အပိုင်း(၁၁၁) သီချင်းအကြောင်း အသေးစိတ်ဆွေးနွေးခြင်း
လီဖန်းသည် မုန့်မုန့်ကို ချီကာ ဆင်းလာသော ကျန်းဟန်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် သူ့ဆီသို့ လျှောက်သွားသည်။
"ဟားဟားဟား...မစ္စတာကျန်း တွေ့ရတာ ဝမ်းသာပါတယ်"
လီဖန်းသည် လှိုက်လှိုက်လှဲလှဲဖြင့် လက်များကို ဆန့်ထုတ်လိုက်သည်။
"အင်း"
ကျန်းဟန်လည်း လက်တစ်ဖက်ထုတ်လိုက်ပြီး သူ့အား လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ မစ္စတာကျန်း။ ခင်ဗျား ဘာကြိုက်တတ်လဲ မသိလို့ အသီးတွေပဲ ဝယ်လာခဲ့လိုက်တယ်"
ရွှယ်ချမ် လက်ထဲမှ အိတ်ကို မြှောက်လိုက်သည်။
"အဲ့မှာပဲ ထားလိုက်ပါ"
ကျန်းဟန် ခေါင်းညိတ်ကာ မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်စားပွဲကို ညွှန်ပြလိုက်သည်။
"အသီးလား မုန့်မုန့် နည်းနည်း စားချင်တယ်"
မုန့်မုန့်မှာ လက်ဖဝါးလေးများကို ဝှေ့ယမ်းကာ ပြောသည်။
ဇီယန်မှာ အသီးကြိုက်သူတစ်ယောက်ဖြစ်ပြီး မြောက်အမေရိကတွင် ရှိစဉ်က နေ့တိုင်း သစ်သီးအချို့ စားလေ့ရှိသည်။ အလားတူပင် မုန့်မုန့်မှာလည်း ငယ်စဉ်ကတည်းက အသီးအနှံ့များကို စားခဲ့ရသောကြောင့် မိခင်၏အမွေကို ဆက်ခံကာ အသီးအနှံ့ကြိုက်နှစ်သက်သည်။
သို့သော် ကျန်းဟန်နှင့် အတူရှိကတည်းက အသီးအနှံ့များကို မကြာခဏ စားရခြင်း မရှိတော့ချေ။ ကျန်းဟန်သည် အသီးအနှံ့များကို ကိုယ်တိုင် စိုက်ပျိုးရန် ကြံစည်ထားပြီး အပြင်မှ အသီးအနှံ့များကို ဂရုစိုက်ခြင်း မပြုတော့သောကြောင့်ပင်။
ထို့ပြင် ဈေးကွက်ထဲရှိ အသီးများမှာ အမြတ်အစွန်းကို အဓိကထားပြီး ဗရမ်းဗတာပင်ဖြစ်သည်။ အသီးများအားလုံးမှာ သူတို့ ရှင်းပြထားသကဲ့သို့ အာဟာပြည့်ဝခြင်း မရှိချေ။ ဥပမာအားဖြင့် ဈေးကွက်ထဲရှိ ပန်းသီးအများစုသည် ပိုးသတ်ဆေးအကြွင်းအကျန်များ ကျန်ရှိနေသည့် ပြဿနာများကို ကြုံတွေ့ရပြီး ရေဖြင့် ဆေးကြောသည်ပင် ပြောင်စင်အောင် မသန့်ရှင်းနိုင်ပေ။
ထို့ကြောင့် အော်ဂဲနစ်အသီးများနှင့် ပိုးသတ်ဆေးအသုံးပြုခြင်းမရှိဘဲ စိုက်ပျိုးထားသော အသီးအနှံ့များမျာ သိသိသာသာပင် ဈေးကြီးလွန်းလှသည်။ သို့သော် ၎င်းတို့သည်ပင် အလုံးစုံ အရည်အသွေးကောင်းမွန်ကြသည် မဟုတ်ချေ။
နောက်ဆုံးတွင်တော့ သင်ပေးသလောက်သာ သင်ပြန်ရပေမည်။
အနားတွင် ရပ်နေသော ကျောက်ဖုန်းသည် မင်းသမီးလေး အသီးစားချင်ကြောင်း ကြားလိုက်သည့်အခါ သစ်သီးအိတ်ကို အမြန်ယူခိုက်သည်။ ထို့နောက် မီးဖိုချောင်သို့ သွားကာ စပျစ်သီး၊ ငှက်ပျောသီးနှင့် အခြား သစ်သီးအချို့ကို ဆေးကြောကာ ဗန်းဖြင့် ထည့်လိုက်သည်။
သူသည် စားပွဲထိုးတစ်ယောက်ကဲ့သို့ ပြုမူနေသည်။ ပို၍ အရေးကြီးသည်မှာ သူ၏အပြုအမူက ကျန်းဟန်အပေါ် လေးစားမှုဟု ဆိုလိုခြင်းဖြစ်သည်။
လူတစ်ယောက်က သူ့အား လေးစားမှုရှိလျှင် သူသည်သည်း ထိုသူနှင့် တူညီစွာ ပြန်၍ ဆက်ဆံပေမည်။ ကျန်းဟန်သည် ထိုအရာများနှင့်ပတ်သက်၍ ဘယ်တုန်းကမှ ဘာမျှမပြောသော်လည်း အားလုံးကို သူ၏စိတ်ထဲတွင် မှတ်သားထားပေသည်။
ကျောက်ဖုန်း သစ်သီးများကို ဆေးကြောပြီး ဆိုဖာရှေ့ လက်ဖက်ရည်စားပွဲပေါ်တွင် တင်လိုက်သည်။
"ဖေဖေ ဖေဖေ မုန့်မုန့်ကို အောက်ချပေး။ မုန့်မုန့် အသီးစားမယ်"
မုန့်မုန့်သည် ကျန်းဟန်၏လက်မောင်းထက်တွင် လူးလွန့်နေသည်မှာ အလွန်ပင် ချစ်စရာကောင်းလှသည်။
လီဖန်းနှင့် ရွှယ်ချင်တို့မှာ မုန့်မုန့်၏အပြုအမူအား မြင်သည်နှင့် ပျော်ရွှင်သွားကြပြီး အသီးများဝယ်လာမိသည့်အတွက် စိတ်သက်သာရာရသွားကြသည်။
"မစ္စတာကျန်းရဲ့ သမီးလေးက အရမ်းလှတယ်"
"ဟုတ်တယ်။ ဒီလို ချစ်ဖို့ကောင်းပြီး လှပတဲ့ ကလေးမလေးကို ကျွန်တော် ပထမဆုံးတွေ့ဖူးတာပဲ"
ပုံမှန်ဆိုလျှင် သူတို့နှစ်ယောက် မုန့်မုန့်အား ချီးကျူးစကားပြောလျှင် မင်းသမီးလေးမှာ ပျော်ရွှင်စွာဖြင့် စကားအနည်းငယ် ပြန်ပြောမည်ဖြစ်သော်လည်း ယခုတော့ သူမလေး၏ စိတ်အာရုံမှာ အသီးများပေါ်တွင်သာ ရောက်ရှိနေ၏။ ကျန်းဟန် သူမလေးအား အောက်ချပေးလိုက်သည်နှင့် အသီးများရှိရာသို့ ပြေးသွားတော့သည်။
ကျောက်ဖုန်း ခဏလောက် စဉ်းစားလိုက်သည်။ သူဌေး အခြားသူများနှင့် စကားပြောလျှင် သူရှောင်ပေးသည်က ပိုကောင်းသည်ဟု ခံစားရသော်လည်း သိချင်စိတ်ပြင်းပြသောကြောင့် တွန့်ဆုတ်စွာဖြင့် ဆိုဖာနားတွင် တွယ်ကပ်နေလိုက်၏။
"အင်း...မစ္စတာကျန်း ငါတို့...."
လီဖန်းမှာ သီချင်းအကြောင်းပြောရန် အတန်ကြာ စကားစပျိုးချင်ခဲ့သည်။
သို့သော် ရွှယ်ချမ်မှာ တိုက်ရိုက်ပင် ကြားဖြတ်ကာ
"ဒီလို အရည်အသွေးမြင့်မားတဲ့ သီချင်းတစ်ပုဒ်ရေးဖို့က မလွယ်ကူပါဘူး။ မစ္စတာကျန်းက ဂီတမှာ ထူးချွန်တယ်လို့ ကျွန်တော်ထင်တယ်"
"ဟုတ်ကဲ့"
ကျန်းဟန်မှာ တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်၏။
သို့သော် အနည်းငယ် တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။
လောဂျစ်ကျကျပြောရလျှင် သူသည် သီချင်းရေးဆရာတစ်ယောက် မဟုတ်ပေ။ မထွက်ရှိသေးသည့် သီချင်းကို သူက ကြိုတင်၍ ချရေးလိုက်ခြင်းသာ။ သို့သော် သူတို့သည် သူ့ရှေ့တွင်ပင် သူ့အား ချီးကျူးနေသည်။ ၎င်းက အလွန်ထူးဆန်းသည့် ခံစားချက်ပင်။
"ဒါဆို ကျွန်တော် ခင်ဗျားနဲ့ သီချင်းအကြောင်း အသေးစိတ်ဆွေးနွေးချင်တယ်။ သီချင်းကို နားထောင်လို့ရအောင် အသံသွင်းစတူဒီယိုတစ်ခု ရှာလိုက်ရမလား?"
ရွှယ်ချင် မေးမြန်းသည့် လေသံဖြင့် ပြောလိုက်သည်။
"ဟင့်အင်း...ဒီမှာပဲ ဆိုပါ"
"အာ? ဒီမှာပဲလား?"
ရွှယ်ချမ် အနည်းငယ် အံ့ဩသွားပြီး မဝံမရဲဖြင့်
"ဒီမှာ ဘယ်လိုဆိုရမလဲ?"
"သီချင်းဖွင့်ပြီး ခင်ဗျားကဆို ကျုပ်က နားထောင်မယ်"
ကျန်းဟန် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"အမ်..."
ရွှယ်ချမ် ဖျစ်ညှစ်ပြုံးကာ
"ကောင်းပါပြီ"
ထို့နောက် ဦးထုပ်ကို ချွတ်လိုက်သည်။
ထိုအသံနှင့် ရင်းနီးသလိုလိုဖြစ်နေသည့် ကျောက်ဖုန်းမှာ သူ့အား ချက်ချင်း မှတ်မိသွားသည်။
ရွှယ်ချမ်လား? သူက ဘာလို့ ဒီကိုလာတာလဲ? သူက သီချင်းလေ့လာဖို့ သူဌေးကို ရှာတာပဲ ဖြစ်မယ်။ သူဌေးက ဂီတမှာလည်း ကျွမ်းကျင်သေးတယ်ပေါ့
ကျောက်ဖုန်းသည် ကျန်းဟန်နှင့် ရွှယ်ချမ်အား အံ့အားသင့်စွာဖြင့် အပြန်ပြန်အလှန်လှန် အကဲခတ်ကြည့်နေသော်လည်း ထို့နောက်တွင်တော့ စိတ်သက်သာရာရသွားသည်။ သူသည် မလိုအပ်ဘဲ အံ့ဩနေမိသည့်အတွက် ကိုယ့်ကိုယ်ကို ရယ်လိုက်မိသည်။
သူဌေးက စန္ဒယားကောင်းကောင်းတီးတတ်တာပဲ။ သီချင်းနားထောင်ပေးလို့ ရရမှာပေါ့
ကျန်းဟန်သည် ရွှယ်ချမ်နှင့် လီဖန်းတို့ကို ကောင်တာဆီသို့ခေါ်သွားကာ လက်တော့ပ်ကို ဖွင့်ပြီး နောက်ခံတီးလုံးကို ဖွင့်လိုက်သည်။
"ကျွန်တော် ဒီတိုင်းပဲ ဆိုရမှာလား?"
ရွှယ်ချမ်မှာ သံသယဖြင့် မေးသည်။
အသံသွင်း စတူဒီယိုတွင် အသံအရည်အသွေးကောင်းကောင်းဖြင့် နားထောင်နိုင်သည်။ အပြန်အလှန်အားဖြင့် သူသည် ဤအတိုင်း သီချင်းချင်းဆိုပါက အချို့သော အသေးစိတ်အချက်အလက်များကို ကောင်းမွန်စွာ ဖော်ထုတ်ပြသနိုင်မည် မဟုတ်သလို အနည်းငယ် အဆင်မပြေခံစားနေရ၏။
"အင်း"
ကျန်းဟန်၏ တုံ့ပြန်သံကိုကြားသည့်အခါ ရွှယ်ချမ်မှာ ကူရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် လည်ချောင်းရှင်းလိုက်ပြီး
"ဒါဆို ဒီတိုင်းဆိုလိုက်မယ်။ တစ်မိနစ်လောက်စောင့်ပေးပါ ကျွန်တော် ခဏလောက် စိတ်အခြေအနေလေး ထိန်းချင်လို့"
ကျန်းဟန် နောက်ခံသီချင်းကို ပိတ်လိုက်သည်။
"အဟမ်း...အဟမ်း....."
ရွှယ်ချမ် သီချင်း၏ခံစာချက်ကို အာရုံစိုက်နေလိုက်သည်။
ထိုအချိန်တွင် အသီးစားနေသော မုန်မုန့်အပြင် ကျောက်ဖုန်းပါ စိတ်ဝင်တစားဖြင့် သူတို့ဘက်သို့ စိုက်ကြည့်နေကြသည်။
သူဌေး သီချင်းတစ်ပုဒ်ရေးထားသည်ကို သူသိပြီးဖြစ်၍ ထို သီခင်း၏ အဆင့်အတန်းကို သိချင်နေမိ၏။
နောက်ဆုံးတွင် တစ်မိနစ်ကြာပြီးနောက် ရွှယ်ချမ်မှာ အနည်းငယ် ဩသည့် အသံဖြင့်
"စလိုက်ရအောင်"
ကျန်းဟန် နောက်ခံသီချင်းကို ဖွင့်လိုက်သည်။ ကွာလတီမြင့် အသံစနစ်မှ နောက်ခံသီချင်းသံ ကျယ်လာစွာ ထွက်ပေါ်လာသည်နှင့် စန္ဒယားတီးသံမှာ တိုးလျသွားသည်။
"ရိုးရိုးရှင်းရှင်းပဲ ပြောကြစို့ကွယ်...
စိတ်ဆတ်တဲ့အခြေအနေကို လစ်လျူရှုထားပေးပါ....
မင်းက သရုပ်ဆောင်တစ်ယောက် မဟုတ်ခဲ့ဘဲ
ဒီလို ဇာတ်လမ်းတွေ ထွင်မနေပါနဲ့...."
အနုပညာရှင်တစ်ယောက်သည် သီချင်းအား ဘဝနှင့် အားဖြည့်ပေးသည်။ ရွှယ်ချင်သီဆိုသော သီချင်း၏ ပထမဆုံးအကြောင်းမှာပင် ကျန်းဟန် အနည်းငယ် ခေါင်းညိတ်လိုက်၏။ သီချင်းမှာ ပြင်းပြသော စိတ်ခံစားချက်ကို ပေးစွမ်းသည်။
ရွှယ်ချမ်မှာ တဖြည်းဖြည်း သီချင်းအတွင်း နစ်မြောသွားသည်။ မျက်လုံးများကို မှေးစင်းကာ သီချင်း၏ အနှစ်သာကို သီကျူးပြသသည်။
"နောက်ဆုံးတော့လည်း
ငါဟာ မင်းရဲ့ ပြကွက်တွေအတွက်
တစ်ဦးတည်းသော ပရိတ်သတ်ပါပဲ
........."
"လမ်းခွဲတယ်ဆိုတာ အပြောကတော့လွယ်ပါတယ်
ကြာကြာဆွဲထားလေလေ စွန့်လွှတ်ဖို့ ကြောက်ရွံ့လေလေကွယ်
......."
"မင်းရဲ့ တင်ဆက်မှုနဲ့ အလိုက်သင့်ဖြစ်ဖို့
ကိုယ်အကောင်းဆုံး ကြိုးစားပေးနေပါတယ်...."
ကျန်းဟန်မှလွဲ၍ အခြားသူများမှာ သီချင်းထဲတွင် စီးဝင် နစ်မြောနေခဲ့ကြသည်။
၎င်းမှာ သီချင်း၏ ဆွဲဆောင်နိုင်သည့် ညှို့ဓာတ်ပင်။
ကျယ်လောင်မြူးကြွသည့် သီချင်းသည် လူတို့၏ စိတ်ရိုင်းတို့ကို ကင်းစင်စေပြီး သာယာငြိမ့်ညောင်းသော သီချင်းမှာ လူတို့၏ ကိုယ်ရောက် စိတ်ပါ အပန်းပြေစေနိုင်သည်။ သို့သော် ယခုအချိန်တွင် 'Actor' သီချင်းသည် ပြင်းထန်သည့် စိတ်ခံစားချက်နှင့် သာယာငြိမ့်ညောင်းသော သီချင်းတစ်ပုဒ်ဖြစ်ခဲ့သည်။
လီဖန်းသည် မျက်လုံးကို မှိတ်ထားကာ အသက်ကို ဖြည်းဖြည်းချင်းရှုနေပြီး ကျောက်ဖုန်းမှာလည်း အနည်းငယ် မှိန်းမောနေလေသည်။ မင်းသမီးလေးပင်လျှင် ဤအခိုက်အတန့်၌ စပျစ်သီးကို ချထားပြီး သီချင်းဆိုနေသည့် ရွှယ်ချမ်ကို ငေးကြည့်နေသည်။
သီချင်းမှာ တဖြည်းဖြည်းချင်း အဆုံးသတ်သွားခဲ့လေ၏။
သီချင်းကို စိတ်နှစ် အရသာခံ နားဆင်ကာ မိန်းမောနေသောကြောင့် ဆယ်စက္ကန့်အတွင်း မည်သူမျှ စကားမပြောမိကြချေ။
"ဖြောင်း ဖြောင်း ဖြောင်း...."
ကျောက်ဖုန်းမှာ သတိပြန်ဝင်လာပြီး လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။
"ကောင်းလိုက်တာ...အရမ်းကောင်းတယ်။ မစ္စတာရွှယ် သီချင်းဆိုတာက အရမ်းကောင်းတယ်"
"ခင်ဗျား ကျွန်တော့ကို မြှောက်ပြောနေပါပြီ"
ရွှယ်ချမ် ပြုံးကာ ကျောက်ဖုန်းအား အလေးပြုသည်။
"ပထမဆုံးအကြိမ် ဒီသီချင်းကို နားထောင်ထောင်က သီချင်းရဲ့ အဓိပ္ပာကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့ နောက်ထပ် နားထောင်တဲ့အခါကျတော့ နှလုံးသားထဲမှာ စွဲထင်ကျန်နေခဲ့တယ်။ အိပ်မက်ထဲမှာ ပျောက်ဆုံးနေတဲ့ လူတစ်ယောက်လိုပဲ။ ဒီသီချင်းရဲ့ စိတ်ကူးယဉ်ဆန်နေမှုက ဆွဲညှို့နိုင်ပြီး အံ့ဩလောက်ပါတယ်"
လီဖန်းသည် မျက်လုံးကို ဖွင့်ကာ ကျန်းဟန်အား အံ့ဩလေးစားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
မစ္စတာကျန်းက ဒီလိုမျိုး ဂန္တဝင်သီချင်းကို ရေးနိုင်တယ်ဆိုတော့ သေချာပေါက် ဂီတပါရမီရင်ပဲ ဖြစ်ရမယ်။
လီဖန်းမှာ ပို၍ပင် လေးစားလာသည်။ မစ္စတာကျန်းသည် သူ၏လေးစားမှုနှင့် ထိုက်တန်သည်ဟု ယူဆသည်။
"နားထောင်လို့ကောင်းလိုက်တာ။ အစ်ကိုကြီးက အရမ်းတော်တာပဲ"
မင်းသမီးလေး မုန့်မုန့်ပင် မနေနိုင်ဘဲ ချီးမွမ်းတော့သည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးပါ"
ရွှယ်ချမ်က မုန့်မုန့်အား ကြင်နာစွာ ပြုံးပြ၏။
"အာ...ဒါပေမဲ့ အစ်ကိုကြီးက သမီးမေမေကို မယှဉ်နိုင်ဘူး။ သမီးမေမေ သီချင်းဆိုတာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ"
မုန့်မုန့်၏မျက်လုံးများမှာ လေးနက်မှုများဖြင့် ပြည့်နေသည်။ သူမလေးသည် ပြောပြီးသည်နှင့် စပျစ်သီးကို ဆက်၍ စားတော့သည်။
မင်းသမီးလေး၏စိတ်ထဲတွင် မေမေသည် သီချင်းဆို အကောင်းဆုံးဖြစ်ပြီး ဖေဖေသည် အချက်အပြုတ်အကောင်းဆုံးဖြစ်သည်။ ထို့ပြင် သူတို့သည် နယ်ပယ်အသီးသီးတွင် အကောင်းဆုံး အတော်ဆုံးပင်။
"ဟားဟားဟား...."
သူမလေး၏စကားက လူတိုင်းအား ရယ်မောစေသည်။
လီဖန်းနှင့် ရွှယ်ချမ်တို့သည် အများကြီး တွေးတောမနေဘဲ ၎င်းမှာ မုန့်မုန့်၏ အမေဖြစ်သူအပေါ် ချစ်ခင်လေးစားမှုဟုသာ ထင်ခဲ့သည်။ သိုသော် ဇီယန်သည် သူမ၏မိခင်ဖြစ်ကြောင်း သိလိုက်ပါက ခဏလောက်တော့ ဆွံ့အသွားပေလိမ့်မည်။
"ဘယ်လိုထင်လဲ မစ္စတာကျန်း"
ရွှယ်ချမ်သည် ကျန်းဟန်အားကြည့်ကာ သူ၏မှတ်ချက်ကို စောင့်မျှော်ရင်း မေးလိုက်သည်။
"ပြဿနာမရှိပါဘူး။ အစကတည်းက ဒါက မင်းရဲ့သီချင်းပဲ"
ကျန်းဟန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
၎င်းမှာ အစကတကည်း သူ၏ကိုယ်ပိုင် သီချင်းသာ ဖြစ်၍ မည်သည့် အမှားအယွင်းမျှ မရှိချေ။ သို့သော် ရွှယ်ချမ်သည် ဤသီချင်းကို ကျန်းဟန်က သူ့အတွက် သီးသန့်ရေးထားခြင်းဟု နားမည်မှုလွဲကာ စိတ်လှုပ်ရှားသွားသည်။
"ကျေးဇူးတင်ပါတယ် မစ္စတာကျန်း"
ရွှယ်ချမ်သည် အကြိမ်ကြိမ် ခေါင်းညိတ်ကာ
"ကျွန်တော်ဆိုတာနဲ့ ခင်ဗျားတွေးထားတာ ခြားနားမှုတစ်ခုခုများ ရှိလား?"
"ဘာမှ ကွာခြားမှုမရှိပါဘူး။ အရမ်းကောင်းတယ်"
"ဒါဆို သီချင်းရဲ့ တန်ဖိုးကို ပြောရအောင်"
ရွှယ်ချမ်သည် လီဖန်းကို ကြည့်လိုက်သည်။
လီဖန်းသည်း အကင်းပါးစွာဖြင့်
"မစ္စတာကျန်း ဒီသီချင်းက ကျွန်တော်တို့အတွက် အရမ်းသင့်တော်တယ်။ ဒါကြောင့် ကျွန်တော်တို့ ထိုက်သင့်တဲ့ တန်ဖိုးကို ပေးပါမယ်...."
"ရပါတယ်။ အခုဈေးကလည်း အဆင်ပြီးသားပဲ"
ကျန်းဟန်က တစ်ခါတည်း ခေါင်းယမ်းလိုက်သည်။
သူ သီချင်းရေးရသည့် ရည်ရွယ်ချက်မှာ ထမင်းဟင်း ချက်ပြုတ်နေတုန်း နားထောင်ဖို့ပင် ဖြစ်၏။
ကျန်းဟန်သည် ၎င်းဖြင့် ပိုက်ဆံရှာရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ သူ ငွေရှာချင်လျှင်ပင် ဤသို့ ဒုက္ခများလှသည့် နည်းလမ်းဖြင့် ရှာမည်မဟုတ်။
ထို့ကြောင့် သူက ယွမ် ၁ သိန်းကိုသာ ပေါ့ပေါ့ပါးပါး တောင်းလိုက်ခြင်းဖြစ်၏။
ယွမ် ၁ သိန်းသာ အသုံးပြုပြီး အကျိုးအမြတ်အများအပြားရနိုင်သော်လည်း သီချင်း၏ မြင့်မားလှသည့် အရည်အသွေးကြောင့် စိတ်မကောင်းမှုနှင့် ရှက်ရွံ့လိပ်ပြာမလုံမှုကို ခံစားရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ဒီကို မလာခင်တကည်းက ဈေးပိုပေးရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ကျန်းဟန်၏ ငြင်းဆိုမှုကို ကြားသည်နှင့် လီဖန်းမှာ ထိတ်လန့်သွားပြီး
"ဒါပေမဲ့..."
သူ စကားမဆုံးခင်မှာပင် ကျန်းဟန်က ခေါင်းယမ်းကာ
"ဘာမှ ပြောဖို့မလိုတော့ပါဘူး။ ကျုပ်အတွက် ယွမ် ၁ သိန်းပဲ ပေးပါ။ ဒီသီချင်းက ခင်ဗျားတို့ အပိုင်ပဲ"
လီဖန်းနှင့် ရွှယ်ချမ်တို့မှာ သူ၏စကားကို ကြားသည့်အခါ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
မစ္စတာကျန်းမှာ ကျောက်ကြားမှုနှင့် ငွေကြေးချမ်းသာမှုကို ဂရုမစိုက်ကြောင်း သူတို့သိလိုက်သည်။ တကယ်တမ်းတွင် ဤသီချင်းသာ ရေပန်းစားလာပါက မစ္စတာကျန်းလည်း ဝေစုများစွာ ရရှိပေလိမ့်မည်။
"မစ္စတာကျန်း ကျွန်တော်ပြောတာ နားထောင်ပေးပါဦး"
လီဖန်းက ဖျစ်ညှစ်ပြုံးကာ
"ကောင်းပြီလေ... ကျွန်တော် စာချုပ်ချုပ်ဖို့ နည်းလမ်းနှစ်ခုရှာထားတယ်။ တစ်ခုက ယွမ် ၁ သိန်းနဲ့ ရှယ်ယာစာချုပ်ပါ။ နောက်တစ်ခုက ဒီသီချင်းကို ဝယ်ဖို့ ယွမ် ၂ သိန်းသုံးပါမယ်။ ခင်ဗျားဘယ်လိုထင်လဲ?"
"ဒါဆို ယွမ် ၂ သိန်းက အဆင်ပြေပါတယ်"
ကျန်းဟန်မှာ ရိုးရှင်းစွာပင် ပြန်ဖြေ၏။
"ကောင်းပြီ"
လီဖန်းမှာ ကြောင်အသွားပြီး ခေါင်းညိတ်လိုက်သည်။ ဤနေရာတွင် အရောင်းအဝယ်ကိစ္စကို အောင်မြင်စွာ ညှိနှိုင်းဆွေးနွေးရန်မှာ လွယ်ကူသည်ဟု အဘယ်ကြောင့် သူ ခံစားနေရသနည်း။
ထို့ကြောင့် လီဖန်းသည် ငွေပေးချေရေး လုပ်ငန်းစဉ်များကို စတင်လုပ်တောင်လိုက်ပြီး လက်မှတ်များကိုမူကား ကျောက်ဖုန်းမှ လက်မှတ်ထိုးခဲ့သည်။ ကျန်းဟန်သည်တော့ မုန့်မုန့်နှင့် ဆိုဖာပေါ်တွင်သာ ကစားနေတော့သည်။ သူသည် ထိုကိစ္စများအား အမှန်တကယ် ဂရုမထားခြင်းပင်။ ၎င်းက လီဖန်းအား အလွန်မရိုးမရွခံစားရစေ၏။
စာချုပ်အကြောင်းဆွေးနွေးခြင်းမှာ အာရုံစူးစိုက်မှု သို့မဟုတ် ပျော်ရွှင်မှုတို့ ပြည့်နေ၏။ သို့သော် ကျန်းဟန်သည်တော့ ထိုအချိန်တွင် အေးအေးဆေးဆေးပင် ရှိလှသည်။
-အပိုင်း(၁၁၁) ပြီး
wunzinnosp