အပိုင်း(၁၃၂)ကြီးကျယ်ခမ်းနားသည့်ဖျော်ဖြေပွဲ
"ဟားဟားဟား..."
ရှားရှန်ဟောင်သည် မျက်လုံးထောင့်မှနေ၍ ကျန်းဟန်၏အမူအရာကို စောင့်ကြည့်နေရင်း မုန့်မုန့်ကို ကြည့်နေသည်။ မုန့်မုန့်လေး ပြုံးရယ်သည်ကိုမြင်ပြီးနောက် ကျန်းဟန်၏အမူအရာမှာ အနည်းငယ် ပျော့ပြောင်းလာသည်ကို သူတွေ့လိုက်၏။ ဤအရာက ရှားရှန်ဟောင်အား စိတ်သက်သာရာရစေသည်။ သူသည် တောက်ပစွာ ပြုံးလိုက်ပြီး
"သူဌေးကျန်း မင်းမှာ အရမ်းထက်မြက်တဲ့ သမီးလေးတစ်ယောက်ရှိတာပဲ"
"အမှန်ပဲ"
ကျန်းဟန်က ပြန်ပြောသည်။ ထိုကဲ့သို့သော ချီးမွမ်းစကားကြားသည့်အခါတိုင်း သူသည် အမြဲတမ်း ခေါင်းညိတ်သည်။
"မင်းမှာ မကြာသေးခင်က ပြဿနာတွေကြုံလိုက်ရတယ်လို ငါကြားတယ်။ ဒါကြောင့် ငါ ဒီကို ရောက်လာတာ။ တစ်ဖက်မှာ ငါမင်းဆီကို အလည်လာတာပေါ့။ တစ်ဖက်မှာတော့ မင်း ငါနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ကူးရှိလားဆိုတာ မေးမလို့။ လက်ရှိအခြေအနေကို မင်းသိပြီးပြီလို့ထင်တယ်။ မင်း ငါနဲ့ ပူးပေါင်းရင် မင်းလိုချင်တာ ဖြစ်စေရမယ်လို့ ငါဂတိပေးတယ်"
ရှားရှန်ဟောင်က ပွင့်ပွင့်လင်းလင်းပြောသည်။
ထိုစကားများက အခြားတစ်ဖက်ရှိ ဟောင်လျန်နှင့် အခြားသူများအား ထိတ်လန့်သွားစေသည်။
သူတို့သည် ထိတ်လန့်တကြားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
စောစောလေးကတင် သူတို့သည် ဤစားသောက်ဆိုင်အား ဘာအဆင့်မှမရှိသည့် အဆင့်နိမ့်သည့်စားသောက်ဆိုင်ဟု ပြောနေခဲ့၏။ စောစောလေးကတင် အစားအသောက်များ အရသာမကောင်းပါက စားသောက်ဆိုင်အား ပိတ်ပစ်မယ်ဟု ပြောနေခဲ့ကြသည်။
ယခုတော့ ရှားရှန်ဟောင်မှာ ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး နိမ့်နိမ့်ချချဖြင့် ဖိတ်ခေါ်နေရသူက သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုသည်ကို သူတို့ သဘောပေါက်လိုက်ကြပေပြီ။ ဤစားသောက်ဆိုင်က အဆင့်မရှိဘူးလား။ ရှားရှန်ဟောင်ပင်လျှင် တစ်ချိန်လုံး မတ်တပ်ရပ်ပြီး စကားပြောနေရသည်။
အစားအသောက်ကို မြည်းစမ်းမကြည့်ရသေးသော်လည်း သူတို့သည် မိုးကောင်ကင်ကြီးကို ကြောက်ရွံ့နေခဲ့ကြပေပြီ။
အထူးသဖြင့် စုန့်ယင်သည် မျက်နှာမှာအလျင်မြန်ဆုံးပြောင်းလဲသွားသူဖြစ်ပြီး အေးစက်သည့် ချွေးစက်များက နဖူးမှ စီးကျလာသည်။ သူသည် ဤစားသောက်ဆိုင်ကို ပိတ်ပစ်ရန် တစ်စုံတစ်ယောက်အား ခေါ်ဆိုခဲ့သူဖြစ်သည်။ ရှားရှန်ဟောင်၏သဘောထားကို ကြည့်ရလျှင် သူခေါ်ထားသောလူများ ရောက်ရှိလာပါက သူဌေး၏မျက်နှာသာပေးမှုကို ရရှိရန် သူတို့အား ကိုင်တွယ်ဖြေရှင်းမည်မှာ သေချာသည်။
ငါတော့ ကျားမြီးသွားဆွဲမိပြီ...
ယခုအချိန်တွင် စုန့်ယင်၏နှလုံးသားမှာ ခါးသီးမှု စိုးရိမ်မှုတို့ဖြင့် ပြည့်နေခဲ့၏။ သူခေါ်ထားသည့်လူများ ဖြည်းဖြည်းလေးလာဖို့သာ ဆုတောင်းမိသည်။
သို့သော် ကျန်းဟန်က တည်ငြိမ်နေဆဲပင်။ သူသည် ရှားရှန်ဟောင်အား တစ်ချက်ကြည့်ကာ "မလိုဘူး" ဟု ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ကျန်းဟန်၏ငြင်းဆန်မှုက ဟောင်လျန်နှင့်အခြားသူများအား အမှန်တကယ် အမြင်ကျယ်သွားစေသည်။
သူတို့ကိုမဆိုထားနှင့် ရှားရှန်ဟောင်ကိုပင် သူက ဤသို့ တစ်ပုံစံတည်း ဆက်ဆံလေသည်။
သူတို့တွင် နောက်ခံအချို့ရှိသော်လည်း ရှားရှန်ဟောင်ကဲ့သို့သော သူဌေးကြီးနှင့် ယှဉ်လျှင် ဘာမှမဟုတ်ချေ။ ရှားရှန်ဟောင်၏စကားတစ်ခွန်းတည်းဖြင့် သူတို့၏ဘဝကို ဖျက်ဆီးပစ်နိုင်သည်။
ပုံမှန်ဆိုလျှင် ရှားရှန်ဟောင်အား ဤသို့ပြောဆိုသည့်သူများမှာ အပြစ်ဒဏ်ခံရပြီးသားပင်။
သို့သော် ရှားရှန်ဟောင်သည် ပြုံးရွှင်နေပြီး သူ၏နောက်မှလူ ၃ ယောက်မှာလည်း ထပ်တူပင်။ သူတို့ရှေ့မှောက်ရှိ သူဌေးမှာ အကောင်ကြီးကြီးတစ်ကောင်ဖြစ်ကြောင်း သိလိုက်ကြသည်။
၎င်းကို တွေးမိပြီးနောက် ဟောင်လျန်နှင့်အခြားသူများမှာ မတွေးနိုင်လောက်အောင် စိုးရိမ်ပူပန်သွားကြ၏။ သူတို့ ရှောင်ပြေးရန်ကြိုးစားချင်သော်လည်း ကြောက်ရွံ့နေကြသည်။ ရှက်ရွံ့ထိတ်လန့်စွာဖြင့် နေရာတွင်ပင် ထိုင်နေကြရ၏။
"သူဌေးကျန်း ငါ့ကို မြန်မြန်မငြင်းလိုက်ပါနဲ့"
ရှားရှန်ဟောင်က ရယ်မောကာ
"ငါ မင်းနဲ့ ရိုးရိုးသားသား ပူးပေါင်းချင်ပါတယ်။ ဒါက ငါ့ရဲ့ နာမည်ကတ်ပါ။ သူဌေးကျန်း နောင်မှာ ပြဿနာတစ်ခုခုကြုံရင် ငါ့ကို တိုက်ရိုက် ဆက်သွယ်လိုက်ပါ"
ပြောနေရင်းဖြင့် ရှားရှန်ဟောင်သည် အိတ်ကပ်ထဲမှာ နာမည်ကတ်ပြားကို ထုတ်ကာ လက်ဖက်ရည်စားပွဲပေါ်တွင် ညင်သာစွာတင်လိုက်သည်။ ပြီးနောက် ခေါင်းညိတ်ကာဖြင့်
"ဒါဆို ငါမင်းကို မနှောင့်ယှက်တော့ဘူး"
"ကောင်းပြီ"
ကျန်းဟန်က ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်လိုက်၏။
ရှားရှန်ဟောင်သည် ကျန်းဟန်အား လေးလေးနက်နက်ကြည့်လိုက်ပြီး မုန့်မုန့်အား လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
"မိန်းမလှလေးမုန့်မုန့် နောက်မှတွေ့ကြမယ်နော်"
ထိုနောက် ရှားရှန်ဟန်မှာ သူ့လူများကို ခေါ်ကာ ထွက်ခွာသွားသည်။
ဟောင်လျန်နှင့် အခြားသူများမှာ အခြေအနေကို မြင်လိုက်ရသည့်အခါ စိတ်သက်သာရာရသွားကြသည်။ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး စားသောက်ဆိုင်ပိုင်ရှင်ထံတွင် သူတို့၏အမှားများကို ဝန်ခံသင့်ကြောင်း တွေးလိုက်ကြ၏။ ပို၍အရေးကြီးသည်မှာ ဖုန်းဆက်ခေါ်ထားသည့်လူများကို ခပ်ဝေးဝေးသို့ ခေါ်ထုတ်သွားရန်ဖြစ်သည်။
သို့သော် စုန့်ယင်သည် သူ၏ဖုန်းကို ထုတ်လိုက်သည့်အချိန်တွင် တစ်စုံတစ်ရာဖြစ်ပျက်သွား၏။
"ဟေးဟေးဟေး ကြည့်ကြဦး အဲဒီမှာ နောက်ထပ်လာပြန်ပြီ။ ဘုရားရေ ဒီတစ်ခါလာတဲ့သူတွေက အများကြီးပဲ"
ဆံပင်ကောက်ကောက်နှင့်အမျိုးသမီးသည် ပြတင်းပေါက်မှကြည့်ရင်း မျက်လုံးများ ပြူးကျယ်နေသည်။
လူတိုင်း လှမ်းကြည့်လိုက်ရာ ကားအစီးရေ ၄၀ ခန့် လာနေသည်ကို တွေ့လိုက်ရ၏။
ထိုအထဲမှ ၂၀ ခန့်မှာ Mercedes-Benz များဖြစ်ပြီး ကျန် ၂၀ ခန့်မှာ Ferrari ပြိုင်ကားများဖြစ်လေသည်။
"ပြိုင်ကားတွေအများကြီးပဲ။ အဲ့ဒါ...အရှေ့ပိုင်းက ယဲ့ဟန် မဟုတ်လား"
ဟောင်လျန်မှာ ငေးမောကြည့်ရင်း ပြောသည်။
"နောက်တစ်ယောက်က အနောက်ပိုင်းက ဒုန်တျန်းဖန်း ပဲ။ ဒီအကောင်ကြီးနှစ်ကောင်က ဘာလို့ လာကြတာလဲ"
စုန့်ယင်သည် အခြေအနေကို မြင်လိုက်ရသည့်အခါ လေအေးများကို ရှူသွင်းလိုက်မိသည်။
"ဒီကိုလာတာ သူတို့ဒီကိုလာနေကြတာ"
ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးက ပါးစပ်ကိုဟကာ အူကြောင်ကြောင်ဖြစ်နေသည်။
ဤမြင်ကွင်းက သူတို့အား ကြောက်လန့်သွားစေသည်။ ဤအကောင်ကြီးကြီး ၃ ကောင်စလုံးက ဤစားသောက်ဆိုင်အား လူကိုယ်တိုင်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
"ယဲ့ဟန်။ မင်းလို ကမ္ဘာပေါ်မှာ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ သူက လူကိုယ်တိုင်ရောက်လာမယ်လို့ ငါမမျှော်လင့်ထားဘူး"
အသက်လေးဆယ်ကျော်ရှိပြီဖြစ်သည့် ဒုန်တျန်းဖန်းက ပြုံး၍ ပြောသည်။ သူနှင့် ယဲ့ဟန်သည် စားသောက်ဆိုင်တံခါးဆီသို့ တစ်ချိန်တည်းလျှောက်လာကြသည်။
"ငါ့အစ်ကိုကြီးဒုန်ကလည်း ကိုယ်တိုင်ရောက်လာလိမ့်မယ် မထင်ထားဘူးဗျာ"
အသက် ၃၀ ခန့်ရှိပြီး တက်ကြွဟန်ရသည့် ယဲ့ဟန်က ပြုံး၍ ပြန်ဖြေသည်။
"သူဌေးကျန်းက ရှားရှားပါးပါး အရည်အချင်းရှိတဲ့သူပဲ။ ရှားရှန်ဟောင် ခုပဲ ဒီကနေ ထွက်သွားတာ မြင်လိုက်တယ်"
ဒုန်တျန်းဖန်းက ပြောသည်။
"အိုး...သူက တကယ်ကို ဝီရိယရှိတာပဲ။ ဒါပေမဲ့ မစ္စတာကျန်းလိုလူအတွက် စောစောလာတယ်ဆိုတာ ဘာမှမဟုတ်ပါဘူး။ အစ်ကိုဒုန် အရင်သွားပါ"
ယဲ့ဟန်က လက်ကို ဆန့်ကာ ဒုန်တျန်းဖန်ကို ပြောသည်။
"အတူတူသွားကြရအောင်"
ဒုန်တျန်းဖန်းက ပြောလိုက်ပြီး ဆိုင်ထဲသို့ ယဲ့ဟန်နှင့် အတူတူဝင်သွားလိုက်သည်။
ထပ်တူညီသည့် မြင်ကွင်းက ဖြစ်ပေါ်လာပြန်သည်။ ရှားရှန်ဟောင်ကဲ့သို့ပင် ဒုန်တျန်းဖန်းသည် ရိုးရိုးသားသား ဖိတ်ကြားမှုတစ်ခုပြောခဲ့ပြီး နောက်ဆုံးတွင် ပြန်ထွက်မသွားမီ နာမည်ကတ်တစ်ခု ပေးထားခဲ့၏။ ယဲ့ဟန်သည် အရင်ဆုံး မုန့်မုန့်နှင့် ပြုံးကာ စကားပြောသည်။ သူ၏နူးညံ့သိမ်မွေ့သည့်အပြုံးများက မုန့်မုန့်အား သူနှင့် အတူကစားစေခဲ့သည်။
နောက်ဆုံးတွင် ယဲ့ဟန်က သူ၏ရည်ရွယ်ချက်ကို အားတက်သရောဖြင့် ပြောသည်။ သူသည် ကျန်းဟန်နှင့် မိတ်ဆွေဖြစ်ချင်ကြောင်း ပြောသည်။ သူ၏နည်းလမ်းက ပို၍ ကျွမ်းကျင်ပိုင်နိုင်မှုရှိသည်ဟု ပြော၍ရလေသည်။ သူသည် အခြေအနေကို အကဲခတ်ပြီး ကျန်းဟန်အား လိမ္မာပါးနပ်စွာ မိတ်ဆွေဖွဲ့သည်။
သို့သော် ကျန်းဟန်က သူတို့အား စိတ်မဝင်စားပေ။ ကျန်းဟန် စကားမပြောချင်ကြောင်း တွေ့သည့်အခါ ယဲ့ဟန်လည်း ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် နာမည်ကတ်ကို ပေးလိုက်သည်။
သူတို့ထွက်ခွာသွားပြီးနောက်တွင် ဟောင်လျန်နှင့် အခြားသူများမှာ ကြောက်လန့်လွန်း၍ ခန္ဓာကိုယ်များ ပျော့ခွေလာသည်။
"သွား...သွားကြရအောင်"
စုန့်ယန်က အလျင်စလိုဖြင့် ပြော၏။
"အင်း သွား...သွား..ကြရအောင်"
ဟောင်လျန် ပြန်ပြောသည်။ သူသည် ဤနေရာတွင် နောက်ထပ် တစ်မိနစ်လေးပင် မနေချင်တော့။
ဤစားသောက်ဆိုင်တွင် ၁၅ မိနစ်ခန့်သာ နေရသေးသည် သူ၏မာနများမှာ ကွဲကြေသွားခဲ့ရသည်။
အခြားသူများနှင့် မယှဉ်ကြည့်ခဲ့ရသေးခင်တွင် သူတို့ကိုယ်သူတို့ မည်မျှ အားနည်းကြောင်း မသိခဲ့ကြပေ။ ဤဆိုင်မှာ သာမန်စားသောက်ဆိုင်မဟုတ်ချေ။ ဒါက နတ်ဆိုး၏စားသောက်ဆိုင်ပင်။
သူတို့အားလုံး ထရပ်လိုက်ချိန်တွင် အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသည့် လူသုံးယောက် ဝင်လာလေသည်။
ထိုလူများ၏ခေါင်းဆောင်သည် စုန့်ယင်ကို ကြည့်ကာ အော်လိုက်၏။
"ဒီဆိုင်ပိုင်ရှင်က ဘယ်သူလဲ။ ဒီဆိုင်မှာ အစားအသောက်တွေက သန့်ရှင်းမှုမရှိဘူး။ အရည်အသွေးမပြည့်မီဘူးဆိုတဲ့ အစီရင်ခံစာ လက်ခံရရှိထားတယ်။ ပြီးတော့ ဆိုင်ရဲ့ စားဖိုမှူးက ကျန်းမာရေးအသိမှတ်ပြုလက်မှတ်မဘူး။ အစားအသောက်တွေက ဈေးကြီးလွန်းပြီး လူတွေကို အန္တရာယ်ဖြစ်စေ..."
"အာ..."
စုန့်ယင်မှာ ထိတ်လန့်သွားပြီး သူ၏နှလုံးသားမှာ ထွက်ကျလာတော့မတက် ခုန်ပေါက်လာ၏။ သူသည် စကားပြောနေသောသူ၏ပါးစပ်ကို လက်တစ်ဖက်ဖြင့် အပြေးအလွှားသွားပိတ်သည်။ ထိုနောက် သူသည် တည်ငြိမ်နေဆဲဖြစ်သော ကျန်းဟန်ဘက်သို့ လှည့်ကာ အရုပ်ဆိုးလှသည့်အပြုံးနှင့် ပြောလေသည်။
"နားလည်မှုလွဲတာပါ။ အားလုံးနားလည်မှုလွဲသွားတာပါ။ ဒီအစ်ကိုကြီးသုံးယောက် နေရာမှားပြီး ရောက်လာတာဖြစ်မယ်"
ထိုနောက် သူသည် ဝတ်စုံပြည့်နှင့်သုံးယောက်ကို လှည့်ကာ ပြောသည်။
"ခင်ဗျားတို့ နေရာမှားလာကြပြီ။ ဘေးကဆိုင်ကမှ အရည်အချင်းမပြည့်မီတဲ့ဆိုင်။ ဒီဆိုင်က အရမ်းအဆင့်မြင့်တယ်။ အစားအသောက်တွေကလည်း ကောင်းတယ်။ ဘယ်လိုလုပ် အဆင့်မမှီတဲ့ဆိုင်ဖြစ်ရမှာလဲ။ လုံးဝ မှားနေတာပဲ။ လာ ဟိုဘက်ဆိုင်သွားကြည့်ကြမယ်"
ပြောပြီးသည်နှင့် စုန့်ယင်နှင့် ဟောင်လျန်တို့သည် လူသုံးယောက်ကို ဆွဲခေါ်ကာ ဆိုင်ထဲမှ ထွက်သွားကြ၏။
ကျန်းဟန် ခပ်ရေးရေးပြုံးကာ ခေါင်းယမ်းလိုက်သည်။
သူသည် မြေအောက်ဂိုဏ်းများကိုလည်း စိတ်မဝင်စားသလို ထိုမောက်မာသည့် သူဌေးသားများကိုလည်း စိတ်မဝင်စားချေ။ သူသည် သူတို့၏ မျက်နှာလိုမျက်နှာရ ဖားယားသည့်စကားများကိုလည်း နားမထောင်ချေ။
သူတို့အတွက် အလုပ်လုပ်ပေးရန်မပြောနှင့် သူတို့က သူ့အတွက် အလုပ်လုပ်ပေးချင်ကြောင်း တွယ်ကပ်ပြောနေလျှင်ပင် ကျန်းဟန်က လက်ခံမည်မဟုတ်ပေ။ ဘယ်လိုဟာသမျိုးပေလဲ။
အချိန်ကား ည ၇ နာရီခွဲဖြစ်ချေသည်။
လူပေါင်း ၈ သောင်းခန့် ဆံ့သည့် လင်းဟိုင်အားကစားကွင်းတွင် အလွန်နာမည်ကြီးရေးပန်းစားနေသော ဖျော်ဖြေပွဲတစ်ခု ကျင်းပတော့မည်ဖြစ်သည်။ သို့သော် လက်မှတ်အရေအတွက်မှာ အားလုံးပေါင်း ၈ သောင်း ၂ ထောင်ကျော် ရောင်းချခဲ့ရသည်။ လက်မှတ်အားလုံး ရောင်းကုန်သွားပြီးနောက်တွင် နောက်ထပ် ထိုင်ခုံ ၂ ထောင် ထပ်မံထည့်သွင်းခဲ့ရသည်။ လူတိုင်းသည် ဖျော်ဖြေပွဲ၏ အောင်မြင်ကျော်ကြားမှုကို ပြောနိုင်ကြပြီး ၎င်းအား အံ့ဖွယ်ဖျော်ဖြေပွဲဟု ပြောလျှင်ပင် အပိုပြောနေခြင်း မဟုတ်ပေ။
၇ နာရီ ခွဲတွင် ရွှယ်ချမ်သည် ဖက်ရှင်ကျသည့်အမျိုးသားဝတ်စုံနှင့်အတူ စင်မြင့်အလယ်သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
"အားလုံးပဲ မင်္ဂလာပါခင်ဗျာ"
ရွှယ်ချမ်က နှုတ်ဆက်လိုက်ပြီး ဆက်ပြောသည်။
"ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော့်ရဲ့ သီချင်းအသစ်တွေကို ကြားဖူးကြပြီးသားဖြစ်မှာပါ။ ကျွန်တော့်ကို အကောင်းဆုံး ပံ့ပိုးကူညီပေးခဲ့တဲ့ မစ္စတာဟန်ယန်ကို ဒီနေရာကနေ ကျေးဇူးတင်ချင်ပါတယ်။ အခု ကျွန်တော်ရဲ့ ပထမဆုံး သီချင်းသစ်ဖြစ်တဲ့ "Actor" သီချင်းကို တင်ဆက်ပေးချင်ပါတယ်"
"အိုး..."
"ဝိုး..."
ပရိသတ်များက အော်ဟစ်အားပေးကြလေသည်။ လူ ၈ သောင်းရှိပြီး သူတို့ထဲမှ တစ်ဝက်ခန့်က လက်ခုပ်တီးအားပေးကြလျှင်ပင် လက်ခုပ်သံများက မိုးခြိမ်းသံအလား ကျယ်လောင်ပေလိမ့်မည်။ ယခု အားလုံးက လက်ခုပ်တီးအားပေးကြသည်ဆိုလျှင် ပြောနေစရာပင်မလိုတော့ပေ။
မကြာမီပင် စန္ဒယားတီးခတ်သံက ထွက်ပေါ်လာပြီး ထိုနောက်တွင် ရွှယ်ချမ်သည် တည်ငြိမ်စွာဖြင် စတင်သီဆိုတော့သည်။
"Simply, talk simply...
Please ingrone the recent state of mind...
You are not an actor...
......."
သီချင်းသံကို ကြားလိုက်သည်နှင့် ကွင်းမြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူပေါင်းများစွာသည် သီချင်းကို အတူလိုက်၍ သီဆိုနေကြေသော်လည်း အရည်အသွေးမြင့် ပစ္စည်းကိရိယာများကို တပ်ဆင်ထားသောကြောင့် ငုပ်လျှိုးသွားကြသည်။
သီချင်းတစ်ပုဒ်ပြီးသွားသည့်နောက်တွင် ရွှယ်ချမ်က သီချင်းဟောင်းတစ်ပုဒ်ကို ဆက်ဆိုသည်။ ထိုနောက်တွင် သူသည် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"နောက်တစ်ပုဒ် ဘာသီချင်း နားထောင်ချင်ကြလဲ။ ကျွန်တော့်ကို ကျယ်ကျယ်လေး ပြောပေးကြပါဦး..."
သူ၏စကားများ ထွက်လာသည်နှင့် ပရိသတ်များအားလုံးသည် စိတ်လှုပ်ရှားလာကြပြီး အမျိုးမျိုး အော်ဟစ်ကြသည်။ သို့သော် တစ်ဖြည်းဖြည်းနှင့် လူတစ်ဒါဇင်ခန့်အသံက တစ်ဟုန်ထိုးဖြစ်လာသည်။
"ဒွိဟ"
"ဒွိဟ"
"ဒွိဟ"
"ကောင်းပြီ ဒါဆို ဒွိဟ ကို သီဆိုပေးပါမယ်"
နောက်ခံတေးသံစဉ်ထွက်လာပြီးနောက် ရွှယ်ချမ်သည် နက်ရှုင်းသည့်ချစ်ခြင်းဖြင့် စတင်သီဆိုတော့သည်။
"အခုတော့ ငါတို့ရဲ့ ဆက်ဆံရေးက ရှင်းလင်းသွားပြီလေ...
နောက်ထပ်ယှဉ်ပြိုင်ဖို့ ရှက်ရွံ့နေစရာမလိုဘူးလေ...
......"
လှပသည့် သီချင်းသံစဉ်က လူတိုင်းကို ဆွဲဆောင်သွားလေသည်။ ထိုအချိန်တွင် လူပေါင်း ၈ သောင်းကျော်မှာ သီချင်းကို လိုက်ပါသီဆိုကြ၏။ တိုက်ရိုက်ဖျော်ဖြေပွဲကို နားထောင်ရသည်မှာ တကယ်ကို မတူညီသည့်အတွေ့အကြုံများ ခံစားရစေသည်။
သီချင်းပြီးသွားသည့်နောက်တွင် ပရိသတ်များက နောက်ထပ်သီချင်းသစ် တစ်ပုဒ်ကို တောင်းဆိုကြသည်။
"Beginner"
"Beginner"
(Beginner က ရှေ့မှာတုန်းက ကျန်းဟန် ရေးပေးခဲ့တဲ့ သီချင်းသုံးပုဒ်ထဲက 'Tyro' 'လက်သင်' ဆိုပြီး မြန်မာပြန်ခဲ့တဲ့ သီချင်းပါ လက်သင်ဆိုတာကြီးက တစ်မျိုးကြီးဖြစ်နေလို့ အင်္ဂလိပ်လိုပဲ ပြန်ထည့်လိုက်ပါတယ်။)
ရွှယ်ချမ်က ပြုံးကာ ခေါင်းယမ်းလိုက်၏။
"မဟုတ်သေးဘူး မဟုတ်သေးဘူး။ Beginner က ကျွန်တော့် ဖျော်ဖြေပွဲရဲ့ နောက်ဆုံးသီချင်းပါ။ အခု ကျွန်တော်နဲ့ အတူသီဆိုဖို့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဧည့်သည်အဆိုတောက်ကို ဖိတ်ခေါ်လိုက်ရအောင်။ အားလုံးပဲ လက်ခုပ်သံလေးတွေနဲ့ ကြိုဆိုလိုက်ကြပါဦး"
သူ၏စကားဆုံးသည်နှင့် နာမည်ကြီးအဆိုတော် လီဖုန်းကျဲသည် ဖြေးညှင်းစွာဖြင့် လျှောက်လာခဲ့သည်။ သူပေါ်လာသည်နှင့် လက်ခုပ်သံများက တဟုန်ထိုးညံသွားလေသည်။
သူနှင့်အတူ သီချင်းနှစ်ပုဒ်သီဆိုပြီးနောက် ရွှယ်ချမ်မှာ စင်နောက်သို့ ပြန်သွားကာ အဝတ်အစားလဲ အနားယူလေသည်။ အခြား ပေါ်ပြူလာသိပ်မဖြစ်သော ဒုတိယအဆင့် အဆိုတော်နှစ်ယောက်သည်လည်း ရှိုးပွဲသို့ ဧည့်အဆိုတော်အဖြစ် လာရောက် ဖျော်ဖြေခဲ့သည်။ သူတို့သည် သီချင်းတစ်ပုဒ်စီ အသီးသီး ဖျော်ဖြေပေးခဲ့ကြ၏။ ထို့နောက် ရွှယ်ချမ် စင်ပေါ် ပြန်တက်လာခဲ့ပြီး အနည်းငယ် ထပ်၍ သီဆိုသည်။ နောက်ဆုံးတွင်တော့ အပိတ်သီချင်း 'Beginner' ကို စတင်သီဆိုလေသည်။
သီချင်းဆုံးသွားသည့်နောက်တွင် ရွှယ်ချမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"အခုလို ကျွန်တော့်ရဲ့ဖျော်ဖြေပွဲကို လာရောက်အားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ကို ကူညီပံ့ပိုးပေးခဲ့တဲ့အတွက် နောက်ထပ်တစ်ကြိမ် မစ္စတာဟန်ယန်ကို ကျေးဇူးတင်ချင်ပါတယ်။ ပြီးတော့ နောက်ထပ် ပြောစရာ တစ်ခုကျန်ပါသေးတယ်။ အဲ့ဒါကတော့ ဂီတလောကအတွက် ကောင်းမွန်တဲ့အရာပါပဲ။ ပြောရမယ်ဆိုရင် ကျွန်တော့်သီချင်းသစ် သုံးပုဒ်ရဲ့ တေးရေးဆရာ မစ္စတာဟန်ယန်က ကျွန်တော်တွေ့ဖူးသမျှမှာ အရည်အချင်းအရှိဆုံး တေးရေးတစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။ သူက ဒီသီချင်းအသစ် သုံးပုဒ်လုံးကို ကျွန်တော်ရဲ့ ရှေ့မှောက်မှာတင် နှစ်ရက်တည်းနဲ့ ရေးသားထုတ်လုပ်ပေးခဲ့တာပါ"
-အပိုင်း(၁၃၂) ပြီး