"တုန် တုန် တာ တန် တင် တုန် တင်......တုန် တာ တင်....တုန်...တင်...."
အချောသတ်လေ့ကျင့်ခြင်းစတင်ပြီးနောက် ပထမဆုံးထွက်ပေါ်လာသည့် စန္ဒယားသံ။
အိပ်ယာကုတင်ဘေးတွင် ပြင်ကျယ်အလွတ်နေသည့်နေရာရှိသည်။ ထိုနေရာတွင် စန္ဒယားနှင့် ထိုင်ခုံနှစ်လုံးချထားသည်။ တစ်ခုံမှာ ညီညီထိုင်နေပြီး နောက်တစ်ခုံတွင် အစ်ကိုထိုင်နေသည်။
ညီညီသည်စန္ဒယားတီးလျက်ရှိပြီး အစ်ကိုကတော့ဂီတာတစ်လက်ကို ကိုင်ထားသည်။ နှစ်ဦးဘေးချင်းယှဥ်ကာ စင်ပေါ်တွင်တကယ်ဆိုရ
မည့်အတိုင်းပုံစံချ၍ လေ့ကျင့်နေခြင်းဖြစ်သည်။
"Right from the start, you were a thief You stole my heart .... And I your willing victim...."
အသံအေးအေးလေးစတင်ထွက်လာသည်။ Pronunciation မှန်မှန်ဖြင့် ဆိုနေတာ တကယ့် Western Singer တစ်ယောက်အတိုင်း။ ညီညီရဲ့သီချင်းသက်ဝင်ခံစားမှုကို သက်ထင်ငေးကြည့်နေသည်။ သက်ဝင်ခံစားမှု ကောင်းလိုက်တာ။
နှစ်ယောက်ထဲရှိနေတဲ့အခန်းထဲမှာ အကြိမ်ပေါင်းများစွာလေ့ကျင့်နေတာတောင် ခုထိအားရှိနေတုန်း။ မောဟန်လေးတောင်မပြဘဲ အကြိမ်ပေါင်းများစွာလိုက်နိုင်နေတုန်း။ သီချင်းမဆိုခင် မျက်လုံးလေးမှိတ်လို့ စိတ်အေးချမ်းအောင်တဲ့
မုဒ်အရင်သွင်းသေးတာ။ စိတ်တွေစုစည်းပြီးထွက်လာတော့လည်း အသံက တကယ့်ပရိုကျကျ။ သက်ထင် ဒီကောင်လေးနဲ့လက်တွဲမိတာမှန်ခဲ့ပြီထင်သည်။ ထက်မြက်တဲ့မျက်လုံးလေးတွေရယ် ရေကုန်ရေခမ်းကြိုးစားသွားမယ့်စိတ်ဓာတ်ချထားတဲ့ ပြတ်သားတဲ့မျက်လုံးလေးတွေဟာ ကောင်လေးဆီမှာအရင်ကထက်စာရင် အများကြီးပေါ်ထွက်လာခဲ့ပြီ။
ကနေ့ မပို့စဖူး ညီညီကစာပို့လာသည်။ အချိန်မရွေးပို့ဖို့ဖုန်းနံပါတ်ပေးထားပေမယ့် ခုနေ့တော့ အထူးအဆန်းပို့လာသည်။
"အစ်ကို ညီတို့အစွမ်းကုန်ကြိုးစားကြည့်ရအောင်"တဲ့။
ကိုယ်ပါရင်ထဲသိမ့်ခနဲဖြစ်သွားသေးသည်။ ရုတ်တရက်ကြီး ဘာကြောင့်ပို့လာတယ်ဆိုတာမသိပေမယ့် ထိုစာတန်းလေးဆီက ပါသလို ကြိုးစားကြည့်ချင်စိတ်လေးဖြစ်မိသား။ သက်ထင်က အမြဲတမ်းကြိုးစားနေခဲ့သူဖြစ်နေပေမယ့် မတူညီတဲ့ပုံနဲ့ တစ်ခါလောက်ထပ်ကြိုးစားကြည့်ချင်လာသည်။ အိမ်ရောက်တော့မေးကြည့်တော့ အခန်းထဲမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို ရှက်ရှက်လေးနဲ့ပြောပြမှ စာပို့လာရခြင်းအကြောင်းကိုသိတော့သည်။ ကိုယ့်မှာပါပီတိတွေဖြစ်လို့။
"Just give me a reason....Just a little bit's enough..... Just a second ....အဟွတ်
အဟွတ်"
အာခေါင်တွေယားလာပြီး ညီညီမတတ်နိုင်သည့်အဆုံး ချောင်းထဆိုးတော့သည်။ ထိုအခါမှ သက်ထင်လည်းသတိဝင်လာတော့၏။ ခပ်မြန်မြန်ပဲ ရေထည့်ပြီးသားရေခွက်ကိုကမ်းပေးလိုက်သည်။
ဆိုနေတာအခေါက်ပေါင်းမှမနည်းတာ။
သက်ထင်အထင်တော့ ညီလေးကိုနားစေသင့်ပြီဟုထင်မိသည်။ ဒါ့အပြင် သန်ဘက်ခါဆိုစုံညီရောက်ပြီ။ အချောက ခုမှစတိုက်ရတာပေမယ့် အသံအခြေအနေကောင်းနေဖို့လိုသည်။ မနက်ဖြန်တစ်ရက်ပဲအချိန်ရတော့သည်။
ဒါကြောင့်ညီ့ကိုမပြောမဖြစ်သည့် စကားကိုပြောရတော့မည်။
"အဟွတ်"
"ရရဲ့လား ညီလေး"
"ဟုတ် အစ်ကို အာခေါင်တွေခြောက်သွားလို့"
"ဒါဆို အစ်ကိုတို့နားကြရအောင်လေ။ မနက်ဖြန်ကျမှအပြီးသတ်လေ့ကျင့်ကြမယ်"
"ရရဲ့လား။ ဆက်လေ့ကျင့်မယ်လေ။ ကျွန်တော်ဆိုနိုင်ပါသေးတယ်"
"မရဘူး မနက်ဖြန်မှဆက်လေ့ကျင့်မယ်"
"ဟုတ်။ ဒါဆိုလည်းကျွန်တော်ပြန်တော့မယ်။ ဟို အစ်ကိုလိုက်ပို့မှာပဲလား"
သက်ထင်သည် အသက်တစ်ချက်ရှူလိုက်သည်။
"ဟို...ညီလေး"
"ဗျာ"
"ခုညအိမ်မပြန်နဲ့တော့"
"ဗျာ"
"ဟို အစ်ကိုပြောတာ ခုညအစ်ကိုတို့အိမ်မှာအိပ်လိုက်တော့လို့"
အစ်ကို့စကားနောက်မှာ ညီညီ့ခမျာဆွံ့အလျက်။ အစ်ကိုကအတည်ပေါက်ပြောနေတာ။ အန်တီသစ္စာကလည်း အရင်ရက်ကတည်းက ညအိပ်ပါလားဆိုတာချည်း။ ညီညီကိုက အရမ်းရဲတင်းနေသလိုဖြစ်မှာစိုးတာရယ်၊ အစ်ကိုက အဲ့လိုကြုံသလိုအခွင့်ယူတတ်တဲ့သူများကိူ မုန်းမှာစိုးတာရယ်ကြောင့် ငြင်းနေခဲ့တာ။ ခုတော့ အစ်ကိုကိုယ်တိုင်ကပြောလာခဲ့ပြီ။ ညီညီ ငြင်းရမလား။ မငြင်းချင်ပေမယ့် လက်ခံဖို့လည်းမရဲ။
"အိမ်ကိုစိတ်ပူနေတာလား။ အစ်ကို အန်တီချို့ကိုဖုန်းဆက်ပေးမယ် ခဏ"
ပြောပြောဆိုဆို အစ်ကိုက ပြတင်းပေါက်နားထထွက်သွားလေသည်။ ညီညီမှာတားဖို့ဟန်ပြင်မိပေမယ့် တကယ်တမ်းကျမတားမိ။ ကိုယ့်စိတ်ထဲမှာ အစ်ကို့ဘက်ကိုအလေးသာနေတာကိုး။ ဒီတော့လည်း အစ်ကိုလုပ်သမျှလိုက်ကြည့်ရုံသာ။
ပြတင်းပေါက်ကိုပုခုံးတစ်ဖကိနှငိ့မှီလျက် ခါးတစ်ဖက်ထောက်ထားသည်။ ညီညီ့ဘက်ကိုနောက်ကျောပေးမို့ ကျယ်ပြန်လှသည့်အစ်ကို့ပုခုံးကျယ်ကြီးများနှင့် ရှည်လျားဖြောင့်စင်းနေသည့် အစ်ကို့အရပ်ကြီးကိုမြင်နေရသည်။ ညီညီတောင် အရပ်က ငါးပေးခုနစ်ရှိတာ။ ညီညီ့ထက်ခေါင်းတစ်လုံးစာ အရပ်မြင့်သည့်အစ်ကိုဆိုရင် ခြောက်ပေကျော်လောက်ရှိတာများလား။
ဒီလိုဆိုတော့လည်း အစ်ကိုကတကယ့်အကောင်းတွေချည်းပိုင်ဆိုင်ထားတာပါလား။ စိတ်ထားကောင်း လူကချမ်းသာ အရည်အချင်းရှိ သဘောထားပြည့်ဝ အရပ်ရှည် ရုပ်ရည်ချောမော စိတ်ဓာတ်အဆင့်အတန်းမြင့် မာနမကြီးတတ်တဲ့သူမျိုးရဲ့ ပရိတ်သတ်အစစ်တစ်ယောက်ဖြစ်ရတာ ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲ။
"ညီညီ....ညီညီ့"
"ဗျာ ဗျာ"
"ကိုယ်မေးနေတာဖြေဦးလေ"
"ဗျာ....ဘာမေးလိုက်တာလဲဟင်"
ညီညီတကယ်မကြားမိခြင်းပင်။ ညီညီရဲ့ အူတူနေတဲ့ပုံကို အစ့်ကိုကကြည်ရယ်စစဖြစ်လာတော့
ညီညီ့မျက်နှာကြီးရဲတက်လာတော့သည်။
"ဟောဗျာ....ညီ့အမေ့ဖုန်းနံပါတ်ပါဆို"
"သြော်... အင့် ညီ့ဖုန်းနဲ့ဆက်လေ"
"အိုကေ"
အစ်ကိုသည်ပြုံးစိစိနဲ့ တစ်ဖက်လှည့်သွားပါတော့သည်။
အစ်ကိုပုံကပွင့်ပွင့်လင်းလင်းနဲ့ စမတ်ဖြစ်လွန်းသည်။ သီချင်းဆိုနေတဲ့အချိန်တင်မဟုတ်ပဲ စကားပြောရင်ပါ လေယူလေသိမ်းနှင့် သိပ်နားထောင်ကောင်းသည်။
အစ်ကို့ကို ကျွန်တော်ပိုပိုကြိုက်နေမိပြီဗျ။
"ဟုတ်ကဲ့ အန်တီ.....စုံညီလည်းနီးနေတော့လေ"
"......."
"ဟုတ် ဟုတ် စိတ်ချပါ အန်တီ။ ကျွန်တော်ကိုယ်တိုင်ပြန်ပို့ပေးပါ့မယ်"
"........"
ဖုန်းချပြီးနောက်ပြန်လှည့်လာသည်။ အိုကေသွားပြီဆိုတဲ့သဘောနှင့် ပြုံးရင်း ညီညီ့ဆံပင်တွေကိူလှမ်းဖွသည်။ ညီညီကတော့ အစ်ကိုဘာလုပ်လုပ် သဘောကျပြီးရင်းကျရတာပါပဲ။
"ရေချိုးလိုက်လေ။ အစ်ကို့အင်္ကျီယူဝတ်"
"ဟုတ်...ဟုတ်"
ပြာသလဲလဲ ထိုင်ရာမှထသည်။ မျက်မှန်ထူကြီးကို စားပွဲပေါ်တင်ခဲ့ပြီး ရေချိုးခန်းထဲသို့တန်းဝင်လာခဲ့သည်။ ကြွေပြားအတိပြီးသည့် ရေချိုးခန်းကြီးဟာ ညီညီ့အခန်းထဲကရေချိုးခန်းလိုပါပဲ။
ဘေစင်ပေါ်မှာ ခရင်မ်ပေါင်းစုံ၊ မျက်နှာသစ်
ပေါင်းစုံဗူးတွေ အစီအရီရှိနေသည်။ မှန်ချပ်ကြီးဆိုတာလည်း ကြီးမားလိုက်တာမှ။ အစ်ကိုမျက်ကွယ်ရာရောက်ပြီဆိုကာမှ ကိုယ်ပေါ်ရှိတဲ့အင်္ကျီအဖြူလက်ရှည်နှင့် အစိမ်းပုဆိုးကိုချွတ်သည်။
ဒီနေ့တော့ သူများအိမ်မှာ ပထမဆုံးသော Naked ရေချိုးခြင်းပါပဲ။
ရင်ထဲမှာအတိုင်းမသိပျော်လိုက်တာ။ အစ်ကိုနဲ့ဒီလောက်နီးနီးကပ်ကပ်နေခွင့်ရတာ ညီညီရဲ့ဘယ်ဘဝက ဘယ်လိုကုသိုလ်လည်းမသိ။
အိုင်ဒေါလ်ရဲ့မျက်နှာသာပေးခြင်းကိုခံရတဲ့ ဖန်၊ အိုင်ဒေါလ်နဲ့ လက်ပွန်းတတီးနေခွင့်ရတဲ့ ဖန်၊
အိုင်ဒေါလ်နဲ့စကားတွေအများကြီးပြောခွင့်ရ သီချင်းဆိုခွင့်ရတဲ့ဖန်၊ အိုင်ဒေါလ်မျက်မှာကို အနီးကပ်အကြာကြီးဇိမ်ပြေနပြေ ကြည့်ခွင့်ရတဲ့ဖန်၊ ဆွေးမျိုးရင်းချာတွေလို အိုင်ဒေါလ်ရဲ့ဂရုစိုက်ပေးတာကိုခံရတဲ့ဖန် ဆိုတဲ့ ဖန်တိုင်းလိုချင်ကြတဲ့ အခွင့်အရေးတွေအားလုံးကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပထမဆုံးသော ကံထိပ်သီးရှိတဲ့ဖန်။
"ယေး...."
လက်သီးလက်မောင်းတန်းလျက် ရင်ထဲအူသည်းပွတ်ကာ အသံညှောင်အီအီ ထွက်လာမှ အစ်ကို့အိမ်မှာဆိုတာချက်ချင်းပြန်သတိရပြီး တစ်ယောက်တည်းရှက်ရသေးသည်။
ရေပန်းကနေ ရေစက်တွေကျလာပြီ။ ရေပန်းအောက်ဝင်လိုက်ရင်ပဲ တစ်နေကုန်နွမ်းနေသမျှတွေ အများကြီးလွင့်ပြယ်သွားတော့သည်။
ကိုယ့်အိမ်မှာဆို သီချင်းလေးတညီးညီးနဲ့ ရေကိုဇိမ်နဲ့ချိုးတာ။ ခုတော့မဖြစ်။ တော်ကြာ အစ်ကိုက ညီညီ့ကိုစိတ်ကွက်သွားကာမှ။
ဆယ်မိနစ်လောက်ချိုးအပြီးမှာတော့ လုံးဝကိုလန်းဆန်းသွားပါတော့သည်။ Bathrobe တစ်ခုကိူခါးမှာပတ်လိုက်တော့ ကြီးမားရှည်လျားသည့်တဘက်ကြီးသည် ညီညီကိုယ်လေးနဲ့အများကြီး အစတွေပိုနေလျက်။
"ချပ်"
ရေချိုးခန်းထဲကထွက်လာတော့ အစ်ကိုကဗီဒို
တံခါးဖွင့်ကာ တစ်ခုခုရှာနေဟန်ရှိသည်။ ထိုအချိန်ကိုအခွင့်ကောင်းယူလျက် အစ်ကိုနဲ့ကျောခိုင်းဖြစ်သည့်ကုတင်ဘက်သိူ့မြန်မြန်ပြေးလိုက်သည်။ ကိုယ့်အပေါ်ပိုင်းဗလာကြီးကို သူများမြင်မှာရှက်သည်။ အစ်ကို့ဆိုပိုတောင်မမြင်ချင်စေသေးသည်လေ။
"ညီ ဒီမှာအင်္ကျီနဲ့ဘောင်းဘီ။ အဖြူအစိမ်းတွေ
အစ်ကို့ကိုပေး။ ဒီမှာလျှော်ခိုင်းလိုက်"
ပြောပြောဆိူဆိုအနားရောက်ချလာပြီး လက်ထဲကအဖြူအစိမ်းအဝတ်လုံးကြီးကို ဆွဲယူသွားလေသည်။ မမြင်စေချင်လို့ သူ့နောက်ကျောပေးမှာနေနေပါတယ်ဆို အနားထိရောက်လာတော့ ညီညီတစ်ဖက်သို့ မသိမသာစောင်းလှည့်ထားလိုက်သည်။ တော်သေးလို့။ အဝတ်လုံးကိုယူပြီး ရေချိူးခန်းထဲတန်းဝင်သွားလို့။ သူပြန်ထွက်မလာခင် ကိုယ့်ဘက်ကပြီးသင့်တာပြီးအောင်လုပ်ထားရမည်။
အစ်ကိုထုတ်ပေးသွားတဲ့အင်္ကျီက ခဲရောင်ဖဲသားပြောင် ရှပ်အပွနှင့် Pajamas ဘောင်းဘီအပွ တစ်ထည်ဖြစ်သည်။ အစ်ကိုယ့်ခန္ဓာကိုယ်ကထွားထွားကြီးမဟုတ်ပေမယ့် ညီညီကိုယ်နဲ့စာရင် ကြီးတာမို့ သူ့အင်္ကျီလည်းဝတ်လိုက်တော့ပွယောင်းယောင်း။ ထို့နောက် ဆံပင်တွေကိုသုတ်သည်။ မစို့တစိုဆံပင်များကိုလည်း လက်ချောင်းများနှင့်ဖွလိုက်ပြီး အပွတိုင်းသာထားလိုက်သည်။ ထို့နောက် မျက်မှန်ကိုပြန်တပ်ကာ အစ်ကို့ပြန်ထွက်အလာကိုထိုင်စောင့်နေမိသည်။ ဘယ်အခန်းမှာ အိပ်ရမလဲမေးရမယ်လေ။ ဒီနေ့ကျမှ သက်နှင်းကလည်းတစ်ခေါက်မှမလာဘူး။
"ချပ်"
ရေချိုးခန်းတံခါးပွင့်လာသည်။ ညီညီပါအလိုလိုမတ်တပ်ရပ်မိကာ အပေါ်ပိုင်းဗလာကျင်းနေ
သည့်အစ်ကို့ကြောင့် မျက်နှာကိုလွှဲလိုက်သည်။ လွဲလိုက်ပေမယ့် လျှပ်တပြတ်မြင်လိုက်ရတာ အစ်ကို့ရင်အုပ်တောင့်တောင့်ကြီးတွေ။
အသက်တွေပြင်းပြင်းထုတ်နေမိရုံမှအပ တောင့်တောင့်ကြီးရပ်နေရုံသာ။ ဆံပင်တွေကို သဘက်နဲ့သုတ်ရင်း ညီညီ့အနားလာရပ်လေသည်။ မွှေးလိုက်တဲ့ဆပ်ပြာနံ့။ အစ်ကို့ဆီကထွက်လာတဲ့ နှင်းဆီအနံ့သည် ညီညီအနံ့အာရုံကို နူးညံ့စွာလာထိလေသည်။ ဦးနှောက်တစ်ခုလုံးပြည့်နေအောင် လိုလိုလားလားရှူသွင်းပြီးနောက် အစ်ကို့ဘက်ကိုလှည့်ကြည့်တော့ အစ်ကိုက ညိညီ့ကိုစိုက်ကြည့်နေလေသည်။
"ပြောစရာရှိလို့လား"
အစ်ကိုကမေးလာတော့လည်း ညီညီကချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။ မဝံ့မရဲကြည့်ကြည့်မိသွားတိုင်းမှာ ဝင်းလက်နေတဲ့ အပေါ်ပိုင်းအသားအရေ ရင်ပြင်ကြီးကိုတွေ့ရသည်။ ခေတ်အကြိုက် ရင်အုတ်လည်းမိုမိုလေးမောက်နေသေးသည်။ ခဏမှခဏလေးမြင်လိုက်ရသည်ကိုပင် မျက်လုံးထဲစွဲသွား၏။
"ပြောလေ"
"ဟို အိပ်ရမှာဘယ်အခန်းမှာလဲလို့ မေးမလို့ပါ"
"ဒီမှာပဲလေ"
"ဗျာ"
"ဟုတ်တယ်...အစ်ကိုနဲ့ပဲအတူတူအိပ်လေ။ ဘာလို့လဲ အဲ့လိုမအိပ်တတ်လို့လား"
အစ်ကိုကဘာမှမဖြစ်သလိုပြန်မေးပေမယ့် ညီညီကပြာသလဲလဲငြင်းရသည်။ ဖြစ်စရာလား။ ကိုယ့်နားကိုကိုယ်မယုံသွားလို့ပါ။
"မ မဟုတ်ပါဘူး အစ်ကို...အိပ်တတ်ပါတယ်"
သက်ထင် အဝတ်ဗီဒိုဘက်ပြန်လှည့်သွားသည်။ သူ့ကိုကြောက်နေလိုက်တာများ။ ဖြစ်နေတဲ့ပုံလေးကိုကြည့်ပြီး ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ ဒီကြားအချိန်တွေမှာ သူနဲ့ကိုယ်ဒီလောက်ရင်းနှီးလာတာတောင် သူ့ကိုရှိန်နေသေးတာလား။
ကိုယ်ကအဲ့လိုစည်းထားတာမကြိုက်လို့ ကြားကစည်းကိုရအောင်ဖျောက်နေပေမယ့် စည်းတစ်ခုထပ်ထပ်ထားနေတာ သူကိုယ်တိုင်ဖြစ်နေသည်။ တစ်ခုတော့ရှိသည်။ ကိုယ်ကို သူ့အတွက်အထူးပုဂ္ဂိုလ်တစ်ယောက်လို့ သတ်မှတ်ထားတာမို့လို့ ကိုယ့်အမြင်မှာ တင့်တယ်အောင်၊ ကိုယ့်မျက်လုံးထဲမှာကန့်လန့်ဖြစ်မနေအောင်၊ ကိုယ်နဲ့ပြောဆိုနေရတာ နိမ့်ကျသလိုမဖြစ်အောင်၊ သူ့ဘက်ကဆင်ခြင်နေထိုင်ပေးနေတာမျိုးဟုပင် သက်ထင်မှတ်ယူသည်။ ဒါကလည်း သက်ထင်တားလို့ရတဲ့အရာမဟုတ်ဘူးလေ။
"ညီ ဒီနားလာဦး"
သူ့စိတ်ကိုတော့ပြင်လို့မရပေမယ့် ပြင်လို့ရတာတော့ပြင်ပေးရဦးမည်။ ဘာလဲဆိုရင် ညီရဲ့ပုံပန်းသွင်ပြင်ကိုပါပဲ။ လူ လူချင်းအထင်သေးအမြင်သေးကြခြင်းဟာ ချမ်းသာတာမချမ်းသာတာထက် လူရေလည်တာမလည်တာပေါ်မှာမူတည်တာဟု သက်ထင်သတ်မှတ်သည်။
ချမ်းသာတဲ့အသိုင်းအဝိုင်းကဖြစ်ပေမယ့် အားနည်းတဲ့ပုံပေါက်ရင် အနိုင်ကျင့်ခံရ ပြန်မပြောရဲမတိုင်ရဲဘဝရောက်နေရတဲ့သူတွေလည်းရှိသည်။
တချို့တွေကျ လူကသာဘာမှမဟုတ်တယိ ပါးလှပ်လို့။ လူကိုရွေးပေါင်းတတ်ပြီး ရေလိုက်ငါးလိုက်လေးနေရင် လူရာဝင်ပေမယ့် ညီညီခုလိုနေနေတော့လည်း သူ့ဘေးမှာ အစစ်အမှန်ကိုပဲရရှိသွားတာပေါ့လေ။ ဒါပေမယ့်ခုကမတူဘူးလေ။ လူအများရှေ့မှာ သီချင်းဆိုရမှာ။ ပုံစံလေးနည်းနည်းပြင်ပေးမှဖြစ်မှာ။
သက်ထင်ခေါ်တော့ မဆိုင်းမတွပင် သက်ထင်နားလာထိုင်ပါသည်။ ဆိုဖာခုံရှည်ပေါ်တွင် နှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်လျက် ဘယ်နားကဘယ်လိုစပြင်ရမလဲသက်ထင်အရင်ကြည့်သည်။ မျက်နှာကျက်ဆီက ငွေဖြူရောင်အလင်းရောင်ကျရောက်ရာ ညီ့မျက်နှာသည့်ဖြူဝင်းနေသည်။
အနားသတ်လိမ်နေသည့်ဆံပင်ရယ် မျက်မှန်ရယ်ကအဓိကဖျက်နေတာ။
"ဟင်...."
သက်ထင် မျက်မှန်ကိုချွတ်မယ်လုပ်တော့ ညီကကိုယ်လေးနောက်နည်းနည်းယိုငိသွားသည်။ ဟုတ်တာပဲ။ ကိုယ်ကမပြောမဆိုနဲ့လုပ်လိုက်တာကိုး။
"မျက်မှန်လေးချွတ်လိုက်ပါလား ညီ"
ထိုအခါကျတော့လည်း ခေါင်းတစ်ချက်ငြိမ့်ကာ တသဝေမတိမ်းချွတ်သည်။ သူပြောတဲ့စကားတိုင်းကိုနားထောင်တော့ ကိုယ့်ကိုယ်ကို ညီလေးတစ်ယောက်ကောက်ရသလိုခံစားချက်လည်းဖြစ်လာမိသည်။
ဒါ့အပြင် သက်ထင်နဲ့မျက်နှာချင်းဆိုင်နေချိန်ဆို တစ်ခါတစ်ခါခိုးပြီးမော်မော်ကြည့်တာမြင်ရသည်။ သိတာပေါ့။ ညီရယ်စိတ်လှုပ်ရှားနေတာ။ ကိုယ်နဲ့နီးနီးကပ်ကပ်နေနေရတာ ညီ့အတွက်မရိုးနိုင်တဲ့စိတ်လှုပ်ရှားမှု တွေဖြစ်နေစေမှာ။ ကိုယ်ကိုယ်တိုင်ကလည်း လိုလိုလျားလျားကိုနီးနီးကပ်ကပ်ရှိနေပေးချင်နေမိတာ ညီ့အပေါ်ခင်တွယ်မိသွားတဲ့ သံယောဇဥ်ကြောင့်ဖြစ်မည်။
ကဲကြည့်။ မျက်မှန်ချွတ်လိုက်တော့ ရုပ်ကတန်းပြောင်းသွားတာ။ အသက်ကြီးပုံပေါက်နေတဲ့ရုပ်လေး တန်းနုသွားတာ။
"ပွဲနေ့ကျ မျက်မှန်မတပ်ပါနဲ့လား"
သက်ထင်သည် တောင်းဆိုသည့်လေသံဖြင့်ပြောလေသည်။ ညီက တဖြည်းဖြည်းသူ့မျက်လုံးများဆီမော်ကြည့်လာရင် အကြည့်ဆုံမိသည့်အခါ သက်ထင်ရင်ထဲစိမ့်ခနဲ။ အကြည့်တွေရဲ့စူးနစ်လိုက်ပုံများ။ ဒီလောက်စူးနစ်နေတဲ့မျက်လုံးတွေကို ဘာလို့များ ဖန်သားတစ်ခုနဲ့ဖုံးကွယ်ထားရတာလဲ။
"မျက်မှန်မတပ်ရင် ညီဘာမှမမြင်ရဘူး"
ညီညီ့လေသံသည့် ဖျော့တော့တော့။ တိတ်ဆိတ်နေသည့်အခန်းအတွင်းမှာ ကိုယ့်အသံကိုယ်ပြန်ကြားရတာ ခံစားမှုတစ်မျိုးကြီးဖြစ်စေသည်။
"အစ်ကို မနက်ဖြန်ကျ မျက်ကပ်မှန်လိုက်လုပ်ပေးမယ်"
"မျက်ကပ်မှန်..... အဲ့တာကြီးနဲ့ ညီမနေတတ်ဘူး"
"အဲ့နေ့တစ်နေ့ပဲလေ....နောက်နေ့တွေမျက်မှန်ပဲပြန်ဝတ်ပေါ့။ ဒီမှာကြည့်"
ညီညီ့ပခုံးနှစ်ဘက်ကို လက်နှစ်ဘက်ဖြင့် မှန်ဘက်သို့ပြောင်းလှည့်သည်။ မှန်ထဲတွင် ကြောင်နနလေးဖြစ်နေတဲ့ညီညီရယ် ပြုံးစစနဲ့အစ်ကိုရယ်။
"ညီကမျက်မှန်နဲ့မလိုက်တာမဟုတ်ဘူး။ ဒီမျက်မှန်တစ်ခုတည်းနဲ့မလိုက်တာ။ ခုမျက်မှန်တပ်မထားတဲ့ရုပ်ကိုကြည့်.... ညီကချောတယ်မြင်လား"
အစ်ကိုကစိတ်ရှည်လက်ရှည်ပြောပြနေသည်။ မှန်ထဲကနေ စိတ်ရင်းနဲ့ပြောနေတဲ့ အစ်ကို့ရဲ့တက်ကြွတဲ့မျက်နှာနဲ့ ဘေးချင်းတိုက်ကြားနေရတဲ့ သြဇာသံအပြည့်သည် ညီညီ့ရဲ့ရင်ခုန်သံတွေမြန်ဆန်စေဖို့ လုံလောက်ပါသည်။
"ဆံပင်ကိုလည်း ဘေးခွဲကြီးနဲ့ပဲမနေနဲ့။ ဒီမှာကြည့်"
ညီညီနဖူးစပ်အရင်းကနေစပြီး ဆံပင်တွေထဲ အစ်ကို့လက်ငါးချောင်းယှက်လျက် နောက်သို့လှန်တင်ပြီးမှန်ထဲတစ်ခါကြည့်ခိုင်းပြန်သည်။
နဖူးသားနဲ့ အစ်ကို့လက်ဖဝါးအသားတွေထိသွားခိုက်မှာ.... ဟူး....အသက်ပင်ရှူမိလောက်ရဲ့လားလည်း မသိတော့။ ညီညီတော့ မှန်ထဲကမြင်နေရသည့် အစ်ကိူ့ရဲ့ရွှန်းရွှန်းစားစားမျက်လုံးများက ညီညီ့နှလုံးသားထဲထိထိုးဖောက်နေသည်။
"ဘယ်လိုလဲ ကွာသွားတယ်မလား"
"ဟုတ်"
"မဖြစ်သေးပါဘူး....အစ်ကိုကပဲအကုန်ပြင်ပေးမယ်။ ဝတ်ရမယ့်အဝတ်ကအစ မနက်ဖြန်အစ်ကိုနဲ့အတူအပြင်သွားမယ်"
"ဟုတ်"
"အိပ်တော့မလား....ညီပင်ပန်းနေရောပေါ့"
"အစ်ကိုရော မအိပ်သေးဘူးလား"
ညီညီတို့မျက်နှာချင်းဆိုင်မိကြသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်။
"အိပ်တော့မအိပ်ချင်သေးဘူး။ ဒါပေမယ့် အိပ်လိုက်တော့မယ်။ ညီလည်းမအိပ်ချင်သေးရင် အစ်ကိုတို့လှဲရင်းစကားပြောရအောင်"
ညီညီခေါင်းငြိမ့်ရုံသာတတ်နိုင်သည်။ အစ်ကို့ရဲ့စကားမှန်သမျှ ခေါင်းငြိမ့်နေမှာပင်။ နောက်ဆိုဒီလိုအခွင့်အရေးမျိုး ထပ်ရချင်မှရမှာမို့ ခုကတည်းက လူကိုသေချာသတိကပ်ပြီး အချိန်တွေကိုဖြတ်သန်းဖြစ်သည်။
တင်ဇာရီမီးအိမ်အလင်းတစ်ခုကလွဲ၍ အခန်းမီးတို့ကိုပိတ်လိုက်သည်။ King Size မွေ့ယာအကျယ်ကြီးပေါ်တွင် အလယ်တွင်ဖက်လုံးတစ်လုံးခြားမျှသာ ကွာဝေးနေကြသည်။ ကိုယ်စီကိုယ်စီမျက်နှာကျက်ကို
စိုက်ကြည့်မိကြရင်း သက်ပြင်းတွေအကြိမ်ကြိမ်ချကြလျက်။ နေမထိထိုင်မသာ ကိုယ်လုံးလှုပ်ရှားရာမှ ထွက်လာသည့်မွေ့ရာဂျိုးဂျောက်သံဟာ မကြာခဏထွက်ပေါ်လျက်ရှိသည်။
"ညီညီ"
"ဗျာ"
"ညီညီ Idol တစ်ယောက်မဖြစ်ချင်ဘူးလား"
"အစကတော့ မဖြစ်ချင်ဘူး။ ခုတော့ တဖြည်းဖြည်းဖြစ်ချင်လာတယ်"
ညီညီအမှန်တိုင်းပဲ ဖြေဖြစ်သည်။ ထို့နောက် နှစ်ယောက်ကြားပြန်ငြိမ်သက်သွားပြန်သည်။ မေးစရာစကားအစရှာနေသလား။ နောက်စကားစထပ်ထွက်မလာခင်အထိ ညီညီအတွေးတွေနယ်ချဲ့မိသည်။
တကယ်တော့ အစ်ကို့ကြောင့်ပဲ ညီညီ့စိတ်တွေ ရက်ပိုင်းအတွင်းပိုသိသိသာသာ ပြောင်းလဲလာတာ။ အစ်ကိုနဲ့သာမတွေ့ခဲ့ရင် စုံညီမှာသီချင်းဆိုဖို့အတွက် အင်တိုက်အားတိုက်လုပ်နေဖြစ်မှာလည်းမဟုတ်ဘူး။ အခွင့်ရလို့ဆိုပြီး ဆရာမအတွက်သီချင်းဆိုပေးဖြစ်မှာလည်းမဟုတ်ဘူး။
မနက်ဖြန် ဂီတချိန်မှာ ဆိုပြပါ့မယ်လို့ အသံကောင်းဟစ်ခဲ့မှာလည်းမဟုတ်ဘူး။
အားလုံးခြုံရရင် ကိုယ့်ပါးစက်ကထွက်လာတဲ့
ကိုယ့်အသံနဲ့ကိုယ့်စာသား ကိုယ့်နားနဲ့ပြန်ကျေနပ်နေတဲ့အရသာလောက်ပဲသိပြီး ကိုယ့်ရဲ့ဘုရားပေးတဲ့ဆုလာဘ်ကို တခြားသူတွေအတွက် ရဲရင့်စွာအသုံးပြုပြီးရလာမယ့်ကျေနပ်ပီတိရဲ့ အရသာကို ရကိုရခဲ့မှာမဟုတ်ပါဘူး။
ဒါတွေအားလုံးက အစ်ကို့ကျေးဇူးကြောင့်ပါ။ ကျွန်တော် အစ်ကို့ကို အများကြီးချစ်တယ်။
ပရိတ်သတ်တစ်ယောက်ကချစ်သလိုပေါ့။
"ညီညီ"
"ဗျာ"
"ညီ ချစ်ဖူးလား"
အစ်ကို့မေးခွန်းကြီးအပြီးမှာ ညီညီရင်ထဲတစ်ချက်နာသွားသည်။ ကိုယ့်အပူကြောင့်မဟုတ်ဘဲ ဒီမေးခွန်းက အစ်ကိုနာကျင်နေလို့မေးလာတယ်ဆိုတာ ချက်ချင်းတန်းသိလိုက်လို့ပင်။ ကြားရတဲ့အကြားအာရုံကနေတစ်ဆင့် ဦးဏှောက်ကိုပါးလိုက်သည့်သတင်းမှာ အစ်ကို့ခံစားချက်တွေ မသက်သာသေးဘဲ ဆိုးရွားနေဆဲပဲဆိုတာပါပဲ။
"ဘယ်လိုချစ်တာကိုပြောတာလဲ အစ်ကိုက"
"ထောင့်ငါးရာနဲ့ပေါ့"
ထောင့်ငါးရာနဲ့တဲ့။ အစ်ကိုမေးမှ ညီညီဘယ်သူ့ကို ချစ်ခဲ့ဖူးလဲဆိုတာပြန်မေးဖြစ်သည်။ ချစ်ခဲ့ဖူးရဲ့လား။ သေချာသည်။
"ဟင့်အင်း မချစ်ဖူးဘူး အစ်ကို"
"ဟင် ညီလိမ်တာ။ ဒါဆို အစ်ကို့ကိုရောဘယ်လိုချစ်တာလဲ"
ဘုရား။ ညီညီ့တစ်ကိုယ်လုံးသွေးတွေဆောင့်တက်သွားသလိုပါပဲ။ ကလေးတစ်ယောက်ကို "ချစ်လား ဘယ်လောက်ကြီးချစ်လဲ"မေးနေသလိုပါပဲ။ အဲ့ကလေးကတော့ ညီညီပေါ့။ ကလေးဆိုတော့ ကိုယ့်အပေါ်ကောင်းတဲ့သူ ကိုယ်သဘောကျတဲ့သူကိုချစ်တယ်ပြောမှာပဲ။ ဘယ်လောက်ကြီးချစ်လဲဆိုရင် အများကြီးချစ်တယ်ဖြေမှာပေါ့။ အခု ညီညီလည်းအစ်ကို့ကို တကယ်အများကြီးချစ်တာပေါ့။ ထောင့်ငါးရာကြီးကျ....။
"အာ..အ အစ်ကိုကလည်း ထောင့်ငါးရာအချစ်က ချစ်သူရည်းစားတွေချစ်တဲ့အချစ်လေ"
"အင်းလေ.... ညီက ကိုယ့်ဖန်ဆို။ ကိုယ့်ကိုချစ်သူရည်းစားလိုချစ်တာမဟုတ်ဘူးလား"
"ဟင် ဘာလို့အဲ့လိုကြီးထင်ရတာလဲ"
လှဲလျက်သားကနေ ခေါင်းစောင်းရင်းမျက်နှာချင်းဆိုင်မိကြသည်။ အစ်ကို့မျက်နှာဟာ ညအိပ်ခါနီးမို့ ဘာဆိုဘာမှပြင်မထားတာတောင် Visual ဖြစ်လွန်းသည်။ သီချင်းရေးတဲ့လက်က ဖြူလတ်နေသည့်အသားအရေရယ် မေးရိုးတန်းဖြောင့်ဖြောင့်နဲ့ အံသွားများကြိတ်လိုက်ရင် ထင်းထွက်လာတဲ့ အကြောစိမ်းတွေကလည်း တစ်မျိုးလိုက်ဖက်သည်။ နေ့ဘက်မှာတော့ အပေါ်သပ်တက်ပြီး အပြောင်ဖီးထားသည့် နက်မှောင်မှောင်ဆံပင်တို့သည် ညီညီဆံပင်တို့နဲ့အပြိုင် နဖူးစပ်တွင်အိကျကာဝဲလျက်ရှိသည်။ အများပြည်သူရှေမှာ အစ်ကိုက Handsome ဖြစ်သလောက် အိမ်နေရင်းကျလည်း Smart ဖြစ်လွန်းသည်။
အစ်ကို့မျက်နှာကိုအသေးစိတ်ကြည့်ပြီးခွဲခြမ်းစိတ်ဖြာနေစဥ်ပဲ အစ်ကို့ဆီက ပြန်စာထွက်လာသည်။
"ကိုယ့်ဖန်ဂဲလ်လေးတွေဆို အစ်ကို့ကိုသူတို့ရည်းစားတဲ့။ ကိုယ်ကသူတို့အပိုင်ပဲတဲ့။ အဲ့တာထောင့်ငါးရာအချစ်မဟုတ်ဘူးလား"
"အဟက်"
ညီညီတစ်ချက်ရယ်လိုက်သည်။ ရုတ်တရက်ကြီးအမေးခံရတဲ့ အကြောင်းရင်းကိုသိလိုက်ရတော့ မဆန်းတော့ပါဘူးလေ။ အစ်ကိုက လူအများရဲ့အိုင်ဒေါလ်တစ်ယောက်၊ ဖန်ပေါင်းများစွာရဲ့အိုင်ဒေါလ်တစ်ယောကိဖြစ်နေခဲ့ပေမယ့် သူကိုယ်တိုင်တစ်ခါမှဖန်တစ်ယောက်မဖြစ်ခဲ့ဖူးဘူးထင်သည်။ အစ်ကို့မေးခွန်းအတွက် ညီညီ့မှာဖြေစရာအဖြေကအဆင်သင့်။
"အဲ့တာ နှစ်ထောင့်နှစ်ဆယ့်ရှစ်အချစ်ဗျ အစ်ကိုရ"
"ဟမ် ဘယ်လို"
"ဖန်မိန်းကလေးတွေက ကိုယ့်အိုင့်ဒေါလ်ကို မိသားစုတစ်ယောက်လိုရော သူငယ်ချင်းအသိမိတ်ဆွေတစ်ယောက်လိုရော အင်....ချစ်သူရည်းစားတစ်ယောက်လိုရောချစ်တာ အစ်ကိုရ။ ဒါတောင် တစ်ခါမှမတွေ့ဖူးပေမယ့်နော်။ ချစ်သူရည်းစားလိုချစ်တယ်ဆိုတာကလညိး ပိုင်ဆိုင်လိုခြင်း ဘာမှမရှိဘူး။ မြင်နေရရုံ ကြားနေရရုံလေးနဲ့ ပျော်ပြီး သူတို့အပိုင်လူပဲလို့မှတ်ယူရုံလေးနဲ့ ရောင့်ရဲနိုင်ကြတယိလေ။ အဟီး အစ်ကိုကဖန်မဖြစ်ဖူးတာအသိသာကြီး"
"ဒါဆိုညီကရော အစ်ကို့ကိုနှစ်ထောင့်နှစ်ဆယ့်ရှစိပဲလား"
အစ်ကို့ကရုပ်တည်ကြီးနဲ့မေးချလာသည်။
"ဟင်...မ...မဟုတ်ဘူး ထင်တယ်"
"အဲ့တာဆိုဘာလဲ"
အစ်ကိုက မျက်မှောင်ကျုံ့က ကုန်းထိုင်တော့ ညီညီပါရောယောင်ထိုင်လိုကိရသည်။ ယောက်ျားလေးတစ်ယောက်ရဲ့ စံပြပုဂ္ဂိုလ်ဟာ ယောက်ျားလေးတစ်ယောက်ဖြစ်နေခဲ့ရင် ဖန်ယောက်ျားလေးအတွက်က ထောင့်ငါးရာနဲ့ချစ်ဖို့အဆင်မပြေပါ။ အဆင်ပြေရင်တောင် မချစ်ကြပါ။
ဘာလို့ဆို သူ့ရဲ့အနုပညာကိုချစ်တာမို့လို့ သူသာငါနဲ့သက်ဆိုင်သူဖြစ်ရင်ကောင်းမည်ဆိုတဲ့ တပ်မက်ပိုင်ဆိုင်လိုမှုလုံးဝကင်း၍ပင်။
ဥပမာကွာ.... မြန်မာ့အဆိုတော်တွေထဲက တော်လှန်ရေးမှာ တာဝန်ကျေကျေနဲ့ ကျဆုံးသွားတဲ့ အရည်းအချင်းရှိအဆိုတော်တစ်ဦး ကိူရေမွန်ပေါ့။ ကိုရေမွန်ဖန်တီးခဲ့တဲ့ အနုပညာအားလုံးဟာ စစ်မှန်ပြည့်ဝတဲ့အနှစ်တွေချည်းပဲမို့ မိန်းကလေးပရိတ်သတ်တွေထက် ယောက်ျားလေးပရိတ်သတ်ကပိုများသည်။ ဒါဆို အဲ့ဒီ့ပရိတ်သတ်ယောက်ျားလေးတွေ ကြိုက်တယ် အားပေးတယ်ဆိုတာ ကိုရေမွန့်ကိုပိုင်ဆိုင်လိုချင်လို့မှမဟုတ်တာ။ သူ့အနုပညာ သူ့လက်ရာကိုကြိုက်ကြတာလေ။ နောက်ထပ်စစ်မှန်ပြည့်ဝတဲ့ လက်ရာတွေထပ်ထွက်လာဖို့ ဖန်တစ်ယောက်အနေနဲ့ အားပေးတယ်ထောက်ပံ့တယ်ဆိုတာကလည်း ညီအစ်ကိုတစ်ယောက်လို မိတ်ဆွေတစ်ယောက်လို ဘာစိတ်ညာစိတ်မှမပါတဲ့ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာအဖြူထည်သက်သက်ပါပဲ။ တစ်ခါတလေ ၅၂၈ မေတ္တာက ၁၅၀၀ မေတ္ထာထက် ပိုအားကြီးတတ်ပါတယ်။
ခုလည်းကြည့်။ အစ်ကိုကမျက်ခုံးနှစ်ခုတွန့်ထားတော့ ညီညီက ဘယ်လိုဖြေရပါ့။ အစ်ကိုကဘာကိုသဘောမခွေ့သွားတာလဲမသိပေမယ့် ညီညီတကယ်အမှန်တိုငိးဖြေလိုက်တာပါ။ ညီညီ့မှာ
အစ်ကို့ကို လေးစားတဲ့ ကြိုက်နှစ်သက်တဲ့စိတ်ပဲရှိတာ။ ပိုင်ဆိုင်လိုစိတ်နဲ့ပတ်သတ်လာရင်တော့ အစ်ကို့ကို ညီညီ့ရဲ့အစ်ကိုတစ်ယောက်ဖြစ်လာရင်ကောင်းမှာပဲဆိုတာလောက်ပဲ ဖြစ်ဖူးတာ။ ချစ်သူရည်းစားလိုတစ်ခါမှ အဲ့လိုချစ်မကြည့်ဖူးခဲ့။ ဒါက ညီညီတို့ နှစ်ယောက်စလုံးက ယောက်ျားလေးဖြစ်နေလို့ပါပဲ။
"၅၂၈"
"ထောင့်ငါးရာကဘယ်ရောက်သွား"
"အာ....ဖန်ဘွိုင်းတွေမှာ ကိုယ့်အိုင်ဒေါလ်ယောက်ျား လေးကို ချစိသူရည်းစားလိုကြီး ချစ်တဲ့စိတ်ကင်းကြပါတယ်ဗျာ။ ၅၂၈ က
နည်းပေမယ့် အစ်ကိုသာ ရည်းစားရသွားတာတို့ အိမ်ထောင်ကျတာတို့ ကလေးမွေးတာတို့လိူမျိုးဆိုရင် အစ်ကို့အနားမှာကျန်ခဲ့မှာ ဖန်ဘွိုင်းတွေရယ် ချစ်သူရည်းစားချစ်ချစ်ကြတဲ့ သူတွေထဲက တကယ့်အစစ်တွေလောက်ပဲ။ ကျွန်တော်တို့တွေကျ အစ်ကို့ပုဂ္ဂိုလ်ရေးကိုအားပေးတာမဟုတ်ဘဲ အစ်ကို့အနုပညာကိုအားပေးတာမို့လို့ ဘယ်သောအခါမှအစ်ကို့နားမှာသွေဖယ်မသွားပါဘူး။ ကျန်တာတွေထက်သစ္စာပိုရှိကြပါတယ်ဗျ။ ယုံနော်...."
ညီညီအရှည်ကြီးရှင်းပြလိုက်ရတာ မောသွားရပေမယ့် ကျေနပ်ရသည်။ တော်သေးသည် အစ်ကို့မျက်ခုံးတွေပြေသွားပြီး ပြုံးလာလို့။ လူအချစ်ခံရနေတာတောငိ ထပ်အချစ်ခံချင်တဲ့ အစ်ကိုရယ်။
"ယုံတယ်....အဟင်း"
အစ်ကိုရော ညီညီပါ ပြန်လှဲလိုကိကြသည်။
အစ်ကို့ဘက် ထပ်စောင်းငဲ့ကြည့်တော့ မျက်နှာကျက်ကိုရီဝေဝေနှင့်ကြည့်နေတာမြင်ရသည်။ အချစ်မေတ္တာအကြောင်းတွေပြောလိုက်တော့ ရောင်စဥ့်ကိုသတိရသွားတယ်ထင်ပါ့။ တခြားမေတ္တာမျိုးတွေနဲ့သာ မချစ်ရင်မချစ်ဖူးမယ် အစ််ကိုထောင့်ငါးရာနဲ့တော့ ချစ်ဖူးပါတယ်။
ပရိတ်သတ်အတွက်နဲ့ အချိန်မတန်သေးလို့နှလုံးသားကိုစတေးခဲ့ရတဲ့အစ်ကို့မှာ မွန်းကြပ်နေမှာ။
ညီညီ့မှာ သိချင်တာတွေအများကြီးရှိနေသည်။
အစ်ကို့ရဲ့ရင်ထဲကမြိုသိပ်ထားသမျှတွေ အကုန်သိချင်သည်။ တွေးနေသမျှတွေအကုန်သိချင်သည်။ ဒါဟာလောဘကြီးတာမဟုတ်ပဲ ကိုယ့်စံထားရလူရဲ့ သူစိတ်ညစ်နေရင် ကိုယ်ပါမပျော်တော့တာမျိုးဆိုတော့ အစ်ကို့ကိုဝန်ပေါ့သွားစေချင်တာမျိုး။ အဲ့လိုပေါ့ဖို့ကလည်း အစ်ကိုထမ်းထားရတဲဝန်ရဲ့ အလေးအပေါ့ကိုသိမှဖြစ်မှာ။
အစ်ကို့ကိုမြင်တောင်မမြင်ဖူးတဲ့ ဖန်တစ်ယောက်ဆိုရင်တော့ အစ်ကိုလူလုံးထွက်ပြသမျှလောက် အစ်ကိုတင်ပေးတဲ့ Update လောက်သာမြင်ပြီး ပူနေရမှာမဟုတ်ပါ။ ညီညီကျ အစ်ကိုနဲ့နီးနီးကပ်ကပ်နေနေရတာဆိုတော့ အစ်ကိုကမပူစေချင်လို့သွပ်ပြားကားထာပေမယ့် သွပ်ပြားရဲ့အပူက ကိုယ့်ကိုလာဟပ်နေတာမျိုး။ အပူတွေလျော့သွားအောင် ဖွင့်ချပစ်လိုက်ပါ အစ်ကိုရယ်။
"အစ်ကို"
ဒီတစ်ခါ ညီညီကစပြီးခေါ်မိသည်။
"ဟင်"
"အစ်ကို ရောင်စဥ့်ကိုကြိုက်တယ်မလားဟင်"
အစ်ကိုသည်ညီညီ့ဘက် ခေါင်းလေးယောင်ယောင်စောင်းလှည့်လာသည်။
"ညီ့ကိုပြောပြလို့ရပါတယ်။ အစ်ကို ခုရက်ပိုင်းဝန်ပိနေတယ်ထင်လို့။ ညီကအစ်ကို့ပရိတ်သတ်မို့လို့ ယုံယုံကြည်ကြည်နဲ့ရင်ဖွင့်လို့ရပါတယ်။ ညီလည်းမျှဝေခံစားပေးမယ်လေ"
မရဲတရဲနဲ့ ဖြောင့်ဖြောင့်စင်းစင်းပြောထွက်သွားတဲ့စကားက ကိုယ့်နှုတ်ကထွက်လာတဲ့စကားမှန်းတောင်မယုံနိုင်။ အစ်ကို့ပုံက အတင်းဟန်လုပ်ပြုံးနေရတဲ့ပုံလို့ ထင်မိလို့ညီညီဒီစကားပြောလိုက်ခြင်းပါ။ ကိုယ့်ရှေ့မို့လို့သာ ရယ်လိုက်ပြုံးလိုက်နဲ့ အားကြိုးမာန်တက် သီချင်းတွေဆိုနေတာ တစ်ခါတစ်ခါလေးတော့ အစ်ကိူမှိုင်မှိုင်သွားတာ ညီညီသတိထားမိတာ လေးခါလောက်ပင်ရှိပြီ။
"ဟင်း"
အစ်ကိုကသက်ပြင်းအရှည်ကြီးတစ်ချက်ချသည်။ တစ်ခုခုကိုပြောပြဖို့အားယူလိုက်တာမှန်း ညီညီသိလိုက်သည်။ ထုတ်ပြောလိုက်ပါ အစ်ကို။
"ညီပြောတာ မှန်ပါတယ်။ အစ်ကိုရောင်စဥ့်ကို ချစ်နေတာ"
"ရောင်စဥ်လည်း အစ်ကို့ကိုချစ်ပါတယ်။ ညီတို့ကဘေးကလူဆိုတော့ မြင်နေရတယ်။ အချေမင်းသမီးလေးက အစ်ကိုနဲ့ဆိုပြုံးပျော်နေတာပဲ"
အစ်ကိုနည်းနည်းလေးတောင်မပြုံးပါ။ သူ့ကိုနှစ်သိမ့်နေတဲ့စကားလိုထင်လို့ပဲလားမသိ။ သေချာတာတော့ ညီညီနှစ်သိမ့်စကားပြောတာမဟုတ်ပါ။ မဟုတ်တာကြီးလိမ်ပြောနေတာလည်းမဟုတ်ပါ။ ညီညီတို့မြင်ရတဲ့ ရောင်စဥ့်အခြေအနေကိုပြောပြတာပါ။
ရောင်စဥ်သာအစ်ကို့ဘက် စိတ်ယိုင်မနေခဲ့ရိုးမှန်ရင် နှစ်ဦးသဘောတူထုတ်ပြန်ချက်ထုတ်ပြီးနောက်တစ်နေ့ ရောင်စဥ်ကမ္ဘာပျက်သလိုမှိုင်တွေနေပါ့မလား။ သူ့သတင်းတွေကြီးသွားလို့ ပုံတွေပြန့်သွားလို့ စိတ်ဓာတ်ကျရအောင်လည်း
ရောင်စဥ်ကခံန်ုင်ရည်ရှိပြီးသားလေ။ အစ်ကိုကတော့ စတောင်မစရသေးဘဲ အပြီးပြတ်သွားတဲ့ဆက်ဆံရေးလို့တွေးနေတာများလား။ အိပ်ရာပေါ်မှာ အမှောင်ထဲမှာ အစ်ကိုနဲ့အပြိုင် ညီညီ့အတွေးတွေပွားနေခဲ့သည်။
"အစ်ကိုထပ်မကြိုးစားတော့ဘူးလား"
"ကြိုးစားရမှာပေါ့။ တစ်ကြိမ်နဲ့လက်လျော့ရင် ကိုယ်သတ္တိမရှိရာရောက်မှာပေါ့ ညီရာ။
ဒါပေမယ့် ကိုယ်ထပ်စဖို့ကြောက်နေတယ်"
အစ်ကို့ဘက်ကတဖြည်းဖြည်းဖွင့်ဟလာသည်ဟု ညီညီထင်သည်။
"အဟင်း ညီ ချစ်တော့မချစ်ဖူးပေမယ့် သီချင်းရေးဖို့အတွက် မုဒ်သွင်းတိုင်း အချစ်အကြောင်း လက်တွဲဖော်အကြောင်းတွေးမိတာရှိတယ်။ ဝတ္ထုတစ်ပုဒ်ရေးနေတယ်လို့သဘောထားလိုက်လေ။ တကယ်ကို ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ကောင်မြိုင်မြိုင်နဲ့ သက်ဝင်လှုပ်ရှားစွာကကြမယ့်ဇာတ်ကြီးတစ်ခုကို ရေးဖို့ကြိုးစားနေတာပေါ့။ အောင်အောင်မြင်မြင်ကြီးပြီးမြောက်အောင်ရေးနိုင်မယ်ဆိုတာသိပေမယိ့ ကြားထဲအချက်လက်တွေစုဖို့ အချိန်ယူတယ်လို့မှတ်လိုက်ပါ အစ်ကိုရာ။ အစ်ကို ဝတ္ထုမရေးတာ မရေးနိုင်တော့တာမဟုတ်ဘဲ ချောချောမွေ့မွေ့ရေးနိုင်ဖို့ အချက်အလက် အချိန် အတွေးအခေါ်အဘက်ဘက်က ပြည့်စုံတဲ့အချိန်တစ်ခုကိုစောင့်နေရလို့ဆိုတာပဲ ဖြစ်ရမှာပေါ့။ ဒါမှလည်း ကိုယ်အကြိမ်ကြိမ်ဖော်ထားဖူးတဲ့ ဝတ္ထုတစ်ပုဒ်နဲ့ကွက်တိကျမှာလေ။ ညီပြောတာ ဟုတ်တယ်မလား"
အစ်ကိုက ညီညီ့ဘက်တစောင်းလှည့်လာသည်။ ညီညီကတော့ မျက်နှာသာစောငိးငဲ့ရုံ။ အစ်ကိုသည်ပြုံးနေသည်။ အစ်ကို့အပြုံးသည်ကြည်လင်နေသည်။
"ဟုတ်ပါပြီကွာ။ ညီပြောတာကိုယ်နားလည်ပါတယ်။ နောင်တစ်ချိန်ပိုင်ဆိုင်ခွင့်ရဖို့ အခီန်ခဏစောင့်ရတယ်လို့ပဲ အစ်ကိုမှတ်ပါတယ်။ အစ်ကို့ညီကအတတ်လေးပဲ။ ညီစကားတွေက အစ်ကို့ကိုအားဖြစ်စေပါတယ်"
အစ်ကိုက ညီညီ့ဆံပင်တွေကိုလှမ်းဖိသည်။ လက်ဖဝါးတစ်ပြင်လုံးဟာ ဆံသားများကိုကျော်၍ ဦးရေပြားအထိထိစပ်နေသည့်အခါ ညီညီရင်ထဲသိမ့်ခနဲနွေးထွေးမှုကိုရသည်။
"အစ်ကို.."
"ညီ...အိပ်သင့်ပြီ...ဂွတ်နိုက်"
"ညီလည်း ဂွတ်နိုက်ပြောမလို့ပါ"
"အဟက်"
ထို့နောက်ကိုယ်ထည်နှစ်ခု ပြန်လည်ငြိမ်သက်သွားကြပြီ။ သိပ်မကြာခင် အသိစိတ်တွေဟာ တစ်ညတာအနားယူကြတော့မည်။ အနားမယူခင် ညီညီ့ခေါင်းထဲအတွေးတစ်ခုရှိနေခဲ့သည်။
"ကျွန်တော့်အတွက် ပျော်အောင်နေပေးပါ
ကျွန်တော့်အိုင်ဒေါလ်"ရေ။
.............
#Thurein
Btw နောက်တစ်ပိုင်းကျရင် စုံညီရောက်ပါပြီ😁