထမင်းကြော်နဲ့ ခေါက်ဆွဲပြုတ်ပဲ ရနိုင်တယ်တယ်။ ဒါက အရမ်းနည်းလွန်းတယ်"
"ဟိုမှာ တန်းစီနေတဲ့သူတွေအများကြီးရှိတာဆိုတော့ အရင်ဆုံး သူတို့ကို အင်တာသွားဗျူးကြည့်ရအောင်"
ဆိုင်းဘုတ်ကြောင့် ထိတ်လန့်အံ့ဩနေသည့် တင်ဆက်သူမိန်းကလေးသည် စားသောက်ဆိုင်ထဲသို့ မဝင်မီ တန်းစီနေသည့်လူများအား အင်တာဗျူးရန် ပြင်သည်။
ထို့ကြောင့် သူမသည် လူအုပ်ရှိရာသို့သွားကာ ဖုန်းနှင့်ဆော့နေသည့် ဝတ်စုံပြည့်ဝတ်အမျိုးသားတစ်ဦးအား ပြုံးပြကာ "မင်္ဂလာပါ လူကြီးမင်း။ ကျွန်မက "ကမ္ဘာတစ်လွှားအရသာရှိသောအစားအသောက်များ" အစီအစဉ်က တင်ဆက်သူပါရှင့်။ ဒီနေ့ ဒီစားသောက်ဆိုင်နဲ့ပတ်သက်တဲ့ အစီအစဉ်လေးတစ်ခု လုပ်ချင်လို့ပါ။ ကျွန်မ လူကြီးမင်းကို မေးခွန်းနည်းနည်းလောက် မေးလို့ရမလား"
"ရပါတယ်"
"ဒီမှာတန်းစီဖို့ အချိန်ဘယ်လောက်ကြာသလဲ မေးလို့ရမလားရှင့်"
"ကျွန်တော် ဒီနေ့စောစောလာခဲ့တာဆိုတော့ မိနစ် ၄၀ လောက်နေရင် ကျွန်တော့်အလှည့်ရောက်လိမ့်မယ်"
"မိနစ် ၄၀ လား။ တော်တော်ကြာတာပဲ"
"ဒါတင်ဘယ်ဟုတ်မလဲ" ထိုသူသည် ဤသို့သော အခြေအနေမျိုးဖြင့် ကျင့်သားရနေသည့်အတွက် ဆက်ပြောလိုက်သည်။
"ပုံမှန်ဆိုရင် ကျွန်တော် တစ်နာရီကျော်ကျော်လောက် စောင့်ရမယ်"
"ဘာ" တင်ဆက်သူမိန်းကလေးမှု နှုတ်ခမ်းများမဲ့သွားပြီး "ဒီစားသောက်ဆိုင်က အစားအသောက်တွေက တစ်နာရီကျော်လောက်တောင် စောင့်နေချင်ရလောက်အောင် အရသာကောင်းတာလား"
"ကောင်းတယ်ဆိုတာထက်ကို ပိုတယ်။ ဒီစားသောက်ဆိုင်က အစားအသောက်တွေက ကျွန်တော် မွေးကတည်းက ခုချိန်ထိ စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ"
"ဘယ်လောက်တောင် ချဲ့ကားလိုက်သလဲ" တင်ဆက်သူမိန်းကလေး၏လေသံမှာ အနည်းငယ် မယုံသင်္ကာဖြစ်နေဟန်ရှိသည်။
"ကျွန်တော်က အိုဗာလုပ်တယ်ထင်တာလား။ လုံးဝမဟုတ်ဘူး။ မင်းကိုယ်တိုင် မြည်းစမ်းကြည့်ပြီးရင် သိလာလိမ့်မယ်" ထိုသူက ရယ်မောကာ ပြန်ပြောသည်။
ထိုအချိန်တွင် ဘေးနားရှိလူများကလည်း ဝိုင်းပြောကြသည်။
"ဒီဆိုင်က အစားအသောက်တွေကို မြည်းစမ်းကြည့်ပြီးမှ တကယ့် ကြက်ဥထမင်းကြော်အစစ်နဲ့ ခေါက်ဆွဲပြုတ်အစစ်က ဘာလဲဆိုတာ သိနိုင်လိမ့်မယ်"
"ဒီကအစားသောက်တွေက ကြယ်သုံးပွင့်..မဟုတ်သေးဘူး ကြယ်ငါးပွင့်ဟိုတယ်တွေထက်ကို အဆ ၁၀၀ ပိုကောင်းတယ်"
"..."
"ဒီက အစားသောက်တွေရဲ့ဈေးနှုန်းကို လူကြီးမင်း ဘယ်လိုမြင်သလဲရှင့်။ ဈေးက နည်းနည်းမြင့်နေတယ်မထင်ဘူးလား" တင်ဆက်သူမိန်းကလေးက မေးသည်။
"ဟုတ်တော့ဟုတ်ပါတယ်။ တခြားစားသောက်ဆိုင်တွေမှာဆိုရင် ကြက်ဥထမင်းကြော်တစ်ပွဲက ယွမ် ၂၀ ပဲကျပေမယ့် ဒီဆိုင်မှာ ယွမ် ၃၀၀ ကျပါတယ်။ ဒါပေမယ့် ပေးရတဲ့ဈေးနဲ့ တကယ်ကို တန်ပါတယ်"
"ညီအစ်ကို မင်းနည်းနည်းလွဲနေတယ်။ ကျွန်တော့်အမြင်မှာတော့ ယွမ် ၃၀၀၀ ပေးရမယ်ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး လက်ခံနေဦးမှာပဲ။ သူဌေးက အရမ်းသဘောကောင်းလို့ ယွမ် ၃၀၀ နဲ့ရောင်းပေးတာ။ သူက ငါတို့အားလုံးကို ကြက်ဥထမင်းကြော်နဲ့ ခေါင်ဆွဲပြုတ် စားစေချင်တယ်။ ဒါကြောင့် ဒီဝေးက ဘယ်လိုလုပ် အရမ်းများမှာလဲ"
"ငါလည်း ဈေးကြီးတယ်လို့မထင်ဘူး။ ဒါပေမယ့် ငါ့မှာက ပိုက်ဆံသိပ်မရှိဘူး။ ဟူး...ငါ့ရဲ့ဘဝတိုးတက်ရေးအတွက် ဒီဆိုင်မှာ တစ်ရက်ကို နှစ်ကြိမ်ပဲ လာစားနိုင်တယ်"
သူတို့၏မှတ်ချက်များက "ဒီဆိုင်က ဈေးအရမ်းကြီးတယ်" ဟူ၍ ပြောလိမ့်မည်ဟု ထင်မှတ်ထားသည့် တင်ဆက်သူမိန်းကလေးကို အံ့အားသင့်သွားစေသည်။
သတိပြန်ဝင်လာသည့်နောက်တွင် မိန်းကလေးက ပြုံးကာ ပြောသည်။
"ဒီက အစားအသောက်တွေက အရမ်းအရသာရှိတဲ့ပုံပဲ။ ဒါနဲ့ အဖွဲ့ဝင်တွေကရော ဘယ်လိုဖြစ်တာလဲ။ ပထမဆုံး မန်ဘာကတ် ၁၀ ခုက အရမ်းဈေးကြီးတာ တကယ်ရောင်းထွက်သွားတာရော ဖြစ်နိုင်ပါ့မလား။ အဲ့ဟာတွေကို သူတို့လူတွေပဲ ပြန်ဝယ်ခဲ့တာလား"
"သူတို့လူလား" ထိုအမျိုးသားမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားကာ မကျေမနပ်လေသံဖြင့် "တခြားဆိုင်တွေနဲ့ နှိုင်းယှဉ်ပြီး ဒီစားသောက်ဆိုင်ကို မဝေဖန်ပါနဲ့။ မန်ဘာကဒ်တွေကို ဝယ်တဲ့ အဖွဲ့ဝင် ဆယ်ယောက်ကို ငါသိတယ်"
"အမှန်ပဲ" နောက်ထပ်အမျိုးသမီးတစ်ယောက်က နှာခေါင်းရှုံ့ကာ ပြောသည်။
"ဒီက အဖွဲ့ဝင်တွေအကုန်လုံးက လူချမ်းသာတွေချည်းပဲ။ သူတို့ မန်ဘာကတ်အတွက် ငွေရှင်းပြီးသား။ ဘာမှ သံသယဖြစ်စရာမလိုဘူး။ ဒီက စားသောက်စရာတွေကို အရင်မြည်းစမ်းကြည့်ပြီးမှ အကဲဖြတ်တာ ပိုကောင်းမယ်"
"ဟုတ်ကဲ့ပါရှင့်။ ကျွန်မက ခန့်မှန်းရုံပါပဲ။ စိတ်မဆိုးပါနဲ့" တင်ဆက်သူမိန်းကလေးသည် အနည်းငယ်ရှက်ရွံ့သွားက အင်တာဗျူးအား ရပ်တန့်လိုက်သည်။ သူမသည် ကင်မရာအားကြည့်လိုက်ပြီး "ဒီတော့ ဒီစားသောက်ဆိုင်ပိုင်ရှင်ကို အင်တာဗျူးတာပြီး လူတိုင်းချီးကျုးနေတဲ့ ဟင်းလျာတွေကို မြည်းစမ်းကြည့်ဖို့ အထဲကို ဝင်လိုက်ရအောင်"
ပြောပြီးသည်နှင့် သူမသည် ဆိုင်ထဲသို့ ဦးဆောင်ဝင်သွားသည်။ တံခါးဝသို့ ရောက်သည့်အချိန်တွင် ရှေ့၌ တန်းစီနေကြသည့် လူများက ခေါင်းမော့ကာ ပြောကြသည်။
"ဟေး မင်းဘာလုပ်နေတာလဲ။ စားချင်တယ်ဆိုရင် တန်းစီရမှာလေ"
"ကျွန်မ..." တင်ဆက်သူမိန်းကလေးမှာ အေးခဲသွားပြီး "ကျွန်မတို့က သူဌေးကို အရင်ဆုံးအင်တာဗျူးမလို့ပါ။ ကြားဖြတ်ဝင်တာမဟုတ်ပါဘူး။ အရသာမြည်းဖို့နဲ့ အကဲဖြတ်ပေးဖို့အတွက် သူဌေးက သီးသန့်ဝန်ဆောင်မှုပေးမယ်လို့ ကျွန်မယုံကြည်ပါတယ်"
"သီးသန့်ဝန်ဆောင်မှုလား။ ဟားဟားဟား...ကြိုးစားကြည့်ပါဦး"
"အိပ်မက်မက်နေလိုက်ပါ"
လူအုပ်ထဲမှ ရယ်မောသံများ ထွက်ပေါ်လာသည်။ သူတို့သည် ဤဆိုင်သို့ မကြာမကြာလာလေ့ရှိပြီး သူဌေး၏စိတ်နေစိတ်ထားကို သိကြသည်။ သူမသည် ရူးအစွာဖြင့် အရသာမြည်းစမ်းရန် သီးသန့်ဝန်ဆောင်မှုကို မျှော်လင့်နေလေသည်။
-အပိုင်း(၁၅၄) ပြီး
-စာစဉ်(၁၁) ပြီး