အပိုင်း(၁၀၇)
လျန်မုန့်ချီနှင့် အခြားသူများ ညစာစားနေစဉ်တွင်။
နောက်ဆုံးတွင် ဆံပင်ရွှေရောင်လူ၏အလှည့်သို့ ရောက်ရှိလာသည်။ စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သူ အံ့ဩသွားသည်။
"ကြက်သားဟင်းလား? မွှေးလိုက်တဲ့ အနံ့။ ဒါက ဘယ်လိုကြက်မျိုးလဲ?"
ရွှေရောင်ဆံပင်နှင့်လူ၏အမည်မှာ ပီရာဆန် ဖြစ်သည်။ သူသည် အစားအသောက်ဌာနတွင် သာရှိနေခဲ့သည်။ တက္ကသိုလ်တက်စဉ်တွင် အစားအသောက်၊ အစားအသောက်စီမံခန့်ခွဲမှု၊ ချက်ပြုတ်နည်း၊ အာဟာရဓာတ်၊ မုန့်လုပ်နည်း နှင့် အစားအသောက်သုံးသပ်ခြင်းတို့ကို လေ့လာရင်း ကုန်ဆုံးခဲ့သည်။
ဘွဲ့ရရှိပြီးနောက်တွင် တက္ကသိုလ်၏ တိုက်ရိုက်ထောက်ခံချက်ဖြင့် မီရှယ်လင်တွင် အလုပ်လုပ်ခဲ့သည်မှာ ငါးနှစ်ရှိချေပြီ။ သူသည် ကမ္ဘာပေါ်ရှိ နာမည်ကြီး ကျော်ကြားသော နေရာတိုင်းနှင့် အစားအသောက်အရောင်းကိုယ်စားလှယ်များကြားတွင် အလွန်ပုံရိပ်ကြီးမားကာ ဩဇာညောင်းသည်။
သူသည် ဩဇာညောင်းလေလေ စည်းကမ်းတင်းကျပ်လေလေဖြစ်သည်။ သူသည် ကောင်းမွန်စွာ ချက်ပြုတ်ထားသော် ဟင်းလျာနှင့် ညံ့ဖျင်းသည့် ဟင်းလျာတို့ကို စနစ်တကျ ဝေဖန်ပိုင်းခြားကာ အကဲဖြတ်သည်။ ထို့ပြင် ၎င်းမှာ ဘာကြောင့် အရသာရှိသည် မရှိသည်ကို အသေးစိတ် ရှင်းပြနိုင်သူဖြစ်သည်။
လွန်ခဲ့သည့် ငါးနှစ်အတွင်း သူသည် မီရှယ်လင် ကြယ်ပွင့်စားသောက်ဆိုင် ဒါဇင်ပေါင်းများစွာ အကဲဖြတ်ခဲ့ပြီး ဆိုင်ပေါင်း တစ်ဒါဇင်ကျော်မှာ အရည်အသွေးမပြည့်ဝသည့်ဆိုင်များအဖြစ် သတ်မှတ်ခဲ့သည်။
လူအများက သူ့အား အမှန်တကယ် ချစ်ခင်လေးစားသလို မုန်းလည်းမုန်းကြသည်။
သို့သော် ကျန်းဟန်၏ စားသောက်ဆိုင်တွင်တော့ သူ့အား အမှန်တကယ် အံ့အားသင့်စေပြီး အစားအသောက်နှင့်ပက်သတ်၍ မိမိမှာ အလုံးစုံမသိကြောင်း ခံစားလိုက်ရသည်။
ကြက်ဥထမင်းကြော်မှာ အလွန်အရသာရှိပြီး ခေါက်ဆွဲပြုတ်မှာလည်း ခေါက်ဆွဲမျှင်များက ဆံသားကဲ့သို့ပင် ကောင်းမွန်ပြီး အရသာမှာ အံ့အားသင့်စရာကောင်းသည်။ ထို့ပြင် မွှေးပျံ့သည့် ရနံ့ကြောင့် နေ့လည်က နွားနို့သုံးခွက်ပင် သောက်ခဲ့သည်။
ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်။
ယခုတော့ လေထဲရှိ ကြက်သားဟင်း ရနံ့ကို ရှူလိုက်မိသောအခိုက်တွင် သူ၏ဗိုက်က မနေနိုင်ဘဲ တဂွီဂွီမြည်လာတော့သည်။
အနံ့က အရမ်းမွှေးလွန်းတယ်။ လွန်လွန်ကြူးကြူးကို ဖြစ်လွန်းတယ်။
"ဘယ်လို ကြက်အမျိုးအစားများလဲ?"
ပီရာဆန်မှာ ပါးစပ်က လွှတ်ကနဲပင် ပြောလိုက်မိသည်။
"ဘယ်လိုတောင် မွှေးရတာလဲ?"
"အဲ့ဒါ ဩစထရယ်လု ကြက်လား?"
"ဒါမှမဟုတ် ဘရက်စ်ချစ်ကန်းလား?"
ဩစထရယ်လု ကြက်မှာ အီတလီနိုင်ငံမှ စတင်မိတ်ဆက်ခဲ့သည်။ ၎င်းတွင် အနက်ရောင်တောက်တောက် အမွှေးများ၊ အနက်ရောက် နှုတ်သီး တို့ရှိ၏။ ခြေဖဝါးများက ဖြူဖွေးပြီး အတောင်ပံများက ပျံသန်းနိုင်လောက်သည်အထိ သန်မာသည်။ အသား၏အရည်အသွေးမှာ ကောင်းမွန်ပြီး အရသာလည်းရှိသည်။
ဘရက်စ်ချစ်ကန်းမှာ ပြင်သစ်နိုင်ငံအရှေ့ပိုင်း ဘရက်စ် ဒေသတွက် မွေးမြူသည့် ကြက်အမျိုးအစားဖြစ်သည်။ ၎င်းတွင် အနီရောင်တောက်တောက် အမောက်၊ အဖြူရောင်အမွှေးနှင့် ပြာလဲ့လဲ့ခြေထောက်များပါရှိပြီး အရောင်မှာ ပြင်သစ်အလံနှင့် ဆင်တူသည်။ ထို့ကြောင့် ၎င်းကို ပြင်သစ်ကြက်ဟု ခေါ်ကြသည်။ ၎င်း၏ထင်ရှားသည့် လက္ခဏာမှာ အရည်ပျော်လုလု နူးညံ့ပြီး အရည်ရွှမ်းသော အသားပင်ဖြစ်သည်။
အနံ့မွှေးခြင်းကြောင့် နာမည်ကြီးသော ကြက်အချို့ရှိသော်လည်း အနည်းငယ်သာ ကောင်းမွန်သည်။ သို့သော် ဩစထရယ်လု နှင့် ဘရက်စ်ချစ်ကန်းသည် စားသောက်ဆိုင်များရှိ ပုံမှန်ကြက်များနှင့် အနံ့မတူဟု ထင်ရသည်။
ထိုအချိန်တွင် ကျောက်ဖုန်းမှာ နောက်ဆုံးကြက်သားတုံးကို နှမြောတွန့်တိုစွာ စားလိုက်သည်။ ထိုလူ၏စကားကို ကြားပြီးနောက် လှည့်ကြည့်ကာ
"ဒါက သာမန် ပြည်တွင်းက ကြက်ပါပဲ"
"မဖြစ်နိုင်တာ"
ပီရာဆန် မှာ မျက်ခုံးပင့်သွားသည်။ သူ၏ကျွမ်းကျင်မှုဖြစ်သော အသိပညာများအရ လုံးဝသေချာစွာဖြင့် ခွန်းတုံ့ပြန်သည်။
"ပြည်တွင်းကြက်တွေရဲ့ အရသာကို ငါ ကောင်းကောင်းသိပါတယ်။ ဒီကြက်လိုမျိုး အနံအရသာ အရမ်းမကောင်းပါဘူး။ သူ့ရဲ့ အနံ့အရသာက ကောင်းတယ်ဆိုပေမဲ့ လေထဲမှာတောင် မွှေးပျံ့နေဖို့အတွက် နည်းလမ်းသုံးခု ရှိတယ်။ မွှေးရနံ့ပျံ့ဖို့ဆိုရင် အမိုင်နိုအက်ဆစ်နဲ့ သကြားလျော့နှုန်းတို့ကြားက မေးလ်လဒ် ဓာတ်ပြုမှု၊ အဆီပြိုကွဲမှု........."
ပီရာဆန်မှာ မတိုင်မီက ကြက်သား၏အနံ့အရသာအကြောင်း လေ့လာခဲ့ဖူးသဖြင့် ၁၀ မိနစ်ကြာအောင် အသေးစိတ်ပြောပြနေသည်။
သို့သော် အခြားသူများမှာ သူ၏ ရှင်းပြချက်ရှည်ကြီးကို နားထောင်ရမှာ ပျင်းလွန်းလှသည်။
"ညီအစ်ကို မင်းဘာတွေလုပ်နေတာလဲ?"
နေ့လည်ခင်းက ပီရာဆန်၏မျက်နှာချင်းဆိုင်တွင် ထိုင်ခဲ့သောသူက သူ့အား သတိပေးပြန်သည်။
"ငါ့သူငယ်ချင်းက စားချင်လို့ မင်းနောက်မှာ တန်းစီနေတုန်းပဲ။ မင်းစားမှာလား မစားဘူးလား? မစားရင်လည်း ငါ့သူငယ်ချင်းကို ဒီမှာ အရင်ထိုင်းခိုင်းလိုက်"
ထိုလူက သူ၏မျက်နှာချင်းဆိုင်ရှိ လွတ်နေသောခုံကို လက်ညှိုးထိုးကာ ကြမ်းတမ်းစွာ ပြောလိုက်သည်။
"ငါ..."
ပီရာဆန်၏မျက်နှာမှာ အေးခဲသွားသည်။
သူသည် စားသောက်ဆိုင်ပိုင်ရှင် သူဌေးထံမှသာမက စားသုံးသူများထံမှပင် အမြင်မကြည်မှုကို ခံရသည်။
ဘာလို့လဲ?
ဘာလို့လဲ?
အဖွဲ့ဝင်မဟုတ်တဲ့သူတွေအတွက် ဤနေရာတွင် လူ့အခွင့်အရေးဆိုတာ မရှိတော့ဘူးလား?
စားသုံးသူတွေက ထမင်းစားဖို့အတွက် ကိုယ့်ကိုယ်ကို နှိမ့်နှိမ့်ချချနေရတယယ်။ ဘယ်လိုဖြစ်တာလဲ? စားသုံးသူတွေက နတ်ဘုရားတွေလို့ ပြောကြတယ်မဟုတ်ဘူးလား?
စားသောက်ဆိုင်၏ဝန်ဆောင်မှုက အလွန်ဆိုးရွားသော်လည်း လူတိုင်းက အပြည့်အဝလက်ခံသဘောတူကြောင်း မြင်ရသည့်အခါ ပီရာဆန်မှာ မသက်မသာခံစားလိုက်ရသည်။
ပီရာဆန် ပခုံးတွန့်ပြလိုက်ပြီး နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"ကောင်းပါပြီ။ ငါစားချင်ပါတယ်"
ပီရာဆန်မှာ ပြောပြီးသည်နှင့် မီးဖိုချောင်ကောင်တာရှိရာသို့ တန်းတန်းမတ်မတ်သွားသည်။
"ကြက်ဥထမင်းကြော်နဲ့ ခေါက်ဆွဲပြုတ် နှစ်မျိုးလုံးကို သေချာပြန်ပြီး စားကြည့်ရမယ်"
ပီရာဆန်သည် ပန်းကန်ထဲသို့ ကြက်ဥထမင်းကြော်နှင့် ခေါက်ဆွဲပြုတ်ထည့်ပြီး သူ၏ထိုင်ခုံဆီသို့ ပြန်သွား၏။ ပထမဆုံး ကြက်ဥထမင်းကြော်တစ်လုတ်ကို စားလိုက်သည်။
"အမ်....."
"အမှန်ပဲ...."
ပီရာဆန်သည် ထမင်းတစ်လုတ်ကို စားရင်း မျက်လုံးများကို မှိတ်ထားသည်။ ထို့နောက် ကြည်လင်နေသည့် ဟင်းရည်တစ်ဇွန်းသောက်လိုက်သည်။
သောက်လိုက်သည့်အချိန်တွင်တော့
"အိုး...အရသာရှိလိုက်တ" ဟုပင် အော်လိုက်မိ၏။
"ခေါက်ဆွဲက တကယ်ကို နူးညံ့ပြီး ဝါးလိုက်ရင်...ဟိုး.."
ပီရာဆန်သည် သူ၏ညစာကို စားနေရင်း စတင်ပျော်ရွှင်လည်သည်။ သို့သော် စားနေရင်းဖြင့် သူ၏အကြည့်က လျန်မုန့်ချီ၏ဘေးသို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် သူတို့သည် ပန်းကန်ထဲမှ ကြက်သားကို စားကုန်ခါနီးနေပြီဖြစ်သည်။ ခပ်ဖြေးဖြေးစားနေသော ကျောက်ဒါဟူပင် ယူချင်းချင်းနှင့် လျန်မုန့်ချီတို့၏ တစ်တုံးစီ လုယူခံလိုက်ရသည်။
'ကြက်သားဟင်းက ဘယ်လိုအရသာရှိမလဲမသိဘူး....တစ်တုံးလောက်စားလိုက်ရရင်တော့....'
စိတ်ကူးတစ်ခုက ရုတ်တရက် ပီရာဆန်ဆီသို့ ရောက်ရှိလာသည်။
နောက်ဆုံးတွင်တော့ ပီရာဆန်မှာ မနေနိုင်တော့ဘဲ ထရပ်ကာ အဖွဲ့ဝင်စားပွဲဆီသို့ လျှောက်သွား၏။
"တစ်ဆိတ်လောက်...ဟို...ကျွန်တော်...ဒီကြက်သားနဲ့ တခြားဟင်းပွဲတွေက အဖွဲ့ဝင်တွေအတွက်ပဲလား?"
ပီရာဆန်မှာ အနည်းငယ်ဗလုံးဗထွေးဖြစ်နေပြီး ဘယ်ကဘယ်လို စမေးရမှန်းမသိဖြစ်နေသည်။
"တံခါးမှာ စည်းကမ်းချက်တွေရေးထားတယ်မဟုတ်လား?"
ကျောက်ဖုန်းက အနည်းငယ်မျက်မှောင်ကြုတ်ကာ မော့ကြည့်ရင်း ပြောလိုက်သည်။
ဒီလူက ဆိုင်ထဲမှာ တော်တော်အလုပ်များနေပုံပဲ။ ကျောက်ဖုန်း၏နှလုံးသားထဲတွင် မုန့်မုန့်၏အပန်းဖြေရာစားသောက်ဆိုင်က ဒုတိယအဆင့်တွင် နေရာယူထားသည်။ သူ၏တာဝန်ဖြစ်သည့် ထန်ကျန့်ကို အနိုင်ယူရန်မှာ ပထမနေရာတွင်ရှိသည်။
အကယ်၍ တစ်စုံတစ်ယောက်က စားသောက်ဆိုင်အား ပြဿနာရှာပါက သူ၏ နာမည်ပြောင် "အရူး" ဆိုသည်မှာ မည်သို့မည်ပုံ ဖြစ်ပေါ်လာသလဲဆိုသည်ကို ပြလိုက်ရန် ဝန်မလေးပေ။
သူ၏ခပ်တင်းတင်း သဘောထားကြောင့် ပီရာဆန်မှာ အနည်းငယ် ကို့ယို့ကားယားဖြစ်သွားသည်။
ခဏလောက် စဉ်းစားပြီးနောက် သူက
"အမ်...ဟိုလေ...ဟို...အဖွဲ့ဝင်တွေရဲ့အစားအသောက်ကို အမူနာအနေနဲ့ယူလို့ရနိုင်မဲ့ တခြားနည်းရှိမလားလို့ပါ။ ပိုက်ဆံပိုပေးရတာမျိုးတို့ ဘာတို့ပေါ့"
"အဖွဲ့ဝင်တွေရဲ့အစားအသောက်က အဖွဲ့ဝင်တွေအတွက်ပဲ။ စားချင်ရင် အဖွဲ့ဝင်ကတ်ဝယ်လို့ရတယ်"
ကျောက်ဖုန်းက အေးစက်စွာပြောသည်။
၎င်းကို ကြားသည့်အခါ လျန်မုန့်ချီ၏မျက်လုံးများမှာ တောက်ပလာသည်။
"ဟုတ်ပြီ...အဖွဲ့ဝင်ကတ်တစ်ကတ်ဝယ်လိုက်။ ဒါဆို ကျွန်မ သူဌေးကိုခေါ်ဖို့ အပေါ်ထပ်ကို တက်လို့ရပြီ"
လျန်မုန့်ချီမှာ မုန့်မုန့်၏ အမေအကြောင်းကို အမြဲသိချင်နေခဲ့သည်။ စပ်စုလိုစိတ်အပြင် သူမနှင့်လည်း နှိုင်းယှဉ်ကြည့်ချင်သည်။ သူမသည် မိမိ၏အလှကို ယုံကြည်မှုအပြည့်ရှိသည်။
ထို့ပြင် သူမသည် ကျန်းဟန်နှင့် မုန့်မုန့်၏အမေကြားမှာ ဆက်ဆံရေးကိုလည်း သိချင်နေခဲ့သည်။ ကွာရှင်းထားသလား? မကွာရှင်းထားဘူးလား?
ကျန်းဟန်၏စိတ်နေစိတ်ထားအရ သူ မလိမ်ကြောင်းကိုတော့ သူမ သေချာသိသည်။ သူဌေးမှာ ယခင်က သူသည် လက်မထပ်ရသေးကြောင်း ပြောခဲ့သည်။ ထို့ကြောင့် လျှို့ဝှက်ချက်အချို့ ရှိကိုရှိရမည်။
သူဌေးနှင့် သူဌေးကတော်၏ ဆက်ဆံရေးမှာ ကောင်းမွန်ပြီး သာယာသောမိသားစုလေးရှိလျှင် လျန်မုန့်ချီသည် နောက်ထပ် ဘာမှပြောတော့မည်မဟုတ်။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့နှစ်ဦးမှာ ကွာရှင်းထားပြီးဖြစ်လျှင် လျန်မုန့်ချီသည် ကျန်းဟန်အား ကလေးတစ်ယောက်ရှိနေလျှင်ပင် လက်ထပ်ရန်အတွက် ဝန်မလေးပေ။
အကြောင်းအရာအများအပြားကို တွေးတောပြီးမှ ဤအတွေးကို သူမရရှိခဲ့ခြင်းဖြစ်သည်။ သူမ နှစ်သက်သည့်အရာအတွက် သူမလိုက်၍ ရနိုင်သည်။ ဘာကို ကြောက်ရွံ့နေရမလဲ?
လက်ရှိတွင် သူမသည် ပီရာဆန်၏မေးခွန်းကို ကြားယောင်နေသည်။ သူသာ အဖွဲ့ဝင်ကတ်ဝယ်လျှင် သူမ အပေါ်ထပ်သို့ တက်ရန် အခွင့်အရေးယူနိုင်၏။
"အဖွဲ့ဝင်ကတ်လား....ငါမတတ်နိုင်ဘူး"
ပီရာဆန်မှာ ခေါင်းကုတ်ကာ ပြန်ပြောသည်။
"အင်း...ဒါဆိုရင် စားလို့မရနိုင်ဘူး။ စည်းကမ်းက စည်းကမ်းပဲ"
လျန်မုန့်ချီမှာ နှုတ်ခမ်းကိုစူကာ ပြောသည်။
သူတို့သည် စားစရာရှိသည်ကိုသာ စားနေကြပြီး တစ်ယောက်မှ ပီရာဆန်အား အဖက်မလုပ်ကြတော့ရာ ပီရာဆန်မှာ ရှက်သွားသည်။
"အင်း..."
ပီရာဆန်မှာ ခဏလောက်တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် အံကိုကြိတ်ကာ
"ငါ....ငါ..က.... လျှာကဝေတစ်ယောက်ပါ။ ငါ သူဌေးရဲ့ ဟင်းပွဲတွေကို မြည်းစမ်းပေးချင်လို့။ ငါ့ရဲ့ အကဲဖြတ်ပေးလိုက်ရင် သူ့အတွက် ကျော်ကြားမှုနဲ့ အမြတ်အစွန်းတွေ ရလိမ့်မယ်"
သို့သော်လည်း ကျောက်ဖုန်းနှင့် အခြားသူများမှာ သူ၏စကားအား နားမထောင်တော့ပေ။ နောက်ဘက် စားပွဲဝိုင်းအဖြူများမှ လူများမှာလည်း သူ့အားကြည့်ကာ လှောင်ပြောင် ရယ်မောနေကြသည်။
"ငါလည်း လျှာကဝေတစ်ယောက်ပဲ။ ငါလည်း မြည်းစမ်းကြည့်ချင်တယ်"
"ငါက သိပ္ပံပညာရှင်လေ။ ငါလည်း သူဌေးရဲ့ အစားအသောက်တွေကို မြည်းစမ်းကြည့်ပြီး ဒီလိုမျိုးအရသာရှိတဲ့ အစားအသောက်တွေရဲ့ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာကြည့်ချင်တယ်"
"ဟားဟားဟား...။ မင်းက သူဌေးအတွက် ကျော်ကြားမှုတွေ စည်းစိမ်ဥစ္စာတွေကိုတောင် ယူလာပေးနိုင်တာလား။ သူဌေးက အဲ့ဒါတွေကို လိုအပ်တယ် ထင်လို့လား။ ဆိုင်ကို တစ်ရက်မှ သုံးနာရီပဲဖွင့်တာ မမြင်ဘူးလား။ တစ်နေ့လုံးသာဖွင့်ရင် အရောင်းရဆုံးဆိုင်တောင် ဖြစ်သွားဦးမယ်"
"..."
စကားလုံးအနည်းငယ်က ပီရာဆန်အား ပြောစရာစကားမရှိအောင် ဖြစ်သွားစေသည်။
ပီရာဆန်မှာ ခံစားချက်များ ရှုပ်ထွေးနေသည်။
သူသည် ရှက်ရွံ့နေကာ အသက်ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး
"ငါ ပီရာဆန်က မီရှယ်လင် ကြယ်ပွင့်စားသောက်ဆိုင်တွေရဲ့ အစားအသောက်ကိုယ်စားလှယ်တစ်ယောက်ပါ" ဟု ခပ်တင်းတင်းပြောလိုက်သည်။
သူ၏အလုပ်မှာ လျှို့ဝှက်ထားရသော်လည်း ဤနေရာရှိ ဟင်းလျာများကို မြည်းစမ်းနိုင်ရန် သူ့ကိုယ်သူ ဖော်ထုတ်လိုက်ရပါကလည်း အရေးမကြီးတော့ဟု ယူဆလိုက်သည်။
တရားမျှတမှုအတွက်လား? သူသည် ဤစားသောက်ဆိုင်အတွက် အကဲဖြတ် အဆင့်သတ်မှတ်မပေးတော့ရန် ဆုံးဖြတ်လိုက်သည်။ အခြားကိုယ်စားလှယ်များ အဆင့်သတ်မှတ်ပေးပါကလည်း ကောင်းမွန်သည့် မှတ်ချက်များ ရရှိလိမ့်မည်ဟု သူယုံကြည်သည်။
ထိုသို့ပြောလိုက်ပြီးနောက်တွင် ပီရာဆန်မှာ လူများ၏ အံ့ဩထိတ်လန့်နေမှုကို စောင့်မျှော်နေခဲ့သည်။
သို့သော် ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင် ရယ်မောသံများ ထွက်ပေါ်လာသည်။
"မီရှယ်လင် ဆိုတာ ဘာကြီးလဲ? စားလို့ရလို့လား?"
အဖြူရောင်စားပွဲဝိုင်းမှ လူတစ်ယောက်က သူ့အား ဟာသလုပ်လေသည်။
"မင်းက အစားအသောက်ကိုယ်စားလှယ်ဆိုတော့ရော ဘာဖြစ်လဲ?"
"ဒီစားသောက်ဆိုင်က မီရှယ်လင်ရဲ့ လက်မှတ်ကို လိုအပ်တယ်လို့ မင်းထင်လား?"
စကားလုံးအနည်းငယ်က သူ့အား ချက်ချင်း ထိတ်လန့်အံ့ဩသွားစေသည်။
သည်လူများမှာ မီရှယ်လင်လက်မှတ်ကို အထင်မကြီးဖြစ်ကြလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။
ကံကောင်းထောက်မစွာဖြင့် လျန်မုန့်ချီနှင့် အခြား အဖွဲ့ဝင်များက ဘာမှမပြောကြပေ။ မဟုတ်ပါက ပီရာဆန်မှာ သူ့ဘဝကိုသူ သံသယဖြစ်လာပေလိမ့်မည်။
မီရှယ်လင်နှင့် ရင်းနီးသော အဖွဲ့ဝင်များဖြစ်သည့် စွန်းမင်နှင့် ဝမ်ချမ်းတို့မှာ ထိုလူအား ထူးဆန်းစွာ ကြည့်နေကြသည်။
မီရှယ်လင် ကြယ်ပွင့်သတ်မှတ်ခြင်းခံရသည့် စားသောက်ဆိုင်မှာ ဂုဏ်သတင်းကျော်ဇောနိုင်ရုံသာမက အကျိုးအမြတ်များပါ ရရှိစေနိုင်ကြောင်း သူတို့ သိကြသည်။ သို့သော် သူတို့သည်လည်း များများစားစား ဝင်မပြောခဲ့ကြချေ။ ဤစားသောက်ဆိုင်၏ ပိုင်ရှင်မှာ သာမန်လူတစ်ဦးမဟုတ်ကြောင်း အားလုံးသိရှိထားပြီးဖြစ်၍ မီရှယ်လင်သည် သူ့အား ဆွဲဆောင်နိုင်မည်မဟုတ်ပေ။
လျန်မုန့်ချီ၏မျက်လုံးများသည် သူ၏စကားကို ကြားပြီးနောက် တောက်ပလာသည်။
သူမသည် လျင်မြန်စွာထလိုက်ပြီး
"ရှင်က အစားအသောက်ကိုယ်စားလှယ်လား? ဘာလို့စောစောက မပြောတာလဲ? ကျွန်မ သူဌေးကို ခေါ်လိုက်မယ်"
လျန်မုန့်ချီ၏စကားများက ပီရာဆန်အား ပို၍ သက်သောင့်သက်သာဖြစ်သွားစေပြီး ဤစားသောက်ဆိုင်တွင် သူ၏တည်ရှိမှုကို ပထမဆုံးအကြိမ် ခံစားမိစေသည်။
လျစ်လျူရှုမခံရခြင်းက အမြဲပို၍ ကောင်းမွန်ပေသည်။
လျင်မြန်စွာပင် လျန်မုန့်ချီမှာ ဒုတိယထပ်သို့ လျှောက်သွားသည်။ လှေခါးထစ်ပေါ်သို့ တက်လိုက်သည်အချိန်တွင် ဆံကို ဖြီးသင်လိုက်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။
-အပိုင်း(၁၀၇) ပြီး
wunzinnosp