အပိုင်း(၁၁၂) သူ သွေးလန့်သွားတာ
စာချုပ်ကို လီဖန်းနှင့် ကျောက်ဖုန်းတို့က လက်မှတ်ရေးထို့ခဲ့ကြသည်။
ကျောက်ဖုန်းသည် ဖျော်ဖြေရေးလောကအကြောင်းကို နားမလည်သော်လည်း ဤစားသောက်ဆိုင်တွင်တော့ နာခံကျိုးနွံသည့် ကလေးတစ်ယောက်ပမာ စာချုပ်မှ စာလုံးတစ်လုံးချင်းစီကို အသေးစိတ် ကြည့်ရှုလေသည်။ နားမလည်သည့်နေရာများတွင် လီဖန်းအား ချက်ချင်း မေးမြန်း၏။
ရွှယ်ချမ်သည် သူတို့အား အတန်ကြာ စောင့်ကြည့်နေပြီးနောက် ဆိုဖာဆီသို့ လျှောက်သွားကာ မုန့်မုန့်၏ဘေးတွင် ထိုင်လိုက်သည်။
"မိန်းမလှလေး မင်းက ဘာလို့ အရမ်းလှပြီး ချစ်ဖို့ကောင်းနေရတာလဲဟင်"
ရွှယ်ချမ် ပြုံးကာ ပြောလိုက်သည်။
"သမီးက အရမ်းလှပြီး ချစ်ဖို့ကောင်းနေတာလား"
မုန့်မုန့်မှာ သူမလေး၏မျက်လုံးကြီးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ရင်း ရွှင်မြူးစွာ မေးသည်။
"ဒါပေါ့ သမီးက အစ်ကိုကြီး မြင်ဖူးသမျှ မိန်းကလေးတွေထဲမှာ ချစ်စရာအကောင်းဆုံးနဲ့ အလှဆုံးပဲ"
"ခစ် ခစ် ခစ်.... အစ်ကိုကြီးကလည်း လှပြီး ချစ်ဖို့ကောင်းတယ်"
မုန့်မုန့်သည် တခစ်ခစ် ရယ်မောကာ ပြော၏။
"အဲ့လို မဟုတ်ဘူးလေ။ အစ်ကိုကြီးက ချောတယ် ခန့်တယ်လို့ ပြောရမှာ။ ဒါဆို သမီးဖေဖေနဲ့ အစ်ကိုကြီး ဘယ်သူက ပိုချောတယ်လို့ မုန့်မုန့်ထင်လဲ"
ရွှယ်ချမ်က မုန့်မုန့်အား စနောက်၏။
"အာ?"
မုန့်မုန့်မှာ ကြောင်သွားပြီးနောက် နှာခေါင်းရှုံ့လိုက်၏။ သူမလေး၏ ကိုယ်လုံးသေးသေးလေးအား ကျန်းဟန်၏ ရင်ခွင်ထဲသို့ တိုးဝှေ့ရင်း
"ဖေဖေက ချောတာပေါ့။ သမီးဖေဖေက အချောဆုံးပဲ။ အစ်ကိုကြီးက မချောဘူး။ ဟွန့်"
"ဟားဟားဟား...."
ရွှယ်ချမ်မှာ ကျယ်လောင်စွာ ရယ်မောမိသည်။
ကျန်းဟန်လည်း ရယ်မောကာ ခေါင်းယမ်းလိုက်သည်။ သူ့အတွက် မုန့်မုန့်လေး ပျော်ရွှင်နေသ၍ အခြားမည်သည့် ပြသနာမျှ မရှိချေ။
"အစ်ကိုကျန်း ခင်ဗျားရဲ့သမီးလေးက တော်တော် ချစ်ဖို့ကောင်းတာပဲ"
ရွှယ်ချမ်မှာ မစ္စတာကျန်းအစား အစ်ကိုကျန်းဟူ၍ တရင်းတနီး ပြောင်းခေါ်သည်။
"ဒါပေါ့"
ကျန်းဟန် ပြုံး၍ ပြန်ပြောသည်။ ချစ်စရာကောင်းပြီး ဉာဏ်ရည်ထက်မြက်လှသည့် သမီးလေးတစ်ယောက် ရှိနေသည့်အတွက် စိတ်ကျေနပ်နေပြီး ဂုဏ်ယူနေသည့် ခံစားချက်များက သူ၏မျက်နှာတွင် ပေါ်လွင်နေသည်။
ရွှယ်ချမ် ခဏလောက် စဉ်းစားကာ
"ဒါနဲ့ အစ်ကိုကျန်း။ ကျွန်တော် တစ်ခုလောက် မေးလို့ရမလား"
"မေးပါ"
"ဒီ Actor သီချင်းကို ဘယ်လိုအခြေအနေမျိုးမှာ ရေးခဲ့တာလဲ။ ခင်ဗျားက အရမ်းတော်တဲ့ ဂီတပညာရှင်တစ်ယောက် ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်"
ဤသီချင်းက သူ၏နှလုံးသားထဲတွင် အမှန်တကယ် ဝင်ရောက်ခံစားကာ ရေးထားသလိုပင်။ ထို့ကြောင့် ကျန်းဟန်အား မြင်လိုက်သည်နှင့် ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း လက်ခံလိုက်သည်။
ကျန်းဟန် စကားပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်၏။
ဘယ်လိုအခြေအနေမျိုးမှာ ရေးခဲ့သလဲ။ ၎င်းမှာ ပြန်လည်မွေးဖွားခြင်းဖြင့် ရေးသားခဲ့သည်ပင်။ သင်သာ ပြန်လည်မွေးဖွားလာပါကလည်း ဤသီချင်းကို ရေးသားနိုင်ချေ၏။
"အမ်..."
ရွှယ်ချမ် ခဏအကြာတွင်
"အစ်ကိုကျန်း ငါ့ကို မင်းရဲ့နံပါတ်ပေးထားလို့ရမလား။ နောက်ကျရင် ငါတို့ သီချင်းတွေအကြောင်း ပြောလို့တာပေါ့"
"ငါ့မှာ အချိန်မရှိဘူး"
ကျန်းဟန် ချက်ချင်း ငြင်းလိုက်သည်။
၎င်းက ရွှယ်ချမ်အား အနည်းငယ် ကြောင်အ သွားစေသည်။ ထို့နောက် ခါးသီးစွာ ရယ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲ၌ ကျန်းဟန်အား အနည်းငယ် နားလည်မိသလိုရှိသွားသည်။
ဉာဏ်ကြီးရှင်များမှာ တစ်ခါတစ်ရံတွင် ထူးဆန်းသည့် အမူအကျင့်များ ရှိတတ်ကြသည်မှာ ငြင်း၍ စရာမလိုသည့်အချက်ပင်။ ကျန်းဟန်သည် သူ၏ စိတ်ထဲတွင် အလွန်ထူးခြားထက်မြက်သော စူပါဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်၏။
သို့သော် အခြေအနေများ ပို၍ ကောင်းလာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်ထားခဲ့။ သူ၏စိတ်အားထက်သန်မှုအား အစ်ကိုကျန်းက ရေအေးအေးဖြင့် လောင်းချလိုက်သည်။ သို့သော် ကျန်းဟန်၏နောက်ထပ်စကားတစ်ခွန်းက သူ့အား စိတ်လှုပ်ရှားသွားစေသည်။
"ငါ မင်းအတွက် နောက်ထပ် သီချင်းနည်းနည်းလောက်ရေးပေးနိုင်ပါတယ်"
"ဘာ?"
စာချုပ်ချုပ်ပြီးနောက်မှ ရောက်လာသည့် လီဖန်းသည် ထိုစကားကို ကြားသည့်အခါ အလွန်ဝမ်းသာသွား၏။
"ကောင်းတာပေါ့။ မစ္စတာကျန်းက တကယ်အရည်အချင်းရှိတဲ့ သူပဲ။ သူရေးပေးတဲ့ သီချင်းတွေက သေချာပေါက် ကောင်းမှာ။ ဒါဆို မစ္စတာကျန်းဆီက သတင်းကောင်းကို စောင့်နေရမှာပေါ့"
တကယ်တမ်းတွင် လီဖန်းမှာ အမှန်အတိုင်းပြောခဲ့ခြင်းမဟုတ်။ ဂန္တဝင်လက်ရာသီချင်းများမှာ ရှားပါးပြီး ရေးသားရန် ခက်ခဲပေ၏။ ထို့ကြောင့် နာမည်ကြီး တေးရေးဆရာများ၏ ဂန္တဝင်လက်ရာ သီချင်းများပင်လျှင် အမြဲတမ်းရေးသားနိုင်ခြင်းမရှိဘဲ အလွန်နည်းပါးလှသည်။
မည်သို့ပင်ဆိုစေကာမူ လီဖန်းသည် စကားအရာလိမ္မာစွာဖြင့် သိမ်သိမ်မွေ့မွေ့ ယဉ်ကျေးစွာ ပြောသင့်ပေ၏။ အားလုံးခြုံ၍ ပြောရလျှင် ဤ 'Actor' သီချင်းကို သူတို့ရှေ့မှောက်သို့ အမှန်တကယ် ပြသပေးနိုင်ခဲ့သည် မဟုတ်ပါလော။
သို့သော် ကျန်းဟန်သည်က နာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးဖြင့်ပင်
"ကဲ အခုပဲ ရေးလိုက်ကြရအောင်"
"ဘာ...? အခုလား...?"
"အင်းလေ"
ကျန်းဟန်ခေါင်းညိတ်ကာ မုန့်မုန့်အား ရင်ခွင်ထဲတွင် ပွေ့ချီပြီး
"မုန့်မုန့် ဖေဖေတို့ အသံသွင်းစတူဒီယိုကို သွားကြမလား"
အကယ်၍ မုန့်မုန့်သာ ငြင်းလျှင် ကျန်းဟန်လည်း သွားမည်မဟုတ်သည်မှာ သံသယရှိစရာပင်မလို။ ကံအားလျော်စွာပင် မုန့်မုန့်မှာ မေးလိုက်သည်နှင့် ခေါင်းညိတ်၍
"အိုကေ အသံသွင်းစတူဒီရိုကို သွားကစားကြမယ်။ အမ်...ပြီးတော့ မုန့်မုန့်လည်း သီချင်းဆိုချင်တယ်"
"ကောင်းပြီ ဒါဆို အရင်ဆုံး မုန့်မုန့် သီချင်းဆိုရမှာပေါ့"
ကျန်းဟန် ပြုံး၍ ပြောလိုက်၏။
စကားတစ်ပြောပြောနှင့်ပင် သူသည် မုန့်မုန့်အား ရင်ခါင်ထဲချီထားရင် ရှေ့မှ ဦးဆောင်ကာ အပြင်ထွက်ခဲ့သည်။
လီဖန်းနှင့် ရွှယ်ချမ်တို့လည်း သူ၏နောက်မှ လိုက်ကြရတော့သည်။ ကျောက်ဖုန်းသည် ခဏလောက်တွေးတောလိုက်ပြီး နေ့လည်စာစားရန်ရှိသေးသဖြင့် အဆင်ပြေနေသောကြောင့် သူတို့နှင့်အတူတူလိုက်သွားရန် ဆုံးဖြတ်လိုက်၏။
ဤသို့ဖြင့် ကျောက်ဖုန်းလည်း သူ၏ကားကိုမောင်းကာ နောက်ဆုံးမှ လိုက်သွားသည်။
တစ်ချိန်တည်းမှာပင် လမ်း၏တစ်ဖက်ခြမ်းတွင် အနက်ရောင် မာစီးဒီးကားတစ်စီးအတွင်း၌ လည်ပင်းတွင် ကင်းမြီးကောင်တတ်တူးထိုးထားသည့် ကတုံးဆံပင်ပေါက်နှင့်လူတစ်ဦးသည် ထိုမြင်ကွင်းကို ကြည့်ကာ မဲ့ပြုံးပြုံးရင်း
"ကျောက်ဖုန်း...ကျောက်ဖုန်း.....မင်းနဲ့မတွေ့တာ ရက်ပိုင်းပဲရှိသေးတယ်။ မင်းက စားသောက်ဆိုင်ပိုင်ရှင်အတွက် အလုပ်လုပ်ပေးတဲ့ အခြေအနေတောင် ရောက်နေပြီလား"
အေးစက်စက်လေသံဖြင့် ခနဲ့တဲ့တဲ့ ပြောလိုက်ခြင်းပင်။ ထို့နောက်တွင် သူလည်း ကားစက်နှိုးကာ မောင်းထွက်သွားခဲ့သည်။ ထိုအချိန်အတွင်း၍ လက်ကိုင်ဖုန်းကို ကိုင်ကာ ဖုန်းခေါ်ဆိုလိုက်၏။
"ဟဲလို သခင်ကြီးထန်။ ကျောက်ဖုန်းက စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်နေတယ်ဆိုတဲ့ အရင်က သတင်းက အမှန်ပါပဲ။ ကျွန်တော့်အမြင်အရတော့ သူ့မှာသာ ပြသနာတစ်ခုခုရှိမယ်ဆိုရင် အဲဒီစားသောက်ဆိုင်က..."
****
ရွှယ်ချမ် အသံသွင်းစတူဒီယိုသို့ နောက်တစ်ခေါက်ထပ်ရောက်လာသဖြင့် ဝန်ထမ်းများမှာ မနေနိုင်ကြဘဲ ဓာတ်ပုံတွဲရိုက်ရန် တောင်းဆိုကြသည်။
"ဖေဖေ မုန့်မုန့် သီချင်းဆိုချင်နေတုန်းပဲနော်"
အသံသွင်းစတူဒီယိုသို့ ဝင်လိုက်သည်နှင့် မုန့်မုန့်က သတိပေးလေ၏။
"ဒါပေါ့ မုန့်မုန့် အရင်ဆုံးသီချင်းဆိုနိုင်တယ်"
ကျန်းဟန် ပုံးကာ
"မုန့်မုန့်က ဘယ်လိုသီချင်းတွေ ဆိုနိုင်လဲ"
"အမ်....."
မုန့်မုန့်မှာ တောက်ပသည့် မျက်လုံးကြီးများမှာ ခဏလောက် ကြောင်အသွားပြီး ချက်ချင်းပင် နှုတ်ခမ်းလေးများကို စူလိုက်၏။ ထို့နောက် လက်ဖဝါးလေးများကို ဆန့်ထုတ်ကာ ဘယ်လက်ဖြန့် လက်ချိုးကာ ရေတွက်ရင်း
"အင်း....မုန့်မုန့်က တစ်၊ နှစ်၊ သုံး.....ဟင်း....အင်္ဂလိပ်သီချင်းတွေအများကြီး ဆိုနိုင်တယ်"
"အိုး မုန့်မုန့်က အင်္ဂလိပ်သီချင်းတွေ ဆိုနိုင်တာလား။ အံ့ဩစရာပဲ"
လီဖန်းက အံ့ဩသွားဟန်ပြုကာ ပြောလိုက်၏။
မုန့်မုန့်မှာ သူ၏စကားကို ကြားသည့်အခါ လီဖန်းကို ကြည့်လိုက်ပြီး လေးနက်စွာဖြင့်
"သမီးက အများကြီးဆိုနိုင်တယ်"
"တော်လိုက်တာ။ မုန့်မုန့်က အရမ်းတော်တာပဲ"
ကျောက်ဖုန်းက အပြုံးလေးဖြင့် ဝင်ပြောလေ၏။
"မုန့်မုန့် ဘယ်သီချင်း ဆိုချင်လဲ"
ကျန်းဟန် မေးလိုက်သည်။
"သမီး Price Tag ဆိုမယ်"
မင်းသမီးလေးသည် အလွန်ပီသသည့် အင်္ဂလိပ်လေသံဖြင့် ပြောလိုက်သည်။
"အိုး..မုန့်မုန့်ရဲ့ အင်္ဂလိပ်က အရမ်းကောင်းတာပဲ"
လီဖန်းမှာ အနည်းငယ် အံ့ဩသွားသည်။ မုန့်မုန့်မှာ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ငယ်စဉ်ကတည်းက အင်္ဂလိပ်လို ပြောနိုင်သည့် ကလေးများအားလုံးမှာ ပညာတတ်မျိုးရိုးများဖြစ်ကြသည်။ ဟောင်ကောင်တွင် အင်္ဂလိပ်စကားပြောသည့် ကလေးများ များပြားသော်လည်း သူမကဲ့သို့ ကျွင်းကျင်စွာ ပြောနိုင်သည့် ကလေးများမှာ တွေ့ရခဲသည်။
မုန့်မုန့်သည် မြောက်အမေရိကတွင် မွေးဖွားခဲ့သည်ကို သူသိခဲ့ပါက သူမ၏ ကျွမ်းကျင်မှုကို အံ့ဩမိမည်မဟုတ်ပေ။
"အိုကေ အဲ့သီချင်းကို အရင်ဆိုတာပေါ့"
ကျန်းဟန်သည် မုန့်မုန်အား ချီကာ မိုက်ခရိုဖုန်းရှေ့တွင် ရပ်လိုက်ပြီး မုန့်မုန့်၏နားရွက်ဘေးနားတွင် နားကြပ်ကို ကိုင်ထားပေး၏။
ခဏအကြာတွင် နောက်ခံသံစဉ်အသံကို ကြားလိုက်ရသည်။
"Okay, handsome Daddy, brother and Meng Meng
You ready."
(Tl note - Jessie J ရဲ့ Price Tag သီချင်းပါ။ စာသားကို အင်္ဂလိပ်လိုပဲ ထည့်လိုက်ပါတယ်။ ကိုယ်တွေလည်း ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ သီချင်းဆိုတော့ တော်တော်များများတော့ ရင်းနီးပြီးသားဖြစ်မှာပါ။ မသိသေးရင်လည်း YouTube မှာ Price Tag လို့ ရှာပြီး နားထောင်လို့ရပါတယ်။)
မုန့်မုန့်သည် ထိုသီချင်းနှင့် အလွန် ရင်းနီးနေသောကြောင့် မူရင်းစာသားကိုပင် ပြောင်းလဲကာ ဆိုခဲ့သည်။
မင်းသမီးလေးမှာ သီချင်းဆိုရန် အဆင်သင့်ဖြစ်နေချိန်၌ အလွန်ပင် ချစ်စရာကောင်းသည့် အမူအရာလေးများ လုပ်ပြ၏။ သူမလေး၏ မျက်လုံးကြီးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ပြကာ ခေါင်းလေးကိုလည်း စည်းချက်အတိုင်း လိုက်၍ လှုပ်ယမ်းနေသေးသည်။
"Seems like everybody's got a price...
.........
It's not about the money, money, money
We Don't need your money, money, money
......"
မုန့်မုန့်၏ ကလေးဆန်ပြီး ကြည်ပြတ်သားသည့် အသံက သူမလေး စတင်သီဆိုလိုက်သည့်အချိန်ကတည်းက လူတိုင်းအား ယစ်မူးသွားသေခဲ့သည်။ အထူးသဖြင့် သူမ၏ ကျွမ်းကျင်ပြီး ပီပြင်သည့် အင်္ဂလိပ်စကားက လီဖန်း၊ ရွှယ်ချမ်နှင့် ကျောက်ဖုန်းတို့အား အံ့အားသင့်သွားစေခဲ့၏။
လီဖန်းပင် မုန့်မုန့်က Price Tag ၏ ကလေးဗားရှင်းကို လုံးဝပြသခဲ့သည်ဟု တွေးမိခဲ့သည်။ သူမလေး၏ အသံမှာ ကလေးဆန်နေသည်မှ လွဲ၍ သီချင်းကို ကီးလွဲချော်ခြင်း လုံးဝ မရှိခဲ့ချေ။
"မစ္စတာကျန်းက တကယ် တကယ်ကို တော်တာပဲ။ ဒီလိုအမျိုး ဂီတအပေါ် နားလည် ကျွမ်းကျင်ပြီး ထူးချွန်တဲ့ သမီးတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်"
လီဖန်း၏စိတ်နှလုံးထဲတွင် လေးစားခြင်းများဖြင့် ပြည့်နေချေ၏။
မုန့်မုန့်သည် အင်္ဂလိပ်သီချင်းတစ်ပုဒ်လုံးကို အထစ်အငေါ့မရှိ သီဆိုသွားခဲ့သည်။
"ဖြောင်း ဖြောင်း ဖြောင်း...."
သီချင်းပြီးသွားသည့်အခါတွင်တော့ အပြင်ဘက်ရှိ အသံသွင်းနေသည့် ဝန်ထမ်းများသည်ပင် မနေနိုင်ဘဲ လက်ခုပ်တီးလိုက်မိကြသည်။
"ဝိုး...မုန့်မုန့်က အရမ်းအံ့ဩဖို့ကောင်းတာပဲ"
"မုန့်မုန့်ရဲ့ အင်္ဂလိပ်စကားက ဘယ်လောက်တောင် ကျွမ်းကျင်လိုက်သလဲ"
"..."
သူတို့၏ ချီးကျူးစကားများက မုန့်မုန့်အား ခေါင်းမော့ ရင်ကော့စေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမလေးသည် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး
"အမ်...မေမေ သမီးရဲ့ မေမေ ဆိုတာက ပိုကောင်းတယ်" ဟု မနေနိုင်ဘဲ ပြောလိုက်သေး၏။
စကားအနည်းငယ်က လူတိုင်းအား ရယ်မောသွားစေသည်။ ထို့နောက် မုန့်မုန့်မှာ နောက်ထပ်သီချင်းဆိုရန် စလိုက်ပြန်၏။
ယခုအချိန်တွင် အသံသွင်းစတူဒီယိုမှာ မုန့်မုန့်၏ ကစားစရာ အရုပ်ဖြစ်လာသည့်ပုံပင်။ သူမလေးသည် တစ်ပုဒ်ပြီး တစ်ပုဒ်ဆိုနေခဲ့ပြီး ကျန်းဟန်က မုန့်မုန့်အား တစ်ချိန်လုံး ချီထားပေးသည်။ မုန့်မုန့်မှာ နာရီဝက်နီးပါး သီချင်းဆိုနေခဲ့လေ၏။
"မုန့်မုန့် ဟိုမှာ ခဏလောက်ထိုင်ပြီး နားလိုက်ဦးနော်။ ဖေဖေ သူတို့အတွက် သီချင်းရေးလိုက်ဦးမယ်"
ကျန်းဟန်သည် မုန့်မုန့်၏နဖူးမှ ချွေးများကို တစ်ရှုူးတစ်ရွက်ထုတ်ကာ သုတ်ရင်း ပြုံး၍ ပြောလိုက်သည်။
"အိုကေ..အိုကေ။ ဖေဖေ မြန်မြန်လုပ်နော်။ မုန့်မုန့် ဗိုက်ဆာတယ်"
"ကောင်းပြီ။ ဖေဖေ မြန်မြန်လုပ်လိုက်မယ်"
ကျန်းဟန် ခေါင်းညိတ်လိုက်သည်။
လီဖန်းမှာ သူ၏စကားကို ကြားသည့်အခါ နှုတ်ခမ်းတွန့်သွားသည်။
သီချင်းတစ်ပုဒ်ရေးရတာက ဘယ်လိုတောင် လွယ်နေသလဲ။ ဂီတတွင် မည်မျှ ထူးချွန်ပါစေ ရေးချင်သည့်အချိန်တိုင်း ရေး၍ မရနိုင်ပေ။
ထို့ပြင် အလျင်စလိုဖြင့် ပြီးသွားပါကလည်း သီချင်းတစ်ပုဒ်ဖြစ်လာမည်မဟုတ်ချေ။ ၎င်းကို သရဲအော်သံ သို့မဟုတ် ဝံပုလွေအူသံဟု ခေါ်ရပေမည်။
ကျန်းဟန်မှာလည်း အဆင်သင့်ပြင်ဆင်ပြီးသည့်ပုံမရပေ။ သူသည် အံ့ဩစရာကောင်းလောက်အောင် ထူးချွန်သည်ဆိုလျှင်ပင် အချိန်တိုအတွင်း သီချင်းတစ်ပုဒ်ရေးရန် မဖြစ်နိုင်ပေ။
သို့ပေသိ ကျန်းဟန်မှာ ဤအချိန်တိုအတွင်း သီချင်းတစ်ပုဒ်ကို ရေးသားနိုင်ခဲ့ခြင်းမဟုတ်ခဲ့ပေ။
အကြောင်းမှာ သူသည် နှစ်ပုဒ် ရေးခဲ့ခြင်းပင်။
ထိုအချိန်အတွင်း လီဖန်း၏အမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။ ပထမတွင် သူလုံးဝ မယုံကြည်ခဲ့ပေ။
သို့သော် နာရီဝက်အတွင်း ကျန်းဟန်မှာ အလွန်ကောင်းမွန်သည့် နောက်ခံတီးလုံးကို ဖန်တီးလိုက်ပြီးနောက်တွင်တော့ လီဖန်း၏ မျက်လုံးများမှာ ထိတ်လန့်အံ့ဩမှုများဖြင့် ပြည့်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းဟန်သည် နှစ်မိနစ်တည်းနှင့် သီချင်းစာသားများကို ရေးလိုက်သည်အား တွေ့လိုက်ရလေ၏။
လီဖန်း၏မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာသည်။
မကြာမီပင် ပထမသီချင်းကို ရွှယ်ချမ် အစမ်းသီဆိုကြည့်လိုက်၏။ အစမ်းသီဆိုမှုကို နားထောင်လိုက်ရသည့်အခါ လီဖန်း၏ပါးစပ်မှာ ကြက်ဥတစ်လုံးငုံထားသည့်အလားပင်။ ပို၍ ချဲ့ကားပြောရလျှင် လူတိုင်း သူ၏အစာအိမ်အထိပင် မြင်ရလုနီးပါးပါး ဟပြဲနေချေသည်။
ရွှယ်ချမ်၏ တင်ဆက်မှုမှာ သူ့ထက် များစွာပို၍ သာလွန်ပေသည်။ အကြောင်းမှာ သူသည် သီချင်းထဲသို့ လုံးဝ နစ်မြှုပ်ခံစားနေပြီး ရုန်းမထွက် နိုင်လောက်အောင်ပင်။
ပထမသီချင်း ပြီးသွားသည့်အခါ ကျန်းဟန်မှာ ဒုတိယသီချင်း၏ နောက်ခံတီးတုံးကို စတင်ထုတ်လုပ်၏။ ရွှယ်ချမ်ကတော့ သီချင်းကို အကြိမ်ပေါင်းများစွာ ဆိုနေလေသည်။
ဒုတိယ သီချင်း၏ နောက်ခံဂီတမှာလည်း မကြာမီပင် ထွက်ရှိလာပြီး ၎င်း၏ သီချင်းစာသားကိုလည်း နှစ်မိနစ်မပြည့်မီပင် ပြီးဆုံးသွားခဲ့သည်။
ဒုတိယ သီချင်း၏အဆုံးတွင်တော့ လီဖန်းမှာ လုံးဝ ကြက်သေသေသွားခဲ့လေ၏။
သူ၏မျက်လုံးများမှာ ကျွတ်ထွက်တော့မတတ်ဖြစ်နေကာ ခန္ဓာကိုယ်မှာလည်း အဘိုးအိုတစ်ယောက်ကဲ့သို့ တုန်ယင်နေပြီး ကျန်းဟန်အား လက်ညှိုးထိုးနေလေသည်။ သူ၏နှုတ်ခမ်းများက တုန်ရီနေပြီး တစ်စုံတစ်ရာ ပြောချင်နေသော်လည်း သူ၏လျှာမှာ အလုပ်မလုပ်တော့သည်ကို တွေ့လိုက်ရလေ၏။
ထို့ကြောင့် မျက်နှာမှာ နီရဲနေပြီး စကားပြောရန် ကြိုးစားနေသည်။ နောက်ဆုံးတွင်တော့ သူ၏အော်သံမှာ ထွက်ပေါ်လာလေသည်။
"ဘယ်လောက်တောင်မှ မြန်နေတာလဲ"
"မဖြစ်နိုင်ဘူး"
"ဒါက လုံးဝ ယုတ္တိမရှိဘူး"
"အမ်"
အနားတွင် ကစားနေသည့် မုန့်မုန့်မှာ လီဖန်းအား ထူးဆန်းစွာ ကြည့်လိုက်၏။ သူမလေးသည် အနည်းငယ် ကြောက်ရွံ့ သွားပြီး အသံတိုးတိုးဖြင့်
"ဘာ...ဘာဖြစ်တာလဲဟင်...အဲ့ဒီအစ်ကိုက ဘာဖြစ်သွားတာလဲ"
"သူ သွေးလန့်သွားတာပါ"
ကျောက်ဖုန်းက မုန့်မုန့်၏ကျောပြင်အား ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်သည်။
"သွေးလန့်သွားတာလား"
မုန့်မုန့်၏ ကြည့်လင်သည့် မျက်လုံးကြီးများမှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နေပြီး
"အမ်? သွေးလန့်တာက ဘာကိုပြောတာလဲဟင်"
"အာ...အဲ့ဒါက...သူ့လိုမျိုးဖြစ်သွားတာလေ။ ဟုတ်တယ်။ သူ့လိုမျိုး ရူးကြောင်ကြောင်ဖြစ်သွားတာကို သွေးလန့်တယ်လို့ပြောတာ"
ကျောက်ဖုန်းသည် နောက်တစ်ကြိမ် ကြောင်အ နေသည့် လီဖန်းအား တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။
-အပိုင်း(၁၁၂) ပြီး